← Chapters

အခန်း ၂၅

Vol. 3 Ch. 25

အခန်း ၂၅

Vol. 3 Ch. 25

အခန်း (၂၅) တတိယအကြိမ် ပူဇော်ခြင်း... နွားရိုင်းအားအင်ကျင့်စဉ် အဆင့်ကြီး

"တပ်မှူးကျန်း... ခင်ဗျား လိုချင်တဲ့ ပစ္စည်းတွေပါ..."

ကျူးအိမ်တော်၏ နောက်ဖေးတံခါးဝတွင် ဂွမ်းစောင်အင်္ကျီများကို ဝတ်ဆင်ထားသော လူငယ်အချို့က လက်များကို အင်္ကျီလက်ထဲ ထည့်ကာ လှည်းတစ်စီး၏ အရှေ့တွင် ရပ်နေကြသည်။ သူတို့ကို ဦးဆောင်လာသော အဘိုးအိုက ကျန်းချဲ့ လာသည်ကို မြင်သောအခါ အလွန်တရာ ယဉ်ကျေးစွာဖြင့် နှုတ်ဆက်လိုက်သည်။

ကျန်းချဲ့က ခေါင်းညိတ်လိုက်ပြီး လှည်းပေါ်တွင် ဖုံးအုပ်ထားသော ပိုက်ဆံလျှော်စများကို လှန်ကာ စစ်ဆေးကြည့်ရှုလိုက်သည်။ ပစ္စည်းများ မှန်ကန်ကြောင်း အတည်ပြုပြီးနောက် သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာခဲ့ပြီး တစ်ဖက်လူကို လက်ယှက်ကာ ယဉ်ကျေးစွာ ပြောလိုက်သည်။

"အားလုံးပဲ ပင်ပန်းသွားကြပြီ... ပြန်ရောက်ရင် ဂိုဏ်းချုပ်ခိုကို ကျုပ်က ကျေးဇူးတင်ပါတယ်လို့ ပြောပေးပါ..."

"နှုတ်ဆက်ပါတယ်..."

ပစ္စည်းများကို ကျန်းချဲ့ထံ လွှဲပြောင်းပေးပြီးသည်နှင့် တစ်ပြိုင်နက် သူတို့၏ တာဝန် ပြီးဆုံးသွားပြီ ဖြစ်သည်။ ထိုလူများက ယဉ်ကျေးစွာ နှုတ်ဆက်ပြီးနောက် လုံးဝ အချိန်ဆွဲမနေဘဲ ချက်ချင်းပင် လှည့်ထွက်သွားကြသည်။ လှည်းကိုပင် ကျန်းချဲ့ထံ ထားရစ်ခဲ့ကြသည်။

"တပ်မှူး... ဒါတွေက..."

စောစောက လှည်းပေါ်ရှိ ပစ္စည်းများမှာ အသားများဖြစ်ကြောင်း မြင်လိုက်ရသဖြင့် ကန်းတာပြောင်က မနေနိုင်ဘဲ သိချင်စိတ်ဖြင့် မေးလိုက်သည်။

"မသိသင့်တာတွေ မမေးနဲ့... မင်း ဒီမှာ ခဏစောင့်နေ... ငါ အပြင်မှာ အလုပ်လေး နည်းနည်း လုပ်စရာရှိလို့..."

လိမ်လည်မှု တစ်ခုကို ဖုံးကွယ်ရန်အတွက် နောက်ထပ် လိမ်လည်မှုများစွာ လိုအပ်ပေသည်။ ကျန်းချဲ့၏ ယခုအခြေအနေက ယခင်ကကဲ့သို့ မဟုတ်တော့သဖြင့် တပ်မှူးချုပ်ကျူး သို့မဟုတ် လျိုကျစ်အတွက် ဝယ်လာခြင်းဖြစ်သည်ဟု ဆင်ခြေပေးနေစရာ မလိုတော့ပေ။

ကန်းတာပြောင်က အဆက်မပြတ် ခေါင်းညိတ်လိုက်ပြီး ချက်ချင်းပင် အခြေအနေကို နားလည်စွာဖြင့် ပါးစပ်ပိတ်သွားတော့သည်။

ကျန်းချဲ့ ထွက်သွားပြီး သိပ်မကြာမီမှာပင် အစိမ်းရောင် ပိုးသားဝတ်စုံကို ဝတ်ဆင်ထားသော ကျူးချင်ချင်က နောက်ဖေးတံခါးမှ ထွက်လာခဲ့သည်။ သူမက ပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ကြည့်လိုက်ပြီးနောက် ကန်းတာပြောင် အနီးသို့ ကပ်လာကာ ချောင်းဟန့်၍ မေးလိုက်သည်။

"နင့်နာမည်က ကန်း... ကန်းပြောင် ဟုတ်တယ်မလား..."

"ကျွန်တော်မျိုးက ကန်းတာပြောင်ပါ... သခင်မလေးကျူးကို ဂါရဝပြုပါတယ်..."

ကန်းတာပြောင်က ခါးကို ညွတ်ကာ အရိုအသေပေးလိုက်သည်။

"စောစောက တပ်မှူးကျန်း နောက်ဖေးတံခါးဝမှာ ရှိတယ်လို့ ကြားလိုက်တယ်... အခု ဘယ်ရောက်သွားပြီလဲ... ဘာလို့ မတွေ့ရတော့တာလဲ..."

ကျူးချင်ချင်က ကန်းတာပြောင်၏ နာမည်ကို လုံးဝ ဂရုမစိုက်ဘဲ ဆက်မေးလိုက်သည်။

"တပ်မှူးမှာ ကိုယ်ပိုင်ကိစ္စလေး နည်းနည်း ရှိလို့ အပြင်ထွက်သွားပါတယ်... ခဏနေရင် ပြန်လာပါလိမ့်မယ်..."

"ဘာကိစ္စလဲ... ဘာလို့ ဖုံးကွယ်ထားရတာလဲ..."

ကျူးချင်ချင်က အနည်းငယ် စိတ်ပျက်သွားသည့်ဟန်ဖြင့် နှုတ်ခမ်းကိုမဲ့ကာ ရေရွတ်လိုက်သည်။

"အဲဒါကိုတော့ ကျွန်တော်မျိုးလည်း မသိပါဘူး..."

"ထားလိုက်တော့... သိပါပြီ..."

ကျူးချင်ချင်၏ လေသံက အနည်းငယ် စိတ်မရှည်ဖြစ်သွားပြီး လှည့်ကာ ကျူးအိမ်တော်ထဲသို့ ပြန်ဝင်သွားတော့သည်။

အခြားတစ်ဖက်တွင်မူ ကျန်းချဲ့သည် အနီးအနားရှိ ဧည့်ရိပ်သာတစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ယဇ်ပူဇော်စရာ ပစ္စည်းများကို လူသူကင်းမဲ့သော နေရာတစ်ခုတွင် ကောင်းကင်ယဇ်ပလ္လင်ကျောက်တိုင် အာကာသထဲသို့ သိမ်းဆည်းလိုက်ပြီးနောက် လှည်းကိုတော့ ထောင့်တစ်နေရာတွင် ပစ်ထားခဲ့လိုက်သည်။

ယခုအခါ သူက ယဇ်ပူဇော်ရန် အလွန် စိတ်အားထက်သန်နေပြီ ဖြစ်သည်။

နွားရိုင်းအားအင်ကျင့်စဉ် အဆင့်ကြီး... သွေးသားမှ အတွင်းအားဖြစ်တည်ခြင်း...

အကောင်းဆုံး ဧည့်ခန်းအတွင်းသို့ ရောက်ရှိပြီးနောက် မည်သည့်ကိစ္စမျှ သူ့ကို လာရောက် မနှောင့်ယှက်ရန် စားပွဲထိုးလေးကို သေချာမှာကြားလိုက်သည်။ ထို့နောက် အခန်းတံခါးကို ပိတ်ကာ ကုတင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်လိုက်ပြီး သူ၏ မျက်လုံးများကို ဖြည်းညင်းစွာ မှိတ်လိုက်သည်။

【ပူဇော်မည့် ရည်မှန်းချက် - နွားရိုင်းအားအင်ကျင့်စဉ် အဆင့်ကြီး။】

【ပေးဆပ်ရမည့် တန်ဖိုး - အမဲသားစိမ်း တစ်ရာကျင်း၊ နွားသွေးစိမ်း တစ်ရာကျင်း၊ နွားရိုးစိမ်း တစ်ရာကျင်း၊ သမင်သွေးမြက် ဆယ်ပင်၊ အရိုးကြံ့ခိုင်ပန်း တစ်ပွင့်၊ သက်တမ်း တစ်နှစ် လျော့ကျမည်... ပူဇော်မည်လား။】

သူ၏ စိတ်ထဲတွင် ဆန္ဒပြုလိုက်သည်နှင့် တစ်ပြိုင်နက်။

【ပူဇော်မည်...】

ယခင် နှစ်ကြိမ်ကဲ့သို့ပင် ကောင်းကင်ယဇ်ပလ္လင်ကျောက်တိုင်ပေါ်ရှိ သွေးရောင် အကြောအရေးအကြောင်းများက တဖြည်းဖြည်း တောက်ပလာခဲ့သည်။ ထို့နောက် ရင်းနှီးနေသော မီးခိုးရောင် အလင်းတန်းတစ်ခုက ကျောက်တိုင်ထဲမှ ထွက်ပေါ်လာပြီး ကျောက်တိုင်ရှေ့တွင် ချထားသော အမဲသား၊ နွားသွေး၊ နွားရိုးများနှင့် သမင်သွေးမြက်၊ အရိုးကြံ့ခိုင်ပန်း အစရှိသည့် ပူဇော်စရာများ အားလုံးကို လွှမ်းခြုံသွားလေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ပူဇော်စရာ ပစ္စည်းများ အားလုံး ပျောက်ကွယ်သွားခဲ့သည်။

ထို့နောက် ရင်းနှီးနေသော ခံစားချက်ကြီးက ထပ်မံ ဝင်ရောက်လာပြန်သည်။

ဖော်ပြ၍မရသော သက်စောင့်စွမ်းအင် တစ်ခုက ကျန်းချဲ့၏ ခန္ဓာကိုယ်ထဲမှ အတင်းအကျပ် စုပ်ယူခြင်း ခံလိုက်ရသည်။

သက်တမ်း တစ်နှစ် လျော့ကျခြင်း...

ပထမအကြိမ်နှင့် ပေါင်းလိုက်မည်ဆိုပါက သူသည် သက်တမ်း တစ်နှစ်ခွဲခန့် စုပ်ယူခြင်း ခံလိုက်ရပြီ ဖြစ်သည်။ ယေဘုယျအားဖြင့် သူ၏ ခန္ဓာကိုယ်တွင် မည်သည့် ထူးခြားသော ပြောင်းလဲမှုကိုမျှ မခံစားရသော်လည်း ဤကိစ္စကို သူ အလွန် အလေးထားနေဆဲ ဖြစ်သည်။

မည်သို့ပင်ဆိုစေ တစ်နေ့နေ့တွင် အသက်ကုန်ဆုံးရမည့် အချိန်က ရောက်လာမည် မဟုတ်ပါလား။

သူ လုပ်ရမည့်အရာမှာ သူ၏ စွမ်းအားများကို လျင်မြန်စွာ မြှင့်တင်ပြီး သက်တမ်းကို ဆန့်ထုတ်ရန်ပင် ဖြစ်သည်။

စွမ်းအားများ သတ်မှတ်ထားသော အဆင့်တစ်ခုသို့ ရောက်ရှိသွားပါက သက်တမ်းကို သေချာပေါက် တိုးစေလိမ့်မည်ဟု သူ အမြဲတမ်း ယုံကြည်ထားခဲ့သည်။

လောကကြီးထဲတွင် သက်တမ်းကို တိုးစေနိုင်သော ဆေးဖက်ဝင် အပင်များ သေချာပေါက် ရှိနေမည် ဖြစ်သည်။

ယခု ပေးဆပ်လိုက်ရသမျှကို အနာဂတ်တွင် သေချာပေါက် ပြန်လည် ရယူမည် ဖြစ်သည်။

ကျောက်တိုင်ရှေ့ရှိ ပူဇော်စရာများ အားလုံး ပျောက်ကွယ်သွားသည့် အချိန်လေးမှာပင် ကျောက်တိုင်ပေါ်မှ အနီရောင်နှင့် အစိမ်းရောင် အလင်းတန်း နှစ်ခု ထွက်ပေါ်လာပြီး ကျန်းချဲ့၏ ခေါင်းပေါ် တစ်ပေခန့် အကွာတွင် လှည့်ပတ်နေကြလေသည်။

ထုံးစံအတိုင်း အစိမ်းရောင် အလင်းတန်းက အရင်ဆုံး လှုပ်ရှားလာပြီး သူ၏ နဖူးပြင်ထဲသို့ ဝင်ရောက်သွားခဲ့သည်။

ဝေဝါးသော အသိစိတ်ထဲတွင် သူက ဆယ်ပေကျော်ခန့် မြင့်မားသော အနက်ရောင် နွားရိုင်းကြီး တစ်ကောင်ကို မြင်တွေ့လိုက်ရသည်။ ထိုနွားရိုင်းကြီးက ခွာလေးဖက်ဖြင့် မြေကြီးကို ကန်ကာ သူ့ဆီသို့ ဒုန်းစိုင်း ပြေးဝင်လာလေသည်။

ပေသုံးဆယ်...

ဆယ့်ငါးပေ...

ကိုးပေ...

သုံးပေ...

အနက်ရောင် နွားရိုင်းကြီးက သူ့ကို တည့်တည့် ဝင်တိုက်လိုက်သည်။ သို့သော် သူ ထင်ထားသလို ဖိကြိတ် ခံရမည့်အစား ထိုအနက်ရောင် နွားရိုင်းကြီးက သူနှင့် အပြည့်အဝ ပေါင်းစပ်သွားခဲ့သည်။

ယခင်က မြင်တွေ့ခဲ့ရဖူးသော ဝေဝါးသည့် ပုံရိပ်တစ်ခုက သူ၏ အရှေ့တွင် ထပ်မံ ထွက်ပေါ်လာပြီး လက်သီးတစ်လှည့် လက်ဝါးတစ်လှည့်ဖြင့် သိုင်းကွက်များကို စတင် ကစားပြနေလေသည်။

ဒါက နွားရိုင်းအားအင်ကျင့်စဉ်ပဲ...

သို့သော် ထိုသိုင်းကွက်များက သူ လေ့ကျင့်နေသော နွားရိုင်းအားအင်ကျင့်စဉ်နှင့် အနည်းငယ် ကွဲလွဲနေကြောင်း သူ သတိထားမိလိုက်သည်။

လှုပ်ရှားမှုတိုင်းက သဘာဝကျပြီး အပြစ်ဆိုဖွယ် မရှိပေ။

ပို၍ ရိုးရှင်းပြီး ပို၍ နက်နဲလှပေသည်။

သူ၏ ခန္ဓာကိုယ်က စိတ်ဆန္ဒအတိုင်း လိုက်ပါ လှုပ်ရှားလာခဲ့သည်။ မျက်လုံးမှိတ်ထားသော ကျန်းချဲ့က ကုတင်ပေါ်မှ ဆင်းကာ ထိုပုံရိပ်နှင့်အတူ သိုင်းကွက်များကို အလိုအလျောက် လိုက်လံ ကစားနေမိတော့သည်။

ခြေကွက်၊ လက်သီးကွက်၊ ကိုယ်နေဟန်ထား...

ဝေဝါးသော ပုံရိပ်နှင့် ကျန်းချဲ့တို့ ကစားနေသည့် သိုင်းကွက်များက ပို၍ ပို၍ မြန်ဆန်လာသလို ပို၍ ပို၍လည်း တူညီလာခဲ့သည်။ တစ်ချိန်တည်းမှာပင် သူတို့ နှစ်ဦးမှာလည်း ပိုမို နီးကပ်လာခဲ့ကြသည်။

နောက်ဆုံးတွင်...

ပုံရိပ်နှစ်ခုက အပြည့်အဝ ထပ်တူကျသွားခဲ့သည်။

လက်သီးတစ်ချက် ထိုးချလိုက်ရာ အရှေ့ဘက်မှ လေထု ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

ကျန်းချဲ့မှာ အချိန်များ ရပ်တန့်သွားသကဲ့သို့ လက်သီးထိုးထားသည့် အနေအထားအတိုင်း ရပ်တန့်နေခဲ့သည်။

သူ၏ ခေါင်းပေါ်တွင် လှည့်ပတ်နေသော အနီရောင် အလင်းတန်းက သူ့ကို တစ်ပတ် လှည့်ပတ်ပြီးနောက် ရင်ဘတ်ထဲသို့ တိုက်ရိုက် ဝင်ရောက်သွားတော့သည်။

ပြင်းထန်ပူလောင်သော လေစီးကြောင်းများက ရင်ဘတ်ထဲမှနေ၍ မြစ်ရေများ စီးဆင်းသကဲ့သို့ တစ်ကိုယ်လုံးရှိ သွေးကြောများဆီသို့ အဟုန်ပြင်းစွာ ဖြန့်ကျက်သွားလေသည်။

သွေးချီစွမ်းအင်တွေပဲ...

သူ၏ ခေါင်းပေါ်မှ အဖြူရောင် အခိုးအငွေ့များ အဆက်မပြတ် ထွက်ပေါ်နေသည်။ ၎င်းမှာ သူ၏ ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာသော အပူချိန်များပင် ဖြစ်သည်။ တစ်ကိုယ်လုံး နီရဲနေပြီး သွေးကြောများကလည်း တရိပ်ရိပ်ဖြင့် ပွက်ပွက်ဆူနေလေသည်။

ဤအခြေအနေက အသက်ရှူကြိမ် တစ်ရာခန့်အထိ ကြာမြင့်သွားပြီးနောက်မှသာ အဖြူရောင် အခိုးအငွေ့များ ထွက်ပေါ်လာခြင်း ရပ်တန့်သွားခဲ့သည်။

သူ အခန်းတံခါးများကို ပိတ်ထားသဖြင့် ယခုအခါ အခန်းတွင်းရှိ အပူချိန်မှာ အလွန် မြင့်တက်နေပြီ ဖြစ်သည်။ အဖြူရောင် အခိုးအငွေ့များက အခန်းတစ်ခန်းလုံးကို ဖုံးလွှမ်းထားလေသည်။

စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပြီးနောက် ကိုယ်တွင်းအင်္ဂါများထဲမှ မျက်စိဖြင့် မမြင်နိုင်သော အေးမြသည့် လေစီးကြောင်းလေး တစ်ခုက ကိုယ်အနှံ့ လှည့်လည် စီးဆင်းနေသည်ကို ကျန်းချဲ့ ခံစားသိရှိလိုက်ရသည်။ လက်မောင်း၊ လက်သီး၊ ခေါင်း၊ ခြေထောက်...

ထိုအေးမြသော လေစီးကြောင်းလေး ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် မီးလောင်ထားသကဲ့သို့ ပူလောင်နေသော အပူချိန်များက လျင်မြန်စွာ လျော့ကျသွားခဲ့သည်။

တဖြည်းဖြည်းနှင့် မူလပုံစံအတိုင်း ပြန်ဖြစ်သွားခဲ့သည်။

အချိန်အတော်ကြာပြီးနောက် ကျန်းချဲ့က မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်ပြီး ပါးစပ်မှ အဖြူရောင် လေစီးကြောင်း တစ်ခုကို မှုတ်ထုတ်လိုက်ရာ ထိုလေစီးကြောင်းမှာ မြားတစ်စင်းကဲ့သို့ သုံးပေခန့်အထိ ပျံသန်းသွားခဲ့သည်။

အတွင်းအား...

ယခုအခါတွင် သူသည် နွားရိုင်းအားအင်ကျင့်စဉ် အဆင့်ကြီးသို့ အပြည့်အဝ ရောက်ရှိသွားခဲ့ပြီ ဖြစ်ရာ သူ၏ ခန္ဓာကိုယ်အတွင်းရှိ သွေးချီစွမ်းအင်များ ပေါင်းစပ်သွားပြီး အတွင်းအားတစ်ခု အဖြစ်သို့ အမှန်တကယ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

အေးမြသော အတွင်းအား လေစီးကြောင်းလေးက သူ၏ စိတ်ဆန္ဒနှင့် တစ်ထပ်တည်း ကျနေပေသည်။ ကျန်းချဲ့က စိတ်ဆန္ဒပြုလိုက်သည်နှင့် အတွင်းအားက ညာဘက် လက်မောင်းဆီသို့ စီးဆင်းသွားခဲ့သည်။ အပြင်ပန်းတွင် မည်သည့် ပြောင်းလဲမှုမျှ မမြင်ရသော်လည်း သူက နောက်တစ်ကြိမ် လက်သီးထိုးချလိုက်သောအခါ ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့သည်။

'ဘန်း...'

လေဟာနယ်ကို ဖိသိပ်ထားပြီး ရုတ်တရက် လွှတ်ချလိုက်သကဲ့သို့ပင်။

သူ၏ ခန့်မှန်းချက်အရ ဤလက်သီးတစ်ချက်တွင် အနည်းဆုံး ခွန်အား ကျင်းတစ်ထောင်ခန့် ပါဝင်နေပေသည်။

ထို့အပြင် ဤသည်မှာ အစသာ ရှိသေးသည်။

အတွင်းအားများကို ဆက်လက် ကြီးထွားလာအောင် လေ့ကျင့်နိုင်မည်ဆိုပါက ခန္ဓာကိုယ် အစိတ်အပိုင်း အသီးသီးတွင် တစ်ပြိုင်နက်တည်း အသုံးပြုနိုင်မည် ဖြစ်သည်။ ထိုအချိန်ရောက်လျှင် သူ၏ လက်တစ်ချက် ဝှေ့ယမ်းမှုကပင် သာမန်လူများကို တုန်လှုပ်သွားစေမည့် စွမ်းအားများ ပါဝင်နေမည် ဖြစ်ပေသည်။

"အသက်တစ်နှစ် ပေးလိုက်ရတာ တန်ပါတယ်..."

ကျန်းချဲ့က သူ၏ လက်မောင်းကို ကြည့်ရင်း တီးတိုး ရေရွတ်လိုက်သည်။ မျက်ခုံးနှစ်ခုကြားတွင် ဝမ်းသာပျော်ရွှင်မှုများက အလိုအလျောက် ပေါ်လွင်နေပြီး သူ၏ အမူအရာကလည်း ပိုမို ယုံကြည်မှု ရှိလာခဲ့သည်။

ဤသည်မှာ စွမ်းအားများက သူ့ကို ပေးစွမ်းသော ယုံကြည်မှုပင် ဖြစ်သည်။

ကျန်းချဲ့၏ အဆင့်တက်ခြင်းမှာ နယ်ပယ်ကို တည်ငြိမ်အောင် ထပ်မံ လေ့ကျင့်နေရန် မလိုတော့ပေ။ အခန်းအပ်ပြီးနောက် သူက ကျူးအိမ်တော်သို့ အလျင်အမြန် ပြန်လာခဲ့သည်။ အချိန်ကျတော့မည် ဖြစ်ရာ သူက မြို့စောင့်တပ်သို့သွားပြီး တာဝန်ထမ်းဆောင်ရန်နှင့် ခေါင်းမာသော လူမိုက်များကို သွားရောက် တွေ့ဆုံရန် လိုအပ်နေပြီ ဖြစ်သည်။

ပြဿနာရှာရန် ဆုံးဖြတ်ထားပြီးဖြစ်ရာ သူ၏ စွမ်းအားနှင့် လုပ်ဟန်ကို ကြိုတင် ပြသထားရန် လိုအပ်ပေသည်။

"တပ်မှူး... စောစောက သခင်မလေးကျူးက တပ်မှူးကို လိုက်ရှာနေတယ်..."

ကျန်းချဲ့ ထင်မှတ်မထားသည်မှာ ကန်းတာပြောင်က သူ့ကို မြင်သည်နှင့် ပထမဆုံး ပြောလိုက်သော စကားမှာ ကျူးချင်ချင်၏ အကြောင်းပင် ဖြစ်နေသည်။

All Chapters