အခန်း ၂၆
Vol. 3 Ch. 26
အခန်း (၂၆) ဘယ်သူကန့်ကွက်လဲ
"ငါ့ကို ဘာကိစ္စရှိလို့ လာရှာတာလဲ..."
ကျန်းချဲ့က မျက်မှောင်ကြုတ်ကာ သံသယဝင်သွားသည့်ဟန်ဖြင့် မေးလိုက်သည်။
ယခင်က အကြိမ်ကြိမ် တွေ့ဆုံခဲ့ဖူးသည့် အခြေအနေများအရ ကျူးချင်ချင်သည် မိမိအပေါ် အနည်းငယ် အထင်သေးတတ်ကြောင်း သူ ခံစားသိရှိထားခဲ့သည်။ သို့သော် သူက ထိုကိစ္စကို စိတ်ထဲမထားခဲ့သလို သူမနှင့်လည်း ဆက်လက်၍ ပတ်သက်ရန် ဆန္ဒမရှိပေ။
သို့သော် တစ်ဖက်လူက မိမိထံသို့ အရင်ဆုံး လာရောက် ရှာဖွေလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ပေ။
"ဒါကတော့... ငယ်သားလည်း မသိပါဘူး..."
"အေး... သိပြီ..."
ကျန်းချဲ့က လက်ကို ယမ်းပြလိုက်ပြီး ထိုကိစ္စကို သိပ်ပြီး ဂရုမစိုက်တော့ပေ။
အနောက်မြို့နယ် လေ့ကျင့်ရေးကွင်း။
ဂွမ်းစောင်ဝတ်စုံများကို ဝတ်ဆင်ထားသော စစ်သည် ဆယ်ယောက်ကျော်ခန့်က ပျင်းရိပျင်းတွဲဖြင့် စုဝေးထိုင်နေကြပြီး ယနေ့ ရောက်ရှိလာမည့် လျိုကျစ်နှင့် ကျန်းချဲ့တို့၏ အကြောင်း၊ ထို့အပြင် သူတို့၏ နောက်ခံအသိုင်းအဝိုင်းများကို အသံတိုးတိုးဖြင့် ဝေဖန်ဆွေးနွေးနေကြပေသည်။
သို့သော် အပေါ်စီးမှ လှမ်းကြည့်လိုက်မည်ဆိုပါက ထိုလူ ဆယ်ယောက်ကျော်မှာလည်း အုပ်စုငယ် အသီးသီး ကွဲပြားနေသည်ကို မြင်တွေ့နိုင်ပေသည်။ အထူးသဖြင့် ကျန်းချဲ့နှင့် လျိုကျစ်တို့၏ အကြောင်းကို ပြောဆိုချိန်တွင် ထောင့်တစ်နေရာရှိ လူအချို့ကို သေချာပေါက် ရှောင်ဖယ်၍ ပြောဆိုနေကြခြင်း ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် အကယ်လို့ ကျန်းချဲ့နှင့် လျိုကျစ်တို့သာ ရောက်မလာခဲ့ပါက ဒုတိယတပ်မှူး ရာထူး သို့မဟုတ် တပ်မှူးရာထူးမှာ ထိုထောင့်က လူများဆီသို့ ရောက်ရှိသွားရန် အလားအလာ အလွန် များပြားနေသောကြောင့် ဖြစ်ပေသည်။
"လခွီးပဲ... အလကား အလုပ်ရှုပ်သွားတာပဲ... ငါက လက်ဆောင်တွေတောင် ပို့ထားပြီးပြီကို... အပေါ်ကနေ ရုတ်တရက် လူလွှတ်လိုက်လိမ့်မယ်လို့... တကယ် ကံဆိုးတာပဲ..."
ထိုလူစုထဲမှ ခန္ဓာကိုယ် အနည်းငယ် ပုပြတ်ပြီး တောင့်တင်းခိုင်မာသော အမျိုးသားတစ်ဦးက မကျေမနပ်ဖြင့် ကျိန်ဆဲလိုက်သည်။
သူသည် ကျန်းချဲ့တို့ လူစု ရုတ်တရက် ရောက်ရှိလာခြင်းအပေါ် မကျေမနပ် ဖြစ်နေသလို တစ်ဖက်တွင်လည်း မြို့တွင်းရှိ ငွေများကိုသာ ယူပြီး အလုပ်လုပ်မပေးသော အရာရှိများအပေါ်၌လည်း အလွန်အမင်း ဒေါသထွက်နေခြင်း ဖြစ်သည်။ အထူးသဖြင့် တစ်ဖက်လူများက ငွေများကို ပြန်လည် ပေးအပ်မည့် အရိပ်အယောင် လုံးဝ မပြသခဲ့ပေ။
သူ့အနေဖြင့် ဤအရှုံးကို အောင့်သက်သက်ဖြင့်သာ ခံယူလိုက်ရသည်။
"တော်စမ်းပါ ကျင်သွားကြီးရာ... သွားပြီး ညည်းတွားမနေနဲ့... ခဏနေကျရင် လျိုဆိုတဲ့လူနဲ့ ကျန်းဆိုတဲ့လူရဲ့ နားထဲ ရောက်သွားရင်... နောက်ပိုင်း မင်း ကောင်းကောင်း ခံစားရလိမ့်မယ်..."
အနီးနားရှိ လူငယ်လေး ဟူအန်က ကျင်သွားကြီးကို ဝင်ရောက် ဖျောင်းဖျလိုက်သည်။
"ဒါကို ကြောက်နေရမှာလား... ကြားလည်း ငါမကြောက်ဘူး... ဘာပဲဖြစ်ဖြစ် ငါက ဒီအနောက်မြို့နယ်မှာ ဆက်နေဖို့ စီစဉ်ထားတာ မဟုတ်ဘူး... ရက်ပိုင်းအတွင်း ပြောင်းရွှေ့တော့မှာပဲ... သူတို့ ငါ့ကို ဘာလုပ်နိုင်မှာမို့လို့လဲ..."
ကျင် ဟူသော မျိုးရိုးအမည်ရှိ အမျိုးသားက နှာမှုတ်လိုက်သည်။
"ဘာလဲ... မင်းက ပြဿနာနည်းနည်းရှာပြီး... အခုမှ ရာထူးတက်လာတဲ့ လူနှစ်ယောက်ကို ပညာပြမလို့လား..."
ဟူအန်က စိတ်ဝင်စားစရာ ကောင်းသည့်အလား ကျင်သွားကြီးကို ကြည့်ကာ မေးလိုက်သည်။
"အဲဒီလို လုပ်လို့မရဘူးလား..."
"ဒီမှာ လုပ်လာတာ နှစ်တွေ အများကြီး ရှိပြီဆိုတော့... ငါ မင်းကို သတိပေးပါ့မယ်... အဲဒီနှစ်ယောက်ကလည်း အနိုင်ကျင့်ရလွယ်တဲ့ လူတွေမဟုတ်ဘူး... လျိုကျစ်က အရင် ထိုက်အန်းပြည်နယ် ဖုန်းတပ်ရင်းရဲ့ တပ်မှူးလေ..."
"ဒီကျန်းချဲ့ကလည်း သာမန်မဟုတ်ဘူး... ကြားရသလောက်တော့ လွန်ခဲ့တဲ့ လတုန်းက အရန်စစ်သည်ပဲ ရှိသေးတာကို... ဒီလမှာ ဒုတိယတပ်မှူး ရာထူးကို တိုက်ရိုက် ရသွားတာ... ကြားရသလောက်တော့ အခုမှ ရာထူးတက်လာတဲ့ တပ်မှူးချုပ်က သူ့ကို အတော်လေး အလေးထားတယ်တဲ့..."
ကျင်သွားကြီးက တံတွေးတစ်ချက် ထွေးလိုက်ရင်း ပြောလိုက်သည်။
"ဒါဆိုလည်း မိန်းမမျက်နှာ ကြည့်စားရတဲ့ မျက်နှာဖြူလေးပဲ ဖြစ်မှာပေါ့... ဒီလိုလူမျိုးကို ရှုံးရတာ တကယ် မကျေမနပ်စရာပဲ... မရဘူး... ခဏနေကျရင် ငါ သူ့ကို သေချာပေါက် စိန်ခေါ်ပြီး ယန်ဂူခရိုင်ရဲ့ သိုင်းကွက်တွေကို ပြရမယ်..."
"မင်းရော တန်ယန်... မင်းလည်း ပြဿနာရှာဖို့ ပြင်နေတာလား..."
ဟူအန်က ဘေးဘက်တွင် ဓားကိုပိုက်ကာ တိတ်ဆိတ်နေသော အဝတ်ကြမ်းဝတ်စုံနှင့် အမျိုးသားဘက်သို့ အကြည့်ရွှေ့ကာ မေးလိုက်သည်။ သူက ဤလူနှစ်ယောက်၏ နောက်ခံကို ကောင်းစွာ သိရှိထားခဲ့ခြင်း ဖြစ်သည်။
ကျင်သွားကြီးက ပါးစပ်ကသာ အော်ဟစ်နေသော်လည်း တကယ်တမ်း လက်တွေ့တွင်မူ ပြဿနာရှာဝံ့မည် မဟုတ်ပေ။
သို့သော် တန်ယန်ကမူ ထိုသို့ မဟုတ်ပေ။ သူက တကယ့် လူကြမ်းကြီး တစ်ယောက် ဖြစ်သည်။
သူ၏ စွမ်းအားက ယန်ဂူခရိုင်အတွင်း၌ အတော်လေး နာမည်ကျော်ကြားလှပြီး အထူးသဖြင့် သူ၏ လက်စွမ်းက ရက်စက်ကြမ်းကြုတ်လှကာ ဓားသိုင်းကွက်များကလည်း လျင်မြန်စူးရှလှပေသည်။ သူသည် ယခင် လုံခြုံရေးတပ်မှူး၏ မျက်စိကျခြင်းကို ခံခဲ့ရဖူးသော်လည်း ရာထူးမတက်ရသေးမီမှာပင် ထိုတပ်မှူးက ပြောင်းရွှေ့ခံလိုက်ရခြင်း ဖြစ်သည်။
ထို့ကြောင့် သူက ယခုအချိန်အထိ ဤနေရာတွင် အထက်မရောက် အောက်မရောက် အခြေအနေမျိုးဖြင့် ကျန်ရှိနေခဲ့ရသည်။ သူ့ကို မိမိဘက်ပါအောင် ဆွဲဆောင်ချင်သူများ များပြားလှသော်လည်း တန်ယန်ကမူ သူ့ကို ဒုတိယတပ်မှူး ရာထူး ပေးနိုင်မည့်သူကိုသာ နာခံမည်ဟု အတိအလင်း ပြောကြားထားခဲ့သည်။
တန်ယန်က မျက်လုံးကို ဖြည်းညင်းစွာ ဖွင့်လိုက်ပြီး ဟူအန်ကို တစ်ချက် ကြည့်လိုက်သည်။ သူ၏ မျက်လုံးထောင့်ရှိ ဓားအမာရွတ်ငယ်လေးတစ်ခုက မျက်ခွံအထိ ဖြတ်သန်းသွားသဖြင့် အလွန်တရာ ရက်စက်ခက်ထန်ပုံ ပေါက်နေပြီး တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။
"ဒါ မင်းနဲ့ မဆိုင်ဘူး... မင်းကိစ္စ မင်း အရင်ဖြစ်အောင် လုပ်ဦး..."
ဟူအန်က ပြုံးလိုက်ပြီး ဒေါသထွက်ခြင်း မရှိဘဲ ကျင်သွားကြီးနှင့် ဆက်လက် စကားပြောနေတော့သည်။
အချိန်အနည်းငယ် ကြာပြီးနောက် အဝတ်သံချပ်ကာများကို သပ်ရပ်စွာ ဝတ်ဆင်ထားသော စစ်သည်တစ်စု လေ့ကျင့်ရေးကွင်းအတွင်းသို့ ဝင်ရောက်လာကြသည်။ ပျင်းရိနေကြသော အနောက်မြို့နယ် စစ်သည်များ အားလုံးကလည်း အလျင်အမြန် မတ်တတ်ရပ်လိုက်ကြပြီး လျိုကျစ်နှင့် ကျန်းချဲ့တို့ကို ကြိုဆိုရန် တန်းစီလိုက်ကြလေသည်။
လျိုကျစ်က အရှေ့ဆုံးမှ လျှောက်လှမ်းလာခဲ့ပြီး အနက်ရောင် သံချပ်ကာဝတ်စုံကို ဝတ်ဆင်ထားကာ မျက်နှာထားက အလွန်တရာ လေးနက်တည်ငြိမ်နေပေသည်။ ကျန်းချဲ့က သူ၏ ဘေးမှ လိုက်ပါလာခဲ့ပြီး နက်မှောင်သော သိုင်းဝတ်စုံရှည်ကြီးကို ဝတ်ဆင်ထားသည်။ သွေးချီစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာပြီးနောက် ဤကဲ့သို့သော အအေးဒဏ်ကို သူ လုံးဝ ကြောက်ရွံ့ခြင်း မရှိတော့ပေ။
ဝတ်စုံက သိပ်ပြီး အထူကြီး မဟုတ်သော်လည်း မည်သည့် အအေးဓာတ်ကိုမျှ သူ မခံစားရပေ။
ကန်းတာပြောင်၊ ရွှီဆန်းအာနှင့် အနည်းငယ် နုပျိုပုံရသော လူငယ်လေးတစ်ဦးက အနောက်ဘက်မှ လိုက်ပါလာခဲ့ကြသည်။ ထိုလူငယ်လေးမှာ ရွှီဆန်းအာ၏ သားကြီး ဖြစ်သူ ရွှီချန်ဟူ ဖြစ်ပြီး ကျန်းချဲ့ထံတွင် နောက်လိုက်အဖြစ် တာဝန်ထမ်းဆောင်ရန် ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။
လေ့ကျင့်ရေးကွင်း၏ အလယ်ဗဟိုရှိ ကျောက်စင်မြင့်ပေါ်တွင် လျိုကျစ်နှင့် ကျန်းချဲ့တို့က ဝဲယာအသီးသီး နေရာယူလိုက်ကြသည်။
အောက်ဘက်တွင်မူ ရွှီဆန်းအာက အရင်ဆုံး စတင် နှုတ်ဆက်လိုက်သည်။
"တပ်မှူးလျိုနဲ့ ဒုတိယတပ်မှူးကျန်းကို ဂါရဝပြုပါတယ်..."
အပြင်ပန်းတွင် လျိုကျစ်၏ ဘေးနား၌ ကျန်းချဲ့ကို တပ်မှူးဟု တိုက်ရိုက် ခေါ်ဆိုရန် အဆင်မပြေသဖြင့် ဒုတိယတပ်မှူးဟု သေချာစွာ သုံးနှုန်းလိုက်ခြင်း ဖြစ်သည်။
ကန်းတာပြောင်က ထိုအနောက်မှ လိုက်ပါ အရိုအသေပေးလိုက်ပြီး သူတို့နှင့်အတူ ပါလာသော စစ်သည် ဆယ်ယောက်ကျော်ကလည်း အရိုအသေပေးလိုက်ကြသည်။ ဤစစ်သည်များမှာ ယခင်က ကျန်းချဲ့နှင့်အတူ အစောင့်အရှောက် တာဝန်ကို ထမ်းဆောင်ခဲ့ကြသော ဝါရင့်စစ်သည်များ ဖြစ်ကြပြီး ကျန်းချဲ့က သူ၏ ဘေးနားတွင် ထားရှိရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
နောက်ဆုံးမှသာ အနောက်မြို့နယ် စစ်စခန်းမှ စစ်သည်များက လာရောက် အရိုအသေပေးကြတော့သည်။
သို့သော် သိသာထင်ရှားလှသော ခြားနားချက်မှာ သူတို့၏ တန်းစီမှုက ဖရိုဖရဲ ဖြစ်နေပြီး နှုတ်ဆက်သံများကလည်း ညီညာမှု လုံးဝ မရှိခြင်းပင် ဖြစ်သည်။
လျိုကျစ်က သူ၏ ညာလက်ကို မြှောက်ကာ အောက်ဘက်ရှိ ဆူညံသံများကို တားဆီးလိုက်ပြီး လေးနက်သော လေသံဖြင့် ပြောလိုက်သည်။
"ဒီနေ့ကစပြီး... ငါက အနောက်မြို့နယ် စစ်စခန်းရဲ့ တပ်မှူးရာထူးကို တရားဝင် လက်ခံလိုက်ပြီ... မင်းတို့ရဲ့ အတိတ်က ကိစ္စတွေကို ငါ ဆက်ပြီး အပြစ်မယူတော့ဘူး... ဒါပေမဲ့ အခုကစပြီး... ဘယ်သူမဆို အမိန့်ကို မနာခံဘဲ ကွယ်ရာမှာ ပြဿနာရှာမယ်ဆိုရင်တော့... ငါ့အနေနဲ့ မျက်နှာမထောက်ဘူးဆိုပြီး လာမပြောနဲ့..."
ထိုသို့ ပြောပြီးနောက် သူက ကျန်းချဲ့ရှိရာဘက်သို့ လှည့်ကာ ခေါင်းညိတ်ပြလိုက်သည်။
ကျန်းချဲ့က အခြေအနေကို သဘောပေါက်လိုက်သည်။ လျိုကျစ်သည် တပ်မှူးကြီး တစ်ယောက်အနေဖြင့် သူ၏ သိက္ခာနှင့် အရှိန်အဝါကို ထိန်းသိမ်းထားရန် လိုအပ်သဖြင့် စကားအများကြီး ပြောနေရန် မလိုပေ။ သို့သော် မိမိက ဒုတိယတပ်မှူး ဖြစ်နေသဖြင့် နောက်ထပ် ပြောကြားရမည့် စကားများကို လူအများအား မိမိကသာ ကြေညာရမည် ဖြစ်သည်။
"မလာခင်တုန်းက... ငါက အနောက်မြို့နယ် စစ်စခန်းရဲ့ အခြေအနေကို အနည်းငယ် စုံစမ်းခဲ့တယ်... ဒီနေ့ မျက်မြင်တွေ့ရတဲ့အတိုင်းပဲ... စစ်ဥပဒေအရ စစ်သည် အယောက်တစ်ရာ ရှိရမှာကို... မင်းတို့ အားလုံးပေါင်းမှ ခြောက်ဆယ် ခုနစ်ဆယ်ပဲ ရှိတယ်..."
"ဘယ်သူက လစာတွေကို ခိုးစားထားလဲဆိုတာ ငါ ဂရုမစိုက်ဘူး... ဒါပေမဲ့ ဒီနေ့ကစပြီး... စစ်သည် အားလုံး ပြည့်စုံရမယ်... နေ့တိုင်း တိုက်ပွဲဝင် လေ့ကျင့်မှု နှစ်ကြိမ် ပြုလုပ်ရမယ်... ဒီမှာ မနေချင်တဲ့လူ ရှိရင်... ကောင်းကောင်းမွန်မွန် လမ်းခွဲကြတာပေါ့... ငါကိုယ်တိုင် တံခါးဝအထိ လိုက်ပို့ပေးမယ်..."
"ဒါပေမဲ့ ဒီမှာ ဆက်နေချင်တယ်ဆိုရင်တော့... ဒီက စည်းကမ်းတွေကို သေချာ လိုက်နာရမယ်... တပ်မှူးလျိုရဲ့ စည်းကမ်း... ငါ ကျန်းချဲ့ရဲ့ စည်းကမ်းတွေကို လိုက်နာရမယ်... စည်းကမ်းဖောက်ဖျက်သူကို ပြင်းထန်စွာ အပြစ်ပေးမယ်..."
"ဒီလူတွေကို မြင်လား..."
ကျန်းချဲ့က လက်ညှိုးဖြင့် ကန်းတာပြောင်တို့ လူစုရှိရာဘက်သို့ ညွှန်ပြလိုက်သည်။
"သူတို့က လစ်လပ်နေတဲ့ နေရာတွေကို ဖြည့်ဆည်းဖို့နဲ့ နှုတ်ထွက်သွားတဲ့ လူတွေရဲ့ နေရာမှာ အစားထိုးဖို့ ရောက်လာကြတာ..."
"အခု ငါ့စကား ပြီးပြီ... ဘယ်သူက ထောက်ခံပြီး... ဘယ်သူက ကန့်ကွက်လဲ..."
ကျောက်စင်မြင့်အောက်တွင်မူ လူအများစုမှာ ဆူညံစွာဖြင့် ဝေဖန်ဆွေးနွေးနေကြတော့သည်။
"တစ်နေ့ကို နှစ်ကြိမ် လေ့ကျင့်ရမယ်ဆိုရင်... ခန္ဓာကိုယ်က ဘယ်လို ခံနိုင်မှာလဲ..."
"ဟုတ်ပ... ဒါက လူအသက်ကို တောင်းနေတာပဲ..."
"အင်း..."
ဟူအန်က ဤမြင်ကွင်းကို ကြည့်ကာ ဘေးနားရှိ ကျင်သွားကြီးကို မျက်ရိပ်ပြလိုက်ပြီး စကားအမြန်ပြောရန် အချက်ပြလိုက်သည်။
သို့သော် စောစောကမှ မကျေမနပ် ဖြစ်နေပြီး ကျန်းချဲ့ကို ပညာပြမည်ဟု ကြုံးဝါးနေသော ကျင်သွားကြီးမှာမူ ယခုအခါတွင် မျက်လွှာချကာ ဘာမှမသိသလို ဟန်ဆောင်နေလေသည်။
ဟူအန်က ရင်ထဲမှနေ၍ ရေရွတ်လိုက်မိသည်။ ဤလူကြီးက ပါးစပ်ကသာ အော်နေခြင်း ဖြစ်သည်မှာ သေချာလှပေသည်။
"ဒုတိယတပ်မှူးကျန်း... ကျွန်တော် ပြောစရာ စကားရှိပါတယ်..."
စကားနည်းလှသော တန်ယန်က ပတ်ဝန်းကျင်ရှိ လူများ၏ အကြည့်ကို လုံးဝ ဂရုမစိုက်ဘဲ ခေါင်းမော့ကာ ကျန်းချဲ့ကို စိုက်ကြည့်ရင်း ပြောလိုက်သည်။
"မင်းက ငါ့စကားကို ကန့်ကွက်ချင်လို့လား..."
"မကန့်ကွက်ပါဘူး... ဒါပေမဲ့ ကျွန်တော် ကြားသိရသလောက်တော့ ဒုတိယတပ်မှူးကျန်းရဲ့ စွမ်းဆောင်ရည်က ထူးခြားပြီး... စွမ်းအားကလည်း သာမန်မဟုတ်ဘူးဆိုပဲ... ကျွန်တော်ကလည်း သိုင်းပညာကို အလွန် ရူးသွပ်သူတစ်ဦး ဖြစ်တာမို့... ဒုတိယတပ်မှူးကျန်းဆီကနေ သိုင်းကွက်အချို့ကို သင်ယူခွင့် တောင်းချင်ပါတယ်... အကယ်လို့ ကျွန်တော် ရှုံးသွားရင်... ဒုတိယတပ်မှူးရဲ့ စီရင်မှုကို ခံယူပါ့မယ်..."
"အကယ်လို့ မင်း နိုင်သွားရင်ရော..."
"ကျွန်တော် နိုင်သွားရင်တော့... ဒုတိယတပ်မှူး အနေနဲ့ ကျွန်တော့်ကို ကောင်းကောင်းမွန်မွန်နဲ့ စခန်းကနေ ထွက်ခွာခွင့်ပေးပါ... ဒါမှမဟုတ်ရင်လည်း... အဲဒီ ဒုတိယတပ်မှူး နေရာကို ကျွန်တော့်ဆီ လွှဲပေးပါ..."
တန်ယန်က လေးနက်သော လေသံဖြင့် ပြောလိုက်သည်။
"ကောင်းပြီ... ဒါဆိုရင် မင်း အပေါ်ကို တက်လာခဲ့လှည့်…”