← Chapters

အခန်း ၂၇

Vol. 3 Ch. 27

အခန်း ၂၇

Vol. 3 Ch. 27

အခန်း (၂၇) လက်သီးတစ်ချက် ဒူးထောက်

အနောက်မြို့နယ် စစ်စခန်းတွင် အာဏာစတင် ယူရမည့်နေ့၌ ဤကဲ့သို့သော ခေါင်းမာသည့် လူကြမ်းကြီးများ ပေါ်လာမည်ဆိုသည်ကို ကျန်းချဲ့ လုံးဝ မအံ့ဩမိပေ။ ထို့အပြင် အစောကတည်းက လျိုကျစ်ကလည်း ထိုလူများကို အမြစ်ပြတ် ချေမှုန်းနိုင်မှသာ ရာထူးမြဲမည်ဖြစ်ပြီး လူအများ၏ လေးစားမှုကို ရရှိမည်ဖြစ်ကြောင်း သတိပေးထားခဲ့သည်။

တကယ်တမ်းတွင် ကျန်းချဲ့ အနေဖြင့် တန်ယန်၏ စိန်ခေါ်မှုကို ငြင်းပယ်ပိုင်ခွင့် ရှိသည်။

သို့သော် ထိုသို့ ငြင်းပယ်လိုက်ပါက သူ၏ သိက္ခာနှင့် အရှိန်အဝါများ လုံးဝ ပျက်စီးသွားမည် ဖြစ်ပြီး နောက်ပိုင်းတွင် သူ၏ အမိန့်များကို မည်သူကမျှ နာခံတော့မည် မဟုတ်ပေ။ ၎င်းက သူ၏ အာဏာတည်ဆောက်မှုကို အလွန်အမင်း ထိခိုက်စေနိုင်သည်။

ထို့ကြောင့် ကျန်းချဲ့က တန်ယန်၏ စိန်ခေါ်မှုကို အလွန် လွယ်ကူရိုးရှင်းစွာပင် လက်ခံလိုက်ခြင်း ဖြစ်သည်။

ထို့အပြင် သူကိုယ်တိုင်လည်း ယခု လက်ရှိ သူ၏ စွမ်းအားက မည်သည့် အဆင့်အထိ ရောက်နေပြီလဲဆိုသည်ကို စမ်းသပ်ကြည့်ချင်နေခဲ့သည်။

တန်ယန်က ခေါင်းညိတ်လိုက်ပြီး ကျောက်စင်မြင့်ပေါ်သို့ ဖြည်းညင်းစွာ လျှောက်တက်လာခဲ့သည်။ အောက်ဘက်ရှိ လူများအားလုံး၏ အကြည့်ကလည်း သူနှင့် ကျန်းချဲ့တို့နှစ်ယောက်ထံသို့ ရောက်ရှိနေကြပြီး အချို့က လေးစားစွာ၊ အချို့က အထင်သေးစွာဖြင့် အမျိုးမျိုး ကြည့်နေကြသည်။

ဟူအန်က ဘေးနားရှိ ကျင်သွားကြီးကို တစ်ချက်ကြည့်ကာ အေးစက်စက် ရယ်မောလိုက်သည်။

လျိုကျစ်က ကျောက်စင်မြင့်၏ ထောင့်ဘက်သို့ ဆုတ်ခွာသွားခဲ့သော်လည်း သူ၏ မျက်နှာပေါ်တွင် စိုးရိမ်မှုများက အနည်းငယ် ပေါ်လွင်နေပေသည်။

တန်ယန်က စိန်ခေါ်ဝံ့သည်ဆိုကတည်းက သူ၏ စွမ်းအားမှာ သာမန် မဟုတ်သည်မှာ သေချာလှသည်။ သို့သော် ကျန်းချဲ့ကမူ သိုင်းပညာကို လေ့ကျင့်လာခဲ့သည်မှာ လဝက်ခန့်သာ ရှိသေးသည်။ ကျန်းချဲ့၏ ပါရမီက မည်မျှပင် ထူးချွန်နေပါစေ အနိုင်ရနိုင်ခြေက သိပ်မများလှပေ။

သို့သော် သူကိုယ်တိုင် ဝင်ရောက် တားဆီးရန် သို့မဟုတ် ဝင်ရောက် ကူညီရန် အခွင့်အရေး မရှိပေ။

ကျန်းချဲ့က သူ၏ လူယုံတစ်ယောက် ဖြစ်ပြီး သူ၏ မျက်နှာစာလည်း ဖြစ်သည်။ တန်ယန်ကို ရပ်တန့်ရန် သူ့အတွက် လွယ်ကူသော်လည်း ယန်ဂူခရိုင် စစ်တပ်အတွင်း၌ နေလိုပါက ထူးခြားသော စွမ်းအား မရှိဘဲ လူအများ၏ လေးစားမှုကို ရရှိရန် မဖြစ်နိုင်ပေ။

လေအေးတစ်ခုက တန်ယန်၏ ပါးပြင်ရှိ ဆံပင်များကို လွှင့်ခါသွားစေသည်။ သူက ခေါင်းမော့ကာ ဓားရိုးကို ဆုပ်ကိုင်လိုက်ရင်း မေးလိုက်သည်။

"ဒုတိယတပ်မှူးကျန်း လက်နက် မသုံးဘူးလား..."

"မင်းကို ရင်ဆိုင်ဖို့ အဲဒါတွေ မလိုဘူး..."

ကျန်းချဲ့က တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

ဤသည်မှာ သူ တမင်တကာ ဟန်လုပ်နေခြင်း မဟုတ်ပေ။ အမှန်တကယ်ပင် သူက ဓားသိုင်းကို စနစ်တကျ လေ့ကျင့်ထားခြင်း မရှိသဖြင့် လက်နက်ကိုင်ဆောင်ပါက ပို၍ပင် ဝန်ထုပ်ဝန်ပိုး ဖြစ်စေနိုင်သောကြောင့် ဖြစ်သည်။ ယခုအချိန်တွင် သူ လေ့ကျင့်ထားသည်မှာ နွားရိုင်းအားအင်ကျင့်စဉ် တစ်ခုတည်းသာ ဖြစ်သည်။

သူ၏ စွမ်းအား အားလုံးက လက်သီးပေါ်တွင်သာ တည်ရှိနေပေသည်။

ကျန်းချဲ့၏ 'အထင်သေးမှု' က တန်ယန်ကို ပိုမို သတိထားသွားစေသည်။ ကျန်းချဲ့က သူ၏ ကိုယ်ပိုင် စွမ်းအားအပေါ် အပြည့်အဝ ယုံကြည်မှု ရှိနေသောကြောင့် ဤမျှ ယုံကြည်ချက် ရှိနေခြင်း ဖြစ်မည်ဟု သူ ယူဆလိုက်သည်။ သူ၏ အကြည့်များက ပိုမို လေးနက်သွားပြီး ဘယ်ခြေကို နောက်သို့ ခြေတစ်လှမ်း ဆုတ်ကာ တိုက်ခိုက်ရန် အသင့်အနေအထား ပြင်လိုက်သည်။

မည်သည့် နှုတ်ဆက်စကားမှ မရှိဘဲ နောက်တစ်စက္ကန့်တွင် တန်ယန် စတင် လှုပ်ရှားလိုက်သည်။

သူတို့နှစ်ယောက်ကြားရှိ အကွာအဝေးမှာ ကိုးပေခန့် ရှိနေသော်လည်း ဓားရိုးကို ဆုပ်ကိုင်ထားသော သူ၏ လက်က ရုတ်တရက် အရှိန်မြှင့်လိုက်သည်။

'ဒိုင်း...'

ကြောက်မက်ဖွယ် ကောင်းသော ဓားအလင်းတန်း တစ်ခုက မျက်လုံးများကို ပြာသွားစေသည်။ ဓားအိမ်က ကျန်းချဲ့ဆီသို့ လွင့်စင်လာပြီး တန်ယန်က ခြေလှမ်းကျဲကြီးများဖြင့် ပြေးဝင်လာကာ ကျန်းချဲ့၏ ရင်ဘတ်ဆီသို့ တည့်တည့် ထိုးချလိုက်သည်။

ဤလှုပ်ရှားမှုမှာ လျှပ်စီးလက်သကဲ့သို့ လျင်မြန်လှပေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ဓားသွားက ကျန်းချဲ့၏ အနီးသို့ ရောက်ရှိလာပြီး အကွာအဝေး အနည်းငယ် ရှိနေသေးသော်လည်း ဓားမှ ထွက်ပေါ်လာသော လေပြင်းကို ခံစားသိရှိနေရပေသည်။

ထိုအချိန်တွင် ကျန်းချဲ့က နောက်သို့ ခြေတစ်လှမ်း ဆုတ်ကာ အကွာအဝေးကို ထိန်းလိုက်သည်။

တစ်ဖက်လူ၏ အရှိန်က အလွန် မြန်ဆန်သော်လည်း နွားရိုင်းအားအင်ကျင့်စဉ်ကို ပိုင်နိုင်စွာ တတ်မြောက်ထားသော ကျန်းချဲ့၏ တုံ့ပြန်မှုကလည်း လုံးဝ မနှေးကွေးပေ။ ရိုးရှင်းစွာ နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ခြင်းကပင် သူ၏ ခြေကွက်က မည်မျှအထိ အခြေခံ ခိုင်မာနေကြောင်းကို ပြသနေပေသည်။

ယင်းမှာ အလိုအလျောက် တုံ့ပြန်မှု တစ်ခု ဖြစ်သော်လည်း လုံးဝ ယိမ်းယိုင်သွားခြင်း မရှိပေ။

ကျန်းချဲ့ နောက်သို့ ဆုတ်သွားမည်ကို တန်ယန်က ကြိုတင် တွက်ဆထားပြီး ဖြစ်သည်။ သူက ချက်ချင်းပင် ဓားကွက်ကို ပြောင်းလဲလိုက်ပြီး တည့်တည့် ထိုးချရာမှ ဘယ်ဘက်သို့ ပိုင်းချလိုက်သည်။ ဤပိုင်းချလိုက်သော ဓားချက်မှာ အလွန် ပြင်းထန်လှပြီး လေကိုခွင်းကာ အသံများပင် ထွက်ပေါ်လာခဲ့သည်။

"ခုတ်မယ်..."

"ဝှီး..."

ဓားသွားက လေထုကို ခွင်းကာ ဖြတ်သန်းလာစဉ် ကျန်းချဲ့က ခြေနှစ်ဖက်ဖြင့် မြေကြီးကို ကန်ကာ လေထဲသို့ ခုန်တက်ပြီး နောက်တစ်ကြိမ် လွတ်မြောက်သွားခဲ့ပြန်သည်။ သို့သော် ထက်မြက်လှသော ဓားသွားက သူ၏ နဖူးမှ ဆံပင်အနည်းငယ်ကို ဖြတ်တောက်သွားခဲ့သည်။

'ရွှီး... ရွှီး... ရွှီး...'

နောက်ထပ် သိုင်းကွက် ဆယ်ကျော်ခန့်မှာ တန်ယန်၏ ကိုယ်ပိုင် ဓားသိုင်းကွက်များ ပြသသည့် အချိန်ဖြစ်သွားခဲ့သည်။ ရှုပ်ထွေးမြန်ဆန်လှသော ဓားအလင်းတန်းများက အဆက်မပြတ် ထွက်ပေါ်နေပြီး သူ၏ ထူးချွန်သော ဓားသိုင်းပညာကို ဖော်ပြနေပေသည်။

သို့သော် ကျန်းချဲ့က ထိုတိုက်ခိုက်မှုတိုင်းကို အမြဲတမ်း ကပ်သီးလေး လွတ်အောင် ရှောင်တိမ်းနိုင်ခဲ့သည်။

ကျောက်စင်မြင့်အောက်ရှိ လူများမှာ အလွန် စိတ်လှုပ်ရှားနေကြသည်။ ကန်းတာပြောင်တို့ လူစုမှာ စိုးရိမ်တကြီး ဖြစ်နေကြသော်လည်း မူလ အနောက်မြို့နယ်မှ စစ်သည်များကမူ ရင်ထဲမှနေ၍ အားပေးနေကြသည်။

ကောင်းတယ်... ဆက်တိုက်...

လျိုကျစ်နဲ့ ကျန်းချဲ့တို့ရဲ့ မာနကို ချိုးနှိမ်ပစ်လိုက်စမ်း...

သို့သော် တိုက်ပွဲ၏ အလယ်ဗဟိုတွင် ရှိနေသော တန်ယန်ကသာ အခြေအနေမှန်ကို သိရှိနေပေသည်။

သူ၏ ဓားသိုင်းကွက်များက မည်မျှပင် ခမ်းနားလှပနေပါစေ လုံးဝ အသုံးမဝင်ကြောင်းကို သူ ကောင်းစွာ သဘောပေါက်နေပေသည်။

အဘယ်ကြောင့်ဆိုသော်... သူ မည်မျှပင် ရှုပ်ထွေးသော ဓားကွက်များကို အသုံးပြုကာ ကျန်းချဲ့အား ထောင့်ကျဉ်းထဲ ရောက်အောင် ပိတ်လှောင်နိုင်ခဲ့သော်လည်း ယခုအချိန်အထိ ကျန်းချဲ့ထံတွင် ဒဏ်ရာ အနည်းငယ်မျှပင် မရရှိသေးသောကြောင့် ဖြစ်သည်။

သို့သော် သူ၏ ဘက်တွင်မူ စွမ်းအင် အမြောက်အမြား ကုန်ဆုံးနေပြီ ဖြစ်သည်။

ဤအတိုင်း ဆက်သွားနေပါက သူ သေချာပေါက် ရှုံးနိမ့်သွားမည် ဖြစ်သည်။

ဤအခြေအနေကို ရိပ်မိသူ နောက်တစ်ဦးမှာ လျိုကျစ်ပင် ဖြစ်သည်။ အစပိုင်းက အနည်းငယ် စိုးရိမ်နေခဲ့သော်လည်း ယခုအခါတွင် သူ၏ စိတ်ထဲမှ စိုးရိမ်မှုများ အားလုံး ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ဤတိုက်ပွဲတွင် ကျန်းချဲ့ သေချာပေါက် အနိုင်ရမည် ဖြစ်သည်။

ကျန်းချဲ့၏ ခြေလှမ်းတိုင်းက အလွန်တရာ တိကျသေချာလှပြီး တိုက်ပွဲ၏ အဓိက အသက်သွေးကြောကို သူကသာ ချုပ်ကိုင်ထားသည်ကို မြင်တွေ့နေရပေသည်။

ဤကဲ့သို့သော ခြေကွက်များက... တကယ်ကို ပြီးပြည့်စုံလွန်းလှသည်။

အရိုးသန့်စင်ခြင်း အဆင့်သို့ ရောက်ရှိနေသော သူ့အတွက်ပင်လျှင် ဤကဲ့သို့ လုပ်ဆောင်နိုင်ရန် အလွန် ခက်ခဲလှပေသည်။

ဒီကောင်လေးရဲ့ တိုးတက်မှုက တကယ်ကို မြန်ဆန်လွန်းတယ်...

သို့သော် တစ်ခုတည်းသော အားနည်းချက်မှာ ကျန်းချဲ့သည် တန်ယန်ကို ချက်ချင်း အပြတ်မရှင်းဘဲ ဖြည်းဖြည်းချင်း အားကုန်သွားအောင် လုပ်နေခြင်းပင် ဖြစ်သည်။

သို့သော် သူ မသိသေးသည်မှာ ကျန်းချဲ့ ကိုယ်တိုင်လည်း ထိုသို့ လုပ်ချင်နေခြင်း ဖြစ်သည်။

ပြဿနာမှာ သူ၏ လက်ထဲတွင် မည်သည့် လက်နက်မျှ မရှိသဖြင့် ဤကဲ့သို့သာ ရှောင်တိမ်းနေရခြင်း ဖြစ်သည်။

ထို့အပြင် တန်ယန်၏ ဓားသိုင်းကွက်များက အမှန်တကယ်ပင် ကျွမ်းကျင်လှသည်။ ကျန်းချဲ့က အကြိမ်ကြိမ် အကွက်ချော်သွားအောင် ကြိုးစားခဲ့သော်လည်း တစ်ဖက်လူက လျင်မြန်စွာ ပြန်လည် တုံ့ပြန်နိုင်ခဲ့သည်။

"ဝှီး..."

ဓားမြည်သံတစ်ခုနှင့်အတူ တန်ယန်က လေထဲသို့ တစ်ဟုန်ထိုး ခုန်တက်လိုက်ပြီး အပေါ်မှနေ၍ အောက်သို့ ခုတ်ချလိုက်သည်။ ယခင်က ပြင်းထန်သော ဓားသိုင်းကွက်များကြောင့် သူ၏ အားအင်များ ကုန်ခမ်းနေပြီ ဖြစ်သည်။

အနိုင်ရလိုပါက ဤနောက်ဆုံးအချီတွင် အစွမ်းကုန် ကြိုးစားရမည် ဖြစ်သည်။

သို့သော် ဤကဲ့သို့ ပြုလုပ်ခြင်းက ကျန်းချဲ့ကို အခွင့်အရေး ပေးလိုက်ခြင်းလည်း ဖြစ်သည်။

တစ်ဖက်လူ ခုတ်ချလိုက်သော ဓားကို ကျန်းချဲ့က ဘေးသို့ ရှောင်တိမ်းလိုက်သည်။ ထို့နောက် ခန္ဓာကိုယ်အတွင်းရှိ အေးမြသော အတွင်းအားများကို ညာဘက် လက်မောင်းပေါ်သို့ စုစည်းလိုက်ပြီး ခြေတစ်လှမ်း ရှေ့သို့ တိုးလိုက်ရာ သူတို့ နှစ်ဦးကြားရှိ အကွာအဝေးမှာ တစ်ပေခန့်သာ ကျန်ရှိတော့သည်။

အားယူလိုက်ပြီး...

လက်သီး ထိုးချလိုက်သည်။

ကျန်းချဲ့၏ အတွင်းအား အားလုံး စုစည်းထားသော လက်သီးက ပေါက်ကွဲထွက်လာပြီး လေထုကို ခွင်းကာ ကျယ်လောင်သော အသံကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။

တန်ယန်၏ မျက်လုံးများ ပြူးကျယ်သွားပြီး ဓားကို ရုပ်သိမ်းရန် အချိန်မရတော့ပေ။

ထို့ကြောင့် ဘယ်ဘက် လက်မောင်းကို ရင်ဘတ်ရှေ့တွင် ကာကွယ်လိုက်ရသည်။

'ဘန်း...'

ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာပြီးနောက် တန်ယန်၏ ခန္ဓာကိုယ်ကြီးမှာ နောက်သို့ လွင့်စင်သွားကာ သူ၏ လက်ထဲမှ ဓားမှာလည်း အဝေးသို့ လွင့်ထွက်သွားခဲ့သည်။

သူ၏ ခန္ဓာကိုယ်က မြေပြင်ပေါ်တွင် အကြိမ်ကြိမ် လိမ့်ကျသွားပြီးနောက် ဒူးတစ်ဖက် ထောက်ကာ ရပ်တန့်သွားခဲ့သည်။ သူ၏ ညာလက်က ဘယ်ဘက် လက်မောင်းကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး မျက်နှာကလည်း နာကျင်မှုကြောင့် ရှုံ့မဲ့နေပေသည်။

တစ်ကွင်းလုံး တိတ်ဆိတ်သွားခဲ့သည်။

ရုတ်တရက် ဖြစ်ပေါ်လာသော အပြောင်းအလဲကြောင့် လျိုကျစ်မှလွဲ၍ ကျန်လူအားလုံးမှာ အံ့ဩမှင်တက်သွားကြသည်။ ဟူအန်နှင့် ကျင်သွားကြီးတို့မှာ ပါးစပ်ကြီး အဟောင်းသားဖြင့် ကြက်သေသေနေကြပေသည်။

စောစောက အပေါ်စီးကနေ ရနေတာ မဟုတ်ဘူးလား...

ဘယ်လိုလုပ်ပြီး ရုတ်တရက်ကြီး လွင့်စင်သွားရတာလဲ...

ဒါက လုံးဝ ယုတ္တိမတန်ဘူးလေ...

တန်ယန်ကို ထိုးချပြီးနောက် ကျန်းချဲ့က ထိုနေရာတွင် ရပ်ကာ ဟန်ရေးပြမနေခဲ့ပေ။ သူက နောက်ထပ် ခြေလှမ်းအနည်းငယ် တက်သွားပြီး သူ၏ လက်သီးနှစ်ဖက်ကို ဧရာမ တူကြီး နှစ်လက်ကဲ့သို့ တန်ယန်၏ ခေါင်းပေါ်သို့ ထုချလိုက်သည်။

တစ်ဖက်လူက အချိန်အတော်ကြာအောင် ရောင့်တက်ခဲ့ပြီးပြီဖြစ်ရာ ယခုတစ်ကြိမ်တော့ သူ၏ အလှည့် ရောက်လာခဲ့ပြီ ဖြစ်သည်။

ဤလက်သီးသာ ကျရောက်သွားပါက တန်ယန်၏ ခေါင်းမှာ ဖရဲသီးတစ်လုံး ပေါက်ကွဲသွားသကဲ့သို့ ဖြစ်သွားမည်မှာ သေချာလှပေသည်။

'ဘန်း...'

အသံတိုးတိုးလေးတစ်ခု ထွက်ပေါ်လာပြီးနောက် တန်ယန်က ဒူးနှစ်ဖက်စလုံးဖြင့် မြေကြီးပေါ်သို့ ကျသွားခဲ့သည်။

ကျန်းချဲ့၏ လက်သီးနှစ်ဖက်က တန်ယန်၏ ခေါင်းပေါ် တစ်လက်မခန့် အကွာတွင် ရပ်တန့်သွားခဲ့သည်။ သို့သော် လက်သီးမှ ထွက်ပေါ်လာသော လေပြင်းများကြောင့် တန်ယန်၏ ဆံပင်များ အားလုံး ဖရိုဖရဲ လွင့်ထွက်သွားခဲ့သည်။

"ဆက်မတိုက်တော့ဘူးလား..."

ကျန်းချဲ့က အပေါ်စီးမှနေ၍ တန်ယန်ကို စိုက်ကြည့်ကာ မေးလိုက်သည်။

"ကျွန်တော် ရှုံးပါပြီ..."

တန်ယန်က ခေါင်းမော့ကာ အက်ကွဲသော လေသံဖြင့် ပြန်ဖြေလိုက်သည်။ သူ၏ ဘယ်ဘက် လက်မောင်းက ယခုအချိန်အထိ တုန်ယင်နေဆဲ ဖြစ်သည်။

စောစောက လက်သီးကြောင့် သူ၏ ဘယ်ဘက် လက်မောင်းမှာ ကျိုးလုနီးပါး ဖြစ်သွားခဲ့သည်။

ကျန်းချဲ့၏ စွမ်းအားက သူ့ထက် အဆပေါင်းများစွာ သာလွန်နေပေသည်။

စောစောက သိုင်းကွက် ဆယ်ကျော်ခန့် တိုက်ခိုက်ခဲ့ခြင်းမှာ တစ်ဖက်လူက သူ့ကို ကစားနေခြင်းသာ ဖြစ်သည်။

ယခုအချိန်တွင် တန်ယန်က အခြေအနေ အမှန်ကို သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။

"ကတိကတော့ ကတိပါပဲ... တန်ယန်အနေနဲ့ ဒုတိယတပ်မှူးကျန်းရဲ့ အမိန့်ကို နာခံပါ့မယ်..."

သူက ခေါင်းငုံ့ကာ ကျန်းချဲ့၏ ဖိနပ်ကို ကြည့်ရင်း အသံတိုးတိုးဖြင့် ပြောလိုက်သည်။

"ဒီနေ့ကစပြီး... မင်း ငါ့နားမှာပဲ သစ္စာရှိရှိ အလုပ်လုပ်ပေတော့..."

တန်ယန်၏ မျက်လုံးများထဲတွင် အံ့ဩမှုများ ပေါ်လာခဲ့သည်။ ကျန်းချဲ့က သူ့ကို အနောက်မြို့နယ် စစ်စခန်းမှ မောင်းထုတ်ပစ်လိမ့်မည်ဟု ထင်ထားခဲ့သော်လည်း ရုတ်တရက် အခြေအနေကို သဘောပေါက်သွားပြီးနောက် ပြန်ဖြေလိုက်သည်။

"ငယ်သား... အမိန့်ကို နာခံပါ့မယ်..."

ကျန်းချဲ့က လက်နှစ်ဖက်ကို နောက်ပစ်ကာ ကျောက်စင်မြင့်အောက်ရှိ လူများကို ကြည့်ရင်း ဆက်ပြောလိုက်သည်။

"အခု... ဘယ်သူက ထောက်ခံပြီး... ဘယ်သူက ကန့်ကွက်ဦးမလဲ…”

All Chapters