← Chapters

အခန်း ၂၉

Vol. 3 Ch. 29

အခန်း ၂၉

Vol. 3 Ch. 29

အခန်း (၂၉) ကျန်းချဲ့၏ ရည်မှန်းချက်

"ငယ်သား နားလည်ပါပြီ..."

ကျန်းချဲ့က ခေါင်းညိတ်လိုက်သည်။ တကယ်တမ်း သူ ကိုယ်တိုင်လည်း ဤအကြံအစည်မျိုး ရှိနေခဲ့ပြီး ဖြစ်သည်။

စောစောက တိုက်ပွဲတွင် သူ့၌ အားနည်းချက်များ ရှိနေသေးကြောင်း သူ ကိုယ်တိုင် ကောင်းစွာ သိရှိလိုက်ရသည်။

"ခန္ဓာသန့်စင်ခြင်း ကျင့်စဉ်အတွက်တော့ မင်းကို ငါ မကူညီပေးနိုင်ဘူး... ဒါပေမဲ့ ဓားသိုင်း သို့မဟုတ် ဓားလက်နက်နဲ့ ပတ်သက်တဲ့ သိုင်းကွက်တွေကိုတော့ ငါ နည်းနည်းပါးပါး နားလည်ပါတယ်... ငါကိုယ်တိုင် စုစည်းထားတဲ့ သိုင်းကွက်တွေ ရှိသလို... မတော်တဆ ရလာတဲ့ သိုင်းကျမ်း အပိုင်းအစ တချို့လည်း ရှိတယ်..."

"မင်း လေ့ကျင့်ချင်တယ်ဆိုရင်တော့... ဒီည ငါ့အိမ်ကို လာခဲ့..."

လျိုကျစ်က စကားလမ်းကြောင်း ပြောင်းကာ ရုတ်တရက် ဖိတ်ခေါ်လိုက်သည်။

"ကျေးဇူးတင်ပါတယ် တပ်မှူး..."

ကျန်းချဲ့က ချက်ချင်းပင် လက်ယှက်ကာ အရိုအသေပေးလိုက်သည်။

"ဟားဟား... သွားတော့လေ... မင်း အလုပ်သွားလုပ်တော့..."

လျိုကျစ်က လက်ကို ယမ်းပြကာ ကျန်းချဲ့ကို ထွက်သွားရန် အချက်ပြလိုက်သည်။ ကျန်းချဲ့ ထွက်သွားပြီးနောက် တဖြည်းဖြည်း ဝေးကွာသွားသော သူ၏ ကျောပြင်ကို ကြည့်ရင်း လျိုကျစ်၏ နှုတ်ခမ်းထောင့်တွင် မသိမသာ အပြုံးတစ်ခု ပေါ်လာခဲ့သည်။

ကျန်းချဲ့၏ စွမ်းဆောင်ရည်နှင့် ကျန်းချဲ့၏ ပါရမီက... သူ တစ်သက်လုံး တွေ့ဖူးသမျှထဲတွင် အကောင်းဆုံးပင် ဖြစ်ပေသည်။

အကယ်၍ ကျန်းချဲ့သာ လမ်းခုလတ်တွင် သေဆုံးမသွားပါက အနာဂတ်တွင် သူ၏ အောင်မြင်မှုက မိမိထက် သေချာပေါက် ပိုမို ကြီးမားလာမည်မှာ အသေအချာပင်။

ရွှေလင်းယုန်ကြီးက တောင်ပံခတ်တော့မည် ဖြစ်ရာ သူ လုပ်နိုင်သည့် အရာမှာ ထိုရွှေလင်းယုန်ကြီး တောင်ပံမခတ်မီ အချိန်လေးအတွင်းမှာပင် ကျေးဇူးတရားများကို တတ်နိုင်သမျှ များများ ပြုလုပ်ထားရန်ပင် ဖြစ်သည်။ ဤသို့ဆိုလျှင် သူ၏ ကျန်ရှိနေသေးသော ဘဝတစ်ဝက် သေချာပေါက် ကောင်းမွန်နိုင်သလို သူ၏ သားသမီးများအတွက်လည်း အာမခံချက် တစ်ခု ရရှိသွားမည် ဖြစ်သည်။

ထို့ကြောင့် သူက တပ်မှူးချုပ်ကျူး၏ အကြောင်းကို အရင်ဆုံး ပြောပြခဲ့ပြီး တပ်မှူးချုပ်ကျူးက ကူညီမည်ဆိုပါက သမက်အဖြစ် ရွေးချယ်ခံရမှသာ ဖြစ်မည်ဖြစ်ကြောင်း သွယ်ဝိုက်သော နည်းလမ်းဖြင့် သတိပေးခဲ့ခြင်း ဖြစ်သည်။ ထိုသို့ဆိုလျှင် လွတ်လပ်ခွင့် ဆုံးရှုံးရုံသာမက ကျေးဇူးပြန်ဆပ်ရဦးမည် ဖြစ်သည်။

သို့သော် သူကမူ ထိုသို့ မဟုတ်ပေ။ ကျန်းချဲ့ကို အလားအလာရှိသော လူငယ်တစ်ယောက် အဖြစ် မြင်သဖြင့် သန့်စင်သော ရည်ရွယ်ချက်ဖြင့် ကူညီပေးခြင်းသာ ဖြစ်သည်။

နှစ်ဖက် ယှဉ်ကြည့်လိုက်ပါက မည်သူက ပိုမို ကောင်းမွန်သနည်းဆိုသည်မှာ ချက်ချင်းပင် သိသာထင်ရှားသွားပြီ ဖြစ်သည်။

အနောက်မြို့နယ် လေ့ကျင့်ရေးကွင်း။

ကျန်းချဲ့က ခေါင်းမာသော လူမိုက်များ အားလုံးကို နှိမ်နင်းလိုက်ပြီးနောက် လူတိုင်းမှာ သူ၏ အစီအစဉ်အတိုင်း အလုပ်ကိုယ်စီ လုပ်ကြတော့သည်။ ကန်းတာပြောင်က လူတစ်စုကို ခေါ်ကာ အနောက်မြို့နယ်အတွင်း လှည့်ကင်း လှည့်ရန် ထွက်သွားပြီး ဟူအန်နှင့် ကျင်သွားကြီးတို့က အနောက်မြို့တံခါးကို သွားရောက် စောင့်ကြပ်ကြသည်။

ကျန်ရှိနေသော လူများမှာ အချို့က အနားယူပြီး အချို့က တာဝန်ဆက်လက် ထမ်းဆောင်ကြသည်။

တကယ်တမ်း အားလပ်နေသူမှာ နှစ်ယောက်တည်းသာ ရှိပေသည်။

ရွှီဆန်းအာနှင့် သူ၏ ဒုတိယသား ရွှီချန်ဟူတို့ ဖြစ်ကြသည်။

"တပ်မှူးကျန်းကို ပထမဆုံး တွေ့လိုက်ရတာ... ဘယ်လို ခံစားရလဲ..."

ရွှီဆန်းအာက ဆေးတံကို ဖွာရင်း သားဖြစ်သူကို စိုက်ကြည့်ကာ မေးလိုက်သည်။

ရွှီချန်ဟူက ခေါင်းကို ကုတ်ကာ ရိုးသားစွာ ပြန်ဖြေလိုက်သည်။

"ဒုတိယတပ်မှူးကျန်းက လူကောင်းတစ်ယောက်လို့ ကျွန်တော် ထင်တယ်... စကားပြောတာလည်း သိမ်မွေ့တယ်... အစ်ကိုကြီး တစ်ယောက်လိုပဲ ဆက်ဆံရတာ တော်တော်လေး အဆင်ပြေတယ်..."

"မင်း တကယ်ပဲ အဲဒီလို ထင်တာလား..."

"အင်း..."

'ဒေါက်...'

နောက်တစ်စက္ကန့်တွင် ရွှီဆန်းအာက ဆေးတံဖြင့် ရွှီချန်ဟူ၏ ခေါင်းကို ရိုက်ချလိုက်သည်။

"အဖေ... ဘာလို့ ကျွန်တော့်ကို ရိုက်တာလဲ..."

ရွှီချန်ဟူက သွားများ ပေါ်သည်အထိ ရှုံ့မဲ့သွားပြီး နားမလည်စွာဖြင့် မေးလိုက်သည်။

သို့သော် ယခုအချိန်တွင် ရွှီဆန်းအာ၏ မျက်နှာပေါ်၌ မည်သည့် အပြုံးမျှ မရှိတော့ဘဲ လေးနက်ခက်ထန်သော အမူအရာဖြင့် ဆူပူလိုက်သည်။

"မင်း ဘာအမှား လုပ်မိလဲဆိုတာ သိရဲ့လား..."

"မသိဘူး..."

"ပထမအချက်... တပ်မှူးလျို ရှိနေတုန်းက မင်းက ဒုတိယတပ်မှူးကျန်းလို့ ခေါ်တာ ငါ အပြစ်မတင်ဘူး... ဒါက သဘာဝကျပါတယ်... ဒါပေမဲ့ အခု တပ်မှူးလျို မရှိတဲ့ အချိန်မှာ... မင်းက တပ်မှူးကျန်းလို့ ခေါ်ရမယ်... နားလည်လား..."

"ကျွန်တော် နားလည်ပါပြီ..."

ရွှီချန်ဟူက ခေါင်းငုံ့ကာ ပြန်ဖြေလိုက်သည်။

"ဒုတိယအချက်... တပ်မှူးကျန်းက ငါ့ကို အစ်ကိုရွှီလို့ ခေါ်တာ ငါက အသက်ကြီးလို့ ခေါ်တာပဲ... တကယ် ငါ့ကို အစ်ကိုတစ်ယောက်လို သဘောထားပြီး ခေါ်တာ မဟုတ်ဘူး... မင်း သေချာ မှတ်ထားရမှာက တပ်မှူးကျန်းက အရာရှိ... ငါတို့က ဘာမှမဟုတ်ဘူး... မင်း ကိုယ့်နေရာကိုယ် သိရမယ်..."

"အထက်အောက် ရိုသေလေးစားမှုကို နားလည်ရမယ်..."

"ဟုတ်..."

"တတိယအချက်... မင်း ရွာမှာ ဘယ်လို နေခဲ့လဲဆိုတာ အဖေ ဂရုမစိုက်ဘူး... ဒါပေမဲ့ နောက်ပိုင်း တပ်မှူးကျန်းရဲ့ ဘေးမှာ နေရတော့မယ်ဆိုရင် အချက်တစ်ချက်ကို သေချာ မှတ်ထားရမယ်... မင်းအဖေကို အသက်ရှင်ခွင့် ထပ်ပေးခဲ့တာ တပ်မှူးကျန်းပဲ..."

"ငါတို့ မိသားစု အခြေအနေ ကောင်းလာဖို့ အခွင့်အရေး ပေးခဲ့တာလည်း တပ်မှူးကျန်းပဲ... သူက ငါတို့ မိသားစုရဲ့ ကျေးဇူးရှင်ပဲ... မင်းက နောက်လိုက်တစ်ယောက် အနေနဲ့ တပ်မှူးကျန်းရဲ့ အမိန့်ကို အဓိကထားပြီး နာခံရမယ်... မီးပင်လယ်ထဲ ခုန်ချခိုင်းရင်တောင်မှ လုံးဝ မတွန့်ဆုတ်ရဘူး... နားလည်လား..."

ရွှီချန်ဟူက နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး ပြန်ဖြေလိုက်သည်။

"နားလည်ပါပြီ အဖေ..."

"အဖေက မင်းကို လူဘယ်လို လုပ်ရမယ်၊ အလုပ်ဘယ်လို လုပ်ရမယ် ဆိုတာကို သင်ပေးနေတာပါ... အဖေက အသက်ကြီးပြီဆိုတော့ သိပ်အသုံးမဝင်တော့ဘူး... မကြာခင် တပ်မှူးကျန်းရဲ့ ခြေလှမ်းတွေကို မမီတော့ဘူး... ဒါပေမဲ့ မင်းက ငယ်သေးတယ်... နောင်တစ်ချိန်မှာ ကောင်းကောင်းမွန်မွန် နေချင်စားချင်တယ်ဆိုရင်... အလုပ်ကို ဘယ်လို လုပ်ရမယ်ဆိုတာကို နားလည်ဖို့ လိုတယ်..."

ရွှီဆန်းအာက ဆေးတံကို တစ်ချက် ဖွာလိုက်သည်။ သူက သူ၏ ဘဝအတွေ့အကြုံများကို အသုံးပြုကာ သားဖြစ်သူကို မည်သို့ ကြီးပြင်းရမည်ကို သင်ကြားပေးနေခြင်း ဖြစ်သည်။

"ကျွန်တော် နားလည်ပါတယ်... နောက်ပိုင်း တပ်မှူးကျန်း ခိုင်းသမျှ အကုန် လုပ်ပါ့မယ်..."

"ဘာတွေ တီးတိုး ပြောနေကြတာလဲ..."

ကျန်းချဲ့က အနီးသို့ ရောက်ရှိလာပြီး ရွှီဆန်းအာနှင့် ရွှီချန်ဟူတို့၏ နောက်ဆုံး စကားဝိုင်းကို အတိအကျ ကြားလိုက်ရသည်။

"တပ်မှူးကျန်း..."

ရွှီချန်ဟူက သင်ထားသည်များကို ချက်ချင်း အသုံးချလိုက်ပြီး အလျင်အမြန် မတ်တတ်ရပ်ကာ အရိုအသေပေးလိုက်သည်။

ရွှီဆန်းအာကလည်း ချက်ချင်း မတ်တတ်ရပ်လိုက်ပြီး မျက်နှာပေါ်တွင် အပြုံးတစ်ခုကို ဖန်တီးကာ ပြန်ဖြေလိုက်သည်။

"ဘာမှမဖြစ်ပါဘူး... ကျွန်တော်က ဟူလေး နောက်ပိုင်း တပ်မှူးဘေးမှာ နေရင် လိုက်နာရမယ့် စည်းကမ်းတွေကို သင်ပေးနေတာပါ..."

ကျန်းချဲ့က ခေါင်းညိတ်လိုက်ပြီး ထိုကိစ္စကို သိပ်ပြီး ဂရုမစိုက်တော့ဘဲ ဆက်ပြောလိုက်သည်။

"မင်းကို အလုပ်နည်းနည်း ခိုင်းစရာ ရှိလို့..."

"အမိန့်ပေးပါ..."

ရွှီဆန်းအာက အနည်းငယ် ခါးညွတ်လိုက်သည်။

"အနောက်မြို့နယ်ထဲမှာ အိမ်တစ်လုံးလောက် ရှာပေး... လေ့ကျင့်ရေးကွင်းနဲ့ နီးရင် ပိုကောင်းတယ်..."

ကျန်းချဲ့က ကျူးအိမ်တော်တွင် အမြဲတမ်း နေထိုင်ရန် မဖြစ်နိုင်ပေ။ ၎င်းမှာ လုံးဝ အဆင်မပြေလှပေ။

အရင်က သူ ဤကိစ္စကို စိတ်မဝင်စားခဲ့သလို လူအင်အားလည်း မရှိခဲ့ပေ။ ယခုအခါတွင်မူ ရွှီဆန်းအာက အိမ်တော်ထိန်း တစ်ယောက်အဖြစ် တာဝန်ယူနိုင်ပြီ ဖြစ်သည်။ မည်သို့ပင်ဆိုစေ သူ၏ အသက်အရွယ်အရ သိုင်းပညာကို လေ့ကျင့်ရန်မှာ လုံးဝ မဖြစ်နိုင်တော့ပေ။

"တပ်မှူးက ဘယ်လောက် အကျယ်လောက် လိုချင်တာလဲ..."

"အလယ်အလတ်အရွယ်လောက်ဆို ရပါပြီ..."

"ကျွန်တော် အခုပဲ သွားလုပ်လိုက်ပါ့မယ်..."

ရွှီဆန်းအာက လျင်မြန်ဖြတ်လတ်လှပေသည်။ ကျန်းချဲ့၏ ဘေးတွင် အချိန်ကြာကြာ နေနိုင်ရန်အတွက် တစ်ဖက်လူ အသုံးပြုနိုင်မည့် တန်ဖိုးတစ်ခု သူ့ထံတွင် ရှိနေရန် လိုအပ်ကြောင်း သူ ကောင်းစွာ သဘောပေါက်ထားပေသည်။

"ဟူလေး... မင်း ငါနဲ့ ကျူးအိမ်တော်ကို လိုက်ခဲ့..."

"ဟုတ်ကဲ့..."

"အစ်ကို... အစ်ကိုကျန်း..."

ကျူးချင်ချင်က ငြီးငွေ့စွာဖြင့် စောင်းကို တီးခတ်နေစဉ် ကျန်းချဲ့၏ ပုံရိပ်ကို ရုတ်တရက် လှမ်းမြင်လိုက်ရသဖြင့် အလျင်အမြန် အော်ခေါ်ကာ နောက်မှ လိုက်သွားခဲ့သည်။

"သခင်မလေးကျူး ဘာကိစ္စ ရှိလို့လဲ..."

ကျန်းချဲ့က လှည့်ကာ သူမကို ကြည့်လိုက်သည်။

"ဟို... ဘာမှတော့ မဟုတ်ပါဘူး... မနက်က အစ်ကို ဘာတွေ အလုပ်များနေတာလဲ... ကျွန်မ အစ်ကို့ကို လာရှာသေးတယ်..."

ကျူးချင်ချင်က စကားပြောရင်း အနည်းငယ် တုံ့ဆိုင်းသွားပြီး ကျန်းချဲ့၏ မျက်လုံးများကို တည့်တည့် မကြည့်ရဲပေ။

"ကိုယ်ပိုင်ကိစ္စလေး နည်းနည်း ရှိလို့ပါ..."

"ဪ..."

"သခင်မလေးကျူး ဘာကိစ္စမှ မရှိတော့ဘူးဆိုရင်... ကျွန်တော် စာကြည့်ဆောင်ကို သွားပြီး တပ်မှူးချုပ်ကို တွေ့လိုက်ဦးမယ်..."

ကျန်းချဲ့က ကျူးချင်ချင်နှင့် အချိန်အကြာကြီး စကားပြောနေရန် ဆန္ဒမရှိပေ။

"ကိစ္စရှိတယ်... အရင်က အစ်ကို ပြောဖူးတယ်မလား... ချင်းလင်မြစ်ရဲ့ ရှုခင်းက အရမ်းလှတယ်လို့လေ... ကျွန်မ ဒီရက်ပိုင်း အိမ်ထဲမှာပဲ နေရတာ အရမ်း ပျင်းနေလို့... အစ်ကို ကျွန်မကို လိုက်ပို့ပေးလို့ ရမလား... ဘာပဲဖြစ်ဖြစ် ဒါက အစ်ကို့ရဲ့ ဇာတိပဲလေ..."

ကျူးချင်ချင်က ရင်ဘတ်ကို ကော့ကာ မေးလိုက်သည်။

"ဒီရက်ပိုင်း ကျွန်တော် အရမ်း အလုပ်များနေလို့... အချိန် မရဘူး... သခင်မလေးကျူး သွားလည်ချင်တယ်ဆိုရင်... အစောင့်တချို့ ခေါ်သွားလို့ ရပါတယ်..."

"အစ်ကို..."

ကျူးချင်ချင်၏ မျက်နှာက ပြောင်းလဲသွားသည်။ ကျန်းချဲ့၏ ဆိုလိုရင်းကို သူမ သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။

ကျန်းချဲ့က သူမနှင့် ရင်းရင်းနှီးနှီး မနေချင်ကြောင်း သိသာထင်ရှားလှပေသည်။

"ကျွန်တော် သွားလိုက်ပါဦးမယ်..."

ကျန်းချဲ့က ပြုံးလိုက်ပြီး လှည့်ကာ ရွှီချန်ဟူကို ခေါ်၍ ထွက်သွားတော့သည်။

တဖြည်းဖြည်း ဝေးကွာသွားသော ကျန်းချဲ့၏ ကျောပြင်ကို ကြည့်ရင်း ကျူးချင်ချင်က ဒေါသတကြီးဖြင့် ခြေဆောင့်လိုက်သည်။

အရင်က သူမသည် ရုပ်ရည် သာမန်ဖြစ်ပြီး နောက်ခံအသိုင်းအဝိုင်းလည်း မရှိသော ကျန်းချဲ့ကို အထင်သေးခဲ့သည်။ သို့သော် ပြီးခဲ့သည့် အကြိမ် ဓားပြများ၏ ချုံခိုတိုက်ခိုက်မှုကို ခံရစဉ်က ကျန်းချဲ့က လုံးဝ ကြောက်ရွံ့တုန်လှုပ်ခြင်း မရှိဘဲ သူမ၏ အသက်ကိုပင် ကယ်တင်ပေးခဲ့သည်။

ဤအချက်က သူမ၏ အတွေးများကို ပြောင်းလဲသွားစေခဲ့သည်။

ကျန်းချဲ့က တကယ့် ယောက်ျားကောင်း တစ်ယောက်ဟု သူမ ထင်လာခဲ့ပြီး အားနည်းချက် အနည်းငယ် ရှိနေလျှင်တောင်မှ လက်ခံပေးနိုင်မည်ဟု တွေးခဲ့မိသည်။

ထို့အပြင် သူမ၏ မိသားစု နောက်ခံနှင့်ဆိုလျှင် ကျန်းချဲ့နှင့်သာ လက်ထပ်လိုက်ပါက တစ်ဖက်လူက သူမကို လုံးဝ အနိုင်ကျင့်ရဲမည် မဟုတ်ဘဲ အရာရာတိုင်းတွင် သူမ၏ သဘောဆန္ဒအတိုင်းသာ လိုက်လျောရမည် ဖြစ်သည်။ ထို့ကြောင့်သာ သူမက ဤကဲ့သို့ စိတ်ကူးယဉ်ခဲ့မိခြင်း ဖြစ်သည်။

ဒါပေမဲ့ အခုတော့...

သူမက အလကား အထင်ကြီးနေခဲ့ခြင်းသာ ဖြစ်ပုံရသည်။

ကျန်းချဲ့က သူမကို လုံးဝ စိတ်ဝင်စားပုံ မရသည့်အပြင် တမင်တကာပင် အကွာအဝေးကို ထိန်းသိမ်းထားရန် ကြိုးစားနေပေသည်။

ဤအချက်က ကျူးချင်ချင်ကို စိတ်ပျက်သွားစေသလို တစ်ဖက်တွင်လည်း မကျေမနပ် ဖြစ်သွားစေခဲ့သည်။

သူမက တပ်မှူးချုပ်ကျူး၏ သမီး၊ ကျူးမိသားစု၏ သခင်မလေးလေ... ငါးဖမ်းသမား တစ်ယောက်နဲ့တောင် မတန်ဘူးတဲ့လား...

"ဒီနေ့ ပထမဆုံး တာဝန်ထမ်းဆောင်ရတာ ဘယ်လိုနေလဲ..."

တပ်မှူးချုပ်ကျူးက စာကြည့်ဆောင်ထဲတွင် ထိုင်နေပြီး ကျန်းချဲ့ကို အပြုံးလေးဖြင့် ကြည့်ကာ မေးလိုက်သည်။

"နည်းနည်းတော့ အံ့ဩစရာ ကောင်းပေမဲ့... ငယ်သား ဖြေရှင်းနိုင်ခဲ့ပါတယ်..."

"အင်း..."

တပ်မှူးချုပ်ကျူးက အချိန်အနည်းငယ် စဉ်းစားလိုက်ပြီးနောက် အမှတ်တမဲ့ မေးလိုက်သည်။

"မနေ့ညက စားပွဲကနေ ငါ ထွက်သွားပြီးတဲ့နောက်... ရေကြောင်းကုန်သွယ်ရေးဂိုဏ်းက ခိုယွမ်ရှန်းနဲ့ မင်းနဲ့က တော်တော်လေး ရင်းနှီးသွားပြီး... စကားတွေ အများကြီး ပြောခဲ့ကြတယ်လို့ ကြားတယ်..."

"ငယ်သား အဲဒီကိစ္စကို တပ်မှူးချုပ်ဆီ အစီရင်ခံမလို့ပါပဲ..."

ကျန်းချဲ့က အလျင်အမြန် ပြန်ဖြေလိုက်သည်။

တပ်မှူးချုပ်ကျူးက လက်ကို ယမ်းလိုက်ပြီး ပြုံးကာ ပြောလိုက်သည်။

"မလောပါနဲ့... ငါက မင်းကို အပြစ်တင်ဖို့ မဟုတ်ပါဘူး... အမှတ်တမဲ့ မေးကြည့်ရုံပါ…”

All Chapters