အခန်း ၃၁
Vol. 4 Ch. 31
အခန်း (၃၁) ကောင်းကင်ယဇ်ပလ္လင်ကျောက်တိုင်၏ ဟာကွက်ကို အသုံးချခြင်း
တပ်မှူးချုပ်ကျူးက ထောက်ခံလိုက်ပြီ ဖြစ်သဖြင့် ကျန်းချဲ့အတွက် နောက်ကြောင်းပူစရာ မရှိတော့ပေ။ ရေကြောင်းကုန်သွယ်ရေးဂိုဏ်းကို ပြဿနာရှာရန် သူ စတင် ပြင်ဆင်တော့မည် ဖြစ်သည်။
သူက ရန်စဖူးသူတိုင်းကို ပြန်လည် ကလဲ့စားချေတတ်သော စရိုက်ရှိသူ တစ်ယောက် ဖြစ်သည်။ ဤသည်မှာ သူ၏ ပင်ကိုယ် သဘာဝပင် ဖြစ်ပေသည်။
သို့သော် ထိုကိစ္စကို မလုပ်ဆောင်မီ သူ၏ စွမ်းအားကို တိုးတက်စေရန် အသက်ကာကွယ်ရေး သိုင်းပညာ တစ်ခုကို အရင် လေ့ကျင့်ထားရန် လိုအပ်ပေသည်။
တပ်မှူးချုပ်ကျူးထံတွင် ရှိနေသော ခန္ဓာသန့်စင်ခြင်း ကျင့်စဉ်အတွက်မူ သူ အနည်းငယ် တွန့်ဆုတ်နေမိသည်။
အဘယ်ကြောင့်ဆိုသော် ၎င်းမှာ သာမန် ကျင့်စဉ်တစ်ခု မဟုတ်ဘဲ ကျူးမိသားစု၏ မျိုးရိုးအစဉ်အဆက် လက်ဆင့်ကမ်းလာသော ကျင့်စဉ်ဖြစ်နေသောကြောင့်ပင်။
ထိုကျင့်စဉ်ကို ရရှိရန်အတွက် သူ မည်မျှ ပေးဆပ်ရမည်နည်း...
ကျူးချင်ချင်ကို လက်ထပ်ပြီး ကျူးမိသားစု၏ အိမ်ခေါ်သမက်အဖြစ် ဝင်ရောက်ရမည်လား...
ဤသည်မှာ သူ၏ ရွေးချယ်မှုထဲတွင် လုံးဝ မပါဝင်ပေ။
ယခုအချိန်တွင် နွားရိုင်းအားအင်ကျင့်စဉ်က အတွင်းအားကို ဆက်လက် တိုးပွားလာစေနိုင်သေးသဖြင့် သူ လောနေရန် မလိုအပ်သေးပေ။
ဒီလောကကြီးထဲမှာ ကျူးမိသားစုဆီက ခန္ဓာသန့်စင်ခြင်း ကျင့်စဉ် တစ်ခုတည်း ရှိနေတာမှ မဟုတ်တာပဲ...
ညအချိန်။
အနောက်မြို့နယ်ရှိ လျိုအိမ်တော်။
ဤသည်မှာ လျိုကျစ် မကြာသေးမီကမှ ဝယ်ယူထားသော စံအိမ်ကြီး တစ်လုံး ဖြစ်သည်။ သူ ဤနေရာသို့ ပြောင်းရွှေ့လာရခြင်း ဖြစ်ပြီး အကြောင်းထူး မရှိပါက နောက်နှစ်အနည်းငယ် အထိ ပြောင်းရွှေ့ရမည် မဟုတ်ပေ။ ထို့ကြောင့် မိသားစုဝင်များကိုလည်း ယန်ဂူခရိုင်သို့ ခေါ်ဆောင်လာရန် ပြင်ဆင်ထားပြီး ဖြစ်သည်။
ထို့ကြောင့် သူ ဝယ်ယူထားသော အိမ်ကြီးမှာ လုံးဝ မသေးငယ်ပေ။
အဆောင်သုံးခု ပါဝင်သော အိမ်တော်ကြီး တစ်ခုဖြစ်ပြီး ကျူးအိမ်တော်လောက် မကြီးမားသော်လည်း ကိုယ်ပိုင် အလှအပလေးများ ရှိနေပေသည်။
အသစ် ငှားရမ်းထားသော အစေခံအချို့က ကျန်းချဲ့ကို ဧည့်ခန်းမဆောင်သို့ ခေါ်ဆောင်လာခဲ့သည်။ ထိုအချိန်တွင် လျိုကျစ်က အထက်ပိုင်းနေရာ၌ ထိုင်ကာ ရေနွေးကြမ်းကို အရသာခံ သောက်သုံးနေပြီး အလွန်တရာ အနားယူနေသည့်ပုံ ပေါက်နေပေသည်။ ခြေသံများကို ကြားလိုက်ရမှ သူ၏ မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။
"ထိုင်လေ..."
ကျန်းချဲ့က လက်ယှက်ကာ အရိုအသေပေးလိုက်ပြီးနောက် ညွှန်ပြသော နေရာတွင် ဝင်ထိုင်လိုက်သည်။
လျိုကျစ်က လက်ကို ဝှေ့ယမ်းကာ အစေခံများကို ထွက်သွားရန် အချက်ပြလိုက်ပြီးနောက် ပြုံးကာ ပြောလိုက်သည်။
"မင်း ရောက်လာတာ တကယ် အချိန်ကိုက်ပဲ... လာ... ဒီရေနွေးကြမ်းကို သောက်ကြည့်ပါဦး... ဒီတစ်ခွက်လေးကို အထင်မသေးနဲ့နော်... အပြင်မှာ ငွေတစ်လျန် ပေးရင်တောင် ဝယ်လို့ရမှာ မဟုတ်ဘူး..."
ကျန်းချဲ့၏ မျက်ခုံးများက အနည်းငယ် ပင့်တက်သွားပြီး အံ့ဩသွားခဲ့သည်။
လျိုကျစ်က ဤမျှ ဈေးကြီးသော ရေနွေးကြမ်းကို သောက်နိုင်သလား...
ထိုသို့ တွေးနေသော်လည်း ကျန်းချဲ့က မိမိဘာသာ ရေနွေးကြမ်း တစ်ခွက်ကို ငှဲ့ကာ နှုတ်ခမ်းဖျားတွင် တေ့ပြီး ဖြည်းညင်းစွာ အရသာခံ သောက်ကြည့်လိုက်သည်။
ခပ်သင်းသင်း ရေနွေးကြမ်း အရသာက ပါးစပ်ထဲမှတစ်ဆင့် လည်ချောင်းထဲသို့ ဝင်ရောက်သွားပြီးနောက် နွေးထွေးသော ရေစီးကြောင်းလေး တစ်ခုကဲ့သို့ တစ်ကိုယ်လုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားလေသည်။ ထိုအချိန်လေးမှာပင် သူ၏ ခန္ဓာကိုယ်ကြီးက ပေါ့ပါးသွားသကဲ့သို့ ခံစားလိုက်ရသဖြင့် မျက်လုံးများ အရောင်လက်သွားကာ မနေနိုင်ဘဲ ခေါင်းညိတ်၍ ပြောလိုက်သည်။
"တကယ်ကို ကောင်းတဲ့ ရေနွေးကြမ်းပဲ..."
"ဟားဟား... သေချာပေါက် ကောင်းတာပေါ့... ဒီရေနွေးကြမ်းက တောင်နက်ထဲက ချောက်ကမ်းပါးတွေမှာ ပေါက်တဲ့ ကြာပန်းရေနွေးကြမ်းလို့ ခေါ်တယ်... အရမ်း ရှားပါးတယ်... အထူးသဖြင့် သိုင်းသမားတွေ အတွက်ဆိုရင် အကျိုးကျေးဇူး အရမ်းများတယ်... သွေးချီစွမ်းအင်တွေ လှုပ်ရှားနေတာကို ဖိနှိပ်ပေးနိုင်တယ်..."
"ရေရှည် သောက်သုံးမယ် ဆိုရင်... ကိုယ်တွင်းက မမြင်ရတဲ့ ဒဏ်ရာတွေကိုတောင် ကုသပေးနိုင်တယ်..."
လျိုကျစ်က ရယ်မောကာ ကျန်းချဲ့ကို ရှင်းပြလိုက်သည်။
"တပ်မှူးက တကယ် အဆင့်အတန်း မြင့်တာပဲ..."
"ငါက ဘယ်လိုလုပ်ပြီး ဒီလောက်ကောင်းတဲ့ ရေနွေးကြမ်းကို သောက်နိုင်မှာလဲ... ဒါတွေက လွန်ခဲ့တဲ့ နှစ်နှစ်လောက်က မိတ်ဆွေတစ်ယောက်က ငါ့ကို အကူအညီ တောင်းရင်းနဲ့ ခက်ခက်ခဲခဲ ရှာပေးထားတာ... အခုဆိုရင် ကုန်သလောက်တောင် ဖြစ်နေပြီ..."
ကျန်းချဲ့က အကြည့်ကို အောက်ချလိုက်ပြီး ပြန်ပြောလိုက်သည်။
"တပ်မှူး သဘောကျတယ်ဆိုရင်... ငယ်သား နောက်ရက် နည်းနည်း ကြိုးစားပြီး... တပ်မှူးအတွက် ထပ်ရှာပေးပါ့မယ်..."
"မင်းက အရမ်း လည်လွန်းတယ်... ဒီည မင်းကို ဓားသိုင်းလာရွေးခိုင်းတာ မင်းဆီကနေ ကျေးဇူးပြန်ဆပ်ဖို့ မျှော်လင့်လို့ မဟုတ်ဘူး... မင်း အခုအခြေအနေနဲ့ဆို ဒီလောက် ဈေးကြီးတဲ့ ပစ္စည်းကို ဝယ်နိုင်မှာ မဟုတ်သေးပါဘူး..."
"အကယ်လို့ မင်း နောင်တစ်ချိန် အောင်မြင်လာတဲ့အခါ လာပေးမယ်ဆိုရင်တော့... ဒီတပ်မှူးအနေနဲ့ ဝမ်းသာအားရ လက်ခံပါ့မယ်..."
"ကောင်းပါပြီ... အကယ်လို့ ငယ်သားသာ နောင်တစ်ချိန်မှာ အောင်မြင်လာခဲ့ရင်... တပ်မှူးကို နေ့တိုင်း ကြာပန်းရေနွေးကြမ်း သောက်နိုင်အောင် လုပ်ပေးပါ့မယ်..."
လျိုကျစ်က တစ်စုံတစ်ခုကို အရိပ်အမြွက် ပြောနေခြင်း မဟုတ်ကြောင်း သိလိုက်ရသဖြင့် ကျန်းချဲ့ကလည်း နောက်ပြောင်ကာ ပြန်ပြောလိုက်သည်။
ရေနွေးကြမ်း တစ်အိုး ကုန်သွားပြီးနောက် စကားအပိုများ မပြောတော့ဘဲ လျိုကျစ်က စားပွဲပေါ်ရှိ အနက်ရောင် အဝတ်ထုပ်လေးကို ဖွင့်လိုက်သည်။ ထိုအဝတ်ထုပ်ထဲတွင် အထူအပါး မတူညီသော စာအုပ်များ အစီအရီ ထပ်ထားသည်ကို တွေ့လိုက်ရသည်။
"ဒါတွေက ဒီနှစ်တွေထဲမှာ ငါ စုဆောင်းထားခဲ့တဲ့ သိုင်းပညာ အမျိုးမျိုးပဲ... မင်း အရင် ကြည့်ကြည့်လိုက်... ဘယ်ဟာက မင်းနဲ့ သင့်တော်လဲဆိုတာ သေချာ ရွေးပြီး လေ့ကျင့်ဖို့ ယူသွားလိုက်..."
ကျန်းချဲ့က စာအုပ်များကို ကြည့်ကာ ခေါင်းညိတ်လိုက်ပြီး တစ်အုပ်ကို ကောက်ယူ၍ စတင် ဖတ်ရှုလိုက်သည်။
"တောင်ဖြိုလက်သီး..."
"ဒါက ငါ ငယ်ငယ်တုန်းက သိုင်းကျောင်းတစ်ခုကနေ ရခဲ့တာ..."
"လေခွင်းဓားသိုင်း..."
"ဒါကတော့ ငါ တပ်မှူးတစ်ယောက်နောက်ကနေ လိုက်ပြီး ဓားပြနှိမ်နင်းတုန်းက သိမ်းဆည်းရမိခဲ့တဲ့ သိုင်းကျမ်း တစ်အုပ်ပဲ..."
"ကျောက်မိသားစု ဓားသိုင်းကျမ်း..."
"ဒါကတော့..."
ကျန်းချဲ့ စာအုပ်တစ်အုပ်ကို ကောက်ကိုင်လိုက်တိုင်း လျိုကျစ်က ထိုသိုင်းကျမ်း၏ နောက်ခံသမိုင်းကြောင်းကို အသေးစိတ် ရှင်းပြပေးနေသည်။ ထိုထဲတွင် အပြည့်အစုံ ပါဝင်သော သိုင်းကျမ်းများ ရှိသလို အပိုင်းအစများလည်း ပါဝင်နေသဖြင့် ကျန်းချဲ့ကို မျက်စိလည်သွားစေသည်။ သို့သော် သူ၏ အာရုံကို ဖမ်းစားနိုင်သော သိုင်းကျမ်း တစ်အုပ်မျှ မပါဝင်ပေ။
အဘယ်ကြောင့်ဆိုသော် ဤဓားသိုင်းနှင့် သိုင်းကွက်များ၏ အမြင့်ဆုံး ရောက်ရှိနိုင်မည့် အဆင့်က သိပ်မမြင့်မားသောကြောင့် ဖြစ်သည်။
"ကြမ္မာသုံးပါး ထိတ်လန့်ဖွယ် ဓားသိုင်း..."
နောက်ဆုံး ဓားသိုင်းကျမ်းကို ကောက်ကိုင်လိုက်ချိန်တွင် ကျန်းချဲ့၏ အကြည့်များက အနည်းငယ် သံသယ ဝင်သွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဤဓားသိုင်းကျမ်းက အခြားသော သိုင်းကျမ်းများနှင့် မတူညီဘဲ... စာရွက်တစ်ရွက်တည်းသာ ရှိနေသောကြောင့်ပင်။
ထို့အပြင် ၎င်း၏ ဖွဲ့စည်းတည်ဆောက်ပုံကလည်း အခြားစာရွက်များနှင့် မတူညီပေ။
၎င်းမှာ ပုစဉ်းတောင်ပံကဲ့သို့ ပါးလွှာသော ငွေရောင်သတ္တုပြား တစ်ချပ် ဖြစ်နေပေသည်။
ထိုငွေရောင်သတ္တုပြားပေါ်တွင် မည်သည့် ရုပ်ပုံမျှ မပါဝင်ဘဲ သေးငယ်သော အက္ခရာများ သိပ်သည်းစွာ ရေးထိုးထားပေသည်။
"ဒီငွေရောင်သတ္တုပြားက တခြား ဓားသိုင်းကျမ်းတွေနဲ့ မတူဘူး... ငါ ငယ်ငယ်တုန်းက အထက်အရာရှိနဲ့ အတူတူ မိစ္ဆာဂိုဏ်းကို သွားရောက် နှိမ်နင်းတုန်းက... သွေးကန်ထဲကနေ ကောက်ရခဲ့တာ... အဲဒီနောက်ပိုင်း ငါ တိတ်တဆိတ် ဖွက်ထားခဲ့တာဆိုတော့ အခုဆို ငါနဲ့အတူ ရှိနေတာ ဆယ်နှစ်လောက်တောင် ရှိနေပြီ..."
"ဒီငွေရောင်သတ္တုပြားပေါ်မှာ ရေးထားတဲ့ ဓားသိုင်းက သာမန်မဟုတ်ဘူး ဆိုတာကို ငါ ခန့်မှန်းမိတယ်... အပိုင်းအစပဲ ဖြစ်နေရင်တောင်မှ တန်ဖိုးဖြတ်လို့ မရဘူး... ဒါပေမဲ့... ငါ နှစ်ပေါင်းများစွာ အပူတပြင်း လေ့ကျင့်ခဲ့ပေမဲ့ ဘာအဓိပ္ပာယ်မှ နားမလည်ခဲ့ဘူး... ဒါကြောင့် ငါ့ဆီမှာပဲ အလကား သိမ်းထားခဲ့ရတာ..."
ကျန်းချဲ့က ငွေရောင်သတ္တုပြားကို စူးစိုက်ကြည့်နေသည်ကို မြင်သောအခါ လျိုကျစ်က မနေနိုင်ဘဲ သက်ပြင်းချကာ ရှင်းပြလိုက်သည်။
ငွေရောင်သတ္တုပြားပေါ်တွင် ထွင်းထုထားသည်ဆိုကတည်းက ဤအရာမှာ ရတနာတစ်ခု ဖြစ်ကြောင်း မည်သူမဆို ခန့်မှန်းသိရှိနိုင်ပေသည်။
သို့သော် မည်မျှပင် တန်ဖိုးကြီးမားပါစေ အခြေခံကိုပင် နားမလည်နိုင်ပါက မည်သို့ အသုံးဝင်မည်နည်း။
ကျန်းချဲ့ကမူ ယခုအချိန်တွင် ဤဓားသိုင်း အပိုင်းအစကို လေ့ကျင့်ရန်အတွက် ကောင်းကင်ယဇ်ပလ္လင်ကျောက်တိုင်ကို အသုံးပြုသင့်မသင့် စဉ်းစားနေပေသည်။
လေ့ကျင့်ရန်မှာ သေချာပေါက် ပြဿနာ မရှိပေ။ ယဇ်ပူဇော်စရာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သရွေ့ မည်သည့်အရာကိုမဆို လုပ်ဆောင်နိုင်ပေသည်။
သို့သော် သူ စဉ်းစားနေသည်မှာ ဤအပိုင်းအစလေး တစ်ခုတည်းဖြင့် ကောင်းကင်ယဇ်ပလ္လင်ကျောက်တိုင်၏ ဟာကွက်ကို အသုံးချ၍ ရနိုင်မလား ဆိုသည်ကိုပင်။ ကောင်းကင်ယဇ်ပလ္လင်ကျောက်တိုင်၏ လစ်လပ်နေသော အပိုင်းများကို ဖြည့်ဆည်းပေးနိုင်သော စွမ်းအားဖြင့် တကယ့် ကြမ္မာသုံးပါး ထိတ်လန့်ဖွယ် ဓားသိုင်း အပြည့်အစုံကို သူ လေ့ကျင့်နိုင်မည်လား။
အကယ်၍ ရနိုင်မည်ဆိုပါက နောင်တစ်ချိန်တွင် အဆင့်မြင့် သိုင်းကျမ်းများနှင့် သိုင်းပညာ အပိုင်းအစများကိုသာ အထူးပြု ရှာဖွေနိုင်မည် ဖြစ်သည်။ သိပ်ကြီးမားသော တန်ဖိုးများကို ပေးဆပ်ရန်ပင် လိုအပ်မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သိုင်းပညာရှင်များအတွက် အပိုင်းအစနှင့် အပြည့်အစုံ ကြားရှိ တန်ဖိုးကွာဟချက်မှာ အလွန် ကြီးမားလှသောကြောင့်ပင်။
ကျန်းချဲ့၏ တွေးတောမှုမှာ အကြောင်းပြချက် မရှိဘဲ ပေါ်လာခြင်း မဟုတ်ပေ။
အမှန်တကယ်တော့ ဤအကြံအစည်က သူ့စိတ်ထဲတွင် အစောကတည်းက ရှိနေခဲ့ခြင်း ဖြစ်သည်။
အရင်က နွားရိုင်းအားအင်ကျင့်စဉ် အဆင့်ကြီးသို့ ရောက်ရှိသွားချိန်တွင် ယဇ်ပူဇော်ရာမှ ထွက်ပေါ်လာသော ထူးခြားသည့် ဖြစ်စဉ်များကို သူ ယခုအချိန်အထိ မှတ်မိနေဆဲ ဖြစ်သည်။ ထို့အပြင် သူ လေ့ကျင့်ထားသော နွားရိုင်းအားအင်ကျင့်စဉ်မှာလည်း သာမန်လူများနှင့် သိုင်းကျမ်းများတွင် မှတ်တမ်းတင်ထားသည်များနှင့် ကြီးမားသော ခြားနားချက်များ ရှိနေပေသည်။
သူ၏ ခန့်မှန်းချက်အရ ကောင်းကင်ယဇ်ပလ္လင်ကျောက်တိုင်က ယဇ်ပူဇော်နေစဉ်မှာပင် နွားရိုင်းအားအင်ကျင့်စဉ်၏ ဟာကွက်များကို ပြုပြင်ပေးခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
ထိုသို့ဆိုလျှင် ဤအပိုင်းအစကိုရော ဘာလို့ မရနိုင်ရမည်နည်း။
ယခုလက်ရှိ အချိန်တွင် အတွင်းအားဖြစ်တည်ခြင်းနောက်ပိုင်း ခန္ဓာသန့်စင်ခြင်း ကျင့်စဉ်က သူ့အတွက် ကြီးမားသော ပြဿနာတစ်ရပ် ဖြစ်နေပေသည်။ သို့သော် ဤကိစ္စသာ အောင်မြင်သွားပါက ထိုပြဿနာမှာ ချက်ချင်း ပြေလည်သွားမည် ဖြစ်ပြီး တပ်မှူးချုပ်ကျူး၏ မိသားစု မျိုးရိုးအစဉ်အဆက် လက်ဆင့်ကမ်းလာသော ခန္ဓာသန့်စင်ခြင်း ကျင့်စဉ်ကို သွားရောက် တောင်းဆိုနေရန်ပင် လိုအပ်တော့မည် မဟုတ်ပေ။
ခန္ဓာသန့်စင်ခြင်း ကျင့်စဉ် အပိုင်းအစ တစ်ခုကို ရှာတွေ့ရုံဖြင့် သူ ယဇ်ပူဇော်နိုင်မည် ဖြစ်သည်။
ဒါပေမဲ့... အဓိက ပြဿနာက... သူ့မှာ အမှားခံမယ့် အခွင့်အရေး မရှိတာပဲ...
ကောင်းကင်ယဇ်ပလ္လင်ကျောက်တိုင်က သူ့ထံသို့ ပေးပို့ထားသော သတင်းစကားက အလွန် ရှင်းလင်းလှပေသည်။
ပစ်မှတ်ထားသော ယဇ်ပူဇော်မှုကို မပြီးမြောက်ပါက သူသည် နောက်တစ်ကြိမ် ယဇ်ပူဇော်မှုကို ပြုလုပ်နိုင်တော့မည် မဟုတ်ပေ။
၎င်းမှာ သူ၏ ရွှေလက်ချောင်း လုံးဝ ပျက်စီးသွားသည်နှင့် အတူတူပင် ဖြစ်သည်။
လောင်းကြေးထပ်သင့်သလား...
ကျန်းချဲ့၏ မျက်နှာက လေးနက်သွားပြီး နက်နက်ရှိုင်းရှိုင်း စဉ်းစားနေပေသည်။
တစ်ဖက်တွင်က စမ်းသပ်မှု အောင်မြင်ပါက ရရှိလာမည့် ကြီးမားသော အကျိုးအမြတ် ဖြစ်ပြီး အခြားတစ်ဖက်တွင်က ခံစားရမည့် ကြီးလေးသော ဆိုးကျိုးများ ဖြစ်ပေသည်။
ရွေးချယ်ရ ခက်ခဲနေသလား...
မခက်ပါဘူး...
လုံးဝ မခက်ပါဘူး...
လောင်းကစားသမားတွေမှာ ဘယ်တော့မှ ကောင်းတဲ့ အဆုံးသတ် မရှိပါဘူး...
သူက ရွှေလက်ချောင်း ဆုံးရှုံးသွားမည့် အခြေအနေကို လုံးဝ လက်မခံနိုင်ပေ။
ကောင်းကင်ယဇ်ပလ္လင်ကျောက်တိုင် ရှိနေသရွေ့ သူက အေးအေးဆေးဆေးဖြင့် စွမ်းအားများကို တိုးမြှင့်နိုင်မည် ဖြစ်သည်။
စွန့်စားမှုက လုံးဝ မတန်ပေ။
လေကို ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး ကျန်းချဲ့က ငွေရောင်သတ္တုပြားကို အောက်ချလိုက်ကာ ရင်ထဲရှိ လောဘကို ဖိနှိပ်လိုက်သည်။
"မင်း ရင်ထဲမှာ ဘာတွေ တွေးနေတယ်ဆိုတာ ငါ သိတယ်... အရင်က ငါလိုပဲ မင်းလည်း စိတ်ဝင်စားနေတာ မဟုတ်လား... ငါ့ဆီကနေ တစ်အုပ်ပဲ ယူသွားရမှာကို စိုးရိမ်နေတာလား... ဟားဟားဟား... ဒီည မင်းကို ခေါ်လာတာက ရွေးချယ်ခိုင်းဖို့ မဟုတ်ဘူး... မင်းကို အကုန်ပေးဖို့ ခေါ်လာတာ..."
"ဒီဓားသိုင်းကျမ်းတွေ အကုန်လုံးကို မင်း ယူသွားလို့ ရပါတယ်..."
ကျန်းချဲ့ တွန့်ဆုတ်နေသည်ကို မြင်သောအခါ လျိုကျစ်က သူ၏ စိတ်ထဲရှိ အတွေးများကို ခန့်မှန်းမိသွားသကဲ့သို့ ပြောလိုက်သည်။
သူက ဤပစ္စည်းများကို သိမ်းထားလျှင်လည်း ဘာမှ အသုံးဝင်မည် မဟုတ်သဖြင့် ကျန်းချဲ့ကို ကျေးဇူးပြုရန်အတွက် ပေးလိုက်ခြင်း ဖြစ်သည်။
ဤသည်မှာ တကယ့်ကို ဆရာတပည့် ကျေးဇူးတရားပင် ဖြစ်ပေသည်။
"အင်း..."
ကျန်းချဲ့၏ မျက်လုံးများက ရုတ်တရက် အရောင်လက်သွားခဲ့သည်။
လျိုကျစ်၏ စကားက သူ့ကို သတိပေးလိုက်သကဲ့သို့ ဖြစ်သွားခဲ့သည်။ သူ မှားယွင်းသော အတွေးထဲသို့ ရောက်သွားခဲ့ခြင်း ဖြစ်ကြောင်း သိလိုက်ရသည်။
ဘာလို့ စွန့်စားရမှာလဲ...
လုံးဝ ရှောင်လွှဲလို့ ရနေတာပဲကို…