အခန်း ၃၅
Vol. 4 Ch. 35
အခန်း (၃၅) ယဇ်ပူဇော်ခြင်း... ကြမ္မာသုံးပါး ထိတ်လန့်ဖွယ် ဓားသိုင်း
ကျောက်စာတိုင်ပေါ်တွင် သွေးရောင်အလင်းများ တောက်ပလာခဲ့သည်။
မီးခိုးရောင် အလင်းတန်းတစ်ခု လျှပ်တစ်ပြက် ထွက်ပေါ်လာပြီး ကျောက်တိုင်ရှေ့တွင် ချထားသော ယဇ်ပူဇော်စရာ ပစ္စည်းများဆီသို့ တည့်တည့် တိုးဝင်သွားသည်။ အလင်းတန်း တစ်ချက် လက်သွားပြီးနောက် ဓားကျိုးများ၊ သွေးချီစွမ်းအင်ပါသော အရက်နှင့် လေဟုန်မြက်များမှာ အလင်းတန်းထဲ ရစ်ပတ်ခံရကာ ကျောက်တိုင်ထဲသို့ စုပ်ယူခြင်း ခံလိုက်ရသည်။
ထို့နောက် သူ၏ ခန္ဓာကိုယ်ထဲမှ သက်စောင့်စွမ်းအင်များကို အတင်းအကျပ် စုပ်ယူခြင်း ခံလိုက်ရပြန်သည်။
၎င်းမှာ သက်တမ်း ခြောက်လပင် ဖြစ်သည်။
ကောင်းကင်ယဇ်ပလ္လင်ကျောက်တိုင်ပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော အက္ခရာများက တောက်ပလိုက် မှေးမှိန်လိုက်နှင့် အသက်သုံးခါရှူချိန်ခန့် ကြာမြင့်သွားခဲ့သည်။ ဤတစ်ကြိမ်တွင်မူ အစိမ်းရောင် အလင်းတန်း တစ်ခုသာ ထွက်ပေါ်လာပြီး သူ၏ ဦးနှောက်ထဲသို့ တိုးဝင်သွားခဲ့သည်။
ဝေဝါးသော အသိစိတ်ထဲတွင်...
ကျန်းချဲ့မှာ အေးစက်သော လေတိုက်ခတ်မှုကို ခံစားလိုက်ရသည်။ သူ၏ အရှေ့ရှိ မြင်ကွင်းများမှာ ပြောင်းလဲသွားခဲ့ပြီး တည်းခိုခန်း အခန်းထဲမှ အရာများ ပျောက်ကွယ်သွားကာ အောက်ခြေမမြင်ရသော ချောက်ကမ်းပါးကြီးတစ်ခု၏ ထိပ်ဖျားသို့ ရောက်ရှိသွားသကဲ့သို့ ဖြစ်သွားခဲ့သည်။ လေအေးများက အဆက်မပြတ် တိုက်ခတ်နေသည်။
ဝေဝါးသော ပုံရိပ်တစ်ခုက သူ၏ ရှေ့တွင် ထွက်ပေါ်လာသည်။
ထိုပုံရိပ်က လေခွင်းဓားသိုင်းကို ဓားကွက် တစ်ကွက်ချင်းစီဖြင့် စနစ်တကျ ပြသနေသည်။ အခြေခံမှစ၍ ကျွမ်းကျင်လိမ္မာသည့် အဆင့်အထိ ဖြစ်သည်။ လောကကြီးထဲတွင် သူနှင့် ထိုပုံရိပ်နှစ်ခုသာ ရှိတော့သည်။ တစ်ဖက်လူ လေ့ကျင့်နေသော သိုင်းကွက်တိုင်းက သူ၏ အသိစိတ်ကို အချိန်ပြည့် လွှမ်းမိုးနေသည်။
ပိုင်းချခြင်း၊ လှည့်ပတ်ခြင်း၊ တံမြက်လှည်းသလို ခုတ်ချခြင်း၊ ပိုင်းဖြတ်ခြင်း၊ ထိုးစိုက်ခြင်း...
ပုံရိပ်၏ လှုပ်ရှားမှုများက ပို၍ ပို၍ မြန်ဆန်လာသလို သူနှင့်လည်း ပိုမို နီးကပ်လာခဲ့သည်။ နောက်ဆုံးတွင်မူ ယခင် နွားရိုင်းအားအင်ကျင့်စဉ် အဆင့်ကြီးကို ပူဇော်စဉ်ကကဲ့သို့ပင် ထိုပုံရိပ်မှာ သူနှင့် လုံးဝ ပေါင်းစပ်သွားခဲ့တော့သည်။
ကျန်းချဲ့က မျက်လုံးများကို မှိတ်ထားလိုက်ရာ သူ၏ မျက်နှာပေါ်သို့ လေအေးများ တိုက်ခတ်နေသလိုပင်။ ထိုလေတိုက်ချက်များမှာ ဓားသွားများဖြင့် ဖြတ်တောက်နေသကဲ့သို့ ခံစားရပြီး လေခွင်းဓားသိုင်းအပေါ် သူ၏ နားလည်သဘောပေါက်မှုမှာလည်း တဖြည်းဖြည်း ကြည်လင်လာခဲ့သည်။
မျက်လုံးများကို ဖွင့်လိုက်သောအခါ ကျန်းချဲ့၏ မျက်ဝန်းအောက်ခြေတွင် အရောင်လက်သွားခဲ့သည်။ သူက ရုတ်တရက် ခုန်ထလိုက်ပြီး ကုတင်ဘေးတွင် ချိတ်ထားသော သာမန် ဓားရှည်တစ်လက်ကို ဆွဲထုတ်လိုက်ကာ အရှေ့ဘက်သို့ ဓားဖြင့် ခုတ်ပိုင်းလိုက်သည်။
အခြေခံ ခိုင်မာပြီး ဓားသွားမှာ လွန်စွာ ထက်မြက်လှသည်။
ကျန်းချဲ့မှာ ပထမဆုံးအကြိမ် ဓားသိုင်းလေ့ကျင့်နေသည့် လူငယ်တစ်ယောက်နှင့် လုံးဝ မတူတော့ဘဲ နှစ်ပေါင်းများစွာ သိုင်းလေ့ကျင့်လာခဲ့သော ပညာရှင် တစ်ယောက်ကဲ့သို့ ဖြစ်နေသည်။ တစ်ကြိမ် ယဇ်ပူဇော်လိုက်ရုံဖြင့် သာမန်လူတို့ နှစ်ပေါင်းများစွာ လေ့ကျင့်မှ ရနိုင်မည့် အကျိုးကျေးဇူးကို ရရှိသွားခဲ့ခြင်း ဖြစ်သည်။
ယခုအခါ သူ၏ အသက်ကာကွယ်ရေး စွမ်းအားမှာ အဆပေါင်းများစွာ မြင့်တက်သွားခဲ့ပြီ ဖြစ်သည်။
အထူးသဖြင့် အတွင်းအားများကို ဓားကိုင်ထားသော လက်မောင်းထဲသို့ စီးဆင်းစေလိုက်သောအခါ သူ၏ ဓားထုတ်သည့် အမြန်နှုန်းနှင့် ဓားခုတ်သည့် အားအင်မှာ ကြီးမားစွာ တိုးတက်သွားခဲ့သည်။ တန်ယန်နှင့်သာ နောက်တစ်ကြိမ် ထပ်မံ ယှဉ်ပြိုင် တိုက်ခိုက်ရမည်ဆိုပါက အသက်သုံးခါရှူချိန်ပင် မကြာဘဲ တစ်ဖက်လူ သေချာပေါက် ရှုံးနိမ့်သွားလိမ့်မည်ဟု သူ ယုံကြည်ထားသည်။
ထိုနေ့က လမ်းခုလတ်တွင် သူတို့ကို လာရောက် ချုံခိုတိုက်ခိုက်ခဲ့သော ဝေါ့ဟူတောင်မှ ဆုန့်ကျိနှင့် တွေ့ဆုံပါကလည်း ယခုလက်ရှိ သူ၏ စွမ်းအားဖြင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်း ရှိနေပြီ ဖြစ်သည်။ အရင်ကလို လက်သီးနှစ်ချက်တည်းဖြင့် မြေကြီးပေါ် လဲကျသွားပြီး လုံးဝ အောက်စီးမှ နေရမည့် အခြေအနေမျိုး ကြုံတွေ့ရတော့မည် မဟုတ်ပေ။
လေခွင်းဓားသိုင်း၏ စွမ်းအားကို စမ်းသပ်ကြည့်ပြီးနောက် ကျန်းချဲ့ အလွန် ကျေနပ်နေမိသည်။ ထို့နောက် စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပြီး သူ၏ ပန်းတိုင်ဖြစ်သော ကြမ္မာသုံးပါး ထိတ်လန့်ဖွယ် ဓားသိုင်း အပေါ်သို့ အာရုံစိုက်လိုက်သည်။
ယဇ်ပူဇော်မှုကို ပြီးမြောက်အောင် လုပ်ဆောင်ပြီးနောက် သူ အချက်တစ်ချက်ကို သေချာပေါက် အတည်ပြုနိုင်ခဲ့သည်။
ထိုအချက်မှာ သိုင်းကျမ်း အပိုင်းအစများ၏ ပျက်စီးမှုမှာ လေးပုံသုံးပုံထက် မကျော်လွန်သရွေ့ ကောင်းကင်ယဇ်ပလ္လင်ကျောက်တိုင်က ထိုလစ်လပ်နေသော အပိုင်းများကို အတင်းအကျပ် ဖြည့်ဆည်းပေးနိုင်ပြီး ဆက်လက် ယဇ်ပူဇော်နိုင်သည် ဆိုသည့် အချက်ပင် ဖြစ်သည်။
ထို့ကြောင့် စမ်းသပ်မှု ပြီးဆုံးသွားပြီ ဖြစ်သည်။
သူသည် ကြမ္မာသုံးပါး ထိတ်လန့်ဖွယ် ဓားသိုင်းကို အမှန်တကယ် လေ့ကျင့်ရတော့မည် ဖြစ်သည်။
ထိုငွေရောင်သတ္တုပြားကို ကျန်းချဲ့က ရင်ခွင်ထဲတွင် လုံခြုံစွာ သိမ်းထားခဲ့သည်။ ယခုအခါ လေးနက်သော အမူအရာဖြင့် လက်ထဲတွင် ကိုင်ကာ တစ်လုံးချင်းစီ ဖတ်ရှုလိုက်သည်။
အပေါ်တွင် မည်သည့် ရုပ်ပုံမျှ မပါဝင်ဘဲ သေးငယ်သော အက္ခရာများသာ စီရီစွာ ထွင်းထုထားသည်။ ဓားကွက် သို့မဟုတ် ဓားသိုင်းအကြောင်း ရေးသားထားခြင်း မရှိဘဲ လူကို ဒုစရိုက်လမ်းသို့ ဦးတည်စေမည့် မိစ္ဆာကျမ်းစာတစ်စောင်နှင့် ပိုမို ဆင်တူနေသည်။
အချိန်အနည်းငယ် ကြာပြီးနောက် ကျန်းချဲ့က ငွေရောင်သတ္တုပြားကို ပြန်ချထားလိုက်ပြီး မျက်လုံးများကို မှိတ်လိုက်သည်။
【ပူဇော်မည့် ရည်မှန်းချက် - ကြမ္မာသုံးပါး ထိတ်လန့်ဖွယ် ဓားသိုင်း အခြေခံ အဆင့်။】
ပူဇော်မှု လေးကြိမ် ပြုလုပ်ပြီးသွားပြီ ဖြစ်သော ကျန်းချဲ့ နားလည်ထားသည်မှာ ရည်မှန်းချက် ပိုမို ခက်ခဲလေ၊ ပေးဆပ်ရမည့် ယဇ်ပူဇော်စရာ တန်ဖိုးမှာ ပိုမို ကြောက်မက်ဖွယ် ကောင်းပြီး တင်းကျပ်လေ ဖြစ်သည်။
လျိုကျစ်က နှစ်ပေါင်းများစွာ လေ့ကျင့်သော်လည်း အခြေခံပင် မရခဲ့ခြင်းက ကြမ္မာသုံးပါး ထိတ်လန့်ဖွယ် ဓားသိုင်း၏ ကြောက်မက်ဖွယ် ကောင်းမှုနှင့် လေ့ကျင့်ရန် ခက်ခဲမှုကို ပြသနေသည်။ ဤသိုင်းကျင့်စဉ်၏ အမြင့်ဆုံး အဆင့်မှာ သာမန်လူတို့ လေ့ကျင့်နိုင်မည့် အတိုင်းအတာထက် သေချာပေါက် သာလွန်နေသည်။
ထို့ကြောင့် ကျန်းချဲ့က ကြမ္မာသုံးပါး ထိတ်လန့်ဖွယ် ဓားသိုင်းအပေါ် လေခွင်းဓားသိုင်းကို ဆက်ဆံသကဲ့သို့ အဆင့်ငယ် ဟု တိုက်ရိုက် မသတ်မှတ်ရဲပေ။
တစ်ချိန်ချိန်တွင် ရည်မှန်းချက် မြင့်မားသွားပြီး ပေးဆပ်ရမည့် တန်ဖိုးများ ပေးမနိုင်ပါက အချိန်ကုန်ဆုံးသွားမည်ကို သူ စိုးရိမ်မိသည်။ အကယ်၍ အခြေခံ အဆင့် ဟုသာ သတ်မှတ်ပါက သူ လုပ်ဆောင်နိုင်မည့် အခွင့်အရေး ရှိနိုင်သေးသည်။
ကောင်းကင်ယဇ်ပလ္လင်ကျောက်တိုင်ပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော သွေးရောင် အက္ခရာများ တောက်ပလာပြီး အသက်ဆယ်ခါရှူချိန်ခန့် ကြာမြင့်သွားပြီးနောက်မှ အက္ခရာ အသစ်တစ်ခု ထွက်ပေါ်လာခဲ့သည်။
【ပေးဆပ်ရမည့် တန်ဖိုး - အတွင်းအားဖြစ်တည်ခြင်း အဆင့် ရောက်ရှိနေသော သိုင်းသမား သုံးယောက်၏ နှလုံးသွေး တစ်ဆယ်စက်စီ၊ ယင်ရှာမိစ္ဆာစွမ်းအင် ဆယ်မျှင်၊ အလောင်းသွေးမှို တစ်ပွင့်၊ သက်တမ်း နှစ်နှစ် လျော့ကျမည်... ပူဇော်မည်လား။】
ကောင်းကင်ယဇ်ပလ္လင်ကျောက်တိုင်က တန်ဖိုးကို ထုတ်ပြလာသော်လည်း ကျန်းချဲ့မှာမူ မျက်မှောင် အလွန် ကျုံ့သွားခဲ့သည်။
ဤပူဇော်စရာ ပစ္စည်းများမှာ မည်သည့်အရာမျှ လွယ်ကူစွာ ရနိုင်မည့် အရာများ မဟုတ်ပေ။
အတွင်းအားဖြစ်တည်ခြင်း အဆင့် သိုင်းသမား သုံးယောက်၏ နှလုံးသွေး ဆိုသည်မှာ သူ အနည်းဆုံး သိုင်းသမား သုံးယောက်ကို သတ်ဖြတ်ရမည် ဆိုသည့် အဓိပ္ပာယ်ပင်။
ယင်ရှာမိစ္ဆာစွမ်းအင်ကို ရှာဖွေရန်မှာလည်း ခက်ခဲပေသည်။ အရင်ဆုံး မိစ္ဆာစွမ်းအင် ကိန်းအောင်းနေသည့် နေရာကို ရှာရမည်။ သို့သော် ထိုနေရာက ဘယ်မှာ ရှိသနည်း။
အလောင်းသွေးမှို ဆိုသည်မှာ သူ တစ်ခါမှပင် မကြားဖူးပေ။
ထို့အပြင် သက်တမ်း နှစ်နှစ် လျော့ကျမည်... ဤသည်မှာ အခြေခံ အဆင့် သာ ရှိသေးသည်။
သူ လေ့ကျင့်ခဲ့သော နွားရိုင်းအားအင်ကျင့်စဉ်၊ လေခွင်းဓားသိုင်း အစရှိသည်တို့မှာ အဆင့်ငယ် အထိ လေ့ကျင့်လျှင်တောင်မှ သက်တမ်း ခြောက်လသာ လျော့ကျခဲ့သည်။
သက်တမ်း နှစ်နှစ် ဆိုသည်မှာ မည်သည့် အဓိပ္ပာယ်နည်း။ ၎င်းမှာ နောက်ထပ် အနည်းငယ် ပေါင်းထည့်လိုက်ပါက နှစ်နှစ်ခွဲပင် ဖြစ်သွားတော့မည်။
အဆင့်မြင့် ကျင့်စဉ်များသည် အလွယ်တကူ လေ့ကျင့်၍ မရနိုင်သည်မှာ အမှန်ပင် ဖြစ်သည်။ နှိုင်းယှဉ်ကြည့်မည်ဆိုပါက အတွင်းအားဖြစ်တည်ခြင်း အဆင့် သိုင်းသမား သုံးယောက်ကို သတ်ဖြတ်ခြင်းမှာ ပို၍ လွယ်ကူနေသေးသည်။
"အလောင်းသွေးမှို..."
မြောင်ချွန်း ဆေးဆိုင်အတွင်း၌ ဆံပင်ဖြူဖြူနှင့် ဂွမ်းအင်္ကျီ ဝတ်ထားသော အဘိုးအိုက မျက်လုံးကို မှေးကျဉ်းကာ ကျန်းချဲ့ကို အကဲခတ်လိုက်သည်။ အချိန်အနည်းငယ် စဉ်းစားပြီးနောက် ခေါင်းကို ဖြည်းညင်းစွာ ယမ်းလိုက်ပြီး...
"ဒါက ဖြောင့်မတ်တဲ့ လမ်းစဉ်က ပစ္စည်း မဟုတ်ဘူး... ဒီအဘိုးကြီးဆီမှာ မရှိဘူး..." ဟု ပြောလိုက်သည်။
"ဒါဆိုရင် ဆရာကြီးဟူက ဘယ်နေရာမှာ ရှိနိုင်မလဲ ဆိုတာ သိသလား..."
ကျန်းချဲ့က စိတ်မလျှော့သေးဘဲ ဆက်မေးလိုက်သည်။ ယမန်နေ့ညက ယဇ်ပူဇော်မှုအတွက် ပေးဆပ်ရမည့် တန်ဖိုးကို သိလိုက်ရပြီးကတည်းက ကျန်းချဲ့က အချိန်မဆိုင်းဘဲ ယနေ့မနက် နိုးနိုးချင်းမှာပင် အနီးနားရှိ ဆေးဆိုင်သို့ သွားရောက် မေးမြန်းနေခြင်း ဖြစ်သည်။
"ဒီကိစ္စက..."
ဆရာကြီးဟူမှာ ကျန်းချဲ့၏ အရာရှိဝတ်စုံကို အနည်းငယ် ကြောက်ရွံ့နေသဖြင့် တိုတိုပြော၍ ပယ်ချလိုသော်လည်း တစ်ဖက်လူ၏ နက်ရှိုင်းသော အကြည့်များကို မြင်လိုက်ရသောအခါ ပြဿနာ မရှာလိုသည့်အတွက် အလောင်းသွေးမှို၏ နောက်ခံကို ရှင်းပြလိုက်သည်။
၎င်းမှာ ရတနာအဆင့် ဆေးဖက်ဝင် ကျောက်စိမ်းနှင်းမှို၏ မျိုးကွဲ တစ်မျိုး ဖြစ်သည်။ ပေါက်ရောက်ရန် အလွန် တင်းကျပ်သော အခြေအနေများ လိုအပ်ပြီး သွေးသားစွမ်းအင်များ ပြည့်ဝနေသော အလောင်းများပေါ်တွင်သာ ပေါက်ရောက်နိုင်သည်။ အနည်းဆုံး တစ်နှစ်ကြာ စိုက်ပျိုးမှသာ ရရှိနိုင်သည်။ များသောအားဖြင့် မိစ္ဆာဂိုဏ်းများကသာ ပိုင်ဆိုင်လေ့ရှိကြသဖြင့် ဈေးကွက်ထဲတွင် အလွန် ရှားပါးလှသည်။
"တစ်နှစ်..."
ဆရာကြီးဟူ၏ စကားက ကျန်းချဲ့အား ကိုယ်တိုင် စိုက်ပျိုးရန် အကြံအစည်ကို ပယ်ဖျက်လိုက်စေသည်။ သူ အဲဒီလောက် အချိန်အကြာကြီး လုံးဝ စောင့်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် သူ မျက်မှောင်ကြုတ်ကာ ထပ်မေးလိုက်သော်လည်း တစ်ဖက်လူက ခေါင်းခါပြလိုက်သည်။
သူ တကယ်ကို မသိခြင်း ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက တစ်ကြိမ်သာ မြင်ဖူးခြင်း ဖြစ်သည်။
ကျန်းချဲ့က အနည်းငယ် စိတ်ပျက်သွားကာ အရိုအသေပေး၍ နှုတ်ဆက် ထွက်လာခဲ့သည်။
အလောင်းသွေးမှိုမှာ မိစ္ဆာဂိုဏ်းများတွင်သာ ရှိတတ်သည်ဆိုလျှင် ထိုလမ်းကြောင်းမှတစ်ဆင့် ရှာဖွေနိုင်ပေသည်။ သိုင်းလောကတွင် လျင်မြန်စွာ တိုးတက်နိုင်သည့် မိစ္ဆာဂိုဏ်း ကျင့်စဉ်များကို လေ့ကျင့်သူများစွာ ရှိနေပေသည်။ သူ ရှာမတွေ့နိုင်ဘူးလို့ မယုံကြည်ပေ။
"တပ်မှူး..."
မြောင်ချွန်း ဆေးဆိုင် တံခါးပေါက်မှ ထွက်လာသည်နှင့် ကန်းတာပြောင်က သူ့ကို လာကြိုနေသည်။
"ဘာကိစ္စလဲ..."
"ရေကြောင်းကုန်သွယ်ရေးဂိုဏ်းက လူတွေက စာပို့လာပါတယ်... တပ်မှူးကို ကိုယ်တိုင် ဖတ်ခိုင်းဖို့ ပြောပါတယ်..."
"ဖွင့်လိုက်..."
"ဟုတ်ကဲ့..."
ကန်းတာပြောင်က အမိန့်အတိုင်း လုပ်ဆောင်လိုက်ပြီး စာအိတ်ထဲမှ စာရွက်ကို ဖြန့်ကာ အမြန် ဖတ်လိုက်သည်။
"အပေါ်မှာ ဘာတွေ ရေးထားလဲ..."
"ခိုယွမ်ရှန်းက တပ်မှူးကို မေးထားပါတယ်... တပ်မှူးချုပ်ကျူးနဲ့ ဘယ်တော့လောက် တွေ့လို့ရမလဲ တဲ့... သူ အနည်းငယ် စိတ်ရှည်မှု မရှိတော့တဲ့ ပုံစံမျိုးပါ..."
ကန်းတာပြောင်က လက်ယှက်ကာ စာရွက်ကို ကျန်းချဲ့ထံ ပို့ပေးလိုက်သည်။
ကျန်းချဲ့က တစ်ချက် ကြည့်လိုက်ပြီးနောက် စာရွက်ကို လုံးချေကာ ရေမြောင်းထဲသို့ ပစ်ချလိုက်ပြီး တည်ငြိမ်စွာပင် အမိန့်ပေးလိုက်သည်။
"ကန်းတာပြောင်၊ ပြန်သွားပြီး လူနည်းနည်း ခေါ်ခဲ့... ရက်အတော်ကြာ အနားယူထားတာဆိုတော့ ငွေလေးဘာလေး သွားရှာကြတာပေါ့…”