အခန်း ၃၆
Vol. 4 Ch. 36
အခန်း (၃၆) ငါးစော်နံတဲ့ကောင်
ရေကြောင်းကုန်သွယ်ရေးဂိုဏ်းထဲက ဘယ်သူများ သူ့ကို လုပ်ကြံချင်နေသလဲဆိုတာ ယခုအချိန်အထိ ကျန်းချဲ့ တိတိကျကျ စုံစမ်းလို့ မရသေးပေ။ သို့သော်လည်း သူ သံသယရှိသည့် ပစ်မှတ်ကိုတော့ အကြမ်းဖျင်း သတ်မှတ်ထားပြီး ဖြစ်သည်။
ယခင် ခန္ဓာကိုယ်ပိုင်ရှင်၏ မှတ်ဉာဏ်များအရ သူ၏ လူမှုဆက်ဆံရေးနယ်ပယ်မှာ အလွန် ကျဉ်းမြောင်းလွန်းလှသည်။
ရေကြောင်းကုန်သွယ်ရေးဂိုဏ်းအတွင်း သူနှင့် ပတ်သက်ဖူးပြီး အာဏာအနည်းငယ် ရှိသူဆို၍ တစ်ယောက်တည်းသာ ရှိပေသည်။ ထိုသူမှာ ရေကြောင်းကုန်သွယ်ရေးဂိုဏ်း၊ ရေနက်ဂိုဏ်းခွဲမှူး၏ ယောက်ဖဖြစ်သူ ဝမ်ချန်အန်း ပင် ဖြစ်သည်။
ထိုလူယုတ်မာက ခွေးက လူကို အားကိုးသကဲ့သို့ ဂိုဏ်း၏ အရှိန်အဝါကို အသုံးချကာ ငါးများကို ဈေးနှိမ်ဝယ်ပြီး ဈေးတင်ရောင်းလေ့ရှိသည်။ ထို့ကြောင့် ချင်းလင်မြစ်ကို မှီခိုနေရသော ငါးဖမ်းသမားများစွာမှာ အလွန် ဆင်းရဲဒုက္ခ ရောက်ခဲ့ရသည်။ ထို့အပြင် ကျန်းချဲ့ကိုလည်း အရင်က ပြင်းပြင်းထန်ထန် ရိုက်နှက်ဖူးသေးသည်။
ဤလူမှလွဲ၍ သူ့ကို အငြိုးထားကာ ဒုက္ခပေးချင်မည့်သူ အခြား မည်သူရှိမည်ကို ကျန်းချဲ့ တကယ် စဉ်းစား၍ မရပေ။
ထို့ကြောင့် ယခုတစ်ကြိမ် ကျန်းချဲ့၏ ပစ်မှတ်မှာ ထိုသူပင် ဖြစ်ပေသည်။
ယခင်က ကျန်းချဲ့ တည်ဆောက်ထားခဲ့သော ပြတ်သားလှသည့် အာဏာစက်ကြောင့်လည်းကောင်း၊ လျိုကျစ်က လွတ်လပ်စွာ လုပ်ကိုင်ခွင့် ပေးထားသောကြောင့်လည်းကောင်း အနောက်မြို့နယ် စစ်စခန်းတစ်ခုလုံးတွင် သူ၏ အမိန့်ကို မည်သူကမျှ မဆန့်ကျင်ရဲကြပေ။
အမိန့်တစ်ချက် ပေးလိုက်သည်နှင့် အနောက်မြို့နယ်ရှိ အင်အား တစ်ဝက်ခန့်ကို ချက်ချင်း စုဆောင်းနိုင်ခဲ့ပြီး စစ်သည် ငါးဆယ်ကျော်ခန့်က အနောက်မြို့နယ် ဆိပ်ကမ်းဆီသို့ တခဲနက် ချီတက်သွားကြသည်။
'ပြဿနာရှာမယ်ဆိုမှတော့... အကြီးကြီးသာ ရှာလိုက်ရတာပေါ့...'
တပ်မှူးချုပ်ကျူးထံမှ သူ တောင်းဆိုထားသော အခွင့်အရေးမှာ ယန်ဂူခရိုင် တစ်ခုလုံး၏ အခြေအနေကို ရှုပ်ထွေးသွားစေရန်ပင် ဖြစ်သည်။ ထိုသို့ ရှုပ်ထွေးမှသာ သူ အခွင့်အရေး ရမည် မဟုတ်ပါလား။ ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း စွမ်းအင်များ စုဆောင်းကာ ယဇ်ပူဇော်မှု နှစ်ကြိမ်တိုင်တိုင် ပြုလုပ်ပြီးနောက် ယခုလို လှုပ်ရှားလိုက်ခြင်းက တုန်လှုပ်မှု အနည်းငယ်တော့ ဖြစ်စေသင့်ပေသည်။
ချင်းလင်မြစ်နှင့် ကပ်လျက်ရှိသော ဆိပ်ကမ်းတစ်ခု ဖြစ်သောကြောင့် အနောက်မြို့နယ်မှာ ယန်ဂူခရိုင် တစ်ခုလုံးတွင် အစည်ကားဆုံး နေရာတစ်ခု ဖြစ်ပေသည်။ ရေကြောင်းကုန်သွယ်ရေးဂိုဏ်းကလည်း ရေကြောင်းလမ်းကို အသုံးပြုကာ ဆယ်နှစ်ကျော် ကာလအတွင်း အလျင်အမြန် ကြီးပွားလာခဲ့ပြီး ယန်ဂူခရိုင် သိုင်းလောက၏ ပြိုင်ဘက်ကင်း အင်အားစုကြီး တစ်ခု ဖြစ်လာခဲ့သည်။
ယခုအချိန်တွင်...
ဆိပ်ကမ်း၌ အလုပ်သမားများမှာ အလုပ်များနေကြသည်။ ကုန်ထမ်းသမား အများအပြားက သင်္ဘောပေါ်မှ ဂုန်နီအိတ်များကို ပခုံးပေါ်တင်ကာ ကုန်းပေါ်သို့ သယ်ဆောင်နေကြသည်။ လူအုပ်ကြီးကြားတွင် ဝမ်ချန်အန်းက ကုလားထိုင်ပေါ်၌ ပျင်းရိစွာ မှီထိုင်နေပေသည်။
သူ့ခြေထောက်ကို လူတစ်ယောက်က နှိပ်နယ်ပေးနေပြီး သူကတော့ ပန်းကန်ထဲမှ တို့ဟူးတုံးများကို ယူကာ ဆူပူနေသော ရေနွေးအိုးထဲသို့ ထည့်၍ အရသာခံ စားသောက်နေပေသည်။
ပါးစပ်မှလည်း သီချင်းလေး ညည်းကာ အလွန်တရာ ဇိမ်ကျနေပုံ ရပေသည်။
"အစောင့်မှူးဝမ်... အစောင့်မှူးဝမ်..."
ကြမ်းတမ်းသော အဝတ်အစားများကို ဝတ်ဆင်ထားသည့် လူလတ်ပိုင်း တစ်ယောက်က ပြုံးဖြီးဖြီး မျက်နှာပေးဖြင့် ဝမ်ချန်အန်း၏ အနီးသို့ ပြေးလာပြီး ခေါ်လိုက်သည်။
"ဘာတွေ အလောတကြီး ဖြစ်နေတာလဲ... မင်းအဖေ သေသွားလို့လား..."
"ဟီးဟီး... ကျွန်တော့်အဖေ သေသွားတာ ကြာပါပြီ... အစောင့်မှူးဝမ် အရင်က ခိုင်းထားတဲ့ ကိစ္စကို ကျွန်တော် သေချာ စုံစမ်းပြီးသွားလို့ပါ..."
ထိုလူက ဒေါသထွက်ခြင်း မရှိဘဲ မျက်နှာချိုသွေးကာ ဆက်ပြောလိုက်သည်။
"ပြောလေ..."
ထိုစကားကို ကြားလိုက်ရသောအခါ ဝမ်ချန်အန်း၏ အကြည့်များက လျင်မြန်စွာ ပြောင်းလဲသွားပြီး ခန္ဓာကိုယ်ကို မတ်လိုက်သည်။
"ဘာဖြစ်လဲဆိုတာ ခန့်မှန်းကြည့်ပါဦး... အခုမှ ရာထူးတက်လာတဲ့ အနောက်မြို့နယ်က ဒုတိယတပ်မှူးဆိုတာ... အရင်က ငါးဖမ်းတဲ့ ကျန်းချဲ့ ဆိုတဲ့ ကောင်ပဲတဲ့ဗျ... လခွီး... ဘယ်လိုလုပ်ပြီး ရုတ်တရက်ကြီး အရာရှိ ဖြစ်သွားရတာလဲ... ဒီလောကကြီးက တကယ် တရားမျှတမှု မရှိဘူး..."
ထိုလူက မကျေမနပ်ဖြင့် ညည်းတွားလိုက်သော်လည်း ဝမ်ချန်အန်း၏ မျက်နှာက ရုတ်တရက် မည်းမှောင်သွားသည်ကို သူ သတိမထားမိပေ။ ဝမ်ချန်အန်းက ထိုလူကို အတင်းဆွဲကာ မေးလိုက်သည်။
"မင်း ကိုယ်တိုင် မျက်မြင်တွေ့ခဲ့တာလား..."
အစပိုင်းတွင် ကျန်းချဲ့ ရာထူးတက်လာသည်ကို သူ ဂရုမစိုက်ခဲ့ပေ။ သို့သော် နောက်ပိုင်းတွင် ထိုလူ၏ နာမည်က ကျန်းချဲ့ ဖြစ်ပြီး အရန်စစ်သည်ဟောင်း တစ်ယောက်၊ ယခင်က ယန်ဂူခရိုင်မှ ငါးဖမ်းသမား တစ်ယောက် ဖြစ်ကြောင်း ကြားသိလိုက်ရသောအခါ သူ အနည်းငယ် စိုးရိမ်လာခဲ့သည်။
ထို့ကြောင့် လူလွှတ်ကာ တမင် သွားရောက် စုံစမ်းခိုင်းခဲ့ခြင်း ဖြစ်သည်။ ကြောက်တဲ့အရာက တကယ် ဖြစ်လာလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ပေ။
"ကျွန်တော် ကိုယ်တိုင်တော့ မတွေ့ခဲ့ရပါဘူး... ဒါပေမဲ့ အနောက်မြို့နယ် စစ်စခန်းမှာ အလုပ်လုပ်နေတဲ့ ကျွန်တော့် ဆွေမျိုးဝေး တစ်ယောက် ရှိတယ်... သူ ပြောပြတဲ့ ရုပ်ရည်သွင်ပြင်က အဲဒီ ကျန်းဆိုတဲ့ ကောင်နဲ့ တစ်ထပ်တည်းပဲ... လုံးဝ မမှားနိုင်ဘူး..."
ထိုလူက အနည်းငယ် စိုးရိမ်စွာဖြင့် အလျင်အမြန် ပြန်ဖြေလိုက်သည်။
ဝမ်ချန်အန်း၏ မျက်နှာက ဖြူလိုက်မည်းလိုက် ဖြစ်သွားခဲ့သည်။ သူက ထိုလူကို လွှတ်ပေးလိုက်ပြီး ခေါင်းငုံ့ကာ စဉ်းစားနေပြီးနောက် ရုတ်တရက် မတ်တတ်ရပ်လိုက်သည်။ သူ၏ ယောက်ဖဖြစ်သူထံ သွားရောက် အကူအညီတောင်းရန် ပြင်လိုက်ခြင်း ဖြစ်သည်။
အနောက်မြို့နယ် စစ်စခန်း၏ ဒုတိယတပ်မှူး ရာထူးက သူ၏ အစောင့်မှူး ရာထူးလေးထက် အများကြီး ပိုမို ကြီးမားပေသည်။ သို့သော် ကံကောင်းသည်မှာ... သူက နောက်ခံမရှိသူတော့ မဟုတ်ပေ။ သူ့နောက်တွင် ရေကြောင်းကုန်သွယ်ရေးဂိုဏ်းက ရှိနေသည်။
'ကျန်းချဲ့ဆိုတဲ့ ကောင်က ငါ့ကို တကယ်ပဲ အရေးယူရဲမှာ မဟုတ်ဘူး...'
ထို့အပြင် သူ့ကို အတင်းအကျပ် စစ်မှုထမ်းခိုင်းခဲ့သည့် ကိစ္စကိုလည်း ကျန်းချဲ့က သူလုပ်မှန်း သိချင်မှ သိမည် မဟုတ်ပါလား။
"မင်း... ထားလိုက်တော့... မင်း ဒီမှာပဲ ဆက်စောင့်နေ... ငါ အပြင် ခဏ သွားလိုက်ဦးမယ်..."
ဝမ်ချန်အန်းက လက်ကို ယမ်းပြလိုက်သည်။ သူ၏ အစ်မမှာ ရေနက်ဂိုဏ်းခွဲမှူး ယွီကျုံးဖိန်၏ နောက်အိမ်ထောင် ဖြစ်သဖြင့် သူ့အနေဖြင့် ယောက်ဖဖြစ်သူကို တိုက်ရိုက် သွားရောက် ခိုင်းစေ၍တော့ မရပေ။ သူ၏ ခေါင်းများ အနည်းငယ် ရှုပ်ထွေးလာသဖြင့် ခေါင်းယမ်းလိုက်မိသည်။
'ကျန်းချဲ့ဆိုတဲ့ ငါးစော်နံတဲ့ကောင်က... နယ်စပ်မှာ သေရမှာ မဟုတ်ဘူးလား...'
'ဘယ်လိုလုပ်ပြီး ရုတ်တရက်ကြီး အရာရှိ ဖြစ်လာရတာလဲ...'
'ကြိုသိခဲ့မယ်ဆိုရင်... တခြားလူတွေဆီက ပစ္စည်းမယူဘဲ သူ့ကို အဲဒီလောက် ဒုက္ခမပေးခဲ့ရင် ကောင်းမှာပဲ... မဟုတ်ရင်လည်း တစ်ခါတည်း အပြတ်ရှင်းပြီး ချင်းလင်မြစ်ထဲ မြှုပ်ပစ်လိုက်ရင် ကောင်းမှာပဲ...'
သို့သော် ယခုအချိန်တွင် ဘာတွေးတွေး နောက်ကျသွားခဲ့ပြီ ဖြစ်သည်။ မည်သူမျှ ပြောင်းလဲမှုတွေက ဤမျှ မြန်ဆန်လိမ့်မည်ဟု ခန့်မှန်းမိမည် မဟုတ်ပေ။
"အစောင့်မှူး သွားစရာ ရှိရင် သွားပါ... ဒီနေရာကို ကျွန်တော်..."
ပြုံးဖြီးဖြီး လူလတ်ပိုင်းက ပြန်ဖြေရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက် ဘေးပတ်ဝန်းကျင်မှ ဆူညံသံများ လျင်မြန်စွာ တိတ်ဆိတ်သွားခဲ့သည်။ သူ အံ့ဩသွားပြီး ဝမ်ချန်အန်းနှင့်အတူ နောက်သို့ လှည့်ကြည့်လိုက်သောအခါ သံချပ်ကာဝတ်စုံများကို ဝတ်ဆင်ထားသော စစ်သည် ငါးဆယ်ကျော်ခန့် ပြေးဝင်လာသည်ကို တွေ့လိုက်ရသည်။
စစ်သည် အားလုံးက ဓားရိုးများကို ကိုင်ဆောင်ထားကြပြီး ဘေးပတ်လည်ကို ဝိုင်းထားလိုက်ကြသည်။
ဝမ်ချန်အန်း၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားပြီး မကောင်းသည့် အလိုလိုသိစိတ်တစ်ခု ပေါ်လာခဲ့သည်။
သို့သော် သူက စိတ်ကို တည်ငြိမ်အောင် အတင်းဖိနှိပ်ထားလိုက်ပြီး သူ၏ ယောက်ဖဖြစ်သူထံသို့ ချက်ချင်း သွားရောက် အကြောင်းကြားရန် လူလွှတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် မျက်နှာပေါ်တွင် အပြုံးတစ်ခုကို ဖန်တီးကာ ဘာမှမသိသလို ဟန်ဆောင်၍ ရှေ့သို့ တိုးသွားပြီး လက်ယှက်ကာ နှုတ်ဆက်လိုက်သည်။
"အစ်ကိုရွှေသွား... ဒီနေ့ ဒါက..."
သူက ကျင်သွားကြီးကို သိသလို ဟူအန်ကိုလည်း သိပေသည်။ ထို့အပြင် ယခင်က အဆက်အသွယ် ရှိခဲ့ဖူးသော အနောက်မြို့နယ် စစ်စခန်းမှ စစ်သည် အတော်များများကိုလည်း သူ မှတ်မိနေပြီး ချက်ချင်းပင် ရင်းနှီးစွာ သွားရောက် နှုတ်ဆက်လိုက်သည်။
ကျင်သွားကြီးက ရွှေရောင် တောက်ပနေသော သွားများကို ပေါ်အောင် ဖြဲပြုံးလိုက်သော်လည်း ဝမ်ချန်အန်း၏ စကားကို ပြန်မဖြေခဲ့ပေ။ သူက ဘေးသို့ အနည်းငယ် ဖယ်ပေးလိုက်ကာ လမ်းရှင်းပေးလိုက်သည်။ ထိုအချိန်တွင် ထွက်ပေါ်လာသော ရင်းနှီးနေသည့် မျက်နှာတစ်ခုကြောင့် ဝမ်ချန်အန်း၏ ရင်ထဲတွင် ပိုမို လေးလံသွားခဲ့သည်။
ကျင်သွားကြီး၏ အနောက်တွင် လူအများ ဝိုင်းရံထားသူမှာ ကျန်းချဲ့ပင် ဖြစ်သည်။
အမိန့်ချမှတ်ပြီးနောက် သူက ချက်ချင်းပင် လူစုကာ အနောက်မြို့နယ် ဆိပ်ကမ်းသို့ တည့်တည့် လာခဲ့ခြင်း ဖြစ်သည်။
သူ၏ စုံစမ်းထားမှုများအရ ယနေ့သည် ရေကြောင်းကုန်သွယ်ရေးဂိုဏ်း ကုန်ပစ္စည်းများ ချမည့်နေ့ ဖြစ်ပေသည်။
"အစောင့်မှူးဝမ်... နေကောင်းတယ်မလား..."
ကျန်းချဲ့က တစ်ဖက်လူကို ပြုံးကာ ကြည့်ရင်း နှုတ်ဆက်လိုက်သည်။
"ကျန်း... ကျန်းချဲ့လား..."
ဝမ်ချန်အန်းက မသိချင်ယောင်ဆောင်ကာ အခြေအနေကို ဖုံးကွယ်ရန် ကြိုးစားလိုက်သည်။
ဘာပဲဖြစ်ဖြစ် ကျန်းချဲ့ကို အခြားလူများ အစား စစ်မှုထမ်းခိုင်းခဲ့သည့် ကိစ္စကို သိရှိသူ အလွန် နည်းပါးသည် မဟုတ်ပါလား။
"ဟုတ်တယ်... ငါပဲ..."
"ဟာ... ဒါက နဂါးမင်းကျောင်းကို ရေလွှမ်းသွားတာပဲ... ကိုယ့်မိသားစု အချင်းချင်းတောင် မမှတ်မိဘူး ဖြစ်သွားတယ်... ငါတို့ ညီအစ်ကိုတွေက အရင်က အရောင်းအဝယ် အတူတူ လုပ်ခဲ့ဖူးပြီး အရက်တောင် အတူတူ သောက်ခဲ့ဖူးသေးတယ် မဟုတ်လား..."
ဝမ်ချန်အန်းက အလျင်အမြန်ပင် ရှေ့သို့ တိုးသွားကာ နှုတ်ဆက်လိုက်သည်။
မသိသူများဆိုပါက သူတို့၏ ဆက်ဆံရေးမှာ အလွန် ကောင်းမွန်သည်ဟုပင် ထင်မှတ်သွားနိုင်ပေသည်။
"ဟုတ်တယ်လေ... အတင်းအကျပ် ဈေးနှိမ်ဝယ်ပြီး ငါ့ငါးတွေကို မင်းရဲ့ အရက်နဲ့ လဲခဲ့တာလေ..."
ကျန်းချဲ့က အေးစက်စက် ပြုံးလိုက်ပြီးနောက် စကားအပိုများ မပြောတော့ဘဲ လက်တစ်ဖက်ကို ဝှေ့ယမ်းကာ အမိန့်ပေးလိုက်သည်။
"သင်္ဘောပေါ်က ကုန်ပစ္စည်းတွေ အကုန်လုံးကို ချိတ်ပိတ်ပြီး သိမ်းလာခဲ့..."
"ဟုတ်ကဲ့..."
ကန်းတာပြောင်က ပထမဆုံး ခေါင်းညိတ်လိုက်ပြီး ကုန်သင်္ဘောကို သွားရောက် ရှာဖွေရန် ချက်ချင်း ရှေ့တိုးသွားခဲ့သည်။
ဆန်နှင့် ရိက္ခာများအပြင် ရေကြောင်းကုန်သွယ်ရေးဂိုဏ်း၏ သင်္ဘောပေါ်တွင် အခြားသော တန်ဖိုးကြီး ကုန်ပစ္စည်းများဖြစ်သည့် ဆေးဘက်ဝင် အပင်များ၊ ပိုးထည်များနှင့် ကြွေထည်များလည်း ပါဝင်နေပေသည်။
"နေဦး..."
ဝမ်ချန်အန်းက ကန်းတာပြောင်၏ ရှေ့တွင် ပိတ်ရပ်လိုက်ပြီး မျက်နှာ အနည်းငယ် ပြောင်းလဲသွားကာ ကျန်းချဲ့ကို စိုက်ကြည့်ရင်း မေးလိုက်သည်။
"တပ်မှူးကျန်း... ခင်ဗျား ဒါ ဘာလုပ်တာလဲ..."
"မင်း ကြည့်ရတာ မသိဘူးလား... အမိန့်အရ ချိတ်ပိတ်တာလေ..."
"ခင်ဗျားတို့က ဘာအကြောင်းပြချက်နဲ့ ချိတ်ပိတ်တာလဲ... ဘယ်သူ့အမိန့်လဲ..."
"ငါ့အမိန့်လေ... မင်းမှာ ကန့်ကွက်စရာ ရှိလို့လား..."
ကျန်းချဲ့က ရှေ့သို့ လျှောက်သွားကာ ဓားအိမ်ဖြင့် ဝမ်ချန်အန်း၏ ဘယ်ဘက်ပါးကို ခပ်ဖွဖွ ပုတ်ကာ မေးလိုက်သည်။
"ဒုတိယတပ်မှူးကျန်း... ဒါက ရေကြောင်းကုန်သွယ်ရေးဂိုဏ်းရဲ့ ကုန်ပစ္စည်းတွေနော်... ခင်ဗျား ဒီလိုလုပ်တာ ကိုယ့်ကိုယ်ကိုယ် ဒုက္ခရောက်အောင် လုပ်နေတာဆိုတာ မကြောက်ဘူးလား..."
ဝမ်ချန်အန်းက မျက်လုံးကို မှေးကျဉ်းလိုက်ပြီး ဒုတိယ ဆိုသည့် စကားလုံးကို အထူးပြုကာ တိုက်ရိုက် ခြိမ်းခြောက်လိုက်တော့သည်။