← Chapters

အခန်း ၃၈

Vol. 4 Ch. 38

အခန်း ၃၈

Vol. 4 Ch. 38

အခန်း (၃၈) တပ်မှူးကျန်း... တကယ် မိုက်တာပဲ

သူတို့နှစ်ယောက် တိုက်ခိုက်နေချိန်အတွင်း ဝမ်ချန်အန်းလည်း မအလှပေ။ သူက ယွီကျုံးဖိန်၏ ဘေးသို့ လျင်မြန်စွာ လိမ့်သွားပြီးမှ ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။ အင်္ကျီလက်ဖြင့် မျက်နှာပေါ်မှ ဖိနပ်ရာကို သုတ်ဖယ်လိုက်ပြီးနောက် သွားကြိတ်ကာ ကျန်းချဲ့ကို ဒေါသတကြီး စိုက်ကြည့်နေပေသည်။

ခြေထောက်အောက်တွင် အနင်းခံပြီး အရှက်ခွဲခံရခြင်းက သူ၏ တစ်သက်တာတွင် အကြီးမားဆုံး အရှက်တကွဲ ဖြစ်မှုပင်။

အထူးသဖြင့် သူ အရင်က အနိုင်ကျင့်ခဲ့ဖူးသူ တစ်ယောက်၏ ခြေထောက်အောက်တွင် အနင်းခံရခြင်း ဖြစ်သဖြင့် သူ၏ စိတ်နှလုံးမှာ လုံးဝ ပေါက်ကွဲလုမတတ် ဖြစ်နေခဲ့သည်။

"မင်းက တော်တော် သတ္တိကောင်းတာပဲ... အစိုးရ အရာရှိကို ဝင်ရောက် တိုက်ခိုက်ပြီး... ရာဇဝတ်ကောင်ကို ဖမ်းဆီးတာကို တားဆီးရဲတယ်ပေါ့..."

ကျန်းချဲ့က အေးစက်စက် နှာမှုတ်လိုက်သည်။ စောစောက သူတို့နှစ်ယောက် တစ်ချက်သာ ယှဉ်ပြိုင် တိုက်ခိုက်ခဲ့ရသော်လည်း သူတို့၏ စွမ်းအားကို အပြန်အလှန် ခန့်မှန်းမိသွားခဲ့သည်။

တစ်ဖက်လူ၏ ခွန်အားက သူ့ထက် သေချာပေါက် နိမ့်ကျနေပေသည်။

"ဒုတိယတပ်မှူးကျန်းရဲ့ စကားက နည်းနည်း လွန်မနေဘူးလား... ခင်ဗျားက ဘာအကြောင်းပြချက်မှ မရှိဘဲ လူသတ်ဖို့ လုပ်နေတာလေ... ကျုပ်က လူကို ကယ်လိုက်တာ... အခုကျတော့ ခင်ဗျားကပဲ ကျုပ်ကို အပြစ်လာတင်နေတာလား..."

ယွီကျုံးဖိန်က လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး လုံးဝ ဆုတ်ခွာမည့်ဟန် မရှိပေ။

မှန်ပါသည်။ ကျန်းချဲ့၏ စွမ်းအားက မဆိုးလှဘဲ သူနှင့် မတိမ်းမယိမ်း ရှိနေသော်လည်း သူ့ကို ဆုတ်ခွာသွားအောင် လုပ်ရန်မူ အများကြီး လိုသေးသည်။

"ညီလေးကျန်း... ညီလေးကျန်း..."

စုံထောက်ချုပ်ချန်က ထိုအခြေအနေကို မြင်သောအခါ အလျင်အမြန် ရှေ့တိုးလာပြီး တားဆီးလိုက်သည်။ သူက ကျန်းချဲ့ကို ဆွဲကာ အခြေအနေ မဆိုးမီ ရပ်တန့်ရန် ကြိုးစားလိုက်သည်။ အကယ်၍သာ အမှန်တကယ် တိုက်ခိုက်ဖြစ်သွားပါက မည်သူနိုင်မည်၊ မည်သူရှုံးမည် ဆိုသည်ကို ပြော၍ မရနိုင်ပေ။

ဘယ်သူပဲ သေသွားပါစေ နောက်ဆက်တွဲ ပြဿနာများက အလွန် ကြီးမားလာမည် ဖြစ်သည်။

"ကောင်းပြီ... ဒီနေ့ စုံထောက်ချုပ်ချန်ကို မျက်နှာသာ ပေးတဲ့ အနေနဲ့ မင်းကို အပြစ်မယူတော့ဘူး... ဒါပေမဲ့ ကုန်ပစ္စည်းတွေ အကုန်လုံးကို ငါ ယူသွားမယ်... ပြီးတော့ ဝမ်ချန်အန်းလည်း အပြစ်ရှိတဲ့အတွက် သေချာပေါက် ခေါ်သွားမယ်..."

ကျန်းချဲ့က ပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ကြည့်လိုက်ပြီးနောက် တည်ငြိမ်စွာ ပြောလိုက်သည်။

"ဟက်... မောက်မာလိုက်တာ... ဒီနေ့ မင်း ဘာတစ်ခုမှ ယူသွားလို့ မရဘူး..."

ယွီကျုံးဖိန်က အထင်သေးစွာဖြင့် ကျန်းချဲ့၏ အရှေ့တွင် ပိတ်ရပ်လိုက်သည်။

သူတို့နှစ်ယောက်ကြားတွင် အမှန်တကယ် တိုက်ပွဲဖြစ်ပွားတော့မည့် အခြေအနေကို မြင်လိုက်ရသောအခါ စုံထောက်ချုပ်ချန်က သွားကြိတ်ကာ ယွီကျုံးဖိန်၏ နားနားသို့ ကပ်၍ တိုးတိုးလေး ပြောလိုက်သည်။

"အစ်ကိုယွီ... ဒီနေ့တော့ ကျန်းချဲ့ကို အလျှော့ပေးလိုက်တာ ပိုကောင်းမယ်... သူက တပ်မှူးချုပ်ကျူးရဲ့ အမိန့်နဲ့ လာတာ... ဒီနေ့သာ မင်း မဖယ်ပေးရင်... ဂိုဏ်းချုပ်ခို လာရင်တောင် ပြဿနာကို ရှင်းနိုင်မှာ မဟုတ်ဘူး..."

"ဘာ..."

ယွီကျုံးဖိန်၏ မျက်လုံးများ ပြူးကျယ်သွားပြီး မျက်နှာ အလွန် ပျက်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် သူ ချက်ချင်း သဘောပေါက်သွားခဲ့သည်။ ဒုတိယတပ်မှူး တစ်ယောက်တည်းက ဘာဖြစ်လို့ ရေကြောင်းကုန်သွယ်ရေးဂိုဏ်းကို ပြဿနာ လာရှာနေသနည်း ဆိုသည်ကို သူ နားလည်သွားခဲ့သည်။ ယခင်က ကျန်းချဲ့က မိုက်မဲသည်ဟု သူ ထင်ခဲ့သော်လည်း ယခု ကြည့်ရသည်မှာ သူကိုယ်တိုင်ကသာ မိုက်မဲနေခဲ့ခြင်း ဖြစ်ကြောင်း သိလိုက်ရသည်။

အခြားတစ်ဖက်တွင်...

သူ၏ ယောက်ဖဖြစ်သူ ယွီကျုံးဖိန်က ဤမျှ ပြတ်သားနေပြီး ကျန်းချဲ့ကို မည်သည့်အရာမျှ ယူသွားခွင့် မပြုဟု ပြောလိုက်သည်ကို ကြားလိုက်ရသောအခါ ဝမ်ချန်အန်းမှာ နောက်ခံ ရှိသွားပြီ ဖြစ်သဖြင့် ရင်ထဲတွင် အလွန် ကျေနပ်သွားခဲ့သည်။ သူက ကျန်းချဲ့ကို လက်ညှိုးထိုးကာ စကားလုံး တစ်လုံးချင်းစီဖြင့် ပြောလိုက်သည်။

"ကျန်းချဲ့... မင်းက ခွေးရေခွံကို ဝတ်ထားရုံနဲ့ လူပါးဝလို့ ရမယ်လို့ မထင်နဲ့... ငါ မင်းကို ပြောလိုက်မယ်... မင်းက ငါးစော်နံတဲ့ ငါးဖမ်းသမားပဲ... တစ်သက်လုံးလည်း အဲဒီအတိုင်းပဲ ဖြစ်နေမှာပဲ..."

ထိုစကားကို ကြားလိုက်ရသောအခါ ကျန်းချဲ့သည် တပ်မှူးချုပ်ကျူး၏ အမိန့်ဖြင့် လာရောက်ခြင်း ဖြစ်ကြောင်း ယခုလေးတင်မှ သိရှိသွားသော ယွီကျုံးဖိန်၏ မျက်နှာမှာ ထပ်မံ၍ လုံးဝ မည်းမှောင်သွားခဲ့သည်။ သို့သော် သူ၏ မျက်နှာ ပျက်သွားရခြင်းမှာ ဝမ်ချန်အန်းက အလွန်တရာ မိုက်မဲလွန်းသောကြောင့်ပင်။

စုံထောက်ချုပ်ချန်ကမူ မျက်လုံးများကို မှိတ်ကာ သက်ပြင်းတစ်ချက် ချလိုက်သည်။

သူတို့နှစ်ယောက် ခန့်မှန်းထားသည့်အတိုင်းပင်...

ဝမ်ချန်အန်း၏ စကား မဆုံးသေးမီ၊ ယွီကျုံးဖိန်က ဝင်ရောက် တားဆီးရန် အချိန်ပင် မရလိုက်မီ... အဖြူရောင် ဓားအလင်းတန်း တစ်ခု လက်သွားပြီးနောက် လက်မောင်း တစ်ဖက်က လေထဲသို့ လွင့်စင်သွားခဲ့သည်။

ဝမ်ချန်အန်းမှာလည်း ကျန်းချဲ့၏ ခြေကန်ချက်ကြောင့် ပေအတော်များများ အကွာအဝေးသို့ လွင့်စင်သွားပြီး မြေကြီးပေါ်သို့ ပြင်းထန်စွာ ကျသွားခဲ့သည်။

ကြီးမားသော နာကျင်မှုများကြောင့် ဝမ်ချန်အန်းမှာ နေရာမှာတင် သတိလစ် မေ့မြောသွားခဲ့သည်။

ရွှီချန်ဟူတို့ လူစုက ချက်ချင်းပင် ဓားများဖြင့် ဝမ်ချန်အန်းကို ဖမ်းဆီးချုပ်နှောင်လိုက်ကြသည်။

ကျန်းချဲ့၏ မျက်နှာက တည်ငြိမ်နေပြီး မည်သည့် ခံစားချက်ကိုမျှ ဖတ်ရှု၍ မရနိုင်ပေ။ သူက တိုးညှင်းသော လေသံဖြင့် ဝေဖန်လိုက်သည်။

"ဆူညံလိုက်တာ..."

"မင်း..."

ယွီကျုံးဖိန်က ခါးတွင် ချိတ်ထားသော ဓားရိုးကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး သူ၏ လက်ပေါ်ရှိ သွေးကြောများပင် ထောင်ထွက်လာခဲ့သည်။

ကျန်းချဲ့က သူ၏ အရှေ့သို့ ဖြည်းညင်းစွာ လျှောက်သွားပြီး အသက်သုံးခါရှူချိန်ခန့် အပြန်အလှန် စိုက်ကြည့်နေပြီးနောက်... ရုတ်တရက် သူ့ကို တွန်းဖယ်လိုက်သည်။

"ဓားကို မဆွဲထုတ်ရဲဘဲနဲ့... အလကား ဘာလုပ်ဖို့ ကိုင်ထားတာလဲ..."

ယွီကျုံးဖိန်က ကျန်းချဲ့ကို သေချာ စိုက်ကြည့်နေစဉ် စုံထောက်ချုပ်ချန်က သူ့ကို အလျင်အမြန် ဖိထားပြီး တားဆီးလိုက်သည်။

"အစ်ကိုယွီ... စိတ်လိုက်မာန်ပါမလုပ်ပါနဲ့... ဒါက မင်း ဝင်ပါလို့ ရတဲ့ ကိစ္စ မဟုတ်ဘူး..."

ယွီကျုံးဖိန်က တိတ်ဆိတ်နေပြီး လေကို ပြင်းပြင်း တစ်ချက် ရှူသွင်းကာ ဓားရိုးကို ကိုင်ထားသော လက်ကို ဖြည်းညင်းစွာ လွှတ်လိုက်သည်။

ကျန်းချဲ့၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးတက်သွားပြီး ကမ်းစပ်ရှိ သင်္ဘောပေါ်မှ ကုန်ပစ္စည်းများကို လက်ညှိုးထိုးကာ လေးနက်သော အသံဖြင့် အမိန့်ပေးလိုက်သည်။

"ကုန်ပစ္စည်းတွေ အကုန်လုံးကို ချိတ်ပိတ်ပြီး... စစ်စခန်းကို သယ်သွားကြ..."

ယွီကျုံးဖိန်က နောက်ဆုတ်သွားပြီ ဖြစ်ရာ ရေကြောင်းကုန်သွယ်ရေးဂိုဏ်းမှ လူများကလည်း ဆက်လက် မတားဆီးရဲတော့ပေ။ ကျင်သွားကြီးနှင့် ဟူအန်တို့က အချင်းချင်း တစ်ချက် ကြည့်လိုက်ကြပြီး သူတို့၏ မျက်လုံးများထဲတွင် လေးစားမှုများ အပြည့်အဝ ရှိနေပေသည်။

'တပ်မှူးကျန်း... တကယ် မိုက်တာပဲ...'

ကျန်းချဲ့၏ အမိန့်ကို ရရှိပြီးနောက် စစ်သည် အားလုံးက ချက်ချင်း လှုပ်ရှားလိုက်ကြသည်။ ဟူအန်တို့၏ စီစဉ်မှုအောက်တွင် ဘေးမှ ကြည့်နေသော အလုပ်သမားများကို ခေါ်ယူကာ လှည်းများပေါ်သို့ ကုန်ပစ္စည်းများ စတင် တင်ဆောင်ကြတော့သည်။

"စုံထောက်ချုပ်ချန်... ချန်အန်းကို ပြန်လွတ်လာအောင် နည်းနည်းလောက် ကူညီပေးပါဦး... ပြီးတော့... အဲဒီ ကုန်ပစ္စည်းတွေကိုလည်း..."

တဖြည်းဖြည်း ဝေးကွာသွားသော လှည်းတန်းကြီးကို ကြည့်ရင်း ယွီကျုံးဖိန်က မည်းမှောင်နေသော မျက်နှာဖြင့် စုံထောက်ချုပ်ချန်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။

ဝမ်ချန်အန်း သေမည်၊ ရှင်မည်ကို သူ သိပ်ပြီး ဂရုမစိုက်ပေ။ အဘယ်ကြောင့်ဆိုသော် သူ၏ အစ်မမှာ နောက်အိမ်ထောင်သာ ဖြစ်ပြီး သူမ အသက်ကြီးသွားပါက သူက နောက်တစ်ယောက် ထပ်ယူမည်မှာ သေချာလှသည်။

သို့သော် ယနေ့ ကိစ္စကတော့ ကွာခြားပေသည်။

ဝမ်ချန်အန်းက လက်တစ်ဖက် ပြတ်သွားရုံသာ ဖြစ်သော်လည်း သူကမူ အရှက်တကွဲ ဖြစ်သွားခဲ့ရသည်။

ယနေ့မှစ၍ ယန်ဂူခရိုင် တစ်ခုလုံးက သူသည် ကျန်းချဲ့ ဆိုသော ကောင်လေး တစ်ယောက်ကြောင့် အသံပင် မထွက်ရဲလောက်အောင် ကြောက်ရွံ့သွားခဲ့ကြောင်း သိသွားကြတော့မည်။ ရန်ငြိုးကတော့ သေချာပေါက် ကြီးသွားခဲ့ပြီ ဖြစ်ပြီး ဝမ်ချန်အန်းကိုလည်း သေချာပေါက် ကယ်ထုတ်ရမည် ဖြစ်သည်။

ထို့အပြင် ထိုကုန်ပစ္စည်းများသာ ပျောက်ဆုံးသွားပါက ဂိုဏ်းချုပ်ကို သူ ဘယ်လို မျက်နှာပြရမည်နည်း။

"အစ်ကိုယွီ စိတ်ချပါ... ဒီကိစ္စကို ငါ သေချာပေါက် ကူညီပေးပါ့မယ်... ကျန်းချဲ့က ငါ့ကို မျက်နှာသာ ပေးလိမ့်မယ်လို့ ယုံကြည်ပါတယ်... ဟူး... မင်းရဲ့ ယောက်ဖကလည်း တကယ်ကို ပြဿနာကောင်ပဲ... ဘယ်သူ့ကို သွားမရှုပ်ဘဲ... ကျန်းချဲ့ကို သွားရှုပ်နေရတာလဲ..."

"အဲဒီအချိန်က အခြေအနေအရ... သူသာ ကျန်းချဲ့ကို လက်ညှိုးထိုးပြီး မဆဲခဲ့ဘူးဆိုရင်... ဒီလောက်ထိ အခြေအနေ ဆိုးသွားမှာ မဟုတ်ဘူး..."

စုံထောက်ချုပ်ချန်က ခေါင်းယမ်းကာ သက်ပြင်းချရင်း ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ် အစ်ကိုချန်..."

"ပြီးတော့... ဒီနေ့ ကိစ္စကို အစ်ကိုယွီ အနေနဲ့ ဂိုဏ်းချုပ်ခိုကို သေချာပေါက် အစီရင်ခံရမယ်နော်... တပ်မှူးချုပ်ကျူးရဲ့ ရည်ရွယ်ချက်က မသေချာသေးဘူး... ရေကြောင်းကုန်သွယ်ရေးဂိုဏ်း အတွက် အန္တရာယ် ရှိလာနိုင်တယ်..."

ယွီကျုံးဖိန်က ချင်းလင်မြစ်ကို စိုက်ကြည့်ရင်း လေးနက်သော အသံဖြင့် ပြောလိုက်သည်။

"ဒီနေ့ ပြဿနာက ဒီလောက် ကြီးသွားတာကို... ဂိုဏ်းချုပ်က သတင်းမရဘဲ နေပါ့မလား... ဂိုဏ်းချုပ် ကိုယ်တိုင် ထွက်လာဖို့ အဆင်မပြေလို့သာ..."

"အဲဒါလည်း ဟုတ်တာပဲ..."

"တပ်မှူး... ဒီကုန်ပစ္စည်းတွေကို ဘယ်လို လုပ်ကြမလဲ..."

ကန်းတာပြောင်၊ ရွှီဆန်းအာတို့ လူစုက ကျန်းချဲ့၏ ဘေးတွင် စုရုံးကာ ထိုပစ္စည်းများကို မည်သို့ စီစဉ်ရမည်ကို ဆွေးနွေးနေကြသည်။

"ဘယ်လို လုပ်ရမလဲ... လမ်းကြောင်းရှာပြီး ဈေးလျှော့ရောင်းလိုက်မှာပေါ့..."

ကျန်းချဲ့က ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်သည်။

ရွှီဆန်းအာတို့ နှစ်ယောက်က အချင်းချင်း တစ်ချက် ကြည့်လိုက်ကြပြီး တွန့်ဆုတ်စွာဖြင့် မေးလိုက်သည်။

"အဲဒီလို လုပ်တာ နည်းနည်း မကောင်းဘူး မဟုတ်လား..."

"ဘာမကောင်းတာ ရှိလို့လဲ... အလုပ်မစခင်ကတည်းက ငါ ပြောထားတယ်လေ... ဒီတစ်ခေါက်က ငွေရှာဖို့ သွားတာလို့... ပစ္စည်းတွေကို မရောင်းရင် ညီအစ်ကိုတွေအတွက် ဆောင်းတွင်းဝတ်စုံကို ဘယ်လို ဝယ်ပေးမလဲ... ချန်ဟူ သိုင်းလေ့ကျင့်ဖို့ အရင်းအမြစ်တွေကို ဘယ်က ရမလဲ..."

"ငါ့ရဲ့ အဆောင်သုံးခုပါတဲ့ အိမ်ကြီးကို ဘယ်လို ဝယ်မလဲ..."

ကျန်းချဲ့က ဆက်တိုက် မေးခွန်းများ ထုတ်လိုက်သည်။

"ငယ်သား ဆိုလိုတာက... ရေကြောင်းကုန်သွယ်ရေးဂိုဏ်းက ပစ္စည်းတွေကို လာတောင်းရင်... ငါတို့ ဘယ်လို ဖြေရှင်းမလဲ လို့ပါ..."

ရွှီဆန်းအာက အလျင်အမြန် ရှင်းပြလိုက်သည်။

"ဘာဖြေရှင်းချက် ပေးစရာ လိုလို့လဲ... ရာသီဥတုက ပူလွန်းလို့... အဲဒီ ပစ္စည်းတွေ မတော်တဆ မီးလောင်သွားတာလေ... ငါတို့က သူတို့အတွက် စောင့်ရှောက်ပေးရမယ့် တာဝန်မှ မရှိတာ..."

ကျန်းချဲ့၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။

"ငယ်သား နားလည်ပါပြီ..."

သူတို့နှစ်ယောက်စလုံး ခေါင်းညိတ်လိုက်ကြပြီး ကျန်းချဲ့၏ ပြတ်သားသော လုပ်ကိုင်ပုံကို လေးစားမိသွားကြသည်။

"ဒါဆို တပ်မှူးလျို ဘက်ကိုရော..."

"အဲဒီဘက်ကို ငါ သွားရှင်းပြလိုက်မယ်... ပြီးတော့... ကုန်ပစ္စည်းတွေ ရောင်းတဲ့ ကိစ္စကို သိုသိုသိပ်သိပ် လုပ်ရမယ်နော်... အနည်းဆုံးတော့ အချိန်တိုအတွင်း သတင်းမပေါက်ကြားစေနဲ့... ပြီးတော့ စစ်စခန်းက အရင်လူတွေကို ဝင်ပါခွင့် မပေးနဲ့... ငါတို့ လူတွေကိုပဲ သုံး..."

"ငယ်သား နားလည်ပါပြီ..."

ရွှီဆန်းအာက လေးနက်စွာ ခေါင်းညိတ်လိုက်သည်။ ကျန်းချဲ့ စိုးရိမ်နေသည်မှာ မည်သည့်အရာဖြစ်ကြောင်း သူ သေချာပေါက် နားလည်ပေသည်။

"ကောင်းပြီ... သွားတော့... ငါလည်း အစောင့်မှူးဝမ်နဲ့ အတိတ်က အကြောင်းလေးတွေ သွားပြောလိုက်ဦးမယ်..."

စစ်စခန်း၊ အချုပ်ခန်း။

'ဖြန်း...'

ရေအေးတစ်ပုံးက စင်ပေါ်တွင် ကြိုးတုပ်ခံထားရသော ဝမ်ချန်အန်း၏ ကိုယ်ပေါ်သို့ တိုက်ရိုက် လောင်းချခံလိုက်ရသည်။ တစ်ဖက်လူ၏ မျက်ခွံများက အနည်းငယ် လှုပ်ရှားသွားပြီး ဝေဝါးနေသော မျက်လုံးများက ဟိုဟိုဒီဒီ လှည့်ကြည့်လိုက်ရာမှ အလျင်အမြန်ပင် ကြောက်ရွံ့မှုများအဖြစ် ပြောင်းလဲသွားခဲ့သည်။

All Chapters