← Chapters

အခန်း ၃၉

Vol. 4 Ch. 39

အခန်း ၃၉

Vol. 4 Ch. 39

အခန်း (၃၉) အမှန်တရား

ခေါင်းထဲမှ မှတ်ဉာဏ်များက တဖြည်းဖြည်း ကြည်လင်လာခဲ့သည်။ သူနှင့် ကျန်းချဲ့တို့ ပြဿနာ ဖြစ်ခဲ့ကြသည်... နောက်ပိုင်းတွင် ယွီကျုံးဖိန် ရောက်လာပြီး သူ့ကို ကယ်ခဲ့သည်... ထို့နောက် ခြေထောက်အောက်တွင် အနင်းခံခဲ့ရသော အရှက်ကို ဖြေဖျောက်ရန်အတွက် သူက ကျန်းချဲ့ကို စော်ကားပြောဆိုလိုက်သည်...

ပြီးတော့...

ပြီးတော့ အဖြူရောင် အလင်းတန်း တစ်ခု လက်သွားပြီးနောက် အခြားအရာများကို သူ လုံးဝ မမှတ်မိတော့ပေ။

'အဖြူရောင် အလင်းတန်းဆိုတာ... ဓားလား...'

'ဓား...'

ဝမ်ချန်အန်းက အလွန်တရာ ထိတ်လန့်သွားပြီး အလျင်အမြန် စစ်ဆေးကြည့်လိုက်ရာ သူ၏ ဘယ်ဘက် လက်မောင်းက လုံးဝ အာရုံခံ၍ မရတော့ကြောင်း တွေ့ရှိလိုက်ရသည်။ ပခုံးနေရာတွင် သွေးသံရဲရဲ ဖြစ်နေပြီး နာကျင်မှုများကလည်း အဆက်မပြတ် ထွက်ပေါ်နေပေသည်။

'ငါ့လက်တစ်ဖက်... ပြတ်သွားပြီ...'

"နိုးပြီလား..."

ကျန်းချဲ့က ဝမ်ချန်အန်း၏ အရှေ့တွင် ထိုင်နေပြီး ရေအေးဖြင့် လောင်းချခံရ၍ နိုးလာသော ဝမ်ချန်အန်းကို ပြုံးကာ ကြည့်ရင်း မေးလိုက်သည်။

"ကျန်းချဲ့... ကျန်းချဲ့... အား... မင်း... မင်းက ငါ့ကို ဖမ်းရဲတယ်ပေါ့... ငါ့... ငါ့ယောက်ဖရော ဘယ်မှာလဲ..."

ဝမ်ချန်အန်းက အော်ဟစ်လိုက်ပြီး အရာအားလုံးကို သူ လုံးဝ မယုံကြည်နိုင်အောင် ဖြစ်နေပေသည်။

"မင်း ဒီနေရာမှာ အချုပ်ခံထားရတာကိုတောင်... လက်တွေ့ အခြေအနေကို သဘောမပေါက်သေးဘူးလား..."

"မင်း... မင်း..."

ဝမ်ချန်အန်းမှာ ချက်ချင်းပင် လေပျော့သွားခဲ့တော့သည်။

"အသက်ရှင်ချင်လား၊ သေချင်လား..."

ကျန်းချဲ့က လိုရင်းကိုသာ တိုက်ရိုက် မေးလိုက်သည်။

"ရှင်... ရှင်ချင်တယ်..."

ဝမ်ချန်အန်းက ခေါင်းငုံ့ကာ ပြန်ဖြေလိုက်သည်။ ပခုံးမှ နာကျင်မှုက ကျန်းချဲ့အနေဖြင့် သူ၏ လက်တစ်ဖက်ကို ဖြတ်ရဲသည်ဆိုမှတော့ သူ့ကို အသေသတ်ရန်လည်း လုံးဝ ဝန်လေးမည် မဟုတ်ကြောင်း သတိပေးနေပေသည်။

သူ စွန့်စားရန် မဝံ့ရဲသလို စွန့်စားနိုင်စွမ်းလည်း မရှိတော့ပေ။

"ရှင်ချင်တယ်ဆိုရင် ကောင်းတာပေါ့... မင်းက သေချင်တဲ့စိတ် ပေါက်သွားပြီး... ငါ ဘယ်လောက် နှိပ်စက်နှိပ်စက် အရှုံးမပေးဘဲ နေမှာကိုတောင် ငါ စိုးရိမ်နေတာ..."

ကျန်းချဲ့က ဆူးများ ပြည့်နှက်နေသော ကြာပွတ်တစ်ခုကို ကိုင်ကာ ဝမ်ချန်အန်း၏ ဘေးပတ်လည်တွင် လှည့်ပတ် လမ်းလျှောက်နေပေသည်။

"ငါတို့နှစ်ယောက်ကြားက ရန်ငြိုးတွေကို မင်း သေချာ သိတယ်မလား..."

"သိ... သိပါတယ်... အရင်တုန်းက ကျွန်တော်က ခွေးမျက်လုံးနဲ့ လူကို အကဲခတ်ခဲ့မိတာပါ... တကယ့် လူစွမ်းကောင်းကို သတိမထားမိခဲ့ဘူး... အစ်ကိုကျန်းရဲ့ ငါးတွေကို ဈေးနှိမ်ဝယ်ခဲ့မိတယ်... အဲဒီအတွက် ကျွန်တော်... ဆယ်ဆ... မဟုတ်ဘူး... အဆတစ်ရာ ပြန်လျော်ပေးပါ့မယ်..."

ဝမ်ချန်အန်းက အလျင်အမြန် တောင်းပန်လိုက်သည်။ ကျန်းချဲ့ကို အတင်းအကျပ် စစ်မှုထမ်းခိုင်းခဲ့သည့် ကိစ္စကို ထုတ်မပြောရဲဘဲ အခြေအနေကို ဖုံးကွယ်ရန် ကြိုးစားလိုက်သည်။

'ဖြန်း...'

ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာပြီးနောက် ကျန်းချဲ့၏ ကြာပွတ်က ဝမ်ချန်အန်း၏ ကိုယ်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားခဲ့သည်။ နာကျင်မှု နှစ်ထပ်ကွမ်းကြောင့် ဝမ်ချန်အန်းမှာ သွားများ ပေါ်သည်အထိ ရှုံ့မဲ့သွားပြီး ခန္ဓာကိုယ်မှာလည်း အဆက်မပြတ် တုန်ယင်နေပေသည်။

"အဘိုး... အဘိုးကျန်းရယ်... ကျွန်တော်... တကယ် မှားသွားပါပြီ..."

"မင်းက ငါ အရင်က ကိစ္စတွေကို ဂရုစိုက်နေတယ်လို့ ထင်နေတာလား... မင်း မပြောရင်လည်း ဆက်တိုက် ရိုက်နေမှာပဲ... မင်း အခု အခြေအနေနဲ့ဆိုရင် ရက်ဘယ်လောက်တောင် ခံနိုင်မလဲ ဆိုတာကို ငါလည်း ကြည့်ချင်သေးတယ်..."

ကျန်းချဲ့၏ မျက်နှာက အေးစက်နေပြီး ဝမ်ချန်အန်း၏ ရင်ထဲတွင် ကြောက်ရွံ့မှုများ ပိုမို ကြီးထွားလာခဲ့သည်။

ကျန်းချဲ့၏ လက်ထဲမှ ကြာပွတ်က နောက်တစ်ကြိမ် ကျရောက်လာတော့မည်ကို မြင်လိုက်ရသောအခါ ကျန်းချဲ့အနေဖြင့် သူ လုပ်ခဲ့သော စစ်မှုထမ်းခိုင်းသည့် ကိစ္စကို သေချာပေါက် သိရှိနေပြီ ဖြစ်ကြောင်း သူ သဘောပေါက်သွားခဲ့သည်။

"ကျွန်တော်... ကျွန်တော် ပြောပါ့မယ်... အဲဒီတုန်းက အစ်ကိုကျန်းကို စစ်မှုထမ်းစာရင်းထဲ ထည့်လိုက်တာ... ကျွန်တော်... ကျွန်တော် လုပ်ခဲ့တာပါ... ကျွန်တော် မှားသွားပါပြီ... ကျွန်တော် တကယ် မှားသွားပါပြီ... အဘိုးကျန်းရယ်... ကျွန်တော့် အသက်ကို ချမ်းသာပေးပါ... ကျွန်တော့်မှာ အိုမင်းနေတဲ့ မိဘတွေနဲ့ ငယ်ရွယ်တဲ့ သားသမီးတွေ ရှိသေးတယ်..."

"မင်းက မှားမှန်း သိသွားတာ မဟုတ်ဘူး... ကြောက်မှန်း သိသွားတာ..."

ကျန်းချဲ့က ဝမ်ချန်အန်း၏ အရှေ့တွင် ရပ်ကာ လက်ထဲမှ ကြာပွတ်ဖြင့် တစ်ဖက်လူ၏ မျက်နှာကို ခပ်ဖွဖွ နှစ်ချက် ရိုက်လိုက်သည်။

"ငါတို့ နှစ်ယောက်ကြားက ရန်ငြိုးက အဲဒီလောက်ထိ မကြီးမားပါဘူး... ဘာအကြောင်းပြချက်ကြောင့် ငါ့ကို စစ်မှုထမ်းစာရင်းထဲ ထည့်ပြီး နယ်စပ်မှာ သေအောင် ပို့ရတာလဲ ဆိုတာကို ပြောပြစမ်းပါ..."

"ကျွန်တော်... ကျွန်တော်..."

ဝမ်ချန်အန်းက အကြည့်များကို ရှောင်လွှဲကာ ကျန်းချဲ့ကို တည့်တည့် မကြည့်ရဲပေ။ သူက အားလုံးကို သူ့အပေါ်ပုံချရန် စဉ်းစားလိုက်သော်လည်း ကျန်းချဲ့က အရာအားလုံးကို ကြိုသိနေမည်ကို စိုးရိမ်ပြီး ကြာပွတ်ဖြင့် ထပ်အရိုက်ခံရမည်ကို ကြောက်ရွံ့နေပေသည်။

"အဲဒီတုန်းက ငါ အိမ်ကို ရောင်းပြီး အဆက်အသွယ် ရှာဖို့ ကြိုးစားခဲ့သေးတယ်... ဒါပေမဲ့ ဘာမှ အသုံးမဝင်ခဲ့ဘူး... တစ်ယောက်ယောက်က တမင်တကာ သတိပေးထားလို့ ဆိုတာ သိသာတယ်... အဲဒါက တိုက်ဆိုင်မှုလို့ ငါ့ကို လာမပြောနဲ့..."

"ဟုတ်... ဟုတ်ပါတယ်... အဲဒီလို လုပ်ဖို့ ကျွန်တော့်ကို ခိုင်းတဲ့သူ ရှိပါတယ်... တကယ်ပါ... အဲဒီတုန်းက ကျွန်တော်က အစ်ကိုကျန်းအတွက်တောင် တောင်းပန်ပေးခဲ့သေးတယ်... ဒါပေမဲ့ အဲဒီလူရဲ့ အမိန့်ကို ကျွန်တော် မဆန့်ကျင်ရဲလို့ပါ..."

ဝမ်ချန်အန်းက စိတ်ကို တင်းကာ အမှန်အတိုင်း ဖွင့်ပြောလိုက်တော့သည်။

"ဘယ်သူလဲ..."

ကျန်းချဲ့၏ မျက်လုံးများထဲတွင် အေးစက်စက် အရောင်တစ်ခု ဖြတ်ပြေးသွားခဲ့သည်။

အစပိုင်းတွင် ဝမ်ချန်အန်းက သူ၏ ပိုင်ဆိုင်မှုများကို လိုချင်၍ သို့မဟုတ် သူ့ကို ကြည့်မရ၍ ဤသို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်မည်ဟု တကယ် ထင်မှတ်ထားခဲ့သည်။ သူ ယခုကဲ့သို့ ပြောဆိုလိုက်ခြင်းမှာ စိတ်ထဲတွင် သံသယ အနည်းငယ် ရှိနေသဖြင့် တစ်ဖက်လူကို ခြောက်လှန့်လိုက်ခြင်းသာ ဖြစ်သည်။

သို့သော် တကယ်ပဲ နောက်ကွယ်က လူတစ်ယောက် ရှိနေလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ပေ။

သူ တကယ်ကို စဉ်းစား၍ မရနိုင်ပေ။ သူက ဘယ်သူ့ကို သွားပြီး စော်ကားခဲ့မိသနည်း။

ယခင်က ကုန်ကျိ သေခါနီးအချိန်တွင် သူ့ကို သတ်ရန်အတွက် တစ်ယောက်ယောက်က ငွေပေးထားကြောင်း ကိုယ်တိုင် ဝန်ခံခဲ့ဖူးသည်။ တစ်ဖက်လူက သူ့ကို ဝက်သား ရောင်းပေးခဲ့ခြင်းမှာ လောဘကြောင့် သူ၏ နောက်ဆုံးကျန်နေသော ငွေများကို ယူချင်၍ ဖြစ်သည်။

နောက်တစ်ချက်မှာ အသားရောင်းချခြင်းဖြင့် သူ့ကို သူခိုးဆိုသည့် စွပ်စွဲချက်တစ်ခု တပ်ပေးရန် ဖြစ်သည်။

ဤနေရာတွင် သံသယ ဖြစ်စရာများ ထွက်ပေါ်လာခဲ့သည်။

ဝမ်ချန်အန်း၏ အရည်အချင်းဖြင့် စစ်တပ်အတွင်းသို့ လက်လှမ်းမီရန် မဖြစ်နိုင်ပေ။ ထို့အပြင် သူ့ကို တကယ် သေစေချင်ပါက ထိုအချိန်က သူတို့နှစ်ယောက်၏ အဆင့်အတန်းနှင့် စွမ်းအား ကွာဟချက်အရ သူ့ကို ချင်းလင်မြစ်ထဲတွင် ရေနစ်သေအောင် အလွယ်တကူ လုပ်နိုင်ပေသည်။

ထို့ကြောင့် ထိုအချိန်ကတည်းက သူ အနည်းငယ် သံသယ ဝင်နေခဲ့သည်။

အနည်းငယ်စီ ဆက်စပ် တွေးတောကြည့်ပြီးနောက် နောက်ဆုံးတွင် တစ်ခုတည်းသော အဆက်အသွယ် ဖြစ်သော ဝမ်ချန်အန်း အပေါ်သို့ ရောက်ရှိသွားခဲ့ခြင်း ဖြစ်သည်။

"ဂိုဏ်းချုပ်ကတော်... ယွီမင်..."

"ဘယ်ဂိုဏ်းချုပ်ကတော်လဲ..."

ကျန်းချဲ့က မျက်မှောင် အနည်းငယ် ကြုတ်လိုက်သည်။

"ခိုယွမ်ရှန်းရဲ့ ဇနီးပါ..."

"သူက ဘာလို့ မင်းကို ခိုင်းပြီး ငါ့ကို ဒုက္ခပေးရတာလဲ... မင်းက ငါ့ကို လူအလို့ ထင်ပြီး လိမ်ချင်နေတာလား..."

ကျန်းချဲ့၏ အကြည့်များက အလွန် အန္တရာယ် များနေပေသည်။

ဝမ်ချန်အန်း ပြောသော ဂိုဏ်းချုပ်ကတော် ဆိုသူနှင့် သူ လုံးဝ ပတ်သက်မှု မရှိကြောင်း သေချာပေါက် အတည်ပြုနိုင်ပေသည်။

ဤနာမည်ကိုပင် သူ ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။

"တကယ်ပါ... ကျွန်တော်သာ အစ်ကိုကျန်းကို လိမ်ပြောရင်... အသေဆိုးနဲ့ သေပါစေ... ဒီကိစ္စကို... ကျွန်တော့် အစ်မလည်း သက်သေပြနိုင်ပါတယ်... အဲဒီတုန်းက ကျွန်တော့်အစ်မကပဲ ကျွန်တော့်ကို သခင်မယွီနဲ့ မိတ်ဆက်ပေးခဲ့တာ... သူက ကျွန်တော့်ကို နည်းလမ်းရှာပြီး အစ်ကိုကျန်းကို စစ်မှုထမ်းဖို့ တမင် ခိုင်းခဲ့တာပါ..."

"ပြီးတော့... ဆုကြေးငွေ အနေနဲ့ ငွေတစ်ရာလျန်တောင် ပေးခဲ့သေးတယ်..."

ကျန်းချဲ့က မယုံကြည်သည်ကို မြင်သောအခါ ဝမ်ချန်အန်းက အလျင်အမြန် ကျိန်ဆိုလိုက်သည်။ သူ၏ အမူအရာက လုံးဝ ဟန်ဆောင်နေသည့်ပုံ မပေါ်ပေ။

ကျန်းချဲ့၏ မျက်နှာပေါ်တွင် မည်သည့် ခံစားချက်ကိုမျှ ဖတ်ရှု၍ မရနိုင်ဘဲ ဆက်ပြောလိုက်သည်။

"ဒါဆိုရင်... ဂုန်ဂျိကို အရန်စစ်တပ်ထဲမှာ ငါ့ကို အသေသတ်ဖို့ ခိုင်းတဲ့လူကလည်း မင်းပဲလား..."

"ဘယ်သူ... ဘယ်သူက ဂုန်... ဂုန် ဘာလဲ..."

ဝမ်ချန်အန်းမှာ လုံးဝ နားမလည်နိုင်အောင် ဖြစ်သွားခဲ့သည်။

ကျန်းချဲ့က မျက်မှောင်ကြုတ်ကာ ထိုအကြောင်းအရာများကို နက်နက်ရှိုင်းရှိုင်း စဉ်းစားလိုက်သော်လည်း ယွီ ဆိုသော မျိုးရိုးအမည်ဖြင့် ရန်သူ တစ်ယောက် ရှိခဲ့ဖူးသည်ကို သူ လုံးဝ ပြန်စဉ်းစား၍ မရခဲ့ပေ။

"အဘိုးကျန်း... ကျွန်တော်... ကျွန်တော် အကုန် ပြောပြပြီးပြီနော်... ကျွန်တော့်ကို... ဘယ်တော့ လွှတ်ပေးမှာလဲ... အကယ်လို့ ဆရာဝန်နဲ့ အမြန် မပြရင်... ကျွန်တော် သေတော့မယ် ထင်တယ်..."

ဝမ်ချန်အန်းက တံတွေးမြိုချကာ တောင်းပန်လိုက်သည်။

"ခဏလောက် စောင့်နေဦး... မင်းကို ရွေးဖို့ ပိုက်ဆံလာပေးမယ့် လူကို စောင့်နေလိုက်..."

ကျန်းချဲ့က သူ့ကို တစ်ချက် ကြည့်လိုက်ပြီး ချက်ချင်း လှည့်ထွက်သွားတော့သည်။

"အဘိုးကျန်း... ကျန်းချဲ့... မင်း... မင်း ကတိမတည်ဘူးပဲ..."

အချုပ်ခန်းထဲတွင် ဝမ်ချန်အန်းက အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်သည်။

အခြားတစ်ဖက်တွင်...

ကျန်းချဲ့က ဝမ်ချန်အန်းကို စစ်ဆေးမေးမြန်းပြီးနောက် စုံထောက်ချုပ်ချန်လည်း စစ်စခန်းသို့ ချက်ချင်း ရောက်ရှိလာခဲ့သည်။ ယခုအချိန်တွင် သူ့ကို ဧည့်ခန်းမဆောင် တစ်ခု၌ နေရာချထားပေးပြီး ရွှီဆန်းအာတို့ လူစုက စကားပြော အဖော်လုပ်ပေးနေပေသည်။

ကျန်းချဲ့၏ မျက်နှာပေါ်ရှိ မည်းမှောင်မှုများ လျင်မြန်စွာ ပျောက်ကွယ်သွားပြီး အပြုံးများအဖြစ် ပြောင်းလဲသွားခဲ့သည်။

"အစ်ကိုချန်က တကယ်ပဲ အချိန်နည်းနည်းလေးတောင် မဖြုန်းဘူးပဲ..."

"မတတ်နိုင်ဘူးလေ... ငါက အလုပ်ကြမ်းသမား ဖြစ်နေတော့..."

စုံထောက်ချုပ်ချန်က ခေါင်းယမ်းလိုက်သည်။

ကျန်းချဲ့က ပြုံးလိုက်ပြီး ရွှီဆန်းအာတို့ကို အပြင်ထွက်ရန် မျက်ရိပ်ပြလိုက်သည်။ ထို့နောက် စုံထောက်ချုပ်ချန်အတွက် ရေနွေးတစ်ခွက် ငှဲ့ပေးရင်း ပြုံးကာ မေးလိုက်သည်။

"ဒါဆို အစ်ကိုချန် ဒီကို လာတာ ဘာကိစ္စ ရှိလို့လဲ..."

"ညီလေးကျန်း... မင်း သိသိကြီးနဲ့ တမင် လာမေးနေတာ မဟုတ်လား... ဘာလာလုပ်ရမှာလဲ... ရေကြောင်းကုန်သွယ်ရေးဂိုဏ်း အတွက် အဲဒီ ကုန်ပစ္စည်းတွေ ပြန်တောင်းပေးဖို့ လာတာပေါ့... ပြီးတော့... ယွီကျုံးဖိန်ရဲ့ ယောက်ဖ ကိစ္စရောပဲ... မင်း ဈေးတစ်ခု ပြောလိုက်ပါ... အစ်ကို ကြားကနေ ညှိနှိုင်းပေးပါ့မယ်..."

ကျန်းချဲ့၏ စိတ်နေစိတ်ထား ကောင်းမွန်နေသည်ကို မြင်သောအခါ စုံထောက်ချုပ်ချန်ကလည်း တိုက်ရိုက်ပင် လိုရင်းကို ပြောလိုက်သည်။

ကျန်းချဲ့က စားပွဲခုံကို လက်ချောင်းများဖြင့် ဖြည်းညင်း မှန်မှန် ခေါက်နေရင်း အချိန်အနည်းငယ် ကြာပြီးနောက်မှ ခေါင်းယမ်းကာ ပြန်ပြောလိုက်သည်။

"အစ်ကိုချန်ရယ်... ခင်ဗျားက ကျွန်တော့်ကို တော်တော် ကြီးမားတဲ့ ပြဿနာကြီးတစ်ခု ပေးလိုက်တာပဲ... ကျွန်တော် ဒီလိုလုပ်တာ ဘယ်သူ့အမိန့်လဲ ဆိုတာကို အစ်ကို သေချာ သိတယ် မဟုတ်လား... ဒီကုန်ပစ္စည်းတွေက... ပြန်ပေးဖို့ တော်တော် ခက်တယ်ဗျ…”

All Chapters