အခန်း ၄၂
Vol. 5 Ch. 42
အခန်း (၄၂) ဂိုဏ်းချုပ်ခိုက ပြဿနာ လာရှာခြင်း
သန်းခေါင်ယံ အချိန်... တည်းခိုခန်းတစ်ခု၌...
ကျန်းချဲ့က ကုတင်ပေါ်တွင် လှဲလျောင်းကာ မျက်လုံးမှိတ်ပြီး အနားယူနေပေသည်။ သို့သော် အနီးကပ် သေချာ ကြည့်ရှုမည် ဆိုပါက သူ၏ အိပ်စက်နေသော ကိုယ်နေဟန်ထားမှာ အလွန် ထူးခြားပြီး သာမန်လူများနှင့် လုံးဝ ကွာခြားနေသည်ကို တွေ့မြင်နိုင်ပေသည်။
ကျန်းချဲ့က အနားယူနေချိန်တွင်ပင် နွားရိုင်းအားအင်ကျင့်စဉ်၏ အခြေခံကို လေ့ကျင့်နေခြင်း ဖြစ်သည်။
ယဇ်ပူဇော်ခြင်းဖြင့် သက်တမ်းများကို အသုံးပြုကာ လေ့ကျင့်ချိန်ကို အမြန်ဆုံး လျှော့ချနိုင်သော်လည်း သူက ပုံမှန်အချိန်များတွင်လည်း လုံးဝ ပေါ့လျော့နေခြင်း မရှိပေ။ ကိုယ်ပိုင် စွမ်းအား အနည်းငယ် တိုးလာသည်နှင့်အမျှ ယဇ်ပူဇော်မှုအတွက် ပေးဆပ်ရမည့် တန်ဖိုးများလည်း အလိုအလျောက် လျော့ကျသွားမည် ဖြစ်သည်။
'ဝုန်း...'
ရုတ်တရက် ပြင်းထန်သော လေတစ်ချက်က ပြတင်းပေါက်ကို ပွင့်ထွက်သွားစေခဲ့သည်။ မျက်လုံးမှိတ်ထားသော ကျန်းချဲ့က ချက်ချင်း မျက်လုံးများကို ဖွင့်လိုက်ပြီး ကုတင်ခေါင်းရင်းတွင် ချိတ်ထားသော ဓားရှည်တစ်လက်ကို လျင်မြန်စွာ ဆွဲထုတ်လိုက်ကာ အေးစက်သော သတ်ဖြတ်လိုစိတ်များဖြင့် ဘေးပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။
'ဖူး...'
လေမှုတ်သံခပ်သဲ့သဲ့ ထွက်ပေါ်လာပြီးနောက် အခန်းတွင်းရှိ ဖယောင်းတိုင်များ လင်းထိန်လာခဲ့သည်။ မှိန်ပျပျ အဝါရောင် အလင်းတန်းလေးများက အခန်းတစ်ခုလုံးကို လင်းထိန်သွားစေပြီး ကျန်းချဲ့ကလည်း အခန်းတွင်းရှိ အခြေအနေ အားလုံးကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရရာ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် လူတစ်ယောက်က စားပွဲခုံတွင် ဝင်ထိုင်နေပြီး သူ့ကို တည်ငြိမ်စွာ စိုက်ကြည့်နေသောကြောင့်ပင်။
ထိုသူမှာ ရေကြောင်းကုန်သွယ်ရေးဂိုဏ်း၏ ဂိုဏ်းချုပ် ခိုယွမ်ရှန်း ဖြစ်ပေသည်။
သူတို့နှစ်ယောက် အချင်းချင်း စိုက်ကြည့်နေကြပြီး ဘာစကားမှ မပြောကြပေ။
ကျန်းချဲ့၏ မျက်လုံးများက အနည်းငယ် လှုပ်ရှားသွားပြီး မျက်နှာပေါ်ရှိ စိုးရိမ်မှုများ လျင်မြန်စွာ ပျောက်ကွယ်သွားကာ အပြုံးတစ်ခု အဖြစ် ပြောင်းလဲသွားခဲ့သည်။
"ညကြီး အချိန်မတော် ဂိုဏ်းချုပ်ခိုက လာတာတောင်... ဘာလို့ ကြိုပြီး သတင်းမပေးရတာလဲ... ကျွန်တော့်ကိုတောင် လန့်သွားစေတယ်..."
"အကယ်လို့ ကြိုပြောလိုက်ရင်... အခု ဒီနေရာမှာ ငါ့ကို စောင့်နေတာ မင်း တစ်ယောက်တည်း ဟုတ်ချင်မှ ဟုတ်တော့မှာပေါ့..."
ခိုယွမ်ရှန်း၏ မျက်နှာက အေးစက်နေပြီး သူ၏ အကြည့်များထဲတွင် အန္တရာယ်ရှိသော အရိပ်အယောင်များပင် ဖုံးလွှမ်းနေပေသည်။
"ဂိုဏ်းချုပ်ခိုက ဘယ်လိုတွေ ပြောနေတာလဲ... ကျွန်တော်ကပဲ ဂိုဏ်းချုပ်ကို ဒုက္ခပေးမယ်လို့ ထင်နေတာလား..."
ကျန်းချဲ့က ဓားကို ချလိုက်ပြီး ခိုယွမ်ရှန်း၏ မျက်နှာပေါ်ရှိ အေးစက်မှုများကို လုံးဝ မမြင်သကဲ့သို့ ဟန်ဆောင်လိုက်သည်။ ထို့အပြင် အလွန် ရင်းနှီးသော မိတ်ဆွေတစ်ယောက်ကဲ့သို့ ရေနွေးအိုးကို ကောက်ကိုင်ကာ ရေနွေးတစ်ခွက် ငှဲ့ပေးလိုက်သေးသည်။
"အေးနေတဲ့ ရေနွေးကြမ်းကလည်း အရသာ မဆိုးပါဘူး... ဂိုဏ်းချုပ် မြည်းကြည့်ပါဦးလား..."
"တပ်မှူးကျန်း အနေနဲ့ ဒီနေ့ ဖြစ်သွားတဲ့ ကိစ္စတွေကို နည်းနည်းပါးပါး ရှင်းပြဖို့ အစီအစဉ် မရှိဘူးလား..."
ခိုယွမ်ရှန်းက ကျန်းချဲ့၏ ရေနွေးကြမ်းကို လုံးဝ ဂရုမစိုက်ဘဲ လိုရင်းကိုသာ တိုက်ရိုက် မေးလိုက်သည်။
ကျန်းချဲ့က အနောက်မြို့နယ် ဆိပ်ကမ်းတွင် ပြဿနာရှာနေကြောင်း အစပိုင်းတွင် ကြားလိုက်ရစဉ်က သူ လုံးဝ မယုံကြည်ခဲ့ပေ။
သူ၏ ပစ္စည်းများကို လက်ခံယူထားသည်မှာ ရက်အနည်းငယ်မျှသာ ရှိသေးသည်။ ဘယ်လိုလုပ်ပြီး ချက်ချင်းကြီး မျက်နှာပြောင်တိုက်ပြီး ပြဿနာ ရှာရဲမည်နည်း။
ဒါပေမဲ့...
အဲဒီကောင်လေးက တကယ်ပဲ အဲဒီလို လုပ်ခဲ့တာပဲ... မျက်နှာပြောင်တိုက်ရုံတင် မကဘူး... ရေကြောင်းကုန်သွယ်ရေးဂိုဏ်းရဲ့ ကုန်ပစ္စည်းတွေ အကုန်လုံးကိုပါ လူအများကြီးရှေ့မှာ ချိတ်ပိတ်ပြီး သိမ်းသွားခဲ့တယ်... ဒါက ရေကြောင်းကုန်သွယ်ရေးဂိုဏ်းကို တိုက်ရိုက် စိန်ခေါ်လိုက်တာပဲ...
အဲဒီအချိန်တုန်းက သူ အလွန် ဒေါသထွက်ခဲ့သည်။ သို့သော် နောက်ပိုင်းတွင် သေချာ စဉ်းစားကြည့်လိုက်ရာ ဤကိစ္စ၏ နောက်ကွယ်တွင် လျှို့ဝှက်ချက် တစ်ခုခု ရှိနေနိုင်ကြောင်း ခန့်မှန်းမိသဖြင့် အပြင်ပန်းတွင် အချိန်ဆွဲထားပြီး ကျန်းချဲ့နှင့် တိတ်တဆိတ် တွေ့ဆုံရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
ကျန်းချဲ့က သူ့ကို ဘယ်လိုတွေ လှည့်စားဦးမလဲ ဆိုတာကို သူ ကြည့်ချင်သေးသည်။
"ဒီနေ့ ကိစ္စနဲ့ ပတ်သက်ပြီး... ဂိုဏ်းချုပ်ခိုက ကျွန်တော့်ကို လာမရှာရင်တောင်... ကျွန်တော် ကိုယ်တိုင် သွားတွေ့ဖို့ အစီအစဉ် ရှိပြီးသားပါ..."
ကျန်းချဲ့က စက္ကန့်အနည်းငယ်ခန့် 'တွန့်ဆုတ်' နေပြီးနောက် တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
"ငါ့ကို တွေ့ဖို့လား..."
"ဟုတ်ပါတယ်..."
"အခု တွေ့နေရပြီပဲ... မင်း ပြောစရာ ရှိတာ ပြောလေ..."
ခိုယွမ်ရှန်းက လေးနက်သော အသံဖြင့် ပြောလိုက်သည်။
ကျန်းချဲ့က မတ်တတ်ရပ်ကာ စားပွဲပတ်လည်တွင် ဖြည်းညင်းစွာ လမ်းလျှောက်နေရင်း ပြန်ဖြေလိုက်သည်။
"ဒီကိစ္စက ပြီးခဲ့တဲ့ ရက်ကစပြီး ပြောရလိမ့်မယ်... ကျွန်တော်က ဂိုဏ်းချုပ်ဆီကနေ ပစ္စည်းတွေ ယူထားပြီးမှ ကတိမတည်တဲ့ လူစားမျိုး လုံးဝ မဟုတ်ပါဘူး... ကိုယ့်ကိစ္စတွေ ရှင်းပြီးတာနဲ့ တပ်မှူးချုပ်ကျူးဆီကို သွားပြီး ဂိုဏ်းချုပ်ကို မိတ်ဆက်ပေးဖို့ ချက်ချင်း ပြောခဲ့တာပါ... ဒီကိစ္စက သေချာပေါက် အဆင်ပြေမယ်လို့ ထင်ထားပေမဲ့... တပ်မှူးချုပ်ကျူးရဲ့ ပြင်းပြင်းထန်ထန် ဆူပူတာကိုပဲ ခံလိုက်ရတယ်..."
ထိုနေရာအရောက်တွင် ကျန်းချဲ့၏ မျက်နှာပေါ်၌ ပြောရခက်သော အမူအရာတစ်ခု ပေါ်လာခဲ့သည်။
"ဆူပူခံရတယ်... မင်းက တပ်မှူးချုပ်ကျူးရဲ့ လူယုံ မဟုတ်ဘူးလား..."
ခိုယွမ်ရှန်းက အေးစက်စက် မေးလိုက်သည်။
"လူယုံ ဖြစ်နေလို့ကို ပိုဆူခံရတာပေါ့... သူများဆီက စားပြီး သူများအတွက် အလုပ်လုပ်ပေးတယ် ဆိုပြီးတော့... ဂိုဏ်းချုပ်နဲ့ ကျွန်တော် ပူးပေါင်းကြံစည်နေတယ်လို့တောင် သူက သံသယ ဝင်နေသေးတယ်... အဲဒါကြောင့်လည်း မိတ်ဆက်ပေးဖို့ ကျွန်တော်က ကူညီခဲ့တာလေ..."
ကျန်းချဲ့က မျက်မှောင်ကြုတ်ကာ ရှင်းပြလိုက်သည်။
"ငါနဲ့ ပူးပေါင်းကြံစည်တယ်... တပ်မှူးချုပ်ကျူးက ဘာသဘောနဲ့ ပြောတာလဲ..."
ခိုယွမ်ရှန်းကလည်း မျက်မှောင်ကြုတ်သွားပြီး အလွန် ထူးဆန်းနေသကဲ့သို့ ခံစားလိုက်ရသည်။
ကျူးရှန်း ယန်ဂူခရိုင်ကို ပြောင်းလာပြီးကတည်းက သူက တစ်ဖက်လူကို လုံးဝ ပြဿနာ မရှာခဲ့ဖူးပေ။ ထို့အပြင် ကျန်းချဲ့ကတစ်ဆင့် သူ့ကို သွားရောက် တွေ့ဆုံရန်ပင် ကြိုးစားနေခဲ့ခြင်း မဟုတ်ပါလား။
"တပ်မှူးချုပ်ကျူးက ရာထူးမတက်ခင်တုန်းက... သူ့မိသားစုဝင်တွေ ဝေါ့ဟူတောင်က ဓားပြတွေရဲ့ ချုံခိုတိုက်ခိုက်တာကို ခံခဲ့ရတယ် ဆိုတာ... ဂိုဏ်းချုပ် ကြားဖူးတယ် မဟုတ်လား... အဲဒီကိစ္စကြောင့် တပ်မှူးချုပ်ကျူးက အရမ်း ဒေါသထွက်နေပြီး... ရာထူးတက်လာကတည်းက ခရိုင်ထဲက အရာရှိတွေ အားလုံးကို အုပ်ချုပ်ရေး စနစ်တွေ ရှင်းလင်းပြီး ဓားပြတွေကို နှိမ်နင်းမယ်လို့ တရားဝင် ကြေညာထားခဲ့တာလေ..."
"အဲဒါက..."
ခိုယွမ်ရှန်းက အနည်းငယ် တွန့်ဆုတ်သွားခဲ့သည်။
ထို့နောက် ကျန်းချဲ့က ဆက်ပြောလိုက်သည်။
"တပ်မှူးချုပ်ကျူးရဲ့ အမြင်မှာတော့... ဝေါ့ဟူတောင်က ဓားပြတွေက တောင်နက်ကြီးထဲမှာ ပုန်းနေပေမဲ့ သူတို့ဆီမှာ ရိက္ခာတွေ၊ လက်နက်တွေ လုံးဝ ပြတ်လပ်သွားတာ မရှိဘူး... အဲဒီတော့ နောက်ကွယ်မှာ သူတို့နဲ့ လျှို့ဝှက် အရောင်းအဝယ် လုပ်နေတဲ့သူ သေချာပေါက် ရှိရမယ်... ပြီးတော့ ရေကြောင်းကုန်သွယ်ရေးဂိုဏ်းက အဲဒီလို လုပ်နိုင်စွမ်း အရှိဆုံးပဲ... ဂိုဏ်းချုပ် စဉ်းစားကြည့်ပါဦး... တပ်မှူးချုပ်ကျူး ဒေါသထွက်သင့်တယ် မဟုတ်လား..."
ကျန်းချဲ့က ခိုယွမ်ရှန်းကို စိုက်ကြည့်ကာ လေးနက်သော အသံဖြင့် ပြန်လည် မေးခွန်းထုတ်လိုက်သည်။
ခိုယွမ်ရှန်းမှာ တိတ်ဆိတ်သွားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ကျန်းချဲ့၏ ခန့်မှန်းချက်က လုံးဝ မှန်ကန်နေသောကြောင့်ပင်။ ရေကြောင်းကုန်သွယ်ရေးဂိုဏ်းနှင့် ဝေါ့ဟူတောင်မှ ဓားပြများကြားတွင် အလွန် ရင်းနှီးသော အဆက်အသွယ်များ ရှိပြီး တစ်ဖက်လူမှာ ရေကြောင်းကုန်သွယ်ရေးဂိုဏ်း၏ အကြီးမားဆုံး မဟာမိတ်များထဲမှ တစ်ခု ဖြစ်ပေသည်။
"ဒီကိစ္စက... ရေကြောင်းကုန်သွယ်ရေးဂိုဏ်းနဲ့ ဘာမှ မဆိုင်ပါဘူး..."
အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ခိုယွမ်ရှန်းက ပြန်ဖြေလိုက်သည်။
"အဲဒါက ဂိုဏ်းချုပ် ပြောလို့ မရပါဘူး... တပ်မှူးချုပ်ကျူးက ဒီလိုပဲလို့ သတ်မှတ်ထားပြီးပြီ..."
"ဒါဆိုရင် ဘယ်လို လုပ်ရမလဲ..."
ခိုယွမ်ရှန်း၏ မျက်နှာက အနည်းငယ် မည်းမှောင်သွားခဲ့သည်။ အကယ်၍ အာဏာရှိသော တပ်မှူးချုပ် တစ်ယောက်၏ ပစ်မှတ်ထားခြင်းကို ခံရပါက ရေကြောင်းကုန်သွယ်ရေးဂိုဏ်း အနေဖြင့် နောက်ပိုင်းတွင် အလွန် နေထိုင်ရ ခက်ခဲသွားမည် ဖြစ်သည်။ ခရိုင်ဝန်နှင့် ပူးပေါင်းကာ ယခင် တပ်မှူးချုပ်ကို မောင်းထုတ်နိုင်ခဲ့သော်လည်း...
ယခု တပ်မှူးချုပ်ကျူးကိုလည်း မောင်းထုတ်နိုင်မည်ဟု အာမမခံနိုင်ပေ။
သူတို့က ဒေသခံ အင်အားစုတွေ ဖြစ်တာ မှန်ပေမဲ့ အရာရာတိုင်းကို လွန်လွန်ကျွံကျွံ လုပ်လို့တော့ မရဘူးလေ...
စကားအပြန်အလှန် ပြောဆိုနေရင်းမှ အခြေအနေ တစ်ရပ်လုံးကို ကျန်းချဲ့က ထိန်းချုပ်သွားနိုင်ခဲ့ပြီ ဖြစ်သည်။ သူက ရေကြောင်းကုန်သွယ်ရေးဂိုဏ်း အတွက် အလွန် စိုးရိမ်ပူပန်နေသည့်ဟန်ဖြင့် မျက်နှာကို တည်တင်းထားလိုက်ပြီး -
"ဒီကိစ္စကို ဖြေရှင်းဖို့ နည်းလမ်း မရှိတာတော့ မဟုတ်ပါဘူး..."
"ဘယ်လို နည်းလမ်းလဲ..."
"တပ်မှူးချုပ်ကျူး အနေနဲ့ ရေကြောင်းကုန်သွယ်ရေးဂိုဏ်းနဲ့ ဝေါ့ဟူတောင်က ဓားပြတွေကြားမှာ ဘာပတ်သက်မှုမှ မရှိဘူးဆိုတာ သိသွားရင် ရပါပြီ..."
"အဲဒါက..."
"ဒါပေမဲ့ ဒီကိစ္စက ပြောရလွယ်ပေမဲ့ တကယ်လုပ်ဖို့ကျတော့ ခက်တယ်ဗျ... ပြီးတော့ အခု တပ်မှူးချုပ်ကျူးက ရာထူးအသစ်နဲ့ အရှိန်အဝါ ကြီးနေတဲ့ အချိန်ဆိုတော့... အကယ်လို့ ရေကြောင်းကုန်သွယ်ရေးဂိုဏ်းက သည်းမခံနိုင်ဘဲ တပ်မှူးချုပ်ကို ဆန့်ကျင်မယ် ဆိုရင်... အခြေအနေက ဘယ်လောက်ထိ ဆိုးရွားသွားမလဲ ဆိုတာကိုတော့ ကျွန်တော်လည်း အာမမခံရဲဘူး..."
"ဒါဆို ဒီအတိုင်း လက်ပိုက်ကြည့်နေရမှာလား..."
ခိုယွမ်ရှန်းက ကျန်းချဲ့ကို စိုက်ကြည့်လိုက်သည်။ သူက ရိုးရိုးရှင်းရှင်း သိုင်းသမား ဘဝမှ တက်လာသူ ဖြစ်ပြီး ယခုအခါ ဇိမ်ကျကျ နေထိုင်ရန် ကျင့်သားရနေပြီ ဖြစ်သော်လည်း သူ၏ သွေးထဲရှိ ရိုင်းစိုင်းသော စရိုက်ကတော့ ပျောက်ကွယ်သွားခြင်း မရှိသေးပေ။ အကယ်၍ တပ်မှူးချုပ်ကျူးကသာ အလွန်အကျွံ အနိုင်ကျင့်လာပါက သူကလည်း ပြန်လည် မခုခံနိုင်စွမ်း မရှိသည်တော့ မဟုတ်ပေ။
"သေချာပေါက် မဟုတ်ဘူးလေ... ကျွန်တော်က ကြားထဲကနေ ဝင်ပြီး ညှိနှိုင်းပေးမယ်ဆိုရင်... တပ်မှူးချုပ်ကျူးက သိပ်ပြီး လွန်လွန်ကျွံကျွံ လုပ်မှာ မဟုတ်ပါဘူး... ဒါပေမဲ့ အပြင်ပန်း အနေနဲ့တော့ ကျွန်တော် မလွှဲမရှောင်သာ လုပ်ရမယ့် ကိစ္စလေးတွေ ရှိတယ်... ဒီနေ့ကိစ္စလိုမျိုးပေါ့... အကယ်လို့ ကျွန်တော်ကသာ ပြဿနာ သွားမရှာဘူးဆိုရင်...
တပ်မှူးချုပ်ကျူးက ကျွန်တော့်ရဲ့ သစ္စာရှိမှုကို သံသယ ဝင်သွားမှာပေါ့... အစ်ကိုခိုကလည်း ကျွန်တော့်ကို နားလည်ပေးပါဦးဗျာ..."
ကျန်းချဲ့က သူကိုယ်တိုင်လည်း အကျပ်ရိုက်နေသည့်ဟန်ဖြင့် မတတ်သာသော မျက်နှာထားဖြင့် ပြန်ပြောလိုက်သည်။
ခိုယွမ်ရှန်း အနေဖြင့် ကျန်းချဲ့၏ စကားများကို ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ သူက ပြန်လည် မေးခွန်းထုတ်လိုက်သည်။
"ဒီနေ့ ကိစ္စကို ထားလိုက်တော့... ဒါပေမဲ့ မင်း သိမ်းသွားတဲ့ ကုန်ပစ္စည်းတွေကို ဘယ်တော့ ပြန်ပေးမှာလဲ..."
"ဒီကိစ္စက လွယ်တယ်ဆိုရင်လည်း လွယ်တယ်... ခက်တယ်ဆိုရင်လည်း ခက်တယ်..."
ကျန်းချဲ့က မျက်နှာကို ရှုံ့မဲ့ကာ ပြန်ဖြေလိုက်သည်။
"ရှိတာ တိုက်ရိုက်သာ ပြောပါ..."
"တပ်မှူးချုပ်ကျူးကသာ အမိန့်ပေးလိုက်ရင်... အဲဒီ ကုန်ပစ္စည်းတွေကို အစ်ကို အချိန်မရွေး လာယူသွားလို့ ရပါတယ်... ဒါပေမဲ့ ပြဿနာက တပ်မှူးချုပ်ကျူးက အမိန့်မပေးသေးသရွေ့... ကျွန်တော်ကလည်း အစ်ကိုတို့ကို ပြန်မပေးရဲဘူးလေ..."
ကျန်းချဲ့က စကားအပိုများဖြင့် လှည့်စားလိုက်ပြန်သည်။
"တခြား နည်းလမ်း လုံးဝ မရှိတော့ဘူးလား..."
"နည်းလမ်း မရှိတာတော့ မဟုတ်ပါဘူး..."
"ပြောလေ..."
"အခု တပ်မှူးချုပ်ကျူးက ပစ္စည်းတချို့ကို အရေးတကြီး လိုအပ်နေတယ်... အကယ်လို့ ဂိုဏ်းချုပ်ကသာ အဲဒီပစ္စည်းတွေကို ရှာပေးနိုင်မယ်ဆိုရင်... ကျွန်တော်လည်း ကြားထဲကနေ ကူညီပေးလို့ ရပြီပေါ့... ဒီရန်ငြိုးတွေကို ပြေလည်အောင် ရှင်းဖို့ဆိုတာ သိပ်ခက်တဲ့ ကိစ္စ မဟုတ်တော့ဘူးလေ..."
ကျန်းချဲ့က မျက်နှာပေါ်တွင် အပြုံးတစ်ခုကို ဖန်တီးထားပြီး ရေကြောင်းကုန်သွယ်ရေးဂိုဏ်း ဆိုသည့် သိုးကြီးထံမှ သိုးမွေး အများကြီး ညှပ်ရန် ပြင်ဆင်လိုက်တော့သည်။