← Chapters

အခန်း ၄၃

Vol. 5 Ch. 43

အခန်း ၄၃

Vol. 5 Ch. 43

အခန်း (၄၃) ပူးပေါင်းကြံစည်မှု

"တပ်မှူးချုပ်ကျူးက ဘာတွေ လိုချင်နေတာလဲ..."

ကျန်းချဲ့၏ စကားများအပေါ် ခိုယွမ်ရှန်းက တစ်ဝက်ယုံ၊ တစ်ဝက်မယုံ ဖြစ်နေပေသည်။ တစ်ဖက်လူက ဤအခွင့်အရေးကို အသုံးချကာ အမြတ်ထုတ်ရန် ကြိုးစားနေသည်ဟု သူ ခံစားမိသည်။ မည်သို့ပင်ဖြစ်စေ ကျန်းချဲ့ အပေါ် ယခင်က သင်ခန်းစာ ရှိထားပြီး ဖြစ်ရာ သူက အပြည့်အဝ ယုံကြည်မည် မဟုတ်ပေ။

'ဒါပေမဲ့ ဒါက အရေးကြီးလို့လား... ဘာပဲဖြစ်ဖြစ် ကိုယ့်ရည်မှန်းချက် အောင်မြင်ဖို့က အဓိကပဲလေ...'

"တပ်မှူးချုပ်ကျူးက အခု အရည်အသွေး ကောင်းမွန်တဲ့ အလောင်းသွေးမှို တစ်ပွင့်ရယ်၊ အလွန် ကောင်းမွန်တဲ့ ယင်ရှာ မိစ္ဆာစွမ်းအင် ကိန်းအောင်းနေတဲ့ နေရာတစ်ခုရယ်ကို အရေးတကြီး လိုအပ်နေပါတယ်... အကယ်လို့ ဂိုဏ်းချုပ်ခိုသာ အဲဒီအရာတွေကို ရှာပေးနိုင်မယ်ဆိုရင်... အထင်လွဲမှားမှု အနည်းငယ်လောက်ကိုတော့ သေချာပေါက် ဖြေရှင်းပေးနိုင်မယ်လို့ ယုံကြည်ပါတယ်..."

ကျန်းချဲ့၏ မျက်နှာက လွန်စွာ ရိုးသားပွင့်လင်းနေပြီး လုံးဝ ဟန်ဆောင်နေသည့်ပုံ မပေါ်ပေ။

"အလောင်းသွေးမှို... ယင်ရှာ မိစ္ဆာစွမ်းအင် ကိန်းအောင်းနေတဲ့ နေရာ..." ခိုယွမ်ရှန်းက ခပ်တိုးတိုး ရေရွတ်လိုက်ပြီးနောက် ကျန်းချဲ့ကို စိုက်ကြည့်ကာ မေးလိုက်သည်။

"ဒီအရာတွေက မိစ္ဆာဂိုဏ်းက လူတွေအတွက်သာ အသုံးဝင်တဲ့ ပစ္စည်းတွေပဲ... တပ်မှူးချုပ်ကျူး အတွက်ကျတော့ သိပ်အသုံးမဝင်လောက်ဘူး ထင်တယ်..."

"အဲဒါကိုတော့ ကျွန်တော်လည်း မသိဘူးဗျ... တပ်မှူးချုပ်ကျူးက အရမ်း အရေးတကြီး လိုအပ်နေပြီး ကျွန်တော့်ကို အထူးတလည် ရှာခိုင်းထားတယ် ဆိုတာကိုပဲ သိတယ်..."

စကားများလေ အမှားပါလေ ဖြစ်မည်ကို စိုးရိမ်သဖြင့် ကျန်းချဲ့က အများကြီး ဆက်မရှင်းပြတော့ပေ။

"ငါ ပြန်ပြီး နည်းလမ်းရှာကြည့်လိုက်ပါ့မယ်... သတင်းတစ်ခုခု ရရင် မင်းကို အကြောင်းကြားမယ်..."

ခိုယွမ်ရှန်းက မတ်တတ်ရပ်လိုက်သည်။ သူ၏ မျက်နှာက တည်ငြိမ်နေပြီး ကျန်းချဲ့၏ စကားများကို ယုံကြည်သွားခြင်း ရှိမရှိ ဆိုသည်ကို လုံးဝ ခန့်မှန်း၍ မရနိုင်ပေ။

"ဂိုဏ်းချုပ်ခို ဖြည်းဖြည်းသွားပါ..."

ကျန်းချဲ့က လက်ယှက်ကာ နှုတ်ဆက်လိုက်ပြီး တစ်ဖက်လူ ထွက်သွားပြီးမှသာ သူ၏ မျက်နှာပေါ်ရှိ အပြုံးများက တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။

သူ၏ စွမ်းအားက အလွန် အားနည်းနေသေးသည်။ ခိုယွမ်ရှန်းကဲ့သို့သော အင်အားကြီးသူ ရုတ်တရက် ဝင်လာပါက ဤကဲ့သို့သော နည်းလမ်းဖြင့်သာ ယာယီ ဖြေရှင်းနိုင်ပေသည်။

'ကြမ္မာသုံးပါး ထိတ်လန့်ဖွယ် ဓားသိုင်းကို မြန်မြန် ယဇ်ပူဇော်ပြီး လေ့ကျင့်ဖို့ အချိန်ဆွဲနေလို့ မရတော့ဘူး...'

ရေကြောင်းကုန်သွယ်ရေးဂိုဏ်း ဌာနချုပ်သို့ ပြန်ရောက်သောအခါ...

ခိုယွမ်ရှန်း၏ ရင်ထဲတွင် သံသယများ လျော့ကျသွားခြင်း မရှိသေးပေ။ သူက မျက်မှောင်ကြုတ်ကာ အခန်းတံခါးကို တွန်းဖွင့်လိုက်သည်။ ကျန်းချဲ့ တောင်းဆိုသော ပစ္စည်းများမှာ တပ်မှူးချုပ်ကျူး သဘောကျမည့် ပစ္စည်းများနှင့် လုံးဝ မတူညီသကဲ့သို့ ခံစားနေရသည်။

'တပ်မှူးချုပ်ကျူးကများ တိတ်တဆိတ် မိစ္ဆာကျင့်စဉ်တွေကို လေ့ကျင့်နေတာလား...'

'မဖြစ်နိုင်ပါဘူးလေ...'

သူ စုဆောင်းထားသော သတင်းအချက်အလက် အများအပြားအရ... တပ်မှူးချုပ်ကျူးမှာ အလွန် တည်ငြိမ်ပြီး အရာရာကို သေချာ စဉ်းစားတွက်ချက်ပြီးမှ လုပ်ဆောင်တတ်သော စရိုက်ရှိသူ ဖြစ်ပေသည်။

"သခင်ကြီး... ပြန်လာပြီလား..."

ကုတင်ပေါ်တွင်...

အလွန် ပါးလွှာသော အနီရောင် ဂါဝန်ကို ဝတ်ဆင်ထားသည့် ရင့်ကျက်လှပသော အမျိုးသမီး တစ်ယောက်က ထိုင်လိုက်သည်။ သူမ၏ ဖြူဖွေးဝင်းမွတ်နေသော ခြေတံရှည်များကို ဖော်ပြထားပြီး ဥကျည်ဆန် မျက်နှာနှင့် ဆွဲဆောင်မှု အပြည့်ရှိသော မျက်လုံးများက အလွန် လှပလွန်းလှသည်။ အသက် သုံးဆယ်ကျော် အရွယ်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း သူမ၏ အလှအပမှာ လုံးဝ လျော့ကျသွားခြင်း မရှိပေ။

"သခင်မ ဘာလို့ မအိပ်သေးတာလဲ..."

ခိုယွမ်ရှန်း၏ မျက်နှာပေါ်ရှိ စိုးရိမ်မှုများက အပြုံးများ အဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားခဲ့သည်။ သူက အလွန် ဂရုစိုက်တတ်သူ ပီပီ ဇနီးဖြစ်သူအတွက် ရေနွေးတစ်ခွက် ငှဲ့ကာ ကုတင်ဘေးသို့ ယူသွားပေးလိုက်သည်။ ဤအမျိုးသမီးမှာ ပြီးခဲ့သည့် နှစ်များအတွင်း သူ အချစ်ရဆုံး ဇနီးပင် ဖြစ်သည်။

"သခင်ကြီး မလာသေးဘဲနဲ့... ကျွန်မ ဘယ်လိုလုပ် အိပ်ပျော်မှာလဲ... စောစောက သခင်ကြီးရဲ့ မျက်နှာမှာ စိုးရိမ်နေတဲ့ ပုံပေါက်နေတယ်... တစ်ခုခု ပြဿနာ ရှိလို့လား..."

ဂိုဏ်းချုပ်ကတော်ယွီက တိုးညှင်းသော လေသံဖြင့် မေးလိုက်သည်။

ခိုယွမ်ရှန်းက ခေါင်းညိတ်ပြလိုက်သည်။ သူနှင့် ဇနီးဖြစ်သူမှာ နှစ်ပေါင်းများစွာ အပြန်အလှန် ဖေးမကူညီလာခဲ့ကြသူများ ဖြစ်သဖြင့် သူတို့ကြားတွင် လျှို့ဝှက်ချက်များ သိပ်မရှိပေ။ ထို့ကြောင့် ကျန်းချဲ့နှင့် တပ်မှူးချုပ်ကျူးတို့၏ ကိစ္စများကို အားလုံး ဖွင့်ပြောပြလိုက်သည်။

ထိုအကြောင်းများကို ကြားလိုက်ရသောအခါ ဂိုဏ်းချုပ်ကတော်ယွီက သက်ပြင်းတစ်ချက် ချလိုက်ပြီး အားနာနေသည့်ဟန်ဖြင့် ပြန်ပြောလိုက်သည်။

"သခင်ကြီး... ဒီကိစ္စက တကယ်တော့... ကျွန်မကြောင့်ပါ..."

"သခင်မကြောင့်... ဘာလို့လဲ..."

ခိုယွမ်ရှန်းမှာ အခြေအနေကို နားမလည်နိုင်အောင် ဖြစ်သွားခဲ့သည်။ ဤကိစ္စက သူ၏ ဇနီးဖြစ်သူနှင့် ဘယ်လိုလုပ်ပြီး ပတ်သက်သွားရသနည်း။

"ကျန်းချဲ့ လုပ်နေတဲ့ ကိစ္စတွေ အကုန်လုံးက... ကျွန်မကို ပစ်မှတ်ထားပြီး လုပ်နေတာပါ..."

ဂိုဏ်းချုပ်ကတော်ယွီက ခေါင်းမော့လိုက်ပြီး သူမ၏ မျက်လုံးများထဲတွင် မျက်ရည်များ ဝဲတက်လာခဲ့သည်။

ယနေ့တွင် ယွီကျုံးဖိန်၏ ဇနီး ဝမ်ရှို့ချင်က သူမထံသို့ လာရောက်ကာ ဝမ်ချန်အန်း သေဆုံးသွားသည့် ကိစ္စနှင့် ကျန်းချဲ့၏ ကိစ္စ အားလုံးကို ပြောပြခဲ့ပြီး သူမ၏ မောင်လေးအတွက် သွေးကြွေးဆပ်ပေးရန် တောင်းဆိုခဲ့သည်။

ထိုအချိန်က ဂိုဏ်းချုပ်ကတော်ယွီမှာ အလွန် ထိတ်လန့်သွားခဲ့ပြီး မျက်နှာ အရောင်ပင် ပြောင်းသွားခဲ့သည်။

အရန်စစ်တပ်ထဲသို့ ရောက်သွားသော ကျန်းချဲ့မှာ မသေဆုံးသွားခဲ့သည့်အပြင် ရုတ်တရက် အနောက်မြို့နယ် ဒုတိယတပ်မှူး အဖြစ် ရာထူးတက်လာပြီး ဝမ်ချန်အန်းကိုပါ တိုက်ရိုက် ပြဿနာ လာရှာလိမ့်မည်ဟု သူမ လုံးဝ ထင်မှတ်မထားခဲ့ပေ။

ထိုသို့ဆိုလျှင် မကြာမီ သူမကိုလည်း ဆက်လက် စုံစမ်းလာတော့မည် ဖြစ်သည်။

သေချာ စဉ်းစားကြည့်ပြီးနောက် ကျန်းချဲ့ကို ဖယ်ရှားလိုပါက ခိုယွမ်ရှန်းကိုသာ အားကိုးရမည် ဖြစ်ကြောင်း ဂိုဏ်းချုပ်ကတော်ယွီ ကောင်းစွာ သဘောပေါက်သွားခဲ့သည်။ ယခင်ကကဲ့သို့ ကျန်းချဲ့ကို သူ့အဖေ သွားခဲ့သည့် လမ်းစဉ်အတိုင်း သေလမ်းသို့ ဖြည်းဖြည်းချင်း တွန်းပို့ရန် လုံးဝ မဖြစ်နိုင်တော့ပေ။

'ကျားကို မွေးထားမိသလို ဖြစ်သွားခဲ့ပြီ...'

ကျန်းချဲ့က အင်အား ကြီးမားလာပြီ ဖြစ်ရာ သူမ၏ နည်းလမ်းများဖြင့် ကျန်းချဲ့ကို ရင်ဆိုင်ရန်မှာ လုံးဝ မလွယ်ကူတော့ပေ။ ထို့ကြောင့် ခိုယွမ်ရှန်းကို အားလုံး ဖွင့်ပြောပြမှသာ သူမ မထိန်းချုပ်နိုင်သော အခြေအနေများ ပေါ်ပေါက်လာမည် မဟုတ်ပေ။

"ဘယ်လို ဖြစ်ရတာလဲ..."

ခိုယွမ်ရှန်း၏ မျက်နှာက မည်းမှောင်သွားခဲ့သည်။

"လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်တုန်းက..."

ဂိုဏ်းချုပ်ကတော်ယွီက သူမနှင့် ကျန်းချဲ့တို့ကြားမှ ရန်ငြိုးများ အားလုံးကို ပြောပြလိုက်သည်။

ထိုစဉ်က ကျန်းမိသားစုနှင့် ယွီမိသားစုမှာ ယန်ဂူခရိုင်ရှိ ချမ်းသာသော မိသားစုများ ဖြစ်ကြသည်။ နံပါတ်တစ်၊ နံပါတ်နှစ် မဟုတ်လျှင်တောင်မှ နာမည်ဂုဏ်သတင်း အလွန် ကြီးမားခဲ့ကြသည်။

သို့သော် နောက်ပိုင်းတွင် စီးပွားရေး ကိစ္စတစ်ခုကြောင့် မိသားစု နှစ်ခုကြားတွင် ရန်ငြိုးများ ကြီးထွားလာခဲ့သည်။

နောက်ဆုံးတွင် ယွီမိသားစုမှာ ကျန်းမိသားစု၏ တိုက်ခိုက်မှုကြောင့် ပြိုလဲသွားခဲ့ပြီး မိသားစုတစ်ခုလုံး ပျက်စီးသွားခဲ့သည်။ ထို့ကြောင့် သူမမှာ နာမည်ပြောင်းကာ ပြည့်တန်ဆာရုံသို့ ရောင်းစားခံခဲ့ရပြီး သူမ၏ ဖခင်မှာလည်း ကျန်းချဲ့၏ အဘိုးဖြစ်သူက ခရိုင်အတွင်းမှ အဆက်အသွယ်များကို အသုံးပြုကာ အရန်စစ်တပ်ထဲသို့ အတင်းအကျပ် ပို့ဆောင်လိုက်ခြင်း ခံခဲ့ရသည်။

ထို့နောက် နယ်စပ်တွင် သေဆုံးသွားခဲ့ပြီး သတင်းအစအနပင် မရတော့ပေ။

သူမက ထိုရန်ငြိုးများကို ရင်ဘတ်ထဲတွင် သိမ်းဆည်းထားပြီး တစ်နေ့နေ့တွင် ကလဲ့စားချေနိုင်ရန် အမြဲတမ်း မျှော်လင့်နေခဲ့သည်။

သို့သော် နောက်ဆုံးတွင် သူမက ခိုယွမ်ရှန်းနှင့် လက်ထပ်လိုက်ရပြီး ကလဲ့စားချေရန် စွမ်းအား ရှိလာသောအခါတွင်မူ ကျန်းမိသားစုမှာ စီးပွားပျက်ကာ ဆင်းရဲသွားခဲ့ပြီ ဖြစ်သည်။ ကျန်းမိသားစု တစ်ခုလုံးတွင် ငါးဖမ်းကာ အသက်မွေးဝမ်းကျောင်း ပြုနေရသော လူငယ်လေး ကျန်းချဲ့ တစ်ယောက်သာ ကျန်ရှိတော့သည်။

ထို့ကြောင့် သူမက ရန်ငြိုးများ အားလုံးကို ကျန်းချဲ့အပေါ်သို့ ပုံချလိုက်ပြီး အတိတ်က ဖြစ်ရပ်များကို ထပ်မံ ဖြစ်ပေါ်စေခဲ့သည်။

ဝမ်ချန်အန်းကို အသုံးပြုကာ ကျန်းချဲ့ကို အခြားလူအစား စစ်မှုထမ်းရန် စာရင်းသွင်းစေခဲ့ပြီး အရန်စစ်တပ်ထဲသို့ ပို့ဆောင်လိုက်သည်။ သို့သော် ကျန်းချဲ့ နယ်စပ်တွင် မသေဆုံးဘဲ နေမည်ကို စိုးရိမ်သဖြင့် အဆက်အသွယ် ရှာကာ စစ်မြေပြင်သို့ မထွက်ခွာမီကတည်းက သတ်ပစ်ရန် စီစဉ်ခဲ့သည်။

ဒါပေမဲ့ လအနည်းငယ် အကြာမှာ အခြေအနေက လုံးဝ ပြောင်းပြန် ဖြစ်သွားခဲ့တယ်...

'ဪ... ဒီလိုကိုး...'

ယခုမှသာ ခိုယွမ်ရှန်းက အရာအားလုံးကို သဘောပေါက်သွားခဲ့သည်။

ကျန်းချဲ့၏ ပစ်မှတ်က အစကတည်းက ရေကြောင်းကုန်သွယ်ရေးဂိုဏ်း ဖြစ်နေခဲ့သည်။ သူ ပေးလိုက်သော လက်ဆောင်များက လုံးဝ အသုံးမဝင်ခဲ့ပေ။

'ဒီကောင်လေးက ငါ့ပစ္စည်းတွေကို ယူပြီး... ငါ့ကို သတ်ဖို့ ကြံနေတာပဲ... တကယ်လို့ အလောင်းသွေးမှိုနဲ့ ယင်ရှာ မိစ္ဆာစွမ်းအင် ကိန်းအောင်းနေတဲ့ နေရာကို ရှာပေးလိုက်နိုင်ရင်တောင်မှ... တပ်မှူးချုပ်ကျူးရဲ့ လက်ထဲ ရောက်မှာ မဟုတ်ဘူး...'

"ခွေးကောင်..."

ခိုယွမ်ရှန်းက ဒေါသတကြီး ကျိန်ဆဲလိုက်သည်။

ကျန်းချဲ့က သူ့ကို အရူးတစ်ယောက်လို လှည့်စားနေခဲ့ခြင်းပင်။

"သခင်မ စိတ်ချပါ... ကျန်းချဲ့နဲ့ ယွီမိသားစုကြားမှာ သွေးကြွေး ရှိနေမှတော့... နောက်ပိုင်း သူ့ကို ကလဲ့စားချေဖို့ ကိုယ် သေချာပေါက် နည်းလမ်းရှာပေးပါ့မယ်..."

ခိုယွမ်ရှန်း အနေဖြင့် ကျန်းချဲ့ကို ယခုချက်ချင်း သတ်ပစ်လိုက်ချင်သော်လည်း အချိန်အခါ မသင့်သေးပေ။

ကျန်းချဲ့က တပ်မှူးချုပ်ကျူး၏ လူယုံ တစ်ယောက် ဖြစ်နေသည်။ ယခုမှ ရာထူးတက်လာသော တပ်မှူးချုပ်ကျူး၏ လူကို ချက်ချင်း သတ်ပစ်လိုက်ခြင်းက တပ်မှူးချုပ်ကျူး၏ မျက်နှာကို တိုက်ရိုက် ရိုက်ချလိုက်ခြင်းပင်။ ထိုသို့ဆိုပါက နောက်ဆက်တွဲ ပြဿနာများမှာ အလွန် ကြီးမားလာမည် ဖြစ်သည်။

ကျန်းချဲ့က ဤအချက်ကို သေချာပေါက် သိရှိထားသဖြင့် ရဲရဲတင်းတင်း လုပ်ရဲနေခြင်း ဖြစ်ပေမည်။

"သခင်ကြီးရဲ့ စိုးရိမ်မှုတွေကို ကျွန်မ နားလည်ပါတယ်... ဒါပေမဲ့ တပ်မှူးချုပ်ကျူးကို ချဉ်းကပ်ဖို့ ဆိုတာ ကျန်းချဲ့ တစ်ယောက်တည်းကနေ သွားလို့ရတာ မဟုတ်ပါဘူး..."

ရည်ရွယ်ချက် အောင်မြင်သွားပြီဖြစ်ရာ ဂိုဏ်းချုပ်ကတော်ယွီက ခိုယွမ်ရှန်းအတွက် 'ကူညီ' စဉ်းစားပေးလိုက်သည်။

"သခင်မ ဆိုလိုချင်တာက... လျိုကျစ်နဲ့ ဂိုပုရန်ကို ပြောချင်တာလား..."

"လျိုကျစ်ကိုတော့ လောလောဆယ် ချဉ်းကပ်ဖို့ ခက်လိမ့်မယ်... ဒါပေမဲ့ ဂိုပုရန်ကတော့ ရနိုင်ခြေ ရှိတယ်... သူက တပ်မှူးချုပ်ကျူးရဲ့ နောက်ကို လိုက်လာတာ နှစ်ပေါင်းများစွာ ရှိနေပြီဆိုတော့... တပ်မှူးချုပ်ကျူးရဲ့ ယုံကြည်မှုက ကျန်းချဲ့ထက် အများကြီး သာလွန်တယ်... ပြီးတော့ သူနဲ့ ကျန်းချဲ့ ကြားမှာလည်း သွေးကြွေး ရှိနေတယ်လေ... သူ့ကို အသုံးချပြီး တပ်မှူးချုပ်ကျူးကို ချဉ်းကပ်နိုင်တာပေါ့..."

ဂိုဏ်းချုပ်ကတော်ယွီက မျက်လုံးကို မှေးကျဉ်းကာ ပြောလိုက်သည်။

"ကောင်းပြီ... ဂိုဆိုတဲ့ ကောင်ဆီကို လူလွှတ်ပြီး စုံစမ်းခိုင်းလိုက်မယ်..."

ကျန်းချဲ့နှင့် ဂိုညီအစ်ကိုများကြားမှ ရန်ငြိုးများကို ခိုယွမ်ရှန်းလည်း သေချာပေါက် စုံစမ်းထားပြီး ဖြစ်သည်။ သို့သော် ထိုအချိန်က ကျန်းချဲ့ကို သိမ်းသွင်းရသည်မှာ ပို၍ လွယ်ကူမည်ဟု ထင်မြင်ခဲ့သောကြောင့် ကျန်းချဲ့ထံသို့ လက်ဆောင်များ ပို့ပေးခဲ့ခြင်း ဖြစ်သည်။

"အဲဒီလို လုပ်ဖို့ မလိုပါဘူး... ဂိုမိသားစုနဲ့ ကျွန်မတို့ ယွီမိသားစုက အရင်ကတည်းက အဆက်အသွယ် နည်းနည်း ရှိခဲ့တာ... ကျွန်မ သူ့ကို သေချာပေါက် သိမ်းသွင်းနိုင်ပါတယ်..."

ဂိုဏ်းချုပ်ကတော်ယွီက လေးနက်သော အသံဖြင့် ပြောလိုက်သည်။

အဆက်အသွယ် အနည်းငယ် ရှိခဲ့သောကြောင့်သာ ယခင်က သူမက ငွေကြေးသုံးကာ ဂိုပုရန်နှင့် အဆက်အသွယ် လုပ်ရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။

ဝမ်းနည်းစရာ ကောင်းသည်မှာ ထိုအချိန်က ဂိုပုယီက ကြားဖြတ် ဝင်ရောက်လာခဲ့သဖြင့် သူမ၏ အစီအစဉ်များ အားလုံး ပျက်စီးသွားခဲ့ရသည်။

ယနေ့တွင်မူ သူမက ဂိုပုရန်နှင့် တိတ်တဆိတ် တွေ့ဆုံခဲ့ပြီး ဖြစ်ကာ အပြန်အလှန် ဆွေးနွေးမှုများကလည်း အလွန် အဆင်ပြေခဲ့ပေသည်။

"ဒါ တကယ်လား..."

ခိုယွမ်ရှန်း၏ မျက်နှာပေါ်တွင် ဝမ်းသာသွားသည့် အရိပ်အယောင်များ ပေါ်လာခဲ့သည်။ ဂိုပုရန်၏ အာဏာက လျိုကျစ်ထက်ပင် ပိုမို ကြီးမားလှပေသည်။ တစ်မြို့လုံး၏ တပ်မှူး တစ်ယောက် ဖြစ်ရုံသာမက ခရိုင်အတွင်းရှိ လက်နက်တိုက်များကိုပါ အုပ်ချုပ်ခွင့် ရထားသူ ဖြစ်ရာ သူ၏ အာဏာက ခရိုင်တစ်ခုလုံးတွင် ထိပ်တန်း ငါးယောက်စာရင်း ဝင်ပေသည်။

"ဒါပေမဲ့... သူက အပေးအယူ တစ်ခုတော့ တောင်းဆိုထားတယ်..."

"ဘာအပေးအယူလဲ..."

"ကျန်းချဲ့ကို သတ်ပြီး... သူ့ညီရဲ့ ဝိညာဉ်ကို ပူဇော်ပေးရမယ် တဲ့…”

All Chapters