အခန်း ၄၅
Vol. 5 Ch. 45
အခန်း (၄၅) ကြီးမားသော အမြတ်အစွန်း
"တပ်မှူးကျန်း... မင်း ငါ့အပေါ် အထင်လွဲနေတာတွေ ရှိတယ်ဆိုတာ ငါ သိပါတယ်... ဒါပေမဲ့ ငါတို့က အခု တစ်လှေတည်း စီးနေပြီဆိုတာ မင်းကို သိစေချင်တယ်... ကိုယ့်အချင်းချင်း ပြဿနာ ရှာနေမယ်ဆိုရင် ပြင်ပလူတွေ ဝင်ပါဖို့ အခွင့်အရေး ပေးလိုက်သလို ဖြစ်သွားလိမ့်မယ်..."
ဖုန်းတပ်ဖွဲ့၏ အဖွဲ့ငယ် ဆွေးနွေးပွဲ ပြီးဆုံးသွားပြီးနောက် ဂိုပုရန်တို့ သုံးယောက် အတူတူ ထွက်လာခဲ့ကြသည်။ အခန်းတံခါးပေါက်သို့ ရောက်သောအခါ ဂိုပုရန်က ခြေလှမ်းရပ်ကာ ကျန်းချဲ့ကို ခေါ်ပြီး ဤစကားများကို ပြောလိုက်သည်။
"တပ်မှူးဂိုက ညီဖြစ်သူရဲ့ သွေးကြွေးကို မေ့လိုက်ပြီလား..."
ကျန်းချဲ့က မျက်နှာပေါ်တွင် ပြုံးစစဖြင့် ပြန်လည် မေးခွန်းထုတ်လိုက်သည်။
"ပုယီက သူလုပ်တဲ့ အပြစ် သူခံရတာပါ... အလုပ်လုပ်တဲ့ အခါမှာ အရမ်း လွန်လွန်ကျွံကျွံ မလုပ်ဖို့ ငါ အရင်ကတည်းက သူ့ကို အကြိမ်ကြိမ် သတိပေးခဲ့တယ်... ငါ ထင်တဲ့အတိုင်းပဲ နောက်ဆုံးတော့ သူ မင်းလက်ထဲမှာ သေသွားခဲ့တယ်... မမုန်းဘူးလို့ ပြောရင်တောင် မင်း ယုံမှာ မဟုတ်ဘူးလေ..."
"ဒါပေမဲ့ ဘယ်လောက်ပဲ မုန်းမုန်း... လောလောဆယ် ခြေကုပ်ရအောင် အရင်ယူပြီး နောက်မှ မင်းနဲ့ငါ လူကြီးလူကောင်းဆန်ဆန် ပြိုင်ကြတာပေါ့... အဲဒီကျရင်တော့ အတိတ်က ရန်ငြိုးတွေ အကုန်လုံး ပြေလည်သွားပြီလို့ သတ်မှတ်လိုက်မယ်... ဘယ်လိုလဲ..."
ဂိုပုရန်က ရှေ့ကို စိုက်ကြည့်ရင်း လေးနက်သော အသံဖြင့် ပြောလိုက်သည်။ သူ၏ မျက်နှာပေါ်တွင် ဟန်ဆောင်နေသည့်ပုံ လုံးဝ မပေါ်ပေ။
ကျန်းချဲ့က မျက်လုံးကို မှေးကျဉ်းလိုက်ပြီးနောက် ခေါင်းညိတ်လိုက်သည်။
"အဲဒီလိုဆို အကောင်းဆုံးပေါ့..."
"မသွားခင်မှာ မင်းကို စကားတစ်ခွန်းလောက် လက်ဆောင် ပေးခဲ့ပါရစေ... တစ်ခါတလေ အရမ်း ထင်ပေါ်နေတာက ကောင်းတဲ့ ကိစ္စ မဟုတ်ဘူး... ယန်ဂူခရိုင်ရဲ့ ရေက တော်တော် နက်တယ်... မင်း ထိန်းနိုင်မှာ မဟုတ်ဘူး..."
ဂိုပုရန်က ကျန်းချဲ့ကို ပြုံးပြလိုက်ပြီးနောက် လှည့်ထွက်သွားတော့သည်။
ကျူးအိမ်တော် တံခါးဝတွင် ကျန်းချဲ့နှင့် လျိုကျစ်တို့ နှစ်ယောက်က တစ်ဖက်လူ ထွက်သွားသည်ကို ကြည့်နေကြသည်။
"တပ်မှူးဂို ပြောသွားတဲ့ စကားတွေကို တပ်မှူးလျို ဘယ်လို မြင်လဲ..."
ကျန်းချဲ့က လျိုကျစ်ကို တစ်ချက် ကြည့်လိုက်သည်။
လျိုကျစ်က အချိန်အနည်းငယ်ခန့် စဉ်းစားနေပြီးနောက် ကျူးအိမ်တော်ကို တစ်ချက် လှည့်ကြည့်ကာ ဘာမှ မပြောတော့ဘဲ ကျန်းချဲ့ကို ဆွဲ၍ အတန်ကြာ လမ်းလျှောက်ပြီးမှသာ စကားစလိုက်သည်။
"သူ ပြောသွားတဲ့ စကားတွေက တကယ်တော့ ငါ မင်းကို သတိပေးချင်တဲ့ စကားတွေပဲ... သစ်ပင်က တခြားအပင်တွေထက် ပိုမြင့်နေရင် လေတိုက်ခံရမှာပဲလေ... မင်းရဲ့ သိုင်းပါရမီက အရမ်းကောင်းပြီး တပ်မှူးချုပ်ကျူးရဲ့ ယုံကြည်မှုကိုလည်း ရထားတယ်..."
"ဒါပေမဲ့ တပ်မှူးချုပ်ကျူးက မင်းကို အရေးမလုပ်တော့ဘူး ဆိုရင် ဘယ်လို လုပ်မလဲလို့ မင်း စဉ်းစားဖူးလား... အခု မင်း ဒီလောက် မောက်မာနေတာက တပ်မှူးချုပ်ကျူး ရာထူးတက်စမှာ သုံးဖို့ သေချာ သွေးထားတဲ့ ဓားတစ်လက် ဖြစ်နေလို့ပဲ..."
"ဓားဆိုတာက တခြားလူကိုလည်း ဒဏ်ရာရစေနိုင်သလို ကိုယ့်ကိုယ်ကိုယ်လည်း ဒဏ်ရာရစေနိုင်တယ်... အကယ်လို့ တပ်မှူးချုပ်ကျူးက မင်းကို မလိုအပ်တော့ဘူး ဆိုရင်... ဒါမှမဟုတ် မင်းကိုသုံးပြီး ပိုကြီးမားတဲ့ အကျိုးအမြတ်တစ်ခု ရယူမယ် ဆိုရင်... သူ ဘယ်လို လုပ်မယ်ဆိုတာ မင်း သိလား..."
"ကျွန်တော့်ကို ကိုယ်တိုင် ချိုးဖျက်ပစ်မှာပေါ့..."
ကျန်းချဲ့က လေးနက်စွာ ပြန်ဖြေလိုက်သည်။
"မင်း နားလည်ရင် ရပါပြီ... ကြိုပြီးတော့လည်း ပြင်ဆင်ထားပေါ့... အရင်တုန်းက တပ်မှူးချုပ်ကျူးက မင်းကို သမက်တော်ချင်တဲ့ ပုံပေါက်နေတယ်လို့ ငါ ထင်ခဲ့တာ... ဒါပေမဲ့ အခု ကြည့်ရတာ သူ့ရဲ့ သဘောထားက နည်းနည်း ပြောင်းလဲသွားသလိုပဲ..."
လျိုကျစ်ကလည်း အလွန် လည်လွန်းသူ ဖြစ်ရာ သေးငယ်သော အသေးစိတ် အချက်အလက်လေးများကို သတိထားမိနေပေသည်။
ကျန်းချဲ့ကတော့ အကြောင်းရင်းကို ကောင်းစွာ သိရှိပေသည်။ အဘယ်ကြောင့်ဆိုသော် သူက ကျူးချင်ချင်ကို ငြင်းပယ်ခဲ့သောကြောင့်ပင်။
"ဂိုပုရန်နဲ့ ပတ်သက်ပြီးတော့ မင်း အခုချိန်ကစပြီး သတိပိုထားရမယ်..."
လျိုကျစ်က စကားလမ်းကြောင်း လွှဲလိုက်သည်။
"ဘာဖြစ်လို့လဲ..."
"အရင်တုန်းက ဂိုပုရန်က အဲဒီလောက် အရည်အချင်း မရှိဘူးလို့ ငါ ထင်ခဲ့တာ... သူက အလုပ်သက်တမ်း ကြာလို့သာ ဖုန်းတပ်ဖွဲ့မှာ အောင်မြင်နေတာလို့ ထင်ခဲ့တာ... ဒါပေမဲ့ အခုတော့ မတူတော့ဘူး... ညီဖြစ်သူ သေသွားတဲ့ သွေးကြွေးကိုတောင် ခဏလောက် ဘေးဖယ်ထားနိုင်တဲ့ လူတစ်ယောက်ရဲ့ ရည်မှန်းချက်က တော်တော် ကြီးမားလိမ့်မယ်..."
"ငယ်သား နားလည်ပါတယ်..."
အစကတည်းက ကျန်းချဲ့ အနေဖြင့် လုံးဝ ပေါ့လျော့နေခြင်း မရှိပေ။
တစ်ဖက်လူက ဂရုမစိုက်သလို ဟန်ဆောင်လေလေ၊ သူက ပိုပြီး သတိထားလေလေ ဖြစ်ပေသည်။
"ရေကြောင်းကုန်သွယ်ရေးဂိုဏ်းကနေ သိမ်းလာတဲ့ ကုန်ပစ္စည်းတွေကို မင်း ဘယ်လို စီစဉ်မလို့လဲ..."
သူတို့နှစ်ယောက် စကားပြောနေရင်းဖြင့် ကျန်းချဲ့က ရေကြောင်းကုန်သွယ်ရေးဂိုဏ်း ဆိပ်ကမ်းတွင် ပြဿနာ ရှာခဲ့သည့် အကြောင်းသို့ ရောက်ရှိသွားခဲ့သည်။
"တစ်သုတ်ချင်းစီ ခွဲပြီး ရောင်းချလိုက်မယ်... ငွေရလာတဲ့ အခါကျရင်လည်း တပ်မှူးလျိုအတွက် ဝေစုတစ်စု ဖယ်ထားပေးပါ့မယ်..."
လျိုကျစ်က မတောင်းဆိုလျှင်တောင်မှ သူက သေချာပေါက် ပေးရမည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အကျိုးအမြတ်ဖြင့် ချိတ်ဆက်ထားသော ဆက်ဆံရေးက အမြဲတမ်း ပိုမို ခိုင်မြဲသောကြောင့်ပင်။
"ဒါကိုတော့ ငါ မယူရဲဘူး..."
လျိုကျစ်က အကျိုးအပြစ်များကို ချိန်ဆကြည့်ပြီးနောက် ခေါင်းယမ်းလိုက်သည်။ သူက တပ်မှူးချုပ်ကျူးနှင့်အတူ ဤနယ်စွန်နယ်ဖျား ခရိုင်လေးသို့ လိုက်လာရခြင်း၏ ရည်ရွယ်ချက်မှာ အငြိမ်းစားယူရန် အတွက်သာ ဖြစ်ပြီး အခက်အခဲ ပြဿနာများ အများကြီး မလိုချင်တော့ပေ။
ထို့ကြောင့် သူ၏ အာဏာများကို ကျန်းချဲ့ကို လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။
ယခုအခါ ကျန်းချဲ့မှာ နာမည်အရ ဒုတိယတပ်မှူး ဖြစ်သော်လည်း သူ၏ လုပ်ပိုင်ခွင့် အာဏာမှာ အနောက်မြို့နယ်၏ တပ်မှူး အစစ်အမှန်နှင့် လုံးဝ ခြားနားခြင်း မရှိတော့ပေ။
ကျန်းချဲ့က ပြုံးလိုက်ပြီး လျိုကျစ်၏ စကားကို သဘောမတူပေ။
"တပ်မှူးကမှ မယူရင်... ငယ်သားက ဘယ်လို ယူရဲမှာလဲ... ငယ်သားက မယူရင်ရော တပ်မှူးချုပ်ကျူးကို ဘယ်လို သွားပေးရမလဲ... တပ်မှူးချုပ်ကျူးကို မပေးရင်ရော... ကျွန်တော်တို့ နှစ်ယောက်က ဘယ်လို ဆက်ပြီး ရာထူးတက်မှာလဲ..."
"မင်းကောင်လေးကတော့... အကြောင်းပြချက်တွေက တော်တော် ပေးတတ်နေပါလား..."
လျိုကျစ်က ကျန်းချဲ့၏ စကားများကြောင့် ရယ်မောသွားပြီးနောက် ငွေတစ်ဝေ ယူရန် သဘောတူလိုက်တော့သည်။
အချိန်များက လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပြီး မျက်စိတစ်မှိတ် အတွင်းမှာပင် သုံးရက် ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။ ကျန်းချဲ့နှင့် ရေကြောင်းကုန်သွယ်ရေးဂိုဏ်းတို့ ပြဿနာ ဖြစ်ပွားခဲ့သည့် သတင်းများက ဆက်လက် ပျံ့နှံ့နေဆဲ ဖြစ်သော်လည်း... လူအများ ထင်မှတ်မထားသည်မှာ ရေကြောင်းကုန်သွယ်ရေးဂိုဏ်းဘက်မှ ဤကိစ္စကို လုံးဝ တုံ့ပြန်ခြင်း မရှိဘဲ သည်းခံနေခြင်းပင်။
ထို့ကြောင့် သတင်းအမှား အများအပြားလည်း ထွက်ပေါ်လာခဲ့သည်။
"တပ်မှူး... ဒါက နောက်ဆုံး ကုန်ပစ္စည်းတွေ ရောင်းလို့ရတဲ့ ငွေပါ..."
အနောက်မြို့နယ် စစ်စခန်းတွင် ရွှီဆန်းအာက ငွေတုံးများ အစီအရီ ထည့်ထားသော သစ်သားသေတ္တာ တစ်လုံးကို စားပွဲပေါ်တွင် တင်လိုက်သည်။
ဤသည်မှာ တတိယမြောက် အသုတ် ဖြစ်သည်။ ယခုဆိုလျှင် ရေကြောင်းကုန်သွယ်ရေးဂိုဏ်းမှ သိမ်းဆည်းလာသော ကုန်သင်္ဘော တစ်စီးလုံးကို ဈေးနှိမ်ကာ ရောင်းချပြီးသွားပြီ ဖြစ်သည်။ စုစုပေါင်း ငွေလျန် ရာပေါင်းများစွာ ရရှိခဲ့သည်။ အကယ်၍ အလောတကြီး မရောင်းခဲ့ပါက ယခုထက် နှစ်ဆယ်ရာခိုင်နှုန်းခန့် ပိုမို ရရှိနိုင်သေးပေသည်။
ကျန်းချဲ့က ခေါင်းညိတ်လိုက်ပြီး ရွှီဆန်းအာ၏ အလုပ်လုပ်နိုင်စွမ်းအပေါ် အလွန် ကျေနပ်နေမိသည်။
ထို့အပြင် ရေကြောင်းကုန်သွယ်ရေးဂိုဏ်းမှ ကုန်သင်္ဘောကိုလည်း အလွန် သဘောကျသွားခဲ့သည်။
ဆန်နှင့် ရိက္ခာ အနည်းငယ်မှလွဲ၍ ထိုကုန်သင်္ဘောပေါ်တွင် ဆေးဘက်ဝင် အပင်များ၊ ပိုးထည်များနှင့် နံ့သာများ အများအပြား ပါဝင်နေသဖြင့် ဤတစ်ကြိမ်တည်းဖြင့် ကျန်းချဲ့မှာ တော်တော်လေး ချမ်းသာသွားခဲ့ပြီ ဖြစ်သည်။
သို့သော် ဤကဲ့သို့သော လုပ်ရပ်မျိုးကို တစ်ကြိမ်သာ လုပ်၍ ရမည် ဖြစ်သည်။
အကယ်၍ ဆက်တိုက်သာ လုပ်နေပါက ရေကြောင်းကုန်သွယ်ရေးဂိုဏ်း၏ ပစ်မှတ်ထားခြင်းကို သေချာပေါက် ခံရမည် ဖြစ်သည်။ ရေကြောင်းကုန်သွယ်ရေးဂိုဏ်း ဆိုသည်မှာ အကျိုးအမြတ်များ ကြီးမားစွာ ပေါင်းစပ်ထားသော အင်အားစုကြီး တစ်ခု ဖြစ်ပေသည်။
ဤငွေကြေးများ အားလုံးမှာ လူအများအပြားအတွက် ခွဲဝေပေးရမည့် အရာများ ဖြစ်သည်။
သူတို့၏ အကျိုးအမြတ်များ ဆုံးရှုံးသွားပါက မည်သူက ဆက်လက် သည်းခံနေမည်နည်း။
"ဒီငွေတွေကို နောက်ရက်အနည်းငယ် နေရင် ခွဲဝေပေးလိုက်... ညီအစ်ကိုတွေ စိတ်ပျက်သွားအောင် မလုပ်နဲ့..."
ကျန်းချဲ့က ငွေတစ်ဝက်ကို ယူလိုက်ပြီး ကျန်တစ်ဝက်ကို ရွှီဆန်းအာထံ တွန်းပို့ပေးလိုက်သည်။
သူက အကြမ်းဖျင်း ခွဲဝေထားပြီး ဖြစ်သည်။ တပ်မှူးချုပ်ကျူးကို သုံးဆယ်ရာခိုင်နှုန်း၊ သူ့အတွက် လေးဆယ်ရာခိုင်နှုန်း၊ လျိုကျစ်အတွက် ဆယ်ရာခိုင်နှုန်းနှင့် ကျန်ရှိသော နှစ်ဆယ်ရာခိုင်နှုန်းကို ကန်းတာပြောင်၊ ရွှီဆန်းအာနှင့် သူတို့၏ လက်အောက်ရှိ စစ်သည်များကို ခွဲဝေပေးရန် ဖြစ်သည်။
"ကျေးဇူးတင်ပါတယ် တပ်မှူး..."
ရွှီဆန်းအာက အနည်းငယ် ခါးညွတ်ကာ နှုတ်ဆက်လိုက်သည်။
"ပြီးတော့... အိမ်အသစ် ဝယ်ဖို့ ကိစ္စကိုလည်း အမြန်ဆုံး စီစဉ်လိုက်တော့..."
"ငယ်သား အခုပဲ သွားလုပ်လိုက်ပါ့မယ်..."
"တပ်မှူး... အပြင်မှာ စာလာပို့တဲ့ သူ ရှိပါတယ်..."
သူတို့နှစ်ယောက် စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် ကန်းတာပြောင်က အတွင်းခန်းသို့ ဝင်ရောက်လာခဲ့သည်။
ကျန်းချဲ့က စာရွက်ကို ဖြန့်လိုက်ရာ သေးငယ်သော အက္ခရာ တစ်ကြောင်းကိုသာ တွေ့လိုက်ရသည်။
'မင်း လိုချင်တဲ့ ပစ္စည်းတွေ အဆင်သင့် ဖြစ်နေပြီ... တည်းခိုခန်းကို လာယူလှည့်...'
စဉ်းစားနေစရာပင် မလိုဘဲ ဤသည်မှာ မည်သူ၏ လက်ရာဖြစ်ကြောင်း ကျန်းချဲ့ ချက်ချင်း သိလိုက်သည်။
"ဒါက မင်း လိုချင်တဲ့ ပစ္စည်းပဲ..."
တည်းခိုခန်း အခန်းအတွင်း၌ ခိုယွမ်ရှန်းက သစ်သားသေတ္တာကို ဖွင့်လိုက်ရာ အတွင်းမှ ပစ္စည်းကို မြင်တွေ့လိုက်ရသည်။
တစ်လက်မခန့် ရှည်လျားပြီး အနီရင့်ရောင် ရှိကာ အစိမ်းရောင် အစက်အပြောက်လေးများ ပါဝင်နေပေသည်။ အနံ့ခံကြည့်ပါက ထူးခြားသော ရနံ့တစ်ခု ရနေပေသည်။
၎င်းမှာ သိုင်းကျမ်းထဲတွင် မှတ်တမ်းတင်ထားသော အလောင်းသွေးမှိုပင် ဖြစ်ပေသည်။
ကျန်းချဲ့က တစ်ချက် ကြည့်လိုက်ပြီးနောက် သေတ္တာအဖုံးကို ပိတ်ကာ ခေါင်းညိတ်လိုက်သည်။
"ရေကြောင်းကုန်သွယ်ရေးဂိုဏ်းရဲ့ နည်းလမ်းတွေက တကယ် သာမန် မဟုတ်ဘူးပဲ..."
'ဒီတစ်ခါတော့ ရေကြောင်းကုန်သွယ်ရေးဂိုဏ်း ဆိုတဲ့ သိုးကြီးဆီကနေ သိုးမွေး ညှပ်လိုက်ရတာ တကယ် တန်သွားပြီ...'
"ငါ့ကို ကတိပေးထားတဲ့ ကိစ္စကိုတော့ မမေ့နဲ့နော်..."
ခိုယွမ်ရှန်းက ကျန်းချဲ့ကို စိုက်ကြည့်ကာ ပြောလိုက်သည်။ သူ၏ အမူအရာက ယခင်ကအတိုင်း တည်ငြိမ်နေပြီး မည်သည့် အံ့ဩစရာမှ မရှိသကဲ့သို့ပင်။
"ဂိုဏ်းချုပ်ခို စိတ်ချပါ... ကျွန်တော်က ကတိပေးထားရင် သေချာပေါက် လုပ်ပေးတဲ့ လူပါ... ဒါပေမဲ့ ကျွန်တော် နောက်ထပ် တစ်ခု လိုသေးတယ်လို့ ပြောခဲ့တယ် မဟုတ်လား..."
ကျန်းချဲ့၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။ နောက်ထပ် ယင်ရှာ မိစ္ဆာစွမ်းအင် ဆယ်မျှင် ရရှိပါက ကြမ္မာသုံးပါး ထိတ်လန့်ဖွယ် ဓားသိုင်းကို လေ့ကျင့်နိုင်တော့မည် ဖြစ်သည်။
"တပ်မှူးချုပ်ကျူး လိုချင်တဲ့ ယင်ရှာ မိစ္ဆာစွမ်းအင် ကိန်းအောင်းနေတဲ့ နေရာကို ရှာပေးဖို့ ငါတို့ဘက်က ပေးဆပ်လိုက်ရတဲ့ တန်ဖိုးတွေက မနည်းဘူးနော်..."
"ဒီနေ့ ဂိုဏ်းချုပ်ခို ပေးဆပ်လိုက်ရတာတွေက... နောင်တစ်ချိန်ကျရင် သေချာပေါက် အဆပေါင်းများစွာ ပြန်ရလာမှာပါ..."
"ယင်ရှာ မိစ္ဆာစွမ်းအင် ကိန်းအောင်းနေတဲ့ နေရာက မြို့ပြင် ဆယ်မိုင်လောက် အကွာက ဟေးစန်း ချိုင့်ဝှမ်းမှာ ရှိတယ်... မနက်ဖြန် မွန်းတည့်ချိန်ကျရင် အဲဒီနေရာမှာ မင်းကို စောင့်နေဖို့ လူလွှတ်လိုက်မယ်... ပြီးတော့ သေချာ အတည်ပြုလို့ရအောင် မင်းကို ခေါ်သွားပေးလိမ့်မယ်... ဒါပေမဲ့ ဒီတစ်ကြိမ်ပဲနော်... အကယ်လို့ တပ်မှူးချုပ်ကျူးနဲ့ တွေ့ဖို့ မစီစဉ်ပေးနိုင်ဘူး ဆိုရင်တော့... ငါ ရန်သူလို ဆက်ဆံလာရင် အပြစ်မတင်နဲ့တော့..."
ခိုယွမ်ရှန်းက အေးစက်စက် နှာမှုတ်လိုက်ပြီးနောက် လှည့်ထွက်သွားတော့သည်။ သူ၏ မျက်လုံးများထဲတွင် အေးစက်သော သတ်ဖြတ်လိုစိတ်များ ဖြတ်ပြေးသွားခဲ့သည်။
"ဒါကတော့ သေချာပေါက် လုပ်ပေးရမှာပေါ့..."
တံခါးဝမှ ပျောက်ကွယ်သွားသော ခိုယွမ်ရှန်းကို ကြည့်ရင်း ကျန်းချဲ့က ကုလားထိုင်ပေါ်တွင် မှီထိုင်လိုက်ကာ မျက်လုံးများကို မှေးကျဉ်းလိုက်တော့သည်။