← Chapters

အခန်း ၄၆

Vol. 5 Ch. 46

အခန်း ၄၆

Vol. 5 Ch. 46

အခန်း (၄၆) ပြောင်းပြန် အကွက်ရွှေ့ခြင်း

"တပ်မှူးချုပ်... ငယ်သား အမျိုးမျိုး စုံစမ်းစစ်ဆေးပြီးနောက်... နောက်ဆုံးတော့ အဲဒီ ဓားပြတွေရဲ့ သဲလွန်စကို ရှာတွေ့ခဲ့ပါပြီ..."

ကျူးအိမ်တော်၊ စာကြည့်ခန်းအတွင်း၌ ကျန်းချဲ့က တပ်မှူးချုပ်ကျူးကို အရိုအသေပေးကာ သူ၏ မျက်လုံးများကလည်း တောက်ပနေပေသည်။

မှန်ပါသည်။ ခိုယွမ်ရှန်းနှင့် အချိန်သတ်မှတ်ပြီးသည်နှင့် တစ်ပြိုင်နက် ကျန်းချဲ့က ချက်ချင်းပင် ပြောင်းပြန် အကွက်ရွှေ့လိုက်ခြင်း ဖြစ်သည်။

ခိုယွမ်ရှန်း၏ မျက်နှာပေါ်တွင် မည်သည့် ထူးခြားမှုမျှ မရှိသော်လည်း ကျန်းချဲ့၏ ရင်ထဲတွင် တစ်ခုခု မှားယွင်းနေကြောင်း အလိုလို သိမြင်နေပေသည်။

သူ့ကို အမြဲတမ်း ပစ်မှတ်ထားနေသူမှာ ခိုယွမ်ရှန်း၏ ဇနီးဖြစ်ကြောင်း သိလိုက်ရကတည်းက သူက အမြဲတမ်း သတိထားနေခဲ့သည်။ အထူးသဖြင့် ဂိုပုယီ သေခါနီးအချိန်တွင် သူ၏ အစ်ကိုဖြစ်သူ ဂိုပုရန်ကတစ်ဆင့် သူ့ကို သတ်ရန် ကြိုးစားနေသူ ရှိကြောင်း ပြောခဲ့ဖူးသည် မဟုတ်ပါလား။

ထိုသို့ဆိုလျှင် ထိုလူက ဂိုပုရန်နှင့် တစ်နည်းနည်းဖြင့် ပတ်သက်မှု ရှိနေကြောင်း သိသာလှပေသည်။

သူက ဝမ်ချန်အန်းကို သတ်လိုက်ခြင်းဖြင့် ရန်သူကို သတိပေးလိုက်သလို ဖြစ်သွားခဲ့ပြီ။ ရန်သူကသာ လူအ မဟုတ်လျှင် နောက်တစ်ကြိမ် သူ့ကို ပစ်မှတ်ထားပါက သေချာပေါက် သေကွင်းသေကွက် ဖြစ်ပေလိမ့်မည်။ အထူးသဖြင့် ခိုယွမ်ရှန်းက သူ၏ အဖြေကိုပင် မစောင့်တော့ဘဲ...

သူ့ကို အတည်ပြုရန် လူလွှတ်ပြီး ခေါ်သွားမည်ဟု တိုက်ရိုက် ပြောလာခြင်းက အလွန် အလောတကြီး ဖြစ်နေသည့်ပုံ ပေါက်နေပေသည်။

ကျန်းချဲ့က ရေကြောင်းကုန်သွယ်ရေးဂိုဏ်းထံမှ အမြတ်ထုတ်ခဲ့ခြင်းမှာလည်း အခြေအနေအရ လုပ်ဆောင်ခဲ့ခြင်းသာ ဖြစ်သည်။ ညကြီးအချိန်မတော် ရောက်လာသော ခိုယွမ်ရှန်းကို မည်သည့် နည်းလမ်းဖြင့် တွက်ကြည့်ပါစေ သူ ယှဉ်နိုင်မည် မဟုတ်သဖြင့် ဟန်ဆောင်ကာ အချိန်ဆွဲထားခဲ့ရခြင်း ဖြစ်သည်။

ဖြစ်နိုင်ခြေ အမျိုးမျိုးက ကျန်းချဲ့ကို သံသယ ဝင်သွားစေခဲ့သည်။

ထိုသို့ မဟုတ်လျှင်တောင်မှ ကျန်းချဲ့ အနေဖြင့် ဤနောက်ဆုံးအကြိမ် အလုပ်လုပ်ပြီးနောက် လုံးဝ အဆက်အသွယ် ဖြတ်ရန် စီစဉ်ထားပြီး ဖြစ်သည်။ သူ့ကိုယ်သူ အန္တရာယ်ရှိသော အခြေအနေသို့ လုံးဝ တွန်းပို့မည် မဟုတ်ပေ။

သူ၏ ခန့်မှန်းချက်သာ မှန်ကန်ပါက မနက်ဖြန် ဟေးစန်း ချိုင့်ဝှမ်းတွင် သူ့အတွက် ချုံခိုတိုက်ခိုက်မှု တစ်ခု သေချာပေါက် ရှိနေမည် ဖြစ်သည်။

ခန့်မှန်းချက် မှန်ပါက သူ အမြတ်ထွက်မည်။

ခန့်မှန်းချက် မှားယွင်းသွားလျှင်လည်း သူ ဘာမှ ဆုံးရှုံးသွားမည် မဟုတ်ပေ။

သို့သော် ထိုကိစ္စအတွက် တပ်မှူးချုပ်ကျူး၏ အကူအညီတော့ လိုအပ်ပေသည်။

"ဟင်..."

ထိုစကားကို ကြားလိုက်ရသောအခါ တပ်မှူးချုပ်ကျူး၏ မျက်နှာက လျင်မြန်စွာ ပြောင်းလဲသွားပြီး ခန္ဓာကိုယ်ကို ရှေ့သို့ အနည်းငယ် ကိုင်းကာ ကျန်းချဲ့ကို စိုက်ကြည့်ရင်း မေးလိုက်သည်။

"ဘယ်လို ဖြစ်တာလဲ..."

ကျန်းချဲ့က မတ်တတ်ရပ်ကာ အဖြစ်အပျက် အစအဆုံးကို ပြောပြလိုက်သည်။ ခိုယွမ်ရှန်း ညကြီးအချိန်မတော် သူ့ထံ ရောက်လာပြီး သူက တောင်းဆိုချက် အချို့ဖြင့် အချိန်ဆွဲထားခဲ့ကြောင်း၊ ယနေ့တွင် ခိုယွမ်ရှန်းက ပစ္စည်းများ ရပြီဖြစ်ကြောင်းနှင့် သူ့ကို ကိုယ်တိုင် လာယူခိုင်းကြောင်း စသည်တို့ကို ရှင်းပြလိုက်သည်။

တစ်ချိန်တည်းမှာပင် ခိုယွမ်ရှန်း၏ ဇနီးနှင့် သူ၏ ရန်ငြိုးများကိုပါ တစ်ပါတည်း ဖွင့်ပြောပြလိုက်သည်။

ဤကိစ္စများကို တပ်မှူးချုပ်ကျူး တစ်နေ့နေ့တွင် သေချာပေါက် သိလာမည် ဖြစ်ရာ နောက်မှ သိရသည်ထက် စောစော ပြောပြထားသည်က ပိုကောင်းပေသည်။

တပ်မှူးချုပ်ကျူး၏ အကြည့်များက ကျန်းချဲ့ကို အကဲခတ်နေပေသည်။

"ဒီလိုဆိုတော့... မင်းနဲ့ ရေကြောင်းကုန်သွယ်ရေးဂိုဏ်းကြားမှာ အစကတည်းက ရန်ငြိုး ရှိနေခဲ့တာပေါ့... မင်းရဲ့ ကလဲ့စားချေဖို့ အတွက်... ငါနဲ့ ရေကြောင်းကုန်သွယ်ရေးဂိုဏ်းကြားမှာ ပြဿနာ ဖြစ်အောင် တမင် မြှောက်ပေးခဲ့တာပေါ့... ဟုတ်လား..."

"ဟုတ်ပါတယ်..."

"ငါ ဒေါသထွက်ပြီး မင်းကို ရာထူးကနေ ထုတ်ပစ်မယ် ဆိုတာကို မကြောက်ဘူးလား..."

တပ်မှူးချုပ်ကျူးက အေးစက်စက် နှာမှုတ်လိုက်သည်။

"ငယ်သားမှာ ကိုယ်ကျိုးစီးပွား ပါနေပေမဲ့... တပ်မှူးချုပ်အပေါ် ထားတဲ့ သစ္စာရှိမှုကိုတော့ ကောင်းကင်ကြီးက သက်သေပါ... အဲဒီတုန်းက တပ်မှူးချုပ်ကို အကြံပေးခဲ့တာကလည်း... တပ်မှူးချုပ်ရဲ့ ဘက်ကနေ ရပ်တည်ပြီး စဉ်းစားပေးခဲ့တာပါ... ဒီကိစ္စအတွက် ငယ်သား လိပ်ပြာသန့်ပါတယ်... ကိုယ်ပိုင် ရန်ငြိုး ဆိုတာကလည်း အခြေအနေ ပေးလို့ ဝင်လုပ်လိုက်တာပါ... တပ်မှူးချုပ် အနေနဲ့ အပြစ်ပေးချင်တယ် ဆိုရင်လည်း ဒီကိစ္စ ပြီးသွားမှပဲ အပြစ်ပေးပါလို့ တောင်းဆိုချင်ပါတယ်..."

ကျန်းချဲ့က ခေါင်းငုံ့ကာ ပြန်ဖြေလိုက်သည်။

"ခိုယွမ်ရှန်းက ဝေါ့ဟူတောင်က လူတွေကို သုံးပြီး မင်းကို ချုံခိုတိုက်ခိုက်မယ် ဆိုတာ... မင်း ဘယ်လိုများ သေချာနေတာလဲ..."

တပ်မှူးချုပ်ကျူး၏ မျက်နှာမှာ အရိပ်ထဲတွင် ဖုံးကွယ်နေပြီး ဒေါသထွက်နေသလား၊ ဝမ်းသာနေသလား ဆိုသည်ကို လုံးဝ ခန့်မှန်း၍ မရနိုင်ပေ။ သူ၏ လေသံကလည်း အလွန် တည်ငြိမ်နေပေသည်။

"တပ်မှူးချုပ်လည်း သေချာ မြင်နိုင်မယ်လို့ ငယ်သား ထင်ပါတယ်... ယန်ဂူခရိုင်ရဲ့ အင်အားစုတွေက ရှုပ်ထွေးနေသယောင် ရှိပေမဲ့... တကယ်တမ်းကျတော့ သိုင်းလောကမှာ ရေကြောင်းကုန်သွယ်ရေးဂိုဏ်းက ကြီးစိုးပြီး... အစိုးရပိုင်းမှာ ခရိုင်ဝန်ကျောက်က ကြီးစိုးထားတာပါ..."

"ဝေါ့ဟူတောင်က သီးသန့် ခွဲထွက်နေပေမဲ့ ကိုယ့်ဘာသာ ရပ်တည်နိုင်စွမ်း မရှိဘူး... သူနဲ့ ရေကြောင်းကုန်သွယ်ရေးဂိုဏ်း ကြားက ဆက်ဆံရေးကလည်း သေချာပေါက် အရမ်း နက်ရှိုင်းလိမ့်မယ်... ရေကြောင်းကုန်သွယ်ရေးဂိုဏ်းက ပစ်မှတ်ကြီးလွန်းလို့ ကျွန်တော့်ကို လုပ်ဖို့ မသင့်တော်ပေမဲ့... ဝေါ့ဟူတောင်ကတော့ မတူဘူးလေ..."

"ပြီးတော့ ယခင် တပ်မှူးချုပ် ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေကို ငယ်သား စုံစမ်းကြည့်တဲ့ အခါကျတော့... ဝေါ့ဟူတောင် ဓားပြတွေရဲ့ တိုက်ခိုက်မှုကစပြီး တပ်မှူးချုပ်ကို ပစ်မှတ်ထားနေတဲ့ လျှို့ဝှက် အစီအစဉ် တစ်ခု ဆိုတာ သေချာသလောက် ရှိနေပါတယ်..."

"ဒီကိစ္စအတွက် တပ်မှူးချုပ် ရှောင်ပြေးလို့ မရပါဘူး... အလျှော့ပေးလို့လည်း မရဘူး... အဆုံးထိ တိုက်ခိုက်ဖို့ပဲ ရှိပါတယ်..."

ကျန်းချဲ့၏ စကားများက ပြတ်သားပြီး တပ်မှူးချုပ်ကျူး၏ ဘက်မှ ရပ်တည်ကာ ပြောဆိုနေခြင်း ဖြစ်ကြောင်း သိသာလှပေသည်။

"ဒါဆို မင်းက ငါ့ကို လာသတင်းပို့တာ... သူတို့ကို ပြန်ပြီး ချုံခိုတိုက်ခိုက်ဖို့ ပြင်နေတာလား..."

"တပ်မှူးချုပ်ရဲ့ ဉာဏ်အမြော်အမြင်က ကြီးမားလှပါတယ်... ငယ်သားရဲ့ အစီအစဉ်ကို တစ်ချက်တည်းနဲ့ မြင်သွားတာပဲ..."

ကျန်းချဲ့က ခေါင်းညိတ်လိုက်သည်။

ဤကဲ့သို့သော သာမန် မြှောက်ပင့်မှုများကို တပ်မှူးချုပ်ကျူးက သိပ်ပြီး ဂရုမစိုက်သော်လည်း သူက လိုရင်းကိုသာ မေးလိုက်သည်။

"မင်း ဘယ်လို လုပ်ဖို့ စီစဉ်ထားလဲ..."

"ငယ်သားက ဖုန်းတပ်ဖွဲ့က လူတွေကို ခေါ်ပြီး... ဟေးစန်း ချိုင့်ဝှမ်းမှာ ချုံခိုဖို့ တပ်မှူးချုပ်ရဲ့ ခွင့်ပြုချက်ကို တောင်းခံချင်ပါတယ်..."

ကျန်းချဲ့က လေးနက်သော အသံဖြင့် ပြောလိုက်သည်။

"ဖုန်းတပ်ဖွဲ့... ကြည့်ရတာ မင်းက တပ်မှူးဂိုကို မယုံကြည်ဘူး ထင်တယ်..."

တပ်မှူးချုပ်ကျူးက ကျန်းချဲ့ကို ပြုံးစစဖြင့် ကြည့်ကာ မေးလိုက်သည်။

"ဟုတ်ပါတယ်... ငယ်သား သူ့ကို မယုံဘူး..."

"အကြောင်းပြချက် တစ်ခုလောက် ပေးပါဦး..."

"ငယ်သားကို အရင်တုန်းက ဂိုပုယီ ပစ်မှတ်ထားခဲ့တာ... တကယ်တော့ နောက်ကွယ်က အကြောင်းရင်း ရှိပါတယ်..."

ထို့နောက် ကျန်းချဲ့က ခိုယွမ်ရှန်း၏ ဇနီးနှင့် ဂိုပုရန်ကြားမှ ပတ်သက်မှုများကို အားလုံး ဖွင့်ပြောပြလိုက်သည်။

တပ်မှူးချုပ်ကျူးက စားပွဲကို လက်ချောင်းများဖြင့် ခေါက်ကာ နက်ရှိုင်းစွာ စဉ်းစားနေပေသည်။

"ဒါ့အပြင် နောက်ထပ် အကြောင်းပြချက် တစ်ခု ရှိပါသေးတယ်..."

"ပြောလေ..."

"တပ်မှူးချုပ် ခြေကုပ်ယူချင်တယ် ဆိုရင်... ကိုယ့်ရဲ့ အင်အားကို သေချာပေါက် ပြသသင့်ပါတယ်... ဖုန်းတပ်ဖွဲ့ကသာ လှုပ်ရှားလိုက်မယ်ဆိုရင် ယန်ဂူခရိုင်က လူတိုင်း သိသွားကြလိမ့်မယ်... တပ်မှူးချုပ် အနေနဲ့ ဒီကနေ ပြောင်းသွားရင်တောင် ဖုန်းတပ်ဖွဲ့ကို လုံးဝ ထိန်းချုပ်ထားနိုင်တယ် ဆိုတာကိုပေါ့... ဒါက တပ်မှူးချုပ်ရဲ့ ဂုဏ်သိက္ခာကို အများကြီး တက်သွားစေလိမ့်မယ်..."

"မင်းပြောတဲ့ အတိုင်းပဲ လုပ်လိုက်ပါ... ဒါပေမဲ့ သေချာ မှတ်ထားနော်... နောက်တစ်ခါ ဒီလိုမျိုး ထပ်ဖြစ်လာရင်... ငါ ဒီလောက် အလွယ်တကူ လွှတ်ပေးမှာ မဟုတ်ဘူး..."

တပ်မှူးချုပ်ကျူးက တည်ငြိမ်စွာ သတိပေးလိုက်သည်။

တပ်မှူးချုပ်ကျူး ပြောသည့် အဓိပ္ပာယ်ကို ကျန်းချဲ့ ကောင်းစွာ နားလည်ပေသည်။ သူက တပ်မှူးချုပ်ကျူးကို ရေကြောင်းကုန်သွယ်ရေးဂိုဏ်းနှင့် ပြဿနာ ဖြစ်အောင် တမင် သွေးထိုးပေးခဲ့ခြင်းမှာ သူ့ကို အသုံးချလိုက်ခြင်းပင် ဖြစ်သည်။ ၎င်းမှာ အစိုးရ အသိုင်းအဝိုင်းတွင် အလွန် ကြီးမားသော တားမြစ်ချက် တစ်ခု ဖြစ်ပေသည်။

"ငယ်သား မှတ်ထားပါ့မယ်..."

ကျန်းချဲ့က အရိုအသေပေးလိုက်ပြီးနောက် သူ ကြိုတင် ပြင်ဆင်ထားသော သစ်သားသေတ္တာကို စာကြည့်စားပွဲပေါ်တွင် တင်လိုက်သည်။

"ဒါ ဘာလဲ..."

တပ်မှူးချုပ်ကျူးက မျက်မှောင် အနည်းငယ် ကြုတ်လိုက်သည်။

"ဒါက ယန်ဂူခရိုင်မှာ နာမည်အကြီးဆုံး ကွေ့ဟွာ ကိတ်မုန့်ပါ... တပ်မှူးချုပ်ရဲ့ အကြိုက်နဲ့ ကိုက်မကိုက် မြည်းစမ်းကြည့်ပါဦး..."

ကျန်းချဲ့၏ မျက်နှာပေါ်ရှိ အပြုံးကို ကြည့်ရင်း တပ်မှူးချုပ်ကျူးက သစ်သားသေတ္တာကို သူ၏ အနီးသို့ ယူကာ လက်နှစ်ဖက်ဖြင့် ဖွင့်လိုက်ရာ အထဲတွင် စီရီစွာ ထည့်ထားသော ငွေတုံးများကို မြင်တွေ့လိုက်ရသည်။

သူ၏ မျက်နှာပေါ်တွင်လည်း အပြုံးတစ်ခု ပေါ်လာခဲ့သည်။ ငွေပမာဏက သိပ်မများသော်လည်း ၎င်းမှာ ကျန်းချဲ့၏ သဘောထားကို ပြသနေခြင်းပင်။ ထို့နောက် သေတ္တာကို ပြန်ပိတ်ကာ ခေါင်းညိတ်လိုက်ပြီး -

"ကိတ်မုန့်က မဆိုးပါဘူး... ငါ လက်ခံလိုက်ပါ့မယ်... ဒါပေမဲ့ နည်းနည်း နည်းနေတော့ ဗိုက်မဝဘူး ဖြစ်နေတယ်..."

"ရေကြောင်းကုန်သွယ်ရေးဂိုဏ်းက ဆယ်နှစ်ကျော် စုဆောင်းထားတာဆိုတော့... သူတို့ ဂိုဏ်းထဲမှာ ကိတ်မုန့်တွေ အများကြီး ရှိမှာ သေချာပါတယ်... ဒီတစ်ခေါက်သာ အမှားကို ဖမ်းမိပြီး သူတို့ကို အမြစ်ဖြတ် ရှင်းလင်းနိုင်မယ် ဆိုရင်... တပ်မှူးချုပ် အနေနဲ့ ဗိုက်ဝရုံတင် မကဘူး... အီတောင် အီသွားဦးမယ်..."

ကျန်းချဲ့၏ အပြုံးက အဓိပ္ပာယ် များစွာ ပါဝင်နေပေသည်။

တပ်မှူးချုပ်ကျူးက မျက်လုံးများကို မှိတ်ကာ အကျိုးအပြစ်များကို ချိန်ဆနေပြီး အချိန်အတော်ကြာမှသာ စကားပြောလာခဲ့သည်။

"ဒီကိစ္စက ကြီးမားတယ်... သေချာ ဂရုစိုက်ပြီး လုပ်..."

"ငယ်သား နားလည်ပါပြီ..."

ကျန်းချဲ့က ခေါင်းညိတ်လိုက်သည်။

နောက်တစ်နေ့၊ မွန်းတည့်ချိန်။

ကျန်းချဲ့က ကတိအတိုင်း တည်းခိုခန်းသို့ ရောက်ရှိလာခဲ့ပြီး ရေကြောင်းကုန်သွယ်ရေးဂိုဏ်းမှ သူ့ကို စောင့်ကြိုနေသူနှင့် တွေ့ဆုံခဲ့သည်။ တစ်ဖက်လူက စကားအပိုများ မပြောဘဲ အချိန်ကို အတည်ပြုပြီးနောက် သူ့ကို ဟေးစန်း ချိုင့်ဝှမ်းသို့ ချက်ချင်း ခေါ်ဆောင်သွားခဲ့သည်။

လမ်းခရီးတွင် စကားပြောရင်းဖြင့် ထိုသူ၏ နောက်ခံကို ကျန်းချဲ့ စုံစမ်းသိရှိခဲ့သည်။

မျိုးရိုးအမည်မှာ ရန် ဖြစ်ပြီး ရေကြောင်းကုန်သွယ်ရေးဂိုဏ်း၏ အစောင့်မှူး တစ်ယောက် ဖြစ်ကာ ပုံမှန်အားဖြင့် ခိုယွမ်ရှန်း၏ ဘေးတွင် အမြဲ လိုက်ပါလေ့ရှိသူ ဖြစ်သည်။

တစ်နာရီကျော်ခန့် ကြာပြီးနောက် သူတို့နှစ်ယောက် ဟေးစန်း ချိုင့်ဝှမ်းသို့ ရောက်ရှိသွားကြသည်။ တစ်ချက် ကြည့်လိုက်ပါက မည်းမှောင်နေသော မြင်ကွင်းကိုသာ တွေ့ရပြီး လူတစ်ယောက်ယောက်က တောင်ကို မီးရှို့ပြီးနောက် ကျန်ရစ်ခဲ့သော ပြာများကဲ့သို့ ဖြစ်နေပေသည်။

"တပ်မှူးကျန်း ကျွန်တော့်နောက်က လိုက်ခဲ့ပါ... ယင်ရှာ မိစ္ဆာစွမ်းအင် ကိန်းအောင်းနေတဲ့ နေရာက ချိုင့်ဝှမ်းထဲမှာ ရှိတယ်..."

အစောင့်မှူးရန်က ရိုသေယဉ်ကျေးစွာ ပြောလိုက်သည်။

"အစောင့်မှူးရန်ပဲ လမ်းပြပေးပါ..."

ကျန်းချဲ့က ခေါင်းညိတ်လိုက်သည်။

ချိုင့်ဝှမ်းထဲသို့ ဝင်ရောက်လိုက်သည်နှင့် အမြင်အာရုံများ ပွင့်လင်းသွားပြီး မည်းမှောင်နေသော သစ်ပင်များက တောအုပ်တစ်ခုလုံး ဖုံးလွှမ်းနေသည်ကို တွေ့လိုက်ရသည်။ လမ်းအတိုင်း ဆက်လျှောက်သွားပြီးနောက် ဆယ်မိနစ်ခန့် အကြာတွင် အစောင့်မှူးရန်က ခြေလှမ်းရပ်ကာ အရှေ့ရှိ ဂူတစ်ခုကို လက်ညှိုးထိုးပြလိုက်သည်။

"ဒီနေရာက တပ်မှူးကျန်း လိုချင်တဲ့ ယင်ရှာ မိစ္ဆာစွမ်းအင် ကိန်းအောင်းနေတဲ့ နေရာပဲ... လွန်ခဲ့တဲ့ နှစ်အတော်ကြာက မိစ္ဆာကျင့်စဉ် လေ့ကျင့်တဲ့ လူယုတ်မာတွေ ဒီမှာ အမြဲ လာတတ်တယ်... အခုမှ ခဲခဲယဉ်းယဉ်း ပြန်ရှာတွေ့ထားတာ..."

"လမ်းပြပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ် အစောင့်မှူးရန်... ခင်ဗျားရဲ့ တာဝန် ပြီးဆုံးသွားပါပြီ…”

All Chapters