အခန်း ၄၇
Vol. 5 Ch. 47
အခန်း (၄၇) မင်းတို့ လာတာ အချိန်ကိုက်ပဲ
ဘယ်အချိန်ကတည်းက ရောက်လာမှန်း မသိသော ကျန်းချဲ့မှာ အစောင့်မှူးရန်၏ ဘေးတွင် ရပ်နေပြီး သံညှပ်ကဲ့သို့ မာကျောသော သူ၏ လက်တစ်ဖက်က အစောင့်မှူးရန်၏ လည်ပင်းကို ညှစ်ထားလိုက်သည်။ ထို့နောက် ခပ်ဖွဖွ တစ်ချက် ညှစ်လိုက်ရာ တစ်ဖက်လူမှာ ရွှံ့ပုံကြီး တစ်ခုကဲ့သို့ မြေကြီးပေါ်သို့ ဖြည်းညင်းစွာ လဲကျသွားခဲ့တော့သည်။
ထိုအချိန်တွင်...
ဂူပေါက်ဝတွင် ရင်းနှီးနေသော လူရိပ်တစ်ခု ထွက်ပေါ်လာပြီး ကျန်းချဲ့ကို အပေါ်အောက် အကဲခတ်ကာ ပြောလိုက်သည်။
"မင်းက တော်တော် သတိကြီးတာပဲ... ဒါပေမဲ့ နှမြောစရာပဲ... နောက်ကျသွားပြီ..."
ထိုသူမှာ ယခင်က တပ်မှူးချုပ်ကျူး၏ မိသားစုဝင်များကို လမ်းခရီးတွင် ချုံခိုတိုက်ခိုက်ခဲ့သော ဝေါ့ဟူတောင်မှ ဆုန့်ကျိပင် ဖြစ်ပေသည်။
သူ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ဂူအတွင်းနှင့် ပတ်ဝန်းကျင်ရှိ တောအုပ်ထဲမှ လူရိပ်ပေါင်း ဆယ်ယောက်ခန့် ထွက်ပေါ်လာခဲ့ပြီး လူတိုင်းက လက်နက်များကိုယ်စီ ကိုင်ဆောင်ကာ ကျန်းချဲ့ကို ပတ်ပတ်လည် ဝိုင်းထားလိုက်ကြသည်။
ကျန်းချဲ့၏ ဆုတ်ပေါက် အားလုံးကို ပိတ်ဆို့လိုက်ကြသည်။
ဤသည်မှာ ကျန်းချဲ့ကို သတ်ရန် တမင် စီစဉ်ထားသော ထောင်ချောက်တစ်ခုပင် ဖြစ်သည်။
သို့သော် သူတို့ ထွက်ပေါ်လာခြင်းက ဤထောင်ချောက်ကို ရေကြောင်းကုန်သွယ်ရေးဂိုဏ်းအပေါ်သို့ လွှဲပြောင်းပေးလိုက်ခြင်းပင်။
"မနောက်ကျပါဘူး... မနောက်ကျပါဘူး... မင်းတို့ လာတာ တကယ် အချိန်ကိုက်ပဲ..."
ကျန်းချဲ့က ဆုန့်ကျိကို ကြည့်ကာ ပြုံးလိုက်ပြီး သူ၏ နှုတ်ခမ်းထောင့်များ ကွေးတက်သွားခဲ့သည်။ တစ်ဖက်လူ၏ လှုပ်ရှားမှုများက သူ၏ ခန့်မှန်းချက်များနှင့် လုံးဝ ကိုက်ညီနေပေသည်။ ထို့နောက် သူက ရင်ခွင်ထဲမှ အချက်ပြ မီးကျည်တစ်ခုကို ထုတ်ယူကာ ခပ်ဖွဖွ ဆွဲလိုက်သည်။
'ရွှီး...'
'ဒိုင်း...'
တောက်ပသော အလင်းရောင် တစ်ခုက လေထဲတွင် ပေါက်ကွဲထွက်သွားခဲ့သည်။
ကျန်းချဲ့၏ ရုတ်တရက် လှုပ်ရှားမှုကြောင့် ထိုနေရာတွင် ရှိနေသူ အားလုံး အလွန် လန့်သွားခဲ့ကြသည်။ သေချာပေါက် ဆုန့်ကျိလည်း ပါဝင်ပေသည်။ သူ၏ မျက်လုံးများ မှေးကျဉ်းသွားပြီး မျက်ဝန်းအောက်ခြေတွင် အံ့ဩထိတ်လန့်မှု တစ်ခု ဖြတ်ပြေးသွားခဲ့သည်။
"မင်း ဒီမှာ ချုံခိုနေတာ ရှိတယ်ဆိုတာ ကြိုသိနေတာလား..."
"မှန်ပါတယ်... ဒါပေမဲ့ ဆုမရဘူး..."
ကျန်းချဲ့က ပြုံးလိုက်ပြီး ခါးတွင် ချိတ်ထားသော ဓားရှည်ကို ဖြည်းညင်းစွာ ဆွဲထုတ်လိုက်ကာ ဆုန့်ကျိဆီသို့ ချိန်ရွယ်လိုက်သည်။
"ကောင်းပြီ... ဒါပေမဲ့ မင်းရဲ့ အဲဒီ စွမ်းအားလေးနဲ့ကတော့... ဒီနေ့ သေချာပေါက် သေရမှာပဲ..."
ဆုန့်ကျိက အေးစက်စက် နှာမှုတ်လိုက်သည်။ ကျန်းချဲ့ အနေဖြင့် ကြိုတင် ပြင်ဆင်ထားကြောင်း သိလိုက်ရသော်လည်း သူက လုံးဝ ဆုတ်ခွာရန် အစီအစဉ် မရှိသေးပေ။
ကျန်းချဲ့နှင့် သူ ယခင်က တိုက်ခိုက်ဖူးသည်။ လက်သီးတစ်ချက်တည်းဖြင့် နောက်ဆုတ်သွားအောင် လုပ်နိုင်ခဲ့သဖြင့် သူတို့ နှစ်ယောက်၏ စွမ်းအား ကွာဟချက်က အလွန် ကြီးမားကြောင်း သက်သေပြနေပေသည်။ ထို့ကြောင့် ကျန်းချဲ့ ခေါ်ထားသော လူများ မရောက်လာမီ ကျန်းချဲ့ကို သတ်ဖြတ်နိုင်မည်ဟု သူ ယုံကြည်ထားပေသည်။
စကားပြောပြီးသည်နှင့် ဆုန့်ကျိက အချိန်မဆွဲတော့ဘဲ ကွင်းကိုးကွင်းပါ ဓားမကြီးကို ဆွဲယူကာ ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ပြီး ကြီးမားသော အားဖြင့် ကျန်းချဲ့ဆီသို့ ခုတ်ပိုင်းလိုက်သည်။
သို့သော် ယခု ကျန်းချဲ့မှာ ယခင် လမ်းခရီးတွင် တွေ့ခဲ့စဉ်က ကျန်းချဲ့ မဟုတ်တော့ပေ။ ယဇ်ပူဇော်မှု နှစ်ကြိမ် ပြုလုပ်ပြီးနောက် အတွင်းအားဖြစ်တည်ခြင်း အဆင့်သို့ ရောက်ရှိနေရုံသာမက လေခွင်းဓားသိုင်း၏ အဆင့်ငယ်ကိုပါ ကျွမ်းကျင်ပိုင်နိုင်နေပြီ ဖြစ်သည်။
'အရင်ကနဲ့ လုံးဝ မတူတော့ဘူး…’
ဆုန့်ကျိ၏ ရုတ်တရက် တိုက်ခိုက်မှုအပေါ် သူက လုံးဝ ထိတ်လန့်သွားခြင်း မရှိဘဲ ခြေတစ်လှမ်း နောက်ဆုတ်လိုက်ကာ တစ်ဖက်လူ၏ ပြင်းထန်သော ဓားချက်ကို ရှောင်တိမ်းလိုက်သည်။
ဆုန့်ကျိက ဓားချက် လွဲသွားသည်နှင့် ချက်ချင်းပင် အလျင်အမြန် ဓားကွက်ပြောင်းကာ ဘေးတိုက် ပိုင်းချလိုက်ပြန်သည်။
ဓားသွားမှ ထွက်ပေါ်လာသော လေတိုက်ချက်ကြောင့် ကျန်းချဲ့၏ နဖူးပေါ်မှ ဆံပင်စလေးများပင် လွင့်ပျံသွားခဲ့သည်။ နောက်တစ်စက္ကန့်တွင် ကျန်းချဲ့က လှုပ်ရှားလိုက်သည်။ သူ၏ လက်ထဲမှ ဓားက အလွန် ထူးဆန်းသော ထောင့်ချိုးတစ်ခုဖြင့် ဘေးတိုက် ဝင်ရောက်လာခဲ့သည်။ အကယ်၍ ဤဓားချက်သာ ထိမှန်သွားပါက...
ဆုန့်ကျိ၏ ခန္ဓာကိုယ်မှာ သေချာပေါက် နှစ်ပိုင်းပြတ်သွားမည် ဖြစ်သည်။
သို့သော် ဆုန့်ကျိကလည်း အမည်မသိ လူတစ်ယောက်တော့ မဟုတ်ပေ။ ယန်ဂူခရိုင် တစ်ခုလုံးတွင် နှစ်ပေါင်းများစွာ လှုပ်ရှားလာခဲ့သူ ဖြစ်ရာ သူ၏ နာမည်ဂုဏ်သတင်းကလည်း မသေးလှပေ။ သူ၏ သံမဏိလက်သီးကို ယှဉ်နိုင်မည့် အဆင့်တူ သိုင်းသမားမှာ အလွန် ရှားပါးလှသည်။ ကျန်းချဲ့၏ ရုတ်တရက် ပြောင်းလဲသွားသော ဓားကွက်ကြောင့် သူ အံ့ဩသွားသော်လည်း လုံးဝ ထိတ်လန့်မသွားပေ။
ခါးကို နောက်သို့ ကော့လိုက်ပြီး ကျန်းချဲ့၏ ဓားသွားကို အန္တရာယ်ကြားမှ ရှောင်တိမ်းလိုက်သည်။
'ချွင်... ချွင်... ချွင်...'
'ရွှပ်... ရွှပ်... ရွှပ်...'
ကျန်းချဲ့နှင့် ဆုန့်ကျိတို့၏ တိုက်ခိုက်မှု အမြန်နှုန်းက အလွန် လျင်မြန်လှပေသည်။ ဓားနှစ်လက် အချင်းချင်း ရိုက်ခတ်သံများ ထွက်ပေါ်နေပြီး ခန္ဓာကိုယ် လှုပ်ရှားမှုများ၊ ရှောင်တိမ်းမှုများဖြင့် စက္ကန့်ပိုင်း အတွင်းမှာပင် ဓားကွက် ဆယ်ကွက်ကျော်ခန့် ဖလှယ်ပြီး ဖြစ်သည်။
"အဲဒီနေ့တုန်းက မင်း စွမ်းအားတွေကို ဖုံးကွယ်ထားတာကိုး..."
တိုက်ခိုက်နေရင်းဖြင့် ဆုန့်ကျိက ကျန်းချဲ့ကို စိုက်ကြည့်ကာ ပြောလိုက်သည်။
သူ၏ စိတ်ထဲတွင် ကျန်းချဲ့ အနေဖြင့် လဝက်ဆိုသော အချိန်တိုလေး အတွင်း ဤမျှလောက် အဆင့်အထိ တိုးတက်လာလိမ့်မည်ဟု လုံးဝ မယုံကြည်နိုင်ပေ။ ကျန်းချဲ့က အစကတည်းက စွမ်းအားများကို ဖုံးကွယ်ထားခဲ့ခြင်း ဖြစ်သည်ဟုသာ သူ ခန့်မှန်းမိသည်။
ထိုအကြောင်းအရာများနှင့် ပတ်သက်၍ ကျန်းချဲ့က လုံးဝ ပြန်မဖြေခဲ့ပေ။
တိုက်ပွဲအတွင်း သူ စကားပြောရန် အချိန်မရှိသလို သေချာပေါက် သေရမည့်သူ တစ်ယောက်ကိုလည်း ရှင်းပြနေစရာ မလိုပေ။
သူတို့နှစ်ယောက် တိုက်ခိုက်နေစဉ် အတွင်းမှာပင် ကျန်းချဲ့ ပစ်လွှတ်လိုက်သော အချက်ပြ မီးကျည်၏ တုံ့ပြန်မှုများ ထွက်ပေါ်လာခဲ့သည်။ ပတ်ဝန်းကျင် တောအုပ်ထဲမှ ငှက်များနှင့် တိရစ္ဆာန်များ အလန့်တကြား ထွက်ပြေးသွားကြသည်။
အခြား လူတစ်စုက သူတို့ကို ပတ်ပတ်လည် ဝိုင်းရံရန် ချဉ်းကပ်လာနေပြီ ဖြစ်ကြောင်း သိသာစွာ ခံစားသိရှိနိုင်ပေသည်။
ဆုန့်ကျိ၏ မျက်နှာက ပြောင်းလဲသွားပြီး ချက်ချင်း အမိန့်ပေးလိုက်သည်။
"ဆုတ်..."
တစ်ချိန်တည်းမှာပင် အခြေအနေ မဟန်တော့ကြောင်း သူ သိလိုက်ရသဖြင့် သူ၏ မျက်ဝန်းအောက်ခြေတွင် အေးစက်သော သတ်ဖြတ်လိုစိတ်များ ပေါ်လာခဲ့သည်။ ကိုယ်တွင်းရှိ အတွင်းအားများကို တစ်နေရာတည်းသို့ စုစည်းလိုက်ရာ သူ၏ ညာဘက် လက်ဖဝါး တစ်ခုလုံးက အစိမ်းဖျော့ဖျော့ အရောင်အဖြစ် ပြောင်းလဲသွားပြီး အလွန် ကြောက်မက်ဖွယ် ကောင်းလှပေသည်။
အစိမ်းရောင်မိစ္ဆာ ခန္ဓာကိုယ်သန့်စင်ခြင်း ကျင့်စဉ်...
သူ လေ့ကျင့်ထားသော ခန္ဓာကိုယ်သန့်စင်ခြင်း ကျင့်စဉ် ဖြစ်သည်။ အခြေခံအဆင့်သို့ ရောက်ရှိသွားသည်နှင့် အတွင်းအားများ လှည့်ပတ်လိုက်ပါက ခန္ဓာကိုယ်က အစိမ်းရောင်အဖြစ် ပြောင်းလဲသွားမည် ဖြစ်သည်။ ယခင်ကလည်း ဤကျင့်စဉ်ကို အသုံးပြုကာ ကျန်းချဲ့ကို လက်သီးနှစ်ချက်တည်းဖြင့် နောက်ဆုတ်သွားအောင် လုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။
အကယ်၍ ထိုအချိန်က အရန်စစ်သည်များ အလျင်အမြန် ရောက်မလာခဲ့ပါက ကျန်းချဲ့မှာ သူ၏ လက်အောက်တွင် သေဆုံးသွားခဲ့ပြီ ဖြစ်သည်။
ယခုအခါ အချိန်မဆွဲဘဲ အမြန်ဆုံး အဆုံးသတ်ရန်အတွက် သူက အစွမ်းကုန် အသုံးပြုလိုက်တော့သည်။ အတွင်းအားများက ရေကာတာ ကျိုးပေါက်သွားသကဲ့သို့ ညာဘက် လက်မောင်းထဲသို့ အဆက်မပြတ် စီးဝင်သွားပြီး အစိမ်းရောင်ကလည်း လျင်မြန်စွာ ရင့်လာခဲ့သည်။
'ဟား...'
သူက ကွင်းကိုးကွင်းပါ ဓားမကြီးကို လေထဲတွင် ဝှေ့ယမ်းကာ ရှေ့သို့ ပြင်းထန်စွာ ထိုးနှက်လိုက်သည်။
ဆုန့်ကျိ၏ သေကွင်းသေကွက် တိုက်ခိုက်မှုကို မြင်သောအခါ ကျန်းချဲ့လည်း လုံးဝ ပေါ့လျော့မနေရဲတော့ပေ။ ယခုအခါ သူက အရင်ကနဲ့ လုံးဝ မတူတော့သော်လည်း တစ်ဖက်လူ အားကုန်သုံးလိုက်သည့် အချိန်တွင်...
သူကလည်း ကိုယ်တွင်းရှိ အတွင်းအား အားလုံးကို ချက်ချင်း စုစည်းလိုက်သည်။
အဆင့်ကြီးသို့ ရောက်ရှိနေသော နွားရိုင်းအားအင်ကျင့်စဉ်၏ အခြေခံက သူ့ကို မြေကြီးနှင့် တင်းကျပ်စွာ တွယ်ကပ်ထားစေသည်။ အားအင်များက မြေကြီးထဲမှ စတင် ထွက်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ် တစ်ခုလုံးက ရေစီးကြောင်းထဲတွင် တည်ငြိမ်စွာ ရပ်တည်နေသော ကျောက်တုံးကြီး တစ်တုံးကဲ့သို့ ဖြစ်နေပေသည်။ လက်ဖဝါးများက အရောင် ပြောင်းမသွားသော်လည်း...
လက်မောင်းပေါ်ရှိ သွေးကြောများက လျင်မြန်စွာ ထောင်ထွက်လာပြီး သူကလည်း မြေကြီးကို ဆောင့်နင်းကာ ရှေ့သို့ ထိုးနှက်လိုက်သည်။
'ဘန်း...'
ကျယ်လောင်သော အသံတစ်ခုနှင့်အတူ လက်သီးနှစ်ဖက် ထိခိုက်သွားခဲ့သည်။
မြေကြီးပင်လျှင် ထိုအချိန်တွင် အနည်းငယ် နိမ့်ဆင်းသွားသကဲ့သို့ ဖြစ်သွားပြီး လက်သီးလေဟုန်ကြောင့် ဖုန်မှုန့်များ အများအပြား လွင့်စင်သွားခဲ့သည်။
'ဒိုင်း... ဒိုင်း... ဒိုင်း...'
ခဏတာ ထိခိုက်သွားပြီးနောက် ပြင်းထန်သော တန်ပြန်အားကြောင့် သူတို့နှစ်ယောက် နောက်သို့ ဆုတ်သွားခဲ့ရသည်။ ကျန်းချဲ့က နောက်သို့ ခြေနှစ်လှမ်း ဆုတ်သွားခဲ့သော်လည်း ဆုန့်ကျိကမူ နောက်သို့ ခြေလေးငါးလှမ်းခန့် ဆက်တိုက် ဆုတ်သွားခဲ့ရပြီး မြေကြီးပေါ်တွင် ခြေရာများ အထင်းသား ကျန်ရစ်ခဲ့သည်။
"ဒါ... မဖြစ်နိုင်ဘူး..."
ဆုန့်ကျိက ထိုမြင်ကွင်းကို ကြည့်ရင်း အလွန်တရာ အံ့ဩထိတ်လန့်သွားပြီး လုံးဝ လက်မခံနိုင်အောင် ဖြစ်နေပေသည်။
'ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ...'
လွန်ခဲ့သော အချိန်တိုလေး အတွင်းက ကျန်းချဲ့ကို သူ လက်သီးတစ်ချက်တည်းဖြင့် နောက်ဆုတ်သွားအောင် လုပ်နိုင်ခဲ့ပြီး ပြင်းထန်သော ဒဏ်ရာကိုပါ ရရှိစေခဲ့သည်။ ယခုအခါ သူနှင့် အင်အား တူညီနေပြီလား။
မဟုတ်ဘူး... အင်အား တူညီတာ မဟုတ်ဘူး... ကျန်းချဲ့က သူ့ထက်တောင် အနည်းငယ် ပိုသာနေသေးတယ်။
သူ လုံးဝ မယုံကြည်နိုင်သော်လည်း လက်မောင်းမှ ထွက်ပေါ်လာသော နာကျင်မှုများက သူ့ကို မယုံမရှိအောင် လုပ်ဆောင်နေပေသည်။ သူ သွားကြိတ်လိုက်ပြီး ကျန်းချဲ့ကို အမုန်းတရားများဖြင့် တစ်ချက် ကြည့်လိုက်ကာ လှည့်ထွက်ရန် ပြင်လိုက်သည်။
ဤရလဒ်အပေါ် ကျန်းချဲ့လည်း အနည်းငယ် အံ့ဩသွားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် သူက အတွင်းအားဖြစ်တည်ခြင်း အဆင့်သာ ရှိသေးပြီး ဆုန့်ကျိ၏ လက်မောင်းက အစိမ်းရောင် ပြောင်းသွားသည်ကို ကြည့်ခြင်းအားဖြင့် တစ်ဖက်လူမှာ အရိုးသန့်စင်ခြင်း အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သေချာလှသည်။ နှစ်ဖက်စလုံး အားကုန်သုံးလိုက်သည့် အချိန်တွင် တစ်ဖက်လူက သူ့ထက် ခြေလှမ်း ပိုဆုတ်သွားရသည် မဟုတ်ပါလား။
သို့သော် မကြာမီ သူ နားလည်သွားခဲ့သည်။
သူ လေ့ကျင့်ထားသော နွားရိုင်းအားအင်ကျင့်စဉ်က အဆင့်ကြီးသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ထို့အပြင် သာမန် အဆင့်ကြီး မဟုတ်ဘဲ ကောင်းကင်ယဇ်ပလ္လင်ကျောက်တိုင်က အမြင့်ဆုံး အဆင့်အထိ ရောက်အောင် တွန်းပို့ပေးထားသော အဆင့်ကြီး ဖြစ်သဖြင့် သူ၏ အခြေခံမှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
၎င်းက ပြင်းထန်သော တန်ပြန်အားများကို အများကြီး လျှော့ချပေးနိုင်ပေသည်။
ဆုန့်ကျိ ထွက်ပြေးရန် ပြင်နေသည်ကို မြင်သောအခါ ကျန်းချဲ့က လုံးဝ ခွင့်မပြုနိုင်ပေ။
ဒီလူက ရေကြောင်းကုန်သွယ်ရေးဂိုဏ်းကို ဖြိုချဖို့ အဓိက သက်သေပဲ...
ခန္ဓာကိုယ်အတွင်းမှ ကြီးမားသော စွမ်းအင် ဆုံးရှုံးမှုများကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ကျန်းချဲ့က မြေကြီးပေါ်တွင် စိုက်နေသော ဓားရှည်ကို ပြန်ဆွဲထုတ်လိုက်ပြီး ချက်ချင်း ရှေ့တိုးသွားကာ ဆုန့်ကျိ၏ ဆုတ်ပေါက် အားလုံးကို ပိတ်ဆို့လိုက်သည်။ ဓားချက်များက လေကဲ့သို့ မြန်ဆန်ပြီး အဆက်မပြတ် ဝင်ရောက်လာခဲ့သည်။
လေခွင်းဓားသိုင်းကို သူက အပြည့်အဝ အသုံးပြုလိုက်တော့သည်။
ဆုန့်ကျိမှာမူ ထွက်ပြေးလိုစိတ်များ ကြီးစိုးနေပြီး စောစောက တိုက်ခိုက်မှုအပေါ်လည်း ကြောက်ရွံ့မှု အနည်းငယ် ရှိနေသဖြင့် သူ၏ စွမ်းအား ဆယ်ပုံတွင် ရှစ်ပုံခန့်သာ ထုတ်သုံးနိုင်တော့သည်။ ထို့ကြောင့် မျက်စိတစ်မှိတ် အတွင်းမှာပင် ကျန်းချဲ့၏ အောက်စီးသို့ ရောက်ရှိသွားခဲ့သည်။
ထိုအချိန်တွင် သူတို့နှစ်ယောက် တိုက်ခိုက်နေစဉ် အတွင်း ဝေါ့ဟူတောင်မှ ဓားပြများနှင့် ဖုန်းတပ်ဖွဲ့မှ အထက်တန်းလွှာ စစ်သည်များမှာလည်း ထိပ်တိုက် တွေ့ဆုံသွားကြပြီ ဖြစ်သည်။ တိုက်ပွဲမှာ တစ်ဖက်သတ် အနိုင်ရနေပြီး သတ်ဖြတ်သံများက ကြောက်မက်ဖွယ် ကောင်းလှပေသည်။
'ရွှီး...'
ရုတ်တရက် လေခွင်းသံတစ်ခု ထွက်ပေါ်လာပြီးနောက် အေးစက်သော အလင်းရောင်များ တောက်ပနေသည့် မြားတစ်စင်းက ကျန်းချဲ့၏ နားရွက်ဘေးမှ ကပ်လျက် ဖြတ်သန်းသွားပြီး ဆုန့်ကျိဆီသို့ တည့်တည့် ဝင်ရောက်သွားခဲ့သည်။ ရုတ်တရက် ပြောင်းလဲသွားသော အခြေအနေကြောင့် ဆုန့်ကျိမှာ ရှောင်တိမ်းရန် အချိန်မရလိုက်တော့ပေ။
ဘယ်ဘက် ပခုံးကို မြားဖောက်ဝင်သွားပြီး ဘေးရှိ သစ်ပင်ပက်လက်ပေါ်သို့ စိုက်ဝင်သွားတော့သည်။