အခန်း ၄၈
Vol. 5 Ch. 48
အခန်း (၄၈) ယဇ်ပူဇော်ခြင်း အောင်မြင်ပြီ- အတွင်းအား အထွတ်အထိပ်သို့ ရောက်ရှိခြင်း
"ဟူး... ဟူး..."
ဆုန့်ကျိက လေအေးတစ်ချက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး မြားတံကို ဆွဲထုတ်ရန် ကြိုးစားလိုက်သည်။ သို့သော် ပခုံးမှ ပြင်းထန်သော နာကျင်မှုကြောင့် သူ၏ ခွန်အားများ ဆုတ်ယုတ်သွားသကဲ့သို့ ခံစားလိုက်ရပြီး သွားကို ကြိတ်ကာ ခန္ဓာကိုယ်ကို ရှေ့သို့ ပြင်းထန်စွာ ကိုင်းလိုက်ရသည်။
မြားတံက သစ်ပင်စည်ထဲတွင် စိုက်ဝင်နေဆဲ ဖြစ်ပြီး အဖြူရောင် မြားအမွေးတွေမှာလည်း သူ၏ သွေးများဖြင့် အနီရောင် ဖြစ်သွားခဲ့သည်။ သူ လှုပ်ရှားရန် ပြင်လိုက်စဉ်မှာပင် အေးစက်နေတဲ့ ဓားသွားတစ်လက်က သူ၏ လည်ပင်းနားသို့ ကျရောက်လာခဲ့သည်။
"ဆုန့်ခေါင်းဆောင်... ခင်ဗျား ကျွန်တော့်ဓားက လည်ပင်းကို ဖြတ်သွားမလား မဖြတ်ဘူးလားဆိုတာ စမ်းကြည့်မလား..."
ကျန်းချဲ့က ဆုန့်ကျိကို အပေါ်စီးမှ ကြည့်ကာ မေးလိုက်သည်။ ယခင်က လမ်းခရီးတွင် ချုံခို တိုက်ခိုက်ခံခဲ့ရစဉ်နှင့် နှိုင်းယှဉ်ပါက ယခုအခါ အခြေအနေမှာ လုံးဝ ပြောင်းပြန် ဖြစ်သွားခဲ့ပြီ ဖြစ်သည်။
ကျန်းချဲ့ကို စက္ကန့်အနည်းငယ်ခန့် စိုက်ကြည့်ပြီးနောက် ဆုန့်ကျိက သက်ပြင်းတစ်ချက် ချလိုက်ကာ မတတ်သာသည့်အဆုံး ခေါင်းငုံ့လိုက်တော့သည်။
ပတ်ဝန်းကျင်ရှိ တိုက်ပွဲမှာလည်း တဖြည်းဖြည်း အဆုံးသတ်သွားတော့မည် ဖြစ်သည်။ ဖုန်းတပ်ဖွဲ့မှ ကျွမ်းကျင်သော အထက်တန်းလွှာ စစ်သည်များ၏ အင်အားကို ဝေါ့ဟူတောင်မှ ဓားပြများ အနေဖြင့် ရင်ဆိုင်ရန် လုံးဝ မဖြစ်နိုင်တော့ပေ။
တောအုပ်အတွင်းမှ အနက်ရောင် သံချပ်ကာဝတ်စုံကို ဝတ်ဆင်ထားပြီး ရွှေရောင် လေးကို ကျောတွင် ပိုးထားသော လူငယ်တစ်ယောက်က ဖြည်းဖြည်းချင်း လမ်းလျှောက်ကာ ကျန်းချဲ့၏ ဘေးသို့ ရောက်လာပြီး သူ့ကို တစ်ချက် အကဲခတ်လိုက်သည်။
"မင်းက ကျန်းချဲ့ မဟုတ်လား... စွမ်းအားကတော့ သိပ်မဆိုးလှပါဘူး..."
"အကူအညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်... ဒါပေမဲ့ လူကြီးမင်းရဲ့ နာမည်ကို သိခွင့်ရမလား..."
ကျန်းချဲ့က ဤခန့်ညားသော လူငယ်လေးကို ကြည့်ကာ လေးနက်စွာ မေးလိုက်သည်။ သူ၏ သံချပ်ကာပုံစံမှာ တပ်မှူးချုပ်ကျူးနှင့် တစ်ထပ်တည်း ဖြစ်နေသဖြင့် သူ၏ မည်သူမည်ဝါ ဖြစ်ကြောင်းမှာ သံသယ ဝင်စရာ မလိုတော့ပေ။
သေချာပေါက် တပ်မှူး အဆင့်ရှိသူ ဖြစ်ပေမည်။
သူ၏ စွမ်းအားမှာလည်း အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။ ပေတစ်ရာခန့် အကွာမှ မြားတစ်စင်းဖြင့် ပခုံးကို ဖောက်ဝင်သွားအောင် ပစ်နိုင်ခြင်းမှာ အချိန်နှင့် ထောင့်ချိုးကို အလွန် ကောင်းမွန်စွာ တွက်ချက်ထားခြင်း ဖြစ်သည်။ အကယ်၍ ယခု ကျန်းချဲ့၏ စွမ်းအားဖြင့်သာ ထိုလူနှင့် ရင်ဆိုင်ရမည်ဆိုပါက...
လုံးဝ အနိုင်ရမည် မဟုတ်ပေ။
"ချီဟွမ်း... ဖုန်းတပ်ဖွဲ့ရဲ့ အုပ်ချုပ်ရေးတပ်မှူး..."
အနက်ရောင် သံချပ်ကာဝတ်ထားသော လူက ခေါင်းမော့ကာ အေးစက်စက် ပြောလိုက်သည်။
"အကူအညီ လာပေးတာ ကျေးဇူးတင်ပါတယ် တပ်မှူးချီ..."
ကျန်းချဲ့က အရိုအသေပေးကာ ကျေးဇူးတင်စကား ဆိုလိုက်သည်။
"မင်းရဲ့သားကောင်ကို ငါ ဝင်လုသလိုဖြစ်သွားတာကို မကျေနပ်ရင်တောင်... ငါ့ကိုတော့ အပြစ်မတင်ပါနဲ့..."
ချီဟွမ်းက ကျန်းချဲ့ကို ခပ်ဟဟ ရယ်မောရင်း တစ်ချက် ကြည့်လိုက်ပြီးနောက် ဆုန့်ကျိ၏ အရှေ့သို့ လျှောက်သွားကာ သူ၏ လက်မောင်းပေါ်ရှိ အစိမ်းရောင် အရောင်အသွေးများ ပျောက်ကွယ်သွားခြင်း မရှိသေးသည်ကို အကဲခတ်လိုက်သည်။
"အစိမ်းရောင်မိစ္ဆာ ခန္ဓာကိုယ်သန့်စင်ခြင်း ကျင့်စဉ်လား... ဝေါ့ဟူတောင်က ဆယ်နှစ်ကျော်ကြာ တည်ရှိနေနိုင်တာ အကြောင်းရင်း ရှိနေတာပဲ... လေ့ကျင့်တဲ့ ကျင့်စဉ်ကလည်း တော်တော် ထူးခြားတာပဲ..."
ထိုစကားကို ကြားလိုက်ရသောအခါ ကျန်းချဲ့၏ မျက်လုံးများက အနည်းငယ် လှုပ်ရှားသွားခဲ့သည်။ ဆုန့်ကျိက သားကောင်ဖြစ်သွားပြီဆိုတော့ ဒီခန္ဓာကိုယ်သန့်စင်ခြင်း ကျင့်စဉ်ကလည်း သူ့လက်ထဲ ရောက်လာတော့မှာ မဟုတ်လား။
ဆုန့်ကျိကမူ ချီဟွမ်းကို တစ်ချက်သာ မော့ကြည့်လိုက်ပြီး အေးစက်စက် ရယ်မောလိုက်ကာ ခေါင်းကို လှည့်သွားခဲ့သည်။
မကြာမီပင် ဝေါ့ဟူတောင်မှ ဓားပြများ အားလုံးမှာ ဖမ်းဆီးခြင်း ခံလိုက်ရပြီး ဆုန့်ကျိနှင့် ကျန်းချဲ့ အရင်ဆုံး သတိလစ်အောင် လုပ်ထားခဲ့သည့် အစောင့်မှူးရန်တို့သာ အသက်ရှင်ကျန်ရစ်သူများ ဖြစ်သည်။
"ဒီလူတွေနဲ့ ရေကြောင်းကုန်သွယ်ရေးဂိုဏ်းကို အပြစ်တပ်လို့ ရပါ့မလား..."
ချီဟွမ်းက ကျန်းချဲ့ကို လှည့်ကြည့်ကာ မေးလိုက်သည်။
မနေ့ညက တပ်မှူးချုပ်ကျူးက သူ့ထံသို့ လူလွှတ်ပြီး အပေးအယူ တစ်ခု လုပ်ရန် ကမ်းလှမ်းခဲ့သည်။ အစပိုင်းတွင် သူ စိတ်မဝင်စားသော်လည်း နာမည်ကျော် ရေကြောင်းကုန်သွယ်ရေးဂိုဏ်း ဖြစ်ကြောင်း သိလိုက်ရသည့်အခါမှသာ တပ်မှူးချုပ်ကျူး၏ ဖိတ်ခေါ်မှုကို လက်ခံလိုက်ခြင်း ဖြစ်သည်။
ရေကြောင်းကုန်သွယ်ရေးဂိုဏ်း၏ ကြီးမားလှသော ပိုင်ဆိုင်မှုများကို သူ အမြဲတမ်း စိတ်ဝင်စားနေခဲ့ခြင်း ဖြစ်သည်။
"လုံလောက်ပါတယ်..."
ကျန်းချဲ့က ခေါင်းညိတ်ကာ အာမခံလိုက်သည်။
တကယ်တမ်းတွင် သူ၏ အမြင်အရ တပ်မှူးချုပ်ကျူးနှင့် ချီဟွမ်းတို့ နှစ်ယောက် ပူးပေါင်းလိုက်ပြီ ဆိုပါက ခိုင်လုံသော အထောက်အထား ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ရေကြောင်းကုန်သွယ်ရေးဂိုဏ်းကို အလွယ်တကူ ပြဿနာ တပ်ပေးနိုင်ပေသည်။
"ကောင်းပြီ... ဒါဆိုလည်း သွားကြတာပေါ့..."
ချီဟွမ်းက လက်ယှက်ကာ အမိန့်ပေးလိုက်သည်။ စစ်သည်အချို့က ဆုန့်ကျိနှင့် အစောင့်မှူးရန်ကို ထမ်းကာ ထွက်ခွာသွားကြသည်။
"တပ်မှူးချီ အရင် သွားနှင့်ပါ... ကျွန်တော့်မှာ လုပ်စရာ အသေးအဖွဲလေး တစ်ခု ကျန်သေးလို့ ခဏလောက် နေခဲ့ပါဦးမယ်..."
ကျန်းချဲ့က ယခုတစ်ကြိမ် လာခဲ့ခြင်းမှာ ရေကြောင်းကုန်သွယ်ရေးဂိုဏ်းကို ပြဿနာ တပ်ဖို့အတွက်သာ မဟုတ်ဘဲ အလောင်းသွေးမှိုနှင့်အတူ သူမျှော်လင့်ထားသော ယင်ရှာ မိစ္ဆာစွမ်းအင် ကိန်းအောင်းနေသည့် နေရာကို စုံစမ်းရန် ဖြစ်သည်။ ယဇ်ပူဇော်မှု ပြုလုပ်ရန် အတွက် ယင်ရှာ မိစ္ဆာစွမ်းအင် ဆယ်မျှင် လိုအပ်နေပေသည်။
"မင်းကို အမွှေးတိုင် တစ်တိုင်စာ အချိန်ပေးမယ်..."
ချီဟွမ်းက ပြောပြီးသည်နှင့် ချက်ချင်း ထွက်သွားတော့သည်။
လူအုပ်ကြီး ဝေးကွာသွားသည်ကို ကြည့်ရင်း ကျန်းချဲ့က ဂူပေါက်ဝသို့ လှည့်ကြည့်လိုက်သည်။
ဂူထဲသို့ ဝင်လိုက်သည်နှင့် ကျန်းချဲ့၏ အရိုးထဲအထိ စိမ့်ဝင်သွားလောက်မည့် အေးစက်စက် ခံစားချက်ကို ရလိုက်သည်။ ပတ်ဝန်းကျင်ရှိ အဝတ်အစားများမှာလည်း ထိုအေးစက်မှုကို လုံးဝ မကာကွယ်ပေးနိုင်တော့ပေ။
သို့သော် ကျန်းချဲ့က လုံးဝ ဂရုမစိုက်ဘဲ ရင်ထဲတွင် ဝမ်းသာမှုများသာ ဖြစ်ပေါ်နေခဲ့သည်။
သူ့ကို မြို့ပြင်သို့ ဆွဲထုတ်ရန် အတွက် ခိုယွမ်ရှန်းက တကယ်ကို အရင်းအနှီး အများကြီး ပေးဆပ်ခဲ့တာပဲ။ အမှန်တကယ်ပင် ယင်ရှာ မိစ္ဆာစွမ်းအင် ကိန်းအောင်းနေသည့် နေရာကို ရှာတွေ့ခဲ့သည်။
အတွင်းသို့ ပိုမို နက်ရှိုင်းစွာ ဝင်ရောက်လေလေ အေးစက်မှုက ပိုမို ပြင်းထန်လာလေ ဖြစ်သည်။ အဆုံးသို့ ရောက်သောအခါ ကျန်းချဲ့က ယင်ရှာ မိစ္ဆာစွမ်းအင်၏ အရင်းအမြစ်ကို တွေ့လိုက်ရသည်။ ၎င်းမှာ ပန်းကန်လုံး အရွယ်အစားရှိသည့် စွမ်းအင်အရင်းအမြစ် တစ်ခုပင် ဖြစ်သည်။
စွမ်းအင်များက အပြင်ဘက်သို့ အဆက်မပြတ် ထွက်ပေါ်လာနေပြီး ပတ်ဝန်းကျင်တွင်လည်း အရိုးဖြူများ ပြည့်နှက်နေပေသည်။ ဤနေရာတွင် လူအများအပြား သေဆုံးခဲ့ကြောင်း ခန့်မှန်းနိုင်သည်။
၎င်းမှာ လူသားတို့ တမင် ဖန်တီးထားသော စွမ်းအင်အရင်းအမြစ်တစ်ခု ဖြစ်သည်။
ဒါပေမဲ့ ဒါတွေက သူနဲ့ ဘာမှမဆိုင်ပေ။
သူ့စိတ်ထဲတွင် တစ်ခုတည်းသော အတွေးမှာ... ယဇ်ပူဇော်ရန်ပင် ဖြစ်သည်။
ကျန်းချဲ့က တင်ပျဉ်ခွေ ထိုင်လိုက်ပြီး မျက်လုံးကို မှိတ်ကာ အသိစိတ်ထဲသို့ နှစ်မြှုပ်လိုက်သည်။
[ယဇ်ပူဇော်မည့် ရည်မှန်းချက် - ကြမ္မာသုံးပါး ထိတ်လန့်ဖွယ် ဓားသိုင်း အခြေခံအဆင့်။]
[ယဇ်ပူဇော်မည့် တန်ဖိုး - အတွင်းအားဖြစ်တည်ခြင်း အဆင့် သိုင်းသမား သုံးယောက်၏ နှလုံးသွေး တစ်ဆယ်စက်စီ၊ ယင်ရှာ မိစ္ဆာစွမ်းအင် ဆယ်မျှင်၊ အလောင်းသွေးမှို တစ်ပွင့်၊ သက်တမ်း နှစ်နှစ် လျော့ကျမည်... ပူဇော်မည်လား။]
ဘာမှ မစဉ်းစားတော့ဘဲ ကျန်းချဲ့က အမိန့်ပေးလိုက်သည်။
[ပူဇော်မည်။]
ကောင်းကင်ယဇ်ပလ္လင်ကျောက်တိုင်ပေါ်တွင် အနီရောင် အလင်းများ တောက်ပလာပြီး မီးခိုးရောင် အလင်းတန်း တစ်ခုက လျှပ်တစ်ပြက် ထွက်ပေါ်လာကာ ယဇ်ပူဇော်စရာ ပစ္စည်းများ အားလုံးကို စုပ်ယူသွားခဲ့သည်။ ထို့နောက် ကျောက်တိုင်ထဲမှ ထွက်ပေါ်လာပြီး ကောင်းကင်ယံတွင် လှည့်ပတ်နေသည်။
ကျန်းချဲ့သာ မျက်လုံးဖွင့်လိုက်ပါက... အစိမ်းရောင်နှင့် အနီရောင် ရောယှက်နေသော မိစ္ဆာစွမ်းအင်များက ထိုမီးခိုးရောင် အလင်းတန်းထဲသို့ စုစည်းသွားသည်ကို မြင်တွေ့ရပေလိမ့်မည်။ ဆယ်မျှင် ပြည့်သွားသည်အထိ စုပ်ယူပြီးနောက် မီးခိုးရောင် အလင်းတန်းက ကောင်းကင်ယဇ်ပလ္လင်ကျောက်တိုင် ထဲသို့ ပြန်လည် ဝင်ရောက်သွားခဲ့သည်။
ထို့နောက် အရင်ကထက် ပိုမို များပြားသော သက်စောင့်စွမ်းအင်များကို သူ၏ ခန္ဓာကိုယ်ထဲမှ အတင်းအကျပ် ဆွဲထုတ်လိုက်ပြန်သည်။ ဤတစ်ကြိမ်တွင်မူ သူ အလွန် ကြည်လင်ပြတ်သားစွာ ခံစားလိုက်ရသည်။ အထွတ်အထိပ်ရောက်ခါနီး အရေးကြီးဆုံးအချိန်မှာ ရုတ်တရက် အားအင်တွေ ကုန်ခမ်းသွားသလိုမျိုး ခံစားလိုက်ရသည်။
ကျန်းချဲ့၏ နဖူးပေါ်မှ ဆံပင်များ အချို့မှာလည်း မီးခိုးရောင်သို့ ပြောင်းလဲသွားခဲ့သည်။
သက်တမ်း နှစ်နှစ် လျော့ကျသွားခဲ့ပြီ...
အနီရောင်နှင့် အစိမ်းရောင် အလင်းတန်းနှစ်ခုက သူ့ခေါင်းပေါ်တွင် လည်ပတ်နေပြီး နောက်ဆုံးတွင် သူ့ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားခဲ့သည်။
ခဏအကြာတွင် ကမ္ဘာကြီး ပြောင်းလဲသွားခဲ့သည်။
ပတ်ဝန်းကျင် တစ်ခုလုံးမှာ အနီရောင်အဖြစ်သို့ ပြောင်းလဲသွားပြီး သွေးညှီနံ့များက နှာခေါင်းထဲသို့ အဆက်မပြတ် တိုးဝင်လာခဲ့သည်။ သူသည် သွေးပင်လယ်ကြီး တစ်ခုထဲတွင် ရှိနေသကဲ့သို့ပင်။
နောက်တစ်စက္ကန့်တွင် ကျန်းချဲ့က ဝေဝါးနေသော အလင်းတန်း တစ်ခုကို မြင်တွေ့လိုက်ရသည်။
'ဒိုင်း...'
သွေးရောင် ကမ္ဘာကြီးမှာ ပေါက်ကွဲထွက်သွားခဲ့သည်။
သတ်ဖြတ်လိုစိတ်များ၊ မကောင်းဆိုးဝါး စိတ်များ၊ အတ္တစိတ်များက ကျန်းချဲ့၏ စိတ်ထဲသို့ အပြည့်အဝ ဝင်ရောက်လာခဲ့သည်။ သူ၏ မျက်လုံးများက သွေးရောင် အဖြစ် ပြောင်းလဲသွားပြီး ခန္ဓာကိုယ်မှာလည်း အဆက်မပြတ် တုန်ယင်နေကာ ဝိညာဉ်မှာလည်း တုန်လှုပ်နေပေသည်။
အဆုံးမရှိသော သတ်ဖြတ်လိုစိတ်များက သူ့ကို ပြည့်နှက်သွားစေပြီး သူ အရာရာကို မေ့လျော့သွားခဲ့သည်။
သူ့စိတ်ထဲတွင်... သတ်ဖြတ်ခြင်း တစ်ခုတည်းသာ ရှိတော့သည်။
အချိန်မည်မျှ ကြာမြင့်သွားမှန်း မသိတော့ပေ။ အနီရောင် အလင်းတန်း တစ်ခု သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသောအခါ ကျန်းချဲ့က ရုတ်တရက် နိုးထလာခဲ့သည်။ သူ၏ နဖူးပေါ်တွင် ချွေးစေးများ ပြန်နေတော့သည်။
'ဪ... ကြမ္မာသုံးပါး ထိတ်လန့်ဖွယ် ဓားသိုင်းက သာမန် ဓားသိုင်းတစ်ခု မဟုတ်ဘူးပဲ...'
'ငွေရောင်သတ္တုပြားပေါ်မှာ ဓားကွက်တွေ မရေးထားတာ အကြောင်းရင်း ရှိတာပဲ...'
'ဒါက မိစ္ဆာကျင့်စဉ်ပဲ... သိုင်းသမား တစ်ယောက်ကို လုံးဝ ရူးသွပ်သွားအောင် လုပ်လိုက်ပြီး... စွမ်းအားတွေကို အဆမတန် တိုးတက်သွားစေတာ...'
'လျိုကျစ်က နှစ်ပေါင်းများစွာ လေ့ကျင့်တာတောင် အခြေခံအဆင့်ကို မရောက်ခဲ့တာ အံ့ဩစရာ မဟုတ်တော့ဘူး...'
'ဒါက ဓားသိုင်း မဟုတ်ဘူး... ဓားသိုင်း အမည်ခံထားတဲ့ မိစ္ဆာကျင့်စဉ် စိတ်စွမ်းအား တစ်ခုပဲ...'
သို့သော် သူ အများကြီး ဆက်မစဉ်းစားနိုင်တော့ပေ။ အနီရောင် အလင်းတန်း သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာချိန်တွင် သူ၏ တစ်ကိုယ်လုံးမှာ ပူပြင်းသော မီးဖိုတစ်ခုထဲတွင် ရှိနေသကဲ့သို့ ဖြစ်နေပြီး ပါးလွှာနေတဲ့ အတွင်းအားတွေကလည်း လျင်မြန်စွာ တိုးပွားလာနေပေသည်။