← Chapters

အခန်း ၅၂

Vol. 6 Ch. 52

အခန်း ၅၂

Vol. 6 Ch. 52

အခန်း (၅၂) သခင်မ... နောက်မလှည့်ကြည့်နဲ့... ကျွန်တော်က

ကျန်းချဲ့နှင့် အကြီးအကဲကျောက်တို့၏ သတ်ဖြတ်မှုများထက်စာလျှင် ချီဟွမ်းနှင့် ခိုယွမ်ရှန်းတို့၏ တိုက်ပွဲက ပိုမို ကြည့်ကောင်းလှပေသည်။ သူတို့ နှစ်ယောက်စလုံးမှာ သွေးကြောပွင့် အဆင့် သိုင်းသမားများ ဖြစ်ကြပြီး မွေးရာပါ အဆင့်သို့ တက်လှမ်းရန် ခြေတစ်လှမ်းသာ လိုတော့သူများ ဖြစ်ကြသည်။

သူတို့ ထုတ်လွှတ်လိုက်သော စွမ်းအားများမှာ အလွန် ကြောက်မက်ဖွယ် ကောင်းလှပေသည်။

ခုန်ပျံကျော်လွှား တိုက်ခိုက်နေကြပြီး လေထဲသို့ ခုန်တက်လိုက်တိုင်း ပေအတော်များများ ကွာဝေးသွားလေ့ ရှိသည်။ မြေကြီး၊ နံရံ အားလုံးမှာ သူတို့၏ တိုက်ခိုက်မှု အရှိန်များကြောင့် အကြီးအကျယ် ပျက်စီးသွားခဲ့သည်။

သူတို့နှစ်ယောက်၏ ပတ်ဝန်းကျင် ပေတစ်ရာခန့် အတွင်း မည်သူမျှ မကပ်ရဲကြပေ။

ဓားလှိုင်းများက လေထုကို ခွင်းကာ ထွက်ပေါ်လာပြီး မြေကြီးပေါ်တွင် ဓားရာများ အထင်းသား ကျန်ရစ်ခဲ့သည်။ ချီဟွမ်း၏ ငွေရောင် လှံရှည်မှာ အလွန် ရဲရင့်ပြင်းထန်လှပြီး ခိုယွမ်ရှန်းနှင့် တိုက်ခိုက်နေစဉ် အတွင်းမှာပင် ကြားဖြတ် ဝင်ရောက်လာသော သွေးကြောပွင့် အဆင့်အောက် သိုင်းသမားများကို လှံတစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်ပေသည်။

တစ်ချက် ကြည့်လိုက်ပါက ခိုယွမ်ရှန်းမှလွဲ၍ သူ့ကို တစ်ချက်မျှ ခံနိုင်ရည် ရှိသူ မရှိကြောင်း သိသာလှပေသည်။

သို့သော် ခိုယွမ်ရှန်းမှာ အသက်အရွယ် ကြီးရင့်နေပြီ ဖြစ်သည်။ အချိန်ကြာမြင့်စွာ သက်သောင့်သက်သာ နေလာခဲ့ရသူ ဖြစ်သဖြင့် ကျားကဲ့သို့၊ နဂါးကဲ့သို့ ခွန်အားကြီးမားသော ချီဟွမ်းကို အစပိုင်းတွင်သာ ကာကွယ်နိုင်ခဲ့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ သူ၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများ အဆက်မပြတ် ရရှိလာခဲ့သည်။

သူ၏ ဘယ်ဘက် ပခုံးကိုလည်း ချီဟွမ်း၏ လှံရှည်က ဖောက်ဝင်သွားခဲ့သည်။

ခိုယွမ်ရှန်း၏ သေချိန်က သိပ်မဝေးတော့ကြောင်း သိသာလှပေသည်။

'ဘန်း...'

နောက်ထပ် တိုက်ခိုက်မှု တစ်ခုတွင် ချီဟွမ်းက ခါးကို လှည့်ကာ အားကုန်သုံး၍ ခိုယွမ်ရှန်းဆီသို့ ပြင်းထန်စွာ ရိုက်ချလိုက်သည်။ ခိုယွမ်ရှန်းကလည်း အလျင်အမြန်ပင် ဓားကို တားဆီးရန် ပြင်လိုက်သည်။

သို့သော် ဤတစ်ကြိမ်တွင်မူ သူ မတားဆီးနိုင်ခဲ့ပေ။

သူ၏ လက်ထဲမှ အလွန် ကောင်းမွန်သော ဓားရှည်ကြီးမှာ နှစ်ပိုင်း ကျိုးသွားခဲ့ပြီး လှံရိုးက သူ၏ ခန္ဓာကိုယ်ပေါ်သို့ တိုက်ရိုက် ကျရောက်လာခဲ့သည်။ ထိုရိုက်ချက်ကြောင့် သူ၏ ခန္ဓာကိုယ်မှာ လေထဲမှ မြေကြီးပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားပြီး ဖုန်မှုန့်များ လွင့်စင်သွားခဲ့သည်။

'ရွှီး...'

ချီဟွမ်းက လေထုကို ခွင်းကာ ချက်ချင်း ရောက်ရှိလာပြီး လှံသွားဖြင့် ခိုယွမ်ရှန်း၏ မျက်နှာကို ချိန်ရွယ်လိုက်သည်။

"ငါ ဘယ်သူလဲ ဆိုတာ မင်း သိလား... မင်း ငါ့ကို သတ်လိုက်ရင်လည်း... မင်း အသက်ရှင်မှာ မဟုတ်ဘူး... ငါ့အတွက် ကလဲ့စားချေပေးမယ့် လူတွေ အများကြီး ရှိတယ်..." ခိုယွမ်ရှန်းက လေအေးတစ်ချက်ကို ပြင်းပြင်း ရှူသွင်းရင်း ချီဟွမ်းကို ခြိမ်းခြောက်လိုက်သည်။ သို့သော် ထိုစကားများကို ချီဟွမ်းက အထင်သေးစွာ ရယ်မောလိုက်ပြီး -

"ငါ ဘယ်သူလဲဆိုတာရော မင်း သိရဲ့လား..."

ခိုယွမ်ရှန်းက ချီဟွမ်းကို ကြောက်ရွံ့သွားကြောင်း မြင်သောအခါ ဤနေရာရှိ တိုက်ပွဲများမှာ အကြမ်းဖျင်း ပြီးဆုံးသွားပြီ ဖြစ်ကြောင်း ကျန်းချဲ့ သိလိုက်သည်။ သူ၏ မျက်လုံးထဲမှ သွေးရောင်များ လျင်မြန်စွာ ပျောက်ကွယ်သွားပြီး အသိစိတ်များ ပြန်လည် ကြည်လင်လာခဲ့သည်။ ရူးသွပ်သော အခြေအနေတွင် အားအင်များကို အသုံးပြုခဲ့သဖြင့် ကိုယ်တွင်းရှိ အတွင်းအားများ၏ ထက်ဝက်ခန့် ကုန်ခမ်းသွားခဲ့ပြီ ဖြစ်သည်။

သို့သော် ကြီးကြီးမားမား ပြဿနာ မရှိပေ။

ချီဟွမ်းကို ခေါင်းညိတ်ပြလိုက်ပြီးနောက် ကျန်းချဲ့က လက်ကို ဝှေ့ယမ်းကာ ကန်းတာပြောင်တို့ကို ခေါ်ဆောင်ပြီး ရေကြောင်းကုန်သွယ်ရေးဂိုဏ်း ဌာနချုပ်ထဲသို့ ပြေးဝင်သွားခဲ့သည်။ ခိုယွမ်ရှန်း၏ ဇနီးကို ရှာဖွေပြီး စာရင်းရှင်းရန် အချိန်ကျပြီ ဖြစ်သည်။

သူ့ကို နောက်ကွယ်မှ အငြိုးတကြီး ဒုက္ခပေးနေသူမှာ ထိုမိန်းမ ဖြစ်ကြောင်း သူ လုံးဝ မေ့လျော့ထားခြင်း မရှိပေ။

ထိုအချိန်တွင် ရေကြောင်းကုန်သွယ်ရေးဂိုဏ်း အတွင်း၌လည်း ကသောင်းကနင်း ဖြစ်နေပေသည်။ ပြန်လည် ခုခံသူများ ရှိသကဲ့သို့ အသက်ချမ်းသာပေးရန် တောင်းပန်နေသူများလည်း ရှိကြသည်။ ပြန်လည် ခုခံရဲသူ မှန်သမျှကို ကျန်းချဲ့က စကားအပို မပြောတော့ဘဲ ဓားတစ်ချက်တည်းဖြင့် အဆုံးသတ်ပေးလိုက်သည်။

အသက်ချမ်းသာပေးရန် တောင်းပန်နေသူများကိုမူ ဂိုဏ်းချုပ်ကတော်ယွီ၏ နေရာကို အဆက်မပြတ် စစ်ဆေးမေးမြန်းနေပေသည်။

ရွှီဆန်းအာက စစ်သည် တစ်စုကို ခေါ်ဆောင်ကာ လက်နက်တိုက်များကို ချိတ်ပိတ်ရန် သွားရောက်နေပြီ ဖြစ်သည်။ တစ်စုံတစ်ယောက်က အခွင့်အရေး ယူကာ ပစ္စည်းများ ခိုးယူသွားခြင်း သို့မဟုတ် မီးရှို့ဖျက်ဆီးသွားခြင်းများ မဖြစ်စေရန် ကာကွယ်ခြင်း ဖြစ်သည်။ ၎င်းမှာ ကြီးမားသော စည်းစိမ်ဥစ္စာကြီး တစ်ခု ဖြစ်သည်။

တပ်မှူးချုပ်ကျူးနှင့် ချီဟွမ်းတို့ကို ခွဲဝေပေးပြီးလျှင်တောင်မှ သူတို့အတွက် အများအပြား ကျန်ရှိဦးမည် ဖြစ်သည်။

နောက်ဆုံးတွင် ကျန်းချဲ့၏ အဆက်မပြတ် မေးမြန်းမှုများကြောင့် အစေခံမလေး တစ်ယောက်ထံမှ ဂိုဏ်းချုပ်ကတော်ယွီ၏ နောက်ဆုံး ခြေရာကို သတင်းရရှိသွားခဲ့သည်။ အချိန်မဆွဲတော့ဘဲ ချက်ချင်းပင် လိုက်လံ ရှာဖွေတော့သည်။

စာကြည့်ခန်း... ထိုနေရာမှာ ဂိုဏ်းချုပ်ကတော်ယွီ နောက်ဆုံး ရှိနေခဲ့သော နေရာပင် ဖြစ်သည်။

ကျန်းချဲ့က တံခါးကို တွန်းဖွင့်ပြီး ဝင်ရောက်သွားသောအခါ ထိုနေရာတွင် မည်သည့် ခြေရာမျှ မတွေ့ရပေ။ အလွန် တိတ်ဆိတ်နေပြီး တစ်စုံတစ်ယောက်မျှ ရောက်လာဖူးသည့်ပုံ မပေါ်ပေ။ သို့သော် သူက လုံးဝ မယုံကြည်ဘဲ စာကြည့်ခန်း တစ်ခုလုံးကို ဓားဖြင့် ခုတ်ပိုင်းဖျက်ဆီးပစ်လိုက်သည်။

ပရိဘောဂများ၊ စာအုပ်စင်များ၊ ကုလားထိုင်များ၊ ကြမ်းပြင်များ အားလုံးကို ဖျက်ဆီးပစ်လိုက်သည်။

သူ ထင်သည့်အတိုင်းပင် သာမန် ကြမ်းပြင် တစ်ခုအောက်တွင် မည်းမှောင်နေသော ဥမင်လှိုဏ်ခေါင်းပေါက် တစ်ခုကို ရှာတွေ့သွားခဲ့သည်။ ဘာမှ မစဉ်းစားတော့ဘဲ ချက်ချင်း ခုန်ဆင်းသွားလိုက်သည်။

ဤသည်မှာ... ဖြောင့်တန်းသော လျှို့ဝှက်လမ်း တစ်ခု ဖြစ်သည်။

မည်းမှောင်နေသော လျှို့ဝှက်လမ်း အတွင်း၌ ဂိုဏ်းချုပ်ကတော်ယွီက မျက်နှာတွင် စိုးရိမ်ထိတ်လန့်မှုများ အပြည့်ဖြင့် ဖယောင်းတိုင် တစ်တိုင်ကို ကိုင်ဆောင်ကာ ရှေ့သို့ သတိထား လျှောက်လှမ်းနေပေသည်။ အနောက်ဘက်မှ အသံ တစ်ခုခု ကြားလိုက်တိုင်း သူမက အလန့်တကြား လှည့်ကြည့်နေမိသည်။

ယနေ့ ဖြစ်ပျက်သွားသော အပြောင်းအလဲများက သူတို့ လင်မယား နှစ်ယောက်ကို လုံးဝ တုံ့ပြန်ချိန် မရလိုက်စေပေ။

မူလက ကျန်းချဲ့၏ သေဆုံးမှု သတင်းကို စောင့်ဆိုင်းနေပြီး အတိတ်က ရန်ငြိုးများကို အပြီးတိုင် ရှင်းလင်းရန် စဉ်းစားထားခဲ့သည်။ သို့သော် သူမ ဝမ်းသာရမည့် အချိန် မရောက်မီမှာပင် အကြီးအကဲကျောက်က ကျန်းချဲ့ လူများ ခေါ်လာပြီး ရေကြောင်းကုန်သွယ်ရေးဂိုဏ်းကို ဝိုင်းထားကြောင်း လာရောက် သတင်းပို့ခဲ့သည်။

ထိုအချိန်က သူမ အလွန် အံ့ဩဒေါသထွက်သွားခဲ့သည်။ ခိုယွမ်ရှန်းက ပြဿနာ မရှိကြောင်း၊ သူ ကိုယ်တိုင် ထွက်ရှင်းမည် ဖြစ်ကြောင်း ပြောကာ သူမကို နှစ်သိမ့်ပေးခဲ့သည်။ ထိုအချိန်က သူတို့ နှစ်ယောက်စလုံး ခရိုင်ဝန်ကျောက် ရှိနေသရွေ့ ကျန်းချဲ့ အနေဖြင့် လုံးဝ လှုပ်ရှားရဲမည် မဟုတ်ဟု ယုံကြည်ထားခဲ့ကြသည်။

သို့သော်... သူတို့ ခန့်မှန်းချက် ထပ်မှားသွားခဲ့ပြန်သည်။

ကျန်းချဲ့က လှုပ်ရှားရဲရုံသာမက လူများကိုပါ တိုက်ရိုက် သတ်ဖြတ်ရဲနေပေသည်။

ရေကြောင်းကုန်သွယ်ရေးဂိုဏ်း၏ အထက်ပိုင်း ခေါင်းဆောင် အများစုမှာ ရန်သူကို ရင်ဆိုင်ရန် ထွက်သွားကြပြီ ဖြစ်သည်။ အရပ်မျက်နှာ အသီးသီးမှ သတ်ဖြတ်သံများ ထွက်ပေါ်နေပြီး စစ်သည် အများအပြားကလည်း ရေကြောင်းကုန်သွယ်ရေးဂိုဏ်း အတွင်းသို့ ဝင်ရောက်လာကာ အစုလိုက်အပြုံလိုက် သတ်ဖြတ်နေကြပြီ ဖြစ်သည်။ သူမ အနေဖြင့် မတတ်သာဘဲ အရင်ဆုံး ထွက်ပြေးရန်သာ ရွေးချယ်လိုက်ရသည်။

ဤလျှို့ဝှက်လမ်းမှတစ်ဆင့် ရေကြောင်းကုန်သွယ်ရေးဂိုဏ်း အတွင်းမှ ထွက်ပြေးရန် ပြင်ဆင်လိုက်ခြင်း ဖြစ်သည်။

လျှို့ဝှက်လမ်း၏ အဆုံးမှာ အနောက်မြို့နယ်ရှိ မြစ်ကမ်းစပ် တစ်ခုသို့ ရောက်ရှိမည် ဖြစ်သည်။ မြို့ပြင်သို့ ထွက်သွားနိုင်ပါက သူမ လုံးဝ လုံခြုံသွားပြီ ဖြစ်သည်။ ထိုအချိန်ကျမှသာ နာမည်ပြောင်း၍ နေထိုင်မည်လား၊ ဒါမှမဟုတ် ကလဲ့စားချေရန် အချိန်ကောင်းကို စောင့်ဆိုင်းမည်လား ဆိုသည်ကို ဆုံးဖြတ်နိုင်သည်။

သို့သော် ရင်ထဲတွင်မူ စိုးရိမ်မှုများ ပြည့်နှက်နေဆဲ ဖြစ်သည်။ အထူးသဖြင့် ကျဉ်းမြောင်း၊ မှောင်မိုက်ပြီး စိုစွတ်နေသော လျှို့ဝှက်လမ်းကြီးထဲတွင် ဖြစ်ရာ သူမ၏ ရင်ထဲမှ ကြောက်ရွံ့မှုများက ပိုမို ကြီးမားလာနေပေသည်။

ယခင်က သူမ အာဏာရှိခဲ့သည် ဆိုသော်လည်း ၎င်းမှာ ခိုယွမ်ရှန်း၏ အချစ်ခံရမှုကြောင့်သာ ဖြစ်သည်။ ယောကျ်ား တစ်ယောက် မရှိတော့ပါက သူမက စွမ်းအားနည်းပါးသော မိန်းမပျော့လေး တစ်ယောက်သာ ဖြစ်သည်။ အလှအပ အနည်းငယ်မှလွဲ၍ ဘာမှ မရှိတော့ပေ။

ယခုအချိန်တွင် သူမ၏ ရင်ထဲ၌ နောင်တများ ပိုမို ကြီးမားလာနေပေသည်။

အကယ်၍ ထိုအချိန်က သူမက ကျန်းချဲ့ကို ဒုက္ခမပေးဘဲ လူလွှတ်၍ ချက်ချင်း သတ်ပစ်လိုက်ပါက ယနေ့ ကဲ့သို့သော အခြေအနေမျိုး ကြုံတွေ့ရမည် မဟုတ်ပေ။

တကယ်ကို ပြောစမှတ်တွင်တဲ့... အကုသိုလ်က ချက်ချင်း မျက်မြင် ကိုယ်တွေ့ အကျိုးပေးတာပဲ...

'ရှပ်... ရှပ်...'

နောက်ဘက်မှ အသံသဲ့သဲ့လေး ထွက်ပေါ်လာသဖြင့် ဂိုဏ်းချုပ်ကတော်ယွီ၏ ရင်ထဲတွင် ထိတ်လန့်သွားခဲ့သည်။ လေကို ပြင်းပြင်း တစ်ချက် ရှူသွင်းကာ ဖယောင်းတိုင်ကို မြှောက်ပြီး နောက်သို့ လှည့်ကြည့်လိုက်ရာ မြေကြီးပေါ်မှ ပြုတ်ကျလာသော ဖုန်မှုန့် အချို့ကိုသာ တွေ့လိုက်ရသဖြင့် သက်ပြင်းတစ်ချက် ချလိုက်မိသည်။

ထို့နောက် မိမိကိုယ်ကို လှောင်ပြောင် ရယ်မောလိုက်မိသည်။

ယခုအခါ သူမ အနေဖြင့် လေတိုက်သံကိုပင် ရန်သူဟု ထင်မှတ်နေမိပြီ ဖြစ်သည်။

ခြေလှမ်း အနည်းငယ် ဆက်လျှောက်သွားပြီးနောက် 'ရှပ်... ရှပ်...' ဆိုသော အသံ ထပ်မံ ထွက်ပေါ်လာပြန်သည်။ ဂိုဏ်းချုပ်ကတော်ယွီ အနေဖြင့် စိုးရိမ်မှု အနည်းငယ် ရှိနေသေးသော်လည်း စောစောကလောက်တော့ မပြင်းထန်တော့ပေ။ နောက်သို့ ထပ်မံ လှည့်ကြည့်လိုက်ပြန်သည်။

ဘာမှ မရှိပေ။ ကျောက်စရစ်ခဲ အနည်းငယ်သာ ရှိနေပေသည်။

ဤလျှို့ဝှက်လမ်းကို ပြုပြင်ထိန်းသိမ်းမှု မလုပ်သည်မှာ အချိန်အတော်ကြာပြီ ဖြစ်သဖြင့် ယိုယွင်းပျက်စီးနေခြင်း ဖြစ်မည်ဟုသာ ခန့်မှန်းမိသည်။

'ရှပ်... ရှပ်...'

တတိယအကြိမ် အသံ ထွက်ပေါ်လာသောအခါ ဂိုဏ်းချုပ်ကတော်ယွီက လုံးဝ စိုးရိမ်မှု မရှိတော့ပေ။ အနောက်သို့ပင် လှည့်မကြည့်တော့ဘဲ ဤနေရာမှ အမြန်ဆုံး ထွက်ခွာနိုင်ရန် ခြေလှမ်းများကိုသာ ပိုမို မြန်ဆန်စွာ လျှောက်လှမ်းလိုက်သည်။

သို့သော် နောက်တစ်စက္ကန့်တွင် သူမ၏ တစ်ကိုယ်လုံး တောင့်တင်းသွားခဲ့သည်။

အဘယ်ကြောင့်ဆိုသော် လက်ဖဝါး တစ်ဖက်က သူမ၏ ပခုံးကို ဆုပ်ကိုင်လာသောကြောင့်ပင်။

"ဘယ်သူလဲ..."

ဂိုဏ်းချုပ်ကတော်ယွီက ခြေလှမ်း ရပ်တန့်လိုက်ပြီး တုန်ယင်နေသော အသံဖြင့် မေးလိုက်သည်။ နောက်သို့ လုံးဝ လှည့်မကြည့်ရဲပေ။

"သခင်မ... နောက်မလှည့်ကြည့်နဲ့... ကိုယ်က ခိုယွမ်ရှန်းပါ..."

ကျန်းချဲ့က ခပ်ဖွဖွ ရယ်မောကာ ပြန်ဖြေလိုက်သည်။

ဂိုဏ်းချုပ်ကတော်ယွီ၏ မျက်လုံးများ မှေးကျဉ်းသွားပြီး မျက်ဝန်းအောက်ခြေတွင် အလွန်တရာ ကြောက်ရွံ့မှုများ ပေါ်လာခဲ့သည်။ ခန္ဓာကိုယ်ကို နောက်သို့ အလျင်အမြန် လှည့်လိုက်ပြီး လက်မောင်းတွင် ဖုံးကွယ်ထားသော အဆိပ်အပ်များကို ထုတ်သုံးရန် ပြင်လိုက်သည်။ သို့သော် သူမ နောက်သို့ လှည့်ချိန်ပင် မရလိုက်ပေ။

ကျန်းချဲ့၏ တိုက်ခိုက်မှုကို ခံလိုက်ရသည်။

'ဂျွတ်...'

ဂိုဏ်းချုပ်ကတော်ယွီ၏ ပခုံးနှစ်ဖက်စလုံးကို ကျန်းချဲ့က ဆုပ်နယ်ချိုးဖျက်လိုက်ရာ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး ခွန်အားများ ဆုံးရှုံးသွားပြီး မြေကြီးပေါ်သို့ ခွေခွေလေး လဲကျသွားခဲ့တော့သည်။ လက်ထဲမှ ဖယောင်းတိုင်မှာလည်း မြေကြီးပေါ်သို့ ပြုတ်ကျသွားခဲ့သည်။

ဖယောင်းတိုင် အလင်းရောင် အောက်တွင် ဂိုဏ်းချုပ်ကတော်ယွီက ခေါင်းကို ခဲယဉ်းစွာ မော့ကြည့်လိုက်ရာ ရောက်လာသူ၏ မျက်နှာကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။

သာမန် ရုပ်ရည်ရှိသော လူငယ်လေး တစ်ယောက် ဖြစ်ပြီး အနက်ရောင် အင်္ကျီရှည်ကို ဝတ်ဆင်ထားကာ သူမကို ပြုံးစစဖြင့် စိုက်ကြည့်နေပေသည်။

"မင်္ဂလာပါ သခင်မ... ကျွန်တော့် နာမည်က ကျန်းချဲ့ပါ... ဒီနာမည်ကို ရင်းနှီးရဲ့လား…”

All Chapters