အခန်း ၅၃
Vol. 6 Ch. 53
အခန်း (၅၃) အရမ်းနူးညံ့တာပဲ
ကျန်းချဲ့ ဆိုတဲ့ နာမည်ကို ဂိုဏ်းချုပ်ကတော်ယွီက သေချာပေါက် မစိမ်းပေ။
ကျန်းမိသားစုမှာ ယွီမိသားစု၏ သေရာပါ ရန်သူ ဖြစ်ပြီး ကျန်းချဲ့ကိုလည်း သူမ ကိုယ်တိုင် အရန်စစ်တပ်ထဲသို့ သေလမ်းသွားရန် ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခုအခါ သူတို့ နှစ်မိသားစု၏ အခြေအနေမှာ နောက်တစ်ကြိမ် ပြောင်းပြန် ဖြစ်သွားခဲ့ပြန်သည်။
ဂိုဏ်းချုပ်ကတော်ယွီက သူ့ကို စိုက်ကြည့်လိုက်ပြီး သူမ၏ မျက်လုံးများထဲတွင် အမုန်းတရားများ အပြည့် ရှိနေပေသည်။
"မင်း ဖြစ်နေတာကိုး..."
ကျန်းချဲ့က ရုပ်ရည်နှင့် ခန္ဓာကိုယ် အချိုးအစား အလွန် လှပသော ဂိုဏ်းချုပ်ကတော်ယွီကို အကဲခတ်လိုက်ပြီး သူ၏ ရင်ထဲတွင် သိချင်နေသော မေးခွန်းကို မေးလိုက်သည်။
"ကျွန်တော်က သခင်မကို တစ်ခါမှတောင် မမြင်ဖူးသလိုပဲ... ဘာလို့ ကျွန်တော့်ကို ဒုက္ခပေးရတာလဲ... အကြောင်းပြချက် တစ်ခုလောက် ပေးပါ... ကျွန်တော် နာကျင်မှု မရှိဘဲ သေခွင့်ပေးမယ်..."
"ဟက်... သိချင်ရင် နောက်ဘဝမှပဲ သိတော့..."
ဂိုဏ်းချုပ်ကတော်ယွီက အေးစက်စက် နှာမှုတ်လိုက်သည်။
'ရွှပ်...'
နောက်တစ်စက္ကန့်တွင် သူမ၏ ခေါင်းမှာ မြေကြီးပေါ်သို့ ပြုတ်ကျသွားခဲ့တော့သည်။
ကျန်းချဲ့က တစ်ဖက်လူ၏ အင်္ကျီဖြင့် သူ၏ ဓားပေါ်မှ သွေးများကို သုတ်လိုက်သည်။
'မပြောချင်လည်း နေပေါ့... ဒီလျှို့ဝှက်ချက်ကို သူနဲ့အတူ မြေကြီးအောက်ထဲမှာ ထာဝရ သိမ်းထားလိုက်ပါစေတော့...'
ထို့နောက် ကျန်းချဲ့က အလောင်းကို စတင် ရှာဖွေလိုက်သည်။
ဝမ်းနည်းစရာ ကောင်းသည်မှာ ဂိုဏ်းချုပ်ကတော်ယွီက အလွန် အလောတကြီး ထွက်ပြေးလာပုံ ရသည်။ လက်ဝတ်ရတနာ အနည်းငယ်မှလွဲ၍ အခြား မည်သည့် အရာမျှ ယူမလာခဲ့ပေ။ ထို့ကြောင့် ကျန်းချဲ့မှာ အလွန် စိတ်ပျက်သွားခဲ့ရသည်။
'ဒီမိန်းမကို သတ်လိုက်ရင် ပစ္စည်းကောင်းတွေ အများကြီး ရမယ်လို့ ထင်ထားခဲ့တာ...'
ကျန်းချဲ့က လျှို့ဝှက်လမ်းထဲမှ ပြန်ထွက်လာသောအခါ အပြင်ဘက်ရှိ တိုက်ပွဲမှာလည်း လုံးဝ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။
ရေကြောင်းကုန်သွယ်ရေးဂိုဏ်း အကြီးအကျယ် ရှုံးနိမ့်သွားခဲ့ပြီ...
ဂိုဏ်းချုပ် ခိုယွမ်ရှန်း အပါအဝင် ဂိုဏ်းသား အမြောက်အမြား သေဆုံး၊ ဒဏ်ရာရခဲ့ကြပြီး အထက်ပိုင်း ခေါင်းဆောင် အများစုမှာလည်း အဖမ်းခံလိုက်ရသည်။ အပြင်သို့ ရောက်နေသူ အနည်းငယ်မျှသာ အသက်လွတ်သွားခဲ့ပြီး ရေကြောင်းကုန်သွယ်ရေးဂိုဏ်း ပျက်စီးသွားသည့် သတင်းမှာ လေဆင်နှာမောင်း တစ်ခုကဲ့သို့ အပြင်ဘက်သို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။
"တပ်မှူး..."
ရွှီဆန်းအာက ကျန်းချဲ့၏ ဘေးသို့ လျင်မြန်စွာ လျှောက်လာပြီး မျက်ရိပ်ပြလိုက်သည်။
ကျန်းချဲ့က သဘောပေါက်သွားပြီး နှုတ်ခမ်းထောင့်များ ကွေးတက်သွားခဲ့သည်။
ရွှီဆန်းအာက လက်နက်တိုက်များကို သွားရောက် စောင့်ကြပ်ရုံ သက်သက် မဟုတ်ဘဲ ပစ္စည်းကောင်း အချို့ကိုပါ တိတ်တဆိတ် ဖွက်ထားခဲ့ခြင်း ဖြစ်သည်။ မဟုတ်ပါက ဤပစ္စည်းများ အားလုံး၏ အများစုကို တပ်မှူးချုပ်ကျူးနှင့် ချီဟွမ်းတို့ကသာ ယူသွားမည် ဖြစ်သည်။
'ကိုယ်က ခေါင်းခံပြီး အများကြီး ပင်ပန်းခံထားရတာ... ဒီလောက် လုပ်အားခ နည်းနည်းလေးနဲ့တော့ ဘယ်ကျေနပ်နိုင်ပါ့မလဲ...'
သို့သော် ဤကိစ္စများကို အပြင်တွင် ဖွင့်ပြော၍ မရသဖြင့် သူတို့နှစ်ယောက် မျက်ရိပ်ဖြင့်သာ စကားပြောလိုက်ကြသည်။
"ထပ်တွေ့ပြန်ပြီနော် ဂိုဏ်းချုပ်ခို..."
ကျန်းချဲ့က ဖမ်းဆီးခံထားရသော ခိုယွမ်ရှန်း၏ အရှေ့သို့ လျှောက်သွားကာ ပြုံးလိုက်သည်။
"လူယုတ်မာကများ အခွင့်အရေး ရသွားတာပဲ..."
ခိုယွမ်ရှန်း၏ ပခုံးနှစ်ဖက်စလုံးကို သံချိတ်များဖြင့် ဖောက်ထားပြီး သူ၏ အင်္ကျီများမှာလည်း သွေးများဖြင့် အနီရောင် ဖြစ်နေကာ သူ၏ မျက်လုံးများထဲတွင် အမုန်းတရားများသာ ပြည့်နှက်နေပေသည်။
"ဂိုဏ်းချုပ်ခိုက ဒီလို အခြေအနေ ရောက်နေတာတောင်... ပါးစပ်က မာတုန်းပဲနော်... ကြည့်ရတာ သတင်းတစ်ခုလောက် ပြောပြရမယ် ထင်တယ်..." ကျန်းချဲ့က တစ်ဖက်လူ၏ လှောင်ပြောင်မှုကို လုံးဝ ဒေါသ မထွက်ဘဲ မျက်နှာကို တည်တင်းကာ ပြောလိုက်သည်။
ခိုယွမ်ရှန်းက ကျန်းချဲ့ကို စိုက်ကြည့်နေပြီး ဘာမှ ပြန်မပြောပေ။
"ခင်ဗျား ဇနီးသည်က ခြေလှမ်း တော်တော် သွက်တာပဲ... ကျွန်တော်သာ မျက်စိရှင်ရှင် မထားမိရင် သူတကယ်ပဲ လျှို့ဝှက်လမ်းကနေ လွတ်သွားလောက်တယ်..."
"သူ... သူမ ဘယ်မှာလဲ..."
ခိုယွမ်ရှန်း၏ မျက်လုံးများ မှေးကျဉ်းသွားပြီး အလွန်အမင်း စိုးရိမ်သွားသည့်ပုံဖြင့် ရုန်းကန်လာခဲ့သည်။
"လျှို့ဝှက်လမ်းထဲမှာပေါ့... အော်... ဒါနဲ့ ဂိုဏ်းချုပ်ခိုက မျက်စိစူးရှတာပဲ... ခင်ဗျား မိန်းမက အရမ်းကို အထိအတွေ့ ကောင်းတာပဲ..."
ကျန်းချဲ့က သူ၏ ပခုံးကို ပုတ်ကာ ပြုံးလိုက်ပြီးနောက် လှည့်ထွက်သွားတော့သည်။
နောက်ဘက်တွင် ရူးသွပ်စွာ ရုန်းကန်နေသော ခိုယွမ်ရှန်းသာ ကျန်ရစ်ခဲ့သည်။
"မင်း အဲဒီလို လုပ်လိုက်တော့... ငါတို့ကပဲ လူဆိုးတွေလို ဖြစ်နေပြီ..." အဖြစ်အပျက် အားလုံးကို မြင်တွေ့လိုက်ရသော ချီဟွမ်းက ခေါင်းယမ်းကာ ပြောလိုက်သည်။
"အဲဒါက ဘယ်သူ့ဘက်က ရပ်တည်ပြီး ကြည့်လဲ ဆိုတာပေါ် မူတည်တာပေါ့... ရေကြောင်းကုန်သွယ်ရေးဂိုဏ်းဘက်က ကြည့်ရင်တော့ ငါတို့က လူဆိုးတွေပဲ... ဒါပေမဲ့ ယန်ဂူခရိုင်က ပြည်သူတွေဘက်က ကြည့်ရင်တော့ ငါတို့က တရားမျှတတဲ့ လူတွေပဲလေ..."
ကျန်းချဲ့က ပြုံးလိုက်သည်။
'လူဆိုးလုပ်ရတာ မကောင်းလို့လား... ကိုယ်တိုင် စတင်ပြီး ရက်စက်လာကတည်းက ရှေ့ရေးက ပိုပြီး သာယာလာသလိုပဲ...'
"စကားပြောတာတော့ တော်တော် လည်တာပဲ... ငါ့လက်အောက်မှာ လာလုပ်ဖို့ စိတ်ကူးရှိလား... မင်းကို တပ်မှူး နေရာ တစ်ခု ပေးမယ်..." ချီဟွမ်းက လေးနက်သော မျက်နှာထားဖြင့် ဖိတ်ခေါ်လိုက်သည်။ လုံးဝ ဟန်ဆောင်နေခြင်း မဟုတ်ပေ။
ကျန်းချဲ့က အကြီးအကဲကျောက်ကို ရှင်းလင်းပြီးမှသာ ချီဟွမ်းနှင့် ခိုယွမ်ရှန်းတို့၏ တိုက်ပွဲကို အာရုံစိုက်နိုင်ခဲ့သော်လည်း ချီဟွမ်း၏ အကြည့်များကမူ ကျန်းချဲ့အပေါ်တွင် အမြဲတမ်း ရှိနေခဲ့သည်။
'ကျန်းချဲ့ရဲ့ ဓားသိုင်းက မြန်ဆန်ပြီး ရက်စက်တယ်...'
'ကျန်းချဲ့ရဲ့ တိုက်ခိုက်လိုစိတ်က မြင့်မားတယ်...'
'အပြင်ပန်းမှာ သတ်ဖြတ်ချင်စိတ်နဲ့ ရူးသွပ်နေသလို ထင်ရပေမဲ့ တကယ်တမ်းမှာတော့ အရမ်း ကြည်လင်နေတယ်...'
'ဒီကောင်လေးက ရှေ့တန်းကနေ ဝင်တိုက်ရမယ့် တပ်မှူးကောင်း တစ်ယောက် ဖြစ်လာမယ့် အရည်အချင်းပဲ...'
သူတို့ တွေ့ဆုံခဲ့သည်မှာ အချိန်တိုလေးသာ ရှိသေးသော်လည်း ကျန်းချဲ့၏ အလုပ်လုပ်ပုံနှင့် လူနေမှုပုံစံက တော်တော်လေး စိတ်ဝင်စားစရာ ကောင်းသည်ဟု သူ ထင်မြင်မိသည်။
ထို့အပြင် စောစောက သူက ကျန်းချဲ့၏ အတိတ်ကို စုံစမ်းကြည့်ခဲ့သေးသည်။
လွန်ခဲ့သော အချိန်တိုလေး အတွင်းက ကျန်းချဲ့မှာ သာမန် အရန်စစ်သည် တစ်ယောက်သာ ဖြစ်ပြီး ယခုအခါ ရေကြောင်းကုန်သွယ်ရေးဂိုဏ်း၏ ဂိုဏ်းခွဲမှူး တစ်ယောက်ကို ဓားတစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်နေပြီ ဖြစ်ရာ သူ၏ သိုင်းပါရမီမှာ သေချာပေါက် အလွန် ကောင်းမွန်ပေသည်။
သူ အလွန် သဘောကျမိသည်။
ထို့ကြောင့် ယခုကဲ့သို့ ဖိတ်ခေါ်လိုက်ခြင်း ဖြစ်သည်။
"တပ်မှူးချီရဲ့ ဖိတ်ခေါ်မှုကို ဂုဏ်ယူမိပါတယ်... ဒါပေမဲ့ တပ်မှူးချုပ်ကျူးက ကျွန်တော့်အပေါ် ကျေးဇူးကြီးမားလွန်းလို့... ကျောခိုင်းဖို့ မသင့်တော်ပါဘူး..."
ကျန်းချဲ့က ချီဟွမ်း၏ ဖိတ်ခေါ်မှုကို ငြင်းပယ်လိုက်သည်။
တပ်မှူး ရာထူးက အလွန် ဆွဲဆောင်မှု ရှိသော်လည်း ကျန်းချဲ့က သိပ်ပြီး ဂရုမစိုက်ပေ။ စစ်တပ်ထဲတွင် ဆိုပါက သူ လိုအပ်သော ယဇ်ပူဇော်စရာ ပစ္စည်းများကို ရှာဖွေရန် အလွန် ခက်ခဲမည် ဖြစ်သည်။ ယန်ဂူခရိုင်တွင်မူ သူက လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်သည်။
ထို့အပြင် လျိုကျစ်က အာဏာလွှဲပြောင်းပေးထားသဖြင့် ယခုအခါ သူ၏ အာဏာမှာ အစစ်အမှန် တပ်မှူး တစ်ယောက်နှင့် ဘာကွာခြားမှု ရှိသနည်း။
'ဘာဖြစ်လို့ ဝေးဝေးကို သွားနေစရာ လိုမှာလဲ...'
သူက နက်ရှိုင်းသော အမှန်တရား တစ်ခုကို သဘောပေါက်ထားသည်။
'လက်သီးဆိုတာ အာဏာပဲ... ကိုယ့်မှာ စွမ်းအား အလုံအလောက် ရှိနေသရွေ့ ရာထူးဆိုတာ အရေးမကြီးပါဘူး...'
"နှမြောစရာပဲ... မင်းက စစ်မြေပြင်မှာ တိုက်ခိုက်ဖို့ အရမ်း ကောင်းတဲ့ သူ တစ်ယောက်ပါ... နောက်ပိုင်း စစ်တပ်ထဲ ဝင်ချင်တဲ့ စိတ်ကူး ရှိရင် ငါ့ကို လာရှာလို့ ရတယ်... မင်းအတွက် တပ်မှူး နေရာ အမြဲတမ်း ချန်ထားပေးမယ်..."
ချီဟွမ်းက ဆက်လက် မတိုက်တွန်းတော့ဘဲ ကတိတစ်ခုသာ ပေးလိုက်သည်။
"ကျေးဇူးတင်ပါတယ် တပ်မှူး..."
ကျန်းချဲ့က လက်ယှက်ကာ နှုတ်ဆက်လိုက်သည်။
'ရှပ်... ရှပ်...'
သူတို့နှစ်ယောက် စကားပြောနေစဉ် အပြင်ဘက်တွင် ဆူညံသံများ ထွက်ပေါ်လာပြီး စစ်သည် တစ်ယောက်က ချီဟွမ်း၏ အရှေ့သို့ အလျင်အမြန် လျှောက်လာကာ အရိုအသေပေးလိုက်သည်။
"တပ်မှူး... အပြင်မှာ အတင်း ဝင်ချင်နေတဲ့ သူ ရှိပါတယ်..."
"ဘယ်သူက ဒီလောက် သတ္တိကောင်းနေတာလဲ..."
"တစ်ဖက်လူက သူ့ကိုယ်သူ ယန်ဂူခရိုင်ရဲ့ ခရိုင်ဝန်လို့ ပြောပါတယ်... ကျွန်တော်တို့က ဘာအာဏာနဲ့ ခရိုင်မြို့ထဲကို စစ်သည်တွေ ခေါ်လာရတာလဲလို့ မေးနေပါတယ်..."
"ဒါဆိုရင်လည်း အဲဒီ ခရိုင်ဝန်ဆိုတဲ့ လူကို သွားတွေ့ကြတာပေါ့..."
ချီဟွမ်း၏ နောက်ခံမှာ အလွန် ကြီးမားပုံ ရသည်။ ခြိမ်းခြောက်မှုကို လုံးဝ ဂရုမစိုက်သည့်အပြင် အထင်သေးစွာ နှာမှုတ်လိုက်သေးသည်။
"ရမ်းကားလိုက်တာ... ငါ ဘယ်သူလဲ ဆိုတာ မသိဘူးလား... ငါ့ကို တားရဲတယ်ပေါ့လေ..."
"ဖုန်းတပ်ဖွဲ့ ဖြစ်ရင်ရော ဘာဖြစ်လဲ... စစ်သူကြီးရဲ့ အမိန့် မပါဘဲ ဘာလို့ ခရိုင်မြို့ထဲကို ဝင်လာရဲတာလဲ..."
"မင်းတို့ရဲ့ တပ်မှူးက ဘယ်မှာလဲ... သူ့ကို ထွက်လာခဲ့ဖို့ ပြော..."
ရေကြောင်းကုန်သွယ်ရေးဂိုဏ်း တံခါးဝတွင် ခရိုင်ဝန်ကျောက်မင်ချန်က ဒေါသတကြီးဖြင့် အော်ဟစ် ဆူပူနေပေသည်။
မူလက ကျန်းချဲ့၏ တိုက်ခိုက်မှုကို တားဆီးရန် စဉ်းစားထားခဲ့သော်လည်း သူ ရောက်ရှိလာချိန်တွင် တိုက်ပွဲ ပြီးဆုံးသွားပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။ မြေကြီးပေါ်တွင် အလောင်းများ ပြည့်နှက်နေပြီး ကြီးမားသော တိုက်ပွဲကြီး တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိသာလှပေသည်။
ထို့အပြင် အနိုင်ရသွားသူမှာ ကျန်းချဲ့ဘက်မှ ဖြစ်နေပေသည်။
သူ အထဲသို့ ဝင်ရန် ပြင်လိုက်သောအခါ စစ်သည် တစ်စုက သူ့ကို တားဆီးကာ လေးများဖြင့် ချိန်ရွယ်ထားသဖြင့် ဒေါသ အလွန် ထွက်သွားခဲ့သည်။
"ဆူညံတဲ့လူ အကုန်လုံးကို သတ်..."
ချီဟွမ်းက အရှေ့ဆုံးမှ ထွက်လာပြီး တိုက်ရိုက် အမိန့်ပေးလိုက်သည်။
စစ်သည် ဆယ်ဂဏန်းခန့်က လှံများကို မြှောက်ကာ ခရိုင်ဝန်ကျောက်မင်ချန်ကို ချိန်ရွယ်လိုက်ကြသည်။
"ရမ်းကားလိုက်တာ... ခရိုင်မြို့ကို အတင်း ဝင်လာတာ ဘယ်လောက် အပြစ်ကြီးလဲ ဆိုတာ မင်း သိလား..."
ခရိုင်ဝန်ကျောက်မင်ချန်က ချီဟွမ်းကို စိုက်ကြည့်ကာ ခြိမ်းခြောက်လိုက်သည်။
"မသိဘူး... မင်း မကျေနပ်ရင်... မြို့တော်ဝန်ဆီ သွားပြီး တိုင်လို့ ရတယ်... နောက်ထပ် ပါးစပ်ထပ်ဟရင်... မင်းကို လှံနဲ့ ထိုးသတ်ပစ်မယ် ဆိုတာတော့ သတိထား..." ချီဟွမ်းက လှံကို မြေကြီးပေါ်တွင် ထောက်ကာ တစ်ဖက်လူကို လုံးဝ မျက်နှာသာ မပေးပေ။
"မင်း... မင်း..."
ခရိုင်ဝန်ကျောက်မင်ချန်က ချီဟွမ်းကို လက်ညှိုးထိုးကာ ဤလူက ဤမျှလောက် အထိ သတ္တိကောင်းလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ပေ။
လူအုပ်ကြီး အပြင်ဘက်မှ တပ်မှူးချုပ်ကျူးက အချိန်ကိုက် ထွက်ပေါ်လာပြီး ဝင်ရောက် ဖျန်ဖြေပေးလိုက်သည်။
"ကဲ... နှစ်ယောက်စလုံး ဒေါသလျှော့ကြပါဦး... ပြဿနာ ရှိရင်လည်း အေးအေးဆေးဆေး ဆွေးနွေးကြတာပေါ့... ဓားတွေ လှံတွေ သုံးစရာ မလိုပါဘူး... အောက်လူတွေ ကြည့်ပြီး ရယ်စရာ ဖြစ်နေပါဦးမယ်..."
ထို့နောက် သူက ချီဟွမ်းကို မိတ်ဆက်ပေးလိုက်သည်။
"ဒီလူက ယန်ဂူခရိုင်ရဲ့ ခရိုင်ဝန် ကျောက်မင်ချန်ပါ..."
ထို့နောက် ချီဟွမ်းဘက်သို့ လက်ညှိုးထိုးကာ ဆက်ပြောလိုက်သည်။
"ဒီလူကြီးမင်းကတော့ ဖုန်းတပ်ဖွဲ့ရဲ့ အုပ်ချုပ်ရေးတပ်မှူး ချီဟွမ်းပါ... ထိုက်အန်း မြို့တော် စစ်စခန်းရဲ့ စစ်သူကြီးချီ ရဲ့ မျိုးရိုးပါပဲ…”