← Chapters

အခန်း ၅၄

Vol. 6 Ch. 54

အခန်း ၅၄

Vol. 6 Ch. 54

အခန်း (၅၄) ရေကြောင်းကုန်သွယ်ရေးဂိုဏ်း ပျက်စီးသွားပြီ

တပ်မှူးချုပ်ကျူး၏ စကားကို ကြားလိုက်ရသောအခါ ခရိုင်ဝန်ကျောက်မင်ချန်၏ ပါးစပ်မှ ထွက်ပေါ်လာတော့မည့် ဆူပူကြိမ်းမောင်းသံများ ချက်ချင်း ရပ်တန့်သွားပြီး အတင်းအကျပ် ပြန်မြိုချလိုက်ရသည်။

ထိုက်အန်းမြို့တော် စစ်တပ်၏ စစ်သူကြီး ဆိုသည်မှာ အဆင့် ငါး ရာထူးရှိသော အရာရှိကြီး တစ်ဦး ဖြစ်ပြီး မြို့တော် တစ်ခုလုံး၏ စစ်ရေးအာဏာများကို ချုပ်ကိုင်ထားသူ ဖြစ်သည်။ သူ၏ လက်တွေ့အာဏာမှာ မြို့တော်ဝန်ထက်ပင် ကြီးမားနိုင်သဖြင့် ခရိုင်ဝန်ကျောက်မင်ချန် အနေဖြင့် လုံးဝ သွားရောက် မစော်ကားရဲပေ။

ယခုမှသာ ကျန်းချဲ့လည်း ချီဟွမ်း၏ မောက်မာမှုများ ဘယ်ကလာသလဲ ဆိုတာကို သဘောပေါက်သွားခဲ့တော့သည်။

'ဪ... ခိုင်မာတောင့်တင်းတဲ့ နောက်ခံအသိုင်းအဝိုင်း ရှိနေလို့ ဘာကိုမှ ဂရုမစိုက်ဘဲ ရဲတင်းနေတာကိုး...'

ခရိုင်ဝန်ကျောက်မင်ချန်၏ ပိုးကောင် စားမိသွားသကဲ့သို့ ဖြစ်နေသော မျက်နှာကို ကြည့်ရင်း တပ်မှူးချုပ်ကျူး၏ ရင်ထဲတွင် အလွန်တရာ ကျေနပ်သွားခဲ့သည်။ ပြီးခဲ့သော ရက်များအတွင်း တစ်ဖက်လူ၏ ဖိနှိပ်မှုကို ခံထားရသဖြင့် သူ၏ ရင်ထဲတွင် အောင့်အီးနေခဲ့ရသော လေပူများကို ယခုမှသာ အပြည့်အဝ မှုတ်ထုတ်နိုင်တော့သည်။

ချီဟွမ်းက သူ့ရာထူးကို လုယူသွားခဲ့သဖြင့် မကျေမနပ် ဖြစ်နေမှုများလည်း အားလုံး ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

တပ်မှူးချုပ်ကျူး ယန်ဂူခရိုင်သို့ ရာထူးပြောင်းလာရခြင်းမှာ အထက်မှ လူအချို့က သူ့ကို လာရောက် တွေ့ဆုံပြီး ချီဟွမ်းအတွက် နေရာဖယ်ပေးရန် တောင်းဆိုခဲ့သောကြောင့် ဖြစ်ကြောင်း မည်သူမျှ မသိရှိကြပေ။ အထက်က လူများက ညှိနှိုင်းတောင်းဆိုသည် ဆိုသော်လည်း...

အကယ်၍ သူကသာ နေရာမဖယ်ပေးပါက ကောင်းကောင်းမွန်မွန် ပြီးဆုံးမည် မဟုတ်ကြောင်း သူ ကောင်းစွာ သဘောပေါက်ပါသည်။

သေချာပေါက် သူ ကိုယ်တိုင်လည်း အရှုံးမခံပေ။ အာဏာအရ တွက်မည်ဆိုပါက ခရိုင်တစ်ခု၏ တပ်မှူးချုပ် ရာထူးက ပိုမို ကြီးမားလှပေသည်။

ယခင်က မိသားစုကို သွားမကြိုနိုင်ဘဲ ကျန်းချဲ့ကို လွှတ်လိုက်ရခြင်းမှာလည်း တကယ်တမ်းတွင် သူက ချီဟွမ်း ရောက်လာမည်ကို ကြိုဆိုရန် အလုပ်ရှုပ်နေခဲ့သောကြောင့် ဖြစ်သည်။

ချီဟွမ်းနှင့် စစ်သူကြီးချီတို့၏ မျိုးရိုးက ချီ ဖြစ်နေသည်ကို သိလိုက်ရကတည်းက သူ့အနေဖြင့် ပြဿနာ ရှာရန် စိတ်ကူး လုံးဝ မရှိတော့ဘဲ ရင်းနှီးအောင်ပင် ပေါင်းသင်းခဲ့သည်။ ထို့ကြောင့် သူ ပြောင်းလာသောအခါ လျိုကျစ်နှင့် ဂိုပုရန်တို့ကိုသာ ခေါ်လာခဲ့ခြင်း ဖြစ်သည်။

သူ မွေးထုတ်ထားသော လက်ရွေးစင် စစ်သည် အများစုကို ချီဟွမ်းအတွက် ထားရစ်ခဲ့ပြီး သံယောဇဉ်တစ်ခု ဖန်တီးခဲ့ခြင်း ဖြစ်သည်။

ချီဟွမ်းက တပ်မှူးချုပ်ကျူးကို တစ်ချက် လှည့်ကြည့်လိုက်ပြီး မျက်မှောင် အနည်းငယ် ကြုတ်လိုက်သည်။

"တပ်မှူးချုပ်ကျူး... ကျွန်တော်က အဖေ့ကို ဘယ်တုန်းကမှ အားမကိုးခဲ့ပါဘူးနော်..."

ကဲ... ဒီစကား တစ်ခွန်းတည်းနှင့်တင် အရာအားလုံး အဆုံးအဖြတ် ပေးလိုက်ပြီ ဖြစ်သည်။

အဖေ့ကို ဆိုသော စကားလုံးက ခရိုင်ဝန်ကျောက်မင်ချန်ကို ခါးဆန့်လို့ မရအောင် ဖိနှိပ်ထားလိုက်ပြီ ဖြစ်သည်။ လေကို ပြင်းပြင်း တစ်ချက် ရှူသွင်းကာ မကျေနပ်မှုများ အားလုံးကို ရင်ဘတ်ထဲတွင် သိမ်းဆည်းထားလိုက်ရပြီး ဘေးတွင် ခေါင်းငုံ့နေသော စုံထောက်ချုပ်ချန်ဆီသို့ အကြည့်လွှဲလိုက်ကာ...

"ရေကြောင်းကုန်သွယ်ရေးဂိုဏ်းက ပုန်ကန်တယ် ဆိုတဲ့ သက်သေ ရှိလား..."

"ရှိပါတယ် သခင်ကြီး... သက်သေတွေ အားလုံး အပြည့်အစုံ ရှိပါတယ်..."

"ကြည့်ရတာ ငါက အကြောင်းစုံကို မသိဘဲနဲ့... ခင်ဗျားတို့ကို အထင်လွဲသွားတာပဲ... ခွင့်လွှတ်ပေးကြဖို့ တောင်းဆိုပါတယ်..." စုံထောက်ချုပ်ချန်က ထွက်ပေါက် တစ်ခု ပေးလိုက်သည်နှင့် ခရိုင်ဝန်ကျောက်မင်ချန်က ချက်ချင်း ခေါင်းညိတ်လိုက်ပြီး ချီဟွမ်းဘက်သို့ လှည့်ကာ လက်ယှက်လိုက်သည်။

"ယန်ဂူခရိုင်က အခုလို ကြီးမားတဲ့ ပြဿနာကြီးကို ဖြေရှင်းပေးတဲ့ အတွက် တပ်မှူးချီကို အထူးပဲ ကျေးဇူးတင်ပါတယ်... နောက်ပိုင်း ကျွန်တော့်ရဲ့ အကူအညီ လိုအပ်တာ ရှိရင် အချိန်မရွေး ပြောလို့ ရပါတယ်... ရုံးတော်မှာ အလုပ်လေးတွေ ရှိသေးလို့... အရင် ပြန်ခွင့်ပြုပါဦး..."

ထိုသို့ ပြောပြီးနောက် ခရိုင်ဝန်ကျောက်မင်ချန်က သူ၏ လူများကို ခေါ်ကာ ချက်ချင်း ထွက်သွားတော့သည်။

ဆက်နေပါက ပိုပြီး အရှက်ကွဲရုံသာ ရှိမည်။

"ခရိုင်ဝန်ကျောက်မင်ချန်... ခွေးကောင်..." ခရိုင်ဝန်ကျောက်မင်ချန် တကယ် ထွက်သွားပြီ ဖြစ်ကြောင်း မြင်သောအခါ ဖမ်းဆီးခံထားရသော ခိုယွမ်ရှန်းမှာ နေရာမှာတင် မှင်တက်သွားပြီး အဆက်မပြတ် အော်ဟစ် ဆဲဆိုနေတော့သည်။ သို့သော် မည်သည့် တုံ့ပြန်မှုမျှ မရရှိခဲ့ပေ။

"ဒီတစ်ခေါက် လာရောက် ကူညီပေးတဲ့အတွက် တပ်မှူးချီကို အထူးပဲ ကျေးဇူးတင်ပါတယ်..." တပ်မှူးချုပ်ကျူးက မျက်နှာပေါ်တွင် အပြုံးတစ်ခုကို ဖန်တီးကာ ရှေ့သို့ တိုးလာပြီး လက်ယှက်လိုက်သည်။

"ကိုယ့်အကျိုးစီးပွားအတွက် ကိုယ်လုပ်ကြတာပါပဲ..."

တပ်မှူးချုပ်ကျူးကို ချီဟွမ်းက သိပ်ပြီး စိတ်ဝင်စားပုံ မရသော်လည်း အလွန် ရိုင်းစိုင်းသည့်ပုံလည်း မပြသပေ။ ပုံမှန်အတိုင်းသာ ဆက်ဆံနေပေသည်။

"ညီလေးကျန်း... ဒီနေ့အတွက် တကယ် ကျေးဇူးတင်ပါတယ်... နောက်ပိုင်း ငါ့အကူအညီ လိုအပ်တာ ရှိရင်... အချိန်မရွေး ပြောလို့ ရတယ်နော်..." ဘေးမှ စုံထောက်ချုပ်ချန်ကလည်း ကျန်းချဲ့ကို ကျေးဇူးတင်စကား ဆိုလိုက်သည်။

အကယ်၍ ကျန်းချဲ့ကသာ အရေးကြီးချိန်တွင် သူ့ကို ဝင်မကူညီခဲ့ပါက စစ်သူကြီးချီ၏ သားကို သွားရောက် စော်ကားမိသလို ဖြစ်သွားမည် ဖြစ်ပြီး ထိုသို့ဆိုလျှင် သူ၏ အသက်ကို သူကိုယ်တိုင် စွန့်လွှတ်လိုက်သကဲ့သို့ ဖြစ်သွားမည် ဖြစ်သည်။ ခရိုင်ဝန်ကျောက်မင်ချန် ကိုယ်တိုင်ပင်လျှင် ဘာစကားမှ ဆက်မပြောရဲဘဲ အမြီးကုပ်ကာ ထွက်ပြေးသွားရသည် မဟုတ်ပါလား။

"ကောင်းပါပြီ... အဲဒီအချိန်ကျရင် စုံထောက်ချုပ်ချန် မငြင်းဖို့သာ မျှော်လင့်ပါတယ်..." ကျန်းချဲ့က ရယ်မောလိုက်သည်။ သူက ဝင်ရောက် ကူညီပေးခဲ့ခြင်းမှာ စုံထောက်ချုပ်ချန်ကို အသုံးပြုရမည့် နေရာများ ရှိနေသေးသောကြောင့်ပင်။

'ငါက ဘယ်တော့မှ အရှုံးပေါ်မယ့် အလုပ်မျိုးကို မလုပ်ဘူးလေ...'

"စိတ်ချပါ... စိတ်ချပါ..."

"မင်း လက်အောက်က တပ်မှူးလေးက တော်တော် အရည်အချင်း ရှိတာပဲ..." စကားစမြည် ပြောဆိုနေရင်းဖြင့် ချီဟွမ်းက ကျန်းချဲ့ကို ရည်ညွှန်းကာ ပြောလိုက်သည်။ သူ၏ လေသံထဲတွင် ကျန်းချဲ့ကို အလွန် သဘောကျနေကြောင်း သိသာလှပေသည်။

တပ်မှူးချုပ်ကျူး၏ မျက်လုံးများက အနည်းငယ် လှုပ်ရှားသွားပြီး ခေါင်းညိတ်လိုက်သည်။

"ဟုတ်ပါတယ်... အဲဒါကြောင့်လည်း ကျွန်တော်က သူ့ကို ရာထူးတိုးပေးခဲ့တာလေ..."

ချီဟွမ်းက ခပ်ဟဟ ရယ်မောလိုက်ပြီး ကျန်းချဲ့ကို တစ်ချက် ကြည့်လိုက်သည်။

"ဘယ်လိုလဲ... အခု ငါ့နောက်ခံကို သိသွားပြီဆိုတော့... စောစောက ငြင်းလိုက်တာကို နောင်တရနေပြီလား..."

"တပ်မှူးချုပ်ကျူးက ကျွန်တော့်အပေါ် ကျေးဇူးကြီးမားလွန်းလို့... ရာထူးတစ်ခုအတွက်နဲ့ လုံးဝ သစ္စာမဖောက်နိုင်ပါဘူး... ရေတစ်စက်စာ ကျေးဇူးကို စမ်းရေတစ်ပေါက်စာ ပြန်ဆပ်ရမယ် ဆိုတာက ကျွန်တော့်ရဲ့ ဘဝ ရပ်တည်ချက်ပါပဲ..." ကျန်းချဲ့က ပြုံးလိုက်သည်။

"တပ်မှူးချီ... ကျွန်တော့်ရှေ့မှာတင် လူလုနေတာက သိပ်မကောင်းဘူး ထင်တယ်နော်..." တပ်မှူးချုပ်ကျူးကလည်း နောက်ပြောင်ကာ ဝင်ပြောလိုက်သည်။

"ဟားဟား... စကားစပ်လို့ ပြောလိုက်တာပါ... တပ်မှူးချုပ်ကျူး စိတ်ထဲ မထားပါနဲ့..."

ချီဟွမ်းက လက်ကို ယမ်းလိုက်သည်။

ထို့နောက်ပိုင်း ကိစ္စများမှာ အလွန် ရိုးရှင်းသွားခဲ့ပြီ ဖြစ်သည်။ ခရိုင်ဝန်ကျောက်မင်ချန် ဆုတ်ခွာသွားပြီးနောက် ရေကြောင်းကုန်သွယ်ရေးဂိုဏ်း ပျက်စီးသွားပြီ ဆိုသည်မှာ ရာနှုန်းပြည့် သေချာသွားခဲ့ပြီ ဖြစ်သည်။ ကျန်ရှိနေသည်မှာ ရေကြောင်းကုန်သွယ်ရေးဂိုဏ်း နှစ်ပေါင်းများစွာ စုဆောင်းထားသော စည်းစိမ်ဥစ္စာများကို စာရင်းရှင်းရန်သာ ဖြစ်သည်။

ကျန်းချဲ့အတွက်မူ တပ်မှူးချုပ်ကျူးက တာဝန်သစ် တစ်ခု ထပ်ပေးလိုက်သည်။ ၎င်းမှာ ယန်ဂူခရိုင် အတွင်းရှိ ရေကြောင်းကုန်သွယ်ရေးဂိုဏ်း၏ ဂိုဏ်းခွဲများနှင့် ဆိပ်ကမ်းများ အားလုံးကို အမြစ်ဖြတ် ရှင်းလင်းရန် ဖြစ်ပြီး တစ်ယောက်ကိုမျှ အလွတ်မပေးရန် အမိန့်ပေးထားပေသည်။

ဤသည်မှာလည်း ငွေရှာရန် အခွင့်အရေးကောင်း တစ်ခုပင် ဖြစ်သည်။

ကန်းတာပြောင်၊ ရွှီဆန်းအာနှင့် ဒဏ်ရာ ပျောက်ကင်းသွားပြီ ဖြစ်သော တန်ယန်တို့က တပ်ဖွဲ့များကို ကိုယ်စီ ဦးဆောင်ကာ ရေကြောင်းကုန်သွယ်ရေးဂိုဏ်း၏ ကျန်ရှိနေသော လူများကို စတင် ရှင်းလင်းကြတော့သည်။

ရေကြောင်းကုန်သွယ်ရေးဂိုဏ်း တံခါးဝရှိ တိုက်ပွဲမှာ အလွန် ကြီးမားသဖြင့် သတင်းပျံ့နှံ့မှုမှာလည်း အလွန် လျင်မြန်လှပေသည်။ ရေကြောင်းကုန်သွယ်ရေးဂိုဏ်း ပျက်စီးသွားပြီး မကြာမီမှာပင် ယန်ဂူခရိုင် အတွင်းရှိ အင်အားစု အကြီးအငယ် အားလုံးက ဤကိစ္စကို သိရှိသွားကြပြီ ဖြစ်သည်။

ထိုသတင်းက လှိုင်းလုံးကြီး တစ်ခုကဲ့သို့ အကြီးအကျယ် ရိုက်ခတ်သွားခဲ့သည်။

ယခင်က ကျန်းချဲ့ ရေကြောင်းကုန်သွယ်ရေးဂိုဏ်း ဆိပ်ကမ်းတွင် ပြဿနာ ရှာခဲ့စဉ်က လူတိုင်းက အံ့ဩခဲ့ကြသော်လည်း လက်ခံနိုင်စွမ်း ရှိသေးသည်။

သို့သော် ယခုအခါ ကျန်းချဲ့က စစ်သည်များ ခေါ်ဆောင်လာပြီး ရေကြောင်းကုန်သွယ်ရေးဂိုဏ်းကို တိုက်ရိုက် အမြစ်ဖြတ် ရှင်းလင်းလိုက်သဖြင့် လူတိုင်းမှာ အမှန်တကယ် အံ့ဩထိတ်လန့်သွားကြတော့သည်။

ယန်ဂူခရိုင်တွင် ဆယ်နှစ်ကျော်ကြာ ခိုင်မာစွာ ရပ်တည်လာခဲ့ပြီး ယန်ဂူခရိုင်၏ နံပါတ်တစ် သိုင်းလောက အင်အားစုဟု နာမည်ကြီးကာ အင်အားကြီးမားသော နောက်ခံနှင့် အဆက်အသွယ် အရှုပ်ထွေးဆုံး ဖြစ်သော ရေကြောင်းကုန်သွယ်ရေးဂိုဏ်းက... ဒီလောက် ရိုးရိုးရှင်းရှင်းလေးနဲ့ ပျက်စီးသွားပြီလား။

မနေ့က အထိ... မဟုတ်ဘူး... လွန်ခဲ့တဲ့ နာရီအနည်းငယ် အထိသာ တစ်ယောက်ယောက်က ဤသို့ ပြောမည်ဆိုပါက နေ့ခင်းကြောင်တောင် အိပ်မက်မက်နေသည်ဟု လူတိုင်းက လှောင်ပြောင်ကြမည်မှာ သေချာလှပေသည်။

'ဘာတွေ လာနောက်နေတာလဲ... ရေကြောင်းကုန်သွယ်ရေးဂိုဏ်းက ဘယ်လိုလုပ်ပြီး ပျက်စီးသွားနိုင်မှာလဲ...'

ထိုမျှမက ဤမျှ မြန်ဆန်သော နည်းလမ်းဖြင့် ပျက်စီးသွားလိမ့်မည်ဟု မည်သူကမျှ ထင်မှတ်မထားခဲ့ကြပေ။

သို့သော် အမှန်တရားက မျက်စိရှေ့တွင် ရှိနေပြီ ဖြစ်ရာ လူတိုင်း အနေဖြင့် မယုံကြည်ဘဲ မနေနိုင်တော့ပေ။

အံ့ဩထိတ်လန့်မှုများ အပြီးတွင်မူ စိတ်လှုပ်ရှားမှုများ ထွက်ပေါ်လာခဲ့သည်။

ရေကြောင်းကုန်သွယ်ရေးဂိုဏ်းက အနောက်မြို့နယ် ဆိပ်ကမ်းကို တစ်ဦးတည်း ချုပ်ကိုင်ထားပြီး ရေကြောင်းကုန်သွယ်မှုဖြင့် ငွေကြေး အမြောက်အမြား ရှာဖွေနေသည်ကို အင်အားစု အများအပြားက အစကတည်းက မနာလို ဖြစ်နေခဲ့ကြသည်။ ယခုအခါ ရေကြောင်းကုန်သွယ်ရေးဂိုဏ်း ပျက်စီးသွားပြီ ဖြစ်ရာ ကြီးမားသော နေရာလွတ်ကြီး တစ်ခု ဖြစ်ပေါ်လာပြီ မဟုတ်ပါလား။

မည်သူက အခြားသူများထက် အရင်ဦးအောင် အနောက်မြို့နယ်ကို သိမ်းပိုက်နိုင်မည်နည်း။ သိမ်းပိုက်နိုင်သူက ယန်ဂူခရိုင်၏ နောက်ထပ် နံပါတ်တစ် အင်အားစု အသစ် ဖြစ်လာမည် ဖြစ်သည်။

အင်အားစု အများအပြားက ယခုအချိန်တွင် စတင် လှုပ်ရှားရန် ပြင်ဆင်နေကြပြီ ဖြစ်သည်။

ရေကြောင်းကုန်သွယ်ရေးဂိုဏ်း ပျက်စီးသွားခြင်းနှင့် အတူ ကျန်းချဲ့၏ နာမည်မှာလည်း ယန်ဂူခရိုင် တစ်ခုလုံးတွင် အကြီးအကျယ် နာမည်ကျော်ကြားသွားခဲ့ပြီ ဖြစ်သည်။

'ဘန်း...'

တောင်ပိုင်းမြို့နယ် စစ်စခန်းတွင် သတင်းကို ယခုလေးတင် ရရှိလိုက်သော ဂိုပုရန်က အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် အလွန် ကောင်းမွန်သော ကြွေပန်းကန်လုံးကို မြေကြီးပေါ်သို့ ပြင်းထန်စွာ ပစ်ပေါက်လိုက်သည်။ သူ၏ မျက်လုံးများက အလွန် မည်းမှောင်နေပေသည်။

'ထပ်ပြီး မှားသွားပြန်ပြီ...'

'ဒီကောင်လေးရဲ့ အသက်က တကယ် ပြင်းတာပဲ...'

ညနေစောင်း အချိန်သို့ ရောက်သောအခါ ရေကြောင်းကုန်သွယ်ရေးဂိုဏ်း နှစ်ပေါင်းများစွာ စုဆောင်းထားသော စည်းစိမ်ဥစ္စာများကို အကြမ်းဖျင်း ရှင်းလင်းပြီးသွားပြီ ဖြစ်သည်။ စုစုပေါင်း ပမာဏ မည်မျှ ရှိသည်ကို ကျန်းချဲ့ အတိအကျ မသိရှိသော်လည်း သူ၏ လက်ထဲသို့ ရောက်ရှိလာသော ငွေကြေးမှာ ငွေလျန် တစ်ထောင်ငါးရာခန့် ရှိပေသည်။

အများစုကို တပ်မှူးချုပ်ကျူးနှင့် ချီဟွမ်းတို့က ယူဆောင်သွားပြီ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိပါသည်။ သူက အနည်းငယ်မျှသာ ရရှိခြင်း ဖြစ်သည်။

သို့သော် ကျန်းချဲ့မှာ ဤကိစ္စအတွက် လုံးဝ စိတ်ပျက်မနေပေ။ ပထမ အကြောင်းရင်းမှာ ရေကြောင်းကုန်သွယ်ရေးဂိုဏ်းကို ဖယ်ရှားလိုက်နိုင်သဖြင့် သူ၏ အန္တရာယ် တစ်ခုကို ရှင်းလင်းလိုက်နိုင်ခြင်း ဖြစ်ပြီး ဒုတိယ အကြောင်းရင်းမှာ... သူက ရေကြောင်းကုန်သွယ်ရေးဂိုဏ်း အတွင်းသို့ ပထမဆုံး ဝင်ရောက်ခဲ့သူ ဖြစ်သဖြင့် ရွှီဆန်းအာကို ပစ္စည်းကောင်း အချို့ တိတ်တဆိတ် ဖွက်ထားခိုင်းပြီး ဖြစ်သည်။

အကြမ်းဖျင်း တွက်ကြည့်မည် ဆိုပါက ရေကြောင်းကုန်သွယ်ရေးဂိုဏ်း ပျက်စီးသွားခြင်းကြောင့် ကျန်းချဲ့ ရရှိလိုက်သော စုစုပေါင်း ငွေကြေး တန်ဖိုးမှာ ငွေလျန် ခြောက်ထောင်ကျော်ခန့် ရှိပေသည်။

ဤသည်မှာလည်း အလွယ်တကူ ရွှေ့ပြောင်းနိုင်သော ပိုင်ဆိုင်မှုများသာ ရှိသေးသည်။ ရေကြောင်းကုန်သွယ်ရေးဂိုဏ်းမှာ ရေကြောင်းကုန်သွယ်မှုဖြင့် ချမ်းသာလာခြင်း ဖြစ်ရာ အဓိက ပိုင်ဆိုင်မှုများမှာ ဆိပ်ကမ်းများ၊ မြို့တွင်းရှိ ဆိုင်ခန်းများနှင့် မြို့ပြင်ရှိ လယ်ယာမြေများ ဖြစ်ကြောင်း လူတိုင်း သိကြပေသည်။ အချုပ်ပြောရလျှင် ရေကြောင်းကုန်သွယ်ရေးဂိုဏ်း ပြိုလဲသွားခြင်းက လူတိုင်းကို ဗိုက်ဝသွားစေခဲ့သည်။

All Chapters