အခန်း ၅၅
Vol. 6 Ch. 55
အခန်း (၅၅) တောင်းပန်ပါတယ်... ကျွန်တော့်မှာ လှည့်ကွက် ရှိတယ်
ငွေလျန် ခြောက်ထောင် ရရှိခဲ့သော်လည်း ကျန်းချဲ့ အနေဖြင့် ထင်ထားသလောက် ဝမ်းသာမနေခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ရေကြောင်းကုန်သွယ်ရေးဂိုဏ်းကို အမြစ်ဖြတ် ရှင်းလင်းရာတွင် သူကသာ အဆင့်အမြင့်ဆုံး အရာရှိ ဖြစ်ပါက... သူရရှိမည့် ဝေစုမှာ သေချာပေါက် ငွေလျန် တစ်သောင်းထက် လျော့နည်းမည် မဟုတ်ပေ။
အချုပ်ပြောရလျှင် ကျန်းချဲ့က ချီဟွမ်းလို ကြီးမားသော နောက်ခံ မရှိသဖြင့် မိမိကိုယ်ကိုသာ အားကိုးရမည် ဖြစ်သည်။
ထို့ကြောင့် ကျန်းချဲ့အတွက် ယခု အရေးအကြီးဆုံး ကိစ္စမှာ ခန္ဓာကိုယ်သန့်စင်ခြင်း ကျင့်စဉ် တစ်ခုကို လေ့ကျင့်ပြီး အရိုးသန့်စင်ခြင်း အဆင့်သို့ တက်လှမ်းရန် ဖြစ်သည်။
သူ၏ တိုးတက်မှုနှုန်းက အလွန်တရာ အံ့ဩဖွယ် ကောင်းနေပြီ ဖြစ်သော်လည်း သူက လုံးဝ မကျေနပ်နိုင်သေးပေ။
ရေကြောင်းကုန်သွယ်ရေးဂိုဏ်းမှ သူရရှိလာသော အရာများ အားလုံးမှာ ငွေကြေးချည်း သက်သက် မဟုတ်ပေ။ အချို့မှာ သိုင်းလေ့ကျင့်ရာတွင် အထောက်အကူပြုသော သမင်သွေးမြက်နှင့် အရိုးသန်မာစေသော ပန်း အစရှိသည့် ဆေးဘက်ဝင် အပင်များလည်း ပါဝင်ပေသည်။
ထို့အပြင် ကျန်းချဲ့က ရေကြောင်းကုန်သွယ်ရေးဂိုဏ်းမှ သိုင်းကျမ်းများကို စုဆောင်းရန် ရွှီဆန်းအာကို အထူးတလည် အမိန့်ပေးထားခဲ့သေးသည်။
ဓားသိုင်းများ အပါအဝင် အခြားသော သိုင်းကျမ်းများကို ဖယ်ရှားလိုက်ပြီးနောက် ကျန်းချဲ့က အဓိကထားပြီး သိုင်းကျမ်း သုံးအုပ်ကို ရွေးချယ်လိုက်သည်။
ကျောက်စိမ်းဖြူ သိုင်းကျမ်း... ကြည်လင်သော နှလုံးသား သိုင်းကျမ်းနှင့် လှိုင်းထပ် သိုင်းကျမ်း...
ဤသိုင်းကျမ်း သုံးအုပ်မှာ ရေကြောင်းကုန်သွယ်ရေးဂိုဏ်းမှ ပိုင်ဆိုင်သော ခန္ဓာကိုယ်သန့်စင်ခြင်း ကျင့်စဉ်များ ဖြစ်ကြသည်။
သို့သော် ကျန်းချဲ့က ဤကျင့်စဉ်များကို လေ့ကျင့်ရန် တွန့်ဆုတ်နေပေသည်။ ယခင်က လျိုကျစ် သတိပေးခဲ့ဖူးသည်ကို သူ သတိရနေသည်။ ခန္ဓာကိုယ်သန့်စင်ခြင်း ကျင့်စဉ် ဆိုသည်မှာ တစ်ကြိမ် လေ့ကျင့်ပြီးပါက ပြောင်းလဲရန် အလွန် ခက်ခဲပြီး သိုင်းသမား၏ အရိုးနှင့် ကြွက်သားများကိုပါ ထိခိုက်စေနိုင်ပေသည်။ ထို့ကြောင့် အခွင့်အရေး ရပါက မိမိနှင့် အသင့်တော်ဆုံး ကျင့်စဉ်ကိုသာ ရွေးချယ်သင့်ကြောင်း အကြံပြုခဲ့ဖူးသည်။
မဟုတ်ပါက နောက်ပိုင်းမှ နောင်တရမည် ဖြစ်သည်။
နောက်တစ်နေ့တွင် တစ်ညတာ အနားယူပြီးနောက် ချီဟွမ်းက ယန်ဂူခရိုင်၌ ဆက်လက် မနေထိုင်တော့ဘဲ ထွက်ခွာရန် ပြင်ဆင်နေပေသည်။ ရသင့်ရထိုက်သော အရာများကို သူ အားလုံး ရရှိပြီး ဖြစ်သည်။ အများစုမှာ ရေကြောင်းကုန်သွယ်ရေးဂိုဏ်း၏ အလွယ်တကူ ရွှေ့ပြောင်းနိုင်သော ပိုင်ဆိုင်မှုများ ဖြစ်ကြသည်။
ငွေကြေးအဖြစ် ပြောင်းလဲရန် ခက်ခဲသော အရာများကိုမူ တပ်မှူးချုပ်ကျူးက အများဆုံး ရရှိသွားခဲ့သည်။
ဤကိစ္စနှင့် ပတ်သက်၍ သူတို့နှစ်ယောက်က မိမိတို့ လိုအပ်သည်ကိုသာ ခွဲဝေယူခဲ့ကြခြင်း ဖြစ်သည်။
အင်အားကြီးမားသော နောက်ခံရှိပြီး အနာဂတ်တွင် အလားအလာ ကောင်းမည့် အုပ်ချုပ်ရေးတပ်မှူး တစ်ယောက်ကို ကျန်းချဲ့ အနေဖြင့် သေချာပေါက် ရင်းနှီးအောင် ပေါင်းသင်းထားရမည် ဖြစ်သည်။ နောင်တစ်ချိန်တွင် ထပ်မံ တွေ့ဆုံနိုင်သေးသည် မဟုတ်ပါလား။ ထို့ကြောင့် သတင်းရရချင်း ကျန်းချဲ့ ကိုယ်တိုင် လာရောက် နှုတ်ဆက်ခဲ့သည်။
စစ်သည် အများစုမှာ စတင် ထွက်ခွာနေကြပြီ ဖြစ်သော်လည်း ကျန်းချဲ့နှင့် ချီဟွမ်းတို့ နှစ်ယောက်က ချင်းလင်မြစ်ကမ်းစပ်တွင် ရပ်ကာ စကားပြောနေကြသည်။ ကျန်းချဲ့က ရေကြောင်းကုန်သွယ်ရေးဂိုဏ်းမှ ရရှိထားသော ခန္ဓာကိုယ်သန့်စင်ခြင်း ကျင့်စဉ် သုံးအုပ်၏ အဆင့်အတန်းကို တစ်ပါတည်း မေးမြန်းလိုက်သည်။
"ကျောက်စိမ်းဖြူ သိုင်းကျမ်း... လှိုင်းထပ် သိုင်းကျမ်း... ကြည်လင်သော နှလုံးသား သိုင်းကျမ်း..." ချီဟွမ်းက သိုင်းကျမ်း သုံးအုပ်ကို တစ်အုပ်ချင်းစီ ဖတ်ရှုကြည့်ပြီးနောက် ကျန်းချဲ့ထံ ပြန်ပေးကာ ခေါင်းယမ်းလိုက်သည်။
"ဒီသုံးအုပ်က သိုင်းလောကမှာ သာမန် ခန္ဓာကိုယ်သန့်စင်ခြင်း ကျင့်စဉ်တွေပဲ... သာမန် လူတွေအတွက်တော့ တန်ဖိုး မနည်းဘူးပေါ့... ဒါပေမဲ့ မင်းက အမြင့်ပိုင်းကို တက်လှမ်းချင်တယ် ဆိုရင်တော့ ဒီကျင့်စဉ်တွေကို မလေ့ကျင့်တာ ပိုကောင်းမယ်..."
"ခန္ဓာကိုယ်ကြံ့ခိုင်ခြင်း၊ အတွင်းအားဖြစ်တည်ခြင်း၊ အရိုးသန့်စင်ခြင်းနဲ့ သွေးကြောပွင့် အဆင့် လေးဆင့်လုံးက သာမန် အဆင့်ငယ်လေးတွေပဲ... အဓိကက မွေးရာပါ အဆင့်ကို တက်လှမ်းဖို့အတွက် အခြေခံ တည်ဆောက်နေတာပဲ... အကယ်လို့ အခြေခံ မခိုင်မာဘူး ဆိုရင် နောက်ပိုင်း လေ့ကျင့်ရတာ အရမ်း ခက်ခဲသွားလိမ့်မယ်..."
ချီဟွမ်းမှာ အထက်တန်းလွှာ မိသားစုမှ ဆင်းသက်လာသူ ဖြစ်ရာ သူ၏ အသိပညာနှင့် အကဲခတ်နိုင်စွမ်းက ကျန်းချဲ့ထက် အများကြီး သာလွန်ပေသည်။ သိုင်းကျမ်း သုံးအုပ်ကို တစ်ချက် ကြည့်လိုက်ရုံဖြင့် အကန့်အသတ်ကို ချက်ချင်း သိရှိသွားခဲ့သည်။
ကျန်းချဲ့က မျက်နှာကို ရှုံ့မဲ့ကာ ပြုံးလိုက်သည်။
"ကျွန်တော်က သာမန် မိသားစုကနေ ဆင်းသက်လာတာလေ... ငယ်ငယ်ကတည်းက ဒီချင်းလင်မြစ်မှာပဲ ငါးဖမ်းပြီး အသက်မွေးလာရတာ ဆိုတော့... အခုချိန်ထိ အဆင့်မြင့်တဲ့ ခန္ဓာကိုယ်သန့်စင်ခြင်း ကျင့်စဉ်ကို ရှာဖို့ အစွမ်းအစ မရှိသေးပါဘူး..."
"မင်း ရှာမရရင်... ငါ ပေးမယ်လေ..."
ချီဟွမ်းက ကျန်းချဲ့ကို စူးရှသော အကြည့်များဖြင့် စိုက်ကြည့်ကာ ပြောလိုက်သည်။
"ကျွန်တော့်ဘက်က ဘာတွေ ပြန်ပေးဆပ်ရမလဲ..."
လောကကြီးတွင် အလကားရသော အရာ မရှိကြောင်း ကျန်းချဲ့ ကောင်းစွာ သိရှိပါသည်။
"မင်း ပေးဆပ်ရမှာက လွတ်လပ်ခွင့်ပဲ... ငါက လက်ရွေးစင် ကိုယ်ရံတော်တပ် တစ်ခု ဖွဲ့စည်းဖို့ စီစဉ်နေတယ်... နယ်စပ်ကို ငါနဲ့ အတူ လိုက်ပြီး စစ်တိုက်ရမယ်... မင်းကို အဲဒီ ကိုယ်ရံတော်တပ်ရဲ့ တပ်မှူးနေရာ ပေးမယ်... အဲဒီအချိန်ကစပြီး ငါ့အတွက် အသက်ပေးပြီး အလုပ်လုပ်ရမယ်..."
"ကျွန်တော်..."
"ချက်ချင်း မငြင်းလိုက်ပါနဲ့ဦး... ငါ့ရဲ့ နောက်ခံကို မင်း သိပြီးပြီဆိုတော့... နောက်ပိုင်း ငါ ဘယ်လို နေရာမျိုး ရောက်မလဲ ဆိုတာကိုလည်း မင်း ခန့်မှန်းလို့ ရမှာပါ... ငါ့နောက်ကို လိုက်မယ်ဆိုရင် သာမန်လူတွေ မရနိုင်တဲ့ ပစ္စည်းကောင်းတွေကို မင်း ရနိုင်လိမ့်မယ်..."
"မင်းကို ပေးမယ့် ခန္ဓာကိုယ်သန့်စင်ခြင်း ကျင့်စဉ်ကလည်း... ထိုက်အန်း မြို့တော် တစ်ခုလုံးမှာတောင် အဆင့်မြင့်တဲ့ ကျင့်စဉ် ဖြစ်စေရမယ်... ဒါက မင်းအတွက် အကောင်းဆုံး ရွေးချယ်မှု မဟုတ်ဘူးလား..."
ချီဟွမ်းက လေးနက်သော အသံဖြင့် ပြောလိုက်သည်။
အကယ်၍ ကျန်းချဲ့သာ ကူးပြောင်းလာသော သာမန် လူတစ်ယောက် ဖြစ်မည်ဆိုပါက... ကောင်းကင်ယဇ်ပလ္လင်ကျောက်တိုင် ဆိုသော အကူအညီသာ မပါရှိပါက... ဤအချိန်တွင် သေချာပေါက် စိတ်ဝင်စားသွားမည် ဖြစ်သည်။ သို့သော် သူက သာမန် မဟုတ်သောကြောင့်ပင်။
ထို့ကြောင့် ကျန်းချဲ့က ငြင်းပယ်ရန်သာ ရွေးချယ်လိုက်သည်။
ကိုယ်ရံတော် ဖြစ်လာခြင်းက အကျိုးကျေးဇူး အများအပြား ရှိသယောင် ထင်ရသော်လည်း အကယ်၍ ချီဟွမ်းသာ အန္တရာယ် တစ်ခုခု ကြုံတွေ့ပါက ကျန်းချဲ့ အနေဖြင့် အသက်ပေးကာ ကာကွယ်ရမည် ဖြစ်သည်။ ထို့အပြင် လွတ်လပ်ခွင့်လည်း ဆုံးရှုံးသွားမည် ဖြစ်ရာ သူ သေချာပေါက် လက်ခံမည် မဟုတ်ပေ။
"တကယ်ကို ငယ်ရွယ်သေးတာပဲ... လောကကြီး ဘယ်လောက် ကျယ်ဝန်းလဲဆိုတာ မင်း မသိသေးပါဘူး..."
ချီဟွမ်းက ပြုံးလိုက်ပြီး ဆက်လက် မတိုက်တွန်းတော့ပေ။
လူတစ်ယောက်စီတိုင်းတွင် ကိုယ်ပိုင် ရည်မှန်းချက် ရှိကြသည်။ သူက တစ်ဖက်လူကို သဘောကျသော်လည်း အတင်းအကျပ် လက်ခံခိုင်းမည် မဟုတ်ပေ။ ၎င်းမှာ သူ၏ မာနပင် ဖြစ်သည်။
"ဒါနဲ့... အရင်တုန်းက ဆုန့်ကျိ လေ့ကျင့်တဲ့ ကျင့်စဉ်က မဆိုးဘူးလို့ တပ်မှူးချီ ပြောခဲ့တယ်နော်... အဲဒီ ကျင့်စဉ်က ဘယ်လောက် အဆင့်လောက် ရှိလဲ သိလို့ရမလား..." အချိန်အနည်းငယ် အကြာတွင် ကျန်းချဲ့က သူ၏ တကယ့် ရည်ရွယ်ချက်ကို ထုတ်ဖော် မေးမြန်းလိုက်သည်။
သိုင်းကျမ်းများ မရှာဖွေရသေးမီ ကတည်းက ကျန်းချဲ့၏ ပစ်မှတ်မှာ တစ်ဖက်လူ ချီးကျူးခဲ့သော ဆုန့်ကျိ၏ သိုင်းကျင့်စဉ်ပင် ဖြစ်သည်။
"မင်း ပြောတာ အစိမ်းရောင်မိစ္ဆာ ခန္ဓာကိုယ်သန့်စင်ခြင်း ကျင့်စဉ်ကို ပြောတာလား..."
"ဟုတ်ပါတယ်..."
ချီဟွမ်းက ခဏတာ စဉ်းစားလိုက်ပြီးနောက် ပြန်ဖြေလိုက်သည်။
"အဲဒီ ကျင့်စဉ်အကြောင်းကို ငါ အရင်က ကြားဖူးတယ်... တကယ်ကို အဆင့်မြင့် ခန္ဓာကိုယ်သန့်စင်ခြင်း ကျင့်စဉ်လို့ ပြောလို့ရတယ်... အဲဒါကြောင့်လည်း ဝေါ့ဟူတောင်က ဓားပြတွေက သာမန် မဟုတ်ဘူးလို့ ငါပြောတာပေါ့... သူတို့ရဲ့ ခေါင်းဆောင် တစ်ယောက်တောင်မှ ဒီလို ကျင့်စဉ်မျိုးကို လေ့ကျင့်နိုင်တယ် ဆိုတော့လေ..."
"ဒါပေမဲ့ ဘယ်လို ကျင့်စဉ်မျိုး မဆို ကောင်းကွက် ဆိုးကွက်တော့ ရှိတာပဲ... ဒီကျင့်စဉ်က သင်ယူဖို့ လွယ်ပေမဲ့ ကျွမ်းကျင်ဖို့ ခက်တယ်... အဓိကက မိစ္ဆာစွမ်းအင်ကို အခြေခံပြီး လေ့ကျင့်ရတာဆိုတော့... သိုင်းသမားရဲ့ စိတ်ကို တဖြည်းဖြည်း လွှမ်းမိုးသွားနိုင်တယ်... စိတ်ဓာတ် အရမ်း ခိုင်မာတဲ့ လူမှသာ အဆင့်ကြီးကို ရောက်နိုင်တာ..."
"မင်းသာ အဲဒီကျင့်စဉ်ကို လေ့ကျင့်ဖို့ စိတ်ကူးနေတယ် ဆိုရင်တော့... စွန့်လွှတ်လိုက်ဖို့ အကြံပေးပါရစေ... မင်း သူ့ကို ဖမ်းထားနိုင်ရင်တောင်မှ... သူက မင်းကို အလွယ်တကူ ပေးမှာ မဟုတ်ဘူး... အကယ်လို့ ပေးရင်တောင်မှ သေချာပေါက် လှည့်ကွက်တွေ ပါလာမှာပဲ... အသေးအဖွဲ ကိစ္စလေးတွေအတွက်နဲ့ အကြီးကြီး မဆုံးရှုံးစေနဲ့... အကယ်လို့ မင်းရလာတဲ့ ကျင့်စဉ်ကသာ မပြည့်စုံဘူး ဆိုရင်... နောင်တစ်ချိန်ကျရင် မင်း တခြားလူရဲ့ လက်အောက်ကို ရောက်သွားလိမ့်မယ်..."
"တပ်မှူးချီက အများကြီး တွေးနေပါပြီ... ကျွန်တော်က ဒီအတိုင်း စပ်စုကြည့်ရုံ သက်သက်ပါ..."
"ကောင်းပြီ... ဒီအထိပဲ လိုက်ပို့ပါတော့... ငါ့နောက်ကို လိုက်မလား... မလိုက်ဘူးလား ဆိုတာကို နောက်ရက်တွေမှာ သေချာ စဉ်းစားကြည့်ပါဦး... ဒါပေမဲ့ အချိန် သိပ်မရှိဘူးနော်... သိပ်မကြာခင်မှာ ငါ ထိုက်အန်း မြို့တော်ကနေ ပြောင်းသွားတော့မှာ ဆိုတော့... မင်း လိုက်ရှာရင်တောင် တွေ့မှာ မဟုတ်ဘူး..."
ချီဟွမ်းက နောက်ဆုံး အနေဖြင့် တစ်ခွန်း ပြောလိုက်ပြီးနောက် မြင်းပေါ်သို့ ခုန်တက်ကာ အလျင်အမြန် ထွက်ခွာသွားတော့သည်။ ကျန်းချဲ့က တစ်ဖက်လူ ဝေးကွာသွားသည်ကို တိတ်ဆိတ်စွာ ရပ်ကြည့်နေခဲ့သည်။
ချီဟွမ်းကို နှုတ်ဆက်ပြီးနောက် ကျန်းချဲ့က အနောက်မြို့နယ် စစ်စခန်းသို့ ချက်ချင်း အလျင်စလို သွားရောက်ခဲ့သည်။ ဆုန့်ကျိကို ဤနေရာတွင် ဖမ်းချုပ်ထားပြီး အစိမ်းရောင်မိစ္ဆာ ခန္ဓာကိုယ်သန့်စင်ခြင်း ကျင့်စဉ်ကို သေချာ စစ်ဆေးမေးမြန်းရန် ဖြစ်သည်။
ချီဟွမ်း၏ သတိပေးချက်များက လုံးဝ မှားယွင်းမှု မရှိပေ။
သို့သော် သူ မသိသည်မှာ ကျန်းချဲ့တွင် ကောင်းကင်ယဇ်ပလ္လင်ကျောက်တိုင် ရှိနေခြင်းပင်။ ကျင့်စဉ်က မပြည့်စုံလျှင်တောင်မှ... ကျင့်စဉ်တွင် ချို့ယွင်းချက်များ ရှိနေလျှင်တောင်မှ... ဆက်လက် လေ့ကျင့်နိုင်ပေသည်။
အဆင့်မြင့် ကျင့်စဉ် တစ်ခု၏ သတင်းကို ရရှိထားပြီးမှ သူက ဘယ်လိုလုပ်ပြီး အလွယ်တကူ လက်လျှော့မည်နည်း။
ကျင့်စဉ်၏ ဆိုးကျိုးများနှင့် ပတ်သက်၍လည်း... ကြမ္မာသုံးပါး ထိတ်လန့်ဖွယ် ဓားသိုင်း ရှိနေသဖြင့် သူ လုံးဝ စိုးရိမ်စရာ မလိုပေ။
'ဖျန်း...'
ရေခဲရေ တစ်ပုံးကို ဆုန့်ကျိ၏ မျက်နှာပေါ်သို့ ပက်လိုက်ရာ သူ ချက်ချင်း နိုးထလာခဲ့သည်။ ပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ကြည့်ပြီးနောက် သူ၏ အကြည့်များက ကျန်းချဲ့အပေါ်သို့ ရောက်ရှိသွားခဲ့သည်။
"သတ်ချင်ရင်လည်း မြန်မြန်သတ်... စကားတွေ အများကြီး လာမပြောနဲ့..."
"မင်းကိုသာ သတ်ချင်ရင်... အခုချိန်ထိ အသက်ရှင်ခွင့် ပေးထားမှာ မဟုတ်ဘူး..."
ကျန်းချဲ့က ပြုံးလိုက်သည်။
"မင်း ဘာလုပ်ချင်တာလဲ..."
"အပေးအယူ တစ်ခု လုပ်ကြတာပေါ့... မင်း လေ့ကျင့်ထားတဲ့ ခန္ဓာကိုယ်သန့်စင်ခြင်း ကျင့်စဉ်ကို ပေးရင် မင်း အသက်ကို ချမ်းသာပေးမယ်... ဘယ်လိုလဲ..." အချုပ်ခန်း အတွင်းရှိ စစ်သည်များ အားလုံးကို ကျန်းချဲ့က ထွက်သွားရန် အမိန့်ပေးထားသဖြင့် သူတို့နှစ်ယောက်တည်းသာ ရှိနေပေသည်။
ထို့ကြောင့် သူလည်း ဘာကိုမှ ထောက်ထားနေစရာ မလိုတော့ဘဲ လိုရင်းကိုသာ တိုက်ရိုက် ပြောလိုက်သည်။
"အိပ်မက်မက်နေလိုက်..."
ဆုန့်ကျိက အေးစက်စက် ရယ်မောကာ အထင်သေးစွာ ပြောလိုက်သည်။
"မင်းလို ခေါင်းမာတဲ့ ပြိုင်ဘက်မျိုးကို ငါ သဘောကျတယ်... ဒါပေမဲ့ ခေါင်းမာရုံနဲ့ ဗိုက်ဝမှာ မဟုတ်ဘူးနော်... မင်း ငါနဲ့ အပေးအယူ မလုပ်ဘူး ဆိုရင်... မင်း ခန္ဓာကိုယ်ပေါ်က အသားတွေကို တစ်လွှာချင်းစီ လှီးထုတ်ပစ်ဖို့ လူလွှတ်လိုက်မယ်..."
"အသားတွေကို အလွှာလိုက် လှီးထုတ်ခံရတဲ့ အရသာကို မြည်းစမ်းကြည့်ချင်လား…”