အခန်း ၅၇
Vol. 6 Ch. 57
အခန်း (၅၇) အဆင့်တက်လှမ်းခြင်း - အရိုးသန့်စင်ခြင်း
ယခုအချိန်တွင် ကျန်းချဲ့၏ အသိစိတ်များ အားလုံးမှာ ကျမ်းစာများထဲတွင် လုံးဝ နှစ်မြှုပ်နေပေသည်။
အစိမ်းရောင်မိစ္ဆာ ခန္ဓာကိုယ်သန့်စင်ခြင်း ကျင့်စဉ်အပေါ် သူ၏ နားလည်သဘောပေါက်မှုကလည်း လျင်မြန်စွာ တိုးတက်လာခဲ့သည်။
ကောင်းကင်ယဇ်ပလ္လင်ကျောက်တိုင်ပေါ်ရှိ စာလုံးများ အဆက်မပြတ် တောက်ပလာပြီး အချိန်မှတ်တစ်ခုသို့ ရောက်ရှိသွားသောအခါ... အနီရောင် အလင်းတန်း တစ်ခုက မိုးကြိုးပစ်သကဲ့သို့ လျင်မြန်သော အရှိန်ဖြင့် သူ၏ ရင်ဘတ်ထဲသို့ တိုက်ရိုက် တိုးဝင်သွားတော့သည်။
အရေပြားများက တဖြည်းဖြည်း နီရဲလာပြီး တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားခဲ့သည်။
ယခင်က အတွင်းအားဖြစ်တည်ခြင်း အဆင့်သို့ ရောက်ရှိစဉ်ကကဲ့သို့ပင် ယခုအခါတွင်လည်း သူက ပူပြင်းသော မီးဖိုကြီး တစ်ခုထဲ ရောက်နေသကဲ့သို့ ခံစားနေရသည်။ တစ်ချိန်တည်းမှာပင် ခန္ဓာကိုယ်အတွင်းရှိ ဆူပွက်နေသော အတွင်းအားများကလည်း တဖြည်းဖြည်း ပိုမို များပြားလာခဲ့သည်။
အတွင်းအားဖြစ်တည်ခြင်း အခြေခံအဆင့်တွင် လတ်တလော ဥခွံထဲမှ ထွက်လာသော မြွေငယ်လေး တစ်ကောင်ကဲ့သို့ ပါးလွှာပြီး အားနည်းခဲ့သည်။ အဆင့်ကြီးသို့ ရောက်ရှိချိန်တွင်မူ မြွေငယ်လေးက မြွေဟောက်ကြီး အဖြစ် ပြောင်းလဲသွားပြီး ဆူပွက်လာခဲ့သည်။
သို့သော် ယခုအခါ ထိုမြွေဟောက်ကြီးက နဂါးတစ်ကောင် အဖြစ်သို့ စတင် ပြောင်းလဲနေပြီ ဖြစ်သည်။
တိုးတက်လာသည်...
တိုးတက်လာသည်...
တိုးတက်လာသည်...
ကျန်းချဲ့၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ရေနွေးငွေ့များက ကျဉ်းမြောင်းသော ဂူတစ်ခုလုံးကို ပြည့်နှက်သွားစေခဲ့သည်။ အထူးသဖြင့် ဆောင်းရာသီတွင် အနည်းငယ်သော အပူငွေ့များကပင် ပိုမို သိသာလေ့ ရှိပြီး ယခုအခါ ပို၍ပင် ဆိုးရွားလှပေသည်။
များပြားလှသော ရေနွေးငွေ့များက ဂူအပြင်ဘက်သို့ပင် ပျံ့နှံ့သွားခဲ့ပြီး အဝေးမှ ကြည့်မည်ဆိုပါက မီးလောင်နေသကဲ့သို့ ထင်ရပေသည်။
ကျန်းချဲ့၏ ယခု အခြေအနေက မည်မျှ ပြင်းထန်ကြောင်း ခန့်မှန်းနိုင်ပေသည်။
ကိုယ်တွင်းရှိ ပြည့်နှက်နေသော အတွင်းအားများက ထွက်ပေါက် မရှိသဖြင့် သွေးချီများကို အဆက်မပြတ် တွန်းအားပေးနေပြီး သွေးချီများကလည်း ချွေးပေါက်များမှတစ်ဆင့် ခန္ဓာကိုယ် အပြင်ဘက်သို့ အဆက်မပြတ် ထွက်ပေါ်လာနေပေသည်။
နောက်ဆုံးတွင်...
အချိန်အနည်းငယ် အကြာတွင် ကျန်းချဲ့ ခန္ဓာကိုယ်အတွင်းရှိ အတွင်းအားများက အမြင့်ဆုံး အမှတ်သို့ ရောက်ရှိသွားခဲ့သည်။
နောက်တစ်စက္ကန့်တွင်...
တိတ်ဆိတ်နေသော နေရာမှ မိုးကြိုးပစ်သံ ထွက်ပေါ်လာသကဲ့သို့ပင်...
ကျမ်းစာရွတ်ဖတ်သံများက နားထဲတွင် ပြည့်နှက်နေပြီး အတွင်းအားများကလည်း ကျန်းချဲ့ ခန္ဓာကိုယ်အတွင်းရှိ အရိုးများနှင့် ကြွက်သားများ နေရာအနှံ့သို့ စုစည်းသွားကြသည်။ ထို့နောက် အတွင်းအား အချို့က သူ၏ လက်မောင်းရှိ အရိုးတစ်ခုအတွင်းသို့ စတင် စိမ့်ဝင်သွားတော့သည်။
အရိုးသန့်စင်ခြင်း စတင်ပြီ...
ဆူပွက်နေသော အတွင်းအားများက အရိုးများနှင့် ကြွက်သားများထဲသို့ စိမ့်ဝင်သွားပြီး နာကျင်မှု အနည်းငယ်ကို ခံစားရစေသည်။
အတွင်းအားများကလည်း လျင်မြန်စွာ ကုန်ဆုံးနေပြီး ကုန်ဆုံးနှုန်းမှာ အင်အား တူညီသော သိုင်းသမား တစ်ယောက်နှင့် တိုက်ခိုက်နေရသည်ထက် မလျော့နည်းပေ။
အရိုးသန့်စင်ခြင်းက အမှန်တကယ်ပင် အတွင်းအား အများအပြားကို ကုန်ဆုံးစေသည်။
ထို့ကြောင့်လည်း ဤအဆင့်သို့ ရောက်ရှိရန် သိုင်းသမားများ အနေဖြင့် နှစ်ပေါင်းများစွာ အချိန်ယူ လေ့ကျင့်ရခြင်း ဖြစ်သည်။
ကျန်းချဲ့က အတွင်းအားများကို စိတ်ဖြင့် ထိန်းချုပ်ကာ ခန္ဓာကိုယ် နေရာအနှံ့ရှိ အရိုးများနှင့် ကြွက်သားများဆီသို့ ပျံ့နှံ့စေပြီး သန့်စင်စေသည်။
အတွင်းအားများ လျော့နည်းလာသည်နှင့်အမျှ ခန္ဓာကိုယ် နေရာအနှံ့ရှိ နီရဲနေမှုများကလည်း လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။
ဆယ့်ငါးမိနစ်ခန့် အကြာတွင် ကျန်းချဲ့မှာ မူလ အခြေအနေသို့ ပြန်လည် ရောက်ရှိသွားခဲ့သည်။ သူက မျက်လုံးကို ဖြည်းညင်းစွာ ဖွင့်လိုက်ရာ ကိုယ်တွင်းရှိ အတွင်းအားများ အားလုံး ကုန်ခမ်းသွားပြီ ဖြစ်ကြောင်း ခံစားလိုက်ရသည်။ သို့သော် သူက အစိမ်းရောင်မိစ္ဆာ ခန္ဓာကိုယ်သန့်စင်ခြင်း ကျင့်စဉ်ကို လှည့်ပတ်လိုက်သောအခါ...
အရိုးများနှင့် ကြွက်သားများထဲမှ အတွင်းအားများ အနည်းငယ် ပြန်လည် ထွက်ပေါ်လာခဲ့သည်။ ကျန်းချဲ့ အဓိကထားပြီး သန့်စင်ခဲ့သော ညာဘက် လက်မောင်းမှာလည်း အစိမ်းရောင် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
အားယူလိုက်သည်နှင့် တစ်ပြိုင်နက် သွေးချီများက ချက်ချင်း ဆူပွက်လာခဲ့သည်။
ထို့နောက် ဘေးရှိ ကျောက်တုံးကို လက်သီးဖြင့် ထိုးနှက်လိုက်သည်။
'ဘန်း...'
'ဂျွတ်...'
သုံးပေခန့် အရွယ်အစားရှိသော ကျောက်တုံးကြီးပေါ်တွင် ပင့်ကူအိမ်ကဲ့သို့ အက်ကွဲကြောင်းများ ချက်ချင်း ထွက်ပေါ်လာပြီး အက်ကွဲသံများ အဆက်မပြတ် ကြားနေရသည်။ သို့သော် သူ၏ လက်သီးကမူ လုံးဝ ထိခိုက်ဒဏ်ရာ ရခြင်း မရှိပေ။
'အတွင်းအားများဖြင့် အရိုးများနှင့် ကြွက်သားများကို အကြိမ်ထောင်ပေါင်းများစွာ သန့်စင်ရမည်... ကျင့်စဉ် အပေါ် မူတည်ပြီး အရောင်များမှာ ရွှေရောင်၊ အနက်ရောင် သို့မဟုတ် အခြား အရောင်များ ဖြစ်သွားနိုင်သည်။ အလွယ်တကူ ထိုးနှက်လိုက်သော လက်သီးတစ်ချက်ကပင် ကျောက်တုံးများကို ကြေမွစေနိုင်ပြီး ကျင်းထောင်ပေါင်းများစွာ အားရှိသည်။ ဤသည်မှာ အရိုးသန့်စင်ခြင်း ဖြစ်သည်...'
ယခင်က လျိုကျစ် ပြောခဲ့သော စကားများမှာ ယခုအခါ သူ၏ နားထဲတွင် ပြန်လည် ကြားယောင်နေသကဲ့သို့ ရှိနေပေသည်။
လျိုကျစ်၏ ရှင်းပြချက်မှာ လုံးဝ ချဲ့ကားထားခြင်း မရှိပေ။ ယခုအခါ ကျန်းချဲ့က အရိုးသန့်စင်ခြင်း အဆင့်သို့ စတင် ဝင်ရောက်ကာစသာ ရှိသေးပြီး အကြိမ်အနည်းငယ်သာ သန့်စင်ရသေးသည်။ သို့သော် သူ၏ အရိုးများနှင့် ကြွက်သားများက အရည်အသွေး ပြောင်းလဲလာနေပြီ ဖြစ်ပြီး စောစောက သူထိုးနှက်လိုက်သော လက်သီးမှာ...
သူ၏ ခန့်မှန်းချက်အရ ကျင်းနှစ်ထောင်ခန့် အားရှိမည်ဟု ထင်ရပေသည်။
နောက်ပိုင်းတွင် တိုးတက်မှုနှုန်းက သိပ်ပြီး ကြီးမားမည် မဟုတ်သော်လည်း အစိမ်းရောင်မိစ္ဆာ ခန္ဓာကိုယ်သန့်စင်ခြင်း ကျင့်စဉ်ကဲ့သို့ အဆင့်မြင့် ကျင့်စဉ်မျိုးကို အဆင့်ကြီးအထိ လေ့ကျင့်နိုင်ပါက ကျင်းထောင်ပေါင်းများစွာ အားရှိလာမည်မှာ သေချာလှပေသည်။
ကျင်းတစ်သောင်းခန့် အားရှိလာမည် ဆိုလျှင်တောင်မှ မဖြစ်နိုင်သော အရာ မဟုတ်ပေ။
'ရှေ့ရေးက ပိုပြီး သာယာလာပြီပဲ...'
အရိုးသန့်စင်ခြင်း အဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်ရာ ကျန်းချဲ့၏ စွမ်းအားမှာ ယန်ဂူခရိုင် တစ်ခုလုံးနှင့် ယှဉ်လျှင်တောင်မှ အဆင့်မြင့်ပိုင်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။ နောက်တစ်ဆင့် ဖြစ်သော သွေးကြောပွင့် အဆင့်သို့သာ ရောက်ရှိသွားပါက ယန်ဂူခရိုင် အတွင်းတွင် သူက အတားအဆီး မရှိဘဲ လွတ်လပ်စွာ လှုပ်ရှားနိုင်မည် ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် မွေးရာပါ အဆင့်သို့ ရောက်ရှိရန် အလွန် ခက်ခဲသောကြောင့်ပင်။
တပ်မှူးချုပ်ကျူး၊ ခိုယွမ်ရှန်းနှင့် ယန်ဂူခရိုင် အတွင်းရှိ အင်အားကြီး အဖွဲ့အစည်းများ၏ ခေါင်းဆောင်များ အားလုံးမှာ သွေးကြောပွင့် အဆင့်တွင်သာ ရှိနေကြသည်။ သို့သော် သူတို့၏ တကယ့် စွမ်းအား အစစ်အမှန်ကို သူ သေချာ မသိသေးပေ။
တကယ့် စွမ်းအား ဆိုသည်မှာ လက်တွေ့ တိုက်ခိုက်ကြည့်မှသာ သိနိုင်မည် မဟုတ်ပါလား။
ခိုယွမ်ရှန်းနှင့် ချီဟွမ်းတို့ နှစ်ယောက်စလုံးက သွေးကြောပွင့် အဆင့်တွင် ရှိနေသော်လည်း ခိုယွမ်ရှန်းက ချီဟွမ်းကို ဓားကွက် တစ်ရာပင် မခံနိုင်ဘဲ ရှုံးနိမ့်သွားခဲ့သည်။ ၎င်းမှာ တကယ့် စွမ်းအား ကွာဟချက်ပင် ဖြစ်သည်။
အဆင့်တက်သွားပြီးနောက် ကျန်းချဲ့က ယင်ရှာ မိစ္ဆာစွမ်းအင် ကိန်းအောင်းနေသည့် နေရာတွင် ဆက်လက် မနေထိုင်တော့ပေ။ သူ လာခဲ့သော ခြေရာများကို ဖျောက်ဖျက်ပြီးနောက် မည်သူမျှ မသိအောင် ယန်ဂူခရိုင် မြို့ထဲသို့ ပြန်လည် ဝင်ရောက်သွားခဲ့သည်။
ထိုအချိန်တွင် ယန်ဂူခရိုင်မှာ အရေးပေါ် အခြေအနေတွင် ရှိနေဆဲ ဖြစ်သည်။
ရေကြောင်းကုန်သွယ်ရေးဂိုဏ်းမှ ကျန်ရစ်နေသော လူများကို အားလုံး ဖမ်းဆီးနိုင်ခြင်း မရှိသေးသဖြင့် အချိန်ယူရန် လိုအပ်နေသေးသည်။ ရေကြောင်းကုန်သွယ်ရေးဂိုဏ်း၏ ရေကြောင်းကုန်သွယ်မှု စီးပွားရေးကိုမူ ကျန်းချဲ့က လုံးဝ လက်လွှတ်ရန် အစီအစဉ် မရှိပေ။ တစ်ကြိမ်တည်းဖြင့် အမြတ်ထုတ်ခြင်းက ကောင်းမွန်သော်လည်း ရေရှည်အတွက် မဟုတ်ပေ။
ကျန်းချဲ့က သူ၏ ကိုယ်ပိုင် အင်အားစုကို တည်ဆောက်ချင်ပြီး ယဇ်ပူဇော်စရာ ပစ္စည်းများကို ပိုမို ရှာဖွေနိုင်ရန်အတွက် ငွေကြေး အများအပြား လိုအပ်ပေသည်။ ထို့ကြောင့် ရေကြောင်းကုန်သွယ်မှု လုပ်ငန်းက အလွန် ကောင်းမွန်သော လမ်းကြောင်း တစ်ခု ဖြစ်သည်။
ထို့ကြောင့် ကျန်းချဲ့၏ ရင်ထဲတွင် ရွှီဆန်းအာကို အစိုးရ အလုပ်မှ ထွက်ခိုင်းပြီး အပြင်ဘက်တွင် ရေကြောင်းကုန်သွယ်ရေးဂိုဏ်း အသစ်တစ်ခု တည်ထောင်ကာ သူ၏ ကိုယ်စား ငွေရှာပေးရန်၊ အင်အားစု တည်ဆောက်ပေးရန် စီစဉ်ထားပေသည်။
သို့သော် ထိုအစီအစဉ်ကို မလုပ်ဆောင်ရသေးမီမှာပင် တပ်မှူးချုပ်ကျူးက သူ့ထံသို့ လူလွှတ်ကာ ရုံးတော်သို့ အစည်းအဝေး လာရောက်ရန် ခေါ်ယူခဲ့သည်။
တံခါးဝတွင် ကျန်းချဲ့က လျိုကျစ်နှင့် အတူတူ သွားရန် စောင့်ဆိုင်းနေခဲ့သည်။
သူက ကျေးဇူးကန်းသော သူတစ်ယောက် မဟုတ်ပေ။ လျိုကျစ်ကဲ့သို့ သူ့ကို တကယ် ကူညီခဲ့ဖူးသူများ အပေါ် သူက လေးစားမှုနှင့် ကျေးဇူးတင်မှု အပြည့် ရှိပြီး မောက်မာသော အပြုအမူမျိုး လုံးဝ လုပ်မည် မဟုတ်ပေ။
အကယ်၍သာ ဂိုပုရန်သာ သူ၏ အထက်လူကြီး ဖြစ်မည်ဆိုပါက တစ်ဖက်လူ သေအောင် အမြဲတမ်း နောက်ကွယ်မှ အကွက်ဆင်နေမည်မှာ သေချာလှပေသည်။
ကိုယ့်ကိုယ်ကိုယ် နှိုင်းယှဉ်ကြည့်ပြီး ဂိုပုရန်လည်း ထိုသို့ပင် စဉ်းစားလိမ့်မည်ဟု ကျန်းချဲ့ ယုံကြည်ထားပေသည်။
"တပ်မှူးကျန်းကတော့ တိုက်ပွဲ တစ်ခုတည်းနဲ့ နာမည်ကြီးသွားပြီး... တကယ်ကို မျက်နှာပွင့်နေတာပဲနော်..." အဝေးမှနေ၍ ဂိုပုရန်က မျက်နှာတွင် အပြုံးများ ဖန်တီးကာ ကျန်းချဲ့ကို လက်ယှက်ပြီး နောက်ပြောင် နှုတ်ဆက်လိုက်သည်။
အပြင်လူများ အနေဖြင့် မသိပါက သူတို့ နှစ်ယောက်၏ ဆက်ဆံရေးမှာ အလွန် ကောင်းမွန်သည်ဟုပင် ထင်မှတ်သွားနိုင်ပေသည်။
"တပ်မှူးဂိုက မြှောက်ပင့်လွန်းနေပါပြီ... ကျွန်တော်က အဲဒီလောက် မဟုတ်ပါဘူး..."
"အော်... တပ်မှူးကျန်းက အရမ်း နှိမ့်ချနေတာပဲ... အခု ယန်ဂူခရိုင် တစ်ခုလုံးမှာ မင်းရဲ့ နာမည်ကို မသိတဲ့သူ မှ မရှိတော့တာ... မင်းနဲ့ ယှဉ်လိုက်ရင်... ငါက တကယ် အိုသွားပြီလို့ ခံစားရတယ်..." ဂိုပုရန်က ခပ်ဖွဖွ ရယ်မောကာ ပြောလိုက်သည်။
"ဟားဟား..."
"ဒါဆိုရင် ငါ အထဲကို အရင်ဝင်ပြီး မင်းနဲ့ တပ်မှူးလျိုကို စောင့်နေမယ်နော်..."
"တပ်မှူးဂို သဘောပါ..."
ကျန်းချဲ့နှင့် လျိုကျစ်တို့ ရောက်ရှိသွားသောအခါ ဂိုပုရန်က တပ်မှူးချုပ်ကျူးနှင့်အတူ ရေနွေးသောက်ကာ ရယ်မော စကားပြောနေသည်ကို တွေ့လိုက်ရသည်။ သူတို့ နှစ်ယောက် ရောက်လာသည်ကို မြင်သောအခါ တပ်မှူးချုပ်ကျူးက မတ်တတ်ရပ်ကာ ကြိုဆိုလိုက်ပြီး လျိုကျစ်ကို နှုတ်ဆက်ပြီးနောက် ကျန်းချဲ့ကို ချီးကျူးစကား ဆိုလိုက်သည်။
ရေကြောင်းကုန်သွယ်ရေးဂိုဏ်း တိုက်ပွဲတွင် သူက ပစ္စည်းကောင်း အများအပြား ရရှိခဲ့သည်။ ငွေကြေးအဖြစ် ပြောင်းလဲရန် ခက်ခဲသော မြေဂရန်နှင့် အိမ်စာချုပ်များ ဖြစ်သော်လည်း သူ အလွန် ကျေနပ်နေပေသည်။
နောက်ထပ် နှစ်အနည်းငယ်ခန့် ကြိုးစားလိုက်ပါက သူ ရာထူး ထပ်တက်နိုင်မည်မှာ သေချာလှပေသည်။
"ဒါတွေ အကုန်လုံးက တပ်မှူးချုပ်ရဲ့ ပညာသားပါတဲ့ ခေါင်းဆောင်မှုကြောင့်ပါ... ငယ်သားက ဂုဏ်မယူရဲပါဘူး..." ကျန်းချဲ့က အလွန် နှိမ့်ချစွာ ပြန်ဖြေလိုက်သည်။
"အပြစ်ရှိရင် အပြစ်ပေးမယ်... အလုပ်လုပ်နိုင်ရင် ဆုချမယ်... ဒါက သဘာဝပဲလေ... တပ်မှူးချီ တောင်မှ မင်းကို တပ်မှူးနေရာ ပေးချင်နေတာ... ငါကရော ဘယ်လိုလုပ်ပြီး နှမြောနေလို့ ရမလဲ... မင်း စိတ်ချပါ... တပ်မှူးနေရာက မင်းအတွက် သေချာပေါက် ရပါစေမယ်..."
တပ်မှူးချုပ်ကျူးက ပြုံးလိုက်ပြီးနောက် ဂိုပုရန်နှင့် လျိုကျစ်တို့ဆီသို့ အကြည့်လွှဲလိုက်သည်။
ကျန်းချဲ့မှာ သူ့သမက် မဖြစ်နိုင်တော့သော်လည်း အလွန် အသုံးတည့်သော ဓားတစ်လက် ဖြစ်နေဆဲပင်။ ဤတစ်ကြိမ်တွင် အလုပ်လုပ်တာ အလွန် သေသပ်သဖြင့် ရာထူးတိုးပေးရန် သူ စဉ်းစားထားခဲ့သည်။
သို့သော် သူ ထိန်းချုပ်ထားသော နေရာများတွင် လစ်လပ်နေသော နေရာ မရှိပေ။
လျိုကျစ်က မျက်မှောင်ကြုတ်ကာ အချိန်အနည်းငယ် စဉ်းစားပြီးနောက် ကျန်းချဲ့အတွက် နေရာဖယ်ပေးရန် ပြင်လိုက်သည်။ သို့သော် ဂိုပုရန်က သူ့ထက် အရင်ဦးအောင် လှုပ်ရှားလိုက်ပြီး တပ်မှူးချုပ်ကျူးကို အရိုအသေပေးကာ လျှောက်တင်လိုက်သည်။
"တပ်မှူးချုပ်... ကျွန်တော်က တောင်ပိုင်းမြို့နယ် စစ်စခန်းနဲ့ ယန်ဂူခရိုင် လက်နက်တိုက်ကို တစ်ပြိုင်နက်တည်း အုပ်ချုပ်နေရတော့... အာရုံစိုက်ဖို့ ခက်ခဲနေပါတယ်... ဒါကြောင့် လက်နက်တိုက် တပ်မှူး နေရာကို တပ်မှူးကျန်းကို လွှဲပြောင်းပေးချင်ပါတယ်... တပ်မှူးချုပ်က ခွင့်ပြုပေးပါ…”