အခန်း ၅၈
Vol. 6 Ch. 58
အခန်း (၅၈) ရာထူးတိုးခြင်း - အဆင့်ကိုး အရာရှိ
ဂိုပုရန်က ရိုးသားပွင့်လင်းစွာဖြင့် ကျန်းချဲ့အတွက် နေရာဖယ်ပေးချင်သည့်ပုံ ပေါက်နေသော်လည်း တကယ်တမ်းတွင် ထိုသို့ မဟုတ်ပေ။
ယန်ဂူခရိုင် လက်နက်တိုက် တပ်မှူး နေရာမှာ အာဏာကြီးမားသယောင် ထင်ရသော်လည်း တကယ်တမ်းတွင် လက်နက်တိုက်မှာ အလွန် ယိုယွင်းပျက်စီးနေပြီး စစ်သည်များ အားလုံးမှာလည်း အသက်ကြီးပြီး အားနည်းသူများ၊ ဒဏ်ရာရသူများသာ ဖြစ်ကြသည်။ ၎င်း၏ မူလ တာဝန်မှာ ယန်ဂူခရိုင် အတွင်းရှိ ဓားပြများကို နှိမ်နင်းရန် ဖြစ်သည်။
သို့သော် ထိုမျှ အားနည်းသော အင်အားဖြင့် ဘယ်လိုလုပ်ပြီး ထိုတာဝန်ကို ထမ်းဆောင်နိုင်မည်နည်း။
ထို့အပြင် မြို့နယ်လေးခုရှိ စစ်စခန်းများက ကိုယ့်နယ်မြေနှင့်ကိုယ် သီးသန့် အုပ်ချုပ်နေကြသဖြင့် လက်တွေ့ အာဏာမှာ သူတို့နှင့် ယှဉ်လျှင် အများကြီး နိမ့်ကျလှပေသည်။
ထို့ကြောင့် ၎င်းကို ပူးတွဲ တာဝန်အဖြစ်သာ သတ်မှတ်ထားခြင်း ဖြစ်သည်။
သူ၏ အစီအစဉ်မှာ ကျန်းချဲ့ကို အနောက်မြို့နယ်မှ ဆွဲထုတ်ကာ အလုပ်မရှိသော နေရာတစ်ခုသို့ ပို့ဆောင်ပြီး သူ၏ အာဏာများကို ရုပ်သိမ်းရန် ဖြစ်သည်။ ထိုသို့ လုပ်ဆောင်လိုက်ပါက ကျန်းချဲ့ အနေဖြင့် အနောက်မြို့နယ်၏ ကိစ္စများကို ဝင်ရောက် စွက်ဖက်ရန် အကြောင်းပြချက် မရှိတော့ပေ။
လျိုကျစ် တစ်ယောက်တည်းသာ ကျန်ရှိတော့သဖြင့် ရင်ဆိုင်ရန် မခက်ခဲတော့ပေ။
သူ၏ အဓိက ရည်ရွယ်ချက်မှာ အနောက်မြို့နယ်ရှိ ရေကြောင်းကုန်သွယ်မှု လုပ်ငန်းများကို ဝင်ရောက် ချုပ်ကိုင်ရန် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ယန်ဂူခရိုင် တစ်ခုလုံးတွင် အနောက်မြို့နယ် တစ်ခုတည်းကသာ ချင်းလင်မြစ်နှင့် ထိစပ်နေပြီး ဆိပ်ကမ်းများ ရှိနေသဖြင့် ၎င်းမှာ ကြီးမားသော အကျိုးအမြတ်များ ရရှိနိုင်သည့် နေရာတစ်ခု ဖြစ်ပေသည်။
ရေကြောင်းကုန်သွယ်ရေးဂိုဏ်း ပျက်စီးသွားပြီ ဖြစ်ရာ အခြား အင်အားစုများက ဝင်ရောက် နေရာယူကြမည်မှာ သေချာလှပေသည်။
၎င်းမှာ သူ၏ အကြံအစည် ဖြစ်သလို ခရိုင်ဝန်ကျောက်မင်ချန်၏ အကြံအစည်လည်း ဖြစ်ပေသည်။
အဘယ်ကြောင့်ဆိုသော် မနေ့ညက ရေကြောင်းကုန်သွယ်ရေးဂိုဏ်း ပျက်စီးသွားပြီးသည်နှင့် ဂိုပုရန်က သူနှင့် ခိုယွမ်ရှန်းတို့ ပူးပေါင်းကာ ကျန်းချဲ့ကို လုပ်ကြံရန် ကြိုးစားခဲ့သည့် ကိစ္စများ ပေါ်ပေါက်သွားပြီး တပ်မှူးချုပ်ကျူး၏ အပြစ်ပေးခြင်း ခံရမည်ကို စိုးရိမ်သဖြင့် ခရိုင်ဝန်ကျောက်မင်ချန်ထံ ညတွင်းချင်း သွားရောက် တွေ့ဆုံခဲ့သောကြောင့်ပင်။
အစပိုင်းတွင် ခရိုင်ဝန်က သိပ်မယုံကြည်သော်လည်း အတိတ်က ရန်ငြိုးများနှင့် ခိုယွမ်ရှန်းကြားမှ အချိတ်အဆက်များကို သေချာ ရှင်းပြလိုက်သောအခါ ခရိုင်ဝန်ကျောက်က သူ့ကို လက်ခံလိုက်ပြီး ဤတာဝန်ကို ပေးအပ်လိုက်ခြင်း ဖြစ်သည်။
အလုပ်ကို သေသပ်စွာ လုပ်နိုင်ပါက ခရိုင်ဝန်ကျောက်က သူ့ကို သေချာပေါက် အကာအကွယ် ပေးမည် ဖြစ်သည်။
ထိုသို့ဆိုလျှင် နောက်ပိုင်း ကိစ္စများ ပေါ်ပေါက်သွားလျှင်တောင်မှ သူက လုံးဝ ဘေးကင်းလုံခြုံနေမည် ဖြစ်သည်။
ဂိုပုရန်၏ ရည်ရွယ်ချက်ကို ကျန်းချဲ့ရော၊ တပ်မှူးချုပ်ကျူးပါ ကောင်းစွာ မြင်နိုင်ကြသည်။ လျိုကျစ်ကလည်း ကောင်းစွာ နားလည်ပေသည်။ ထို့ကြောင့် စကား အဆုံးတွင် အခန်းတစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။
တပ်မှူးချုပ်ကျူးက ဘာမှ ပြန်မပြောဘဲ မျက်လုံးများကို မှိတ်ကာ စားပွဲကို လက်ချောင်းများဖြင့် ခေါက်ရင်း ဤကိစ္စ၏ ဖြစ်နိုင်ခြေကို စဉ်းစားနေပေသည်။
ကျန်းချဲ့က မျက်မှောင်ကြုတ်ကာ ချက်ချင်း ငြင်းပယ်ရန် ပြင်လိုက်သည်။
သူက ရေကြောင်းကုန်သွယ်ရေးဂိုဏ်းကို ပြန်လည် တည်ဆောက်ရန် စီစဉ်နေပြီ ဖြစ်ရာ ဘယ်လိုလုပ်ပြီး တခြားလူကို အလွယ်တကူ ပေးလိုက်မည်နည်း။
သို့သော် သူ ဘာမှ မလုပ်ရသေးမီမှာပင် လျိုကျစ်က သူ့ကို တားဆီးလိုက်ပြီး တပ်မှူးချုပ်ကျူးကို အရိုအသေပေးကာ လျှောက်တင်လိုက်သည်။
"တပ်မှူးချုပ်... ကျန်းချဲ့ရဲ့ အရည်အချင်းနဲ့ ဆိုရင် လက်နက်တိုက် တပ်မှူး နေရာက အရမ်း သေးငယ်လွန်းပါတယ်... အခု ရေကြောင်းကုန်သွယ်ရေးဂိုဏ်း ပျက်စီးသွားပြီး တခြား အင်အားစုတွေက ဝင်ရောက်ဖို့ ချောင်းမြောင်းနေကြချိန်မှာ... သူ့လို စွမ်းဆောင်ရည် မြင့်မားတဲ့ လူတစ်ယောက်ကသာ အုပ်ချုပ်ဖို့ သင့်တော်ပါတယ်..."
"ငယ်သား အနေနဲ့ စွမ်းဆောင်ရည် သိပ်မမြင့်မားတော့... အနောက်မြို့နယ် တပ်မှူး နေရာကို ဆက်ပြီး တာဝန်ယူဖို့ မသင့်တော်တော့ပါဘူး... ဒါကြောင့် ငယ်သားက လက်နက်တိုက်ကို ပြောင်းသွားပြီး... ငယ်သားရဲ့ နေရာကို ကျန်းချဲ့က ဆက်ခံတာ အကောင်းဆုံး ဖြစ်မယ် ထင်ပါတယ်..."
"ဒီလိုလုပ်ရင် ငယ်သားကလည်း တပ်မှူးဂိုရဲ့ တာဝန်တွေကို တစ်ဖက်တစ်လမ်းကနေ ကူညီပေးနိုင်သလို... ကျန်းချဲ့အတွက်လည်း တာဝန် ပိုကြီးလာတာပေါ့... တပ်မှူးချုပ် ဘယ်လို မြင်ပါသလဲ..."
မူလက လျိုကျစ် အနေဖြင့် ကျန်းချဲ့အပေါ် အကြွေးများ အများအပြား ချပေးထားပြီး ဖြစ်သည်။ သို့သော် ကျန်းချဲ့က ယွီကျုံးဖိန်ကို ဓားတစ်ချက်တည်းဖြင့် သတ်ဖြတ်ခဲ့ပြီး ရေကြောင်းကုန်သွယ်ရေးဂိုဏ်း၏ အရိုးသန့်စင်ခြင်း အဆင့် အကြီးအကဲ တစ်ယောက်ကိုပါ အချိန်တိုအတွင်း သတ်ဖြတ်ခဲ့ကြောင်း ကြားသိလိုက်ရသောအခါ သူ ထပ်ပြီး ရင်းနှီးမြှုပ်နှံရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
စစ်သူကြီးချီ၏ သား ကိုယ်တိုင်က ဖိတ်ခေါ်သည်အထိ ဖြစ်နေသဖြင့် ကျန်းချဲ့၏ အလားအလာကို သူ လုံးဝ မမြင်နိုင်တော့ပေ။ သို့သော် တစ်ဖက်လူ၏ သိုင်းပါရမီမှာ သေချာပေါက် အလွန် ကြောက်မက်ဖွယ် ကောင်းလှကြောင်း သူ ခန့်မှန်းမိသည်။
ဤမျှ အလားအလာကောင်းသော လူငယ်လေး တစ်ယောက်အပေါ် သူ၏ ဘဝ လက်ကျန် အချိန်များကို ရင်းနှီးမြှုပ်နှံရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
ထို့ကြောင့် သူ ကိုယ်တိုင်လည်း ရာထူးတက်ရန် အခွင့်အရေး ရှိနေသော်လည်း ဂိုပုရန်က ကျန်းချဲ့ကို လက်နက်တိုက် တပ်မှူး နေရာသို့ ပို့ရန် ကြိုးစားနေသည်ကို ကြားလိုက်ရသောအခါ...
သူ စွမ်းဆောင်ရမည့် အချိန် ရောက်လာပြီ ဖြစ်ကြောင်း သိလိုက်ရသည်။
'လောင်းကြေးထပ်လိုက်မယ်...'
'ကျန်းချဲ့က နောင်တစ်ချိန်မှာ အားလုံး မော့ကြည့်ရမယ့် အရာရှိကြီး တစ်ယောက် ဖြစ်လာမယ် ဆိုတာကို ယုံကြည်ပြီး လောင်းကြေးထပ်လိုက်မယ်... သူက ကျေးဇူးဆပ်တတ်တဲ့ လူတစ်ယောက် ဆိုတာကိုလည်း ယုံကြည်တယ်...'
'ရွှပ်...'
လျိုကျစ်၏ စကားကြောင့် အခန်းတွင်းရှိ အခြေအနေမှာ ချက်ချင်း ပြောင်းလဲသွားခဲ့သည်။ ကျန်းချဲ့က ပါးစပ် ဟသွားပြီး လျိုကျစ် အနေဖြင့် သူ့အပေါ် ဤမျှအထိ ကောင်းမွန်လိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ပေ။ ကိုယ်ကျိုးစွန့်ပြီး သူ့ကို နေရာပေးခဲ့ခြင်း ဖြစ်သည်။
ဂိုပုရန်ကမူ လျိုကျစ်ကို လူယုတ်မာဟု ရင်ထဲမှ အဆက်မပြတ် ကျိန်ဆဲနေတော့သည်။ ကျန်းချဲ့က သူ့အဖေများ ဖြစ်နေလို့လား...
ဒီလောက်အထိ နေရာပေးစရာ လိုလို့လား...
သူက ချက်ချင်း ဝင်ရောက် တားဆီးရန် ပြင်လိုက်သော်လည်း မျက်လုံးဖွင့်လာသော တပ်မှူးချုပ်ကျူးက လက်ကို မြှောက်ကာ သူ့ကို တားဆီးလိုက်ပြီး လျိုကျစ်ကို စိုက်ကြည့်ကာ မေးလိုက်သည်။
"သေချာ စဉ်းစားပြီးပြီလား..."
"ငယ်သား သေချာ စဉ်းစားပြီးပါပြီ..."
လျိုကျစ်က လေးနက်စွာ ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီလေ... ဒါဆိုရင် မင်းရဲ့ သဘောအတိုင်း လက်နက်တိုက်ကို တာဝန်ယူလိုက်... အနောက်မြို့နယ် စစ်စခန်းကို ကျန်းချဲ့ကို လွှဲပေးလိုက်..." တပ်မှူးချုပ်ကျူးက တစ်ခွန်းတည်းဖြင့် အဆုံးအဖြတ် ပေးလိုက်သည်။ ဤသည်မှာ သူ အကြားချင်ဆုံးသော ရလဒ် ဖြစ်ဟန်တူပေသည်။
"ကျေးဇူးတင်ပါတယ် တပ်မှူးချုပ်..."
"ကျေးဇူးတင်ပါတယ် တပ်မှူးချုပ်..."
ကျန်းချဲ့နှင့် လျိုကျစ်တို့ နှစ်ယောက်က တစ်ပြိုင်နက် အရိုအသေပေးကာ လျှောက်တင်လိုက်ကြသည်။
တရားဝင် အမိန့်စာ မကျလာသေးသော်လည်း တပ်မှူးချုပ်ကျူး ကိုယ်တိုင် ပြောပြီးပြီ ဖြစ်ရာ ကျန်ရှိနေသည်မှာ လုပ်ငန်းစဉ်မျှသာ ဖြစ်သည်။ ယခုအခါ ကျန်းချဲ့မှာ တရားဝင် တပ်မှူး တစ်ယောက် ဖြစ်လာပြီး အဆင့်ကိုး အရာရှိရာထူးကို ရရှိသွားခဲ့ပြီ ဖြစ်သည်။
သာမန် ပြည်သူများနှင့် တွေ့ဆုံပါက သူက 'အရာရှိမင်း' ဟု ဂုဏ်ယူစွာ သုံးနှုန်းနိုင်ပြီ ဖြစ်သည်။
"ဂုဏ်ပြုပါတယ် တပ်မှူးကျန်း..."
ဂိုပုရန်၏ မျက်နှာပေါ်ရှိ အပြုံးများက အလွန် တောင့်တင်းနေပေသည်။
"တပ်မှူးဂို နေရာဖယ်ပေးတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ်..."
ကျန်းချဲ့က ပြုံးကာ ပြန်ဖြေလိုက်သည်။
"မင်းမှာ တကယ့် အရည်အချင်း ရှိလို့ပါ... ဟားဟားဟား..."
"အရည်အချင်း ရှိတာနဲ့တင် ရာထူးတက်ဖို့ မလွယ်ပါဘူး... ဒီတစ်ခေါက် လျိုကျစ်ကို မင်း သေချာ ကျေးဇူးဆပ်ရမယ်နော်..." လျိုကျစ်နှင့် ဂိုပုရန်တို့ နှစ်ယောက် ထွက်သွားပြီးနောက် ရုံးတော် အတွင်း၌ တပ်မှူးချုပ်ကျူးက ကျန်းချဲ့ တစ်ယောက်တည်းကိုသာ ချန်ထားခဲ့ပြီး ဤသို့ ပြောလိုက်သည်။
သူက ဤကျေးဇူးကို မိမိ၏ ကျေးဇူးအဖြစ် သတ်မှတ်ချင်သော်လည်း တကယ်တမ်းတွင် ကျန်းချဲ့ အနေဖြင့် လျိုကျစ်ကို အများဆုံး ကျေးဇူးတင်သင့်ပေသည်။ လျိုကျစ်သာ မရှိပါက ကျန်းချဲ့ အနေဖြင့် ရာထူးတက်မည် ဆိုလျှင်တောင်မှ လက်နက်တိုက်သို့သာ သွားရမည် ဖြစ်သည်။
"တပ်မှူးချုပ်နဲ့ တပ်မှူးလျိုရဲ့ ကျေးဇူးကို ငယ်သား တစ်သက်လုံး မမေ့ပါဘူး..." ကျန်းချဲ့က ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။
"ဟားဟားဟား... တပ်မှူးချီ တောင်မှ မင်းကို အရည်အချင်း ရှိတယ်လို့ ချီးကျူးနေတာပဲ... မင်းရဲ့ အရည်အချင်းတွေကို ငါက ဘယ်လိုလုပ်ပြီး အလဟဿ ဖြစ်ခံနိုင်ပါ့မလဲ... ဘယ်လိုလဲ... အနောက်မြို့နယ်ကို ထိန်းချုပ်ဖို့ ဘယ်လို အစီအစဉ်တွေ ရှိလဲ..." တပ်မှူးချုပ်ကျူးက သူ့ကို ပြုံးကာ ကြည့်ရင်း မေးလိုက်သည်။
"ရေကြောင်းကုန်သွယ်ရေးဂိုဏ်း ပျက်စီးသွားပေမဲ့... ရေကြောင်းကုန်သွယ်မှု စီးပွားရေးကိုတော့ ရပ်ပစ်လို့ မရပါဘူး... ဒါက ကြီးမားတဲ့ ငွေကြေး အရင်းအမြစ် တစ်ခု ဖြစ်လို့ ကျွန်တော်တို့ ကိုယ်တိုင် ထိန်းချုပ်ထားသင့်ပါတယ်... မဟုတ်ရင် တခြားလူတွေ အချောင်ရသွားလိမ့်မယ်..."
တပ်မှူးချုပ်ကျူးက ထိုကဲ့သို့ မေးလာကတည်းက သူ့တွင် အစီအစဉ် တစ်ခု ရှိနေပြီ ဖြစ်ကြောင်း ကျန်းချဲ့ သိလိုက်သည်။
"ဒီကိစ္စကို မင်း တာဝန်ယူလိုက်... ရေကြောင်းကုန်သွယ်ရေးဂိုဏ်း အသစ်တစ်ခု ပြန်တည်ထောင်လိုက်... ပြီးရင် အကျိုးအမြတ်ကို မင်း သုံးပုံ၊ ငါ ခုနစ်ပုံ ယူမယ်... အတူတူ ချမ်းသာအောင် လုပ်ကြတာပေါ့..." အမှန်တကယ်ပင် ချမ်းသာချင်သူမှာ ကျန်းချဲ့ တစ်ယောက်တည်း မဟုတ်ပေ။ တပ်မှူးချုပ်ကျူးကလည်း အလွန် လိုချင်နေပေသည်။
သူ ရာထူးစတင် တက်လာကတည်းက ဤအစီအစဉ် ရှိခဲ့ခြင်း ဖြစ်နိုင်ပြီး ကျန်းချဲ့၏ အကြံပေးမှုကြောင့် ရေကြောင်းကုန်သွယ်ရေးဂိုဏ်းကို အမြစ်ဖြတ် ရှင်းလင်းရန် အလွယ်တကူ လက်ခံခဲ့ခြင်း ဖြစ်နိုင်သည်။
နာမည်ဆိုးကို ကျန်းချဲ့က ယူပြီး အကျိုးအမြတ်များကို သူက ယူမည် ဖြစ်သည်။
သို့သော် ကျန်းချဲ့ အနေဖြင့် လက်ခံရုံမှတစ်ပါး အခြား ရွေးချယ်စရာ မရှိပေ။ ထို့အပြင် ကျေးဇူးတင်ကြောင်းပင် ပြောရဦးမည် ဖြစ်သည်။ ၎င်းမှာ အာဏာနှင့် စွမ်းအား၏ ဖိနှိပ်မှုပင် ဖြစ်သည်။
"ကျေးဇူးတင်ပါတယ် တပ်မှူးချုပ်..."
ကျန်းချဲ့က သုံးပုံ ရရှိသည်ကိုပင် အလွန် ဝမ်းသာနေသည့်ပုံဖြင့် ပြုံးကာ ပြန်ဖြေလိုက်သည်။
"ငါက ခုနစ်ပုံ ယူတယ် ဆိုပေမဲ့... ဖိအား အများစုကို ငါ ကိုယ်တိုင် ဝင်ခံပေးရမှာ... အဲဒီ ခုနစ်ပုံထဲကနေ တခြား အရာရှိတွေကိုလည်း ခွဲပေးရဦးမှာ ဆိုတော့... တကယ်တမ်း တွက်ကြည့်လိုက်ရင် မင်းလောက်တောင် ရမှာ မဟုတ်ဘူး..."
တပ်မှူးချုပ်ကျူးက ရှင်းပြလိုက်သည်။
"တပ်မှူးချုပ်က နှစ်ပုံလောက် ထပ်ယူလိုက်ပါလား... ငယ်သားက တစ်ပုံ ရရင် လုံလောက်ပါပြီ..." ကျန်းချဲ့က ပြုံးမြဲ ပြုံးကာ ပြန်ဖြေလိုက်သည်။ သူ၏ ရင်ထဲတွင် မည်သို့ တွေးနေသည်ကို လုံးဝ ခန့်မှန်း၍ မရနိုင်ဘဲ အလွန် ရိုသေကျိုးနွံသည့်ပုံ ပေါက်နေပေသည်။
တစ်ဖက်လူက ဆယ်ပုံစလုံး ယူမည် ဆိုလျှင်တောင်မှ သူက လုံးဝ ပြဿနာ မရှိပေ။ အချိန်တိုအတွင်း ငွေအများကြီး ရှာနိုင်မည် မဟုတ်သော်လည်း သူက အချိန်တိုအတွင်းမှာပင် အဆင့်များစွာ တိုးတက်နိုင်ပေသည်။ သွေးကြောပွင့် အဆင့် သို့မဟုတ် မွေးရာပါ အဆင့်သို့ ရောက်ရှိသွားပါက အကျိုးအမြတ်များကို အစကနေ ပြန်လည် ခွဲဝေရမည် ဖြစ်သည်။
"မင်းက ကိုယ်ထိလက်ရောက် လုပ်ရတဲ့ သူလေ... မင်း လက်အောက်မှာလည်း ကျွေးမွေးရမယ့် လူတွေ ရှိသေးတယ်... သုံးပုံပဲ ယူလိုက်ပါ..." တပ်မှူးချုပ်ကျူးက ကျန်းချဲ့၏ တုံ့ပြန်မှုအပေါ် အလွန် ကျေနပ်သွားပြီး လက်ကို မြှောက်ကာ ကျန်းချဲ့၏ ပခုံးကို အားပေးသည့် အနေဖြင့် ပုတ်လိုက်သည်။
သို့သော် နောက်တစ်စက္ကန့်တွင် သူ၏ မျက်နှာက အနည်းငယ် ပြောင်းလဲသွားပြီး ကျန်းချဲ့၏ ပခုံးကို ကိုင်ထားသော လက်ကလည်း အလိုအလျောက် အားပါသွားခဲ့တော့သည်။