အခန်း ၅၉
Vol. 6 Ch. 59
အခန်း (၅၉) မွေးရာပါအဆင့်သို့ တက်လှမ်းလိုခြင်း
"ဒါဆိုရင်လည်း ငယ်သားက တပ်မှူးချုပ်ကို ကျေးဇူးတင်ပါတယ်..."
ကျန်းချဲ့က ခေါင်းမော့ကာ တပ်မှူးချုပ်ကျူး၏ လက်ဖဝါးကို တစ်ချက် ကြည့်လိုက်သော်လည်း မျက်နှာအမူအရာ မပြောင်းလဲဘဲ အပြုံးတစ်ခုကိုသာ ဖန်တီးထားလိုက်ပေသည်။
စွမ်းအား မလုံလောက်သေးသဖြင့် ယခုအချိန်တွင် သူက ခေါင်းငုံ့ခံနေရုံသာ တတ်နိုင်ပေသည်။ ငြင်းဆန်လိုသော အရိပ်အယောင်မျှပင် ပြသ၍ မရပေ။ သို့သော် တပ်မှူးချုပ်ကျူး၏ မျက်နှာအမူအရာက အနည်းငယ် ထူးဆန်းနေသကဲ့သို့ ရှိပေသည်။
'ငါ အရိုးသန့်စင်ခြင်း အဆင့်ကို ရောက်သွားတာကို သူများ သိသွားပြီလား...'
"ဟားဟားဟား... ကောင်းပြီလေ... သွားပြီး ပြင်ဆင်လိုက်တော့..."
တပ်မှူးချုပ်ကျူးက ပုံမှန်အတိုင်းပင် လက်ကို ပြန်ရုပ်လိုက်ပြီး နောက်ကျောဘက်တွင် ပိုက်ထားလိုက်ပေသည်။
"ငယ်သား အရင် ပြန်ခွင့်ပြုပါဦး..."
ကျန်းချဲ့ ထွက်သွားပြီး တံခါး ပိတ်သွားသော အချိန်တွင်မူ တပ်မှူးချုပ်ကျူး၏ မျက်နှာပေါ်ရှိ အပြုံးများက တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ပေသည်။ သူက ဖြည်းညင်းစွာ ထိုင်ချလိုက်ပြီး သူ၏ ညာဘက် လက်ဖဝါးကို ကြည့်ကာ မျက်လုံးများကို မှေးကျဉ်းပြီး မျက်မှောင်ကို တင်းကျပ်စွာ ကြုတ်လိုက်တော့သည်။
သူ၏ မျက်နှာအမူအရာ ပြောင်းလဲသွားရခြင်း၏ အဓိက အကြောင်းရင်း နှစ်ခု ရှိပေသည်။ ပထမတစ်ခုမှာ ကျန်းချဲ့၏ ပခုံးကို လှမ်းပုတ်လိုက်သော အချိန်တွင် ကျန်းချဲ့ ခန္ဓာကိုယ်ထဲရှိ သွေးချီများက ပုံမှန်မဟုတ်ဘဲ အလွန် ထူထပ်သိပ်သည်းနေကြောင်း သူ ချက်ချင်း သတိထားမိလိုက်ခြင်း ဖြစ်သည်။
သူ၏ ခန့်မှန်းချက်အရ ဆိုလျှင် အတွင်းအားဖြစ်တည်ခြင်း အဆင့်ရှိသူများပင် ဤမျှလောက် စွမ်းအားမျိုး ရှိမည် မဟုတ်ပေ။
အတွင်းအားဖြစ်တည်ခြင်း အဆင့်ထက် ကျော်လွန်နေရန် များပေသည်။
သို့သော်... အရိုးသန့်စင်ခြင်း အဆင့်ဆိုသည်မှာ ဤမျှ အလွယ်တကူ တက်လှမ်း၍ ရနိုင်သော အရာလော။
ဒုတိယ အချက်မှာ သူက ကျန်းချဲ့၏ ပခုံးကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်သော အချိန်တွင် သတိထားမိလိုက်ခြင်းပင် ဖြစ်သည်။ ပခုံးရိုးကို စမ်းသပ်ကြည့်ရသလောက် ဆိုလျှင် သူ၏ မွေးရာပါ အရိုးတည်ဆောက်ပုံက အလွန် သာမန်သာ ဖြစ်ပေသည်။ သာမန်လူ တစ်ယောက်၏ အဆင့်တွင်သာ ရှိပြီး ယခု လက်ရှိ ပြသနေသော ပါရမီရှင် ပုံစံနှင့် လုံးဝ ကွာခြားနေပေသည်။
ထို့ကြောင့်လည်း သူ အလွန် အံ့ဩသွားခဲ့ရခြင်း ဖြစ်သည်။
ယခင်က ကျန်းချဲ့နှင့် ဂိုပုယီတို့ ကြားတွင် ပြဿနာ ဖြစ်ပွားစဉ်က ကျန်းချဲ့ကို သူ ကာကွယ်ပေးခဲ့ခြင်း၏ အရေးကြီးသော အကြောင်းရင်း တစ်ခုမှာ လျိုကျစ်၏ သတင်းပို့မှုကြောင့်ပင်။ ကျန်းချဲ့က ခုနစ်ရက်တည်းဖြင့် နွားရိုင်းအားအင်ကျင့်စဉ်ကို လေ့ကျင့်နိုင်ခဲ့ကြောင်း ကြားသိရသဖြင့် သိုင်းပါရမီ ကောင်းသော လူငယ်လေး တစ်ယောက်ဟု ထင်မှတ်ခဲ့သည်။
နောက်ပိုင်းတွင်လည်း ကျန်းချဲ့က သူ မျှော်လင့်ထားသည့်အတိုင်း လုံးဝ စိတ်ပျက်မခံခဲ့ပေ။ တစ်ဟုန်ထိုး တိုးတက်လာပြီး လအနည်းငယ် အတွင်းမှာပင် အတွင်းအားဖြစ်တည်ခြင်း အဆင့်သို့ ရောက်လာသလို ရေကြောင်းကုန်သွယ်ရေးဂိုဏ်း၏ ဂိုဏ်းခွဲမှူးနှင့် အကြီးအကဲကိုပါ သတ်ဖြတ်နိုင်ခဲ့သည်။
တကယ်တမ်းတွင် ရေကြောင်းကုန်သွယ်ရေးဂိုဏ်း တိုက်ပွဲ ပြီးကတည်းက သူက ကျန်းချဲ့အပေါ် အများကြီး မျှော်လင့်ထားခဲ့ပေသည်။ ထို့ကြောင့်လည်း ဤတစ်ကြိမ်တွင် အကျိုးအမြတ် သုံးပုံအထိ ခွဲပေးရန် သဘောတူခဲ့ခြင်း ဖြစ်သည်။
သို့သော်...
ကိစ္စများက သူ ထင်ထားသည်နှင့် လွဲချော်နေပုံ ရပေသည်။
မွေးရာပါ အရိုးတည်ဆောက်ပုံက သာမန်သာ ဖြစ်နေရက်နှင့် အရိုးသန့်စင်ခြင်း အဆင့်သို့ ရောက်သွားနိုင်သည် ဆိုခြင်းမှာ... ၎င်းက အလွန် ကြီးမားသော ပြဿနာ တစ်ခု ဖြစ်ပေသည်။
တပ်မှူးချုပ်ကျူးက အာဏာရလာသည်မှာ နှစ်ပေါင်းများစွာ ကြာပြီ ဖြစ်ပြီး ထိုက်အန်း မြို့တော် တစ်ခုလုံးတွင်တောင် မျက်နှာပွင့်သော အရာရှိကြီး တစ်ယောက် ဖြစ်သည်။ နာမည်ကြီး ပါရမီရှင် အများအပြားကို မြင်ဖူးခဲ့သော်လည်း... လအနည်းငယ် အတွင်းတွင် ခန္ဓာကိုယ်ကြံ့ခိုင်ခြင်း အဆင့်မှ အရိုးသန့်စင်ခြင်း အဆင့်သို့ တက်လှမ်းနိုင်သော လူမျိုးကို တစ်ယောက်မျှ မတွေ့ဖူးခဲ့သေးပေ။
အတွင်းအားဖြစ်တည်ခြင်း အဆင့်ဆိုလျှင်တော့ ထားပါတော့။ ခန္ဓာကိုယ်ကြံ့ခိုင်ခြင်း အဆင့်တွင် ခန္ဓာကိုယ် ကြံ့ခိုင်ပြီး သွေးချီများ ပြည့်ဝနေပါက အတွင်းအားဖြစ်တည်ခြင်း အဆင့်သို့ တက်လှမ်းရန် လွယ်ကူပေသည်။ သို့သော် အတွင်းအားဖြစ်တည်ခြင်း အဆင့်မှ အရိုးသန့်စင်ခြင်း အဆင့်သို့ တက်လှမ်းရန်မှာမူ သယံဇာတ ပစ္စည်းများ အများအပြား ပံ့ပိုးပေးလျှင်တောင်မှ အချိန်ယူကာ စုဆောင်းရန် လိုအပ်သေးသည် မဟုတ်ပါလော။
အရမ်းကို ပုံမှန်မဟုတ်ဘူး...
ပုံမှန်မဟုတ်သော ကိစ္စများ ဖြစ်လာပြီဆိုလျှင်... သေချာပေါက် နောက်ကွယ်တွင် အကြောင်းရင်း တစ်ခုခု ရှိနေမည် ဖြစ်ပေသည်။
တပ်မှူးချုပ်ကျူးက နက်နက်ရှိုင်းရှိုင်း တွေးတောနေပြီး သူ၏ ဘေးရှိ ရေနွေးကြမ်းလေး အေးစက်သွားသည့် အချိန်မှသာ သတိပြန်ဝင်လာခဲ့သည်။ သူ၏ မျက်လုံးများထဲတွင် ယခင်က မရှိဖူးသော အလင်းရောင်များ တောက်ပလာပြီး ရင်ထဲ၌ စိတ်လှုပ်ရှားစရာ ကောင်းသော ခန့်မှန်းချက် တစ်ခု ထွက်ပေါ်လာခဲ့သည်။
'ကျန်းချဲ့ဆီမှာများ... ထူးဆန်းတဲ့ ရတနာ တစ်ခုခု ရှိနေတာလား...'
အတွေ့အကြုံ များပြားသော သူ အနေဖြင့် မွေးရာပါ အဆင့် သိုင်းပညာရှင်များကို မြင်ဖူးရုံသာမက ထူးဆန်းသော ဒဏ္ဍာရီ ပုံပြင်များကိုလည်း အများအပြား ကြားဖူးခဲ့ပေသည်။ ဤလောကကြီးတွင် လူတစ်ယောက်၏ ကံကြမ္မာကို ပြောင်းပြန်လှန်ပစ်နိုင်သော ထူးဆန်းသည့် ရတနာများ ရှိကြောင်း သူ သိရှိပေသည်။ ဤအချက် တစ်ချက်တည်းကသာ ကျန်းချဲ့၏ မွေးရာပါ အရိုးတည်ဆောက်ပုံမှာ သာမန် ဖြစ်နေရက်နှင့် လေ့ကျင့်မှု အရှိန်အဟုန်က အလွန် ကြောက်မက်ဖွယ် ကောင်းနေရခြင်း၏ အကြောင်းရင်းကို ရှင်းပြနိုင်စွမ်း ရှိပေသည်။
အကယ်၍သာ တကယ် ဤသို့ ဖြစ်ခဲ့မည် ဆိုလျှင်...
၎င်းက သူ၏ အတွက်တော့ ဧရာမ အံ့ဩဝမ်းသာစရာ ကိစ္စကြီး တစ်ခု ဖြစ်ပေလိမ့်မည်။
သူက စစ်တပ်မှ ထွက်ကာ ခရိုင်တပ်မှူးချုပ် ရာထူးကို လက်ခံခဲ့ခြင်းမှာ သူ၏ အကန့်အသတ်ကို သူ ကိုယ်တိုင် မြင်တွေ့ခဲ့ရသောကြောင့်ပင်။ မွေးရာပါ ဝိညာဉ်စွမ်းအင်ကို ရရှိနိုင်မည့် လမ်းကြောင်း လုံးဝ မရှိတော့သဖြင့် အဆင့်တက်ရန် ဆိုသည်မှာ ဝေလာဝေးပင် ဖြစ်သည်။
သို့သော် ထိုသို့ ဖြစ်သွားသဖြင့် သူ မမျှော်လင့်တော့ဘူးဟု ဆိုလိုခြင်း မဟုတ်ပေ။
အကယ်၍သာ ထိုထူးဆန်းသော ရတနာက သူ့လက်ထဲ ရောက်လာမည် ဆိုပါက... ၎င်း၏ အကျိုးသက်ရောက်မှုက ကျန်းချဲ့ထက် အများကြီး ပိုအားကောင်းမည်မှာ သေချာလှပေသည်။ မွေးရာပါ အဆင့်သို့ တက်လှမ်းရန် ဆိုသည်မှာလည်း လေထဲတွင် တိုက်အိမ် ဆောက်ခြင်းမျိုး မဟုတ်တော့ပေ။ သူ၏ ရှေ့ရေးကလည်း... ကောင်းကင်နှင့် မြေကြီး ပြောင်းပြန်လန်သွားသကဲ့သို့ ကြီးမားသော အပြောင်းအလဲများ ဖြစ်လာတော့မည် ဖြစ်သည်။
တပ်မှူးချုပ်ကျူး၏ မျက်လုံးများထဲတွင် ရည်မှန်းချက် ကြီးမားသော အလင်းရောင်များ တောက်ပလာပြီး လက်သီးများကိုလည်း တင်းကျပ်စွာ ဆုပ်ထားလိုက်တော့သည်။
သေချာတာကတော့... ယခုအချိန်တွင် ဤအရာများ အားလုံးက သူ၏ ရင်ထဲမှ ခန့်မှန်းချက်နှင့် သံသယများသာ ဖြစ်ပြီး တကယ် အတည်မပြုနိုင်သေးပေ။ ပခုံးရိုးကို တစ်ချက် စမ်းကြည့်ရုံဖြင့် ကျန်းချဲ့၏ မွေးရာပါ အရိုးတည်ဆောက်ပုံက သာမန်ပင် ဖြစ်သည်ဟု တပ်အပ် ပြော၍ မရနိုင်သေးပေ။ အချိန်ကောင်း တစ်ခု ရှာပြီး ကျန်းချဲ့ကို သေချာ စမ်းသပ်ကြည့်ရန် လိုအပ်သေးပေသည်။
"တကယ်တော့ တပ်မှူးက နေရာမဖယ်ပေးရင်တောင်... ကျွန်တော်က ဘာလက်နက်တိုက် တပ်မှူးမှ သွားလုပ်မှာ မဟုတ်ပါဘူး..."
ရုံးတော်မှ ထွက်လာပြီးနောက် ကျန်းချဲ့က သိုင်းလေ့ကျင့်ရာတွင် သုံးသော ပစ္စည်းကောင်း အတော်များများကို ယူဆောင်ကာ လျိုကျစ်၏ အိမ်တော်သို့ အလျင်အမြန် လာခဲ့သည်။ တစ်ဖက်လူကလည်း သူ သေချာပေါက် လာမည်ဆိုတာကို ကြိုသိနေပုံ ရပြီး အရက်နှင့် ဟင်းလျာများကို ကြိုတင် ပြင်ဆင်ထားပေသည်။
စကားစမြည် ပြောဆိုနေရင်းဖြင့် ယနေ့ ဖြစ်ပျက်ခဲ့သော ကိစ္စများကို သေချာပေါက် မပါမဖြစ် ပြောဖြစ်ခဲ့ကြသည်။
လျိုကျစ်က အရက်ခွက်ကို ကိုင်ရင်း ဖြည်းညင်းစွာ ခေါင်းယမ်းလိုက်သည်။
"ငါ နေရာမဖယ်ပေးရင်... တပ်မှူးချုပ်ကျူး အတွက် အလုပ်လုပ်ရ အရမ်း ခက်သွားလိမ့်မယ်... ငါ ထွက်ပြောပြီးမှ သူက ဘာလို့ တစ်ခွန်းတည်းနဲ့ ဆုံးဖြတ်လိုက်တယ်လို့ မင်း ထင်လဲ... သူက ငါ့ကို ကိုယ်တိုင် ထွက်ပြောစေချင်နေတာလေ... ဒီလိုလုပ်လိုက်ရင် မင်းနဲ့ ဂိုပုရန် ကြားမှာ ကြီးမားတဲ့ ရန်ငြိုးတွေ ရှိနေတော့... မင်းတို့ နှစ်ယောက်ကို အချင်းချင်း အားပြိုင်ပြီး ထိန်းချုပ်ထားလို့ ရသွားပြီလေ..."
"ဒါပေမဲ့ တပ်မှူးက အခုမှ ခွန်အား အပြည့်ရှိတဲ့ အရွယ်ပဲ ရှိသေးတာလေ... အခုလို နေရာဖယ်ပေးလိုက်ရတာ နည်းနည်းတော့..."
ကျန်းချဲ့က သက်ပြင်းတစ်ချက် ချလိုက်သည်။
"နေရာဖယ်ပေးလိုက်ရတာလည်း မဆိုးပါဘူး... မင်း နေရာကောင်း တစ်ခု ရသွားသရွေ့ အကုန်လုံး တန်ပါတယ်... ငါက စစ်တပ်ထဲမှာ နှစ်ဆယ်ကျော်လောက် ကျင်လည်လာခဲ့တာ... လူတွေ အများကြီးကို အထင်မှားခဲ့ဖူးပေမဲ့ မင်းအပေါ်ကိုတော့ ငါ အထင်မမှားဘူးလို့ ယုံကြည်တယ်... မင်း သေချာ လေ့ကျင့်ပြီး အထက်ကို ရောက်အောင် ကြိုးစားတက်လှမ်းပါ... နောက်ပိုင်း ငါ့ရဲ့ မျိုးဆက်တွေတောင် မင်းရဲ့ ကျေးဇူးကို ခံစားရဦးမှာ..."
လျိုကျစ်က နောက်ပြောင်ရင်း ခပ်ဖွဖွ ရယ်မောကာ ပြောလိုက်သည်။
"ကျွန်တော်သာ အောင်မြင်မှု တစ်ခုခု ရခဲ့ရင်... တပ်မှူးရဲ့ ကျေးဇူးကို ဘယ်တော့မှ မမေ့ပါဘူး..."
ကျန်းချဲ့က လေးနက်သော မျက်နှာထားဖြင့် လက်ထဲမှ အရက်ပန်းကန်ကို မြှောက်ကာ လျိုကျစ်ကို ဂါရဝပြုလိုက်ပြီး တစ်ကျိုက်တည်း မော့သောက်လိုက်ကာ သူ၏ သစ္စာရှိမှုကို ပြသလိုက်သည်။
လျိုကျစ်ကလည်း ခေါင်းညိတ်လိုက်ပြီး သူ၏ အရက်ပန်းကန်ကို တစ်ကျိုက်တည်း မော့သောက်လိုက်သည်။
"တပ်မှူး... မွေးရာပါ ဝိညာဉ်စွမ်းအင် ဆိုတာကိုရော ကြားဖူးလား..."
ဆုန့်ကျိ၏ ပါးစပ်မှ မွေးရာပါ ဝိညာဉ်စွမ်းအင် အကြောင်း ကြားပြီးကတည်းက ကျန်းချဲ့က အမြဲတမ်း ရင်ထဲတွင် မှတ်ထားခဲ့သည်။ သို့သော် ကိစ္စများက အလွန် ရှုပ်နေသဖြင့် စာအုပ်များ သွားဖတ်ရန် အချိန်မရခဲ့ပေ။ ယခု စကားပြောနေစဉ်အတွင်း သူက အကြမ်းဖျင်း နားလည်အောင် မေးကြည့်လိုခြင်း ဖြစ်သည်။
သူ၏ ခန့်မှန်းချက်အရ ဆိုလျှင် ထို မွေးရာပါ ဝိညာဉ်စွမ်းအင် ဆိုသည်မှာ... သေချာပေါက် မွေးရာပါ အဆင့်သို့ တက်လှမ်းခြင်းနှင့် ပတ်သက်နေလိမ့်မည် ဖြစ်သည်။
"မွေးရာပါ ဝိညာဉ်စွမ်းအင်..."
လျိုကျစ်က ထို စကားလုံးကို ကြားလိုက်ရသောအခါ အနည်းငယ် တွန့်ဆုတ်သွားပြီး ကျန်းချဲ့ကို ကြည့်ကာ ပြုံးပြီး မေးလိုက်သည်။
"ကြည့်ရတာ မင်းရဲ့ ရည်မှန်းချက်တွေက သေးငယ်မနေဘူးပဲ..."
ကျန်းချဲ့က ဘာမှ ပြန်မပြောဘဲ ပြုံးသာ ပြုံးနေလိုက်သည်။ ၎င်းမှာ ဝန်ခံလိုက်သည့် သဘောပင် ဖြစ်သည်။
လျိုကျစ်က အရက်ကို နောက်တစ်ငုံ ထပ်သောက်လိုက်ပြီး အချိန်အနည်းငယ်ခန့် တိတ်ဆိတ်နေပြီးမှ စကားစလာခဲ့သည်။
"အရင်တုန်းက ငါလည်း ရည်မှန်းချက်တွေ ကြီးခဲ့ဖူးတယ်... မွေးရာပါ အဆင့် သိုင်းပညာရှင်တွေရဲ့ အစွမ်းကို ကိုယ်တိုင် မြင်တွေ့ပြီးတဲ့နောက်... ဒီကိစ္စနဲ့ ပတ်သက်တဲ့ စာအုပ်တွေကို အထူးတလည် သွားဖတ်ခဲ့ဖူးတယ်... အချုပ်ပြောရရင်တော့ စကားတစ်ခွန်းတည်းပဲ... မွေးရာပါ အဆင့်ကို ရောက်ချင်ရင် အရင်ဆုံး ဝိညာဉ်စွမ်းအင်ကို ရအောင် ယူရမယ်..."
"ဟင်..."
"ခန္ဓာကိုယ်ကြံ့ခိုင်ခြင်း အတွင်းအားဖြစ်တည်ခြင်း အရိုးသန့်စင်ခြင်း သွေးကြောပွင့်... ဒီအဆင့် လေးခုလုံးက တကယ်တော့ အဆင့်ကြီး တစ်ခုတည်းပါပဲ... လမ်းစဉ်တည်ဆောက်ခြင်း အဆင့်လို့ ခေါ်တယ်... နာမည်အတိုင်းပဲ သိုင်းသမားတွေရဲ့ အခြေခံကို တည်ဆောက်တာပေါ့... အဲဒီလို လုပ်နိုင်မှသာ မွေးရာပါ ဝိညာဉ်စွမ်းအင်ကို ခန္ဓာကိုယ်ထဲ စုပ်ယူနိုင်မယ့် အရည်အချင်း ရှိလာမှာ... အကယ်လို့ အခြေခံ မခိုင်မာဘူး သွေးကြောတွေ မပွင့်သေးဘူး ဆိုရင်... ခန္ဓာကိုယ် ပေါက်ကွဲပြီး သေသွားလိမ့်မယ်..."
"ဒါပေမဲ့ ဒါက အရည်အချင်း ပြည့်မီရုံ သက်သက်ပဲ... မွေးရာပါ အဆင့်ကို တက်လှမ်းချင်ရင် ကောင်းကင်နဲ့ မြေကြီးကနေ သဘာဝအတိုင်း ဖြစ်ပေါ်လာတဲ့ ဝိညာဉ်စွမ်းအင် တစ်ခုကို မွေးရာပါ လမ်းစဉ်မျိုးစေ့ အဖြစ် ပြောင်းလဲဖို့ လိုအပ်သေးတယ်... မဟုတ်ရင်... အခြေခံ ဘယ်လောက်ပဲ ခိုင်မာနေပါစေ... လမ်းစဉ်တည်ဆောက်ခြင်း အဆင့်မှာပဲ တစ်သက်လုံး ပိတ်မိနေလိမ့်မယ်... ဝိညာဉ်စွမ်းအင် မရှိရင် မွေးရာပါ အဆင့်ကို လုံးဝ မရောက်နိုင်ဘူး..."
"ဒါဆိုရင် အဲဒီ မွေးရာပါ ဝိညာဉ်စွမ်းအင်က ဒီလောက် တန်ဖိုးကြီးနေမှတော့... သာမန်လူတွေ အတွက် ရဖို့ အရမ်း ခက်ခဲမှာပဲနော်..."
"ဒါပေါ့... အဲဒါက ကြီးမားတဲ့ အခက်အခဲကြီး တစ်ခုပဲ... ကိုယ့်နောက်ကွယ်မှာ မွေးရာပါ အဆင့် ဒါမှမဟုတ် အဲဒီထက် မြင့်တဲ့ သိုင်းပညာရှင် တစ်ယောက်ယောက်က ကျောထောက်နောက်ခံ ပေးထားမှသာ မွေးရာပါ ဝိညာဉ်စွမ်းအင်ကို ဝင်လုခွင့် ရမှာလေ... အဲဒါကပဲ လူပေါင်းများစွာကို တစ်သက်လုံး ပိတ်လှောင်ထားတဲ့ တံခါးပေါက်ကြီး တစ်ခုပဲ..."
မွေးရာပါ ဝိညာဉ်စွမ်းအင် အကြောင်းကို ပြောရင်း လျိုကျစ်က သက်ပြင်းချလိုက်မိသည်။
"ဒါဆိုရင် နောက်ခံ အသိုင်းအဝိုင်း မရှိတဲ့ သိုင်းသမားတွေက... လမ်းစဉ်တည်ဆောက်ခြင်း အဆင့်မှာပဲ တစ်သက်လုံး နေသွားရတော့မှာပေါ့..."
ကျန်းချဲ့က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"လောကဓမ္မတာက ဒီလိုပါပဲ... ဒါကြောင့် နောက်ခံ မရှိတဲ့ သိုင်းသမားတွေက ဂိုဏ်းတွေ အထက်တန်းလွှာ မိသားစုတွေဆီ သွားပြီး ခိုလှုံကြရတယ်... ဒါမှမဟုတ် အစိုးရ အသိုင်းအဝိုင်းထဲ ရောက်အောင် ကြိုးစားကြရတာပေါ့... ကိုယ့်စွမ်းအင်နဲ့ကိုယ် မွေးရာပါ ဝိညာဉ်စွမ်းအင် ရဖို့ဆိုတာ အရမ်းကို ခက်ခဲလွန်းတယ်... တကယ်လို့ ကံကောင်းထောက်မစွာနဲ့ လူသူကင်းမဲ့တဲ့ တောတောင်တွေထဲမှာ မွေးရာပါ ဝိညာဉ်စွမ်းအင်ကို တိုက်တိုက်ဆိုင်ဆိုင် သွားတွေ့တာမျိုး မဟုတ်ရင်တော့..."
ထိုနေရာသို့ ရောက်သောအခါ လျိုကျစ်က စကားကို ဆက်မပြောတော့ဘဲ ခေါင်းကိုသာ ယမ်းလိုက်တော့သည်။