အခန်း ၆၀
Vol. 6 Ch. 60
အခန်း (၆၀) ယဇ်ပူဇော်ခြင်း- အစိမ်းရောင်မိစ္ဆာ ကျင့်စဉ် အဆင့်ငယ်
လျိုကျစ်၏ အိမ်တော်မှ ထွက်လာပြီးနောက် ညဉ့်နက်နေပြီ ဖြစ်သော်လည်း ကျန်းချဲ့က လုံးဝ ဂရုမစိုက်နိုင်ဘဲ အချုပ်ခန်းသို့ အလျင်အမြန် လာခဲ့သည်။ ခိုယွမ်ရှန်းကို ကိုယ်တိုင် တွေ့ဆုံရန် ဖြစ်သည်။
လျိုကျစ် ပြောစကားများအရ ဆိုလျှင် မွေးရာပါ ဝိညာဉ်စွမ်းအင်၏ အရေးပါမှုက အလွန် ကြီးမားလွန်းလှပေသည်။ ၎င်းသာ မရှိပါက ကျန်းချဲ့ အနေဖြင့် သွေးကြောပွင့် အဆင့်သို့ ရောက်ရှိပြီး ယဇ်ပူဇော်နိုင်စွမ်း ရှိလျှင်တောင်မှ... အဆင့်တက်ရန် ခက်ခဲပေလိမ့်မည်။
အခြားသော ဂိုဏ်းများ၊ အထက်တန်းလွှာ မိသားစုများတွင် ခွေးတစ်ကောင်ကဲ့သို့ ဝင်ရောက် ခိုလှုံရန်မှာလည်း ပညာရှိ ရွေးချယ်မှု မဟုတ်ပေ။ တစ်ဖက်လူကလည်း လူအများ မဟုတ်သဖြင့် မွေးရာပါ ဝိညာဉ်စွမ်းအင်ကို အလွယ်တကူ ပေးမည် မဟုတ်ပေ။
အစိုးရ အသိုင်းအဝိုင်းတွင် ရာထူးတက်အောင် ကြိုးစားမည် ဆိုလျှင်ရော...
ဘယ်အချိန်မှ ရာထူးကြီးကြီး ရပြီး မွေးရာပါ ဝိညာဉ်စွမ်းအင်ကို အလွယ်တကူ ရရှိနိုင်မည်နည်း။
ထို့ကြောင့် ခိုယွမ်ရှန်းက ယခုအချိန်တွင် သူ၏ တစ်ခုတည်းသော ထွက်ပေါက် ဖြစ်လာခဲ့သည်။ လက်ရှိ သူ၏ စွမ်းအား မလုံလောက်သေးလျှင်တောင်မှ သူက ကြိုတင် ပြင်ဆင်ထားရမည် ဖြစ်သည်။
ခိုယွမ်ရှန်းကို ဖမ်းချုပ်ထားသော နေရာမှာ လေဝင်လေထွက် လုံးဝ မရှိသော မြေအောက် အချုပ်ခန်း ဖြစ်ပြီး ပတ်ပတ်လည်တွင် တစ်ပေခန့် ထူထပ်သော ကျောက်တုံးနံရံများ ရှိနေပေသည်။ သူက အကျဉ်းသား တစ်ယောက် အနေဖြင့် အမြင့်ဆုံးသော အခွင့်အရေးကို ရရှိထားခြင်းပင်။
အနောက်မြို့နယ် စစ်စခန်း တစ်ခုလုံးတွင် ဤသို့သော အခန်းမျိုး တစ်ခန်းတည်းသာ ရှိပေသည်။
ကျန်းချဲ့က မြေအောက် အချုပ်ခန်း တံခါးကို ဖွင့်လိုက်သောအခါ သံကြိုးများဖြင့် ချည်နှောင်ခံထားရပြီး ပခုံးနှစ်ဖက်စလုံးကို သံချိတ်ဖြင့် ချိတ်ခံထားရသော ခိုယွမ်ရှန်းကလည်း အလိုအလျောက် ခေါင်းမော့လာခဲ့သည်။ ဝေဝါးနေသော သူ၏ မျက်လုံးများ တဖြည်းဖြည်း ကြည်လင်လာပြီး ရောက်လာသူ၏ မျက်နှာကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။
"မင်းက ငါ့ကို လာလှောင်ပြောင်တာလား..."
တစ်နေ့နှင့် တစ်ညလုံး ရေတစ်စက်၊ ထမင်းတစ်လုတ်မျှ မစားရသေးသဖြင့် ခိုယွမ်ရှန်း၏ အသံများမှာ အက်ကွဲနေပေသည်။
ကျန်းချဲ့က ခေါင်းယမ်းလိုက်ပြီး လက်ထဲမှ ထမင်းချိုင့်ကို မြေကြီးပေါ်တွင် ချကာ တစ်ခုချင်းစီ ဖွင့်ပေးလိုက်သည်။ ၎င်းမှာ သူက အထူးတလည် ချက်ပြုတ်ခိုင်းထားသော ဟင်းလျာများ ဖြစ်ပြီး အသားဟင်း နှစ်ခွက်နှင့် အရွက်ကြော် နှစ်ခွက် ပါဝင်ပေသည်။
အားလုံး ထုတ်ပြီးသောအခါမှသာ သူက စကားစလိုက်သည်။
"မင်း ငါ့အပေါ် ဒီလောက်ထိ မုန်းတီးနေစရာ မလိုပါဘူး... ရေကြောင်းကုန်သွယ်ရေးဂိုဏ်းကို အမြစ်ဖြတ် ရှင်းလင်းတာကလည်း အထက်က အမိန့်အရ လုပ်ရတာပါပဲ... အကယ်လို့ မင်းရဲ့ ဇနီးကသာ ငါ့အပေါ် သေရာပါ ရန်ငြိုး မထားခဲ့ဘူးဆိုရင်... ငါတို့က တကယ့် မိတ်ဆွေကောင်းတွေတောင် ဖြစ်လာနိုင်သေးတယ်..."
"ဟက်... ညကြီးအချိန်မတော် လာပြီး ဟန်ဆောင်ကောင်းနေသေးတယ်... ပြောစမ်း... မင်း ဘာကိစ္စ ရှိလို့လဲ..."
ခိုယွမ်ရှန်းက အထင်သေးစွာ ရယ်မောလိုက်သည်။
"မင်းနဲ့ ဂိုဏ်းချုပ်ကတော်ယွီမှာ ခိုချင်း လို့ခေါ်တဲ့ သားတစ်ယောက် ရှိတယ်လို့ ကြားတယ်နော်..." ကျန်းချဲ့က ဘာမှ မဖြစ်သကဲ့သို့ ပြောလိုက်သည်။
ခိုယွမ်ရှန်း၏ ခန္ဓာကိုယ်ပေါ်ရှိ သံကြိုးများက အဆက်မပြတ် တုန်ခါသွားပြီး သူက လေးနက်သော အသံဖြင့် မေးလိုက်သည်။
"မင်းက ကလေးကိုတောင် အလွတ်မပေးဘူးလား..."
"အသက် ဆယ့်ခြောက်နှစ် ဆိုတော့ အရွယ်ရောက်နေပြီလေ... ကလေးလို့ သတ်မှတ်လို့ မရတော့ပါဘူး..." ကျန်းချဲ့က ရယ်မောလိုက်သည်။
"မင်း... မင်း သေဖို့ ကောင်းတယ်... သေဖို့ ကောင်းတယ်..."
"စိတ်မလှုပ်ရှားပါနဲ့... စကားလာပြောရုံ သက်သက်ပါ... ဒီမှာ ကြည့်စမ်း... အဲဒီနေ့က ဂိုဏ်းချုပ်ကတော်ယွီနဲ့ ငါ့ကြားက ဇာတ်လမ်းတွေကိုတောင် မပြောပြသေးဘူးနော်... မင်းနဲ့ သေချာ စကားပြောချင်လို့ပါ..."
"ဘာစကားပြောမှာလဲ... ကလေးကို သုံးပြီး ငါ့ကို ခြိမ်းခြောက်မလို့လား... ဟက်... မင်းသာ သူ့ကို ဖမ်းမိထားရင် အခုချိန်လောက်ဆို ဒီကို ခေါ်လာလောက်ပြီ..." ခိုယွမ်ရှန်းက ကျန်းချဲ့၏ စကားများကို လုံးဝ မယုံကြည်ဘဲ သူ့ကို လှည့်စားနေသည်ဟုသာ ထင်မှတ်နေပေသည်။
"ငါ သူ့ကို မဖမ်းမိသေးဘူးလို့ မင်းက ဘယ်လိုလုပ်ပြီး သေချာနေတာလဲ... အခုဆို မြို့တစ်ခုလုံးကို အရေးပေါ် အခြေအနေ ကြေညာပြီး ရေကြောင်းကုန်သွယ်ရေးဂိုဏ်းက လူတွေကို လိုက်ဖမ်းနေတာ... မင်းသားက မြို့ထဲမှာ ရှိနေသေးသရွေ့ ဘာသဲလွန်စမှ မကျန်ခဲ့ဘဲ နေမှာ မဟုတ်ဘူး..."
"ဒီလောက် အများကြီး ပြောနေတာ... မင်း ငါ့ကို ဘာနဲ့ ခြိမ်းခြောက်ချင်နေတာလဲ... ရေကြောင်းကုန်သွယ်ရေးဂိုဏ်းကိုတောင် မင်း ဖျက်ဆီးပြီးသွားပြီပဲ... တပ်မှူးချုပ်ကျူး ဆီကနေ အကျိုးအမြတ် လုံလုံလောက်လောက် မရလို့လား..." ခိုယွမ်ရှန်းက အေးစက်စွာ ရယ်မောလိုက်သည်။
"မင်းမှာ မွေးရာပါ ဝိညာဉ်စွမ်းအင် ဘယ်မှာရှိလဲဆိုတာ သိထားတယ်လို့ လူတစ်ယောက်က ပြောတယ်... အဲဒီ အချက်အလက်ကို ငါ့ကို ပြောပြရင်... မင်းသားကို အသက်ချမ်းသာ ပေးမယ်... မဟုတ်ရင်တော့ မင်းတို့ သားအမိ သုံးယောက်လုံး မြေအောက်ထဲမှာ ပြန်ဆုံရလိမ့်မယ်..." ကျန်းချဲ့က တစ်ဖက်လူကို ခြောက်လှန့်၍ မရမှန်း သိလိုက်သဖြင့် သူ၏ ရည်ရွယ်ချက် အစစ်အမှန်ကို တိုက်ရိုက် ဖွင့်ပြောလိုက်သည်။
"ဘာ မွေးရာပါ ဝိညာဉ်စွမ်းအင်လဲ... မင်း ဘာတွေ လာပြောနေတာလဲ..."
ခိုယွမ်ရှန်းက နားမလည်သည့်ပုံဖြင့် မေးလိုက်သည်။
ကျန်းချဲ့က ထမင်းချိုင့်ထဲမှ ဟင်းများကို ဖြည်းညင်းစွာ နှိုက်ယူစားသောက်ရင်း -
"ငါ ဒီအထိ လာတယ်ဆိုတာက သတင်းအတိအကျ ရထားလို့ပဲ... မိတ်ဆွေဟောင်းတွေ ဖြစ်နေပြီပဲ... ဟန်ဆောင်မနေပါနဲ့တော့..."
"မင်း ဘာတွေ ပြောနေလဲ ဆိုတာကို ငါ တကယ် နားမလည်တာ... မင်း မယုံရင်လည်း ငါ့ကို ညှဉ်းပန်းနှိပ်စက်လို့ ရတယ်... ဒါမှ ငါ့ကို နှိပ်စက်လို့ မခံနိုင်တော့တဲ့ အချိန်ကျရင် မင်း ပြောတဲ့ ပစ္စည်းက ဘာလဲဆိုတာကို စဉ်းစားမိသွားမလား မသိဘူး..." ခိုယွမ်ရှန်းက နှုတ်ခမ်းကို တွန့်ကာ လှောင်ပြောင်လိုက်သည်။
ကျန်းချဲ့က သူ့ကို တစ်ချက် ကြည့်လိုက်ပြီး ဟင်းများကို ဆက်လက် စားသောက်နေလိုက်သည်။
ယခု ခိုယွမ်ရှန်း၏ အခြေအနေအရသာ ညှဉ်းပန်းနှိပ်စက်မည် ဆိုပါက သေချာပေါက် သေဆုံးသွားမည် ဖြစ်သည်။ တစ်ဖက်လူ၏ သဘောထားကလည်း သေချင်နေသည့်ပုံ ပေါက်နေပြီး ကျန်းချဲ့၏ ခြိမ်းခြောက်မှုများကို လုံးဝ ဂရုစိုက်ပုံ မပေါ်ပေ။
သို့သော် သူ သေချာ အတည်ပြုနိုင်လိုက်သည့် အချက်တစ်ခု ရှိပေသည်။ ဆုန့်ကျိ ပြောသည်မှာ အမှန်ပင် ဖြစ်သည်။ ခိုယွမ်ရှန်းက မွေးရာပါ ဝိညာဉ်စွမ်းအင် ဘယ်မှာရှိသည်ကို သေချာပေါက် သိရှိနေပေသည်။
"သတ္တိကောင်းတဲ့ ယောကျ်ားကောင်းတွေကို ငါ လေးစားတယ်... အဘိုးကြီးခို မင်း တကယ် မဆိုးဘူးပဲ... မင်းရဲ့ သားကလည်း မင်းလို သတ္တိကောင်းဖို့ မျှော်လင့်ပါတယ်..."
စားသောက်ပြီးသွားသောအခါ ကျန်းချဲ့က ထမင်းချိုင့်ကို ခြေထောက်ဖြင့် ကန်ထုတ်လိုက်ပြီး ချက်ချင်း လှည့်ထွက်သွားတော့သည်။
ခိုယွမ်ရှန်းက ချက်ချင်း ဖွင့်ပြောလိမ့်မည်ဟု သူ လုံးဝ မျှော်လင့်မထားခဲ့ပေ။ မွေးရာပါ ဝိညာဉ်စွမ်းအင် တကယ် ရှိသည် ဆိုသည်ကို အတည်ပြုနိုင်ရုံဖြင့် လုံလောက်ပြီ ဖြစ်သည်။
ခိုယွမ်ရှန်းက သေရမှာကို မကြောက်ပေ။ သို့သော် သူ့တွင် အားနည်းချက် ရှိနေသေးသည်။
ထို့ကြောင့် နောက်တစ်နေ့ မနက်ပိုင်းတွင် ကျန်းချဲ့၏ ပထမဆုံး အလုပ်မှာ ကန်းတာပြောင်နှင့် တန်ယန်တို့ကို ခိုချင်းကို ဖမ်းဆီးရန်အတွက် အင်အား ပိုမို အသုံးပြုခိုင်းခြင်းပင် ဖြစ်သည်။ ဤကိစ္စအတွက် ငွေလျန် တစ်ထောင်ငါးရာကို ဆုကြေးငွေ အဖြစ် ထုတ်ပေးထားခဲ့သေးသည်။
ဤသတင်း ထွက်ပေါ်သွားသည်နှင့် တစ်ပြိုင်နက် ကျန်းချဲ့၏ နာမည်ဆိုးမှာ ပိုမို ကြီးမားသွားခဲ့သည်။
ယခုလုပ်ရပ်မှာ ခိုမိသားစု တစ်ခုလုံးကို မျိုးဖြုတ်ရန် လုပ်ဆောင်နေခြင်း မဟုတ်ပါလော။
တစ်ချိန်တည်းမှာပင် ရွှီဆန်းအာကလည်း အားလပ်မနေပေ။ သူက ထိုနေ့တွင်ပင် အနောက်မြို့နယ် စစ်စခန်းမှ ထွက်စာတင်ခဲ့ပြီး သူ၏ လူယုံ အချို့ကို ခေါ်ဆောင်ကာ ကျန်းချဲ့ အထူးထုတ်ပေးထားသော ငွေလျန် နှစ်ထောင်ဖြင့် ရေကြောင်းကုန်သွယ်ရေးဂိုဏ်း၏ လုပ်ငန်းများကို လျင်မြန်စွာ စတင် လွှဲပြောင်းရယူတော့သည်။
ထို့အပြင် ထျန်းယာဂိုဏ်း ဟူသော နာမည်အသစ်ကိုပါ ကြေညာလိုက်သည်။
ဤနာမည်ကို ကျန်းချဲ့က ပေးခဲ့ခြင်း ဖြစ်ပြီး သူတို့၏ စီးပွားရေးကို ကမ္ဘာမြေ အဆုံးအထိ ဖြန့်ကျက်မည် ဆိုသော အဓိပ္ပာယ် ရပေသည်။ အစပိုင်းတွင် သူက ဟိုင်ကျောက်ဆောင် (ပင်လယ်ထောင့်) ဟု နာမည်ပေးရန် စဉ်းစားခဲ့သေးသည်။
သို့သော် နောက်ပိုင်းတွင် လူအများက သူ့ကို ဆရာကြီးကျန်းကိုးတစ် (နာမည်ကျော် ညစ်ညမ်းစာရေးဆရာ) ဟု သတင်းလွှင့်မည်ကို စိုးရိမ်သဖြင့် သေချာ စဉ်းစားပြီးနောက် ထျန်းယာ ဆိုသော စကားလုံးကိုသာ အသုံးပြုလိုက်ခြင်း ဖြစ်သည်။
ရုတ်တရက် ထွက်ပေါ်လာသော ထျန်းယာဂိုဏ်းက အင်အားစု အများအပြား၏ အာရုံစိုက်မှုကို ရရှိသွားခဲ့သည်။ အနည်းငယ် စုံစမ်းကြည့်လိုက်သည်နှင့် ထျန်းယာဂိုဏ်း၏ နောက်ကွယ်မှ လူမှာ ကျန်းချဲ့ ဖြစ်ကြောင်း အားလုံးက ခန့်မှန်းမိသွားကြပြီး လူအများစုမှာ ဒေါသထွက်ကာ သွားကြိတ်နေကြပေသည်။
အစိုးရ အရာရှိ လုပ်ရတာနဲ့ မလုံလောက်သေးဘဲ... ဒီကောင်လေးက ချမ်းသာချင်နေသေးတာလား...
ဒါက သူတို့ရဲ့ အကျိုးအမြတ်တွေလေ...
ထို့ကြောင့် ကျန်းချဲ့၏ နာမည်ဆိုးက ကြီးမားနေသော်လည်း ယန်ဂူခရိုင် အတွင်းရှိ အင်အားစု အများအပြားက ထျန်းယာဂိုဏ်းကို ပစ်မှတ်ထားရန် တိတ်တဆိတ် ပူးပေါင်းလိုက်ကြသည်။ ထျန်းယာဂိုဏ်းက ကုန်ပစ္စည်းများ လက်ခံခြင်း သို့မဟုတ် ရောင်းချခြင်းများ ပြုလုပ်ပါက... အခြားမြို့နယ်များရှိ ဆိုင်ခန်း အားလုံးက ကုန်ပစ္စည်းများကို ဈေးလျှော့ရောင်းခြင်း သို့မဟုတ် လုံးဝ မရောင်းချဘဲ ပိတ်ပင်ထားခြင်းများ ပြုလုပ်ကြသည်။
သူတို့၏ ရည်ရွယ်ချက်မှာ ကျန်းချဲ့ကို အခြေအနေ နားလည်ပြီး ကိုယ့်အသိနှင့်ကိုယ် နောက်ဆုတ်သွားစေရန် ဖြစ်သည်။
သို့သော် သူတို့က ကျန်းချဲ့၏ စိတ်နေသဘောထားကို လုံးဝ နားမလည်ကြပေ။ အရိုးသန့်စင်ခြင်း အဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်သော သူ့တွင် လုံလောက်သော ယုံကြည်မှုများ ရှိနေပြီ ဖြစ်ရာ ဤမျှလောက် သာမန် သိုင်းလောက အင်အားစုများကို ဘယ်လိုလုပ်ပြီး အလျှော့ပေးမည်နည်း။
'သူတို့က ကစားချင်တယ် ဆိုရင်လည်း... ကစားပေးရတာပေါ့…’
[ယဇ်ပူဇော်မည့် ရည်မှန်းချက် - အစိမ်းရောင်မိစ္ဆာ ခန္ဓာကိုယ်သန့်စင်ခြင်း ကျင့်စဉ် အဆင့်ငယ်။]
[ယဇ်ပူဇော်မည့် တန်ဖိုး - ယင်ရှာ မိစ္ဆာစွမ်းအင် အမျှင် တစ်ရာ၊ ချီချင်သဲ တစ်ကျင်း၊ ရှောက်ဟူပန်း တစ်ပွင့်၊ ကျောက်စိမ်းအရိုးရေ တစ်အောင်စ၊ သက်တမ်း တစ်နှစ် လျော့ကျမည်... ပူဇော်မည်လား။]
မွေးရာပါ ဝိညာဉ်စွမ်းအင် တကယ် ရှိကြောင်း သိရှိလိုက်ရပြီး ကိုယ်တိုင်ကလည်း ပြိုင်ဘက် အများအပြားနှင့် ရင်ဆိုင်နေရသဖြင့် ကျန်းချဲ့က နောက်ထပ် တစ်ကြိမ် ယဇ်ပူဇော်ရန် ပြင်ဆင်လိုက်သည်။ ရည်ရွယ်ချက်မှာ သူ၏ စွမ်းအားများကို အမြန်ဆုံး တိုးတက်စေရန် ဖြစ်သည်။
အစိမ်းရောင်မိစ္ဆာ ခန္ဓာကိုယ်သန့်စင်ခြင်း ကျင့်စဉ်ကို အဆင့်ငယ်အထိ လေ့ကျင့်နိုင်ပါက ကျန်းချဲ့ အနေဖြင့် သွေးကြောပွင့် အဆင့်သို့ တက်လှမ်းရန် လုံလောက်ပြီ ဖြစ်သည်။
တောင်းဆိုထားသော ယဇ်ပူဇော်စရာ ပစ္စည်းများမှာ အနည်းငယ် ခက်ခဲသော်လည်း ယခုအခါ သူက ပစ်မှတ် တစ်ခု ရှိနေပြီ ဖြစ်သည်။ အထက်ပါ ပစ္စည်းများကိုသာ ရှာဖွေနိုင်ပါက သွေးကြောပွင့် အဆင့်သို့ ချက်ချင်း တက်လှမ်းနိုင်မည် ဖြစ်သည်။
အဲဒီအချိန်ကျရင် ယန်ဂူခရိုင် တစ်ခုလုံးမှာ ငါ အတားအဆီး မရှိ လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်ပြီ...
"တပ်မှူး... သခင်မလေးကျူး လာရှာပါတယ်..."
တံခါးဝတွင် ရွှီချန်ဟူက တံခါးကို ခေါက်ကာ သတင်းပို့လိုက်သည်။
ကျန်းချဲ့က မျက်နှာ အမူအရာ မပြောင်းလဲဘဲ တံခါးကို ဖွင့်လိုက်ပြီး ရက်အနည်းငယ်ခန့် မတွေ့ရတော့သော ကျူးချင်ချင်ကို တစ်ချက် အကဲခတ်လိုက်ကာ ပြုံးပြီး မေးလိုက်သည်။
"သခင်မလေးကျူး ဘာကိစ္စ ရှိလို့လဲ..."
ကျူးချင်ချင်က သူ့ကို ရှုပ်ထွေးသော အကြည့်များဖြင့် တစ်ချက် ကြည့်လိုက်ပြီးနောက် လှပသော အသံလေးဖြင့် ပြန်ဖြေလိုက်သည်။
"အဖေက ရှင်နဲ့ ဆွေးနွေးစရာ အရေးကြီး ကိစ္စ ရှိလို့တဲ့... အခု ချက်ချင်း လာတွေ့ဖို့ ပြောခိုင်းလိုက်တယ်..."
"ဘာ အရေးကြီး ကိစ္စလဲ..."
'မနေ့ကမှ တွေ့ပြီး အကျိုးအမြတ်တွေ ခွဲဝေပြီးသွားပြီလေ... ဘာအရေးကြီး ကိစ္စ ရှိဦးမှာလဲ…’
"အဲဒါကိုတော့ ကျွန်မလည်း မသိဘူး... သတင်းလာပို့ရုံ သက်သက်ပဲ..."
ကျူးချင်ချင်က ခေါင်းယမ်းလိုက်သည်။