← Chapters

အခန်း ၆၁

Vol. 7 Ch. 61

အခန်း ၆၁

Vol. 7 Ch. 61

အခန်း (၆၁) ဝက်(ကျူး) သတ်ခြင်း

"ဒါဆိုရင် သခင်မလေးကျူးပဲ လမ်းပြပေးပါ..."

ကျန်းချဲ့က လက်ဟန်ပြကာ ကျူးချင်ချင်ကို လမ်းပြခိုင်းလိုက်သည်။

လမ်းခရီး တစ်လျှောက်လုံး သူတို့နှစ်ယောက် လုံးဝ စကားမပြောဘဲ တိတ်ဆိတ်စွာသာ လျှောက်လာခဲ့ကြသည်။ အရင်က မောက်မာပြီး ဆိုးသွမ်းသော ကျူးချင်ချင်နှင့် ယခု ကျူးချင်ချင်က လုံးဝ တစ်ယောက်တည်း မဟုတ်သကဲ့သို့ပင်။

ထို့ကြောင့် ကျန်းချဲ့၏ ရင်ထဲတွင် အနည်းငယ် အံ့ဩသွားခဲ့သည်။

သို့သော် ထိုမျှသာ ဖြစ်ပြီး သူမ ဘာကြောင့် တိတ်ဆိတ်နေသည် ဆိုခြင်းကိုလည်း သူက စိတ်ဝင်တစား မေးမြန်းခြင်း မရှိပေ။

ကျူးချင်ချင်၏ ရင်ထဲတွင်မူ ယနေ့ သူမ၏ ဖခင်က စာကြည့်ခန်းထဲသို့ ခေါ်ကာ ပြောခဲ့သော စကားများကို တွေးတောနေခြင်း ဖြစ်သည်။ ယခင်က သဘောထားများနှင့် လုံးဝ ဆန့်ကျင်စွာပင် ကျန်းချဲ့နှင့် ဆက်လက် ရင်းနှီးအောင် ပေါင်းသင်းရန် ပြောင်းလဲ ပြောဆိုခဲ့ပေသည်။

သူ၏ စကားများအရ ဆိုလျှင် ကျန်းချဲ့ကို သမက်တော်ချင်သည့် ရည်ရွယ်ချက်များ ရှိနေသေးပုံ ရသည်။ ထို့ကြောင့် သူမ အလွန် နားမလည်နိုင်အောင် ဖြစ်နေမိသည်။ ယခင်က သူမကို ဆူပူကြိမ်းမောင်းခဲ့သူမှာ သူမ၏ ဖခင် မဟုတ်ဘူးလား... ဘာဖြစ်လို့ ရုတ်တရက်ကြီး သဘောထားတွေ ပြောင်းလဲသွားရတာလဲ...

စိတ်ထဲတွင် ဇဝေဇဝါ ဖြစ်နေသော်လည်း ဖခင်ဖြစ်သူ၏ အစီအစဉ်များကို သူမက ငြင်းပယ်၍ မရပေ။ သို့သော် ကျန်းချဲ့ကို ပြန်လည် တွေ့ဆုံချိန်တွင်မူ ဘာစကား ပြောရမည်ကို လုံးဝ စဉ်းစား၍ မရအောင် ဖြစ်နေမိသည်။

အချိန်အနည်းငယ် အကြာတွင် သူတို့နှစ်ယောက် ကျူးအိမ်တော်သို့ ပြန်လည် ရောက်ရှိသွားကြသည်။ ကျူးချင်ချင်က ကျန်းချဲ့ကို စာကြည့်ခန်း တံခါးဝအထိ ခေါ်လာပြီးနောက် ပါးစပ်ဟကာ တစ်ခုခု ပြောရန် ပြင်လိုက်သော်လည်း စကားလုံးများကို အတင်းအကျပ် ပြန်မြိုချလိုက်ပြီး ခေါင်းငုံ့ အရိုအသေပေးကာ လှည့်ထွက်သွားတော့သည်။

'ကျွီ...'

ကျန်းချဲ့က တံခါးကို တွန်းဖွင့်လိုက်သောအခါ အထဲတွင် ထိုင်နေသော တပ်မှူးချုပ်ကျူးက မျက်နှာပေါ်တွင် အပြုံးများ အပြည့်ဖြင့် လာရောက် ကြိုဆိုလိုက်ပြီး သူ၏ ပခုံးကို ခပ်ရင်းရင်းနှီးနှီး ပုတ်ကာ ဘေးတွင် ဝင်ထိုင်ခိုင်းလိုက်သည်။

"ချင်ချင်ကို မင်းဆီ ရုတ်တရက် ဘာလို့ လွှတ်လိုက်တာလဲ ဆိုတာကို မင်း အံ့ဩနေမှာပေါ့..."

"အဲဒါကို တပ်မှူးချုပ်ပဲ ရှင်းပြပေးပါ..."

ကျန်းချဲ့က နားမလည်နိုင်သည့်ပုံဖြင့် လက်ယှက်ကာ အရိုအသေပေးလိုက်သည်။

"ဒီတစ်ခေါက် မင်းကို ခေါ်လိုက်တာက... လက်ဆောင် တစ်ခု ပေးချင်လို့ပါ..." တပ်မှူးချုပ်ကျူးက ပြုံးကာ ကျန်းချဲ့ကို ကြည့်ရင်း ပြောလိုက်သည်။ ထို့နောက် ကျန်းချဲ့ နားမလည်နိုင်အောင် ဖြစ်နေချိန်တွင် ဘေးရှိ သစ်သားသေတ္တာလေးထဲမှ ပါးလွှာသော စာအုပ်လေး တစ်အုပ်ကို ထုတ်ယူလိုက်သည်။

ကျန်းချဲ့က သေချာ ကြည့်လိုက်ရာ စာအုပ်ပေါ်တွင် 'ဟွန်းယွမ် ခန္ဓာကိုယ်သန့်စင်ခြင်း ကျင့်စဉ်' ဟု ရေးသားထားသည်ကို တွေ့လိုက်ရသည်။

"ဒါက..."

ကျန်းချဲ့က ရင်ထဲတွင် အကြမ်းဖျင်း ခန့်မှန်းမိသွားခဲ့သည်။

"ဒါက ငါတို့ ကျူးမိသားစုရဲ့ လက်ဆင့်ကမ်းလာတဲ့ သိုင်းကျမ်း... ဟွန်းယွမ် ခန္ဓာကိုယ်သန့်စင်ခြင်း ကျင့်စဉ်ပဲ... ထိုက်အန်း မြို့တော် တစ်ခုလုံးမှာတောင် ရှာရခက်တဲ့ ကျင့်စဉ်တစ်ခုလို့ ပြောလို့ရတယ်... အရင်တုန်းက မင်းက ယွီကျုံးဖိန်ကို ဓားတစ်ချက်တည်းနဲ့ သတ်နိုင်ခဲ့တာ ဆိုတော့... အတွင်းအားဖြစ်တည်ခြင်း အဆင့်ကြီးကို ရောက်နေပြီ မဟုတ်လား..."

"ဒါက အဆင့်မြင့် ခန္ဓာကိုယ်သန့်စင်ခြင်း ကျင့်စဉ် တစ်ခုကို လေ့ကျင့်ရမယ့် အရေးကြီးဆုံး အချိန်ပဲ... ကျင့်စဉ်က သိုင်းသမား တစ်ယောက်ရဲ့ အခြေခံကို အဆုံးအဖြတ် ပေးတာဆိုတော့... လုံးဝ ပေါ့ဆလို့ မရဘူး... မင်းသာ ဒီဟွန်းယွမ် ခန္ဓာကိုယ်သန့်စင်ခြင်း ကျင့်စဉ်ကို လေ့ကျင့်မယ် ဆိုရင်... နောက်ပိုင်း အောင်မြင်မှုကလည်း ပိုပြီး ကြီးမားလာမှာ အသေအချာပဲ..."

"ငါ သေချာ စဉ်းစားပြီးတဲ့နောက်... မင်းရဲ့ ပါရမီက သာမန် မဟုတ်ဘူးလို့ ခံစားရလို့... ဒီကျင့်စဉ်ကို ပေးဖို့ ဆုံးဖြတ်လိုက်တာ..."

တပ်မှူးချုပ်ကျူးက လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။

သူက ကျန်းချဲ့အတွက် တကယ်ကို စဉ်းစားပေးနေသည့်ပုံ ပေါက်နေသော်လည်း တကယ်တမ်းတွင် ဤအခွင့်အရေးကို အသုံးချကာ ကျန်းချဲ့၏ ခန္ဓာကိုယ်တွင် ထူးဆန်းသော ရတနာ ရှိမရှိကို စုံစမ်းရန် ကြိုးစားနေခြင်းသာ ဖြစ်သည်။

"ဒါက အရမ်းကို တန်ဖိုးကြီးလွန်းပါတယ်... ငယ်သား အနေနဲ့ လုံးဝ လက်မခံရဲပါဘူး..." ကျန်းချဲ့က ချက်ချင်း ငြင်းပယ်လိုက်သည်။ ယခင်က ကျူးမိသားစု၏ ကျင့်စဉ်မှာ အဆင့်မြင့် ကျင့်စဉ်တစ်ခု ဖြစ်ကြောင်း လျိုကျစ် ပြောခဲ့ဖူးသော်လည်း သူ့တွင် ပိုမို ကောင်းမွန်သော အစိမ်းရောင်မိစ္ဆာ ခန္ဓာကိုယ်သန့်စင်ခြင်း ကျင့်စဉ် ရှိနေပြီ ဖြစ်သည်။

ထို့ကြောင့် ဤကျင့်စဉ်ကို လုံးဝ မလိုအပ်တော့ပေ။

"သိုင်းကျမ်းဆိုတာ လေ့ကျင့်ဖို့ ရှိလာတာပဲလေ... ငါက နှမြောတွန့်တိုတတ်တဲ့ လူမျိုး မဟုတ်ပါဘူး... မင်းမှာ ပါရမီ ရှိနေလို့ ငါက ပေးတာပါ... ကဲပါ... ငြင်းမနေပါနဲ့တော့..."

"လာ... မင်း လေ့ကျင့်နိုင်အောင် ငါ ကူညီပေးမယ်... တင်ပျဉ်ခွေ ထိုင်လိုက်... ငါက မင်းရဲ့ သွေးကြောတွေထဲကို အတွင်းအားတွေ ထည့်ပေးမယ်... အဲဒီလို လုပ်လိုက်ရင် ကျင့်စဉ်ကို လှည့်ပတ်ရမယ့် သွေးကြောလမ်းကြောင်းကို မင်း အမြန်ဆုံး မှတ်မိသွားမှာ... လေ့ကျင့်ရတာလည်း ပိုလွယ်သွားမယ်..."

တပ်မှူးချုပ်ကျူးက လက်ကို ယမ်းကာ ပြောလိုက်ပြီး ကျန်းချဲ့ကို တင်ပျဉ်ခွေ ထိုင်ခိုင်းလိုက်သည်။

သို့သော် ကျန်းချဲ့က လုံးဝ မလှုပ်ရှားပေ။

'ပုံမှန် မဟုတ်ဘူး…’

'အရမ်းကို ပုံမှန် မဟုတ်ဘူး…’

ယခင်က တပ်မှူးချုပ်ကျူးမှာ ဤမျှအထိ လိုလိုလားလား ရှိသူမျိုး မဟုတ်ပေ။ ဆုချမည် ဆိုလျှင်တောင်မှ ဤမျှအထိ အလောတကြီး လုပ်ဆောင်မည် မဟုတ်ပေ။

ကျန်းချဲ့၏ ခန္ဓာကိုယ်တွင် သူ စိတ်ဝင်စားနေသော အရာတစ်ခုခု ရှိနေသကဲ့သို့ပင်...

ထိုအကြောင်းကို တွေးမိသောအခါ ကျန်းချဲ့က ချက်ချင်းပင် အဓိက အချက်ကို သဘောပေါက်သွားခဲ့သည်။

သေချာပေါက် သူ၏ ကြောက်မက်ဖွယ် ကောင်းသော တိုးတက်မှု အရှိန်အဟုန်ကြောင့် ဖြစ်ပေမည်။

သာမန် အရန်စစ်သည် တစ်ယောက်က လအနည်းငယ်ဆိုသော အချိန်တိုလေး အတွင်း သာမန်လူများ ဆယ်နှစ်ခန့် လေ့ကျင့်ရမည့် အဆင့်သို့ ရောက်ရှိလာခြင်းမှာ အလွန် ထူးဆန်းနေပြီ ဖြစ်သည်။ အထူးသဖြင့် လွန်ခဲ့သော ရက်အနည်းငယ်က ယွီကျုံးဖိန်ကို ဓားတစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်ခဲ့ခြင်းက တပ်မှူးချုပ်ကျူး၏ သံသယကို ပိုမို ကြီးမားသွားစေခဲ့ခြင်း ဖြစ်နိုင်သည်။

"ဘာလဲ... ဒီခန္ဓာကိုယ်သန့်စင်ခြင်း ကျင့်စဉ်ကို အထင်သေးလို့လား..."

ကျန်းချဲ့က တွန့်ဆုတ်နေသည်ကို မြင်သောအခါ တပ်မှူးချုပ်ကျူးက မျက်မှောင် အနည်းငယ် ကြုတ်လိုက်သည်။

"ငယ်သား မရဲပါဘူး... ဒါပေမဲ့ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ရေကြောင်းကုန်သွယ်ရေးဂိုဏ်းကို အမြစ်ဖြတ် ရှင်းလင်းတုန်းက... အကြီးအကဲ တစ်ယောက်ဆီကနေ ခန္ဓာကိုယ်သန့်စင်ခြင်း ကျင့်စဉ်တစ်ခု မတော်တဆ ရခဲ့လို့... အခု အဲဒါကို စပြီး လေ့ကျင့်နေလို့ပါ..."

ကျန်းချဲ့ အနေဖြင့် သူ၏ ခန္ဓာကိုယ်ကို တပ်မှူးချုပ်ကျူးအား လုံးဝ စစ်ဆေးခံမည် မဟုတ်ပေ။

"ဒါက ကိစ္စမရှိပါဘူး... အရိုးသန့်စင်ခြင်း အဆင့်ကို မရောက်သေးသရွေ့ ကျင့်စဉ်ကို ပြောင်းလို့ ရသေးတယ်..."

တပ်မှူးချုပ်ကျူးက ကျန်းချဲ့ကို စူးစိုက်ကြည့်ကာ ပြောလိုက်သည်။

"ငယ်သား ကံကောင်းထောက်မစွာနဲ့... အရိုးသန့်စင်ခြင်း အဆင့်ကို စပြီး ရောက်နေပါပြီ..."

အခြေအနေက ဤနေရာအထိ ရောက်လာပြီ ဖြစ်ရာ ကျန်းချဲ့က ဝန်ခံလိုက်ရတော့သည်။

"အော်... ဒီလောက် မြန်မြန်တောင် အရိုးသန့်စင်ခြင်း အဆင့်ကို ရောက်သွားပြီလား..." တပ်မှူးချုပ်ကျူး၏ လေသံက အနည်းငယ် မြင့်တက်သွားပြီး သူ၏ ရင်ထဲတွင်လည်း မှန်းထားသည့်အတိုင်းပင်ဟု တွေးလိုက်မိသည်။

မဟုတ်ပါက ကျန်းချဲ့ အနေဖြင့် ယွီကျုံးဖိန်ကို ဓားတစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်မည် မဟုတ်ပေ။

"ငါ မှတ်မိသလောက်ဆို... မင်း အရန်စစ်တပ်ထဲကနေ ထွက်ပြီး နွားရိုင်းအားအင်ကျင့်စဉ်ကို စလေ့ကျင့်တာ... လအနည်းငယ်ပဲ ရှိသေးတယ် မဟုတ်လား..." တပ်မှူးချုပ်ကျူးက ဖြည်းညင်းစွာ ပြန်ထိုင်လိုက်ပြီး စပ်စုချင်သည့်ပုံစံဖြင့် မေးလိုက်သည်။

"ဟုတ်ပါတယ်..."

ကျန်းချဲ့က ခေါင်းညိတ်လိုက်သည်။ တစ်ဖက်လူ၏ ရည်ရွယ်ချက်ကို သူ အကြမ်းဖျင်း ခန့်မှန်းမိနေပြီ ဖြစ်သည်။

သူ၏ ခန္ဓာကိုယ်တွင် လျှို့ဝှက်ချက် တစ်ခုခု ရှိနေမည်ကို သံသယ ဝင်နေပုံ ရသည်။

ထိုအကြောင်းကို တွေးမိသောအခါ သူက အပြင်ဘက်သို့ အလိုအလျောက် လှမ်းကြည့်လိုက်မိပြီး အကယ်၍ တပ်မှူးချုပ်ကျူးကသာ ရုတ်တရက် အကြမ်းဖက်လာပါက... လွတ်မြောက်နိုင်ခြေ မည်မျှ ရှိမည်ကို စဉ်းစားလိုက်မိသည်။

"လအနည်းငယ်လေး အတွင်းမှာ အရိုးသန့်စင်ခြင်း အဆင့်ကို ရောက်တယ်ဆိုတာ... ပါရမီရှင်လို့ ခေါ်လို့ ရနေပြီ... မင်းနဲ့ ယှဉ်လိုက်ရင်... ငါ ဒီနှစ်ပေါင်းများစွာ လေ့ကျင့်လာခဲ့တာတွေက အချည်းနှီး ဖြစ်သွားသလို ခံစားရတယ်..."

တပ်မှူးချုပ်ကျူးက ပြုံးလိုက်ပြီးနောက် ဆက်ပြောလိုက်သည်။

"ငါ့မှာ အကြီးဆုံး သားတစ်ယောက် ရှိတယ်... အရည်အချင်း တော်တော်လေး ရှိပြီး ထိုက်အန်း မြို့တော်က ကျန်းဟိုင်ဂိုဏ်းမှာ ပညာသင်နေတယ်... မင်းရဲ့ မွေးရာပါ အရိုးတည်ဆောက်ပုံက ဒီလောက်အထိ ကောင်းမွန်နေမှတော့... မင်းကိုလည်း အဲဒီ ဂိုဏ်းကို ဝင်နိုင်အောင် ငါ အကြံပြုပေးလို့ ရတယ်..."

"စစ်သူကြီးချီနဲ့တောင် မိတ်ဆက်ပေးပြီး... သူ့ရဲ့ မွေးစားသား အဖြစ် ခံယူခိုင်းလို့တောင် ရတယ်..."

"တပ်မှူးချုပ်ကို ပွင့်ပွင့်လင်းလင်းပဲ ပြောရရင်... ငယ်သားရဲ့ မွေးရာပါ အရိုးတည်ဆောက်ပုံက အရမ်းကို သာမန်ပါပဲ... ဒီလောက်အထိ မြန်မြန် လေ့ကျင့်နိုင်တာက... ငယ်ငယ်တုန်းက ချင်းလင်မြစ်မှာ ရွှေရောင် ငါးကြင်း တစ်ကောင်ကို ဖမ်းမိပြီး စားလိုက်မိတာနဲ့ ပတ်သက်နေမယ် ထင်တယ်..."

ကျန်းချဲ့က ဟန်ဆောင် စဉ်းစားလိုက်ပြီး အလိမ်အညာများ စတင် ဖန်တီးတော့သည်။

"ရွှေရောင် ငါးကြင်း တစ်ကောင်..."

ကျန်းချဲ့၏ အလိမ်အညာ စကားများကို တပ်မှူးချုပ်ကျူးက ဘယ်လိုလုပ်ပြီး ယုံကြည်မည်နည်း။

ကျန်းချဲ့က လုံးဝ အစစ်ဆေး မခံသည်ကို မြင်သောအခါ... သူ ကိုယ်တိုင်သာ ထူးဆန်းသော ရတနာ တစ်ခုခုကို ပိုင်ဆိုင်ထားမည် ဆိုပါက ဤကဲ့သို့ လွယ်လွယ်ကူကူ ဖွင့်ပြောပြမည် မဟုတ်ကြောင်းကိုလည်း နားလည်ပါသည်။ ထို့ကြောင့် သက်ပြင်းတစ်ချက် ချလိုက်ပြီး -

"ဒါက မင်းရဲ့ ကံကောင်းမှုလို့ ပြောလို့ ရပါတယ်... အဲဒီ ရွှေရောင် ငါးကြင်းက ဝိညာဉ်စွမ်းအင်တွေ စုစည်းပြီး ဖြစ်တည်လာတာ ဖြစ်နိုင်တယ်... ဒီနှစ်တွေ တစ်လျှောက်လုံး မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ ကိန်းအောင်းနေပြီး... အခု သိုင်းလေ့ကျင့်မှသာ ဒီလောက်အထိ အံ့ဩစရာ ကောင်းအောင် တိုးတက်လာတာ ဖြစ်နိုင်တယ်..."

"တပ်မှူးချုပ်ရဲ့ အမြင်က အရမ်းကို မှန်ကန်ပါတယ်..."

"ဒါပေမဲ့ မင်း သတိထားဖို့တော့ လိုတယ်... ဝိညာဉ် ပါဝင်တဲ့ အရာတွေ ဆိုတာ ကံကောင်းမှု မရှိရင် ဘေးအန္တရာယ် ဖြစ်တတ်တယ်... လွန်ခဲ့တဲ့ နှစ်အတော်ကြာက... လယ်သမား လူငယ်လေး တစ်ယောက်က ထူးဆန်းတဲ့ ရတနာ တစ်ခုကို ကံကောင်းထောက်မစွာနဲ့ ရခဲ့လို့ သိုင်းလေ့ကျင့်တဲ့ နေရာမှာ အလွန် မြန်ဆန်ခဲ့တယ်လို့ ငါ ကြားဖူးတယ်..."

"ဒါပေမဲ့ အဲဒီ ရတနာက မိစ္ဆာတွေ ပိုင်တဲ့ ပစ္စည်း ဖြစ်နေပြီး... သူ့ကို ခန္ဓာကိုယ်တစ်ခု အဖြစ် အသုံးချခဲ့တာကို သူ မသိခဲ့ဘူး... နောက်ဆုံးကျတော့ သူ့ရဲ့ စွမ်းအင်တွေ အားလုံးကို အစုပ်ခံလိုက်ရပြီး အသက်ပါ ဆုံးရှုံးသွားခဲ့ရတယ်..."

တပ်မှူးချုပ်ကျူးက ခေါင်းယမ်းလိုက်ပြီး နှမြောတသဟန်ဖြင့် ပြောလိုက်သည်။

ကျန်းချဲ့က တိတ်ဆိတ်စွာ နေလိုက်သည်။ တစ်ဖက်လူ၏ ရည်ရွယ်ချက်က အလွန် ရှင်းလင်းနေပြီ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်တွင် ထူးဆန်းသော ရတနာ တစ်ခုခု ရှိနေမည်ကို သံသယ ဝင်နေကြောင်း သေချာလှပေသည်။ အချိန်အနည်းငယ်ခန့် စဉ်းစားပြီးနောက် တပ်မှူးချုပ်ကျူးကို မွေးရာပါ ဝိညာဉ်စွမ်းအင် သတင်းဖြင့် အရင်ဆုံး ဟန့်တားထားရန် သူ ဆုံးဖြတ်လိုက်သည်။

အစိမ်းရောင်မိစ္ဆာ ခန္ဓာကိုယ်သန့်စင်ခြင်း ကျင့်စဉ်ကို အဆင့်ငယ်အထိ လေ့ကျင့်နိုင်ပြီး သွေးကြောပွင့် အဆင့်သို့ ရောက်ရှိသွားပါက...

တပ်မှူးချုပ်ကျူး၏ ခြိမ်းခြောက်မှုကို သူ လုံးဝ ဂရုစိုက်စရာ မလိုတော့ပေ။

ဝက်(ကျူး) ကို အစာတွေ အများကြီး ကျွေးပြီးပြီ ဆိုတော့... အခုချိန် သတ်စားရင်တောင် စိတ်အေးအေးနဲ့ အဝစားလို့ ရနေပြီပဲ...

တပ်မှူးချုပ်ကျူးက သူ့ကို ရာထူးတိုးပေးခဲ့သော ကျေးဇူး ရှိသော်လည်း သူကလည်း တစ်ဖက်လူအတွက် ငွေလျန် တစ်သောင်းကျော် ရှာပေးခဲ့ပြီး ဖြစ်သည်။

ယခုအခါ တစ်ဖက်လူက သူ့အပေါ် မကောင်းကြံလာပြီ ဖြစ်ရာ... သူကလည်း သွားကို သွားဖြင့်သာ တုံ့ပြန်ရတော့မည် ဖြစ်သည်။

All Chapters