အခန်း ၆၄
Vol. 7 Ch. 64
အခန်း (၆၄) မျက်နှာသာပေးရင် အရာရှိကြီး... မပေးရင်တော့ အသေပဲ
"ပိုင်ယောင်ဆေးဆိုင်က ရေကြောင်းကုန်သွယ်ရေးဂိုဏ်းက လူတွေနဲ့ ပူးပေါင်းပြီး အစိုးရကို ပုန်ကန်ဖို့ ကြိုးစားတယ်... သက်သေ အထောက်အထား အကုန်လုံး ရှိတယ်... ငါ့အမိန့်ကို နာခံပြီး အကုန်လုံးကို သတ်..."
ကျန်းချဲ့က အေးစက်စက် နှာမှုတ်လိုက်ပြီး လက်ကို မြှောက်ကာ အမိန့်ပေးလိုက်သည်။
နောက်တစ်စက္ကန့်တွင် အသင့်စောင့်နေသော တန်ယန်နှင့် ကန်းတာပြောင်တို့က ချက်ချင်း ဓားများကို ဆွဲထုတ်ကာ အရှေ့သို့ တိုးဝင်သွားကြသည်။ အားအကောင်းဆုံး တိုက်ခိုက်ရေးသမား တစ်ယောက်ကို ဆုံးရှုံးလိုက်ရသဖြင့် ပိုင်ယောင်ဆေးဆိုင်မှ တပည့်များ၏ စိတ်ဓာတ်ခွန်အားများကလည်း အောက်ဆုံးအထိ ကျဆင်းသွားခဲ့ပြီ ဖြစ်သည်။
တိုက်ပွဲက တစ်ဖက်သတ် အနိုင်ရမှုဖြင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ကျန်းချဲ့က စစ်သည်များ၏ နောက်မှ လိုက်ကာ ပိုင်ယောင်ဆေးဆိုင်၏ ခြံဝင်းထဲသို့ ဝင်ရောက်သွားခဲ့သည်။ သူ၏ ပတ်ဝန်းကျင် ပေအတော်များများ အတွင်းတွင် မည်သူမျှ မကပ်ရဲကြပေ။ အချိန်တိုလေး အတွင်းမှာပင် ပိုင်ယောင်ဆေးဆိုင်၏ တပည့်များမှာ ပြိုလဲလုမတတ် ဖြစ်သွားခဲ့သည်။
သို့သော် ပိုင်ယောင်ဆေးဆိုင်က မြောက်ပိုင်းမြို့နယ်တွင် အခိုင်အမာ ရပ်တည်နိုင်ခဲ့ခြင်းမှာ သူတို့တွင်လည်း အင်အား အနည်းငယ် ရှိနေသောကြောင့်ပင်။ စတင် တိုက်ခိုက်ပြီး မိနစ်အနည်းငယ် အကြာမှာပင် အတွင်းဆောင်ထဲမှ ဓားများ ကိုင်ဆောင်ထားသော သိုင်းသမား အချို့က ကျန်းချဲ့ဆီသို့ တိုးဝင်လာခဲ့ကြသည်။
သူတို့ အားလုံးမှာ ပိုင်ယောင်ဆေးဆိုင်၏ အကြီးအကဲများ သို့မဟုတ် တာဝန်ခံများ ဖြစ်ကြကြောင်း သိသာလှပေသည်။
"ခွေးကောင်... သေစမ်း..."
"လူယုတ်မာ... ငါတို့ ခေါင်းဆောင် မရှိတုန်း လာပြီး အနိုင်ကျင့်ရဲတယ်ပေါ့... ဒီနေ့ မင်း ဒီနေရာမှာပဲ အသေခံလိုက်တော့..."
"သေစမ်း..."
အတွင်းအားဖြစ်တည်ခြင်း အဆင့်နှင့် အရိုးသန့်စင်ခြင်း အဆင့်ရှိ သိုင်းသမား သုံးယောက်က အရပ်မျက်နှာ သုံးခုမှနေ၍ ကျန်းချဲ့ဆီသို့ တစ်ပြိုင်နက် တိုးဝင်လာခဲ့ကြသည်။
ကြမ္မာသုံးပါး ထိတ်လန့်ဖွယ် ဓားသိုင်း... ပွင့်စမ်း...
မျက်စိတစ်မှိတ် အတွင်းမှာပင် ကျန်းချဲ့၏ မျက်လုံးများက သွေးရောင်များ လွှမ်းသွားခဲ့ပြီး ညာဘက် ခြေထောက်က မြေကြီးကို ဆောင့်နင်းကာ လေထဲသို့ ခုန်တက်ပြီး တိုးဝင်လာသူများဆီသို့ တိုက်ရိုက် ခုန်ဆင်းသွားခဲ့သည်။
'ရွှပ်...'
'ရွှပ်...'
'ရွှပ်...'
ဓားသုံးချက်... သုံးချက်တည်းဖြင့်...
လူသုံးယောက်၏ ခန္ဓာကိုယ်များက ခြောက်ပိုင်း ပြတ်သွားခဲ့ပြီး ဆေးဆိုင်၏ ဆေးသေတ္တာများ အပေါ်သို့ ပြုတ်ကျသွားခဲ့သည်။
တူညီသော အဆင့်၊ သို့မဟုတ် အဆင့်နိမ့်သော သိုင်းသမားများကို ရင်ဆိုင်ရာတွင် ကျန်းချဲ့၏ အားသာချက်က လုံးဝ ဖိနှိပ်ထားနိုင်စွမ်း ရှိပေသည်။
ဓားပေါ်မှ သွေးများကို သုတ်လိုက်ပြီးနောက် ကျန်းချဲ့၏ မျက်လုံးများက ပြန်လည် ကြည်လင်လာခဲ့သည်။ မြေကြီးပေါ်မှ အလောင်းများကို တစ်ချက်မျှပင် လှည့်မကြည့်တော့ဘဲ လူအချို့ကို ခေါ်ဆောင်ကာ ပိုင်ယောင်ဆေးဆိုင်၏ လက်နက်တိုက်ထဲသို့ တိုက်ရိုက် ဝင်ရောက်သွားခဲ့သည်။
အမြန်တိုက်... အမြန်ဆုတ်...
ဒီတစ်ခေါက် လာတာက အချိန်ဖြုန်းဖို့ မဟုတ်ဘူးလေ...
ရေကြောင်းကုန်သွယ်ရေးဂိုဏ်း၏ ချမ်းသာကြွယ်ဝမှုနှင့် နှိုင်းယှဉ်ပါက ပိုင်ယောင်ဆေးဆိုင်ကလည်း သိပ်မကွာခြားလှပေ။ လက်နက်တိုက် အတွင်းတွင် တန်ဖိုးကြီး ဆေးဘက်ဝင် အပင်များကို အစီအရီ ထားသိုထားပေသည်။ တစ်ချက် ကြည့်လိုက်ရုံဖြင့် ပိုင်ယောင်ဆေးဆိုင် တစ်ခုတည်းကပင် သူ လိုအပ်နေသော ယဇ်ပူဇော်စရာ ပစ္စည်းများ၏ ထက်ဝက်ကျော်ကို ဖြည့်ဆည်းပေးနိုင်ကြောင်း သိလိုက်ရသည်။ ယခုအခါ ရွှယ်ဟူပန်း တစ်ပွင့်သာ လိုအပ်တော့သည်။
ငွေတိုက် အတွင်းတွင်လည်း ငွေတုံးများကို သေတ္တာများဖြင့် သေသေချာချာ သိမ်းဆည်းထားပေသည်။
သို့သော် ထိုအရာများ အားလုံးကို ကျန်းချဲ့က ယူဆောင်သွားခြင်း မရှိပေ။
ယခုအချိန်တွင် သူက ယဇ်ပူဇော်စရာ ပစ္စည်းများကိုသာ လိုအပ်ပြီး ငွေကြေးများကို သိပ်ပြီး စိတ်ဝင်စားမှု မရှိပေ။ ဤအရာများ၏ အဓိက အသုံးဝင်မှုမှာ တပ်မှူးချုပ်ကျူးနှင့် ခရိုင်ရုံးတော်မှ အရာရှိ အများအပြား၏ ပါးစပ်ကို ပိတ်ရန်သာ ဖြစ်သည်။
ကျန်းချဲ့က ယဇ်ပူဇော်ရန် လိုအပ်သော ပစ္စည်းများ အားလုံးကို ကောင်းကင်ယဇ်ပလ္လင်ကျောက်တိုင် အတွင်းသို့ သိမ်းဆည်းပြီးနောက် ပိုင်ယောင်ဆေးဆိုင်မှ ကျန်ရစ်နေသော အင်အားစုများ အားလုံးလည်း အကြမ်းဖျင်း ရှင်းလင်းပြီးသွားပြီ ဖြစ်သည်။ ပိုင်ယောင်ဆေးဆိုင်၏ စည်းစိမ်ဥစ္စာများထဲမှ ကျန်းချဲ့က လေးပုံတစ်ပုံကိုသာ လူများဖြင့် သယ်ဆောင်သွားစေခဲ့သည်။
ပစ္စည်းများ အားလုံးက စာရင်းနှင့် အတိအကျ ရှိနေပေသည်။ အကယ်၍ ကျန်းချဲ့ကသာ အားလုံးကို ယူဆောင်သွားမည် ဆိုပါက... ယန်ဂူခရိုင်တွင် ဆက်လက် နေထိုင်ရန်ပင် လိုအပ်တော့မည် မဟုတ်ပေ။ တပ်မှူးချုပ်ကျူးနှင့် ခရိုင်ဝန်ကျောက်မင်ချန် ကဲ့သို့သော အင်အားကြီး အရာရှိများပင်လျှင် အကျိုးအမြတ် ရရှိလာပါက လက်အောက်ငယ်သားများကို ခွဲဝေပေးရသေးသည် မဟုတ်ပါလော။
မဟုတ်ပါက မည်သူက သူတို့အတွက် အသက်ပေးပြီး အလုပ်လုပ်ပေးမည်နည်း။
နောက်ထပ် အချက်တစ်ခုမှာ ကျန်းချဲ့၏ ကောင်းကင်ယဇ်ပလ္လင်ကျောက်တိုင်မှာ နေရာကျယ်ဝန်းသော်လည်း ယဇ်ပူဇော်မည့် ပစ္စည်းများကိုသာ သိမ်းဆည်းနိုင်ပြီး အခြား အရာများကို လုံးဝ သိမ်းဆည်း၍ မရကြောင်း အရင်ကတည်းက သူ စမ်းသပ်ကြည့်ပြီး ဖြစ်သောကြောင့်ပင်။
"တပ်မှူး... ဒုတိယခရိုင်ဝန်ယန် နဲ့ အတွင်းဝန်လု တို့ ရောက်လာပါပြီ... ပြီးတော့ မြောက်ပိုင်းမြို့နယ် တပ်မှူးဆုန့် နဲ့ စုံထောက်ချုပ်ချန် တို့လည်း ပါလာပါတယ်..."
ကန်းတာပြောင်က ကျန်းချဲ့၏ အနီးသို့ လျင်မြန်စွာ လျှောက်လာပြီး အသံနှိမ့်ကာ လျှောက်တင်လိုက်သည်။
ကျန်းချဲ့ စတင် လှုပ်ရှားကတည်းက နာရီဝက်ခန့် ကြာမြင့်နေပြီ ဖြစ်ရာ လူတိုင်း သတင်းရရှိသွားခြင်းကို သူ လုံးဝ မအံ့ဩပေ။ ကန်းတာပြောင်ကို တစ်ချက် ကြည့်လိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။
"ဒီလိုဆိုမှတော့... သွားတွေ့လိုက်ကြတာပေါ့..."
ယန်ရှန်း တို့ လူစုမှာ ယန်ဂူခရိုင် ရုံးတော်၏ အာဏာရှိ အရာရှိကြီးများ ဖြစ်ကြသည်။ ကျန်းချဲ့က သူတို့နှင့် သိပ်ပြီး မရင်းနှီးသော်လည်း ယခင်က ယန်ဂူခရိုင်သို့ စတင် ရောက်ရှိလာစဉ်က ကြိုဆိုပွဲတွင် တစ်ကြိမ် တွေ့ဆုံခဲ့ဖူးပေသည်။
ထိုအချိန်က သူတို့က ကျန်းချဲ့နှင့် အရက်သောက်ကာ ရင်းရင်းနှီးနှီး စကားပြောဆိုခဲ့ကြသည်။
သို့သော် ယခုအခါတွင်မူ လူတိုင်း၏ မျက်နှာက သံချေးတက်နေသကဲ့သို့ မည်းမှောင်နေကြပေသည်။
အထူးသဖြင့် လုကွမ်နှင့် ယန်ရှန်းတို့ ဖြစ်ကြသည်။ ခရိုင်ဝန်နှင့် တပ်မှူးချုပ် ပြီးလျှင် အဆင့်ရှစ် အရာရှိများ ဖြစ်ကြသော သူတို့တွင်လည်း ကိုယ်ပိုင် အင်အားစုများ ရှိကြပြီး ပိုင်ယောင်ဆေးဆိုင်မှာ သူတို့၏ ငွေအိတ်ကြီးပင် ဖြစ်သည်။
နှစ်စဉ်နှစ်တိုင်း သူတို့အတွက် ငွေကြေး အမြောက်အမြား ပေးပို့နေပြီး သူတို့၏ လူနေမှုဘဝကို သာယာဝပြောအောင် ထောက်ပံ့ပေးနေသူများ ဖြစ်ကြသည်။
သို့သော် ယခုအခါ...
ပိုင်ယောင်ဆေးဆိုင်က သူတို့၏ မျက်စိရှေ့မှာတင် အမြစ်ဖြတ် ရှင်းလင်းခံလိုက်ရပြီ ဖြစ်သည်။
'ဒီလိုလုပ်တာကို ဘယ်လို သည်းခံနိုင်မှာလဲ…’
'ဒါက ပိုင်ယောင်ဆေးဆိုင်ကို ဖျက်ဆီးလိုက်တာလား…’
'ဒါက ကျန်းချဲ့က သူတို့ရဲ့ မျက်နှာကို တိုက်ရိုက် ရိုက်ချလိုက်တာပဲ…’
'ဒီကိစ္စကိုသာ သည်းခံလိုက်ရင် နောက်ပိုင်း ဘယ်သူက သူတို့ကို ငွေလာပေးရဲတော့မှာလဲ…’
သူတို့ နှစ်ယောက်စလုံးက ကျန်းချဲ့၏ ရမ်းကားမှုနှင့် အဆင့်ကိုး တပ်မှူးလေး တစ်ယောက် အနေဖြင့် သူတို့၏ နယ်မြေကို ဝင်ရောက် စွက်ဖက်ရဲသည့် အတွက် အလွန် ဒေါသထွက်နေကြသည်။ ထို့ကြောင့် သတင်းရရှိသည်နှင့် တစ်ပြိုင်နက် မြောက်ပိုင်းမြို့နယ် စစ်စခန်းမှ စစ်သည်များကို ခေါ်ဆောင်ကာ ချက်ချင်း ရောက်ရှိလာကြခြင်း ဖြစ်သည်။
သို့သော်... အနည်းငယ် နောက်ကျသွားခဲ့ပြီ ဖြစ်သည်။
အနောက်မြို့နယ် စစ်စခန်းမှ စစ်သည်များက သေတ္တာများကို တစ်လုံးပြီး တစ်လုံး အပြင်သို့ သယ်ထုတ်လာသည်ကို ကြည့်ရင်း သူတို့၏ ရင်ထဲတွင် သွေးထွက်နေသကဲ့သို့ ခံစားနေရသည်။
'ဒါတွေ အကုန်လုံးက ငါတို့ရဲ့ ငွေတွေလေ…’
ကျန်းချဲ့က ကန်းတာပြောင်ကို ခေါ်ကာ ပိုင်ယောင်ဆေးဆိုင် အတွင်းမှ ထွက်လာသောအခါ ယန်ရှန်းက မျက်မှောင်ကြုတ်ကာ လေးနက်သော အသံဖြင့် မေးလိုက်သည်။
"ကျန်းချဲ့... ဘယ်သူက မင်းကို ပိုင်ယောင်ဆေးဆိုင်ကို ဝင်တိုက်ဖို့ အမိန့်ပေးတာလဲ... ဒီနေ့ ငါ့ကို သေချာ မရှင်းပြနိုင်ရင်... မင်းရဲ့ တပ်မှူး ရာထူးကို ဖြုတ်ချပစ်မယ်..."
"ကျွန်တော်က ရှင်းပြဖို့ လိုလို့လား... ကျွန်တော်က အနောက်မြို့နယ် တပ်မှူး အနေနဲ့ အမိန့်ပေးတာလေ... စစ်သည်တွေကို ဘာလို့ ခေါ်လို့ မရရမှာလဲ... ဒုတိယခရိုင်ဝန်ယန် က ဒီလောက်တောင် အလောတကြီး ဖြစ်နေတာ... ပိုင်ယောင်ဆေးဆိုင်နဲ့များ အချိတ်အဆက်တွေ ရှိနေလို့လား..."
"ရိုင်းစိုင်းလိုက်တာ... မင်းက အရာရှိယန် ကို ဒီလို စကားမျိုး ပြောရဲတယ်ပေါ့လေ..."
ဘေးမှ အတွင်းဝန်လုက ချက်ချင်း ဝင်ရောက် ဟန့်တားလိုက်သည်။
"မင်း တကယ်ပဲ ရမ်းကားလွန်းတယ်... ဒီနေရာက မြောက်ပိုင်းမြို့နယ်ကွ... အနောက်မြို့နယ် မဟုတ်ဘူး... ကိုယ့်နယ်မြေ မဟုတ်ဘဲ ကျော်လွန်ပြီး လာလုပ်ရဲတာ... ငါက ခရိုင်ဝန်ကြီးဆီ တိုင်ပြီး မင်းကို အပြစ်ပေးခိုင်းရမယ်..." ယန်ရှန်းက အလွန် ဒေါသထွက်နေပြီး ကျန်းချဲ့၏ အပြုအမူကို လုံးဝ လက်မခံနိုင်အောင် ဖြစ်နေပေသည်။
"ကျွန်တော်က ရေကြောင်းကုန်သွယ်ရေးဂိုဏ်းက ကျန်နေတဲ့ လူတွေကို လိုက်ဖမ်းနေတာ... ပိုင်ယောင်ဆေးဆိုင်က သူတို့ကို လက်ခံထားပြီး အစိုးရကို ပုန်ကန်ဖို့ ကြိုးစားတယ်... ဒါကြောင့် ဖျက်ဆီးပစ်တာ... ခင်ဗျားတို့က ဒီနေရာမှာ လာပြီး ပေါက်ကရတွေ ပြောနေတာ... ဟက်... တကယ့်ကို ရည်ရွယ်ချက် မကောင်းတာပဲ..."
"ပြီးတော့... ဘယ်သူက နယ်မြေ ကျော်လွန်တယ်လို့ ပြောလဲ... ယန်ဂူခရိုင် လက်နက်တိုက် တပ်မှူးက ခရိုင်တစ်ခုလုံးမှာ ရှိတဲ့ ဓားပြတွေကို ဖမ်းဆီးပိုင်ခွင့် ရှိတယ်... တပ်မှူးလျိုက ဒီတာဝန်ကို ကျွန်တော့်ကို ပေးထားတာလေ... ကျွန်တော်က ဘယ်ဥပဒေကို ချိုးဖောက်မိလို့လဲ..."
လှုပ်ရှားမှု မစတင်မီ ကတည်းက ဤအခြေအနေမျိုး ကြုံလာရမည်ကို ကျန်းချဲ့က ကြိုတင် မျှော်လင့်ထားပြီး ဖြစ်သည်။
"အမိန့်ပေးတယ်... ဘယ်သူက အမိန့်ပေးတာလဲ..."
အမိန့်ပေးသည် ဆိုသော စကားကို ကြားလိုက်ရသည်နှင့် စုံထောက်ချုပ်ချန်၏ သွားများ ကျိန်းလာခဲ့သည်။ ကျန်းချဲ့က တပ်မှူးချုပ်ကျူး၏ မျက်နှာသာ ပေးမှုကို အခွင့်ကောင်းယူပြီး ခရိုင်တစ်ခုလုံးတွင် ထင်တိုင်းကျဲနေသည်ဟု သူ ခံစားလိုက်ရသည်။
သို့သော် ယခင်က ကျန်းချဲ့က သူ့ကို ကူညီပေးခဲ့ဖူးသဖြင့် သူက ကျန်းချဲ့ကို တိုက်ရိုက် ဆန့်ကျင်မည် မဟုတ်ပေ။ ထို့ကြောင့် ယန်ရှန်း နောက်ဆုတ်သွားစေရန် ရည်ရွယ်ချက်ဖြင့် နောက်ကွယ်မှ အဓိက လူဖြစ်သော တပ်မှူးချုပ်ကျူး၏ နာမည်ကို ထုတ်ပြောရန် အခွင့်အရေး ဖန်တီးပေးလိုက်သည်။
ကျန်းချဲ့က အင်္ကျီလက်ထဲမှ ကျူး ဆိုသော စာလုံး ရေးထွင်းထားသည့် အမိန့်ပေး သစ်သားပြားကို တိုက်ရိုက် ထုတ်ပြလိုက်သည်။
"သေချာပေါက် တပ်မှူးချုပ်ကျူး ရဲ့ အမိန့်ပေါ့..."
ကျန်းချဲ့က တပ်မှူးချုပ်ကျူးနှင့် ဆက်ဆံရေး ပျက်ပြားရန် ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်ရာ ယခုအချိန်တွင် တစ်ဖက်လူ၏ နာမည်ကို အသုံးပြုရန် လုံးဝ ဝန်လေးနေမည် မဟုတ်ပေ။
"အရာရှိယန်... ဒါက..." စုံထောက်ချုပ်ချန်က ယန်ရှန်းဘက်သို့ လှည့်ကြည့်ကာ တွန့်ဆုတ်နေသည့်ပုံဖြင့် ပြောလိုက်သည်။ အခြေအနေက ပိုဆိုးမသွားမီ ယန်ရှန်းကို နောက်ဆုတ်သွားစေရန် သူ မျှော်လင့်နေမိသည်။
"မင်းက တပ်မှူးချုပ်ကျူးရဲ့ နာမည်ကို သုံးပြီး ငါ့ကို ခြောက်လို့ ရမယ် ထင်နေတာလား..."
ယန်ရှန်းက ကျန်းချဲ့ လက်ထဲမှ အမိန့်ပေး သစ်သားပြားကို စိုက်ကြည့်ရင်း အေးစက်စက် နှာမှုတ်လိုက်သည်။
"ဒါဆိုရင် ဒုတိယခရိုင်ဝန်ယန် က ဘာလုပ်ချင်လို့လဲ..."
ကျန်းချဲ့က အမိန့်ပေး သစ်သားပြားကို ပြန်သိမ်းလိုက်ပြီး တည်ငြိမ်သော အကြည့်ဖြင့် ကြည့်လိုက်သည်။
'မျက်နှာသာပေးရင် အရာရှိကြီး... မပေးရင်တော့ အသေပဲ...'
မွေးရာပါ ဝိညာဉ်စွမ်းအင် သတင်းကို အသုံးပြုပြီး တပ်မှူးချုပ်ကျူးကို ဆွဲဆောင်ထားနိုင်သရွေ့... လောလောဆယ်တော့ သူ့ကို သေချာပေါက် ကာကွယ်ပေးမည်ဟု ကျန်းချဲ့ လုံးဝ ယုံကြည်ထားပေသည်။