အခန်း ၆၅
Vol. 7 Ch. 65
အခန်း (၆၅) တပ်မှူးချုပ်ကျူး ခေါင်းခံရခြင်း
"ကောင်းတယ်... တကယ်ကောင်းတယ်... ကျန်းချဲ့ မင်း တကယ် ကောင်းတယ်..."
ယန်ရှန်းက မျက်လုံးကို မှေးကျဉ်းကာ အဆက်မပြတ် ခေါင်းညိတ်ပြီး ပြောလိုက်သည်။ သူ၏ မျက်လုံးထဲမှ ဒေါသများက အမြင့်ဆုံးသို့ ရောက်ရှိနေပြီ ဖြစ်ပြီး လက်ညှိုးကို မြှောက်ကာ ကျန်းချဲ့ကို နှစ်ကြိမ်တိတိ ထိုးပြလိုက်သည်။
"လူကြီးမင်းတို့ရဲ့ ကျေးဇူးကြောင့်... ကျွန်တော် အမြဲတမ်း ကောင်းမွန်နေပါတယ်..."
ကျန်းချဲ့က တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
"ဟက်..."
ယန်ရှန်းက အင်္ကျီလက်ကို ခါကာ လှည့်ထွက်သွားတော့သည်။
ကိုယ်ထိလက်ရောက် တိုက်ခိုက်ရန်မှာ လုံးဝ မဖြစ်နိုင်ပေ။ အစိုးရ အချင်းချင်း ပြဿနာ တက်ပြီး မြောက်ပိုင်းနှင့် အနောက်ပိုင်း စစ်စခန်းများ အချင်းချင်း တိုက်ခိုက်ကြမည် ဆိုပါက သူကိုယ်တိုင်လည်း အပြစ်မှ ကင်းလွတ်နိုင်မည် မဟုတ်ပေ။ သို့သော် ထိုသို့ဆိုလို၍ ကျန်းချဲ့ကို အလွတ်ပေးမည်ဟု ဆိုလိုခြင်း မဟုတ်ပေ။
ခရိုင်ဝန်ကျောက်မင်ချန်နှင့် တပ်မှူးချုပ်ကျူး တို့က ရာထူးနိမ့် တပ်မှူးလေး တစ်ယောက်ကို ဤမျှလောက်အထိ ရမ်းကားခွင့် ပြုထားမည် ဆိုသည်ကို သူ လုံးဝ မယုံကြည်ပေ။
မြောက်ပိုင်းမြို့နယ် တပ်မှူးဆုန့်ယီ နှင့် အတွင်းဝန်လုကွမ် တို့က အချင်းချင်း တစ်ချက် ကြည့်လိုက်ကြပြီးနောက် လူများကို ခေါ်ဆောင်ကာ ချက်ချင်း ထွက်သွားကြသည်။ စုံထောက်ချုပ်ချန် တစ်ယောက်သာလျှင် ကျန်းချဲ့ကို ခေါင်းယမ်းပြကာ သတိထားရန် မျက်ရိပ်ပြသွားခဲ့သည်။
မည်သို့ပင် ဆိုစေကာမူ ယန်ရှန်းက အဆင့်ရှစ် အရာရှိ တစ်ယောက် ဖြစ်သည်။ သူ၏ အာဏာနှင့် လုပ်ပိုင်ခွင့်များမှာ လုံးဝ သေးငယ်ခြင်း မရှိပေ။ ဤမျှအထိ မျက်နှာကို တိုက်ရိုက် ရိုက်ချလိုက်သဖြင့် ပြဿနာ ကြီးသွားနိုင်ပေသည်။
ကျန်းချဲ့ အနေဖြင့် ဤအရာရှိကြီးများကို ငွေကြေး ခွဲဝေပေးရန် စဉ်းစားထားခဲ့သော်လည်း ယခုအခါ လုံးဝ ရုပ်သိမ်းလိုက်ပြီ ဖြစ်သည်။ တစ်ဖက်လူများကသာ အေးအေးဆေးဆေး ဆွေးနွေးလိုပါက သူကလည်း မျက်နှာသာ ပေးမည် ဖြစ်သည်။ သို့သော် ယခုအခါ အစကတည်းက တိုက်ရိုက် အပြစ်လာတင်နေသဖြင့် သူ့ကို အသေ သတ်ချင်နေကြောင်း သိသာလှပေသည်။
ထိုသို့သော အခြေအနေမျိုးတွင် ငွေပေးမည် ဆိုလျှင်တော့ သူက တကယ့် လူမိုက်ပင် ဖြစ်သွားပေလိမ့်မည်။
"တာပြောင်..."
"တပ်မှူး..."
"ပိုင်ယောင်ဆေးဆိုင်က ရလာတဲ့ ငွေတွေ အားလုံးကို နှစ်ပိုင်းခွဲလိုက်... တစ်ဝက်ကို တပ်မှူးချုပ်ကျူးရဲ့ အိမ်တော်ကို ချက်ချင်း သွားပို့... ကျန်တဲ့ တစ်ဝက်ကိုတော့ ယုံရတဲ့ လူတချို့ ရှာပြီး ဖုန်းတပ်ဖွဲ့က တပ်မှူးချီ ဆီကို သွားပို့ခိုင်းလိုက်... ငါ့အနေနဲ့ သူ့ကို အကူအညီလေး တစ်ခုလောက် တောင်းချင်လို့ပါလို့ ပြောလိုက်..."
ကျန်းချဲ့ အနေဖြင့် တပ်မှူးချုပ်ကျူး တစ်ယောက်တည်း အပေါ်တွင်သာ မျှော်လင့်ချက် အားလုံး ပုံအပ်ထားမည် မဟုတ်ပေ။ ချီဟွမ်းက ငွေကြေး လိုအပ်နေသည်ဟု ပြောထားဖူးသဖြင့် သူက ဤပစ္စည်းများကို အသုံးပြုကာ တစ်ဖက်လူနှင့် အပေးအယူ လုပ်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
"ငယ်သား နာခံပါ့မယ်..."
ကန်းတာပြောင်က ခေါင်းကို လေးနက်စွာ ညိတ်လိုက်သည်။
"ဒါက တံငါသည် ဘဝကနေ တက်လာတဲ့ ကျန်းချဲ့ ဆိုတာလား... အကျင့်စရိုက်ကတော့ တော်တော် မာကျောတာပဲ... ဓားပြ လုပ်ဖို့ တကယ့်ကို ကောင်းတဲ့ ပါရမီပဲ..."
အဝေးရှိ စားသောက်ဆိုင် တစ်ခု၏ ဒုတိယထပ်တွင် ဆရာလျန်နှင့် ဟော့ရှောက်စန်းတို့က ကျန်းချဲ့နှင့် ယန်ရှန်းတို့ အချင်းချင်း အားပြိုင်နေမှု အားလုံးကို မြင်တွေ့လိုက်ရပြီး ဟော့ရှောက်စန်းက ခပ်ဖွဖွ ရယ်မောကာ ပြောလိုက်သည်။
"မာကျောလွန်းရင်လည်း အလွယ်တကူ ကျိုးပဲ့တတ်တယ်... ဒီကောင်လေးကို ငါတော့ သိပ်အထင်မကြီးဘူး... တတိယ ခေါင်းဆောင် မလှုပ်ရှားရင်တောင်မှ သူက သိပ်ကြာကြာ အသက်ရှင်နိုင်မှာ မဟုတ်ဘူး... ဒီလို ဓားမျိုးက သုံးရတာတော့ ကောင်းပါတယ်... ဒါပေမဲ့ အရမ်း ထက်မြက်လွန်းတော့ အချိန်တိုလေးပဲ သုံးလို့ရတယ်..."
ဆရာလျန်က ခေါင်းယမ်းလိုက်သည်။
"အခုချက်ချင်း သွားဖမ်းမယ် ဆိုရင်ရော... ရနိုင်မလား..."
ဟော့ရှောက်စန်း၏ မျက်လုံးများထဲတွင် သွားရောက် တိုက်ခိုက်ချင်သည့် အရိပ်အယောင်များ ပေါ်ထွက်လာခဲ့သည်။
"သူ့ကို သတ်ဖို့က မခက်ခဲပါဘူး... ဒါပေမဲ့ အခုက လူအရမ်း များနေတော့ လှုပ်ရှားဖို့ မသင့်တော်ဘူး... မေ့မပစ်ပါနဲ့... ငါတို့ရဲ့ အဓိက ပစ်မှတ်က ခိုယွမ်ရှန်း ဆိုတာကို... ခိုချင်းက ငါတို့ လက်ထဲမှာ ရှိနေသရွေ့တော့... အဲဒီ အဘိုးကြီး သဘောမတူဘဲ မနေနိုင်ပါဘူး..."
ဆရာလျန်က အေးစက်စက် နှာမှုတ်လိုက်သည်။
"ပြောတာ မှန်တယ်... ဒါဆိုရင် ဒီကောင်လေးကို နောက်ထပ် ရက်အနည်းငယ်လောက် အသက်ရှင်ခွင့် ပေးလိုက်တာပေါ့..."
ခရိုင်ရုံးတော်တွင် ယန်ရှန်း၏ ပါးစပ်မှ ယနေ့ ဖြစ်ပျက်ခဲ့သော ကိစ္စများကို ကြားသိလိုက်ရပြီးနောက် ခရိုင်ဝန်ကျောက်မင်ချန်က သူ အမြတ်နိုးဆုံး ကြွေပန်းကန်လုံးကို မြေကြီးပေါ်သို့ ပစ်ပေါက်လိုက်ပြီး ဒေါသများက အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။
'အနိုင်ကျင့်လွန်းတယ်...'
'တကယ်ကို အနိုင်ကျင့်လွန်းတယ်...'
'တပ်မှူးချုပ်ကျူးက ဘာတွေ လုပ်ချင်နေတာလဲ...'
'သူ့လို ယန်ဂူခရိုင် ခရိုင်ဝန် တစ်ယောက်ကိုတောင် လုံးဝ ဂရုမစိုက်တော့ဘူးလား...'
'တစ်ကြိမ် နှစ်ကြိမ်... အခု သုံးကြိမ်မြောက် ဆိုတော့ လုံးဝ သည်းခံလို့ မရတော့ဘူး...'
'အရင်တုန်းက တပ်မှူးချုပ်ကျူး အသစ် ရောက်လာကာစ မို့လို့ အာဏာပြဖို့ လုပ်နေတာကို သည်းခံပေးခဲ့တယ်... ဒါပေမဲ့ သူက ဘာလုပ်ခဲ့လဲ... ချီဟွမ်းကိုပါ ခေါ်လာပြီး သူ့ကို အတင်းအကျပ် နောက်ဆုတ်သွားအောင် လုပ်ခဲ့တယ်...'
'အခု တစ်ခေါက်က ပိုတောင် ဆိုးသေးတယ်... သူ့ရဲ့ လက်တံတွေကို မြောက်ပိုင်းမြို့နယ် အထိတောင် ဆန့်တန်းလာပြီပဲ...'
'ဒီတစ်ခါတော့ လုံးဝ သည်းခံလို့ မရတော့ဘူး...'
မှန်သည်။ ကျန်းချဲ့က တပ်မှူးချုပ်ကျူး၏ အမိန့်ပေး သစ်သားပြားကို ထုတ်ပြလိုက်ကတည်းက ခရိုင်ဝန်ကျောက်မင်ချန် အနေဖြင့် ဤကိစ္စများ၏ နောက်ကွယ်မှ အဓိက လက်သည်မှာ ကျန်းချဲ့ ဖြစ်သည်ဟု လုံးဝ မယုံကြည်တော့ပေ။ ရာထူးနိမ့် တပ်မှူးလေး တစ်ယောက် အနေဖြင့် ဤမျှလောက်အထိ လုပ်ရဲမည် မဟုတ်ပေ။
အရာအားလုံးက တပ်မှူးချုပ်ကျူး၏ အမိန့်အရသာ ဖြစ်ရမည်။
"တပ်မှူးချုပ်ကျူး ရဲ့ အပြစ်တွေကို မြို့တော်ဝန်ကြီးဆီ စာရေးပြီး တိုင်မယ်... ပြည်သူတွေကို အနိုင်ကျင့်တာ ငွေလေး နည်းနည်းရဖို့အတွက် အိမ်တွေကို ဖျက်ဆီးပြီး မျိုးနွယ်စုတွေကို သတ်ဖြတ်တာတွေ အကုန်လုံး... ငါ သေချာပေါက် တိုင်မယ်..."
ခရိုင်ဝန်ကျောက်မင်ချန်က လေကို ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး မျက်နှာကို တည်ငြိမ်အောင် ပြန်လုပ်လိုက်သည်။
သူက တပ်မှူးချုပ်ကျူးနှင့် ရာထူးတူ ဖြစ်သဖြင့် ဘယ်လောက်ပဲ ဒေါသထွက်နေပါစေ တိုက်ရိုက် သွားရောက် အပြစ်တင်၍ မရပေ။ အထက်က မြို့တော်ဝန်ကိုသာ အပြစ်ပေးခိုင်းရန် တိုင်တန်းနိုင်ပေသည်။ အဘယ်ကြောင့်ဆိုသော် ယခုအခါ တပ်မှူးချုပ်ကျူးက စစ်တပ်မှ ထွက်လာပြီး ခရိုင်ရုံးတော် လက်အောက်သို့ ရောက်ရှိနေပြီ ဖြစ်သောကြောင့်ပင်။
"မြို့တော်ဝန်က အပြစ်ပေးဖို့ အချိန်တစ်ခုတော့ ယူရဦးမယ်... အခု လောလောဆယ် ဘယ်လို လုပ်ကြမလဲ... ဒီကျန်းချဲ့ကို ဒီတိုင်း ဆက်ပြီး ရမ်းကားခွင့် ပေးထားရတော့မှာလား..."
ယန်ရှန်းက မကျေမနပ်ဖြင့် မေးလိုက်သည်။
အစိုးရ အရာရှိများသာလျှင် အစိုးရ အသိုင်းအဝိုင်း၏ စည်းမျဉ်းများကို သိရှိကြပေသည်။ ခရိုင်ဝန်ကျောက်မင်ချန်က စာရေးပြီး တိုင်တန်းသည့် အချိန်မှစ၍ မြို့တော်ဝန်က အပြစ်ပေးသည့် အချိန်အထိ လပေါင်းများစွာ ကြာမြင့်နိုင်ပေသည်။ ငွေကြေးနှင့် အဆက်အသွယ်များကို အသုံးပြုနိုင်ပါက ပိုမြန်နိုင်သော်လည်း လွယ်ကူသော ကိစ္စတော့ မဟုတ်ပေ။
ခရိုင်ဝန်ကျောက်မင်ချန်၏ မျက်လုံးများ မှေးကျဉ်းသွားပြီး သူ့ကို ရုတ်တရက် လှည့်ကြည့်လိုက်ကာ အဓိပ္ပာယ် ပါပါဖြင့် -
"ပိုင်ယောင်ဆေးဆိုင်ရဲ့ ခေါင်းဆောင် ဟန်ယွီရှန်း အသက်ရှင်သေးတယ် မဟုတ်လား..."
"ငယ်သား သဘောပေါက်ပါပြီ..."
ယန်ရှန်း၏ မျက်လုံးများ တောက်ပသွားပြီး ခေါင်းညိတ်လိုက်သည်။
'ငါက တကယ်ကို ကိုယ်တိုင် ပြဿနာထဲ ရောက်နေလို့ မမြင်နိုင်တော့တာပဲ... ပိုင်ယောင်ဆေးဆိုင်သာ ပျက်စီးသွားတာ ဆေးဆိုင်ရဲ့ ခေါင်းဆောင်က အသက်ရှင်သေးတာပဲ... သူ့ရဲ့ စွမ်းအားနဲ့ ဆိုရင် ယန်ဂူခရိုင်ရဲ့ အတော်ဆုံး ငါးယောက်စာရင်းထဲမှာတောင် ပါဝင်တယ်... ကျန်းချဲ့ကို ရှင်းလင်းဖို့ဆိုတာ ဘာမှ မခက်ခဲနိုင်ဘူးလေ...'
"တကယ်ကို ပေါက်ကရတွေ လုပ်နေတာပဲ..."
ယခုအချိန်တွင် တပ်မှူးချုပ်ကျူးကလည်း ဂိုပုရန် ထံမှ ကျန်းချဲ့ လုပ်ဆောင်ခဲ့သော ကိစ္စများ အားလုံးကို ကြားသိလိုက်ရပြီ ဖြစ်သည်။ ယခုမှသာ ကျန်းချဲ့က အာဏာတချို့ တောင်းခံခဲ့ခြင်း၏ အဓိက ရည်ရွယ်ချက်မှာ ပိုင်ယောင်ဆေးဆိုင်ကို အမြစ်ဖြတ် ရှင်းလင်းရန် ဖြစ်ကြောင်း သဘောပေါက်သွားခဲ့သည်။
'ဒီလို လုပ်ရပ်က ငါ့ကို မီးပုံပေါ် တင်ကင်လိုက်တာနဲ့ အတူတူပဲ...'
'အရင် ရေကြောင်းကုန်သွယ်ရေးဂိုဏ်းကို အမြစ်ဖြတ် ရှင်းလင်းတုန်းက ခရိုင်ဝန်ကျောက်မင်ချန်ကို ဒေါသထွက်စေခဲ့ပြီးပြီ... တစ်ဖက်လူက ချီဟွမ်းရဲ့ မျက်နှာကြောင့်သာ ဆက်ပြီး ပြဿနာ မရှာတာ... ဒါပေမဲ့ သူက အနိုင်ကျင့်လို့ လွယ်တဲ့ လူမျိုး မှ မဟုတ်တာ...'
'အရင် ခရိုင်တပ်မှူးချုပ် ကိုတောင် သူကပဲ တိုင်တန်းပြီး ဖြုတ်ချခဲ့တာ မဟုတ်ဘူးလား...'
'အခု ငါက စစ်တပ်ကနေ ထွက်ပြီး ခရိုင်ရုံးတော် လက်အောက် ရောက်နေပြီ ဆိုပေမဲ့ ခရိုင်ရုံးတော်မှာ ငါ့အတွက် ခိုင်မာတဲ့ နောက်ခံ မရှိသေးဘူးလေ... အကယ်လို့ တကယ်သာ ပစ်မှတ်ထားခံရရင် ငါလည်း ရာထူးကနေ ဖြုတ်ချခံရနိုင်တယ်...'
တပ်မှူးချုပ်ကျူး၏ မျက်နှာထား မကောင်းသည်ကို မြင်သောအခါ ဂိုပုရန်က ဆက်ပြောလိုက်သည်။
"တပ်မှူးကျန်း ဒီတစ်ခေါက် လုပ်ရပ်က တကယ်ကို သာမန်ထက် လွန်ကဲသွားပြီ... ပြီးတော့ တပ်မှူးချုပ်ရဲ့ နာမည်ကိုပါ သုံးသွားသေးတယ်... ဒုတိယခရိုင်ဝန်ယန် နဲ့ အတွင်းဝန်လု တို့ကတော့ တော်တော်လေး မျက်နှာပျက်သွားပြီ... အခုဆို ခရိုင်ဝန်ကျောက်က တပ်မှူးချုပ်ကို ပြဿနာ လာရှာလောက်တယ်..."
"ဒါဆိုရင် မင်း အမြင်က ဘယ်လို လုပ်သင့်လဲ..."
တပ်မှူးချုပ်ကျူးက သူ့ကို တစ်ချက် ကြည့်လိုက်ပြီး လေသံတွင်မူ ဒေါသထွက်နေသည့်ပုံ မပေါ်ပေ။
ဂိုပုရန် အနေဖြင့် ကျန်းချဲ့ကို တပ်မှူးချုပ်ကျူးက အပြစ်ပေးလိမ့်မည်ဟု သေချာပေါက် မထင်ထားပေ။ သူက ခရိုင်ဝန်ကျောက်မင်ချန်၏ အမိန့်ကိုသာ ပြီးမြောက်အောင် လုပ်ဆောင်ချင်ခြင်း ဖြစ်သည်။
"ငယ်သား အမြင်တော့... လောလောဆယ် တပ်မှူးကျန်းကို ရက်အနည်းငယ်လောက် အနားပေးထားလိုက်ပါ... အခြေအနေတွေ ငြိမ်သက်သွားမှ နောက်ဆက်တွဲ ကိစ္စတွေကို ဆက်ရှင်းတာ ကောင်းမယ် ထင်ပါတယ်..."
ကျန်းချဲ့သာ အနားယူသွားပါက သူက အနောက်မြို့နယ် စစ်စခန်းကို ဝင်ရောက် စွက်ဖက်နိုင်မည် ဖြစ်ပြီး ဆုန့်ကျိနှင့် ခိုယွမ်ရှန်းတို့ကို အလွယ်တကူ ခေါ်ထုတ်သွားနိုင်မည် ဖြစ်သည်။
"သခင်ကြီး..."
တံခါးဝတွင် အသက်ကြီးကြီး အိမ်တော်ထိန်း တစ်ယောက်က တပ်မှူးချုပ်ကျူး၏ အနီးသို့ လျှောက်လာခဲ့သည်။
"ဘာကိစ္စလဲ..."
အိမ်တော်ထိန်းက ကျန်းချဲ့ အနောက်မြို့နယ် စစ်စခန်းမှ ငွေများ လာပို့သည့် ကိစ္စကို အသေးစိတ် ပြန်လည် လျှောက်တင်လိုက်သည်။
"လူမှုဆက်ဆံရေးကိုတော့ နားလည်သားပဲ..."
တပ်မှူးချုပ်ကျူးက ရင်ထဲတွင် ခေါင်းညိတ်လိုက်သည်။ ကျန်းချဲ့၏ အလုပ်လုပ်ပုံကို သူ အလွန် သဘောကျမိသည်။ သို့သော် သူ၏ ပြဿနာ ရှာနိုင်စွမ်းကလည်း အလွန် ကြီးမားနေပေသည်။ အကယ်၍ သူ့တွင် သိုင်းပါရမီသာ တကယ် ရှိမည် ဆိုပါက...
'ပါရမီရှင်တွေကို ငါက သေချာပေါက် ခွင့်လွှတ်ပေးနိုင်ပါတယ်... ဒါပေမဲ့ ပြဿနာက ကျန်းချဲ့ရဲ့ ပါရမီက သံသယ ဖြစ်စရာ ကောင်းနေတာပဲ... ထူးဆန်းတဲ့ ရတနာ ဒါမှမဟုတ် ပြင်ပ အကူအညီတွေကို အသုံးပြုထားတာ ဆိုရင် သူ့ရဲ့ တန်ဖိုးကလည်း အများကြီး ကျဆင်းသွားပြီလေ...'
မည်သို့ပင် ဆိုစေကာမူ ယခုအချိန်တွင် ဂိုပုရန်၏ အကြံပြုချက်ကို သူ လုံးဝ လက်ခံမည် မဟုတ်ပေ။ ကျန်းချဲ့၏ လက်ထဲတွင် မွေးရာပါ ဝိညာဉ်စွမ်းအင်၏ သတင်း ရှိနေသေးသည်။ ၎င်းမှာ သူ အလေးထားဆုံး အရာပင် ဖြစ်သည်။
ခရိုင်ဝန်ကျောက်မင်ချန်က သူ့ကို မြို့တော်ဝန်ထံ တိုင်တန်းမည် ဆိုလျှင်တောင်မှ... သူက ကျန်းချဲ့ကို အရင်ဆုံး အကာအကွယ် ပေးထားရမည် ဖြစ်သည်။ ဤအချိန် အတောအတွင်းတွင် မွေးရာပါ ဝိညာဉ်စွမ်းအင် သတင်းကို အတည်ပြုရမည် ဖြစ်သည်။
အကယ်၍ ကျန်းချဲ့၏ ခန္ဓာကိုယ်တွင် တကယ်သာ ထူးဆန်းသော ရတနာ ရှိနေပါက... သူ ကိုယ်တိုင် လုယူမည် ဖြစ်သည်။
ခရိုင်ရုံးတော်က သူ့ကို အပြစ်ပေးလာမည် ဆိုလျှင်တော့... သေချာပေါက် ကျန်းချဲ့ကို ခေါင်းခံခိုင်းရမည်သာ ဖြစ်ပေသည်။
"ငါ အရင် စဉ်းစားကြည့်ဦးမယ်…”