အခန်း ၆၈
Vol. 7 Ch. 68
အခန်း (၆၈) သွေးကြောပွင့် အဆင့်သို့ တက်လှမ်းခြင်း
"တပ်မှူး... ခိုင်းထားတဲ့ ကိစ္စတွေ အားလုံး စီစဉ်ပြီးပါပြီ..."
စစ်စခန်းသို့ ပြန်ရောက်သည်နှင့် တစ်ပြိုင်နက် တန်ယန်က ဝမ်းသာအားရဖြင့် ဆီးကြိုလာပြီး လက်ထဲတွင် ယခုလေးတင် ရေးဆွဲထားသော ပုံတူပန်းချီကား တစ်ချပ်ကို ကျန်းချဲ့ထံ ကမ်းပေးလိုက်ပေသည်။ ပုံတူထဲမှ လူငယ်လေးကို သေချာ ကြည့်ရှုပြီးနောက် ကျန်းချဲ့က ကျေနပ်သည့် အနေဖြင့် ခေါင်းကို အနည်းငယ် ညိတ်ပြလိုက်ပေသည်။
ခိုယွမ်ရှန်းက ရန်သူများ လာရောက် ကလဲ့စားချေမည်ကို ကာကွယ်ရန်အတွက် သူ၏ သားဖြစ်သူကို အမြဲတမ်း ပုန်းကွယ်နေစေပြီး လူမြင်ကွင်းသို့ ထွက်ခွင့် မပေးသလောက်ပင် ဖြစ်သည်။ ထို့ကြောင့် ခိုချင်း၏ ရုပ်ရည်ကို သိရှိသူမှာ လက်ချိုးရေတွက်၍ ရလောက်အောင်ပင် နည်းပါးလှပေသည်။ ဒါကြောင့်လည်း ရေကြောင်းကုန်သွယ်ရေးဂိုဏ်း ပျက်စီးသွားချိန်တွင် ကျန်းချဲ့က မြို့တစ်ခုလုံးကို ရှာဖွေခဲ့သော်လည်း တစ်ဖက်လူ၏ သဲလွန်စကို လုံးဝ မတွေ့ခဲ့ရခြင်း ဖြစ်သည်။
ဤကိစ္စကို သဘောပေါက်သွားပြီးနောက် ကျန်းချဲ့က အသေးစိတ် အချက်အလက်များမှ စတင်ရန် လူလွှတ်လိုက်ပြီး ယခင်က ခိုယွမ်ရှန်းထံတွင် အလုပ်လုပ်ခဲ့ဖူးသော အစေခံ အများအပြားကို ရှာဖွေကာ သူတို့၏ ပါးစပ်မှတစ်ဆင့် ခိုချင်း၏ ရုပ်ရည်သွင်ပြင်ကို တစ်စချင်းစီ ပုံဖော်စေခဲ့သည်။ သဲလွန်စ ရှိလာပြီ ဆိုမှတော့ ကိစ္စများကလည်း အစဖော်၍ ရလာပြီ ဖြစ်ပေသည်။
"ကောင်းတယ်... ဒီပုံတူကို အချပ်တစ်ရာလောက် ကူးဆွဲပြီး မြို့အနှံ့ ဖြန့်လိုက်... ဆုကြေးငွေကိုလည်း တိုးပေးပြီး မြို့သူမြို့သား အကုန်လုံးကို လိုက်ရှာခိုင်းလိုက်... သဲလွန်စလေး တွေ့ရင်တောင် ဆုကြေး အကြီးကြီး ပေးမယ်..."
"အကယ်လို့ သိလျက်နဲ့ သတင်းမပို့တဲ့သူ ဒါမှမဟုတ် ဓားပြတွေကို ဖွက်ထားတဲ့သူ ရှိရင် ဆွေစဉ်မျိုးဆက် အကုန် သတ်ပစ်မယ်... ကြီးကြီးငယ်ငယ် တစ်ယောက်မှ အလွတ်မပေးဘူး..."
ကျန်းချဲ့က လေးနက်သော အသံဖြင့် အမိန့်ပေးလိုက်ပေသည်။
"ငယ်သား နာခံပါ့မယ်..."
တန်ယန်က ခေါင်းငုံ့ကာ အရိုအသေပေးလိုက်ပေသည်။
တန်ယန်ကို အမိန့်ပေးပြီးနောက် ကျန်းချဲ့က ဟေးစန်း ချိုင့်ဝှမ်းဆီသို့ တိုက်ရိုက် ထွက်ခွာသွားတော့သည်။ အစိမ်းရောင်မိစ္ဆာ ခန္ဓာကိုယ်သန့်စင်ခြင်း ကျင့်စဉ်ကို အဆင့်ငယ်အထိ လေ့ကျင့်နိုင်ခြင်းက သူ့ကို သွေးကြောပွင့် အဆင့်သို့ တက်လှမ်းရန် လုံလောက်စေပေသည်။ ထိုအဆင့်သို့ ရောက်ရှိသွားပါက သူက တကယ့်ကို ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း ရှိသွားမည် ဖြစ်သည်။ ဓားသိုင်းနှင့် လက်သီးသိုင်းများက သာမန်သာ ဖြစ်နေလျှင်တောင်မှ...
သူ၏ သိုင်းအဆင့်က ဤနေရာတွင် ရှိနေပြီ မဟုတ်ပါလော။
မွေးရာပါ အဆင့် သိုင်းပညာရှင်များ မထွက်ပေါ်လာသရွေ့... ယန်ဂူခရိုင် အတွင်း မည်သူနှင့် ရင်ဆိုင်ရပါစေ သူက ဆုတ်ခွာနိုင်မည့် အခွင့်အရေး ရှိနေပေသည်။ ထိုသို့ဆိုမှသာ သူ့တွင် တပ်မှူးချုပ်ကျူးနှင့် ရင်ဆိုင် ယှဉ်ပြိုင်နိုင်မည့် အရင်းအနှီး အစစ်အမှန် ရှိလာမည် ဖြစ်သည်။
ယခင် ယင်ရှာ မိစ္ဆာစွမ်းအင် ကိန်းအောင်းနေသည့် ဂူထဲတွင်ပင် ဖြစ်ပေသည်။
ကျန်းချဲ့က တင်ပျဉ်ခွေ ထိုင်ချလိုက်ပြီး မျက်လုံးများကို မှိတ်လိုက်ပေသည်။ ကောင်းကင်ယဇ်ပလ္လင်ကျောက်တိုင် နေရာလွတ် အတွင်းတွင် ယဇ်ပူဇော်စရာ ပစ္စည်းများ ဖြစ်ကြသော ချီချင်းသဲ၊ ရွှယ်ဟူပန်း၊ ကျောက်စိမ်းအရိုးရေ စသည့် ပစ္စည်းများကို အစီအရီ ထားရှိထားပေသည်။
[ယဇ်ပူဇော်မည့် ရည်မှန်းချက် - အစိမ်းရောင်မိစ္ဆာ ခန္ဓာကိုယ်သန့်စင်ခြင်း ကျင့်စဉ် အဆင့်ငယ်]
[ယဇ်ပူဇော်မည့် တန်ဖိုး - ယင်ရှာ မိစ္ဆာစွမ်းအင် အမျှင် တစ်ရာ ချီချင်းသဲ တစ်ကျင်း ရွှယ်ဟူပန်း တစ်ပွင့် ကျောက်စိမ်းအရိုးရေ တစ်အောင်စ သက်တမ်း တစ်နှစ် လျော့ကျမည်... ပူဇော်မည်လား]
ကျန်းချဲ့က စိတ်ထဲမှ အမိန့်ပေးလိုက်ပေသည်။
[ပူဇော်မည်]
အနီရောင် အလင်းတန်းများ တောက်ပလာမှုနှင့်အတူ နဂါးတစ်ကောင်ကဲ့သို့ ယဇ်ပူဇော်စရာ ပစ္စည်းများကို ရစ်ပတ်သွားခဲ့သည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် ချထားသော ယဇ်ပူဇော်စရာ ပစ္စည်းများ အားလုံး အလင်းတန်း၏ မျိုချမှုကို ခံလိုက်ရပြီး လုံးဝ ပျောက်ကွယ်သွားတော့သည်။ ထို့နောက် အလင်းတန်းက တွင်းနက်ကြီး တစ်ခုကဲ့သို့ ပြောင်းလဲသွားပြီး ဂူတစ်ခုလုံးတွင် ကြီးမားသော ပြောင်းလဲမှုများ ဖြစ်ပေါ်လာတော့သည်။
"ဝုန်း..."
မြေကြီးက တုန်ခါသွားပြီး မိစ္ဆာစွမ်းအင်များ ထွက်ပေါ်လာခဲ့ပေသည်။ ယင်ရှာ မိစ္ဆာစွမ်းအင် အမျှင်များက မိစ္ဆာစွမ်းအင် အရင်းအမြစ်ထဲမှ အဆက်မပြတ် ထွက်ပေါ်လာပြီး တွင်းနက်ကြီးဆီသို့ စုစည်းသွားကြပေသည်။
ယခု မိစ္ဆာစွမ်းအင် အမျှင် တစ်ရာ အပြင် ယခင်က ယဇ်ပူဇော်ခဲ့သည့် အကြိမ်များကိုပါ ပေါင်းလိုက်မည် ဆိုပါက ကျန်းချဲ့က ဤနေရာရှိ ယင်ရှာ မိစ္ဆာစွမ်းအင်များကို လုံးဝ စုပ်ယူ အခြောက်ခံလိုက်ခြင်းပင် ဖြစ်သည်။ အေးစက်သော စွမ်းအင်များကလည်း တဖြည်းဖြည်း လျော့ကျသွားခဲ့ပေသည်။
စက္ကန့်အနည်းငယ် အကြာတွင် မိစ္ဆာစွမ်းအင် အမျှင် တစ်ရာစလုံး လုံးဝ မျိုချခံလိုက်ရပေသည်။
ဂူထဲတွင်လည်း မျက်စိဖြင့် မမြင်နိုင်သော ပြောင်းလဲမှုများ ဖြစ်ပေါ်သွားခဲ့သည်။ အချိန်သိပ်မကြာမီ ကျန်ရှိနေသော မိစ္ဆာစွမ်းအင် အမျှင် အနည်းငယ်ပါ ပျောက်ကွယ်သွားသည်နှင့် ဤနေရာက လုံးဝ ပုံမှန် အခြေအနေသို့ ပြန်လည် ရောက်ရှိသွားမည် ဖြစ်သည်။ သေချာသည်မှာ အလွန် ရှည်လျားသော အချိန်ကာလများ ကြာပြီးနောက် မိစ္ဆာစွမ်းအင်များ ပြန်လည် စုဆောင်းမိလာနိုင်ပေသည်။
ထို့နောက် ကြီးမားသော သက်စောင့်စွမ်းအင် တစ်ခုက ခန္ဓာကိုယ်ထဲမှ အတင်းအကျပ် စုပ်ယူခံလိုက်ရပြီး ကျန်းချဲ့၏ နဖူးမှ ဆံပင် တစ်မျှင်က ပိုမို ဖြူဝပ်သွားခဲ့ပေသည်။ သက်တမ်း တစ်နှစ်မှာ ကောင်းကင်ယဇ်ပလ္လင်ကျောက်တိုင်၏ သိမ်းယူခြင်းကို ထပ်မံ ခံလိုက်ရပြန်ပေသည်။
နားထဲတွင် အစိမ်းရောင်မိစ္ဆာ ခန္ဓာကိုယ်သန့်စင်ခြင်း ကျင့်စဉ် ရွတ်ဖတ်သံများ ထပ်မံ ထွက်ပေါ်လာခဲ့ပေသည်။ သို့သော် ဤတစ်ကြိမ်တွင်မူ ယခင်ကကဲ့သို့ နားထဲတွင် အဆက်မပြတ် လှည့်ပတ်နေခြင်းမျိုး မဟုတ်ပေ။
ကျမ်းစာ ရွတ်ဖတ်သံများ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ကောင်းကင်နှင့် မြေကြီးကပါ ကြီးမားသော အပြောင်းအလဲများ ဖြစ်ပေါ်သွားခဲ့သည်။ ကမ္ဘာလောက တစ်ခုလုံးက အလင်းရောင် တစ်စက်မျှ မမြင်ရအောင် အမိုက်မှောင်ထဲသို့ ချက်ချင်း ကျဆင်းသွားသကဲ့သို့ မည်းမှောင်သွားခဲ့သည်။ အချိန်အနည်းငယ် ကြာပြီးမှသာ ကောင်းကင်နှင့် မြေကြီး ကြားတွင် အက်ကွဲကြောင်း တစ်ခု ထွက်ပေါ်လာပြီး အမောင်ထုကို ခွဲထုတ်လိုက်ပေသည်။
အစိမ်းရောင် အလင်းတန်းများက ကျန်းချဲ့၏ ခန္ဓာကိုယ်ပေါ်သို့ ဖြာကျလာခဲ့ပေသည်။
ခေါင်းမော့ ကြည့်လိုက်ရာ ရှေးဟောင်း တရုတ်စာလုံး ကျမ်းစာများက ဆွဲငင်ခံရသကဲ့သို့ သူ၏ ခန္ဓာကိုယ်ထဲသို့ ရူးသွပ်စွာ တိုးဝင်လာနေသည်ကို မြင်တွေ့လိုက်ရပေသည်။
ထိုအချိန်မှာပင် အလင်းတန်းများ၏ ဖုံးလွှမ်းမှုနှင့်အတူ ကျန်းချဲ့က သူ၏ ခန္ဓာကိုယ်တွင် အပြောင်းအလဲများ ဖြစ်ပေါ်နေကြောင်း ခံစားလိုက်ရပေသည်။
အလင်းတန်းများက သူ၏ အရိုးများနှင့် ကြွက်သားများကို သန့်စင်ပေးနေပေသည်။
တစ်ကြိမ်... နှစ်ကြိမ်... သုံးကြိမ်...
ဆယ်ကြိမ်... အကြိမ်တစ်ရာ... အကြိမ်တစ်ထောင်...
အချိန်မည်မျှ ကုန်ဆုံးသွားသည်ကို ကျန်းချဲ့ မသိရှိတော့ပေ။ သူ သိသည်မှာ ကိုယ်တွင်းမှ အပြင်ဘက်အထိ အရိုးများမှသည် ခန္ဓာကိုယ် တစ်ခုလုံးအထိ အစိမ်းရောင် အလင်းတန်းများ၏ နာကျင်စွာ သန့်စင်ပေးမှုကို ခံစားနေရသည် ဆိုခြင်းသာ ဖြစ်ပေသည်။
အမိုက်မှောင် ကမ္ဘာ၏ အပြင်ဘက် ဂူထဲတွင် တင်ပျဉ်ခွေ ထိုင်နေသော ကျန်းချဲ့၏ အဝတ်အစားများ အားလုံးမှာ စုတ်ပြဲသွားခဲ့ပြီး အစိမ်းရောင် အလင်းတန်းများက သူ၏ တစ်ကိုယ်လုံးကို အရောင်ဆိုးထားသကဲ့သို့ ဖြစ်နေပေသည်။ အဝေးမှ ကြည့်မည် ဆိုပါက ကြေးစိမ်းရုပ်တု တစ်ခုနှင့်ပင် တူနေပေသည်။
တစ်ချိန်တည်းမှာပင် ကျန်းချဲ့ ခန္ဓာကိုယ်တွင်းရှိ အတွင်းအားများကလည်း လျင်မြန်စွာ မြင့်တက်လာခဲ့ပေသည်။
အစိမ်းရောင်မိစ္ဆာ ခန္ဓာကိုယ်သန့်စင်ခြင်း ကျင့်စဉ် အပေါ် နားလည်သဘောပေါက်မှုက အဆက်မပြတ် နက်ရှိုင်းလာပြီး တိုးပွားလာသော စွမ်းအားများကိုလည်း တဖြည်းဖြည်း ကျွမ်းကျင်လာခဲ့ပေသည်။
အတွင်းအားများဖြင့် အရိုးများကို သန့်စင်ခြင်းက အမြင့်ဆုံး အမှတ်သို့ ရောက်ရှိသွားပြီး အကြိမ်ရေ မည်မျှ ရှိမည်ကို လုံးဝ မသိနိုင်တော့သော အချိန်တွင်... ကျန်းချဲ့ ခန္ဓာကိုယ်တွင်းမှ အားကောင်းသော အတွင်းအားများက သွေးကြောပိတ်ဆို့နေသော နေရာတစ်ခုကို ချက်ချင်း ထိုးဖောက်သွားခဲ့တော့သည်။
ဤသည်ကပင် သူ သွေးကြောပွင့် အဆင့်သို့ တက်လှမ်းသွားပြီ ဖြစ်ကြောင်း တရားဝင် ကြေညာလိုက်ခြင်းပင် ဖြစ်ပေသည်။
လမ်းစဉ်တည်ဆောက်ခြင်း အဆင့်၏ အသေးစိတ် အချက်အလက်များနှင့် ပတ်သက်၍ ယခင်က လျိုကျစ်ကို ကျန်းချဲ့ မေးမြန်းခဲ့ဖူးပေသည်။ လျိုကျစ် အများဆုံး ပြောခဲ့သည်မှာ အရိုးသန့်စင်ခြင်း အဆင့်နှင့် သွေးကြောပွင့် အဆင့်များ အကြောင်းပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အရိုးသန့်စင်ခြင်း အဆင့်တွင် အကြိမ်တစ်ထောင်ကျော် သန့်စင်ရန် လိုအပ်သောကြောင့်ပင်။
သွေးကြောပွင့် အဆင့်တွင်မူ အဓိက သွေးကြောကြီး ရှစ်ခုကို ဖွင့်ပေးရန် လိုအပ်ပေသည်။ ထိုသို့ဆိုမှသာ ခန္ဓာကိုယ်တွင်းရှိ အတွင်းအားများက နေရာအနှံ့သို့ အတားအဆီး မရှိ စီးဆင်းနိုင်ပြီး တစ်ကိုယ်လုံးသို့ အမှန်တကယ် ပျံ့နှံ့ရောက်ရှိသွားမည် ဖြစ်သည်။ ဤအရာအတွက်လည်း အချိန်နှင့် သယံဇာတ ပစ္စည်းများ အများအပြား စုဆောင်းရန် လိုအပ်ပေသည်။
ယခုအခါ ကျန်းချဲ့က ယဇ်ပူဇော်ခြင်းမှတစ်ဆင့် သွေးကြော တစ်ခုကို အတင်းအကျပ် ထိုးဖောက် ဖွင့်လှစ်လိုက်ခြင်း ဖြစ်ပြီး သွေးကြောပွင့် အဆင့်သို့ စတင် ဝင်ရောက်ကာစသာ ရှိသေးသည်ဟု ဆိုနိုင်ပေသည်။ သို့သော် ထိုသို့ဖြစ်လင့်ကစား သူ့ကို အလွန် ကြီးမားသော စွမ်းအားများကို ယူဆောင်ပေးလာခဲ့ပေသည်။
ယခင် တစ်ကြိမ်က ကျန်းချဲ့ ထိုးနှက်ခဲ့သည်မှာ ဘေးရှိ ကျောက်တုံး ဖြစ်သော်လည်း ဤတစ်ကြိမ်တွင်မူ အားယူကာ နောက်ဘက်ရှိ ကျောက်နံရံကြီးကို လက်ဝါးဖြင့် ရိုက်ချလိုက်ပေသည်။
"ဘန်း..."
ကျန်းချဲ့၏ လက်ဝါး ကျရောက်သွားသော နေရာကို ဗဟိုပြု၍ ပတ်ပတ်လည် ပေအတော်များများ အထိ ပင့်ကူအိမ်ကဲ့သို့ အက်ကွဲကြောင်းများ ပြည့်နှက်သွားသည်ကို ရှင်းလင်းစွာ မြင်တွေ့နိုင်ပေသည်။
လက်ကို ခပ်ဖွဖွ ဝှေ့ယမ်းလိုက်ရာ အစိမ်းရောင် လေစီးကြောင်း တစ်ခုက ခန္ဓာကိုယ် အပြင်ဘက်သို့ ထွက်ပေါ်သွားခဲ့ပေသည်။
အတွင်းအား အပြင်ထုတ်ခြင်း...
စွမ်းအားက နှစ်ဆ တိုးလာခဲ့ပေသည်။ အရိုးသန့်စင်ခြင်း အဆင့်သို့ စတင် ဝင်ရောက်ချိန်နှင့် နှိုင်းယှဉ်ပါက အဆပေါင်းများစွာ တိုးတက်လာသည်ဟု ဆိုနိုင်ပေသည်။
ဂူ၏ နေရာအနှံ့ကို ဝေ့ကြည့်လိုက်ပြီးနောက် ကျန်းချဲ့က သက်ပြင်းတစ်ချက် ချလိုက်မိပေသည်။ အကြိမ်ပေါင်းများစွာ ယဇ်ပူဇော်ပြီးနောက် ဤ ယင်ရှာ မိစ္ဆာစွမ်းအင် ကိန်းအောင်းရာ နေရာမှာ အကြမ်းဖျင်း ပျက်စီးသွားပြီ ဖြစ်ပြီး နောက်တစ်ကြိမ် ယဇ်ပူဇော်ရန် အထောက်အကူ ပေးနိုင်မည် မဟုတ်တော့ပေ။ အစိမ်းရောင်မိစ္ဆာ ခန္ဓာကိုယ်သန့်စင်ခြင်း ကျင့်စဉ်ကို အဆင့်ကြီးအထိ အမှန်တကယ် ရောက်ရှိလိုပါက... နောက်ထပ် ယင်ရှာ မိစ္ဆာစွမ်းအင် ရှိသော နေရာတစ်ခုကို ထပ်မံ ရှာဖွေရမည် ဖြစ်ပေသည်။
သို့သော် အနည်းဆုံးတော့ ယခု သတ်မှတ်ထားသော ပစ်မှတ်ကို အောင်မြင်သွားပြီ ဖြစ်သည်။
ယခု လက်ရှိ စွမ်းအားဖြင့် ဆိုလျှင် တပ်မှူးချုပ်ကျူးကို မယှဉ်နိုင်သေးလျှင်တောင်မှ... တစ်ဖက်လူ အနေဖြင့် သူ့ကို အလွယ်တကူ ဖမ်းဆီးရန် လုံးဝ မဖြစ်နိုင်တော့ပေ။
"ဒီကျန်းချဲ့ ဆိုတဲ့ ကောင်ကို ဆက်အသက်ရှင်ခွင့် ပေးထားလို့ မဖြစ်တော့ဘူး..."
ယန်ဂူခရိုင် အတွင်းရှိ အိမ်တော်တစ်ခု အတွင်းတွင် ဝေါ့ဟူတောင်၏ တတိယ ခေါင်းဆောင် ဟော့ရှောက်စန်းက လက်ထဲရှိ ခိုချင်း၏ ပုံတူကို ကိုင်ကာ လေးနက်သော အသံဖြင့် ပြောလိုက်ပေသည်။
"ဒီကောင်လေးက ခိုချင်းရဲ့ သဲလွန်စကို ဒီလောက် အလောတကြီး လိုက်ရှာနေတာ ဆိုတော့... ခိုယွမ်ရှန်း လက်ထဲမှာ မွေးရာပါ ဝိညာဉ်စွမ်းအင် ရှိတယ် ဆိုတဲ့ သတင်းကို သူ သိသွားလောက်ပြီ..."
ဆရာလျန်ကလည်း ဟော့ရှောက်စန်း၏ အကြံအစည်ကို ထောက်ခံလိုက်ပေသည်။ ယခင်က စောင့်ကြည့်၍ ရသေးသော်လည်း ယခုအခါ လုံးဝ မရတော့ပေ။
အဘယ်ကြောင့်ဆိုသော် မွေးရာပါ ဝိညာဉ်စွမ်းအင် သတင်းသာ ပြန့်နှံ့သွားပါက ယန်ဂူခရိုင်တွင် ကြီးမားသော တုန်လှုပ်မှုကြီး ဖြစ်ပေါ်လာမည် ဖြစ်ပြီး ဝေါ့ဟူတောင် အနေဖြင့် ထိုစွမ်းအင်ကို ရရှိရန်အတွက် ကြီးမားသော တန်ဖိုးများကို ပေးဆပ်ရတော့မည် ဖြစ်သောကြောင့်ပင်။
"အခုဆို တပ်မှူးချုပ်ကျူး တောင် သတင်းရသွားလောက်ပြီလို့ ငါ စိုးရိမ်တယ်..."
ဆရာလျန်က ဆက်ပြောလိုက်ပေသည်။
"ဘာပဲဖြစ်ဖြစ်... ဒီကောင်လေးကို အရင်ဖမ်းပြီးမှ သေချာ စစ်မေးကြတာပေါ့..."
"ဒီလောက် အလျင်စလို လုပ်စရာ မလိုပါဘူး... ငါ့ဆီမှာ အကြံတစ်ခု ရှိတယ်... ကျန်းချဲ့ ကိုယ့်သဘောနဲ့ကိုယ် ထောင်ချောက်ထဲ ဝင်လာအောင် လုပ်ပြီး... သူ့ကို မြို့ပြင်ရောက်အောင် လှည့်စား ခေါ်ထုတ်သွားလို့ ရတယ်..."
ဆရာလျန်၏ မျက်လုံးများထဲတွင် အလင်းရောင် အချို့ တောက်ပသွားခဲ့ပေသည်။