← Chapters

အခန်း ၆၉

Vol. 7 Ch. 69

အခန်း ၆၉

Vol. 7 Ch. 69

အခန်း (၆၉) အရာအားလုံးကို အကြမ်းဖျင်း ရှင်းလင်းခြင်း

"ဆရာ့ဆီမှာ ဘယ်လို အကြံအစည်များ ရှိလို့လဲ..."

ဟော့ရှောက်စန်းက ဂိုဏ်း၏ အကြံပေးဆီသို့ အကြည့်လွှဲကာ စပ်စုချင်သည့် မျက်လုံးများဖြင့် မေးလိုက်ပေသည်။

တကယ်တမ်းတွင် သူ ကိုယ်တိုင်လည်း ကျန်းချဲ့ကို အမြဲတမ်း စောင့်ကြည့်နေခဲ့ခြင်း ဖြစ်ပေသည်။ ခရိုင်ဝန်ကျောက်မင်ချန်က လူလွှတ်ကာ သတင်းပို့ထားပြီး ဖြစ်သည်။ ခိုယွမ်ရှန်းကို ကျန်းချဲ့က တခြားနေရာသို့ လျှို့ဝှက်စွာ ပြောင်းရွှေ့ထားပြီး ဖြစ်ကာ ယခု စစ်စခန်း အချုပ်ခန်းထဲတွင် ဆုန့်ကျိ တစ်ယောက်တည်းသာ ရှိတော့ကြောင်း သူ သိထားပေသည်။

ထို့အပြင် တပ်မှူးချုပ်ကျူးက ကာကွယ်ပေးထားသဖြင့် ကျန်းချဲ့ကို ရာထူးမှ ဖြုတ်ချ၍ မရပေ။

ထို့ကြောင့် ယခု လတ်တလော ဖြေရှင်းနည်းမှာ ကျန်းချဲ့ကို အမြန်ဆုံး ရှင်းလင်းပစ်ရန်သာ ဖြစ်ပေသည်။ မွေးရာပါ ဝိညာဉ်စွမ်းအင် သတင်း ပြန့်နှံ့သွားမည်ကို ကာကွယ်ရန် ဖြစ်ပြီး ဤကိစ္စက ဝေါ့ဟူတောင် ကြီးပွားတိုးတက်ရေး အစီအစဉ်အတွက် အလွန် အရေးကြီးသဖြင့် လုံးဝ အမှားခံ၍ မရပေ။

မွေးရာပါ အဆင့် သိုင်းပညာရှင် တစ်ယောက်မှ မရှိပါက ဝေါ့ဟူတောင်လို သာမန် ဓားပြဂိုဏ်းလေး တစ်ခုကို အထက်လူကြီးများက လုံးဝ အလေးထားမည် မဟုတ်ပေ။

"ကျန်းချဲ့က ခိုချင်းကို မြို့အနှံ့ ရှာနေတယ်... ပြီးတော့ ဘယ်လောက်ပဲ ကုန်ကျကုန်ကျ ဂရုမစိုက်ဘူး ဆိုတာက... ခိုယွမ်ရှန်း လက်ထဲမှာ မွေးရာပါ ဝိညာဉ်စွမ်းအင် ရှိတယ် ဆိုတဲ့ လျှို့ဝှက်ချက်ကို သူ တခြားလမ်းကြောင်းကနေ သိသွားပြီ ဆိုတာ သေချာတယ်..."

"ဒါပေမဲ့ တပ်မှူးချုပ်ကျူး သိ၊ မသိ ဆိုတာကတော့ မသေချာသေးဘူး... ဒါကြောင့် ကျန်းချဲ့ သေကိုသေရမယ်... ဒါက အခြေခံ အချက်ပဲ... ဒီလူအကြောင်းကို ငါ သေချာ စုံစမ်းထားပြီးပြီ... အပြင်ပန်း ကြည့်ရင် ဘာကိုမှ ဂရုမစိုက်ဘဲ အရူးတစ်ယောက်လို ပြုမူနေပေမဲ့ သူ့ရဲ့ နေ့စဉ် အချိန်ဇယားတွေကို အရမ်း တင်းကျပ်ပြီး လျှို့ဝှက်စွာ စီစဉ်ထားတယ်... ဒါကြောင့် သူ့ကို မသိမသာ ရှင်းလင်းဖို့ ဆိုတာ အရမ်း ခက်ခဲလိမ့်မယ်... ဂယက်မရိုက်သွားအောင် သူ့ကို မြို့ပြင်ကို လှည့်စား ခေါ်ထုတ်သွားမှ ရလိမ့်မယ်..."

ဆရာလျန်က မုတ်ဆိတ်မွေးများကို ခပ်ဖွဖွ သပ်ရင်း ဉာဏ်ကြီးရှင် တစ်ယောက်ကဲ့သို့ ဟန်ဆောင်ကာ ပြောလိုက်ပေသည်။

သို့သော် ဟော့ရှောက်စန်းကမူ စိတ်ပျက်သည့် မျက်နှာထားဖြင့် ကြည့်နေပေသည်။

အကုန်လုံးက အလကား စကားတွေချည်းပဲ... ငါ သိချင်တာက မင်းဆီမှာ ဘယ်လို အကြံအစည် ရှိလဲ ဆိုတာပဲ... အခြေအနေတွေကို ပြန်ပြောပြနေဖို့ မလိုဘူးလေ...

ရင်ထဲတွင် ကျိန်ဆဲချင်စိတ်များကို မြိုသိပ်ထားလိုက်ပြီး တစ်ဖက်လူ၏ စကားကို ဖြတ်ကာ တိုက်ရိုက် မေးလိုက်ပေသည်။

"ဆရာ့ဆီမှာ ဘယ်လို အကြံအစည် ရှိလို့လဲ..."

"အကျိုးအမြတ်နဲ့ မြှူဆွယ်မယ်လေ..."

"ဆရာ့ အဓိပ္ပာယ်က..."

ဟော့ရှောက်စန်းက မျက်မှောင် အနည်းငယ် ကြုတ်သွားပြီး တစ်ဖက်လူ၏ ရည်ရွယ်ချက်ကို အကြမ်းဖျင်း ခန့်မှန်းမိသွားခဲ့ပေသည်။

"ဟုတ်တယ်... ခိုချင်းကို ငါးစာ အနေနဲ့ သုံးပြီး... ကျန်းချဲ့ ဆိုတဲ့ ငါးကြီးကို မျှားမယ်... သူက ခိုချင်းကို အရမ်း ရှာချင်နေတာ မဟုတ်လား... ငါတို့က သူ့ကို အခွင့်အရေး ပေးလိုက်တာပေါ့..."

"ဒီကိစ္စက မသင့်တော်ပါဘူး... ခိုချင်း ငါတို့ လက်ထဲမှာ ရှိနေသေးသရွေ့... ခိုယွမ်ရှန်းကို ချုပ်ကိုင်ထားလို့ ရသေးတယ်... အကယ်လို့ ဒီကိစ္စ တစ်ခုခု လွဲချော်သွားရင်... ငါ ဘယ်လိုလုပ်ပြီး ဂိုဏ်းချုပ်ကြီးကို ရှင်းပြနိုင်တော့မှာလဲ..."

ဟော့ရှောက်စန်းက ဤမျှ အန္တရာယ်များသော အစီအစဉ်ကို သဘောမတူပေ။

"ကျန်းချဲ့က မွေးရာပါ ဝိညာဉ်စွမ်းအင် သတင်းကို သိသွားပြီ ဆိုမှတော့... ခိုယွမ်ရှန်း ဆီကနေ သတင်းရအောင် လုပ်နိုင်မယ့် နည်းလမ်း ရှိမှာပဲ... အခုချိန်မှာ ခိုချင်းကို ဆက်ထားလည်း ထင်သလောက် အသုံးဝင်တော့မှာ မဟုတ်ဘူး... ပြီးတော့ ငါးစာ အလုံအလောက် မရှိဘဲနဲ့... ကျန်းချဲ့က ဘယ်လိုလုပ်ပြီး ငါးမျှားချိတ်ကို ဟပ်မှာလဲ..."

"ကျန်းချဲ့က သံသယ ကြီးတယ်လို့ မင်းပဲ ပြောခဲ့တာလေ... ဒီလို ရုတ်တရက်ကြီး ဖြစ်လာရင် သူ သံသယ မဝင်နိုင်ဘူးလား..."

"ဒါက ငါ လိုချင်တဲ့ အချက်ပဲ..."

"ဟင်..."

ဟော့ရှောက်စန်း၏ မျက်နှာပေါ်တွင် နားမလည်နိုင်သော အရိပ်အယောင်များ ပေါ်ထွက်လာခဲ့ပေသည်။

"အကယ်လို့ ကျန်းချဲ့က ထောင်ချောက်ထဲ ဝင်လာပြီး တစ်ယောက်တည်း မြို့ပြင်ကို ထွက်လာတယ် ဆိုရင်... မွေးရာပါ ဝိညာဉ်စွမ်းအင် သတင်းကို တပ်မှူးချုပ်ကျူးက မသိသေးဘူးလို့ ဆိုလိုတာပဲ... အကယ်လို့ တပ်မှူးချုပ်ကျူးပါ အတူတူ လိုက်လာမယ် ဆိုရင်တော့... ငါတို့ရဲ့ အစီအစဉ်တွေကို ပြောင်းလဲရတော့မှာပေါ့... ငါ့ရဲ့ ရည်ရွယ်ချက်က အခြေအနေကို စမ်းသပ်ဖို့ပဲ..."

"ဒါက..."

"အရင်ဆုံး ခရိုင်ဝန်ကျောက်ကို သတင်းပေးလိုက်... တပ်မှူးချုပ်ကျူးကို သေချာ စောင့်ကြည့်နေခိုင်းလိုက်... သူ တစ်ခုခု ထူးထူးခြားခြား လှုပ်ရှားတာ ရှိရင် ချက်ချင်း ဂိုဏ်းချုပ်ကြီးကို တောင်ပေါ်က ဆင်းလာပြီး... ယန်ဂူခရိုင် အချုပ်ခန်းကို အတင်း ဝင်တိုက်ပြီး ခိုယွမ်ရှန်းကို ချက်ချင်း ပြန်ကယ်လာခိုင်းရမယ်..."

"အကယ်လို့ ဘာမှ မထူးခြားဘူး ဆိုရင်တော့... ကျန်းချဲ့ကို သတ်ပြီးတာနဲ့ ငါတို့ရဲ့ မူလ အစီအစဉ်အတိုင်း ဆက်လုပ်လို့ ရပြီ... အချုပ်ပြောရရင်တော့ ငါတို့ဘက်က အသာစီး ရနေတယ်..."

ဆရာလျန်က သူ၏ အစီအစဉ်များကို ရှင်းပြလိုက်ပေသည်။

"ငါက ခိုချင်းကို တစ်ခုခု ဖြစ်သွားမှာ စိုးရိမ်နေတုန်းပဲ..."

ဟော့ရှောက်စန်းက သံသယ ဝင်နေဆဲပင် ဖြစ်သည်။ ယခင်က သူ ကိုယ်တိုင် သွားရောက် တိုက်ခိုက်ရန် စဉ်းစားခဲ့စဉ်က ရမ်းကားပုံ ပေါက်နေသော်လည်း ဤကိစ္စက ဂိုဏ်းချုပ်ကြီး မွေးရာပါ အဆင့်သို့ တက်လှမ်းမည့် အစီအစဉ်နှင့် ပတ်သက်နေသဖြင့် သူ အနည်းငယ် စိုးရိမ်နေမိသည်။ သူ၏ အမှားကြောင့် ကိစ္စများ ပျက်စီးသွားမည်ကို အလွန် ကြောက်ရွံ့နေပေသည်။

"လောလောဆယ် ဒီနည်းလမ်းပဲ ရှိတော့တယ်... ကျန်းချဲ့က ခိုချင်းကို လိုက်ရှာနေတာ ဆိုတော့ မွေးရာပါ ဝိညာဉ်စွမ်းအင် သတင်းကို သိနေပြီ ဆိုတာ သေချာတယ်... အချိန်ဆွဲလေ အန္တရာယ် များလေပဲ... အချိန် တစ်ရက် ပိုဆွဲလိုက်တိုင်း ဒီသတင်းကို သိသွားမယ့် လူတွေ ပိုများလာဖို့ အန္တရာယ် ပိုကြီးလာတယ်..."

"ပြီးတော့... ငါ လိုချင်တာက ကျန်းချဲ့ကို သံသယ ဝင်စေချင်တာပဲ... ဒါမှ ခိုယွမ်ရှန်းကို ဘယ်မှာ ဖမ်းထားလဲ ဆိုတာကို ရှာဖွေလို့ ရမှာလေ... သူ ခိုချင်းကို လိုက်ရှာနေတဲ့ အချိန်မှာ... တစ်ချိန်တည်းမှာပဲ ခိုယွမ်ရှန်းကိုလည်း ပိုပြီး လုံခြုံအောင် စောင့်ကြပ်ထားဖို့ သေချာတယ်လို့ ငါ ရဲရဲကြီး ပြောရဲတယ်... အဲဒီအချိန်ကျရင် ငါက လူခေါ်သွားပြီး အခွင့်ကောင်း ယူကာ ခိုယွမ်ရှန်းကို ဝင်ကယ်လိုက်ရုံပဲ..."

အစီအစဉ်က အားနည်းချက် ရှိနေသော်လည်း အရေးပေါ် အခြေအနေတွင် ဤသို့သာ လုပ်ဆောင်၍ ရတော့မည် ဖြစ်ပေသည်။

ဟော့ရှောက်စန်းက အချိန်အနည်းငယ် ကြာအောင် တိတ်ဆိတ်နေပြီးနောက် တွန့်ဆုတ်နေပြီးမှ မျက်လုံးများကို ဖွင့်ကာ ခေါင်းကို လေးနက်စွာ ညိတ်လိုက်ပေသည်။ ဆရာလျန်၏ အချိန်ဆွဲလေ အန္တရာယ် များလေ ဆိုသော စကားက သူ့ကို လန့်နိုးသွားစေခဲ့ပြီး ချက်ချင်းပင် ပြောလိုက်သည်။

"ကောင်းပြီ... ဒါဆိုလည်း ဒီအတိုင်းပဲ လုပ်ကြတာပေါ့..."

"ငါ အခု ချက်ချင်း သွားပြီး ပြင်ဆင်လိုက်မယ်..."

"တပ်မှူး... တပ်မှူး... သတင်းရပြီ..."

ကန်းတာပြောင်က ဝမ်းသာအားရ မျက်နှာထားဖြင့် အတွင်းခန်းထဲသို့ ပြေးဝင်လာခဲ့ပေသည်။

"ဘာသတင်းလဲ..."

ကျန်းချဲ့က ခေါင်းမော့ကာ မျက်မှောင် အနည်းငယ် ကြုတ်ပြီး မေးလိုက်ပေသည်။

"ခို... ခိုချင်းရဲ့ သတင်းပါ..."

ကန်းတာပြောင်၏ အသံများက အနည်းငယ် တုန်ယင်နေပြီး ရင်ထဲတွင် အလွန် စိတ်လှုပ်ရှားနေပေသည်။ ကျန်းချဲ့က ခိုချင်းကို ဘာကြောင့် ရှာနေမှန်း သူ မသိသော်လည်း ထိုလူ၏ အရေးပါမှုကို သူ ခံစားသိရှိနေပေသည်။ လူယုံ တစ်ယောက် အနေဖြင့် သူကိုယ်တိုင်လည်း ဤကိစ္စကို အလွန် ဂရုစိုက်နေခဲ့သည်။ သတင်းရသည်နှင့် တစ်ပြိုင်နက် အလျင်အမြန် လာရောက် သတင်းပို့ခြင်း ဖြစ်ပေသည်။

"သူ ဘယ်မှာလဲ..."

ခိုချင်း ပေါ်လာပြီ ဆိုသော သတင်းကို ကြားလိုက်ရသောအခါ ကျန်းချဲ့၏ ခန္ဓာကိုယ်က အနည်းငယ် မတ်မတ် ဖြစ်သွားပြီး လေးနက်သော မျက်နှာထားဖြင့် ကန်းတာပြောင်ကို စိုက်ကြည့်ကာ မေးလိုက်ပေသည်။

ခိုယွမ်ရှန်းကို ကျန်းချဲ့က အခြား နေရာသို့ လျှို့ဝှက်စွာ ပြောင်းရွှေ့ထားပြီး ဖြစ်ရာ သူနှင့် ရွှီဆန်းအာ နှစ်ယောက်တည်းသာ ထိုနေရာကို သိရှိကြပေသည်။ သို့သော် မည်သည့် နည်းလမ်းကို အသုံးပြုသည် ဖြစ်စေ ခိုယွမ်ရှန်းက မွေးရာပါ ဝိညာဉ်စွမ်းအင် သတင်းကို လုံးဝ မပြောပြပေ။

ထို့ကြောင့် ခိုချင်းကို ရှာတွေ့မှသာ သူ့ကို အသုံးပြုပြီး တစ်ဖက်လူကို ခြိမ်းခြောက်ကာ သတင်းရယူနိုင်မည် ဖြစ်သည်။ ဤလူ၏ အရေးပါမှုက ထင်ထားသည်ထက် ပိုမို ကြီးမားလှပေသည်။

"ယန်ဂူခရိုင်က ချိုးဖုန်း သာသနာ့အဆောက်အအုံနားမှာ ခိုချင်းကို တွေ့တယ်လို့ လူတစ်ယောက် လာသတင်းပို့ပါတယ်... အခု သူက ယွီမိသားစုရဲ့ အိမ်ဟောင်းမှာ ပုန်းနေပြီး နာမည်ကို ယွီချန်ဟိုင် လို့ ပြောင်းထားပါတယ် တဲ့..."

ကန်းတာပြောင်က သူ သိထားသမျှ အားလုံးကို ကျန်းချဲ့အား အလျင်အမြန် ပြောပြလိုက်ပေသည်။

"ကောင်းတယ်... ဒီသတင်းကို ချက်ချင်း ဖုံးကွယ်ထားလိုက်... ငါ..."

ကျန်းချဲ့က ချက်ချင်း မတ်တတ်ရပ်ကာ ကန်းတာပြောင်ကို အမိန့်ပေးရန် ပြင်လိုက်သော်လည်း စကား တစ်ဝက်တွင် ရုတ်တရက် ရပ်တန့်သွားခဲ့ပေသည်။

"တပ်မှူး..."

"ခိုချင်းရဲ့ သတင်းကို ဘယ်သူက လာပို့တာလဲ... ဒီသတင်းက သေချာရဲ့လား..."

ကျန်းချဲ့က မျက်လုံးကို မှေးကျဉ်းကာ မေးလိုက်ပေသည်။

"ချိုးဖုန်း သာသနာ့အဆောက်အအုံက အကြီးအကဲ ကိုယ်တိုင် လာပို့တာပါ... သတင်းက အမှားအယွင်း မရှိနိုင်ဘူးလို့ သူက အခိုင်အမာ ပြောပါတယ်... ပြီးတော့ ခိုချင်းကို အမြန်ဆုံး လာဖမ်းဖို့နဲ့ ဆုကြေးငွေ ရဖို့လည်း သူက တောင်းဆိုသွားပါတယ်..."

ကန်းတာပြောင်က ပြန်ဖြေလိုက်ပေသည်။

"ဒီကိစ္စမှာ ထောင်ချောက်တစ်ခုခု ရှိနေနိုင်တယ်လို့ မင်း မထင်ဘူးလား..."

ကျန်းချဲ့က ရုတ်တရက် ပြန်မေးလိုက်ပေသည်။

သူ၏ မွေးရာပါ သံသယ ကြီးမားမှုက ယခုလေးတင် တစ်ခုခုကို စဉ်းစားမိသွားစေခဲ့သည်။ ခိုချင်း၏ ပုံတူများကို မြို့အနှံ့ ဖြန့်ဝေခိုင်းလိုက်သည်မှာ မကြာသေးမီကမှ ဖြစ်ပြီး ယနေ့မှာပင် တစ်ဖက်လူ၏ သဲလွန်စကို ရှာတွေ့သည် ဆိုသည်မှာ... အလွန် တိုက်ဆိုင်လွန်းနေသည် မဟုတ်ပါလော။

"ဒါဆိုရင်... လူနည်းနည်း ပိုခေါ်သွားလိုက်ရင်ရော..."

ကန်းတာပြောင်က တွန့်ဆုတ်တွန့်ဆုတ်ဖြင့် မေးလိုက်ပေသည်။

သို့သော် ကျန်းချဲ့က လက်ယမ်းလိုက်ပေသည်။ ခိုချင်းနှင့် ပတ်သက်သည့် သတင်းအမှန်ကို မည်သူ့ကိုမျှ မသိစေချင်ပေ။ တပ်မှူးချုပ်ကျူးကိုပင် သတင်းအမှန်ကို လုံးဝ ပြောပြခဲ့ခြင်း မရှိပေ။

မွေးရာပါ ဝိညာဉ်စွမ်းအင် ကိစ္စက အလွန် ကြီးမားလွန်းလှပြီး သတင်းပေါက်ကြားသွားပါက သူ၏ အစီအစဉ် အားလုံး ပျက်စီးသွားမည် ဖြစ်ပေသည်။

"ဒါဆိုရင် ငယ်သားတို့က သွားဖမ်းမယ်... တပ်မှူးက စစ်သည်တွေ ကြားထဲမှာ ရောယောင်ပြီး လိုက်ခဲ့ပါ... အကယ်လို့ ထောင်ချောက် ဆိုရင်လည်း တပ်မှူး အနေနဲ့ အလွယ်တကူ ဆုတ်ခွာလို့ ရတာပေါ့..."

ကန်းတာပြောင်က သူ၏ သဘောထားကို ဆက်လက် ဖော်ပြလိုက်ပေသည်။

ကျန်းချဲ့က ဘာမှ ပြန်မပြောဘဲ လှည့်ကာ ပြန်ထိုင်လိုက်ပြီး ဤကိစ္စ၏ သံသယ ဖြစ်ဖွယ် အချက်များနှင့် မွေးရာပါ ဝိညာဉ်စွမ်းအင်၏ အကြောင်းရင်း အားလုံးကို သေချာ စဉ်းစားနေပေသည်။

သူက မွေးရာပါ ဝိညာဉ်စွမ်းအင် သတင်းကို ဆုန့်ကျိ၏ ပါးစပ်မှတစ်ဆင့် ကြားသိခဲ့ရခြင်း ဖြစ်သည်။ ဤသည်မှာ ဝေါ့ဟူတောင်ကလည်း ဤသတင်းကို သိရှိထားသည်ဟု ဆိုလိုခြင်းပင် ဖြစ်သည်။ အကယ်၍ တစ်ယောက်ယောက်က ဤအကြောင်းကို အသုံးပြုပြီး သူ့ကို ငါးမျှားချိတ်ဖြင့် မျှားနေသည် ဆိုပါက...

ရှစ်ဆယ်ရာခိုင်နှုန်း သေချာသည်မှာ... ဝေါ့ဟူတောင်မှ လူများပင် ဖြစ်ပေလိမ့်မည်။

အန္တရာယ် ရှိမှန်း သိနေလျှင်တောင်မှ... သူ သွားကို သွားရမည့် အကြောင်းပြချက် ရှိနေပေသည်။ သို့သော် တစ်ဖက်လူ၏ ရည်ရွယ်ချက်က ဘာလဲ...

သူ့ကို စစ်စခန်းကနေ အပြင်ထွက်လာအောင် လှည့်စားတာလား...

ဒါမှမဟုတ် သူ့ကို ချုံခိုတိုက်ခိုက်ဖို့ အခွင့်အရေး စောင့်နေတာလား...

ကျန်းချဲ့က တင်းကျပ်စွာ ဆုပ်ထားသော သူ၏ လက်သီးကို ငုံ့ကြည့်လိုက်ပြီး... ရုတ်တရက် ပြုံးလိုက်တော့သည်။

'ဘာပဲဖြစ်ဖြစ်... အခု ငါက သွေးကြောပွင့် အဆင့်ကို ရောက်နေပြီပဲ...'

All Chapters