အခန်း ၇၁
Vol. 8 Ch. 71
အခန်း (၇၁) ဒါက အံ့ဩစရာပဲ
"ဘန်း"
ဟော့ရှောက်စန်းက လက်သီး တစ်ချက် ထိုးလိုက်ရာ အစိမ်းရောင် လွှမ်းနေသော လက်သီးက ကျန်းချဲ့၏ ဓားပြား ကို တိုက်ရိုက် ထိမှန်သွားပြီး သူ့ကို နောက်သို့ လွင့်စဉ်သွားစေခဲ့သည်။ သူ၏ မျက်နှာပေါ်တွင် တည်ငြိမ်သော အမူအရာ ရှိနေသော်လည်း မျက်လုံးထဲတွင်မူ မာနကြီးသည့် အရိပ်အယောင်များ ပေါ်လွင်နေပေသည်။
"ဒီလောက် စွမ်းအားလေးနဲ့များ မွေးရာပါ ဝိညာဉ်စွမ်းအင်ကို ရချင်နေတယ် မင်းက မျှော်မှန်းချက် ကြီးမားတယ်လို့ ပြောရမလား ဒါမှမဟုတ် ကိုယ့်အဆင့်ကိုယ် မသိဘူးလို့ ပြောရမလားပဲ"
"မင်းက ဝေါ့ဟူတောင်က ဘယ်ခေါင်းဆောင်လဲ"
ကျန်းချဲ့က နောက်သို့ ခြေလှမ်း အနည်းငယ် ဆုတ်လိုက်ပြီး သူ၏ မျက်လုံးများထဲတွင် ထိတ်လန့်သွားသည့် အရိပ်အယောင်များ ပေါ်ထွက်လာခဲ့သည်။
"ငါက ဟော့ရှောက်စန်း တောတောင်တွေကြားမှာ ဟိန်းဟောက်နေတဲ့ ကျား တစ်ကောင်လို့ မှတ်ထား"
"ဒါက ထောင်ချောက် တစ်ခု ဖြစ်နေမယ်လို့ တကယ်ကို ထင်မထားခဲ့ဘူး"
ကျန်းချဲ့က မျက်မှောင်ကြုတ်ကာ ပြောလိုက်ပြီး တစ်ဖက်လူက သံသယ ဝင်စရာ ဘာမှ မရှိဟု ထင်မှတ်သွားစေရန် ဟန်ဆောင်လိုက်သည်။
"မင်းလည်း လူစွမ်းကောင်း တစ်ယောက်ပါပဲ အညံ့ခံလိုက်ပါ မင်းအသက်ကို ချမ်းသာပေးမယ် ဒါပေမဲ့ မွေးရာပါ ဝိညာဉ်စွမ်းအင်နဲ့ ပတ်သက်ပြီး မင်း သိထားသမျှ အကုန်လုံးကို ပြောပြရမယ် မဟုတ်ရင်တော့ နောက်နှစ် ဒီနေ့ဟာ မင်းရဲ့ သေဆုံးတဲ့ နေ့ပဲ"
ကျန်းချဲ့ ပြသခဲ့သော စွမ်းအားက သူ စုံစမ်းထားသည်ထက် အနည်းငယ် ပိုမြင့်မားနေသော်လည်း အရိုးသန့်စင်ခြင်း အဆင့်တွင်သာ ရှိသေးသဖြင့် သူ့အတွက် လုံးဝ ပြိုင်ဘက် မဟုတ်ပေ။
ထို့ကြောင့် ယခုအချိန်တွင် ဟော့ရှောက်စန်းက တိုက်ခိုက်မှုကို ရပ်တန့်လိုက်ပြီး ကျန်းချဲ့ထံမှ သတင်းအချက်အလက်များ ရယူရန် ပြင်ဆင်လိုက်ခြင်း ဖြစ်သည်။
"မင်း ဘာသိချင်တာလဲ"
"မွေးရာပါ ဝိညာဉ်စွမ်းအင် အကြောင်းကို မင်းအပြင် တခြား ဘယ်သူတွေ သိသေးလဲ"
ဟော့ရှောက်စန်းက လေးနက်သော အသံဖြင့် မေးလိုက်သည်။
ပတ်ဝန်းကျင်ရှိ မီးတောက်များက ပိုမို ပြင်းထန်လာပြီး အပူရှိန်ကလည်း အလွန် ပြင်းထန်လာသဖြင့် ခံနိုင်ရည် ရှိရန်ပင် ခက်ခဲလာပေသည်။ သို့သော် ကျန်းချဲ့က ပြုံးလိုက်ပြီး -
"ငါ စဉ်းစားကြည့်ပါဦးမယ် တပ်မှူးချုပ်ကျူး ချီဟွမ်း ဂိုပုရန် သူတို့ အားလုံးက ဒီသတင်းကို သိနေကြတယ်"
"သေရတော့မယ့် အချိန်တောင် ငါ့ကို လာနောက်နေသေးတယ် သေချင်နေတာပဲ"
ဟော့ရှောက်စန်းက အေးစက်စက် နှာမှုတ်လိုက်သည်။ အကယ်၍ တပ်မှူးချုပ်ကျူးနှင့် အခြားသူများက မွေးရာပါ ဝိညာဉ်စွမ်းအင် အကြောင်းကို တကယ် သိနေမည် ဆိုပါက ယခုအချိန်တွင် သူတို့ကို ပြန်လည် ချုံခိုတိုက်ခိုက်နေလောက်ပြီ ဖြစ်သည်။ ထို့ကြောင့် သူက စကားဆက်မပြောတော့ဘဲ လက်ဝါး တစ်ချက် ရိုက်ထုတ်လိုက်သည်။
အားကောင်းသော အစိမ်းရောင် အတွင်းအား တစ်ခုက ကျန်းချဲ့ဆီသို့ တိုးဝင်လာခဲ့သည်။
သိသာထင်ရှားသည်မှာ သူ ကိုယ်တိုင်လည်း အစိမ်းရောင်မိစ္ဆာ ခန္ဓာကိုယ်သန့်စင်ခြင်း ကျင့်စဉ်ကို လေ့ကျင့်ထားခြင်းပင် ဖြစ်သည်။
ဤတိုက်ခိုက်မှုကို ကျန်းချဲ့က ရှောင်တိမ်းလိုက်ပြီး တစ်ချိန်တည်းမှာပင် နောက်သို့ အဆက်မပြတ် ဆုတ်ခွာသွားခဲ့သည်။ တံခါးရွက် တစ်ခုက နံရံကို ရိုက်မိသွားပြီး သူက မီးတောက်များ ဝိုင်းရံထားမှုမှ လွတ်မြောက်ရန် ကြိုးစားနေသည့်ဟန် ပေါ်နေပေသည်။ သို့သော် ဟော့ရှောက်စန်းက သူ့ကို အခွင့်အရေး မပေးပေ။
လေထဲသို့ ခုန်တက်လိုက်ပြီး အစိမ်းရောင် လွှမ်းနေသော လက်မောင်းဖြင့် ကြီးမားသော လက်သီး တစ်ချက် ထိုးနှက်လိုက်သည်။ သူ၏ လက်ပေါ်တွင် အမည်းရောင် လက်သီးစွပ် တစ်ခုကိုလည်း တပ်ဆင်ထားသဖြင့် ကျန်းချဲ့ လက်ထဲရှိ သံမဏိ ဓားကို လုံးဝ မကြောက်ရွံ့ပေ။
သို့သော် ဤတစ်ကြိမ်တွင်မူ ကျန်းချဲ့က ဆက်လက် နောက်ဆုတ်ရန် မစဉ်းစားတော့ပေ။
ဓားဖြင့် ကန့်လန့်ဖြတ် ကာကွယ်လိုက်ရာ ဓားရှည်ကြီးက ကျိုးပဲ့သွားခဲ့သည်။
တစ်ဖက်လူ၏ လက်သီးက ကျရောက်လာတော့မည့် အချိန်တွင် ကျန်းချဲ့က နောက်ဆုတ်မသွားဘဲ အရှေ့သို့ တိုးဝင်သွားခဲ့သည်။ သူ အချိန်အတော်ကြာ စုဆောင်းထားခဲ့သော ကြမ်းတမ်းသည့် အတွင်းအားများက တုန်ခါလာပြီး မျက်လုံးများကလည်း အနီရောင်များ တောက်ပလာခဲ့သည်။
အားယူပြီး လက်သီးဖြင့် ထိုးနှက်လိုက်သည်။
ကျန်းချဲ့၏ ရုတ်တရက် တုံ့ပြန်မှုကို ဟော့ရှောက်စန်းက သတိထားမိလိုက်သော်လည်း မျက်လုံးများထဲတွင် အထင်သေးသည့် အရိပ်အယောင်များ ပေါ်လွင်နေပြီး လုံးဝ နောက်မဆုတ်ဘဲ ဆက်လက် ထိုးနှက်လိုက်သည်။
"ဝုန်း"
"ဘန်း"
သို့သော် ဤတစ်ကြိမ် ရလဒ်က သူ မျှော်လင့်ထားသည်နှင့် လုံးဝ ကွာခြားသွားခဲ့သည်။ ကျန်းချဲ့၏ လက်သီးမှ ထွက်ပေါ်လာသော ကြီးမားသော စွမ်းအားကြီးက သူ၏ လက်သီးကို ဘေးသို့ လွင့်စင်သွားစေခဲ့သည်။ ထို့နောက် အဆက်မပြတ် ထိုးနှက်လာသော လက်သီးချက်များ...
မိုးရွာသကဲ့သို့ ကျဆင်းလာသော လက်သီးများ။
အံ့ဩစရာ တစ်ခု ပေါက်ကွဲသွားခဲ့ပြီ။
ယခင်က တိုက်ခိုက်မှု အကြိမ်အနည်းငယ် အတွင်းမှာပင် ကျန်းချဲ့က အကြမ်းဖျင်း တွက်ဆထားပြီး ဖြစ်သည်။ တစ်ဖက်လူ၏ စွမ်းအားက သူ့ထက် အနည်းငယ် ပိုသာနေသဖြင့် တိုက်ခိုက်မည် ဆိုလျှင်တောင်မှ သူက အနိုင်ရမည် မဟုတ်ပေ။
ထို့ကြောင့် အစကတည်းက သူက စွမ်းအားများကို ဖုံးကွယ်ထားရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
ယခု ကြည့်ရသည်မှာ ရလဒ်က သူ ထင်ထားသည်ထက် အများကြီး ပိုကောင်းနေပေသည်။
အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် သူ၏ အစစ်အမှန် စွမ်းအားကို မည်သူမျှ မသိရှိသောကြောင့်ပင်။
"ဘန်း ဘန်း ဘန်း"
အဆက်မပြတ် ကျရောက်လာသော လက်သီးချက်များကြောင့် ဟော့ရှောက်စန်း၏ တုံ့ပြန်မှုက အလွန် မြန်ဆန်နေလျှင်တောင်မှ လက်မောင်းနှင့် ရင်ဘတ်တို့တွင် လက်သီးချက် အများအပြား ထိမှန်သွားပြီး ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားခဲ့သည်။
ပါးစပ်မှ သွေးများ ပန်းထွက်လာပြီး သူ၏ မျက်လုံးများထဲတွင် ထိတ်လန့်သွားသည့် အရိပ်အယောင်များ ပြည့်နှက်နေပေသည်။
''ဒါ မဖြစ်နိုင်ဘူး''
'ကျန်းချဲ့ရဲ့ ခွန်အားက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ကြီးမားနေရတာလဲ'
'ဒါက အရိုးသန့်စင်ခြင်း အဆင့် သိုင်းသမား တစ်ယောက်မှာ ရှိသင့်တဲ့ ခွန်အား လုံးဝ မဟုတ်ဘူး'
'ဒါက သွေးကြောပွင့် အဆင့်ပဲ'
သူ ရရှိထားသော သတင်းအချက်အလက်များနှင့် လုံးဝ ကွဲလွဲနေပေသည်။ ထို့အပြင် တစ်ဖက်လူ၏ လက်မောင်းပေါ်ရှိ အမည်းရင့်ရောင် အစိမ်းရောင်များကလည်း သူ့အတွက် အလွန် ရင်းနှီးနေပေသည်။
''ဒါက သေချာပေါက် အစိမ်းရောင်မိစ္ဆာ ခန္ဓာကိုယ်သန့်စင်ခြင်း ကျင့်စဉ်ပဲ ဒါပေမဲ့ ဒါက ဝေါ့ဟူတောင်ရဲ့ လျှို့ဝှက် ကျင့်စဉ်လေ ကျန်းချဲ့လို အစိုးရ အရာရှိ တစ်ယောက်က ဘယ်လိုလုပ်ပြီး ရသွားတာလဲ''
သံသယများစွာဖြင့် ဟော့ရှောက်စန်းက ပြန်လည် တိုက်ခိုက်ရန် ကြိုးစားလိုက်သည်။
သို့သော် ကျန်းချဲ့၏ ပြင်းထန်သော တိုက်ခိုက်မှုကြောင့် ဒဏ်ရာ အပြင်းအထန် ရရှိထားပြီး ဖြစ်ရာ သူ ထုတ်သုံးနိုင်သော စွမ်းအားများက ကျန်းချဲ့ကို မယှဉ်နိုင်တော့ပေ။ လက်သီး အချင်းချင်း တိုက်ခိုက်ကြပြီးနောက် နောက်ဆုံးတွင် သူက အရေးနိမ့်သွားခဲ့သည်။
"အား"
ဟော့ရှောက်စန်းက အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်ပြီး သွေးချီများ ပွက်ပွက်ဆူလာကာ ကိုယ်ပေါ်ရှိ အဝတ်အစားများပင် စုတ်ပြဲသွားခဲ့သည်။ နှုတ်ခမ်းထောင့်မှ သွေးများ စီးကျနေပြီး ကျန်းချဲ့ဆီသို့ တိုက်ခိုက်ရန် ကြိုးစားလိုက်သည်။
သို့သော် ကျန်းချဲ့က အေးစက်သော မျက်လုံးများဖြင့် ကြည့်နေပြီး အနီရောင်များ တောက်ပနေသော မျက်လုံးများက မိစ္ဆာ တစ်ကောင် ဝင်ပူးနေသကဲ့သို့ ဖြစ်နေပေသည်။ အသံနိမ့်နိမ့်ဖြင့် ဟိန်းဟောက်လိုက်ပြီး သူ၏ တစ်ကိုယ်လုံး အစိမ်းရောင်များ လွှမ်းသွားကာ အစိမ်းရောင် မိစ္ဆာကြီး တစ်ကောင်ကဲ့သို့ ဖြစ်သွားတော့သည်။
ကျန်းချဲ့နှင့် ဟော့ရှောက်စန်းတို့ အသေအလဲ တိုက်ခိုက်နေစဉ် အပြင်ဘက်ရှိ စစ်သည်များ အားလုံးက မီးလောင်နေသော ခြံဝင်းကို ဝိုင်းရံထားကြပြီး လေးနှင့် မြားများကို အသင့်ပြင်ကာ အရှေ့သို့ ချိန်ရွယ်ထားကြသည်။
ခိုချင်းက ခေါင်းငုံ့ထားပြီး ကန်းတာပြောင်၏ ဖမ်းဆီးခြင်းကို ခံထားရသည်။ အစကတည်းက ကျန်းချဲ့နှင့် သူ တိုင်ပင်ထားသည်မှာ သူက အရင်ဆုံး ယွီအိမ်တော်ထဲသို့ ဝင်ရောက်ပြီး ခိုချင်း အစစ် ဟုတ်မဟုတ် အတည်ပြုရန် ဖြစ်သည်။
အကယ်၍ အတု ဆိုပါက ကျန်းချဲ့က ထွက်လာမည် မဟုတ်ပေ။
ငါးမျှားလျှင်တောင်မှ ငါးစာ အစစ်ကို သုံးရမည် မဟုတ်ပါလော။
ကံကောင်းစွာဖြင့် တစ်ဖက်လူက အလွန် ရင်းနှီးမြှုပ်နှံရဲပြီး သူ သွေးကြောပွင့် အဆင့်သို့ ရောက်ရှိနေပြီ ဆိုသည်ကို မသိရှိသဖြင့် သူ၏ တစ်ဦးချင်း စွမ်းအားကို လုံးဝ အထင်သေးခဲ့ကြသည်။ ထို့ကြောင့် ခိုချင်းမှာလည်း အစီအစဉ် အတိုင်း ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည်။
ယခုအခါ နှစ်ဖက် တိုက်ပွဲ ပြီးဆုံးရန်ကိုသာ စောင့်ဆိုင်းနေရုံဖြင့် အရာအားလုံး အဆုံးသတ်သွားမည် ဖြစ်သည်။
"ဝုန်း"
ကျယ်လောင်သော ပေါက်ကွဲသံ တစ်ခုနှင့်အတူ မီးလောင်နေသော ယွီအိမ်တော်က ပြိုကျသွားပြီး မီးတောက်များက ပိုမို ကြီးမားလာခဲ့သည်။ လူတိုင်းက မီးတောက်များ ကြားတွင် လူနှစ်ယောက် အဆက်မပြတ် တိုက်ခိုက်နေသည်ကို မပီပြင်စွာ မြင်တွေ့နေရသည်။
နောက်ဆုံးတွင် တစ်ဖက်က လုံးဝ အရေးနိမ့်သွားတော့သည်။
"ဘန်း"
မီးကျွမ်းနေသော ခန္ဓာကိုယ် တစ်ခုက မီးတောက်များ ကြားမှ လွင့်စင်လာပြီး မြေကြီးပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားခဲ့သည်။ စစ်သည် အချို့က အလျင်အမြန် သွားရောက် စစ်ဆေးကြည့်ပြီး သူစိမ်း တစ်ယောက် ဖြစ်နေမှသာ စိတ်အေးသွားကြသည်။
ခိုချင်းက ခေါင်းမော့လာပြီး ထိုခန္ဓာကိုယ်ကို ကြည့်နေမိသည်။
ယခင်က ခန္ဓာကိုယ် တောင့်တင်းပြီး မာနကြီးသော ဝေါ့ဟူတောင်၏ တတိယ ခေါင်းဆောင် မရှိတော့ပေ။
ယခု သူ၏ နေရာတွင် အစားထိုး ဝင်ရောက်လာသည်မှာ အရိုက်ခံထားရပြီး ပုံပျက်နေသော အလောင်း တစ်လောင်းသာ ဖြစ်ပေသည်။
သူ၏ လက်မောင်း နှစ်ဖက်စလုံးက အလွန် ထူးဆန်းသော ပုံစံဖြင့် ကွေးကောက်နေပြီး မျက်လုံး နှစ်လုံးမှာလည်း လုံးဝ ပျောက်ကွယ်သွားကာ သွေးပေါက်ကြီး နှစ်ခုဖြင့် ဖုံးလွှမ်းနေပေသည်။ ဘယ်ဘက် ရင်ဘတ်ကလည်း အပေါက်ကြီး ဖြစ်နေပြီး အရိုးများပင် ထွက်ပေါ်နေကာ ကျောကုန်းကလည်း ဖုထစ်နေပေသည်။
'အသေဆိုးနဲ့ကို သေသွားတာပဲ'
သူက ရင်ထဲတွင် တိတ်တဆိတ် သက်ပြင်းချလိုက်ပြီး သူ၏ ကံကြမ္မာကို ကြိုတင် ခန့်မှန်းမိသွားခဲ့သည်။
လူတိုင်းက မီးတောက်များ ကြားမှ လူရိပ်ကို အာရုံစိုက် ကြည့်နေကြသည်။ သူ၏ ပတ်ပတ်လည်တွင် မျက်စိဖြင့် မမြင်နိုင်သော လေစီးကြောင်းများက ဖုံးလွှမ်းနေပြီး မီးတောက်များ အားလုံးကို တစ်ပေခန့် အကွာတွင် ပိတ်ဆို့ထားကာ အဝေးမှနေ၍ တဖြည်းဖြည်း ထွက်ပေါ်လာခဲ့သည်။
မီးရောင် အောက်တွင် သူ၏ မျက်နှာက အမည်းရောင် သန်းနေသော အစိမ်းရောင် ဖြစ်နေပြီး မျက်လုံးများကလည်း သားရဲ တစ်ကောင်လို ကြောက်မက်ဖွယ် ကောင်းသော အလင်းရောင်များ တောက်ပနေပေသည်။
"ရှပ် ရှပ်"
"တပ်မှူး သက်တော်ရာကျော် ရှည်ပါစေ"
"တပ်မှူး သက်တော်ရာကျော် ရှည်ပါစေ"
"တပ်မှူး သက်တော်ရာကျော် ရှည်ပါစေ"
ကန်းတာပြောင်က အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်ပြီး ပတ်ဝန်းကျင်ရှိ စစ်သည် ဆယ်ယောက်ကျော်ကလည်း အသံကျယ်ကြီးဖြင့် တုံ့ပြန် အော်ဟစ်လိုက်ကြသည်။ ကျန်းချဲ့ကို ကြည့်နေသော သူတို့၏ မျက်လုံးများထဲတွင် ယခုအခါ ရူးသွပ်မှုများနှင့် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေပေသည်။
'အင်အားကြီးတယ်'
'အရမ်းကို အင်အားကြီးလွန်းတယ်'
မီးတောက်များ ကြားမှ ထွက်လာပြီး ဘာဒဏ်ရာမှ မရဘူး ဆိုတော့ သူတို့ အတွက်တော့ ယခုအချိန်တွင် သူက မော်ဖူးရမယ့် နတ်ဘုရား တစ်ပါးလို ဖြစ်နေပြီလေ။
"မင်းက ခိုချင်းလား"
ကျန်းချဲ့က ခိုချင်း၏ အရှေ့သို့ တစ်လှမ်းချင်း လျှောက်သွားပြီး အပေါ်စီးမှ ကြည့်ကာ မေးလိုက်သည်။
"ကျွန်တော် …ဟုတ်ပါတယ်"
ခိုချင်းက ခေါင်းငုံ့ကာ ပြန်ဖြေလိုက်သည်။
"မကြောက်ပါနဲ့ ငါက လူသားစားတဲ့ ဘီလူး မဟုတ်ပါဘူး"
"ဟုတ် ဟုတ်ကဲ့"
"အသက်ရှင်ချင်လား"
"ရှင်ချင်ပါတယ်"
"ငါ မင်းကို အခွင့်အရေး ပေးမယ် သေချာ အမိအရ ဆုပ်ကိုင်ထား"
"ကျေး ကျေးဇူးတင်ပါတယ်"
"ဟားဟားဟား"