← Chapters

အခန်း ၇၄

Vol. 8 Ch. 74

အခန်း ၇၄

Vol. 8 Ch. 74

အခန်း (၇၄) ဒီလောက်လေးပဲလား

"ဘန်း"

ယန်ဂူ ခရိုင်ရုံးတော် အတွင်းတွင် တပ်မှူးချုပ်ကျူးက အလွန် ဒေါသထွက်နေသော မျက်နှာထားဖြင့် လက်ထဲရှိ စာကို စားပွဲပေါ်သို့ ရိုက်ချလိုက်ပြီး သူ၏ မျက်လုံးများကလည်း အလွန် မှောင်မည်းနေပေသည်။

ကျန်းချဲ့ကို အလွယ်တကူ ထိန်းချုပ်ထားနိုင်ပြီး အချိန်မရွေး အပြစ်ပေးနိုင်မည်ဟု သူ ထင်မှတ်ထားခဲ့သော်လည်း ရလဒ်ကတော့ ဒီကောင်လေးက ချီဟွမ်းနှင့် တိတ်တဆိတ် ဆက်သွယ်လိုက်ပြီး တစ်ဖက်လူ၏ ထောက်ခံမှုကိုပင် ရယူလိုက်ခြင်း ဖြစ်သည်။

'ဒီလိုနဲ့ ငါ့ကို ပြန်ပြီး ဖိအားပေးလာတယ်ပေါ့'

စာထဲတွင် ချီဟွမ်းက ထိုသို့ တိုက်ရိုက် မပြောထားသော်လည်း အစိုးရ အရာရှိများ အားလုံးက လူလည်များ ဖြစ်ကြသဖြင့် စကားကို တည့်တည့် ပြောစရာ မလိုပေ။

တစ်ဖက်လူ၏ ရည်ရွယ်ချက်က အလွန် ရှင်းလင်းလှပေသည်။ ကျန်းချဲ့ကို မြင်မြင်ချင်း ခင်မင်သွားသဖြင့် ဖခင်ဖြစ်သူထံသို့ အကြံပြုပေးလိုကြောင်းနှင့် တပ်မှူးချုပ်ကျူး အနေဖြင့် သူ့မျက်နှာကို ထောက်ကာ ဤကာလ အတွင်း ကျန်းချဲ့ကို သေချာ စောင့်ရှောက်ပေးရန် တောင်းဆိုထားခြင်း ဖြစ်သည်။

ဤသည်က တပ်မှူးချုပ်ကျူး၏ သည်းခံနိုင်စွမ်းကို ကျော်လွန်သွားစေခဲ့သည်။

ယခင်က ဂိုပုရန်ကို သူ ဘာကြောင့် အပြစ်ပေးခဲ့သနည်း... အဓိက အကြောင်းရင်း တစ်ခုက ဂိုပုရန်က ထိုအချိန်က သိပ်မငြိမ်သက်ဘဲ အခြား အရာရှိများနှင့် တိတ်တဆိတ် ရင်းနှီးနေကြောင်း သူ စုံစမ်းသိရှိခဲ့ရသဖြင့် သူ့ကို သင်ခန်းစာ ပေးချင်ခဲ့သောကြောင့်ပင်။

ယခုအခါ သူ ထပ်မံ ဒေါသထွက်ရပြန်ပြီ။

သူက ကျန်းချဲ့ကို သာမန် အရန်စစ်သည်လေး ဘဝမှ ယခု လက်ရှိ အဆင့်အတန်းအထိ ရောက်အောင် မြှောက်စားပေးခဲ့သည်။ သို့သော် ကျန်းချဲ့က ကျေးဇူးဆပ်ရန် မစဉ်းစားဘဲ ပြင်ပလူများနှင့် ပူးပေါင်းကာ သူ့ကို ဖိအားပေးလာခဲ့သည်။ ဤသည်ကို သူ လုံးဝ လက်မခံနိုင်ပေ။

ကျန်းချဲ့၏ ထူးဆန်းသော ရတနာကို သူ လိုချင်နေသည် ဆိုသော အချက်ကိုတော့ သူက သတိမထားမိချင်ယောင် ဆောင်နေခဲ့သည်။ သူ၏ အမြင်တွင်မူ သူကိုယ်တိုင် မလှုပ်ရှားသေးမီ အချိန်အထိ ကျန်းချဲ့က ဤကဲ့သို့ ကျေးဇူးကန်းခွင့် မရှိဟု ထင်နေပေသည်။

"လူလာစမ်း"

"သခင်ကြီး"

တံခါးဝတွင် အစိုးရ အရာရှိ ဝတ်စုံ ဝတ်ဆင်ထားသော လူငယ် တစ်ယောက်က သူ့ကို ခေါင်းငုံ့ကာ အရိုအသေပေးလိုက်သည်။

"သွား လက်နက်တိုက် တပ်မှူးလျို ကို လာခဲ့ပါလို့ ပြောလိုက် သူနဲ့ ပြောစရာ ကိစ္စလေး ရှိတယ်လို့"

"ဟုတ်ကဲ့ပါ"

...

မြင်းက လေလို လျင်မြန်စွာ ပြေးလွှားနေပေသည်။

ကျန်းချဲ့၏ ပစ်မှတ်က အလွန် ရှင်းလင်းလှပေသည်။ ယန်ဂူခရိုင် နယ်စပ်ရှိ ယွင်မြစ်ဝ ပင် ဖြစ်သည်။ ရေကြောင်းမှ သွားလျှင် ပိုနီးသော်လည်း အချိန်ပိုကြာနိုင်ပြီး လူသိရှင်ကြား ဖြစ်သွားနိုင်သဖြင့် ယခု ခရီးစဉ်အတွက် အဆင်မပြေပေ။

မွေးရာပါ ဝိညာဉ်စွမ်းအင် ကိစ္စက အလွန် ကြီးမားလွန်းလှပြီး ခက်ခက်ခဲခဲ သဲလွန်စ ရရှိထားသဖြင့် ကိုယ်တိုင် သွားရောက် စစ်ဆေးပြီးမှသာ သူ စိတ်အေးနိုင်မည် ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ယခုအခါ သူက သွေးကြောပွင့် အဆင့်သို့ စတင် ဝင်ရောက်ကာစသာ ရှိသေးပြီး အစိမ်းရောင်မိစ္ဆာ ခန္ဓာကိုယ်သန့်စင်ခြင်း ကျင့်စဉ်ကို အဆင့်ကြီးအထိ လေ့ကျင့်နိုင်မှသာ သွေးကြောပွင့် အထွတ်အထိပ် အဆင့်သို့ ရောက်ရှိနိုင်မည် ဖြစ်သည်။ ထိုအချိန်ကျမှသာ မွေးရာပါ ဝိညာဉ်စွမ်းအင်ကို အသုံးပြုပြီး မွေးရာပါ အဆင့်သို့ တက်လှမ်းနိုင်မည် ဖြစ်သည်။

ရုတ်တရက် ကျန်းချဲ့က မြင်းဇက်ကြိုးကို ပြင်းပြင်း ဆွဲလိုက်ရာ လျင်မြန်စွာ ပြေးလွှားနေသော မြင်းက ရှေ့ခြေနှစ်ဖက် မြှောက်ကာ ရပ်တန့်သွားခဲ့သည်။ သူ၏ အကြည့်များက ပေအနည်းငယ် အကွာရှိ ခြောက်သွေ့နေသော မြက်ခင်းပြင်ဆီသို့ ရုတ်တရက် ရွေ့လျားသွားခဲ့သည်။

---

"ရှပ်"

မျက်စိတစ်မှိတ် အတွင်းမှာပင် ဓားမြည်သံ တစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး အစိမ်းရောင် ဝတ်ရုံ ရှည်ကြီး ဝတ်ဆင်ထားသော လူရိပ် တစ်ခုက မြက်ခင်းပြင်ထဲမှ ထွက်ပေါ်လာကာ ကျန်းချဲ့၏ လည်ပင်းဆီသို့ လျင်မြန်သော ဓားချက် တစ်ချက်ဖြင့် တိုးဝင်လာခဲ့သည်။

ကျန်းချဲ့၏ မျက်လုံးများ မှေးကျဉ်းသွားပြီး မြင်းနင်းကွင်းကို အားပြုကာ လေထဲသို့ ခုန်တက်ပြီး ဓားချက်ကို ရှောင်တိမ်းလိုက်သည်။

"ရွှပ်"

ကျန်းချဲ့၏ တုံ့ပြန်မှုက အလွန် မြန်ဆန်လှပေသည်။ မြင်း၏ ဘေးဘက်မှ အနီရင့်ရောင် ဓားရှည်ကြီး တစ်လက်ကို ချက်ချင်း ဆွဲထုတ်ကာ နောက်လှည့်ပြီး ဓားချက်ဖြင့် ပြန်လည် တိုက်ခိုက်လိုက်သည်။

ဤဓားက မူလက ဟော့ရှောက်စန်း၏ ဓားဖြစ်ပြီး ကျန်းချဲ့က သူ့ကို သတ်ဖြတ်ပြီး ရယူထားခဲ့ခြင်း ဖြစ်သည်။ ၎င်း၏ အရည်အသွေးက သာမန် သံမဏိဓားများထက် အများကြီး ပိုမို ကောင်းမွန်ပြီး အဖိုးတန် ဓားတစ်လက်ဟု ဆိုနိုင်ပေသည်။ သူ စမ်းသပ်ကြည့်သောအခါ အလွန် အဆင်ပြေသဖြင့် သူနှင့်အတူ အမြဲ သယ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။

အစိမ်းရောင် ဝတ်ရုံနှင့် အမျိုးသားက ဓားချက်ကို ကာကွယ်လိုက်ပြီး လေထဲတွင် အကြိမ်အနည်းငယ် လည်ထွက်သွားကာ မျက်စိတစ်မှိတ် အတွင်းမှာပင် ကျန်းချဲ့၏ အနီးသို့ ရောက်ရှိလာပြီး ဓားဖြင့် ကျန်းချဲ့၏ လည်ပင်းကို တိုက်ရိုက် ထိုးစိုက်လိုက်သည်။

"ထွက်သွားစမ်း"

ကျန်းချဲ့က အသံနိမ့်နိမ့်ဖြင့် ဟိန်းဟောက်လိုက်ပြီး ဓားဖြင့် ပြန်လည် ကာကွယ်လိုက်သည်။

"ရွှပ် ရွှပ် ရွှပ်"

"ဒိုင်း ဒိုင်း ဒိုင်း"

မျက်စိတစ်မှိတ် အတွင်းမှာပင် တိုက်ခိုက်မှု အကြိမ် ဆယ်ဂဏန်းကျော် ဖြစ်ပွားသွားခဲ့သည်။ ဓားအလင်းတန်းများ လင်းလက်နေပြီး ဓားချက်များကြောင့် သစ်ပင် ပင်စည်များ ပြတ်တောက်သွားကာ မြေကြီးပေါ်တွင်လည်း တစ်ပေခန့် ရှည်လျားသော ဓားရာကြီး တစ်ခု ထင်ကျန်ရစ်ခဲ့သည်။ နောက်ဆုံး တိုက်ခိုက်မှု အပြီးမှသာ သူတို့ နှစ်ယောက် အကွာအဝေးကို ပြန်လည် ခွဲထုတ်လိုက်ကြသည်။

ကျန်းချဲ့က လာသူ၏ မျက်နှာကို သေချာ မြင်တွေ့လိုက်ရသည်။

ရှည်လျားပြီး မည်းနက်သော ဆံပင်များ ရှိသော်လည်း မျက်လုံးများကမူ အသက်အရွယ် ကြီးရင့်နေသည့်ပုံ ပေါက်နေပေသည်။ သူ့ကို ကြည့်နေသော မျက်လုံးများထဲတွင် အလွန် နက်ရှိုင်းသော အမုန်းတရားများ ပြည့်နှက်နေပေသည်။ အရေးအကြီးဆုံးက ထိုလူမှာ သူ လုံးဝ မသိကျွမ်းသူ တစ်ယောက် ဖြစ်နေခြင်းပင်။

'ဝေါ့ဟူတောင်က လူတွေ လာပြီး ကလဲ့စားချေတာပဲ ဖြစ်ရမယ်' ဟု သူက အလိုအလျောက် တွေးထင်လိုက်မိသည်။ ဝေါ့ဟူတောင်၏ တုံ့ပြန်မှုက ဤမျှ မြန်ဆန်ပြီး သိုင်းပညာရှင်များ ဤမျှ များပြားနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

'သွေးကြောပွင့် အဆင့် သိုင်းသမား တစ်ယောက်ကို အလွယ်တကူ လွှတ်ပြီး ငါ့ကို လာတိုက်ခိုက်ခိုင်းတယ် ဆိုတော့ အံ့ဩစရာပဲ'

"ကျန်းချဲ့ ပိုင်ယောင်ဆေးဆိုင်က လူတစ်ရာကျော်ရဲ့ အသက်ကို ပြန်ပေးစမ်း"

သို့သော် တစ်ဖက်လူက ဤသို့ အော်ဟစ်လိုက်သော အခါမှသာ ကျန်းချဲ့က သူ တွေးထင်ထားသည်မှာ မှားယွင်းနေကြောင်း သိရှိလိုက်ရသည်။

'ဝေါ့ဟူတောင်က မဟုတ်ဘဲ ပိုင်ယောင်ဆေးဆိုင်က လူတွေ ဖြစ်နေတာကိုး'

ထိုလူ၏ မည်သူမည်ဝါ ဖြစ်ကြောင်းကိုလည်း အလွယ်တကူ ခန့်မှန်းနိုင်သွားပြီ ဖြစ်သည်။ ပိုင်ယောင်ဆေးဆိုင် ခေါင်းဆောင် ချန်မင်ယာ ပင် ဖြစ်သည်။

"ငါ့အသက်ကို လိုချင်ရင် မင်းက အဆင့်မမီသေးဘူး"

ကြမ္မာသုံးပါး ထိတ်လန့်ဖွယ် ဓားသိုင်း... ပွင့်စမ်း...

မျက်လုံးများက အနီရောင်များ တောက်ပလာပြီးနောက် ကျန်းချဲ့၏ တစ်ကိုယ်လုံးရှိ အရှိန်အဝါများက ချက်ချင်း ပြောင်းလဲသွားခဲ့သည်။

ချန်မင်ယာ ကလဲ့စား လာချေသည်ကို ကျန်းချဲ့ လုံးဝ အံ့ဩခြင်း မရှိပေ။ သူက တစ်ဖက်လူ၏ တစ်သက်တာ စုဆောင်းလာခဲ့သော အရာများကို ဖျက်ဆီးပစ်ခဲ့သည် မဟုတ်ပါလော။ သူက လာရောက် တိုက်ခိုက်မည်ကိုလည်း ကြိုတင် မျှော်လင့်ထားပြီး ဖြစ်သည်။

တစ်ခုတည်းသော သံသယ ဖြစ်ဖွယ် အချက်မှာ တစ်ဖက်လူက သူ၏ သွားလာလှုပ်ရှားမှုများကို မည်သို့ သိရှိသွားသနည်း ဆိုခြင်းပင် ဖြစ်သည်။ ကံကောင်း၍ အချိန်မီ သိလိုက်ရသည်။ မဟုတ်ပါက မွေးရာပါ ဝိညာဉ်စွမ်းအင် လျှို့ဝှက်ချက်သာ ထိုလူမှတစ်ဆင့် ပေါက်ကြားသွားမည် ဆိုပါက သူ၏ အခြေအနေက အလွန် ဆိုးရွားသွားမည် ဖြစ်သည်။

"သေလိုက်တော့"

ချန်မင်ယာ၏ ဒေါသများက ကောင်းကင်သို့ ထိုးတက်နေပြီး ဓားကွက်များ ပြောင်းလဲကာ ထပ်မံ တိုက်ခိုက်လိုက်သည်။

သာမန် ခရီးထွက်ခြင်း တစ်ခုဟုသာ သူ ထင်မှတ်ထားခဲ့သော်လည်း ယန်ဂူခရိုင်သို့ မရောက်မီမှာပင် ပိုင်ယောင်ဆေးဆိုင် ပျက်စီးသွားပြီ ဖြစ်ကြောင်း သတင်းရရှိခဲ့သည်။ တပည့် ရာကျော်ခန့်မှာ ကျန်းချဲ့၏ ဓားချက်အောက်တွင် သေဆုံးသွားခဲ့ရပြီး ဆယ်နှစ်ကျော်ကြာ စုဆောင်းလာခဲ့သမျှ အားလုံး ကျန်းချဲ့၏ လက်ထဲသို့ ရောက်ရှိသွားခဲ့သည်။ သူ ဘယ်လိုလုပ်ပြီး ဒေါသမထွက်ဘဲ နေနိုင်မည်နည်း။

'ထျန်းယာဂိုဏ်းကို ပိတ်ဆို့ရာမှာ တခြားသူတွေနဲ့ ပူးပေါင်း ပါဝင်ခဲ့ရုံလေးပဲကို ဒီလောက်အထိ သေကျေ ပျက်စီးတဲ့အထိ လုပ်ဖို့ လိုလို့လား'

ထို့ကြောင့် ယန်ရှန်း ထံမှ ကျန်းချဲ့၏ သွားလာလှုပ်ရှားမှုများကို ကြားသိလိုက်ရပြီးနောက် သူက အနောက်မြို့နယ် စစ်စခန်း အနီးတွင် အချိန်မဆွဲဘဲ စောင့်ဆိုင်းနေခဲ့ပြီး ကျန်းချဲ့ မြို့ပြင်သို့ ထွက်လာသည်နှင့် တစ်ပြိုင်နက် နောက်မှ လိုက်လာကာ အခွင့်အရေး ရသည်နှင့် ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ချန်မင်ယာ၏ စွမ်းအားက အလွန် ကောင်းမွန်ပေသည်။ ဓားသိုင်းက ထက်မြက်ပြီး ကိုယ်ဖော့ပညာကလည်း အလွန် ကောင်းမွန်သည်။ သို့သော် ဝေါ့ဟူတောင်မှ ဟော့ရှောက်စန်းနှင့် နှိုင်းယှဉ်ပါက အနည်းငယ် အားနည်းနေသေးသည်။ ကျန်းချဲ့က ဟော့ရှောက်စန်းကို သတ်ဖြတ်နိုင်ခဲ့ခြင်းမှာ အနည်းငယ် လှည့်စားမှု ပါဝင်ခဲ့သော်လည်း သူ၏ ကိုယ်ပိုင် စွမ်းအားကိုလည်း လျစ်လျူရှု၍ မရပေ။

ကြမ္မာသုံးပါး ထိတ်လန့်ဖွယ် ဓားသိုင်းက သူ၏ စွမ်းအားများကို ဘက်စုံ မြှင့်တင်ပေးနိုင်ပေသည်။ အထူးသဖြင့် ရူးသွပ်နေသော တိုက်ခိုက်လိုစိတ်များနှင့် သွေးစွန်းနေသော မျက်လုံးများက တစ်ဖက်လူကို ထိတ်လန့်သွားစေနိုင်ပေသည်။

အကြိမ် တစ်ရာကျော် တိုက်ခိုက်ပြီးနောက် ကျန်းချဲ့ ကိုယ်ပေါ်ရှိ အဝတ်အစားများ အားလုံး စုတ်ပြဲသွားခဲ့သည်။ နောက်ဆုံးတွင် ဘယ်ဘက် လက်မောင်းကို ဓားဖြင့် အထိုးခံလိုက်ရသော်လည်း သူက ချန်မင်ယာ၏ လက်ထဲမှ ဓားကို ရိုက်ချနိုင်ခဲ့သည်။

ထို့နောက်တွင်တော့ မိုးသည်းထန်စွာ ရွာသွန်းသကဲ့သို့ အဆက်မပြတ် တိုက်ခိုက်မှုများ စတင်တော့သည်။ ဓားကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ ကျန်းချဲ့၏ ဓားချက်များက အဆက်မပြတ် အလွတ်မပေးဘဲ တိုက်ခိုက်နေသဖြင့် အချိန်တိုအတွင်းမှာပင် သူတို့ နှစ်ယောက်၏ အခြေအနေက လုံးဝ ပြောင်းပြန် ဖြစ်သွားခဲ့သည်။

ချန်မင်ယာ၏ အစိမ်းရောင် ဝတ်ရုံမှာ အဆက်မပြတ် စုတ်ပြဲသွားခဲ့သည်။ သူ၏ ခန္ဓာကိုယ်ပေါ်တွင် ဓားဒဏ်ရာများ ပြည့်နှက်နေပြီး အနက်ရှိုင်းဆုံး ဒဏ်ရာမှာ အရိုးများပင် ထွက်ပေါ်နေပေသည်။

"ဘန်း"

ကျန်းချဲ့က ပခုံးဖြင့် ပြင်းထန်စွာ ဝင်တိုက်လိုက်ပြီး သူ့ကို သစ်ပင်ပေါ်သို့ အတင်းအကျပ် ဖိကပ်လိုက်ရာ အသက်မရှိသော ငါးတစ်ကောင်လို မြေကြီးပေါ်သို့ ပြုတ်ကျသွားခဲ့သည်။

"ဝုန်း"

ကျန်းချဲ့က ကောင်းကင်မှ ခုန်ဆင်းလာပြီး အားကောင်းသော ခြေထောက်ဖြင့် ဆောင့်နင်းလိုက်ရာ ချန်မင်ယာ၏ ခြေထောက် နှစ်ဖက်လုံး မြေကြီးထဲသို့ ကျွံဝင်သွားခဲ့သည်။

အနီရောင် အလင်းတန်းများ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီးနောက် ကျန်းချဲ့က ချန်မင်ယာကို အပေါ်စီးမှ နေ၍ စိုက်ကြည့်ကာ မေးလိုက်သည်။

"ဒီလောက်လေးပဲလား"

"မင်း မင်း ဘယ်လိုလုပ်ပြီး ဒီလောက်တောင် စွမ်းအားကြီးနေရတာလဲ"

ဒါက ချန်မင်ယာ လုံးဝ နားမလည်နိုင်ဆုံး အရာပင် ဖြစ်သည်။ သူ ရရှိထားသော သတင်းများအရ ကျန်းချဲ့က အတွင်းအားဖြစ်တည်ခြင်း အဆင့်တွင်သာ ရှိသေးပြီး စွမ်းအား အနည်းငယ် ကောင်းမွန်သော်လည်း လက်ခံနိုင်သော အတိုင်းအတာ အတွင်း၌သာ ရှိနေသေးသည်။

အနည်းဆုံးတော့ သွေးကြောပွင့် အဆင့် သိုင်းသမား တစ်ယောက်က ဝင်ရောက် တိုက်ခိုက်မည် ဆိုပါက ဘာအမှားအယွင်းမှ မဖြစ်နိုင်ဟု သူ ယုံကြည်ထားခဲ့သည်။ သို့သော် ထင်မှတ်မထားသော အခြေအနေများ ဖြစ်ပေါ်လာခဲ့သည်။

ကျန်းချဲ့က သူ့ကို အပြတ်အသတ် ဖိနှိပ် တိုက်ခိုက်နိုင်ခဲ့သည်။ အစပိုင်းတွင် အသာစီး ရခဲ့သည်မှလွဲ၍ ကျန်သည့် အချိန်များတွင် သူက အဆက်မပြတ် ရှုံးနိမ့်နေခဲ့သည်။ ခွန်အား တိုက်ခိုက်လိုစိတ် ရက်စက်မှု အားလုံးက တစ်ဖက်လူကို မယှဉ်နိုင်ခဲ့ပေ။

"အဲဒါက မင်း သိစရာ မလိုတဲ့ ကိစ္စပဲ ငါ့ကို ပြောစမ်း မင်းက ငါ့ရဲ့ လှုပ်ရှားမှုတွေကို ဘယ်လို သိသွားတာလဲ ဘယ်အချိန်ကတည်းက ငါ့နောက်ကို လိုက်နေတာလဲ အမှန်တိုင်း ပြောရင် မြန်မြန် သေခွင့်ပေးမယ် မပြောရင် မင်း မိသားစု တစ်ခုလုံးကို သတ်ပစ်မယ်”

All Chapters