← Chapters

အခန်း ၈၁၆

Vol. 55 Ch. 816

အခန်း ၈၁၆

Vol. 55 Ch. 816

အခန်း (၈၁၆) - တိုက်ပွဲစတင်ခြင်းနှင့် ရှေးဟောင်း အင်မော်တယ် နယ်မြေ (၃)

ကိုးဝိညာဉ်တောင်တန်းနှင့် အင်မော်တယ် တစ်သောင်း နန်းတော်တို့အကြား ဆွေးနွေးညှိနှိုင်းမှုများသည် တစ်ကျော့ပြန် ပျက်ပြားသွားခဲ့ရပြန်ပြီးနောက် ကိုးဝိညာဉ်တောင်တန်းသည် အင်မော်တယ် တစ်သောင်း နန်းတော်အပေါ် လျှို့ဝှက်လုပ်ကြံသတ်ဖြတ်မည့် အကွက်ချစီမံကိန်းများကို စတင်အကောင်အထည်ဖော်လေတော့သည်။

ထိုလအတွင်းမှာပင် အင်မော်တယ် တစ်သောင်း နန်းတော်ကလည်း ကိုးဝိညာဉ်တောင်တန်းအပေါ် အလုံးစုံစစ်ပွဲ ဆင်နွှဲတော့မည်ဖြစ်ကြောင်း တစ်ရားဝင်ကြေညာခဲ့၏။

ရှေ့တန်းထွက်ကျင့်ကြံသူများနှင့် သန်မာလှသော ခန္ဓာကိုယ်ကျင့်ကြံရေးစစ်တပ်ကြီးသည် ကိုးဝိညာဉ်တောင်တန်း၏ အင်မော်တယ်မြေကွက်များနှင့် နယ်နိမိတ်များကို သိမ်းပိုက်ရန်အတွက် ၎င်းတို့၏ အင်မော်တယ်မြို့တော်ကို ဝိုင်းရံပိတ်ဆို့ထားကြတော့သည်။

အမှောင်ထုထဲတွင်လည်း အင်မော်တယ် တစ်သောင်း နန်းတော်သည် အလားတူ လျှို့ဝှက်လုပ်ကြံမှုများကို ပြုလုပ်နေပြီး ကိုးဝိညာဉ်တောင်တန်းမှ လူများကို မိမိတို့ဘက်ပါလာစေရန် စည်းရုံးသိမ်းသွင်းနေခဲ့၏။

အင်မော်တယ်ဂိုဏ်းကြီးနှစ်ခုသည် တစ်ဦးကိုတစ်ဦး အသေသတ်မည့် တိုက်ပွဲကြီးကို တရားဝင်စတင်လိုက်ကြပြီဖြစ်သည်။

ဤတိုက်ပွဲမှတစ်ဆင့် ၎င်းတို့အနက် တစ်ဦးဦးကတော့ ဧကန်မုချ ပျက်စီးကျရှုံးသွားရပေလိမ့်မည်။

တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာ၏ အခြေအနေအရပ်ရပ်သည် ဤအဖြစ်အပျက်ကြောင့် တစ်ဖန်ပြန်၍ ရုတ်ရုတ်သဲသဲ ဖြစ်သွားရပြန်၏။

ချန်ကု အင်မော်တယ် မြို့တော်။

အတွင်းပိုင်းနယ်မြေရှိ အဆင့်သုံး အလယ်အလတ်အဆင့် ဂူစံအိမ်ငယ်လေးတစ်ခုအတွင်း။

စုယွီသည် အဆောင်လက်ဖွဲ့စာရွက်များ ပြုလုပ်ရာ ကျောက်ခန်းမဆောင်ထဲတွင် မျက်လုံးများကိုမှိတ်လျက် အတန်ကြာအောင် ငြိမ်သက်စွာ ထိုင်နေခဲ့သည်။ သူ၏ရှေ့မှောက်တွင် အဆင့်ငါး အဆင့်နိမ့် အင်းစာရွက်တစ်ရွက်နှင့်အတူ ၎င်းနှင့်သက်ဆိုင်သော အဆောင်လက်ဖွဲ့မင်ရည်များ.. အင်းရေးစုတ်တံများနှင့် အခြားပစ္စည်းများ စီရီစွာ ရှိနေကြ၏။ ဝမ်ယင်း မရေမတွက်နိုင်သော ပုံရိပ်ယောင် အဆောင်လက်ဖွဲ့ကျင့်စဉ်၏ နက်ရှိုင်းသော နားလည်သဘောပေါက်မှုများသည် သူ၏စိတ်အာရုံထဲတွင် တရိပ်ရိပ် ပေါ်လာနေခဲ့သည်။

အဆင့်ငါး အဆင့်နိမ့် ဝမ်ယင်း အဆောင်လက်ဖွဲ့စာရွက်တစ်ရွက်တွင် အသုံးပြုပုံချင်းမတူညီကြသော အဆောင်လက်ဖွဲ့စက္ကူရုပ် အမျိုးအစားပေါင်း တဆယ့်ခုနစ်မျိုးအထိ ပါဝင်လေသည်။

ပျံသန်းနိုင်သောဓားများ.. တိုက်ပွဲသုံးဓားမကြီးများ.. စစ်ပွဲသုံးလှံရှည်များ.. လေးနှင့်မြှားများ.. အင်မော်တယ်ချည်နှောင်ကြိုးများ.. အကာအကွယ်အလွှာများ.. ထို့အပြင် ပုံရိပ်ယောင်အသွင်ပြောင်းလဲခြင်း.. အမှောင်ထဲမှ ချောင်းမြောင်းလုပ်ကြံခြင်း.. အဆိပ်ခတ်ခြင်းနှင့် ကိုယ့်ကိုယ်ကိုယ်ဖောက်ခွဲဖျက်ဆီးခြင်း စသည်ဖြင့် မြောက်မြားစွာ ရှိကြ၏။

လက်ရှိအချိန်တွင် စုယွီသည် အဆင့်ငါး အဆင့်နိမ့် မြှားခပတ်ပုံရိပ် အဆောင်လက်ဖွဲ့ကျင့်စဉ်ကို ဆင်ခြင်သုံးသပ်နေခြင်းဖြစ်သည်။

လွန်ခဲ့သောနှစ်များက သူသည် မြေကမ္ဘာ အင်မော်တယ် စံအိမ်တွင် ရှိနေစဉ်ကပင် မြောက်မြားစွာသော အဆောင်လက်ဖွဲ့စာရွက်များကို ထုတ်လုပ်ခဲ့ဖူး၏။ သူ၏ အဆင့်လေး အဆင့်မြင့် ဝမ်ယင်း အဆောင်လက်ဖွဲ့ကျင့်စဉ် ကျွမ်းကျင်မှုသည်လည်း ရာခိုင်နှုန်း ခုနစ်ဆယ်မှ ရှစ်ဆယ်ကျော်အထိ တိုးတက်လာခဲ့ပြီဖြစ်ရာ အထွတ်အထိပ်အဆင့်သို့ ရောက်ရန် သိပ်မလိုတော့ချေ။

ယခုအခါ သူသည် အဆင့်ငါး အဆင့်နိမ့် ဝမ်ယင်း အဆောင်လက်ဖွဲ့စာရွက်များကို စတင်ဖန်တီးရန် ကြိုးစားနိုင်ပြီ ဖြစ်သည်။

အဆင့်ငါး အဆင့်နိမ့် ဝမ်ယင်း အဆောင်လက်ဖွဲ့စာရွက်တစ်ရွက်ချင်းစီ၏ စွမ်းအားသည် သိပ်ပြီးတော့ အရာမဝင်လှဟု ဆိုနိုင်သော်လည်း။

သူသည် ထိုအဆောင်လက်ဖွဲ့ပေါင်း ဒါဇင်နှင့်ချီ၍ သို့မဟုတ် ရာနှင့်ချီ၍ တစ်ပြိုင်နက်တည်း ထိန်းချုပ်နိုင်ခဲ့မည်ဆိုလျှင် ဘာဖြစ်သွားမည်နည်း။

စုယွီ၏ လက်ရှိ ရွှေပိုးကောင် ကျင့်စဉ် ဝိဉာဉ်စွမ်းအားနယ်ပယ်၏ ကျင့်ကြံမှုအဆင့်အရ သူသည် အဆင့်လေး အဆင့်မြင့် ဝမ်ယင်း အဆောင်လက်ဖွဲ့ပေါင်း နီးပါးနှစ်ရာခန့်ကို မိမိ၏ ကိုယ်ပွားများပမာ စိတ်ကြိုက် လှည့်ပတ်ထိန်းချုပ်နိုင်ခဲ့ဖူးသည်။

အကယ်၍ အဆင့်ငါး အဆင့်နိမ့် ဝမ်ယင်း အဆောင်လက်ဖွဲ့စာရွက်များသာဆိုလျှင် အနည်းဆုံး ဆယ်ရွက်ခန့်ကို လွယ်ကူစွာ ထိန်းချုပ်နိုင်မည်မှာ သေချာလှပေသည်။

ထို့အပြင် အဆင့်ငါး အဆင့်နိမ့် ဝမ်ယင်း အဆောင်လက်ဖွဲ့စာရွက်တစ်ရွက်၏ တိုက်ပွဲစွမ်းရည်သည်ပင် ဝိညာဉ်ခွဲထွက် အဆင့်အစောပိုင်း ကျင့်ကြံသူများကို ခြိမ်းခြောက်နိုင်စွမ်း ရှိနေ၏။

အဆင့်ငါး အဆင့်နိမ့် ဝမ်ယင်း အဆောင်လက်ဖွဲ့ဆယ်ရွက်ကိုသာ အခင်းအကျင်းဖွဲ့စည်းပုံဖြင့် ပူးပေါင်းအသုံးပြုလိုက်မည်ဆိုပါက သာမန် ဝိညာဉ်ခွဲထွက် အဆင့်အစောပိုင်း ပညာရှင်များကို အလွယ်တကူ ဖိနှိပ်အနိုင်ယူနိုင်မည်ဟု သူ ယုံကြည်မှုအပြည့် ရှိနေသည်။

ဝုန်း။

စုယွီ မျက်လုံးများကို ဖွင့်လိုက်၏။ သူ၏စိတ်အာရုံထဲတွင် ရွှေပိုးကောင် ကျင့်စဉ်သည် ချက်ချင်း လည်ပတ်သွားခဲ့ပြီဖြစ်သည်။ စိတ်တည်ငြိမ်ပြီး ဘာမျှမရှိသော လဟာပြင်ကဲ့သို့ အခြေအနေတွင် သူသည် ကျောက်စိမ်းစင်မြင့်ပေါ်မှ အဆင့်ငါး အဆင့်နိမ့် အင်းရေးစုတ်တံကို ကောက်ကိုင်လိုက်ကာ အထူးပြုလုပ်ထားသော အဆောင်လက်ဖွဲ့မင်ရည်ထဲသို့ နှစ်လိုက်ရင်း တန်ခိုးစွမ်းအားနှင့် ဝိဉာဉ်စွမ်းအားများကို စုတ်တံမှတစ်ဆင့် မင်ရည်ထဲသို့ ထူးခြားစွာ စီးဆင်းစေလိုက်တော့သည်။

အဆောင်လက်ဖွဲ့မင်ရည်သည် မှေးမှိန်သော အင်မော်တယ်အလင်းတန်းများဖြင့် တောက်ပလာခဲ့ပြီး အင်းရေးစုတ်တံ၏ ထိပ်ဖျားသည် အဆောင်လက်ဖွဲ့စာရွက်ပေါ်သို့ ထိတွေ့သွားခဲ့၏။

ဤအဆောင်လက်ဖွဲ့များကို စုတ်တံဖြင့် ရေးဆွဲနေခြင်းဟု ထင်မှတ်ရသော်လည်း လက်တွေ့တွင် စုတ်တံဟူသည်မှာ စွမ်းအားများ စီးဆင်းရာ လမ်းကြောင်းတစ်ခုမျှသာ ဖြစ်သည်။ စစ်မှန်သော အဆောင်လက်ဖွဲ့ပညာရပ်ဟူသည် မိမိ၏ ဝိဉာဉ်စွမ်းအားကို စုတ်တံအဖြစ် အသုံးပြု၍ အထူးပြုလုပ်ထားသော မင်ရည်များကို လှုပ်ခတ်စေကာ စာရွက်ပေါ်တွင် အခင်းအကျင်းများ ဖော်ဆောင်ခြင်းပင် ဖြစ်၏။

၎င်းသည် တာအိုကျင့်စဉ်တစ်ခုလုံးကို အဆောင်လက်ဖွဲ့စာရွက်ထဲတွင် ချိတ်ပိတ် သိမ်းဆည်းလိုက်ခြင်းမျိုး ဖြစ်သည်။

အကယ်၍ ၎င်းသည် စစ်မှန်သော တာအိုကျင့်စဉ်တစ်ခုဖြစ်ခဲ့လျှင် ပဲစေ့များကို စစ်သည်တော်များအဖြစ် ပြောင်းလဲပစ်နိုင်သည့် ထူးခြားဆန်းကြယ်မှုများကို ပြသနိုင်မည်ဖြစ်သော်လည်း အဆောင်လက်ဖွဲ့စာရွက်တစ်ခု ဖြစ်သွားသည့်အခါတွင်မူ စက္ကူရုပ်များကို ဖန်တီးပေးနိုင်သော ဝမ်ယင်း အဆောင်လက်ဖွဲ့ပညာရပ်ကဲ့သို့ ဖြစ်လာခဲ့ရခြင်းပင်။

ဝမ်ယင်း အဆောင်လက်ဖွဲ့ပညာရပ်၏ နောက်ကွယ်မှ အခြေခံကျသော တာအိုကျင့်စဉ်နှင့် ပတ်သက်၍ စုယွီသည် အချို့သောအရာများကို နားလည်သဘောပေါက်ထားသော်လည်း ထိုထူးခြားသော တာအို၏ အမွေအနှစ်ကို အပြည့်အဝ မရရှိထားသဖြင့် တစ်ခုခု လိုအပ်နေသကဲ့သို့ အမြဲ ခံစားနေရဆဲ ဖြစ်၏။

တာအိုသခင်မ ယွဲ့ ကိုယ်တိုင်ပင် ချီးကျူးရသော ဤအဆောင်လက်ဖွဲ့ပညာရပ်၏ နောက်ကွယ်မှ တာအိုသည် ဘယ်လိုမှ သာမန်မဖြစ်နိုင်ချေ။

အချိန်များသည် တဖြည်းဖြည်းနှင့် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။

စုယွီ၏ နဖူးပေါ်တွင် ချွေးစက်လေးများ ထွက်ပေါ်လာခဲ့ပြီး သူ၏ ဝိဉာဉ်စွမ်းအားနှင့် တန်ခိုးစွမ်းအားများသည်လည်း လျင်မြန်စွာ ကုန်ခမ်းလာခဲ့ရ၏။ သူသည် ဖျက်ဆီး၍မရသော အခြေခံအုတ်မြစ်ရှိပြီး ဓာတ်ကြီးငါးပါးလုံးကို အတူတကွ ပူးတွဲကျင့်ကြံထားခဲ့၍သာ တော်တော့သည်ဟု ဆိုရမည်။

မဟုတ်လျှင် မူလ ဝိညာဉ် အဆင့်မျှသာ ရှိသေးသော ကျင့်ကြံမှုဖြင့် အဆင့်ငါး အဆင့်နိမ့် အဆောင်လက်ဖွဲ့စာရွက်ကို စမ်းသပ်ဖန်တီးရန် မည်သို့မျှ အရည်အချင်း ပြည့်မီနိုင်မည် မဟုတ်ပါချေ။

သာမန်လူများဆိုလျှင် မူလ ဝိညာဉ် အဆင့်နှောင်းပိုင်းသို့ ရောက်ရှိနေသည့်တိုင်အောင် အဆင့်လေး အဆင့်မြင့် အဆောင်လက်ဖွဲ့စာရွက်ကိုပင် ဖန်တီးရန် ခက်ခဲလှပြီး အဆင့်လေး အဆင့်မြင့် အဆောင်လက်ဖွဲ့ဆရာကြီးတစ်ဦး ဖြစ်လာနိုင်ရန်အတွက် ကြီးမားလှသော ကြိုးပမ်းအားထုတ်မှုများနှင့် မြောက်မြားစွာသော စည်းစိမ်ဥစ္စာများကို ဖြုန်းတီးပစ်ရမည် ဖြစ်သည်။

သို့သော် ယခုအခါတွင် စုယွီသည် မူလ ဝိညာဉ် အဆင့်မျှဖြင့် အဆင့်ငါး အဆင့်နိမ့် အဆောင်လက်ဖွဲ့စာရွက်ကို စမ်းသပ်ဖန်တီးနေခြင်းပင်။

နှစ်နာရီကျော် ကြာမြင့်သွားခဲ့ပြီးနောက်။

ကျောက်စိမ်းစင်မြင့်ပေါ်မှ အဆောင်လက်ဖွဲ့စာရွက်သည် စူးရှတောက်ပသော ရွှေရောင်အလင်းတန်းများကို ထုတ်လွှတ်လာခဲ့ပြီး ဝိဉာဉ်စွမ်းအား လှိုင်းလုံးကြီးများသည် အရပ်မျက်နှာ အနှံ့အပြားသို့ ရိုက်ခတ်သွားခဲ့တော့သည်။ ကောင်းကင်နှင့်မြေကမ္ဘာ၏ စွမ်းအားများ စုဆုံဆင်းသက်လာမှုကြောင့် ဟာလာပြင်တစ်ခုလုံးသည်ပင် လှုပ်ခတ်တုန်ယင်နေသကဲ့သို့ ဖြစ်နေ၏။

စုယွီသည် နောက်သို့ ခြေလှမ်းနှစ်လှမ်းခန့် ဆုတ်လိုက်ပြီး လက်ကို ဝှေ့ယမ်းကာ ဝိဉာဉ်ကျောက်တုံး မြောက်မြားစွာကို ထုတ်ယူလိုက်ရင်း ကြီးမားလှသော ဝိဉာဉ်စွမ်းအားများကို ကျောက်စိမ်းစင်မြင့်ပေါ်ရှိ အဆင့်ငါး အဆင့်နိမ့် မြှားခပတ်ပုံရိပ် အဆောင်လက်ဖွဲ့စာရွက်ထဲသို့ စီးဆင်းစေကာ ၎င်းကို အပြီးသတ် ပုံဖော်လိုက်တော့သည်။

အဆင့်ငါး အဆင့်နိမ့် အဆောင်လက်ဖွဲ့စာရွက် အောင်မြင်စွာ ဖြစ်တည်လာသည့် လှုပ်ရှားမှုကြီးကို ပုံရိပ်ယောင်နှလုံးသားကျောက်တုံးနှင့် ထိန်းချုပ်ရေးအခင်းအကျင်းများက အပြည့်အဝ ဖုံးကွယ်ထားခဲ့သဖြင့် ဤသေးငယ်လှသော အဆင့်သုံး ဂူစံအိမ်လေး၏ အပြင်ဘက်သို့ စွမ်းအားများ လုံးဝ လွတ်မြောက်မသွားခဲ့ချေ။

တစ်နာရီ၏ လေးပုံတစ်ပုံခန့် ကြာမြင့်ပြီးနောက်။

အဆင့်ငါး အဆင့်နိမ့် မြှားခပတ်ပုံရိပ် အဆောင်လက်ဖွဲ့စာရွက်ပေါ်မှ လှုပ်ခတ်မှုများသည် နောက်ဆုံးတွင် ငြိမ်သက်သွားခဲ့ပြီး ၎င်း၏ အင်မော်တယ်အလင်းတန်းများသည်လည်း အတွင်းပိုင်းသို့ ပြန်လည်ဝင်ရောက် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

လက်တစ်ဝါးစာခန့်ရှိပြီး လေးတစ်စင်းကို ကိုင်ဆောင်ထားသော စက္ကူရုပ်လေးတစ်ခုသည် စုယွီ၏ ရှေ့မှောက်တွင် ပေါ်လာခဲ့၏။

ဤအဆင့်ငါး အဆင့်နိမ့် အဆောင်လက်ဖွဲ့စာရွက်မှ ထွက်ပေါ်နေသော အင်မော်တယ် စွမ်းအားကြီးကို ခံစားမိလိုက်စဉ် စုယွီ၏ မျက်နှာသည် တည်ကြည်လေးနက်သွားခဲ့ပြီး စိတ်ထဲမှ ရေရွတ်လိုက်သည်—

'ဒီကောင်... ဝိညာဉ်ခွဲထွက် အဆင့်ရဲ့ ပထမအလွှာက အထွတ်အထိပ် ပညာရှင်တစ်ယောက်နဲ့ ယှဉ်နိုင်မယ့်ပုံပဲ...'

အကယ်၍ သူသာ ပို၍ ကျွမ်းကျင်လာပြီး ပိုကောင်းသော ပစ္စည်းများကို အသုံးပြုနိုင်ခဲ့မည်ဆိုပါက ဝိညာဉ်ခွဲထွက် အဆင့် ဒုတိယအလွှာရှိ ပညာရှင်များနှင့် ရင်ဆိုင်နိုင်မည့် ဝမ်ယင်း အဆောင်လက်ဖွဲ့များကိုပင် ဖန်တီးနိုင်မည် ဖြစ်သည်။

'ဆက်လုပ်ရမယ်...'

စုယွီသည် လွန်စွာ ဝမ်းမြောက်သွားခဲ့ပြီး အဆောင်လက်ဖွဲ့စာရွက်ကို သိမ်းဆည်းလိုက်ကာ တင်ပျဉ်ခွေထိုင်လျက် သူ၏ တန်ခိုးစွမ်းအားနှင့် ဝိဉာဉ်စွမ်းအားများကို ပြန်လည်ဖြည့်တင်းရန်အတွက် ကျင့်ကြံနေလိုက်တော့သည်။

သူ၏ ဝိဉာဉ်စွမ်းအားများ အပြည့်အဝ ပြန်လည်ပြည့်ဖြိုးလာခဲ့ပြီးနောက် မြှားခပတ်ပုံရိပ် အဆောင်လက်ဖွဲ့စာရွက်ကို ထပ်မံဖန်တီးရန် စမ်းသပ်ပြန်၏။

သို့သော်လည်း ယခုတစ်ကြိမ်တွင်မူ ဖန်တီးခြင်းလုပ်ငန်းစဉ်၏ ထက်ဝက်ခန့်အရောက်၌ သဘာဝတရား၏ ဝိဉာဉ်စွမ်းအားများ အနည်းငယ် လှုပ်ခတ်သွားခဲ့မှုကြောင့် အဆောင်လက်ဖွဲ့စာရွက် ပျက်စီးသွားခဲ့ရသည်။

စုယွီ ခေါင်းကို ခါယမ်းလိုက်ရင်း ဆက်လက်၍ စမ်းသပ်ခြင်း မပြုတော့ချေ။

ထိုအစား သူသည် ဓာတ်ကြီးငါးပါး ကျင့်စဉ်ကို စတင်လေ့ကျင့်ပြီး ကောင်းကင်အင်မော်တယ် ခန္ဓာကိုယ်သန့်စင် ကျင့်စဉ်နှင့် ကန်းကျင်း ကောင်းကင် ဓား ကျင့်စဉ် အစရှိသော တာအိုကျင့်စဉ်များကို လေ့ကျင့်ရင်း ကျွမ်းကျင်မှုအမှတ်များ တိုးပွားလာစေရန် သူ၏ နေ့စဉ်ကျင့်ကြံခြင်း အလုပ်များကို လုပ်ဆောင်နေလိုက်တော့သည်။

နောက်တစ်နေ့ နံနက်ခင်းတွင်

စုယွီသည် အချိန်ကာလ တာအိုနယ်ပယ်ကို ရုပ်သိမ်းလိုက်ပြီး ပုစဉ်းပိုးတုံးလုံး အချိန်တာအိုကျင့်စဉ်ကိုလည်း ရပ်တန့်လိုက်၏။ ထို့နောက် သူ၏ ကျင့်ကြံမှု အရှိန်အဝါကို အမြုတေအဆင့် ခုနစ်ခုမြောက်အလွှာမျှသာ ရှိသကဲ့သို့ ဖုံးကွယ်လိုက်ပြီး လင်းလုံ အဆောင်လက်ဖွဲ့ စံအိမ်ဆီသို့ ခြေလှမ်းလှမ်းကာ ထွက်ခွာခဲ့တော့သည်။

ကူရှောက်ခွန်း ကျဆုံးသွားခဲ့ပြီး သုံးနှစ်အကြာတွင် တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာနှင့် ပင်လယ်မျိုးနွယ်စုတို့နှင့် ပတ်သက်သော သတင်းစကားတစ်ခုသည် ချန်ကု အင်မော်တယ် မြို့တော် တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့လေသည်။

တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာ၏ အင်မော်တယ် တစ်သောင်း နန်းတော်သည် တာ့ယန် အင်မော်တယ် မင်းဆက်နှင့် ပူးပေါင်းကာ ပင်လယ်မျိုးနွယ်စုထံမှ ရှင်းလင်းပြတ်သားသော တုံ့ပြန်မှုကို တောင်းဆိုလိုက်ကြပြီ ဖြစ်၏။

All Chapters