အခန်း ၈၁၇
Vol. 55 Ch. 817
အခန်း (၈၁၇) - တိုက်ပွဲစတင်ခြင်းနှင့် ရှေးဟောင်း အင်မော်တယ် နယ်မြေ (၄)
သို့သော်လည်း သူတို့သည် မမျှော်လင့်ဘဲ ဆန်းကြယ်လှသော ရွှမ်လိပ် ပင်လယ်မျိုးနွယ်စု၏ ပြင်းထန်လှသော ချောင်းမြောင်းတိုက်ခိုက်ခြင်းကို ခံလိုက်ရရှာတော့သည်။
ထိုအဖြစ်ကြောင့် တာ့ယန် အင်မော်တယ် မင်းဆက်နှင့် အင်မော်တယ် တစ်သောင်း နန်းတော်တို့သည်လည်း ဝိညာဉ်ခွဲထွက် အဆင့်နှောင်းပိုင်း ကျင့်ကြံသူတစ်ဦး၏ ခန္ဓာကိုယ်နှင့်အတူ ဝိညာဉ်ခွဲထွက် အဆင့်အစောပိုင်း သို့မဟုတ် အလယ်အလတ်အဆင့် ကျင့်ကြံသူတစ်ဦး၏ ခန္ဓာကိုယ်တို့ကို အသီးသီး ဆုံးရှုံးလိုက်ရသဖြင့် ကြီးမားလှသော အထိနာမှုကြီးနှင့် ရင်ဆိုင်လိုက်ရ၏။
ရွှမ်လိပ် ပင်လယ်မျိုးနွယ်စုက တရားဝင်ကြေညာလိုက်သည်မှာ အကယ်၍ တာ့ယန် အင်မော်တယ် မင်းဆက်နှင့် အင်မော်တယ် တစ်သောင်း နန်းတော်တို့သည် ဖူလင် ပင်လယ်နယ်နိမိတ်အတွင်းသို့ နောက်တစ်ကြိမ် ထပ်မံခြေချဝံ့ကြဦးမည်ဆိုပါက ပင်လယ်မျိုးနွယ်စုအနေဖြင့် သားရဲဒီရေလှိုင်းလုံးကြီးများကို အပြင်းအထန် နှိုးဆွပေးပြီးလျှင် ကမ်းခြေနယ်မြေတစ်ခုလုံးကို တိုက်ခိုက်ဖျက်ဆီးကာ ၎င်းတို့အားလုံးကို အမှုန့်ကြိတ်ပစ်မည်ဟု ခြိမ်းခြောက်လာခဲ့လေသည်။
ထိုအချိန်ကျမှပင် စုယွီသည် ယခင်က ချန်ကု အင်မော်တယ် မြို့တော်တွင် ရောက်ရှိနေခဲ့ကြသော ရွှမ်လိပ် ပင်လယ်မျိုးနွယ်စုဝင်များသည် အရိပ်အယောင်ပင်မပြဘဲ လုံးဝထွက်ခွာ ပျောက်ကွယ်သွားကြပြီဖြစ်ကြောင်း သိရှိလိုက်ရတော့၏။
ထိုနေ့ ညနေစောင်းအချိန်တွင် ကုန်းစွန်းမျိုးနွယ်စုမှ မိန်းမပျိုလေး ကုန်းစွန်းဇီယန်သည် အဆောင်လက်ဖွဲ့ စံအိမ်သို့ ရောက်ရှိလာခဲ့သည်။ သူမအား မြင်လိုက်ရသည်နှင့် စုယွီက အမှတ်မထင် လှမ်း၍ မေးမြန်းလိုက်၏။
“သခင်မလေး... ပင်လယ်မျိုးနွယ်စုကလေ.. ကျွန်တော်တို့ လူသားမျိုးနွယ်စုရဲ့ ပိုင်နက်နယ်မြေကို တကယ်ကြီး လာရောက်တိုက်ခိုက်ရဲတယ်လို့ ထင်သလားဗျ...”
ကုန်းစွန်းဇီယန်သည် စုယွီ၏အမေးကြောင့် ရုတ်တရက် အံ့ဩသွားဟန်ဖြင့် ဆွံ့အသွားရရှာသည်။
သူမသည် စုယွီထံမှ ဤကဲ့သို့သော မေးခွန်းမျိုးကို ကြားရလိမ့်မည်ဟု လုံးဝမမျှော်လင့်ထားခဲ့သောကြောင့်ပါ။
သို့သော်လည်း သူမက အဝေးကြီးတော့ လိုက်မတွေးမိပါ။ အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် ရွှမ်လိပ် ပင်လယ်မျိုးနွယ်စုနှင့် လူသားမျိုးနွယ်စု၏ အင်အားစုကြီးနှစ်ခုဖြစ်သော တာ့ယန် အင်မော်တယ် မင်းဆက်.. အင်မော်တယ် တစ်သောင်း နန်းတော်တို့နှင့် ပတ်သက်သည့် သတင်းစကားများက နေရာတိုင်းတွင် သဲသဲရုတ်ရုတ် ဆူညံမြည်ဟည်းလျက်ရှိနေသဖြင့် လူတိုင်းက ဤအကြောင်းအရာကိုသာ စိတ်ဝင်တစား ဆွေးနွေးနေကြသောကြောင့် ဖြစ်ပါ၏။
ကုန်းစွန်းဇီယန်က ချိုသာအေးဆေးစွာ ပြုံးရယ်လိုက်ရင်းမှ ပြန်လည်ချေပပြောဆိုလိုက်သည်။
“ရွှမ်လိပ် ပင်လယ်မျိုးနွယ်စုက ဘယ်လောက်ပဲ အစွမ်းထက်တယ်ဆိုဆို ဒါက ပင်လယ်ပြင်ထဲမှာပဲလေ... မြေပြင်ပေါ်ကိုသာ သူတို့ တက်လာရဲရင်တော့ ပျက်စီးခြင်းဆုလာဘ်ကို ချက်ချင်းရသွားမှာ သေချာတယ်...”
သူမက အနည်းငယ် တွေဝေသွားပြီးနောက် ဆက်ပြော၏။
“ဒါပေမဲ့ သူတို့က တခြားပင်လယ်မျိုးနွယ်စုတွေ.. မိစ္ဆာမျိုးနွယ်စုတွေနဲ့ ပူးပေါင်းပြီးတော့ တိုက်ခိုက်လာမယ်ဆိုရင်တော့ တစ်မျိုးပေါ့လေ... တာ့ယန် အင်မော်တယ် မင်းဆက်နဲ့ အင်မော်တယ် တစ်သောင်း နန်းတော်တို့ နှစ်ခုတည်းနဲ့တင် ရင်ဆိုင်ရမှာဆိုတော့ အရှုံးအနိုင်အဖြေကို တပ်အပ်ပြောဖို့က ခက်လိမ့်မယ်... ပြဿနာက ပိုပြီးတော့ ကြီးထွားမလာဖို့ပဲ ဆုတောင်းရမှာပေါ့...”
ဤအကဲဖြတ်မှုသည် စုယွီ စိတ်ထဲတွင် တွက်ဆထားသည့် အချက်နှင့် ထပ်တူထပ်မျှပါပင်။
ထို့ကြောင့် ရွှမ်လိပ် ပင်လယ်မျိုးနွယ်စုသည် တာ့ယန် အင်မော်တယ် မင်းဆက်.. အင်မော်တယ် တစ်သောင်း နန်းတော်တို့နှင့် စစ်ပွဲကြီး ဖြစ်ပွားခဲ့သည်တိုင်အောင် အခြားသောအင်အားစုများအပေါ် ရိုက်ခတ်မှု ရှိလာနိုင်ခြေ လုံးဝမရှိချေ။
တာ့ချန်း အင်မော်တယ် မဟာမိတ်အဖွဲ့ကြီးနှင့် ပတ်သက်၍မူ...
မည်သည့်အမှုကိစ္စတွင် ဝင်ရောက်စွက်ဖက်ရမည်.. မည်သည့်အမှုကိစ္စတွင် လက်ပိုက်ကြည့်နေရမည် ဆိုသည်ကိုမူ သူ၏ဂိုဏ်းတူအစ်ကိုကြီးဖြစ်သော တာအိုသခင်ကြီး ဟုန်ယွဲ့သည် ကိုယ်ပိုင်ဆင်ခြင်တုံတရားဖြင့် ချက်ကျလက်ကျ ဆုံးဖြတ်လိမ့်မည်ဟု စုယွီ ယုံကြည်ထား၏။ ထို့ကြောင့် မြေကမ္ဘာ အင်မော်တယ် စံအိမ်အဖို့ ကြီးမားသော ဘေးရန်ပြဿနာများနှင့် ရင်ဆိုင်ရလိမ့်မည် မဟုတ်ချေ။
'ဒါဆိုရင်လည်း သူတို့ဘာသာသူတို့ တိုက်ကြပစေ... နှစ်ပေါင်းရာချီအောင် သည်းကြီးမည်းကြီး တိုက်ခိုက်နေကြရင် ပိုတောင်ကောင်းသေးတယ်...'
စုယွီ ရင်ထဲ၌ ကြိတ်ပြုံးလိုက်မိသည်။
ထိုအချိန်ကျမှသာ သူသည် ၎င်းတို့ကို တစ်ယောက်ပြီးတစ်ယောက် အေးဆေးစွာ ရှင်းလင်းပစ်နိုင်မည် မဟုတ်ပါလား။
သို့နှင့် နောက်ထပ် အချိန်ဝက်ခန့် ကုန်လွန်သွားခဲ့ပြန်ပြီပင်။
တစ်ရက်တွင် လှပကျော့ရှင်းလှသော အမျိုးသမီးကြီး တစ်ဦးသည် သူမ၏ အစေခံမိန်းကလေးများနှင့်အတူ လင်းလုံ အဆောင်လက်ဖွဲ့ စံအိမ်သို့ ရောက်ရှိလာခဲ့၏။ ဆိုင်တာဝန်ခံသည် ကပျာကယာဖြင့် အထဲသို့ ဝင်သွားပြီး စုယွီအား လှမ်းခေါ်လိုက်သဖြင့် စုယွီလည်း ထွက်လာခဲ့ရ၏။
စုယွီတို့သည် ချန်ကု အင်မော်တယ် မြို့တော်၏ ထိပ်သီးမျိုးနွယ်စုကြီးဖြစ်သော ယင်းမျိုးနွယ်စုမှ ရောက်ရှိလာသည့် ဤအဖိုးတန်ဧည့်သည်တော်ကြီးအား အတူတကွ ပျူငှာစွာ ဆက်ဆံဧည့်ခံကြရတော့သည်။
ထိုသူမကား ယင်းမျိုးနွယ်စု၏ ဩဇာအရှိန်အဝါကြီးမားသော သခင်မလေး.. အထက်တန်းကျလှသော ယင်းယို ပင် ဖြစ်ပါ၏။
“နင် အခုထိ အဆင့်မြင့် အဆင့်သုံး ဝမ်ယင်း အဆောင်လက်ဖွဲ့စာရွက်တွေကို မဖန်တီးနိုင်သေးဘူးလား...”
ယင်းယိုသည် စုယွီ၏ မျက်နှာကို စိမ်းစိမ်းကြည့်ကာ စူးစိုက်မေးမြန်းလိုက်သည်။ သူမ၏ မျက်ဝန်းအစုံထဲတွင် လျှို့ဝှက်ဆန်းကြယ်သော အလင်းတန်းတစ်ခု ရိပ်ခနဲ ဖြတ်ပြေးသွား၏။
ထိုတဒင်္ဂအတွင်း စုယွီသည် မိမိ၏ ခန္ဓာကိုယ်တစ်ခုလုံးကို တစ်စုံတစ်ယောက်က ထိုးဖောက်စူးစမ်းကြည့်နေသကဲ့သို့ ခံစားလိုက်ရသည်။
ကံကောင်းသည်မှာ သူသည် နက်နဲလှသော အင်မော်တယ် ယင်း စာလုံး အမွေအနှစ်အား ကောင်းစွာကျင့်ကြံအားထုတ်ထားခဲ့ဖူး
သဖြင့် မိမိ၏ ခန္ဓာကိုယ်အတွင်းပိုင်း စွမ်းအားများနှင့် ကျင့်ကြံမှုအရှိန်အဝါများကို ဖုံးကွယ်ထားနိုင်သော ထူးခြား နည်းလမ်းများကို ပိုင်ဆိုင်ထားပါ၏။
ထို့ကြောင့် ယင်းမျိုးနွယ်စု၏ ဤသခင်မလေးသည် သူ၏ ရုပ်ဖျက်ထားမှုကို ဘယ်နည်းနှင့်မျှ ရိပ်မိနိုင်စွမ်း ရှိလိမ့်မည်မဟုတ်ချေ။
စုယွီသည် ကသိကအောက် ဖြစ်သွားသည့်အမူအရာဖြင့် ကိုယ့်ကိုယ်ကိုယ် အားယူလျက် ဦးခေါင်းကို အောက်သို့ အလောတကြီး ငုံ့ထားလိုက်ရင်းမှ ထစ်ထစ်ငေါ့ငေါ့ ပြန်လည် တုံ့ပြန်လိုက်၏။
“ဟို... မတတ်နိုင်သေးပါဘူး.. သခင်မလေး... ကျွန်တော့်မှာ သိုင်းပါရမီဆိုလို့ ဘာမှ ကောင်းကောင်းမရှိပါဘူး... အခုထိလည်း ကျွန်တော့်ရဲ့ ကျင့်ကြံခြင်းအဆင့်က အမြုတေအဆင့် ခုနစ်လွှာမှာပဲ ရှိပါသေးတယ်...”
ယင်းယိုသည် အတန်ကြာအောင် စဉ်းစားတွေးတောနေပြီးမှ ဆက်၍ ညွှန်ကြားလိုက်လေသည်။
“ကောင်းပြီလေ... ဒါဆိုရင်လည်း နင်တို့ရဲ့ အဆောင်လက်ဖွဲ့ ခန်းမဆောင်ကနေပြီးတော့ ငါ့အတွက် အလယ်အလတ်အဆင့် အဆင့်သုံး ဝမ်ယင်း အဆောင်လက်ဖွဲ့ အမျိုးအစားတခုစီအလိုက် အရေအတွက် တစ်ရာစီ ချက်ချင်း ပြင်ဆင်ပေးထားပါ... အချိန်တစ်နှစ်ပေးမယ်... တစ်နှစ်အတွင်း အားလုံးအပြီးသတ် အကောင်အထည်ဖော်ပေးရမယ်... ဘယ်လိုလဲ ၊ လုပ်နိုင်ပါ့မလား...”
ဆိုင်တာဝန်ခံသည် လွန်စွာ ခက်ခဲလှသော ထိုတောင်းဆိုချက်ကို ကြားလိုက်ရသောအခါ အလွန်ထိတ်လန့်သွားပြီး ဘာပြန်ပြောရမှန်းမသိဘဲ စုယွီ၏ မျက်နှာကို ကြည့်လိုက်သည်။
အဆင့်သုံး အလယ်အလတ်အဆင့် ဝမ်ယင်း အဆောင်လက်ဖွဲ့စာရွက်ဟူသည် အမျိုးအစားပေါင်း တဆယ့်ခုနစ်မျိုးအထိ ရှိပေရာ အားလုံးစုစုပေါင်းလျှင် တစ်ထောင် ခုနစ်ရာတိတိ ဖြစ်နေပါ၏။
ထို့ပြင် အချိန်ကာလကလည်း တစ်နှစ်တည်းသာ ရှိသေးသည်။
စုယွီသည် အသက်ကို ပြင်းစွာ ရှူသွင်းလိုက်ပြီး ခက်ခဲနေသည့်ဟန်ဖြင့်...
“ကျွန်တော် အစွမ်းကုန် ကြိုးစားပေးပါ့မယ်...”
ယင်းယိုသည် စရန်ငွေများကို အပ်နှံပြီးနောက် အစေခံများနှင့်အတူ ဆိုင်ထဲမှ ပြန်လည်ထွက်ခွာသွားခဲ့၏။ ထိုအခါမှသာ ဆိုင်တာဝန်ခံသည် သက်ပြင်းရှည်ကြီး ချလိုက်ရင်း စိတ်မသက်မသာဖြင့် စုယွီအား ပြောလာခဲ့သည်။
“အဆောင်လက်ဖွဲ့ ဆရာပိုင်... မင်းကလည်း သိပ်အလောတကြီး ကတိပေးလိုက်တာပဲ... အချိန်တစ်နှစ်အတွင်းမှာ အဆင့်သုံး အလယ်အလတ်အဆင့် ဝမ်ယင်း အဆောင်လက်ဖွဲ့စာရွက်ပေါင်း တစ်ထောင် ခုနစ်ရာလုံးကို ဘယ်လိုနည်းနဲ့ အကုန်အပြီးသတ် ဖန်တီးနိုင်မှာလဲ... မင်း တကယ် လုပ်နိုင်လို့လား...”
စုယွီက မချိပြုံးပြုံးလိုက်ရင်းမှ...
“မတတ်နိုင်ဘူးလေ... ကျွန်တော် အချိန်ကိုပဲ ဖျစ်ညှစ်ပြီးတော့ ကြိုးစားရမှာပေါ့... ပြီးတော့ အရင်က ကျန်နေတဲ့ လက်ကျန်အဟောင်းလေးတွေလည်း ရှိနေသေးတော့ အဲဒါတွေနဲ့ ပေါင်းစပ်လိုက်ရင် လောက်ငသွားလိမ့်မယ် ထင်ပါတယ်ဗျ...”
စုယွီသည် ဤကဲ့သို့ ကြီးမားလှသော အမှာစာကြီး တစ်ခုကို လက်ခံရရှိခဲ့သဖြင့် ဆိုင်တာဝန်ခံသည်လည်း အလွန်ဝမ်းသာအားရဖြစ်နေပြီး ညင်သာသောလေသံဖြင့်...
“မင်း လုပ်တာ မှန်ပါတယ်... အကယ်၍ မင်းသာ ယင်းယို သခင်မလေးနဲ့ ရင်းနှီးခင်မင်ခွင့်ရမယ်ဆိုရင် ဒါဟာ မင်းအတွက်ရော၊ တို့ရဲ့ ခေါင်းဆောင်ကြီးအတွက်ပါ အများကြီး အကျိုးရှိသွားစေမှာ သေချာတယ်...”
စုယွီကတော့ ဆိုင်တာဝန်ခံ၏ စကားကို စိတ်ထဲမှာ အရေးတယူ မရှိလှပါ။
ယင်းယို လိုအပ်သော အဆောင်လက်ဖွဲ့စာရွက်များကို ဖန်တီးပေးရန်ဟူသည် သူ့အဖို့ လက်တစ်ဖက်တည်းနှင့်ပင် လွယ်ကူစွာ လုပ်ဆောင်နိုင်သော အမှုကိစ္စငယ် တစ်ခုမျှသာ မဟုတ်ပါလား။
သို့သော်လည်း ဤအမှန်တရားကိုတော့ မည်သူ့ကိုမှ ဖွင့်ဟပြောပြ၍ မဖြစ်နိုင်ချေ။
ဤသို့ဖြင့် နောက်ထပ် အချိန်တစ်နှစ်ခန့် ကုန်လွန်သွားခဲ့ပြန်ပြီ ဖြစ်သည်။
လင်းလုံ အဆောင်လက်ဖွဲ့ စံအိမ်၏ အမှာစာအားလုံးကို အောင်မြင်စွာ ပေးပို့ပြီးစီးခဲ့ပြီ ဖြစ်၏။ သို့သော်လည်း ထိုနှစ်အတွင်း၌ ချန်ကု အင်မော်တယ် မြို့တော်အတွင်းရှိ ဆေးလုံးများ.. အဆောင်လက်ဖွဲ့စာရွက်များ.. မှော်လက်နက်များနှင့် အခြားသော ကျင့်ကြံရေးပစ္စည်းများ၏ ဈေးနှုန်းများသည် သိသာစွာ ခေါင်ခိုက်တက်လှမ်းလာခဲ့ရသည်တည်း။
တာ့ယန် အင်မော်တယ် မင်းဆက်နှင့် အင်မော်တယ် တစ်သောင်း နန်းတော်တို့သည် ရွှမ်လိပ် ပင်လယ်မျိုးနွယ်စုအပေါ် စစ်ပွဲကြီးကို တရားဝင်ဆင်နွှဲလိုက်ကြပြီဖြစ်ရာ စစ်ပွဲအတွင်း အသုံးပြုရန်အတွက် မြောက်မြားစွာသော ပစ္စည်းများကို အလုံးအရင်းဖြင့် လိုက်လံဝယ်ယူ စုဆောင်းနေကြသောကြောင့် ဖြစ်ပေသည်။
လဝက်ခန့် ကြာပြီးနောက်တွင်
ကုန်းစွန်းဇီယန်သည် အဆောင်လက်ဖွဲ့ စံအိမ်သို့ ရောက်ရှိလာခဲ့ပြီး ဆိုင်တာဝန်ခံနှင့် စုယွီတို့ကို ခေါ်ယူကာ အရေးကြီးသောအကြောင်းအရာတစ်ခုကို ပြောပြလာခဲ့၏။
“မိစ္ဆာမျိုးနွယ်စုကြီးတွေထဲက ထိပ်သီးမျိုးနွယ်စုတစ်ခုဖြစ်တဲ့ လုံမင်မျိုးနွယ်စုရဲ့ ခေါင်းဆောင်တစ်ယောက်က ချန်ကျိုးနယ်မြေအတွင်းမှာ ရှိနေတဲ့ ကြီးမားလှတဲ့ မိစ္ဆာမျိုးနွယ်စု ဆယ့်နှစ်ယောက်ကျော်ကို စုစည်းလိုက်ပြီတဲ့...”
သူမက အသက်ကို အနည်းငယ် ရှူသွင်းလိုက်ပြီး ဆက်ပြောသည်။
“မကြာသေးခင်ကတင် သူတို့က ချန်ကု အင်မော်တယ် မြို့တော်ဆီကို ဖိတ်စာတွေ ပို့လာခဲ့ကြတယ်... လူသားမျိုးနွယ်စုထဲက ပါရမီရှင် သိုင်းသမားတွေကို ရှေးဟောင်း ဝိညာဉ် အပျက်အစီး နယ်မြေဆီ လာခဲ့ဖို့ ဖိတ်ခေါ်တာပဲ... အဲဒီနေရာမှာ စမ်းသပ်ပွဲတွေ.. သိုင်းပညာပြိုင်ပွဲတွေ ကျင်းပမလို့တဲ့...”
“ဒီပြိုင်ပွဲက နောက်တစ်နှစ်မှာ စတင်မှာဖြစ်ပြီး ဆယ်နှစ်တိတိ ကြာမြင့်မယ်လို့ ပြောတယ်... အသက် ငါးရာအောက် ရှိတဲ့ လူသားမျိုးနွယ်စုဝင်တွေနဲ့ မိစ္ဆာမျိုးနွယ်စုဝင်တွေဆိုရင် အကန့်အသတ်မရှိ ဝင်ရောက်ယှဉ်ပြိုင်နိုင်တယ်တဲ့...”
ကုန်းစွန်းဇီယန်၏ မျက်နှာတွင် စိုးရိမ်ပူပန်မှုနှင့် စိတ်လှုပ်ရှားမှုများ ပေါင်းစပ်ပေါ်လွင်နေလျက် ဆက်၍...
“ရှေးဟောင်းမြေကွက်ထဲကို ရောက်သွားပြီဆိုရင်တော့ အသက်အန္တရာယ်အတွက် ဘယ်သူကမှ တာဝန်မယူဘူး... ဒါပေမဲ့ လူသားမျိုးနွယ်စုနဲ့ မိစ္ဆာမျိုးနွယ်စုရဲ့ ထိပ်သီးအင်အားစုတွေ အားလုံးကလည်း ဒီပြိုင်ပွဲအတွက် ကြီးမားလှတဲ့ ရတနာပစ္စည်းတွေကို ဆုလာဘ်အဖြစ် ပုံအောထည့်ဝင်ထားကြတာဆိုတော့ ဒါဟာ မရေမတွက်နိုင်တဲ့ အခွင့်အရေးကောင်းကြီးတစ်ခုပဲ ပေါ့... ဒါကြောင့်မို့ တို့လည်း ဒီရှေးဟောင်းမြေကို သွားပြီး ကံစမ်းကြည့်မလို့ စိတ်ကူးထားတယ်...”
ထို့နောက် သူမက စုယွီအား ကြည့်လျက်...
“ဒီကြားထဲမှာတော့ တို့ရဲ့ အဆောင်လက်ဖွဲ့ စံအိမ်ကို အဆောင်လက်ဖွဲ့ဆရာပိုင်တို့ လက်ထဲပဲ လွှဲထားခဲ့ရတော့မှာပေါ့နော်…”