← Chapters

အခန်း ၈၁၈

Vol. 55 Ch. 818

အခန်း ၈၁၈

Vol. 55 Ch. 818

အခန်း (၈၁၈) - အဆင့်ငါး ကန်းကျင်း ကောင်းကင်ဓား ကျင့်စဉ်နှင့် ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ်

ကုန်းစွန်းဇီယန်သည် အဆောင်လက်ဖွဲ့ စံအိမ်ဆီသို့ အလောတကြီး တစ်ခေါက် ရောက်ရှိလာခဲ့ပြီး အတွင်း၌ သိုလှောင်ထားသော အဆောင်လက်ဖွဲ့စာရွက် အများစုကို သိမ်းကျုံးယူဆောင်လျက် ထိုနေရာမှ ကြာကြာမဆိုင်းဘဲ ချက်ချင်း ပြန်လည်ထွက်ခွာသွားခဲ့လေ၏။

ထွက်ခွာသွားသော ကုန်းစွန်းဇီယန်၏ ကျောပြင်ကို ကြည့်ရင်း စုယွီ စိတ်ထဲတွင် သိလိုစိတ်များ တဖွဖွ ပေါ်လာခဲ့သဖြင့် ဘေးနားရှိ ဆိုင်တာဝန်ခံအား လှမ်း၍ မေးမြန်းလိုက်တော့သည်။

“ဒီသခင်မလေး ပြောသွားတဲ့ ရှေးဟောင်း နယ်မြေ ဆိုတာက ဘယ်လိုမျိုး လျှို့ဝှက်ဆန်းကြယ်တဲ့ နယ်မြေမျိုးလဲ... တကယ်ပဲ ဘယ်လိုနေရာမျိုးလဲ ဆရာ...”

ဆိုင်တာဝန်ခံသည် အတန်ကြာအောင် တွေဝေဆင်ခြင်နေပြီးမှ ခပ်တိုးတိုး ဆိုလာခဲ့၏။

“ငါ ထင်တာတော့ အဲဒီနေရာက ရှေးဟောင်းခေတ်တုန်းက လူသားမျိုးနွယ်စုနဲ့ မိစ္ဆာမျိုးနွယ်စုတို့ သည်းကြီးမည်းကြီး တိုက်ခိုက်ခဲ့ကြတဲ့ စစ်မြေပြင်ဟောင်းကြီး တစ်ခု ဖြစ်လိမ့်မယ်...”

ထိုစကားကို ကြားလိုက်ရသောအခါ စုယွီ ရင်ထဲတွင် ထိတ်ခနဲ တုန်လှုပ်သွားရတော့သည်။

လူသားမျိုးနွယ်စုနှင့် မိစ္ဆာမျိုးနွယ်စုတို့ စစ်ပွဲဆင်နွှဲခဲ့ကြသည့် ရှေးဟောင်းစစ်မြေပြင်ကြီးတဲ့လား...။

တာဝန်ခံက လေသံကို လျှော့၍ ဆက်ပြောပြန်၏။

“အဲဒီ ရှေးဟောင်းစစ်မြေပြင်ကြီးထဲမှာ ရှေးခေတ်ကျင့်ကြံသူတွေရဲ့ မရေမတွက်နိုင်တဲ့ အမွေအနှစ်တွေရှိသလို ခွန်အားကြီးမားတဲ့ မိစ္ဆာအိုကြီးတွေရဲ့ ရုပ်အလောင်းတွေလည်း ရှိနေတယ်... ဒါပေမဲ့ အန္တရာယ်ကတော့ နေရာတိုင်းမှာပဲ... ပိုပြီး ကြောက်စရာကောင်းတာက အဲဒီနေရာမှာ ရာစုနှစ်ပေါင်းများစွာ နာကြည်းမှုတွေနဲ့ တည်ရှိနေခဲ့တဲ့ မိစ္ဆာဝိညာဉ်တွေနဲ့ မိစ္ဆာချီစွမ်းအားတွေက ကိုယ်ပိုင်အသိဉာဏ်တွေရပြီး နတ်ဆိုးတွေအသွင် ပြောင်းလဲကုန်ကြတာပဲ... သူတို့က အဲဒီမြေရိုင်း တစ်ခုလုံးမှာ သောင်းကျန်းနေကြတာ...”

“ဒါတင်မကသေးဘူး... တစ်ဆင့်စကား တစ်ဆင့်ပြောတာ ကြားဖူးတာတော့ အဲဒီနေရာဟာ ရှေးဟောင်း အင်မော်တယ်တွေရဲ့ သချ်ိုင်းမြေလည်း ဖြစ်တယ်တဲ့... အင်မော်တယ်ဖြစ်ခြင်းရဲ့ လျှို့ဝှက်ချက်တွေ ကိန်းဝပ်နေတယ်ပေါ့လေ... ဒါကြောင့်မို့ လူသားပဲဖြစ်ဖြစ် မိစ္ဆာပဲဖြစ်ဖြစ် ကိုယ့်ရဲ့ အသက်သက်တမ်း ကုန်ခါနီးလို့ လမ်းဆုံးရောက်နေတဲ့ ကျင့်ကြံသူအိုကြီးတွေဟာ အဲဒီနေရာကို သွားပြီး အမှန်တရားကို ရှာဖွေရင်းနဲ့ပဲ နောက်ဆုံးမှာ အသက်ပျောက်ကုန်ကြရတာ အများကြီးပဲ...”

“ခြုံပြောရရင်တော့ အဲဒီနေရာက သိပ်ကို ကြောက်စရာကောင်းပြီး ရက်စက်တဲ့ နယ်မြေတစ်ခုပဲ...”

ပြောပြောဆိုဆိုနှင့် တာဝန်ခံ၏ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်သော အရိပ်အယောင်များ ယှက်သမ်း ပေါ်လာခဲ့ပြီး ခေါင်းခါယမ်းလျက်…

“ဒီတစ်ခါ ချန်ကုမြို့က ပါရမီရှင်တွေနဲ့ မိစ္ဆာမျိုးနွယ်စုတွေရဲ့ ပြိုင်ပွဲကြီးမှာ သခင်မလေး ကုန်းစွန်း ပါဝင်ဆင်နွှဲဖို့ ဆုံးဖြတ်လိုက်တာကတော့ နည်းနည်း စိတ်စောလွန်းရာ ကျနေပြီ...”

“လွန်ခဲ့တဲ့ နှစ်ပေါင်း မြောက်မြားစွာတည်းက ရာစုနှစ်အနည်းငယ် ကြာတိုင်းမှာ မိစ္ဆာမျိုးနွယ်စုတွေက ငါတို့ကို အဲဒီ ရှေးဟောင်း ဝိညာဉ် အပျက်အစီး နယ်မြေဆီ လာခဲ့ဖို့ ဖိတ်ခေါ်တတ်ကြတာပဲ... သူတို့ရဲ့ တကယ့်ရည်ရွယ်ချက်က သူတို့ရဲ့ ဘိုးဘေးမိစ္ဆာအိုကြီးတွေရဲ့ အမွေအနှစ်ကို ရှာဖွေဖို့တင် မဟုတ်ဘူး... ငါတို့ လူသားမျိုးနွယ်စုရဲ့ မျိုးဆက်သစ် ပါရမီရှင်တွေကို အကွက်ချပြီး သတ်ဖြတ်ချင်တာ... ငါတို့ဘက်က ခွန်အားကြီးတဲ့ ကျင့်ကြံသူအဆင့်ဆင့် ပေါ်ထွက်လာမယ့် လမ်းကြောင်းကို အမြစ်ဖြတ်ပစ်ချင်တာပဲ...”

“ဒါ့အပြင် အခုအချိန်မှာ တာ့ယန် အင်မော်တယ် မင်းဆက်နဲ့ တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာရဲ့ အင်မော်တယ် တစ်သောင်း နန်းတော်တို့ကလည်း ပင်လယ်ပြင်က ပင်လယ်မျိုးနွယ်စုတွေနဲ့ ပြင်းထန်စွာ တိုက်ခိုက်နေကြရတာ... မိစ္ဆာမျိုးနွယ်စုရဲ့ ထိပ်သီး လုံမင်မျိုးနွယ်စုက ဒီအချိန်ကြီးမှ ပြိုင်ပွဲကို စတင်လိုက်တာကတော့ ငါတို့ကို ကြားထဲကနေ ဝင်မရှုပ်စေချင်လို့ပဲ ဖြစ်ရမယ်...”

စုယွီ အံ့အားသင့်သွားမိသည်မှာ အမှန်ပင်။ သူသည် ရှေးဟောင်း ဝိညာဉ် အပျက်အစီး နယ်မြေ၏ နောက်ကွယ်မှ သမိုင်းကြောင်းများနှင့် ပတ်သက်၍ လုံးဝမသိရှိထားခဲ့မိချေ။

သူက ပိုမိုသိရှိလိုသဖြင့် တာဝန်ခံအား ဇာစ်မြစ်ကို ချက်ကျလက်ကျ ထပ်မံမေးမြန်းလိုက်ပြန်သည်။

လက်ရှိအချိန်တွင် ဆိုင်၌ အခြားအရေးကြီးသော အလုပ်များ မရှိသေးသဖြင့် တာဝန်ခံကလည်း စုယွီနှင့် စကားပြောရသည်ကို သဘောကျကာ အေးအေးဆေးဆေးပင် ရှင်းပြလာခဲ့၏။

“ရှေးဟောင်း ကောင်းကင်အင်မော်တယ် စံအိမ်ကြီး ပျက်စီး

ပြိုလဲသွားခဲ့ရတာဟာလည်း ဒီ ရှေးဟောင်း ဝိညာဉ် အပျက်အစီး နယ်မြေနဲ့ ဆက်စပ်နေတာပေါ့ကွာ... လူသားမျိုးနွယ်စုနဲ့ မိစ္ဆာမျိုးနွယ်စုတို့ရဲ့ စစ်ပွဲကြီးဆိုတာ အလကား လျှောက်တွေးထားတာ မဟုတ်ဘူး... ရှေးဟောင်းမှတ်တမ်းတွေအရ ရှေးခေတ်တုန်းက မိစ္ဆာအိုကြီးတွေဟာ အခုခေတ် မိစ္ဆာတွေထက် အဆမတန် စိတ်တိုလွယ်ပြီး ရက်စက်ကြမ်းကြုတ်ကြတယ်..”

“စကားနည်းနည်းများတာနဲ့တင် သွေးချောင်းစီးအောင် တိုက်ခိုက်တတ်ကြတာမို့ လူသားနဲ့ မိစ္ဆာကြားမှာ အမြဲတမ်း မုန်တိုင်းထန်ခဲ့ရတာ...”

“လုံမင်မျိုးနွယ်စု ဆိုတာက အဲဒီ ရှေးခေတ်မိစ္ဆာအိုကြီးတွေရဲ့ သွေးစွမ်းအင်ကနေ ဆင်းသက်လာတာ... ဒါကြောင့်မို့ သူတို့ရဲ့ သွေးမျိုးဆက် ခွန်အားက မယုံနိုင်လောက်အောင် သန်မာတယ်... ကောလဟာလတွေအရဆိုရင် မီးဓာတ်ကို စိတ်ကြိုက်ထိန်းချုပ်နိုင်တဲ့ လုံမင်မျိုးနွယ်စုရဲ့ ရှေ့မှောက်မှာဆိုရင် အစွမ်းထက်လှပါတယ်ဆိုတဲ့ နဂါးပျံတွေတောင်မှ မသောင်းကျန်းရဲကြဘူးတဲ့...”

“လုံမင်မျိုးနွယ်စုက မြွေမိစ္ဆာတွေနဲ့ နဂါးပျံတွေရဲ့ ကလဲ့စားချေရာ ရန်သူကြီး ဖြစ်ပေမဲ့ တစ်ဖက်မှာလည်း အဲဒီ သတ္တဝါတွေအတွက်တော့ လုံမင်မျိုးနွယ်စုရဲ့ အသားနဲ့ သွေးစွမ်းအင်ဟာ သူတို့ရဲ့ သွေးမျိုးဆက်ကို အဆင့်ဆင့် တိုးတက်ပြောင်းလဲစေနိုင်တဲ့ ပြိုင်ဘက်ကင်း အဖိုးတန် နတ်ဆေးအမြုတေကြီး ဖြစ်နေပြန်တာပေါ့...”

“ဒါကြောင့်မို့လို့... ဆရာပိုင်... အကယ်၍ တစ်နေ့နေ့မှာ လုံမင်မျိုးနွယ်စုက လူတစ်ယောက်ယောက်နဲ့ ရင်ဆိုင်တိုးခဲ့မယ်ဆိုရင် ပြေးနိုင်ရင် အမြန်ဆုံးပြေး... မပြေးနိုင်ရင်တော့ ငါလည်း ဆရာပိုင်အတွက် အမွှေးတိုင်လေးပဲ ထွန်းပေးပြီး ဆုတောင်းပေးနိုင်တော့မှာပဲ...”

စုယွီ ‘...’

‘ကိုယ့်ဆရာ... ခင်ဗျားရဲ့ စေတနာစကားအတွက် ကျေးဇူးတင်ရမလိုပဲပေါ့…’

“ဒီ ရှေးဟောင်း ဝိညာဉ် အပျက်အစီး နယ်မြေရဲ့ ပြိုင်ပွဲကို ဘယ်အင်အားစုကမဆို၊ ဘယ်ပါရမီရှင်မဆို ဝင်ရောက်ဆင်နွှဲလို့ ရတာပဲ... စည်းကမ်းချက်ကတော့ တစ်ခုတည်းရှိတယ်... အသက် ငါးရာအောက် ရှိရမယ်ဆိုတဲ့ အချက်ကိုတော့ မဖြစ်မနေ အမိန့်နာခံရမှာပဲ...”

“သူတို့ရဲ့ နောက်ကြောင်းရာဇဝင်တွေကို စစ်ဆေးမှာလား... ဘယ်သူကများ ကိုယ့်ရဲ့ အောက်ခြေအခြေအနေကို အခြားလူတွေကို အစစ်ခံချင်ပါ့မလဲ... တကယ်တော့ အဲဒီမြေကွက်ရဲ့ အဝင်ဝမှာ စမ်းသပ်တဲ့ အခင်းအကျင်းကြီးတစ်ခု စီရင်ထားတာ... အသက်အရွယ် ကန့်သတ်ချက် ပြည့်မီလို့ အခင်းအကျင်းကို ဖြတ်ကျော်နိုင်ခဲ့ရင် ရှေးဟောင်း ဝိညာဉ် အပျက်အစီး နယ်မြေထဲကို ဝင်ခွင့်ရတာပဲ…

“နောက်ဆုံးကျတော့ လူဦးရေက အကန့်အသတ်မရှိဘူးပေါ့... အထဲကို ရောက်သွားပြီးရင်တော့ အသက်ရှင်မလား၊ သေမလားဆိုတာ ဘယ်သူမှ ဂရုမစိုက်တော့ဘူး... အနှစ်ဆယ် ကုန်လွန်သွားတဲ့အခါမှာ အပြင်ကို အရှင်လတ်လတ် ပြန်လျှောက်ထွက်လာနိုင်တဲ့သူဟာ လူသားပဲဖြစ်ဖြစ် မိစ္ဆာပဲဖြစ်ဖြစ် တကယ့် အောင်နိုင်သူ ဖြစ်သွားမှာပဲ...”

စုယွီသည် အဆင့်သုံး အလယ်အလတ်အဆင့် အဆောင်လက်ဖွဲ့စာရွက် နှစ်ရွက်ကို ထပ်မံရေးဆွဲပြီးနောက် နောက်ဆုံးတွင် အဆောင်လက်ဖွဲ့ စံအိမ်မှ ထွက်ခွာခဲ့ပြီး မိမိ၏ ဂူစံအိမ်ဆီသို့ ပြန်လာခဲ့တော့၏။

နောက်ရက်များတွင် ချန်ကု အင်မော်တယ် မြို့တော်တစ်ခုလုံး၌ ရှေးဟောင်း ဝိညာဉ် အပျက်အစီး နယ်မြေနှင့် ပတ်သက်သော လူသားများနှင့် မိစ္ဆာမျိုးနွယ်စုတို့၏ ပါရမီရှင်ပြိုင်ပွဲ သတင်းစကားများက တရစပ် ဟိုးလေးကျော်လျက်

ရှိနေခဲ့သည်။

လမ်းမများပေါ်တွင် ခြေဦးတည့်ရာ လျှောက်လှမ်းနေရင်းနှင့်ပင် စုယွီသည် တန်ခိုးစွမ်းအား လေ့ကျင့်ရေးအဆင့် ကိုးခုမြောက်အလွှာနှင့် အခြေခံ

အုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကိုးခုမြောက်အလွှာ မျှသာရှိသေးသော သာမန် ကျင့်ကြံသူများပင်လျှင် အဲဒီမြေကွက်ထဲသို့ သွားရောက်ကာ အခွင့်အရေး ရှာဖွေချင်ကြောင်း ကြီးမားလှသော စိတ်ဆန္ဒများကို ဖွင့်ဟပြောဆိုနေကြသံကို ကြားလိုက်ရ၏။

သာမန် ကျင့်ကြံသူများအတွက်မူ ၎င်းတို့၏ ခွန်အားအရ အထဲသို့ ဝင်ရောက်သွားခြင်းသည် သေမင်းထံသို့ တိုက်ရိုက် သွားရောက် အပ်နှံခြင်းနှင့် တူနေသည်ကို သိထားကြသော်လည်း။

သို့သော်လည်း အင်မော်တယ်ဖြစ်ခြင်း၏ သေးငယ်လှသော အခွင့်အရေးလေးတစ်ခုအတွက်နှင့်တင် ၎င်းတို့သည် မိမိတို့၏ အသက်ကို ရင်းကာ ကြိုးပမ်းအားထုတ်ရန် တွေဝေမနေကြတော့ချေ။

၎င်းတို့သည် သေရမှာကို မကြောက်ကြချေ။ ၎င်းတို့ အကြောက်ဆုံးအရာမှာ လမ်းဆုံးသို့ ရောက်ရှိသွားသည့်တိုင်အောင် ဘာမျှ မျှော်လင့်ချက်အလင်းရောင် မရှိတော့ခြင်းပင် ဖြစ်ပေသည်။

လင်းလုံ အဆောင်လက်ဖွဲ့ စံအိမ်၏ အဆောင်လက်ဖွဲ့စာရွက်များသည် နေ့စဉ်မပြတ် ကုန်စင်အောင် ရောင်းချနေရသဖြင့် စုယွီ.. တာဝန်ခံ.. အဆောင်လက်ဖွဲ့ဆရာ ထူ နှင့် အဆောင်လက်ဖွဲ့ဆရာ ယွီ တို့ လေးယောက်လုံးသည် အလုပ်များလွန်းလှသဖြင့် စကားစမြည်ပြောရန်ပင် အချိန်မရှိကြတော့ချေ။

သို့သော်လည်း ဆိုင်တာဝန်ခံနှင့် အခြားသူများ လုံးဝရိပ်မိခြင်းမရှိသည့် အချက်မှာ လက်ရှိအချိန်တွင် ၎င်းတို့နှင့်အတူ အလုပ်လုပ်နေသော 'စုယွီ' သည် တကယ်တော့ ကိုယ်ပွားတစ်ခုမျှသာ ဖြစ်နေချေပြီဟူသည့် အချက်ပင်။

ဤကိုယ်ပွားအသစ်မှာ သူ သိမ်းဆည်းထားခဲ့သော အဆင့်လေး အဆင့်နိမ့် ရုပ်သေးတစ်ခု ဖြစ်သည်။ မိမိ၏ ဝိညာဉ်ဒဏ်ရာကို အပြည့်အဝ ကုစားပြီးနောက် စုယွီသည် ဝိညာဉ်စွမ်းအား အစိတ်အပိုင်းတစ်ခုကို ထပ်မံခွဲထုတ်လိုက်ပြီး ကိုယ်ပွားအတတ်ပညာကို လည်ပတ်စေကာ ၎င်းကို ခေတ္တအစားထိုး အသုံးပြုထားခြင်းဖြစ်၏။

ဂူစံအိမ်အတွင်း၌ စုယွီသည် တင်ပျဉ်ခွေထိုင်လျက် တရားကျင့်ကြံနေပြီး အပြင်ဘက်မှ ဆူညံမှုများကို လုံးဝအာရုံမထားချေ။

ရှေးဟောင်း ဝိညာဉ် အပျက်အစီး နယ်မြေနှင့် ပတ်သက်၍ သူ သိရှိထားသော အချက်များအရ ဤ လူသားများနှင့် မိစ္ဆာမျိုးနွယ်စုတို့၏ ပြိုင်ပွဲကြီးသည် ပါရမီရှင်များအကြား သိုင်းပညာနှင့် တန်ခိုးစွမ်းအားချင်း ရိုးရိုးတန်းတန်း ယှဉ်ပြိုင်ကြသည့် ပွဲမျိုး ဘယ်လိုမှ မဖြစ်နိုင်ချေ။

အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် အသက်အရွယ် ကန့်သတ်ချက်ကိုသာ စစ်ဆေးပြီး အထဲသို့ ပေးဝင်ခြင်း ဖြစ်သောကြောင့်ပင်။ သို့သော် အကယ်၍ လူသားမျိုးနွယ်စုမှ ပါရမီရှင်တစ်ယောက်က တာအိုကိုယ်ပွား သို့မဟုတ် ရုပ်သေးများကို ဝှက်ဖဲအဖြစ် ယူဆောင်သွားခဲ့မည်ဆိုပါက ဘာဖြစ်သွားမည်နည်း။

အကယ်၍ စွမ်းအားကြီးမားလှသော ကျင့်ကြံခြင်းအရှင်သခင်ကြီးများ၏ တန်ခိုးစွမ်းအား သို့မဟုတ် အဆင့်ခြောက် ကိုယ်ပွားများသာ အထဲတွင် ပေါ်ထွက်လာခဲ့မည်ဆိုပါက ဤပြိုင်ပွဲသည် လူသားမျိုးနွယ်စုနှင့် မိစ္ဆာမျိုးနွယ်စုတို့၏ နောက်ကွယ်မှ စည်းစိမ်ဥစ္စာများနှင့် အခြေခံအုတ်မြစ်များကို ပုံအောကာ တိုက်ခိုက်ကြသည့် စစ်ပွဲကြီးတစ်ခု ဖြစ်သွားပေလိမ့်မည်။

သာမန် ပါရမီရှင်ချင်း ယှဉ်ပြိုင်ကြသည့် ပွဲမျိုး ဘယ်လိုမှ မဟုတ်တော့ချေ။

စုယွီ၏ လက်ရှိ မူလ ဝိညာဉ် အဆင့် သတ္တမအလွှာ စွမ်းအားဖြင့်မူ သူသည် မိမိတစ်ယောက်တည်းနှင့် လူသားမျိုးနွယ်စုနှင့် မိစ္ဆာမျိုးနွယ်စုတို့၏ စစ်ပွဲကြီးကို ဦးဆောင်နိုင်စွမ်း ၊ မိစ္ဆာများကို လုံးဝဖိနှိပ်နိုင်စွမ်း ရှိလိမ့်မည်ဟု မယုံကြည်ပါချေ။

ထို့ကြောင့် ချန်ကု အင်မော်တယ် မြို့တော်အတွင်း၌သာ အေးဆေးစွာ နေထိုင်ရင်း မိမိ၏ ကျင့်ကြံမှုအဆင့်နှင့် စွမ်းအားများကို တစိုက်စိုက် တိုးတက်လာအောင် လုပ်ဆောင်ခြင်းကသာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

ကျင့်ကြံခြင်း လောကကြီးသည် လောလောဆယ်တွင် အသင့်အတင့် တည်ငြိမ်နေဆဲဖြစ်ပြီး မုန်တိုင်းထန်လာခဲ့မည်ဆိုလျှင်လည်း လူသားမျိုးနွယ်စုမှ ခွန်အားကြီးမားသော ကျင့်ကြံသူကြီးများက ကောင်းကင်ယံကြီးကို မားမားမတ်မတ် ထောက်မထားကြဦးမည် မဟုတ်ပါလား။

ဤကဲ့သို့သော အချိန်မျိုးတွင် တရစပ် ကျင့်ကြံခြင်းမပြုလျှင် ဘယ်အချိန်ကျမှ သွားပြီး ကျင့်ကြံတော့မည်နည်း။

မိမိကိုယ်စား လင်းလုံ အဆောင်လက်ဖွဲ့ စံအိမ်တွင် အလုပ်သွားလုပ်ရန် ကိုယ်ပွားကို လွှတ်ထားခဲ့ပြီးနောက် စုယွီသည် ဂေဟာအတွင်း၌သာ အမြဲနေထိုင်ပြီး အပြင်သို့ လုံးဝမထွက်တော့ချေ။

စုယွီသည် နေ့စဉ်မပြတ် ကျင့်ကြံခြင်းအလုပ်များကို ပြီးဆုံးအောင် လုပ်ဆောင်ပြီးနောက် မှော်ဆေးလုံးများ ဖော်စပ်လိုက်.. မှော်လက်နက်များကို ပုံဖော်လိုက်.. ၊ အဆင့်ငါး အဆင့်နိမ့် ကြေးမုံလမင်း အဆောင်လက်ဖွဲ့ နှင့် လခြမ်း အဆောင်လက်ဖွဲ့တို့ကို ဆင်ခြင်လေ့လာလိုက်ဖြင့်သာ အချိန်ကို အသုံးချနေလိုက်တော့သည်။

All Chapters