← Chapters

အခန်း ၈၂၀

Vol. 55 Ch. 820

အခန်း ၈၂၀

Vol. 55 Ch. 820

အခန်း (၈၂၀) - အဆင့်ငါး ကန်းကျင်း ကောင်းကင်ဓား ကျင့်စဉ်နှင့် ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ် (၂)

“ငါ့အနေနဲ့ အဆင့်ငါး အဆင့်နိမ့် အဆောင်လက်ဖွဲ့စာရွက် ဖန်တီးမယ့် ကုန်ကြမ်းပစ္စည်းအချို့ကို ဆက်ပြီး ဝယ်ယူစုဆောင်းရဦးမယ်”

စုယွီသည် သူ့လက်ဝယ်၌ နှစ်ရာဝန်းကျင် မျှသာ ကျန်ရှိတော့သည့် အဆင့်ငါး အဆင့်နိမ့် အဆောင်လက်ဖွဲ့စာရွက် ကုန်ကြမ်းပစ္စည်းများကို ကြည့်ရင်း တိတ်ဆိတ်စွာ ဆင်ခြင်နေမိ၏။

အဆင့်ငါး ကုန်ကြမ်းပစ္စည်းများဟူသည်မှာ အလွန်တရာ အဖိုးတန်လှသဖြင့် ချန်ကု အင်မော်တယ် မြို့တော်ကြီးအတွင်း၌ပင် လွယ်လွယ်ကူကူနှင့် ရှာဖွေဝယ်ယူ၍ ရနိုင်သော အရာမျိုး မဟုတ်ပေ။

ထို့ပြင် ဤကဲ့သို့သော အဖိုးတန်ပစ္စည်းများကို လိုက်လံဝယ်ယူနေခြင်းသည် ထိပ်သီးမျိုးနွယ်စုကြီး ငါးခုကဲ့သို့သော ခွန်အားကြီးမားလှသည့် မိသားစုကြီးများ၏ အာရုံစိုက်မှုကို ခံရရန်လည်း လွန်စွာ လွယ်ကူလှပေသည်။

သို့သော်လည်း.. အန္တရာယ် အနည်းငယ်မျှ ရှိနေနိုင်သေးသည်ဆိုစေကာမူ သူသည် ၎င်းပစ္စည်းများကို စုဆောင်းရန်နှင့် လဲလှယ်ရန် နည်းလမ်းတစ်ခုခုကို မဖြစ်မနေ ကြံဆရပေလိမ့်မည်။

နို့မဟုတ်ပါက သူ၏ ရွှေပုစဉ်းရင်ကွဲကျင့်စဉ်သည် ပဉ္စမအလွှာသို့ တက်လှမ်းသွားပြီး သူ၏ ဝိညာဉ်စွမ်းအားသည် ပြောင်းလဲတိုးတက်သွားခဲ့သည့်တိုင် သူ၏လက်ဝယ်၌ ရှိနေသော အဆင့်နိမ့် အဆင့်ငါး ဝမ်ယင်း အဆောင်လက်ဖွဲ့စာရွက်များသည် ရန်သူကို ရင်ဆိုင်ရန်အတွက် လုံလောက်တော့မည် မဟုတ်ပါချေ။

စုယွီက ကျင့်ကြံမှုအရှိန်အဝါများကို လုံးဝဖုံးကွယ်လိုက်ရင်းမှ..

အရိပ်နီကျင့်ကြံသူအဖြစ် ဂူစံအိမ်အတွင်းမှ တိတ်တဆိတ် ထွက်ခွာလာသည်။ မြို့တော်အတွင်းရှိ အဆင့်ငါး ကုန်ကြမ်းပစ္စည်းများနှင့် ရတနာများ ရှိနိုင်မည့် ကုန်သွယ်ရေးအဖွဲ့အစည်းများနှင့် ဆိုင်ခန်းများကို လိုက်လံရှာဖွေတော့၏။

သို့သော်လည်း အတန်ကြာအောင် လိုက်လံရှာဖွေပြီးသည့်နောက်တွင်မူ ဤမြို့တော်အတွင်းရှိ မည်သည့်ကုန်သွယ်ရေးအဖွဲ့အစည်းနှင့် ဆိုင်ခန်းကမျှ အဆင့်ငါး ကုန်ကြမ်းပစ္စည်းများနှင့် ရတနာများကို တိုက်ရိုက်ရောင်းချ လဲလှယ်ခြင်းမျိုး လုံးဝမပြုလုပ်ကြကြောင်း သိရှိလိုက်ရလေသည်။

၎င်းတို့ ကျင်းပလေ့ရှိသော လေလံပွဲကြီးများအတွင်း၌သာ ထိုပစ္စည်းများကို ရရှိနိုင်မည့် အခွင့်အရေးလေးတစ်ခု ရှိနေနိုင်ခြင်း ဖြစ်၏။

စုယွီသည် နောက်သို့ ခြေရာခံလိုက်လာနိုင်မည့် အန္တရာယ်အချို့ကို ဆန်းကြယ်လှသော နည်းလမ်းအချို့ဖြင့် မျက်ခြည်ဖျက်ပစ်လိုက်ပြီးနောက် သူ၏ လက်ထဲတွင် ကုန်သွယ်ရေးအဖွဲ့အစည်းများထံမှ ရရှိခဲ့ဖူးသော လေလံပွဲဝင် တံဆိပ်ပြားအချို့ကို ကိုင်ဆောင်လျက် မိမိ၏ ဂူစံအိမ်ဆီသို့ ပြန်လည်ရောက်ရှိလာခဲ့တော့၏။ သင့်တော်သည့် အချိန်ကျရောက်လာခဲ့လျှင် ထိုတံဆိပ်ပြားများကို အသုံးပြု၍ လေလံပွဲများ၌ ပါဝင်ဆင်နွှဲနိုင်မည် မဟုတ်ပါလား။

အကယ်၍ ၎င်းပစ္စည်းများနှင့် ပတ်သက်၍ အရောင်းအဝယ် ကိစ္စရပ်များ ရှိလာခဲ့ဦးမည်ဆိုပါက ထိုအဖွဲ့အစည်းများဘက်မှ သတင်းစကားများ လှမ်းပို့ပေးကြလိမ့်မည်ဖြစ်ရာ သူ့အနေဖြင့် စိတ်ဝင်စားမှု ရှိခဲ့လျှင် သွားရောက်ပါဝင်နိုင်ပေသည်။

ဤလေလံပွဲဝင် တံဆိပ်ပြားများကြောင့် တစ်စုံတစ်ရာ ပြဿနာပေါ်ပေါက်လာနိုင်သလား သို့မဟုတ် ၎င်းတို့ကို အသုံးပြု၍ ခြေရာခံလိုက်နိုင်မလားဆိုသည့် အချက်နှင့် ပတ်သက်၍မူ..

စုယွီ၏ လက်ရှိ လက်နက်သန့်စင်ခြင်း အတတ်ပညာ စွမ်းရည်အရဆိုလျှင် သူသည် အဆင့်နိမ့် မှော်လက်နက်များကိုပင် အေးဆေးစွာ ဖန်တီးပုံဖော်နိုင်စွမ်းရှိနေပြီ ဖြစ်ရာ အကယ်၍ ထိုတံဆိပ်ပြားများ၌ တကယ်ပင် ပြဿနာတစ်ခုခု ရှိနေခဲ့မည်ဆိုပါက သူသည် ချက်ချင်းဆိုသလိုပင် တစ်ချက်ကြည့်ရုံမျှဖြင့် သိရှိနိုင်စွမ်း ရှိနေပေသည်။

ထို့ကြောင့် ထိုတံဆိပ်ပြားများကို ကိုင်ဆောင်ထားရခြင်းအပေါ် စုယွီအနေဖြင့် စိုးရိမ်ပူပန်နေစရာ အကြောင်းမရှိပါချေ။

“နောက်ထပ် သုံးလ ကြာရင်တော့ ကုန်သွယ်ရေးအဖွဲ့အစည်းတစ်ခုရဲ့ လေလံပွဲကြီးတစ်ခု ရှိလာလိမ့်မယ်”

စုယွီသည် သူ၏လက်ထဲတွင် ရှိနေသော လေလံပွဲဝင် တံဆိပ်ပြား ဆယ်ခုကျော်ကို ကြည့်ရင်းမှ ကြီးမားလှသော ကုန်သွယ်ရေးအဖွဲ့အစည်းကြီး တစ်ခုက ကျင်းပမည့် လေလံပွဲကြီး ရက်စွဲကို အမိအရ မှတ်သားလိုက်တော့သည်။

အချိန်ကာလသည် တရွေ့ရွေ့နှင့် ဖြည်းည်းညင်သာစွာ ကုန်လွန်သွားခဲ့ပြန်ပြီပင်။

*

နှစ်လကျော်ခန့် ကြာမြင့်သွားခဲ့ပြီးနောက်တွင်..

စုယွီသည် ဓာတ်ကြီးငါးပါး ဝိညာဉ်စွမ်းအားများကို ဝိညာဉ်ရည်အဖြစ် သိပ်သည်းစုစည်းရန်အတွက် ချီသန့်စင်အိုးကို ထုတ်ဖော်လိုက်သော်လည်း ၎င်း ပေါ်ထွက်လာခဲ့သည့် ထိုအခိုက်အတန့်လေးမှာပင် ၎င်းထံမှ ထူးဆန်းလှသော တုန်ခါမှုအချို့ ပေါ်ထွက်လာခဲ့ရလေသည်။

ချီသန့်စင်အိုးထံမှ ထူးခြားလှသော အပြောင်းအလဲများကို အာရုံခံမိလိုက်ရသည့် ထိုအခိုက်၌ စုယွီ၏ မျက်ဝန်းအစုံထဲတွင် အံ့အားသင့်သွားသည့် အရိပ်အယောင်အချို့ ဖြတ်ပြေးသွားခဲ့ရ၏။

'ဒီခံစားချက်က...'

တစ်ချိန်တည်းမှာပင်..

ချန်ကု အင်မော်တယ် မြို့တော်၏ အပြင်ဘက်ရှိ ဆိုင်ခန်းတစ်ခု၏ နောက်ဘက် ခြံဝင်းအတွင်း၌.. ကိုယ်ခန္ဓာအထက်ပိုင်းတွင် ဝတ်လစ်စလစ်ဖြစ်နေပြီး လက်ထဲတွင် တူသဏ္ဍာန်ရှိသော မှော်လက်နက် ကိုင်ဆောင်ထားသည့် လူသန်ကြီးသည် လက်နက်သန့်စင် စင်မြင့်ထက်၌ သတ္တုအား မနားမတန် ထုရိုက်ပုံဖော်လျက်ရှိနေခဲ့သည်။

သို့သော်လည်း ရုတ်တရက်ကြီး သူ၏ မျက်နှာအမူအရာသည် ပြောင်းလဲသွားခဲ့ရ၏။ နှစ်ရက်တိုင်တိုင် သူ အာရုံစိုက်၍ ထိန်းသိမ်းလာခဲ့ဖူးသော လက်နက်သန့်စင်ခြင်း စည်းချက်စီးဆင်းမှုသည် ရုတ်ချည်းဆိုသလို ပျက်ပြားသွားခဲ့ရပြီး စင်မြင့်ထက်ရှိ သတ္တုထံမှ ထွက်ပေါ်နေသော အလင်းရောင်သည်လည်း ဝုန်းခနဲ မှေးမှိန်သွားရ၏။ ၎င်းကုန်ကြမ်းပစ္စည်းသည် လုံးဝ ပျက်စီးပြိုလဲသွားခဲ့ရပြီ ဖြစ်ကြောင်း သိသာလှပေသည်။

သို့သော်လည်း ထိုလူသန်ကြီးသည် ပျက်စီးသွားသော ပစ္စည်းအပေါ်တွင် စိုးစဉ်းမျှ ဂရုမစိုက်အားတော့ချေ။ သူက စိတ်အာရုံကို တစ်ချက်လှုပ်ရှားလိုက်ရင်းမှ ကြေးနီရောင်သန်းနေသည့် အပိုင်းအစ တစ်ခုကို ထုတ်ဖော်လိုက်တော့သည်။

သို့သော် ထိုအခိုက်အတန့်လေးတွင် ထိုကြေးနီရောင် အပိုင်းအစလေးသည် တစ်ဆတ်ဆတ်နှင့် မနားတမ်း တုန်ခါနေခဲ့ပြီး ၎င်းထံမှ မှိန်ပျပျ အလင်းတန်းအချို့သည်လည်း ထွက်ပေါ်နေခဲ့ရလေ၏။

၎င်းသည် အခြားသော အရာတစ်ခုခုနှင့် ဆန်းကြယ်စွာ ဆက်နွယ်သွားခဲ့ရသဖြင့် ဤကဲ့သို့သော တုံ့ပြန်မှုမျိုး ပေါ်ထွက်လာခဲ့ရခြင်းပင်။

ထိုအပိုင်းအစလေးထံမှ ထူးဆန်းလှသော လှုပ်ရှားမှုများကို မြင်တွေ့လိုက်ရသည့်အခါ ထိုလူသန်ကြီးသည် ရင်ထဲ၌ အတိုင်းထက်အလွန် ထိတ်လန့်အံ့အားသင့်သွားခဲ့ရသလို ဝမ်းမြောက်ခြင်း အရိပ်အယောင်များလည်း မျက်နှာထက်တွင် ပေါ်ထွက်လာခဲ့ရတော့သည်။

“ဒါက.. ငါ့လက်ထဲက အပိုင်းအစလိုမျိုး တခြားရတနာတစ်ခုခု ပေါ်ထွက်လာခဲ့တာများလား.. ဒီ ချန်ကု အင်မော်တယ် မြို့တော်ကြီးထဲမှာတင်လား..”

သူသည် ဤကြေးနီရောင် အပိုင်းအစလေးကို လွန်ခဲ့သော အချိန်ကာလများစွာတည်းက ရရှိထားခဲ့ဖူးခြင်းဖြစ်ပြီး ၎င်းသည် ဘယ်နည်းနှင့်မျှ သာမန်မဟုတ်ဘဲ ပြိုင်ဘက်ကင်းလှသော ရတနာကြီးတစ်ခုထံမှ ဆင်းသက်လာခဲ့ခြင်း ဖြစ်ရမည်ကိုလည်း သူ ကောင်းကောင်းကြီး သိရှိနားလည်ထားခဲ့ဖူးပါသည်။

နို့မဟုတ်ပါက အဆင့်ငါး အလယ်အလတ်အဆင့် လက်နက်သန့်စင် ဆရာကြီးတစ်ဦးဖြစ်သည့် သူ၏ အဆင့်အတန်းနှင့် စွမ်းရည်အရဆိုလျှင် ဤအပိုင်းအစလေး၏ လျှို့ဝှက်ချက်များကို ဘာကြောင့် ယခုတိုင်အောင် ထိုးဖောက်နားမလည်နိုင်ဘဲ ရှိနေရပါဦးမည်နည်း။

၎င်းသည် အပိုင်းအစတစ်ခုမျှသာ ဖြစ်နေသေးသည်ဆိုစေကာမူ ၎င်းထံမှ ထွက်ပေါ်နေသည့် စွမ်းပကားသည် မယုံနိုင်လောက်အောင်ပင် ပြင်းထန်လှပေရာ အဆင့်နိမ့် မှော်လက်နက်တစ်ခုနှင့်ပင် ယှဉ်နိုင်စွမ်း ရှိနေပေသည်။ ၎င်းသည် သူ၏ ကျင့်ကြံရေးစွမ်းရည်များကိုလည်း များစွာ အထောက်အကူပြုပေးနိုင်စွမ်း ရှိနေခဲ့၏။ သို့သော် ထိုကျင့်ကြံခြင်း နည်းစနစ်ဟူသည်မှာ သွေးသံရဲရဲ ဖြစ်လွန်းလှသဖြင့် မိစ္ဆာကျင့်စဉ်များနှင့် ပို၍ တူညီနေသော်လည်းပေါ့လေ။

ဤအပိုင်းအစလေးတွင် သွေးနှင့်အသားများကို သန့်စင်ပေးနိုင်စွမ်း ရှိသည့် ဆန်းကြယ်လှသော စွမ်းရည်များ ရှိနေလေ၏။

သွေးနှင့်အသားများဆီမှ ကျန်ရစ်ခဲ့သော ဝိညာဉ်ရည်အဆီအနှစ်များသည် သူ၏ ကျင့်ကြံရေးစွမ်းရည်များကို တရစပ် တိုးတက်လာအောင် များစွာ အထောက်အကူပြုပေးနိုင်စွမ်း ရှိခဲ့ကြပေသည်။

အကယ်၍ ဤအပိုင်းအစလေးကို ရရှိခဲ့ဖူးသော အခွင့်အရေးသာ မရှိခဲ့ပါက သူသည် ဝိညာဉ်ခွဲထွက် အဆင့် နှောင်းပိုင်းသို့ အဆင့်ချိုးဖြတ် တက်လှမ်းနိုင်ရန်နှင့် အဆင့်ငါး အလယ်အလတ်အဆင့် လက်နက်သန့်စင် ဆရာကြီးတစ်ဦး ဖြစ်လာနိုင်ရန် ဘယ်လိုမှ မလွယ်ကူနိုင်လောက်ပါချေ။

သို့သော်လည်း ကနဦး ဝမ်းမြောက်မိသွားခဲ့ရပြီးသည့်နောက်တွင်မှ ထိုလူသန်ကြီးသည် မျက်မှောင်ကို တင်းတင်းကြုတ်လိုက်ရင်းမှ လေဟာနယ်ကြီးကို ထိုးဖောက်လျက် ချန်ကု အင်မော်တယ် မြို့တော်ကြီးရှိရာဘက်သို့ လှမ်း၍ အကဲခတ်ကြည့်လိုက်မိတော့သည်။

သူ၏လက်ထဲမှ အပိုင်းအစလေးသည်ကား ယခုတိုင်အောင် တစ်ဆတ်ဆတ်နှင့် မနားတမ်း တုန်ခါနေဆဲပင် ဖြစ်၏။ ထိုထူးဆန်းလှသော အပြောင်းအလဲသည် လုံးဝ မရပ်တန့်သွားသေးချေ။

သို့သော်လည်း သူ့အနေဖြင့် ထိုအပိုင်းအစလေးကို မည်သည့်အရာက ဤမျှအထိ တုန်ခါသွားအောင် လှုံ့ဆော်နေရသနည်း။ ထိုအရာသည် မည်သည့်နေရာတွင် ရှိနေရသနည်းဟူသည့် အချက်တို့ကိုမူ ဘယ်လိုမှ တိတိကျကျ မခန့်မှန်းနိုင်ဘဲ ရှိနေဆဲပင်။

“ငါ ဒါကို ဘယ်လိုမျိုး လိုက်ရှာရမလဲ..”

ထိုလူသန်ကြီး၏ မျက်ဝန်းအစုံထဲတွင် ထက်ရှလှသော အလင်းတန်းအချို့ ဝင်းလက်သွားခဲ့ရတော့သည်။

သူသည် ပြဿနာတစ်ခုကို သေသေချာချာ ဆင်ခြင်လိုက်မိ၏။

အကယ်၍ သူ့လက်ထဲမှ အပိုင်းအစလေးသာ ဤမျှအထိ တုံ့ပြန်မှုများ ပေါ်ထွက်နေခဲ့မည်ဆိုပါက ထိုအရာကို ဤမျှအထိ လှုံ့ဆော်နိုင်စွမ်းရှိသည့် အခြားသေ

အရာ တစ်ခုထံတွင်လည်း ယခုကဲ့သို့သော ထူးဆန်းလှသော တုံ့ပြန်မှုမျိုး ပြိုင်တူ ပေါ်ထွက်နေရမည် မဟုတ်ပါလား။ ထိုအရာထံတွင်လည်း အခြားသော သခင် တစ်ယောက် ရှိနေနှင့်ပြီးပြီလား။

အတန်ကြာအောင် စဉ်းစားပြီးသည့်နောက်တွင်မှ ထိုလူသန်ကြီးသည် သူ၏ဆိုင်ခန်းကို အနည်းငယ် ပြန်လည်ပြင်ဆင်လိုက်ပြီးနောက် ထိုကြေးနီရောင် အပိုင်းအစလေးကို ဆိုင်အတွင်းရှိ အကာအကွယ်

အခင်းအကျင်းများအကြား၌ အခြားသော မှော်လက်နက်အချို့နှင့်အတူ ရောနှောလျက် ဆိုင်ထဲသို့ ဝင်လာမည့် ဖောက်သည်များ အလွယ်တကူ မြင်တွေ့နိုင်မည့် နေရာတစ်ခုတွင် ချိတ်ဆွဲထားလိုက်တော့သည်။

သူသည် ငါးမျှားရန်အတွက် ငါးစာချလိုက်ခြင်း ဖြစ်ပေသည်။

ထိုလူသန်ကြီးသည် ရင်ထဲ၌ ကြိတ်၍ တွေးတောလိုက်မိ၏။

'ငါ ဒီအတိုင်းပဲ အေးအေးဆေးဆေး စောင့်ကြည့်နေလိုက်မယ်.. အကယ်၍ ငါသာ အခြားအပိုင်းအစတစ်ခုဆီက အခွင့်အရေးကို ထပ်မံရရှိနိုင်ခဲ့ဦးမယ်ဆိုရင်.. ငါဟာ ဝိညာဉ်ခွဲထွက် အဆင့် နောက်ဆုံးအဆင့်တွေဆီကိုတောင် အေးဆေးစွာ တက်လှမ်းသွားနိုင်မှာ သေချာတယ်'

အခြားတစ်ဖက်တွင်မူ..

ဂူစံအိမ်အတွင်း၌ စုယွီသည် ရွှေပုစဉ်းရင်ကွဲကျင့်စဉ်၏ ဆန်းကြယ်လှသော ဝိညာဉ်စွမ်းအား အလင်းတန်းများကို မျက်ဝန်းအစုံတွင် စုစည်းလိုက်ရင်းမှ သူ၏အတွင်းစိတ်အာရုံကို ဖုံးကွယ်ထားလိုက်၏။ ချီသန့်စင်အိုးထံမှ ထွက်ပေါ်နေသော စွမ်းအင်စီးကြောင်းများ၏ လမ်းညွှန်မှုအတိုင်း ဤထူးဆန်းလှသော တုံ့ပြန်မှုကို ဖြစ်ပေါ်စေခဲ့သည့် အခြားသော အပိုင်းအစလေး ရှိရာ နေရာကို ချက်ချင်းဆိုသလိုပင် ရှာဖွေတွေ့ရှိသွားခဲ့ရပြီပင်။ ထိုမျှမက ထိုအပိုင်းအစလေး၏ သခင်ဖြစ်သူ အဆင့်ငါး လက်နက်သန့်စင်

ဆရာကြီးကိုပါ အမိအရ မြင်တွေ့လိုက်ရတော့သည်။

ထိုလက်နက်သန့်စင် ဆရာကြီးသည် ထိုအပိုင်းအစလေးကို အပြင်သို့ ထုတ်ဖော်လိုက်ပြီး အခြားသော အဆင့်နိမ့် မှော်လက်နက်အချို့နှင့်အတူ ရောနှောချိတ်ဆွဲထားလိုက်သည်ကို မြင်တွေ့လိုက်ရသည့်အခါ စုယွီသည် ရင်ထဲ၌ ရေရွတ်လိုက်မိတော့၏။

'ငါ့ကို ငါးစာချပြီး ထောင်ချောက်ဆင်ဖို့ ကြိုးစားနေတာပေါ့လေ..'

ရွှေပုစဉ်းရင်ကွဲကျင့်စဉ်၏ ဆန်းကြယ်လှသော စိတ်အာရုံစွမ်းရည်များဖြင့် လှမ်း၍ အကဲခတ်ကြည့်လိုက်ခြင်းအားဖြင့် သူသည် ထိုလူသန်ကြီး၏ ကျင့်ကြံမှုအဆင့်ကို ချက်ချင်းဆိုသလိုပင် တစ်ချက်ကြည့်ရုံမျှဖြင့် ထိုးဖောက်သိရှိလိုက်ရပြီ ဖြစ်၏။

၎င်းသည် ဝိညာဉ်ခွဲထွက် အဆင့် ပဉ္စမအလွှာသို့ ရောက်ရှိနေခဲ့ပြီဖြစ်သော ခွန်အားကြီးမားလှသည့် အရှင်သခင်ကြီးတစ်ဦးပင် ဖြစ်ချေတော့သည်။

ထိုမျှမက ဤဝိညာဉ်ခွဲထွက် အဆင့် ကျင့်ကြံသူကြီးထံမှ ထွက်ပေါ်နေသည့် အရှိန်အဝါသည် သာမန်ကျင့်ကြံသူများနှင့် လုံးဝမတူဘဲ အနည်းငယ် ထူးဆန်းနေပေသည်။

ထိုလူ၏ ခန္ဓာကိုယ်အတွင်း၌ နာကြည်းဖွယ်ရာ မိစ္ဆာချီစွမ်းအားများစွာ ကိန်းဝပ်နေခဲ့ပြီး ၎င်းသည် သာမန်ကျင့်ကြံသူများထက် များစွာ သာလွန်နေရုံမျှမက မိစ္ဆာကျင့်ကြံသူ၏ စွမ်းပကားမျိုးနှင့်ပင် အေးဆေးစွာ ရင်ဆိုင်နိုင်စွမ်း ရှိနေပေသည်။

'ဒီလူက ဘယ်လိုမှ လူကောင်းသူကောင်းတစ်ယောက် မဟုတ်ဘူး.. သူကျင့်ကြံတဲ့ နည်းစနစ်ကလည်း ဘယ်နည်းနဲ့မှ အမှန်တရားဘက်တော်သား ကျင့်ကြံသူတစ်ယောက်ရဲ့ လမ်းစဉ် မဟုတ်တာတော့ သေချာတယ်'

သူသည် ထိုဆိုင်ခန်း၏ အမည်ကို လှမ်း၍ အကဲခတ်ကြည့်လိုက်ရာ.. ထျန်းလန် မှော်ခန်းမဆောင်.. ဟူ၍ ရေးထိုးထားကြောင်း တွေ့ရှိလိုက်ရ၏။

၎င်းသည် လန်ကူ ကျင့်ကြံခြင်း လောကအတွင်းရှိ ထိပ်သီး အင်မော်တယ်ဂိုဏ်းကြီး သုံးခုထဲမှ တစ်ခုဖြစ်သည့် ထျန်းလန် မှော်ခန်းမဆောင်၏ အင်အားစုတစ်ခု ဖြစ်ချေသည်။

“ဒီလူက အဆင့်ငါး လက်နက်သန့်စင် ဆရာကြီးတစ်ယောက်လည်း ဖြစ်ပုံရတယ်.. ချန်ကု အင်မော်တယ် မြို့တော်ကြီးထဲမှာ အခြေစိုက်ထားတဲ့ အဆင့်ငါး လက်နက်သန့်စင် ဆရာကြီး

တစ်ယောက်ပေါ့.. လန်ကူ ကျင့်ကြံခြင်း လောကကြီးဆိုတာ ချန်ကျိုးနယ်မြေတစ်ခုလုံးမှာ လက်နက်သန့်စင်ပညာရပ်မှာ အင်အားအကြီးမားဆုံး နေရာ ဆိုတဲ့ ဂုဏ်သတင်းကတော့ တကယ်ကို အချည်းနှီး မဟုတ်ဘဲကိုး”

စုယွီသည် ရင်ထဲ၌ မနေနိုင်ဘဲ ချီးကျူးလိုက်မိတော့၏။

All Chapters