← Chapters

အခန်း ၈၂၁

Vol. 55 Ch. 821

အခန်း ၈၂၁

Vol. 55 Ch. 821

အခန်း (၈၂၁) -သံသရာကပ်ဘေးနှင့် အင်မော်တယ် ဖြစ်တည်ခြင်း သိုင်းကျမ်း

အကယ်၍ ဒါက တာ့ချန် ကျင့်ကြံခြင်း လောကအတွင်း၌သာ ဆိုပါက အဆင့်ငါး လက်နက်သန့်စင် ဆရာကြီးတစ်ဦးကို မထီမဲ့မြင်မပြုရဲဘဲ အင်မော်တယ်ဂိုဏ်းတစ်ခုခု၏ အလွန်အရေးပါလှသော နေရာ၌သာ အလေးအနက် ထားကြမည်မှာ အသေအချာပင်။

၎င်းသည် ဂိုဏ်းတော်တစ်ခုလုံး၏ အခြေခံအုတ်မြစ်ကြီး ဖြစ်ပေလိမ့်မည်။

သို့သော်လည်း ထျန်းလန် မှော်ခန်းမဆောင်ဟူသော အင်အားစုကြီးကမူ အဆင့်ငါး လက်နက်သန့်စင် ဆရာကြီးတစ်ဦးကို ချန်ကု အင်မော်တယ် မြို့တော်ကြီးထဲ၌ စောင့်ကြပ်အခြေစိုက်စေနိုင်လောက်အောင် အင်အားကြီးမားလှပေသည်။

သို့တိုင် နှမြောစရာကောင်းလှသည်ကား..

စုယွီနှင့် ထျန်းလန် မှော်ခန်းမဆောင်တို့အကြားတွင် မည်သည့် ရင်းနှီးကျွမ်းဝင်သော ဆက်သွယ်မှုမျှ မရှိခဲ့ချေ။ ထို့ပြင် တစ်ဖက်လူက ဆန်းကြယ်လှသော အပိုင်းအစလေးကို တည်ကြက်အဖြစ် အသုံးချလျက် မိမိအား ဖမ်းချုပ်ရန်အတွက် အဆင့်ငါး အကာအကွယ်အခင်းအကျင်းတစ်ခုကို တိတ်တဆိတ် ခင်းကျင်းစီမံထားကြောင်းကိုလည်း သူ သတိပြုမိလိုက်ပြီ ဖြစ်သည်။

သို့ဖြစ်ရာ စုယွီအနေဖြင့် ထိုလူ့အပေါ်တွင် ညှာတာထောက်ထားနေစရာ အကြောင်းမရှိတော့ပါချေ။

မျက်လုံးများကို အသာအယာမှိတ်လိုက်ရင်းမှ ရင်ထဲ၌

ဆင်ခြင်လိုက်မိ၏။

'ဒီလိုဆိုရင်တော့ အေးအေးဆေးဆေး စောင့်ကြည့်နေလိုက်တာပေါ့'

ချန်ကု အင်မော်တယ် မြို့တော်ကြီးအတွင်း၌ ရောက်ရှိနေခြင်းဖြစ်၍ စုယွီသည် ဟင်းလင်းပြင်နိယာမစွမ်းအားများကို အသုံးပြုလျက် ထိုအပိုင်းအစလေးကို ရုန့်ရင်းကြမ်းတမ်းစွာ ဝင်ရောက်လုယူရန် အလျင်စလို မပြုလုပ်ခဲ့ချေ။

အဘယ်ကြောင့်ဆိုသော် ထိုအရာကို အဆင့်ငါး အကာအကွယ်

အခင်းအကျင်းကြီးဖြင့် ဝိုင်းရံကာကွယ်ထားရုံမျှမက ၎င်း၏ဘေးတွင် ဝိညာဉ်ခွဲထွက် အဆင့် အလယ်အလတ်အဆင့်သို့ ရောက်ရှိနေသည့် အရှင်သခင်ကြီး တစ်ဦးကပါ အမြဲ စောင့်ကြပ်နေသောကြောင့်ပါ။

၎င်းကို ဝင်ရောက်လုယူရန်ဟူသည်မှာ ဘယ်နည်းနှင့်မျှ မလွယ်ကူလှဘဲ မတော်တဆ အမှားအယွင်းတစ်ခုခု ဖြစ်သွားခဲ့ပါက မိမိ၏ ခြေရာလက်ရာများကို အလွယ်တကူ ဖော်ထုတ်ပြသလိုက်သလို ဖြစ်သွားနိုင်ခြေ ရှိပေသည်။

မည်သို့ပင်ဆိုစေကာမူ သူသည် ထိုအပိုင်းအစလေး တည်ရှိနေကြောင်းကို သိရှိလိုက်ရပြီဖြစ်၍ ယခုအခါတွင်မူ စိုးစဉ်းမျှ အလောတကြီး ဖြစ်မနေတော့ချေ။ ဘာပဲဖြစ်ဖြစ် သူ့မှာ ကျင့်ကြံသူတစ်ဦးပီပီ ရှည်လျားလှသော သက်တမ်း ရှိနေသည် မဟုတ်ပါလား။

အချိန်နှင့်အမျှ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေရုံမျှဖြင့်ပင် သူသည် ထိုထျန်းလန် မှော်ခန်းမဆောင်မှ အဆင့်ငါး လက်နက်သန့်စင် ဆရာကြီးကို သေသည်အထိ အသာလေး စောင့်စားအနိုင်ယူနိုင်စွမ်း ရှိနေပေသည်။

လဝက်ခန့် ကာလ ကြာမြင့်ပြီးနောက်တွင်..

စုယွီသည် လေလံပွဲကြီးသို့ သွားရောက်ပါဝင်ဆင်နွှဲခဲ့ပြီးနောက် အဆင့်ငါး မှော်လက်နက် လေးခုကို အောင်မြင်စွာ ဝယ်ယူရရှိခဲ့လေရာ ထိုအဖြစ်သည် လေလံပွဲသို့ လာရောက်ကြသော ပရိတ်သတ်ထုကြီးအား လွန်စွာ အံ့ဩမှင်သက်သွားစေ၏။

ထိုထူးဆန်းလှသော လူ၏ ဇစ်မြစ်အမှန်ကို သိရှိနိုင်ရန်အတွက်လည်း စူးစူးစိုက်စိုက် စောင့်ကြည့်လာကြတော့သည်။

မိမိ၏ အသွင်အပြင်ကို ဖုံးကွယ်ထားနိုင်ရန်အတွက် စုယွီသည် ချန်ကု အင်မော်တယ် မြို့တော်ကြီး၏ အပြင်ဘက်သို့ တမင်တကာပင် လမ်းလွှဲကာ ထွက်ခွာခဲ့ပြီး ခရီးဝေးကြီးတစ်ခုကို ပတ်ခဲ့ရုံမျှမက ဟင်းလင်းပြင်နိယာမစွမ်းအားများကိုပါ အသုံးပြုလျက် လျှပ်တစ်ပြက်အတွင်း ပျံသန်းကွယ်ပျောက်သွား၏။ မိမိ၏ ခြေရာလက်ရာများကို အပြည့်အဝ မျက်ခြည်ဖျက်ပစ်လိုက်တော့သည်။

နောက်ဆုံးတွင် လဝက်ခန့် ကြာမြင့်သွားခဲ့ပြီးနောက်မှသာ သူသည် ချန်ကု အင်မော်တယ် မြို့တော်ကြီးအတွင်းရှိ မိမိ၏ ဂူစံအိမ်ဆီသို့ တိတ်တဆိတ် ပြန်လည်ရောက်ရှိလာခဲ့တော့၏။

ဂူစံအိမ်အတွင်း၌ စုယွီသည် ဆယ်ပေကျော်ခန့် ရှည်လျားသော အဆင့်ငါး ဝိညာဉ်သစ်သားတုံးကြီး တစ်ခုကို ထုတ်ယူလိုက်ပြီး ညင်သာစွာ ထုခြေလျက် အမှုန့်ပြုလိုက်ပြီးနောက် အခြားသော ကုန်ကြမ်းပစ္စည်း

အမျိုးမျိုးကိုပါ ဆန်းကြယ်လှသော နည်းစနစ်အချို့ဖြင့် ရောနှောပေါင်းစပ်လိုက်ရာ အဆင့်နိမ့် အဆင့်ငါး အဆောင်

လက်ဖွဲ့စာရွက်များအဖြစ်သို့ တစ်ရွက်ပြီးတစ်ရွက် ဖွဲ့တည်လာခဲ့ရလေသည်။

၎င်းတို့ကို သေသေချာချာ ရေတွက်ကြည့်လိုက်သောအခါ အားလုံး စုစုပေါင်း တစ်ရာ့နှစ်ဆယ့်ခြောက်ရွက် တိတိ ရှိနေချေပြီ။ ဒါက သူ သယ်ဆောင်လာခဲ့ဖူးသော ကုန်ကြမ်းပစ္စည်းအရေအတွက်ကို နောက်ထပ်တစ်ဆင့် ကြီးမားစွာ တိုးတက်များပြားလာစေခြင်းပင် ဖြစ်၏။

ကျန်ရှိနေသော ကုန်ကြမ်းပစ္စည်းများကိုပါ ပြည့်စုံအောင် ပြင်ဆင်ပြီးသွားခဲ့ပြီ ဖြစ်သောကြောင့် စုယွီသည် အဆင့်နိမ့် အဆင့်ငါး ဝမ်ယင်း အဆောင်လက်ဖွဲ့စာရွက်များကို နောက်တစ်ကြိမ် ထပ်မံ၍ အာရုံစိုက် ရေးဆွဲလေတော့သည်။

မျက်တောင်တစ်ခတ်အတွင်း ငါးနှစ်တာ အချိန်ကာလသည် ကုန်လွန်သွားခဲ့ပြန်ပြီပင်။

ဤငါးနှစ်တာ အတောအတွင်း၌ စုယွီသည် မြို့တော်အတွင်းရှိ အဆင့်ငါး ကုန်ကြမ်းပစ္စည်းများကို မပြတ်မကွက် လိုက်လံဝယ်ယူစုဆောင်းခဲ့ပြီး ၎င်းတို့ကို အဆင့်နိမ့် အဆင့်ငါး အဆောင်လက်ဖွဲ့စာရွက်များနှင့် အဆောင်လက်ဖွဲ့မင်ရည်များအဖြစ်သို့ ပြောင်းလဲဖန်တီးလျက် ဝမ်ယင်း အဆောင်လက်ဖွဲ့စာရွက်များကိုသာ တရစပ် ရေးဆွဲနေခဲ့ခြင်း ဖြစ်ပါ၏။

ထိုမျှမကသေးချေ။ အဆင့်နိမ့် အဆင့်ငါး ဝမ်ယင်း အဆောင်လက်ဖွဲ့စာရွက် အမျိုးမျိုးကို ရေးဆွဲရာတွင်လည်း သူ၏ ကျွမ်းကျင်မှုအဆင့်အတန်းသည် တဖြည်းည်းနှင့် ပိုမို၍ နက်နဲလလာခဲ့ရလေသည်။

ထို့ကြောင့်ပင် ယခုအခါ စုယွီ၏ လက်ဝယ်၌ ရှိနေသော အဆင့်နိမ့် အဆင့်ငါး ဝမ်ယင်း အဆောင်လက်ဖွဲ့စာရွက် အရေအတွက်သည် သိသိသာသာကို တိုးတက်များပြားလာခဲ့ရပြီး အားလုံး စုစုပေါင်း နှစ်ရာကျော်ခန့်အထိပင် ရှိနေချေပြီ။

ထိုညတွင်..

“ဝုန်း”

သူ၏ စိတ်ဝိညာဉ်ပင်လယ်ပြင်ကြီးထံမှ လှုပ်ခတ်မြည်ဟည်းသံ တစ်ခုနှင့်အတူ တောက်လောင်ဝင်းလက်လွန်းသော ရွှေရောင်ဝိညာဉ်

အလင်းတန်းကြီး တစ်ခုသည် ကောင်းကင်နှင့်မြေကမ္ဘာအကြားဝယ် ရုတ်ချည်းဆိုသလို ထိုးထွက်လာခဲ့ရလေသည်။

သို့သော်လည်း ဂူစံအိမ်အတွင်း၌ ရှိနေသော အာရုံလှည့်စားမှု နှလုံးသားကျောက်တုံးကြီး၏ ဝိညာဉ်အစောင့်အရှောက်သည် ကောင်းကင်နှင့်မြေပြင်ကို ဖုံးကွယ်နိုင်စွမ်းရှိသည့် အကာအကွယ်အခင်းအကျင်းစွမ်းအားများကို အစွမ်းကုန် လည်ပတ်လိုက်သဖြင့် ဤကဲ့သို့ ဝိညာဉ်စွမ်းအား လှိုင်းခတ်မှုများကို လုံးဝ ဖုံးကွယ်ပိတ်ဆို့ထားနိုင်ခဲ့၏။

ထိုအခိုက်တွင် အာရုံလှည့်စားမှု နှလုံးသားကျောက်တုံးကြီး၏ ဝိညာဉ်အစောင့်အရှောက်သည် စုယွီ၏ ခန္ဓာကိုယ်ပေါ်မှ အသက်ဝင်လာသည့် အတောင်လေးဘက် ရွှေပုစဉ်းရင်ကွဲကြီးကို ကြည့်ရင်း အတိုင်းထက်အလွန် အံ့ဩမှင်သက်နေမိတော့သည်။

ဤအတောင်လေးဘက်ပါသော ရွှေပုစဉ်းရင်ကွဲကြီး၏ ပြောင်းလဲဖြစ်ပေါ်လာမှုဟူသည်မှာ အာရုံလှည့်စားမှု နှလုံးသားကျောက်တုံးကြီး၏ ဝိညာဉ်အစောင့်အရှောက်ကဲ့သို့သော ထူးခြားဆန်းကြယ်လှသည့် ဖြစ်တည်မှုမျိုးအတွက်ပင်လျှင် ကြီးမားလှသော ခြိမ်းခြောက်မှုတစ်ခုပမာ ခံစားရစေပြီး ဝိညာဉ်တစ်ခုလုံးကိုပင် လှုပ်ယမ်းသွားစေကာ အလွန်တရာ တုန်လှုပ်ခြောက်ခြားသွားစေခဲ့ရသည် မဟုတ်ပါလား။

“ဒါ.. ဒါက တကယ်ပဲ ဘာကြီးလဲ...”

အာရုံလှည့်စားမှု နှလုံးသားကျောက်တုံးကြီး၏ ဝိညာဉ်အစောင့်အရှောက်သည် တဆတ်ဆတ် တုန်ရင်နေမိတော့၏။

တစ်ချိန်တည်းမှာပင်..

စုယွီ၏ စိတ်ဝိညာဉ်ပင်လယ်ပြင်ကြီးအတွင်း၌လည်း ကမ္ဘာမြေကြီး ပြောင်းပြန်လှန်သွားသကဲ့သို့ ပြင်းထန်လှသော အပြောင်းအလဲများစွာသည် တရစပ် ဖြစ်ပေါ်လျက်ရှိနေခဲ့ပြီ ဖြစ်၏။ သူ၏ ဝိညာဉ်စွမ်းအားသည် အတောင်လေးဘက်ပါသော ရွှေပုစဉ်းရင်ကွဲကြီးတစ်ကောင်အသွင် ပြောင်းလဲသွားခဲ့ရပြီး စိတ်ဝိညာဉ်ပင်လယ်ပြင်ကြီး၏ နက်နဲလှသော ဗဟိုချက်တွင် ငြိမ်သက်စွာ ပျံဝဲနေတော့သည်။ ထိုဝိညာဉ်ပင်လယ်ပြင်ကြီးထံမှ အဆုံးမဲ့ စွမ်းအားလှိုင်းလုံးကြီးများသည်လည်း မုန်တိုင်းထန်နေသည့် သမုဒ္ဒရာကြီးပမာ တဟုန်းဟုန်း မြည်ဟည်းလျက် စိတ်ဝိညာဉ်ကမ္ဘာကြီး၏ အကာအကွယ်အတားအဆီးများကို ရိုက်ခတ်ဖျက်ဆီးနေခဲ့ပြီး ဝိညာဉ်လောကကြီးတစ်ခုလုံးကိုလည်း ကျယ်ပြန့်သွားစေသည်။

ကောင်းကင်နှင့်မြေပြင်၏ နိယာမစွမ်းအားများသည်လည်း ဆန်းကြယ်လှသော လမ်းကြောင်းများအတိုင်း ပြောင်းလဲစီးဆင်းလာခဲ့ရပြီး ဆန်းကြယ်အေးမြလှသော ဝိညာဉ်အငွေ့အသက်အချို့က ကောင်းကင်ထက်မှ သက်ဆင်းလာသည်။

ဤကဲ့သို့သော ဝိညာဉ်အဆီအနှစ်များ၏ လွှမ်းမိုးမှုအောက်တွင် စုယွီသည် သူ၏ ဝိညာဉ်စွမ်းအားတစ်ခုလုံးသည် စိတ်ဝိညာဉ်ပင်လယ်ပြင်ကြီးထဲမှ အပြင်သို့ လွင့်ပျံထွက်ခွာတော့မည့်အလား ခံစားလိုက်ရတော့၏။

၎င်းသည် အာရုံလှည့်စားမှု နှလုံးသားကျောက်တုံးကြီးက ခင်းကျင်းထိန်းချုပ်ထားခဲ့ဖူးသော အကာအကွယ် အခင်းအကျင်းလောကကြီးကိုပင် ဖောက်ထွင်း

ဖျက်ဆီးပစ်တော့မည့်အလား ဖြစ်နေချေပြီ။

စုယွီသည် ထိုအခြေအနေကြောင့် ထိတ်လန့်တုန်လှုပ်လျက် ချက်ချင်းဆိုသလို နိုးကြားသွားခဲ့ရပြီး မိမိတွင် ရှိသမျှသော ကျင့်ကြံမှုအင်အားအားလုံးကို အစွမ်းကုန်ထုတ်ဖော်လျက် ထိုလှိုင်းခတ်မှုများကို အသည်းအသန် ဖိနှိပ်ထိန်းချုပ်နေ၏။ ထိုအတောင်လေးဘက်ပါသော ရွှေပုစဉ်းရင်ကွဲကြီး၏ ရုပ်ပုံကို ဂူစံအိမ်အတွင်း၌သာ အောင်မြင်စွာ ပိတ်ဆို့ထားနိုင်ခဲ့ပြီး အဆင့်ချိုးဖြတ်တက်လှမ်းသွားခဲ့သည့် ဝိညာဉ်စွမ်းအား အရှိန်အဝါများကို အပြင်သို့ လုံးဝ ပေါက်ကြားသွားခြင်း မရှိစေရန် တားဆီးနိုင်ခဲ့တော့သည်။

'သူ' မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ရင်းမှ မိမိ၏ ဝိညာဉ်စွမ်းအားထံမှ ဖြစ်ပေါ်လာခဲ့သော အပြောင်းအလဲများကို သေသေချာချာ ဆင်ခြင်ကြည့်လိုက်မိ၏။

ယခင်ကမူ ၎င်းသည် အတောင်နှစ်ဘက်သာ ပါရှိသေးသည့် ရွှေပုစဉ်းရင်ကွဲလေးတစ်ကောင်မျှသာ ဖြစ်ခဲ့သော်လည်း ယခုအခါတွင်မူ ရွှေပုစဉ်းရင်ကွဲကျင့်စဉ်၏ ပဉ္စမအလွှာသို့ အောင်မြင်စွာ အဆင့်ချိုးဖြတ် တက်လှမ်းသွားခဲ့ပြီ ဖြစ်သောကြောင့် မမျှော်လင့်ဘဲ အတောင်လေးဘက်ပါသော ရွှေပုစဉ်းရင်ကွဲကြီးအဖြစ်သို့ ထူးခြားစွာ ပြောင်းလဲတိုးတက်သွားခဲ့ရပြီပင်။

၎င်းထံမှ ထွက်ပေါ်နေသည့် ကျင့်ကြံမှုအရှိန်အဝါဟူသည်မှာ ယခင်ကထက် များစွာ ကမ္ဘာခြားသွားခဲ့ရ၏။ ဘာမျှဖော်ပြရန် ခဲယဉ်းလှသော ဆန်းကြယ်မြင့်မြတ်သည့် ဝိညာဉ်အရှိန်အဝါ အငွေ့အသက်အချို့က လွှမ်းခြုံနေလျက်ရှိ၏။

ဤကဲ့သို့သော ဝိညာဉ်အရှိန်အဝါ အရှိန်အဝါကြောင့် စုယွီသည် မိမိ၏ ဂိုဏ်းတူအစ်ကိုကြီးဖြစ်သူ ဝိညာဉ်ခွဲထွက် အဆင့်၏ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေခဲ့ပြီးသော တာအိုသခင်ကြီး ဟုန်ယွဲ့သည်ပင် ဝိညာဉ်စွမ်းအား အဆင့်အတန်းချင်း ယှဉ်လိုက်မည်ဆိုပါက စုယွီကို ဘယ်လိုမှ မမီနိုင်တော့ပါချေ။

All Chapters