အခန်း ၈၂၃
Vol. 55 Ch. 823
အခန်း (၈၂၃) - သံသရာကပ်ဘေးနှင့် အင်မော်တယ် ဖြစ်တည်ခြင်း သိုင်းကျမ်း (၂)
စုယွီ၏ ပုံရိပ်သည် ဆိုင်တာဝန်ခံ၏ နောက်ကွယ်မှနေ၍ ရုတ်ချည်း ထွက်ပေါ်လာခဲ့ပြီးနောက် လက်ကို အသာအယာ ဝှေ့ယမ်းလိုက်ရာ ကျောက်စိမ်းပြားလေး တစ်ခု ထွက်ပေါ်လာခဲ့ပြီး ၎င်းကို ကုန်းစွန်းဟုန်ရှန်းထံသို့ ရိုရိုသေသေ ကမ်းပေးလိုက်ရင်းမှ ပြောလိုက်၏။
“သခင်လေးက သိုင်းအမွေအနှစ်ကို အလိုရှိတယ်ဆိုရင်တော့ ဒါကို ဆက်သခွင့်ရတာ ဒီလက်အောက်ငယ်သားအတွက် တကယ်ပဲ ဂုဏ်ယူစရာပါပဲ..
နောင်ကျရင် သခင်လေးက အရှေ့ကို သွားပါဆိုရင် ဒီလက်အောက်ငယ်သားတို့ လုံးဝ အနောက်ကို မသွားပါဘူး..”
စောစောကတင် မကျေမနပ်ဖြစ်နေသော ကုန်းစွန်းဟုန်ရှန်း၏ မျက်နှာသည် ဤစကားကို ကြားလိုက်ရသောအခါမှ သိသိသာသာကြီး ပြေလျော့သွားခဲ့ပြီး ကျင့်ကြံမှုစွမ်းအားများကို လှည့်ပတ်ကာ စုယွီ၏လက်ထဲမှ ကျောက်စိမ်းပြားကို ဆတ်ခနဲ ဆွဲယူလိုက်၏။
သို့သော်လည်း သူက စုယွီအား အေးစက်စက် အပြုံးတစ်ခုဖြင့် ကြည့်လိုက်ရင်း ဆိုပြန်သည်။
“အပြောကောင်းလှချည်လား.. မင်းက စကားပြောတတ်တာပဲ..”
“ဒီနေ့ကစပြီး မင်းက လင်းလုံ အဆောင်လက်ဖွဲ့ စံအိမ်ရဲ့ တာဝန်ခံအသစ်ပဲ.. သူတို့အားလုံးကို မင်းအောက်မှာ ထားလိုက်မယ်.. တစ်ခုခုဆိုရင် ရှောင်ဝူကို တိုက်ရိုက် ဆက်သွယ်လိုက်..”
သူ့အနောက်မှ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက စုယွီကို လှမ်းကြည့်လိုက်ပြီး အနည်းငယ် ခေါင်းညိတ်ပြရင်း တုံ့ပြန်လိုက်သည်။
“ဟုတ်ကဲ့.. သခင်လေး..”
ထိုအခိုက် ဆိုင်တာဝန်ခံ၏ မျက်နှာပြင်တစ်ခုလုံးမှာမူ လွန်စွာ ညိုမည်းဆိုးဝါးသွားခဲ့ရပြီပင်။
စုယွီသည် တခဏမျှ မှင်သက်သွားခဲ့ပြီးမှ ငြင်းဆန်မည့် စကားလုံးများကို ပြန်လည်မျိုချလိုက်ရင်း ဝမ်းမြောက်ဝမ်းသာဟန်ဖြင့် ကျေးဇူးတင်စကားကိုသာ ဆက်တိုက် ပြောဆိုနေတော့သည်။
“ကျေးဇူးတင်ပါတယ် သခင်လေး.. ကျေးဇူးတင်ပါတယ်..”
ထိုသက်လတ်ပိုင်း အမျိုးသားက လက်ကို အသာအယာ ဝှေ့ယမ်းလိုက်ပြီး ကုန်းစွန်းမိသားစု၏ အစေခံတံဆိပ်ပြားတစ်ခုကို ထုတ်ယူကာ စုယွီထံသို့ ပစ်ပေးလိုက်၏။
ဤတံဆိပ်ပြားရှိနေရုံမျှဖြင့် စုယွီအနေဖြင့် ချန်ကု အင်မော်တယ် မြို့တော်ကြီး၏ ဗဟိုချက်နယ်မြေအတွင်းသို့ ဝင်ရောက်နိုင်မည်ဖြစ်ပြီး ကုန်းစွန်းမိသားစု၏ အပြင်ဘက်ဂေဟာရှိရာသို့ သွားရောက်ကာ သူ့ကို တွေ့ဆုံနိုင်မည် ဖြစ်ပေသည်။
များမကြာမီ အချိန်အတွင်းမှာပင် ကုန်းစွန်းဟုန်ရှန်းသည် သူ၏ လူများကို ဦးဆောင်လျက် လွန်စွာ ကျေနပ်အားရသော ဟန်ပန်ဖြင့် ဆိုင်အတွင်းမှ ထွက်ခွာသွားခဲ့လေတော့၏။
ကုန်းစွန်းဟုန်ရှန်း ထွက်ခွာသွားခဲ့ပြီးနောက်တွင်မှ စုယွီ.. အဆောင်လက်ဖွဲ့ဆရာကြီး ထူနှင့် အဆောင်လက်ဖွဲ့ဆရာကြီး ယူတို့ သုံးယောက်စလုံးသည် ဆိုင်တာဝန်ခံထံသို့ လှည့်ကြည့်လိုက်ကြ၏။ စုယွီက လေသံကို နှိမ့်လျက် တိုးတိုးလေး မေးမြန်းလိုက်သည်။
“တာဝန်ခံ.. ဒီမှာ ဘာတွေ ဖြစ်နေတာလဲဗျာ..”
ဆိုင်တာဝန်ခံသည် မျက်မှောင်ကြုတ်လိုက်ရင်းမှ လေသံကို နှိမ့်လျက် ပြန်လည်ဖြေကြားလာခဲ့၏။
“ငါလည်း မသိဘူး.. ဒါပေမဲ့ သူက တကယ်ပဲ သခင်မလေးရဲ့ အစ်ကိုအရင်းဖြစ်ပြီး ကုန်းစွန်းမိသားစုရဲ့ တရားဝင် မျိုးဆက်တစ်ယောက်ပဲ.. တို့တွေ သူ့ကို သွားပြီး အပြစ်မပြုရဲဘူး..”
ယင်းသို့ ပြောပြီးနောက်တွင်မှ သူက စုယွီကို ကြည့်ရင်း တိုးတိုးလေး ထပ်လောင်းပြောဆိုလာပြန်သည်။
“စောစောတုန်းက မင်းလုပ်တာ မှန်ပါတယ်.. သခင်လေးက မင်းရဲ့ သိုင်းအမွေအနှစ်ကို အတင်းအကျပ် လုယူသွားခဲ့တယ်ဆိုပေမဲ့ အဲဒါက အဆင့်သုံး အဆောင်လက်ဖွဲ့ဆရာ အမွေအနှစ် လောက်သာ ရှိသေးတာပဲ.. ဘာမှ ကြီးကြီးမားမား မဟုတ်ပါဘူး.. ဒီအတိုင်းပဲ လွှတ်ထားလိုက်ပါ..”
“သခင်မလေး ပြန်ရောက်လာတဲ့အခါကျရင် မင်းအတွက် တစ်ခုခု ပြန်ပြီး အစားပေး လျော်ကြေးထုတ်ပေးလိမ့်မယ် ထင်ပါရဲ့..”
စုယွီက သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်ရင်းမှ..
“ဒါဆိုရင် နောင်ကျရင် ကျွန်တော်တို့ အဆောင်လက်ဖွဲ့ စံအိမ်ကို ဘယ်လို ဆက်ပြီး စီမံခန့်ခွဲကြမလဲ..”
ဆိုင်တာဝန်ခံက..
“သခင်လေး ပြောခဲ့တဲ့အတိုင်းပဲ လုပ်ရမှာပေါ့.. နောင်ကျရင် ဒီခန်းမဆောင်ကို သခင်လေးကပဲ လွှဲပြောင်းထိန်းချုပ်သွားမှာဖြစ်ပြီး မင်းက တာဝန်ခံအသစ်ပဲ.. တို့ သုံးယောက်စလုံး မင်းရဲ့စကားကို နားထောင်ပါ့မယ်..”
စုယွီသည် ကမန်းကတန်း လက်ရမ်းပြလိုက်ရင်းမှ..
“မလုပ်ပါနဲ့.. မလုပ်ပါနဲ့.. တာဝန်ခံ.. နောင်ကျရင်လည်း တာဝန်ခံကပဲ အရာရာကို ဆက်ပြီး ဦးဆောင်ပေးပါ.. ကျွန်တော်ကတော့ အရင်အတိုင်းပဲ တာဝန်ခံ့နောက်က လိုက်ပါ့မယ်.. တကယ်လို့ ကုန်းစွန်းမိသားစုဘက်ကို တစ်ခုခု သတင်းပို့စရာရှိလာရင်တော့ ကျွန်တော် ဝင်ပြီး ပြောပေးပါ့မယ်..”
ဆိုင်တာဝန်ခံသည် စုယွီ၏ စကားကြောင့် သိသိသာသာကြီး ဝမ်းမြောက်
ကျေနပ်သွားခဲ့ရပြီး စုယွီ၏ ပခုံးကို အသာအယာ ပုတ်လိုက်ရင်းမှ ဆိုလေ၏။
“ဒါဆိုရင်လည်း မင်း ပြောတဲ့အတိုင်းပဲ လုပ်ကြတာပေါ့.. တို့တွေ..သခင်မလေး ပြန်လာမယ့်အချိန်ကိုပဲ စောင့်နေကြတာပေါ့..”
“ဒါ့အပြင် ဆရာပိုင်.., မင်းရဲ့ ကျင့်ကြံမှုကိုပဲ အဓိက အာရုံစိုက်ထားပါ.. မင်းသာ ရွှေအမြုတေအဆင့်ရဲ့ အထွတ်အထိပ်အဆင့်ကို ရောက်ရှိသွားပြီး အဆင့်ချိုးဖြတ်ဖို့ မျှော်လင့်ချက် ရှိလာပြီဆိုရင်.. ငါ မင်းကို အဆင့်နိမ့် အဆင့်လေး အဆောင်လက်ဖွဲ့ ဆရာ အမွေအနှစ်ကျင့်စဉ်ကို လက်ဆင့်ကမ်းပေးမယ်..”
ဤစကားကြောင့် ဘေးတွင် ရှိနေကြသော အဆောင်လက်ဖွဲ့ဆရာကြီး ထူနှင့် အဆောင်လက်ဖွဲ့ဆရာကြီး ယွီတို့မှာ အတိုင်းထက်အလွန် မနာလို ဝန်တို ဖြစ်သွားကြရတော့သည်။
စုယွီသည်လည်း ဆိုင်တာဝန်ခံအား အကြိမ်ကြိမ် ကျေးဇူးတင်စကား ပြောဆိုလိုက်ရင်း သူ၏ မျက်နှာ တစ်ခုလုံးတွင် အံ့ဩဝမ်းသာခြင်းနှင့် စိတ်လှုပ်ရှားခြင်း အရိပ်အယောင်များဖြင့် ပြည့်နှက်နေတော့သည်။
သို့သော်လည်း.. ညနေခင်း အလုပ်ဆင်းချိန်သို့ ရောက်ရှိသွားခဲ့ပြီးနောက်တွင်မူ စုယွီ၏ မျက်နှာအမူအရာသည် ပကတိ တည်ငြိမ်အေးဆေးခြင်းသို့ ပြန်လည် ရောက်ရှိသွားခဲ့လေ၏။
ဆိုင်တာဝန်ခံ၏ ကတိအလွတ်များ ပေးတတ်သော အကျင့်ကို သူ ကောင်းကောင်းကြီး သိထားသည် မဟုတ်ပါလော။
အဆင့်နိမ့် အဆင့်လေး အဆောင်လက်ဖွဲ့ဆရာကြီးတစ်ဦး၏ သိုင်းအမွေအနှစ်ကျင့်စဉ်ကဲ့သို့သော အရာမျိုးကို ဆိုင်တာဝန်ခံ၏ စရိုက်နှင့်ဆိုပါက ဘယ်သောအခါမျှ အကြောင်းမဲ့သက်သက် မိမိအား လက်ဆင့်ကမ်းပေးလိမ့်မည် မဟုတ်ချေ။
ယနေ့ သူပြောခဲ့သော စကားလုံးများမှာ မိမိက ဆိုင်တာဝန်ခံ၏ အာဏာကို ဝင်ရောက်လုယူခြင်း မပြုပါဘူးဟု ပြောခဲ့သည့်အတွက်.. စိတ်ကျေနပ်သွားသဖြင့် စေတနာအလွတ် ပြသလိုက်ခြင်းမျှသာ ဖြစ်ပေလိမ့်မည်။
သူသည် အတွင်းဘက်နယ်မြေရှိ မိမိ၏ ဂူစံအိမ်ဆီသို့ ပြန်လာခဲ့သော လမ်းခရီးတစ်လျှောက်တွင် ယနေ့နံနက်ခင်းက ပေါ်လာခဲ့သော ကုန်းစွန်းမိသားစု၏ တရားဝင်မျိုးဆက် ကုန်းစွန်းဟုန်ရှန်း၏ အကြောင်းကို တွေးတောလာခဲ့၏။
ထိုလူ၏ ကျင့်ကြံမှုအဆင့်ဟူသည်မှာ ကုန်းစွန်းဇီယန်ကိုပင် မမီနိုင်သေးဘဲ.. ရွှေအမြုတေအဆင့် သတ္တမအလွှာမျှသာ ရှိသေးသော်လည်း.. သူ့ဘေးတွင်မူ ဝိညာဉ်ခွဲထွက် အဆင့် အရှင်သခင်ကြီး နှစ်ဦးကပါ အစေခံများအဖြစ် အမြဲ ခြံရံလိုက်ပါနေခဲ့သည်လေ။
သူက လင်းလုံ အဆောင်လက်ဖွဲ့ စံအိမ်ကို အတင်းအကျပ် လွှဲပြောင်း
ထိန်းချုပ်ခဲ့ပုံအရ ဆိုရလျှင်.. ဧကန္တ ကုန်းစွန်းဇီယန်ဘက်မှာ တစ်ခုခု...။
စုယွီသည် ချန်ကု အင်မော်တယ် မြို့တော်ကြီး၏ ဗဟိုချက်နယ်မြေရှိရာ ဦးတည်ဘက်သို့ တစ်ချက် မျှော်ကြည့်လိုက်ရင်းမှ ရေရွတ်လိုက်မိတော့၏။
'ငါ့ရဲ့ သိုင်းအမွေအနှစ်ကို လွယ်လွယ်နဲ့ လုယူသွားဖို့တော့ မင်း ထင်သလောက် မလွယ်ကူလှဘူး...'
အခြားသော နေရာတစ်ခုတွင်မူ..
ကုန်းစွန်းဟုန်ရှန်းသည် သူ၏ မိသားစုဂေဟာဆီသို့ အလောတကြီး ပြန်လည်ရောက်ရှိလာခဲ့ပြီးနောက်.. ချက်ချင်းပင် အဆောင်လက်ဖွဲ့ခန်းထဲသို့ ဝင်ရောက်သွားခဲ့ကာ စုယွီထံမှ လုယူလာခဲ့သော ဝမ်ယင်း အဆောင်လက်ဖွဲ့စာရွက်များ၏ သိုင်းအမွေအနှစ်ကို လေ့လာရန်အတွက် မစောင့်နိုင်တော့ဘဲ စူးစိုက်ကြည့်ရှုလေတော့သည်။
သို့သော်လည်း.. ကြီးမားလှသော ဝမ်ယင်း အဆောင်လက်ဖွဲ့ကျင့်စဉ်၏ အမွေအနှစ်များ သူ၏ သိစိတ်ထဲသို့ စီးဝင်လာခဲ့သည့် ထိုအချိန်အတောအတွင်းမှာပင်.. ဆန်းကြယ်လှသော စိတ်ဝိညာဉ်စွမ်းအား အငွေ့အသက်အချို့ကလည်း သူ၏ စိတ်ဝိညာဉ်ကမ္ဘာကြီးအတွင်းသို့ တိတ်တဆိတ် စိမ့်ဝင်ရောနှောသွားခဲ့ပြီ ဖြစ်ကြောင်းကိုမူ သူ လုံးဝ သတိမပြုမိခဲ့ပါချေ။
ကျောက်စိမ်းပြားအတွင်း၌ ပါရှိသော ဝမ်ယင်း အဆောင်လက်ဖွဲ့ကျင့်စဉ်၏ သိုင်းအမွေအနှစ်ဟူသည်မှာ အဆင့်သုံးအထိသာ ပါရှိလေသည်။
ကုန်းစွန်းဟုန်ရှန်းသည် ဤကျင့်စဉ်ကို ရရှိပြီးသွားခဲ့ပြီးနောက် ကျင့်စဉ်အတွင်းရှိ များပြားလှသော အဆောင်လက်ဖွဲ့အမျိုးအစားများကို လေ့လာကြည့်ရင်း အလွန် ဝမ်းမြောက်ဝမ်းသာ ဖြစ်နေမိတော့သည်။
'ဒီအဆောင်လက်ဖွဲ့ဆရာကျင့်စဉ်က တကယ်ကို ထူးခြားဆန်းကြယ်လှတာပဲ.. ငါသာ အဆင့်မြင့် အဆင့်သုံး ဝမ်ယင်း အဆောင်လက်ဖွဲ့စာရွက်တစ်ရွက်ကို အောင်မြင်စွာ ရေးဆွဲနိုင်ခဲ့မယ်ဆိုရင်.. ငါ့ရဲ့ စွမ်းအားက အခြေခံပိုင်းကစပြီး ကြီးမားစွာ ပြောင်းလဲတိုးတက်သွားမှာ အသေအချာပဲ..'
'အဲဒီအခါကျရင် ငါ့အဖေဆီကနေ ပိုပြီး ကောင်းမွန်တဲ့ ကျင့်ကြံရေး အရင်းအမြစ်တွေကို တောင်းခံနိုင်မှာဖြစ်ပြီး.. ဝိညာဉ်ခွဲထွက် အဆင့် အရှင်သခင်ကြီး တစ်ဦး ဖြစ်လာဖို့ဆိုတာကလည်း ငါ့အတွက် လက်တစ်ကမ်းအကွာကို ရောက်ရှိလာမှာပဲ..'
သို့သော်လည်း ညနေခင်းအချိန်သို့ ရောက်ရှိသွားခဲ့သော အခါတွင်မူ.. သူ၏ စိတ်ထဲ၌ ထူးဆန်းလှသော အတွေးအချို့ ပေါ်ထွက်လာခဲ့ရလေသည်။
သူသည် အင်မော်တယ် မြို့တော်ကြီး၏ အပြင်ဘက်နယ်မြေများဆီသို့ လမ်းလျှောက်ထွက်ချင်သည့် စိတ်ဆန္ဒမျိုး ပြင်းပြလာခဲ့ခြင်း ဖြစ်၏။
ဤကဲ့သို့သော အဓိပ္ပာယ်ဖော်ပြရန် ခဲယဉ်းလှသည့် စိတ်လှုပ်ရှားမှုကြောင့် ကုန်းစွန်းဟုန်ရှန်းသည် ဘာမျှ ထပ်မံ၍ စဉ်းစားမနေတော့ဘဲ သူ၏ အစစ်အမှန် အရှင်သခင်အဆင့် အစေခံ နှစ်ဦးကို ခေါ်ဆောင်လျက် ချက်ချင်းပင် အပြင်သို့ ထွက်ခွာခဲ့တော့သည်။
တရစပ် လျှောက်လှမ်းလာခဲ့ပြီးနောက် တစ်နာရီခန့်အကြာတွင်မူ ကုန်းစွန်းဟုန်ရှန်းသည် ထျန်းလန် မှော်ခန်းမဆောင်ကြီး၏ ဆိုင်တံခါးဝရှေ့တွင် ရောက်ရှိရပ်တန့်နေခဲ့ပြီ ဖြစ်၏။
ဤနေရာသို့ ရောက်ရှိလာခဲ့ပြီးနောက်တွင်မူ.. အတွင်းသို့ ဝင်ရောက်လိုသည့် စိတ်ဆန္ဒသည် ပိုမို၍ ပြင်းပြလာခဲ့ရသဖြင့် ခေတ္တမျှ တွန့်ဆုတ်နေပြီးမှ ကုန်းစွန်းဟုန်ရှန်းသည် ထျန်းလန် မှော်ခန်းမဆောင်ကြီး
အတွင်းသို့ လျှောက်လှမ်း
ဝင်ရောက်သွားခဲ့လေတော့သည်။
သူ့အနောက်မှ ဝိညာဉ်ခွဲထွက် အဆင့် အစစ်အမှန် အရှင်သခင်အဆင့် အစေခံ နှစ်ဦးသည်လည်း သူတို့၏ သခင်လေးနောက်မှ တိတ်တဆိတ် လိုက်ပါဝင်ရောက်လာခဲ့ကြပြီး.. ကုန်းစွန်းဟုန်ရှန်း၏ အပြုအမူများတွင် ထူးဆန်းမှု တစ်စုံတစ်ရာ ရှိနေသည်ကိုမူ ဘာမျှ မရိပ်မိကြပါချေ။
ဆိုင်အတွင်း၌ တာဝန်ယူထားသော ဝိညာဉ်ခွဲထွက် အဆင့် အရှင်သခင်ကြီးတစ်ဦးသည် ကုန်းစွန်းဟုန်ရှန်း အစေခံများနှင့်အတူ ဝင်ရောက်လာသည်ကို မြင်တွေ့လိုက်ရသောအခါ ကမန်းကတန်းပင် ရှေ့သို့ တိုးလာလျက် ဝမ်းမြောက်ဝမ်းသာဟန်ဖြင့် ဆီးကြိုနှုတ်ဆက်လိုက်လေသည်။
“မိတ်ဆွေလေး.. စိတ်ကြိုက် ရှုစားပါခင်ဗျာ.. ကျုပ်တို့ ထျန်းလန် မှော်ခန်းမဆောင်က ထွက်တဲ့ မှော်လက်နက်တွေနဲ့ ရတနာပစ္စည်းတွေအားလုံးက အလွန် ဆန်းကြယ်ပြီး စွမ်းအားကြီးလှတာမို့ မိတ်ဆွေလေးနဲ့ ကိုက်ညီမယ့် အရာတစ်ခုခုကိုတော့ အသေအချာ ရှာဖွေတွေ့ရှိသွားလိမ့်မယ်လို့ အာမခံပါတယ်..”
ကုန်းစွန်းဟုန်ရှန်းသည် ဘာမျှ မတုံ့ပြန်ဘဲ အေးစက်စက် မျက်နှာပေးဖြင့် ဆိုင်အတွင်း၌ လှည့်ပတ်ကြည့်ရှုနေခဲ့ပြီး.. နောက်ဆုံးတွင်မူ ဆိုင်၏ အနက်ရှိုင်းဆုံးသော နောက်ဘက်အစွန်းရှိ ကျောက်ကွက်တစ်ခုရှေ့တွင် ရောက်ရှိရပ်တန့်သွား၏။
ထိုကျောက်ကွက်သည် သိပ်ပြီး ကြီးမားလှခြင်း မရှိသော်လည်း ၎င်း၏ ပတ်ပတ်လည်တွင်မူ အကာအကွယ်အခင်းအကျင်းတစ်ခုကို ခင်းကျင်းစီမံထားလျက် ရှိနေ၏။
ကျောက်ကွက်အတွင်း၌မူ အဆင့်နိမ့် မှော်လက်နက် အမျိုးမျိုးကို ပြသထားသည် ဖြစ်ရာ.. ၎င်းတို့အနက် ဓားပျံများ.. လေဟုန်စီးလှေများနှင့် ချပ်ဝတ်များပင် ပါရှိနေလေသည်။
သို့သော်လည်း.. အားလုံးထဲတွင် အထူးခြားဆုံးသော အရာကား.. အလယ်ဗဟိုချက်တွင် ရှိနေသော ကလေးငယ်တစ်ဦး၏ ဦးခေါင်းအရွယ်အစားခန့် ရှိသည့် ကြေးညိုရောင် အပိုင်းအစလေးတစ်ခုပင် ဖြစ်၏။
ထိုအပိုင်းအစလေးကို မြင်လိုက်ရသည့် ထိုခဏ၌ပင် ကုန်းစွန်းဟုန်ရှန်း ခြေလှမ်းများ တုံ့ခနဲ ရပ်တန့်သွားခဲ့ရပြီး မျက်မှောင်ကြုတ်လိုက်မိရင်းမှ မေးမြန်းလိုက်တော့သည်။
“ဒါ.. ဒါက ဘာကြီးလဲ…”