အခန်း (၇၂၇-၇၂၈)
Vol. 62 Ch. 727-728
အပိုင်း (၇၂၇)
ထိုအရာမှာ ယွင်ကျုံးဟဲ့ ဖန်တီးထားသော အိပ်မက်ဖြစ်ပြီး အလွန် ရင်းနှီးနေသည် မဟုတ်ပါလား။
The Witcher 3 ဂိမ်း (ဂိမ်းသမိုင်းတစ်လျှောက် အကောင်းဆုံး ဇာတ်ကောင်နေရာမှ ပါဝင်ကစားရသော ဂိမ်းများထဲမှ တစ်ခု)၏ အစပိုင်းတွင် ဂီရော့လ်နှင့် ဆီရီတို့ ငယ်စဉ်က ဇာတ်ဝင်ခန်းဖြစ်ပြီး ဂီရော့လ်၏ အိပ်မက်လည်း ဖြစ်ကာ အလွန် နွေးထွေးလှသည်။ လိုရင်းကို ရောက်အောင် လုပ်ခြင်းပင် ဖြစ်၏။
ထို့နောက် အိပ်မက် ပြီးဆုံးသွားပြီး မိဖုရား တူရှားသည် ချိုမြိန်စွာ အိပ်ပျော်သွား၏။ ဤသည်မှာ မနှစ်တည်းက စပြီး သူမ အချိုမြိန်ဆုံး အိပ်ပျော်ခဲ့ခြင်း ဖြစ်သည်။
အိပ်မက်ဆိုးများ၏ ညှဉ်းပန်းနှိပ်စက်မှုကို မခံရဘဲ လန့်နိုးမလာခဲ့ပေ။ ထိုအရာကလည်း ဆယ့်ကိုးရက်အတွင်း သူမ ပထမဆုံးအကြိမ် တကယ် အိပ်ပျော်သွားခြင်း ဖြစ်၏။
ထိုအရာက မိဖုရား တူရှားအတွက် အလှပဆုံး အချိန်လေးလည်း ဖြစ်၏။ ဤသည်မှာ ယွင်ကျုံးဟဲ့၏ မှော်အစွမ်းလည်း ဖြစ်သည်။
နာရီပေါင်းများစွာ ကြာပြီးနောက်..
မိဖုရား တူရှား နိုးလာသည်။ ၎င်းက မနှစ်တည်းက စပြီး သူမ အလှပဆုံး အိပ်ပျော်ခဲ့ခြင်း ဖြစ်သည်။ အလွန် သက်သောင့်သက်သာ ရှိပြီး အလွန် လှပ၏။
အထူးသဖြင့် ထိုအိပ်မက်လှလှလေးပင်။ သူမ၏ ကလေးလေးမှာ အသက်ဆယ်နှစ် ရှိသွားပြီ ဖြစ်သည်။ အလွန် ချစ်စရာကောင်းပြီး အလွန် ဆော့ကာ အလွန် လိမ္မာပြီး အလွန် တော်သည်။
ထိုအရာက အိပ်မက်တစ်ခု ဖြစ်သော်လည်း တကယ့် အစစ်အမှန်နှင့် အလွန်တူသည်။ သူမ ကိုယ်တိုင် မျက်စိဖြင့် မြင်ခဲ့ရသကဲ့သို့ပင် ဖြစ်သည်။ ၎င်းက အိပ်မက် မဟုတ်ဘဲ တကယ်ဖြစ်သည်ဟု သူမ ယုံကြည်၏။
သူမ၏ အသည်းအသက်လေး ဤလောကတွင် ရှိနေသေးပြီး ထိုသိုင်းကျင့်နေသည့် မိန်းကလေးငယ်လေးပင် ဖြစ်သည်။
မျက်လုံးဖွင့်၊ မျက်နှာသစ်၊ ရေချိုးပြီးနောက် သာယာလှပသော ရေပူစမ်းထဲတွင် စိမ်လိုက်သည်။ ပြီးနောက် လှပသော စကတ်ကို လဲဝတ်လိုက်၏။
ကမ္ဘာကြီးက သူမ မျက်လုံးထဲတွင် အရောင်အသွေးများ ပြန်ရလာပြီ ဖြစ်၏။ အရင်က သူမသည် စိတ်ကစဉ့်ကလျား အခြေအနေ ရောက်နေပြီး အပြင်ပန်းတွင် ပုံမှန်လို ထင်ရသော်လည်း တစ်ကိုယ်လုံး ဝိညာဉ် လွင့်ထွက်သွားသလိုဖြစ်ကာ ထုံထိုင်းနေခဲ့ခြင်း ဖြစ်သည်။
အပြုံးများဖြင့် စကားပြောနေသေးသော်လည်း ပင်ကိုယ် ဗီဇအရ သရုပ်ဆောင်နေခြင်း သက်သက်သာ ဖြစ်၏။
တကယ်တမ်း၌ တစ်ကမ္ဘာလုံးက သူမအတွက် အရောင်အသွေးများ ပျောက်ဆုံးနေပြီဖြစ်ကာ မည်သည့် အစားအစာကိုစားစား အရသာ မရှိတော့ပေ။ ပန်းရနံ့၊ ရေမွှေးရနံ့များကလည်း သူမ၏ အနံ့ခံအာရုံတွင် လုံးဝ အသုံးမဝင်တော့ပေ။
အဘယ်ကြောင့်ဆိုသော် ဆယ့်ကိုးရက်လုံးလုံး မအိပ်ရသောကြောင့် အာရုံခံစားမှု အားလုံးက ထုံထိုင်းနေပြီ ဖြစ်သောကြောင့်ပင်။ အခုတော့ အားလုံး ပြန်ရောက်လာပြီ ဖြစ်သည်။
ဤသို့ သာယာလှပသော အရသာကို မည်သည့် စကားလုံးနှင့်မျှ ဖော်ပြ၍ မရနိုင်ဘဲ သူမကို ရေနစ်နေသော နေရာမှ လက်ချောင်းလေး တစ်ချောင်းဖြင့် ဆယ်တင်ပေးလိုက်သကဲ့သို့ပင် ဖြစ်၏။
ကမ္ဘာကြီးက ပြန်လည် သာယာလှပလာပြီ ဖြစ်ပြီး ဤအရာ အားလုံးက ယွင်ကျုံးဟဲ့၏ ကျေးဇူးပင် ဖြစ်၏။ သူမသည် လသာဆောင်ပေါ်တွင် ရပ်ပြီး ကျီးချန် သိုင်းကျင့်၊ မြားပစ်နေသည်ကို ကြည့်နေပြန်သည်။
‘ဒီလောက်တောင် တော်တာလား။ ဒီလောက် ချောမောတာလား။’
မိဖုရား တူရှားက ကျီးချန် ဆိုသော ယောက်ျားမှာ ဤမျှအထိ တောက်ပနေမှန်း ပထမဆုံးအကြိမ် တွေ့ရှိလိုက်ရ သကဲ့သို့ပင်။
သူမ ထပ်ကြည့်လိုက်ပြီးနောက် လှည့်ထွက်သွားကာ အခြား လသာဆောင် တစ်ခုဆီသို့ သွားလိုက်သည်။ ထိုလသာဆောင်ပေါ်တွင်မူ ယွင်ကျုံးဟဲ့က ကျီးချန် သိုင်းကျင့်နေသည်ကို ကြည့်နေသည်။
မိဖုရား တူရှားက ယွင်ကျုံးဟဲ့ကို လှမ်းပြောလိုက်၏။ “မှော်ဆရာကြီးရှင့်... ရှင် ကျွန်မရဲ့ ပျော်တော်ဆက် ယောက်ျား ဖြစ်လာဖို့ ဖိတ်ခေါ်လို့ ရမလား။”
မိဖုရား တူရှား၏ စကားကို ကြားချိန်မှာတော့ ယွင်ကျုံးဟဲ့က ပွင့်ပွင့်လင်းလင်းပဲ ပြောလိုက်သည်။ “လာပါ မိဖုရား... ကျုပ်ကို စိတ်ကြိုက်သာ ညှဉ်းပန်းနှိပ်စက်လိုက်ပါ။ ကျုပ်က ပြိုင်ဘက်ကင်း အချောအလှလေးမို့လို့ ဆိုပြီး သနားမနေပါနဲ့။”
ထိုအချိန်မှစ၍ ယွင်ကျုံးဟဲ့သည် မိဖုရား တူရှား၏ ပျော်တော်ဆက်ယောက်ျား ဖြစ်လာခဲ့သည်။ ညတိုင်းနီးပါး ယွင်ကျုံးဟဲ့သည် မိဖုရား တူရှား၏ နတ်ဘုံနတ်နန်းကဲ့သို့သော အခန်းထဲသို့ သွားရောက်ရ၏။
လူတိုင်း အံ့ဩသွားကြ၏။ မိဖုရားသည် မည်သည့် ပျော်တော်ဆက်ယောက်ျားကိုမှ အိပ်ယာဝင် ပြုစုခိုင်းလေ့ မရှိပေ။
သူမသည် ရူးသွပ်ပြီး အကြမ်းဖက်သည့် သဘောသဘာဝ ပါဝင်သော တင်ဆက်မှုများကိုသာ ကြည့်ရှုလိုခြင်း ဖြစ်သည်။
သို့ပေမည့် ယခု ယွင်ကျုံးဟဲ့သည် နေ့တိုင်း သူမ၏ အခန်းထဲသို့ ဝင်နေရသည်လား။ ထိုသို့ဆိုလျှင် အချောအလှလေးက ခံနိုင်ရည် ရှိပါ့မည်လား။
ခံနိုင်ရည် ရှိသည်။ အဘယ်ကြောင့်ဆိုသော် ယွင်ကျုံးဟဲ့သည် နေ့တိုင်း မိဖုရားကို အိပ်မွေ့ချပြီး အိပ်မက် ဖန်တီးပေးရန်သာ သွားရောက်ရခြင်း ဖြစ်သည်။
လက်ချောင်းလေး တစ်ချောင်းမှပင် မထိရသောကြောင့် မည်ကဲ့သို့ ခံနိုင်ရည် မရှိဘဲ နေမည်နည်း။ သို့ပေမည့် ခံနိုင်ရည် မရှိဘူးဟုလည်း ပြောလို့ရ၏။
ပြိုင်ဘက်ကင်း မိန်းမလှလေးတစ်ဦးကို ရင်ဆိုင်နေရပြီး နတ်ဘုံနတ်နန်းကဲ့သို့သော အခန်းထဲတွင် သူမနှင့်အတူ နေ့တိုင်း အိပ်စက်ရသော်လည်း လက်ချောင်းလေး တစ်ချောင်းမှ မထိရလျှင် မည်သည့် အမျိုးသားက ခံနိုင်ရည် ရှိမည်နည်း။
ထို့အပြင် ပို၍ ထူးဆန်းသည်မှာ မိဖုရား တူရှားသည် ကျီးချန်ကို မောင်းထုတ်ခြင်း မရှိပေ။ သူသည် နေ့တိုင်း ထ၍ သိုင်းကျင့်နေဆဲဖြစ်ပြီး စာကြည့်တိုက်သို့ သွား၍ စာဖတ်ကာ ယွင်ကျုံးဟဲ့နှင့် စစ်တုရင် ကစားဆဲပင် ဖြစ်သည်။ ညဘက်ရောက်လျှင် သုံးယောက် အတူတူ ညစာ စားကြသည်။
ထို့ကြောင့် တုန်းကျိုးမြို့ တစ်ခုလုံးသာမက အင်ပါယာ တစ်ခုလုံးတွင် ကောလာဟလများ ပျံ့နှံ့လာခဲ့သည်။ မိဖုရား တူရှားသည် ထူးထူးခြားခြား ပျော်တော်ဆက်ယောက်ျား နှစ်ယောက်ကို တပြိုင်နက်တည်း ပိုင်ဆိုင်ထားသည် ဆိုသော ကောလဟလပင်။
ထို့ကြောင့် လူအများအပြားသည် အလွန် ရူးသွပ်စရာကောင်းသော မြင်ကွင်းများကို စိတ်ကူးယဉ်လာကြပြီး တကယ်ကို ကြည့်ရက်စရာ၊ နားထောင်ရက်စရာပင် မရှိတော့ပေ။
မရေမတွက်နိုင်သော အမျိုးသားများသည် အားကျ၊ မနာလို၊ မုန်းတီးလာကြသည်။
ယခင်က ယွင်ကျုံးဟဲ့နှင့် အိမ်ထောင်ဖက်ရှာပွဲ လုပ်ခဲ့ဖူးသော မိန်းကလေးများသည်လည်း အလွန် ရင်ကွဲနာကျ နေကြသည်။
မိမိတို့ ချစ်မြတ်နိုးရသော အမျိုးသားသည် ဤမျှအထိ အခြေအနေ ဆိုးသွားရသည်လား။ မိဖုရား တူရှား၏ ပျော်တော်ဆက်ယောက်ျား ဖြစ်ရုံသာမက သုံးယောက် အတူတူ နေထိုင်နေကြသေးသည်လား။
ကျီးချန်က မည်မျှ ယောက်ျားပီသပြီး သန်မာသနည်း။ ယွင်ကျုံးဟဲ့က ချောမောလွန်းပြီး မိဖုရား တူရှား၏ အကြိုက်က ကြမ်းတမ်းသောကြောင့် ဤသုံးယောက်ကြားတွင် ဘာတွေ ဖြစ်ပျက်နေသနည်း ဆိုသည်ကို တစ္ဆေသာ သိနိုင်ပေလိမ့်မည်။
အတိုချုပ်ဆိုရလျှင် လူတိုင်းနီးပါးက အလွန် အဓိပ္ပာယ်မဲ့သောဘက်သို့ တွေးတောနေကြသည်။ သို့ပေမည့် ထိုသုံးယောက်၏ ဆက်ဆံရေးမှာ အလွန် သန့်ရှင်းစင်ကြယ်ပြီး ဘာသာရေး ကိုင်းရှိုင်းသူများထက်ပင် ပို၍ ကိလေသာ ကင်းစင်နေသေး၏။
မိဖုရား တူရှားသည်လည်း ယွင်ကျုံးဟဲ့နှင့် တဖြည်းဖြည်း မခွဲနိုင် မခွာရက် ဖြစ်လာခဲ့သည်မှာ အမှန်ပင် ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သူမသည် နေ့တိုင်း ယွင်ကျုံးဟဲ့ ရှိမှသာ အိပ်ပျော်နိုင်သောကြောင့် ဖြစ်သည်။
အိပ်ပျော်စေရန် သက်သက်သာ မဟုတ်ဘဲ အရေးကြီးဆုံးမှာ အိပ်မက်ထဲတွင် အသည်းအသက် သမီးလေးကို တွေ့မြင်ရရန် ဖြစ်သည်။ နေ့တိုင်း အိပ်မက်တစ်ခုစီတိုင်းသည် သမီးလေးနှင့် ပတ်သက်နေ၏။
ယွင်ကျုံးဟဲ့သည် နေ့တိုင်း နာရီဝက်ခန့် အိပ်မက်ဖန်တီးပေးရန် လိုအပ်သော်လည်း အလွန် ပင်ပန်းရန် မလိုဘဲ ခံစားချက်နှင့် အလှတရားများ ပြည့်နှက်နေရန်သာ လိုအပ်သည်။
အိပ်မက်ထဲတွင် မိဖုရား တူရှားသည် သမီးလေး ရယ်မောနေသည်၊ သိုင်းကျင့်နေသည်၊ ဆော့ကစားနေသည်ကို မြင်တွေ့ရရုံဖြင့် လုံလောက်ပြီး အတက်အကျများသော ဇာတ်လမ်းများ လုံးဝ မလိုအပ်ပေ။ သမီးလေးကို မြင်ရုံဖြင့် မိဖုရား တူရှားသည် အလွန် ပျော်ရွှင်နေပြီ ဖြစ်၏။
ထိုသို့ဖြင့် တစ်လတာ ပျော်တော်ဆက်ယောက်ျား ဘဝသည် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့၏။ စည်းမျဉ်းအရ တူရှား စံအိမ်၏ ဧည့်ခံတွေ့ဆုံမည့်ရက် ရောက်လာပြီး မိဖုရားသည် ပျော်တော်ဆက်ယောက်ျားသစ်ကို ထပ်မံ ရွေးချယ်ရတော့မှာ ဖြစ်သည်။
သို့ပေမည့် ဤတစ်ကြိမ်တွင်မူ စံအိမ်တံခါးမှာ တင်းကျပ်စွာ ပိတ်ထားသည်။ လူတိုင်း အံ့ဩသွားကြသည်။ ယွင်ကျုံးဟဲ့နှင့် ကျီးချန်တို့သည် ဤမျှလောက်ပင် ဆွဲဆောင်မှု ရှိနေကြသည်လား။ စံချိန်တင်သွားပြီလား။
အချို့ကလည်း ဤတစ်ကြိမ်တွင် ပျော်တော်ဆက်ယောက်ျား နှစ်ယောက်ဖြစ်သောကြောင့် နှစ်လ ကြာမြင့်မည်ဟု ပြောဆိုကြသည်။
သို့ပေမည့် နောက်ထပ် တစ်လ ကြာသွားချိန်မှာတော့ စံအိမ်တံခါးမှာ ပိတ်ထားဆဲပင် ဖြစ်သည်။ မိဖုရား တူရှားသည် ပျော်တော်ဆက်ယောက်ျားသစ်ကို ရွေးချယ်ခြင်း မရှိသေးပေ။
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “မိဖုရားကြီး… ကျုပ် စကားတစ်ခွန်း မေးလို့ ရမလား။”
မိဖုရား တူရှားက ပြောလိုက်၏။ “ပြော။”
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ကျုပ်က ခင်ဗျားရဲ့ ပျော်တော်ဆက်ယောက်ျားပဲ။ ဘာလို့ ကျုပ်ကို မညှဉ်းပန်းတာလဲ။”
မိဖုရား တူရှားက ပြန်မေးလိုက်၏။ “ရှင်က ညှဉ်းပန်းခံရဖို့ အဲဒီလောက်တောင် လိုလားနေတာလား။”
ယွင်ကျုံးဟဲ့က ဖြေလိုက်သည်။ “နည်းနည်းတော့ လိုလားမိတယ်။”
မိဖုရား တူရှားက မေးလိုက်၏။ “ကျွန်မနာမည်က အရမ်း ပျက်နေပြီး ကိုယ်ပိုင်ဘဝကလည်း အရမ်း ရှုပ်ပွနေတယ်။ အဲဒါ အမှန်လို့ ထင်လား၊ အတုလို့ ထင်လား။”
ယွင်ကျုံးဟဲ့က ခဏမျှ စဉ်းစားပြီးနောက် ဖြေသည်။ “အမှန်ဖြစ်ဖို့ မျှော်လင့်ပါတယ်။”
မိဖုရား တူရှားက ပြော၏။ “အမှန်ပဲ။ အရင် ပျော်တော်ဆက်ယောက်ျားတွေကို ကျွန်မ တစ်ယောက်မှ အိပ်ယာဝင် မပြုစုခိုင်းခဲ့ဖူးသလို ကျွန်မရဲ့ ခန္ဓာကိုယ်ကိုလည်း တစ်ယောက်မှ အထိမခံခဲ့ဖူးဘူး။ ဒါပေမဲ့ သူတို့ တစ်ယောက်ချင်းစီတိုင်းက ညှဉ်းပန်းခံခဲ့ရတယ်။ ရှင် စိတ်ကူးနိုင်သမျှ ညှဉ်းပန်းမှု မျိုးစုံ ရှိတယ်။
သေချာပေါက် ကျွန်မ ကိုယ်တိုင် ညှဉ်းပန်းတာ မဟုတ်ဘူး။ ကျွန်မရဲ့ အမျိုးသမီး အရာရှိတွေ၊ ကျွန်မ လက်အောက်က အမျိုးသမီး သိုင်းသမားတွေက လုပ်တာ။ ရှင် စိတ်ကူးနိုင်တဲ့ အစွန်းရောက်ဆုံး အရာတွေ အားလုံးက ကျွန်မရဲ့စံအိမ်ထဲမှာ ဖြစ်ပျက်ခဲ့ဖူးပြီး ကျွန်မကတော့ အမြဲတမ်း ဘေးကနေ ကြည့်နေတဲ့သူပဲ။”
ယွင်ကျုံးဟဲ့ တစ်ကိုယ်လုံး တုန်ယင်သွားသည်။
မိဖုရား တူရှားက ဆက်ပြောလိုက်၏။ “ကျွန်မရဲ့ နာမည်က အရမ်း ကောင်းနေလို့ မရဘူး။ အဲဒီလိုဆိုရင် တချို့လူတွေက ကျွန်မကို စိတ်ချမှာ မဟုတ်ဘူး။ ကျွန်မနာမည် ပိုပျက်လေ၊ သူတို့က ကျွန်မကို ပိုပြီး အလိုလိုက်လေပဲ။”
ယွင်ကျုံးဟဲ့က စိတ်ဝင်တစားဖြင့် မေးလိုက်သည်။ “ဒါဆို ဘာလို့ ကျုပ်နဲ့ ကျီးချန်ကို သူတို့က မညှဉ်းပန်းတာလဲ။”
မိဖုရား တူရှားက ပြန်မေးလိုက်၏။ “ကျီးချန်ရဲ့ နောက်ခံကို ရှင် သိလား။”
ယွင်ကျုံးဟဲ့က ဖြေသည်။ “သူက တော်ဝင်မိသားစုက လာတာ ဖြစ်ရမယ်။”
“ဟုတ်တယ်။ တော်ဝင်မိသားစုပဲ။”
မိဖုရား တူရှားက မေးလိုက်၏။ “ဒါပေမဲ့ သူ့မျက်လုံးကို ရှင် သေချာ ကြည့်ဖူးလား။”
ယွင်ကျုံးဟဲ့က ဖြေသည်။ “ကြည့်ဖူးတယ်။ အပြာရောင်လေ။”
မိဖုရား တူရှားက ရှင်းပြလိုက်၏။ “ကျွန်မတို့ ဟွာလူမျိုးတွေက အညိုရောင်၊ အနက်ရောင် မျက်လုံးတွေပဲ ရှိတာ။ ကျီးချန်ကတော့ အပြာရောင် မျက်လုံး ရှိတယ်။ အဲဒါကြောင့် သူ့မှာ တော်ဝင်မိသားစု သွေးကြော ရှိပေမယ့် လူတိုင်းက သူဟာ လူဖြူအမျိုးသမီးကျွန်ကနေ မွေးဖွားလာတယ်လို့ ထင်ကြတယ်။ သူ ဘယ်လောက်ပဲ ထူးချွန်ထူးချွန်၊ ဘယ်လောက်ပဲ တော်တော် ခေါင်းဖော်နိုင်မယ့်နေ့ဆိုတာ မရှိဘူး။ သူ့ရဲ့ သိုင်းပညာနဲ့ မြားပစ် စွမ်းရည်ကို ရှင် တွေ့ဖူးတယ်မလား။”
ယွင်ကျုံးဟဲ့က ဖြေလိုက်သည်။ “တွေ့ဖူးတယ်။ ပြိုင်ဘက်ကင်းပဲ။”
မိဖုရား တူရှားက ပြောလိုက်၏။ “သူ့အဖေက အရင်က တပ်တော်တပ်မှူး ဖြစ်ခဲ့ပြီး အင်ပါယာရဲ့ ထိပ်တန်း စစ်ဗိုလ်ချုပ်တွေထဲက တစ်ယောက်ပဲ။ ကျီးချန် မွေးလာပြီးတဲ့နောက် အထက်လွှတ်တော်က သူ့ကို သွေးနှောလို့ သတ်မှတ်ပြီး တော်ဝင်မိသားစု စာရင်းကနေ ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့တယ်။
သူ့အဖေက ကိုယ့်အာဏာကို ကာကွယ်ချင်ရင် ကျီးချန်ဟာ လူဖြူအမျိုးသမီးကျွန်ကနေ မွေးတယ်ဆိုတာကို ဝန်ခံရမယ်။ ဒါပေမဲ့ သူ့အဖေက လက်မခံဘဲ အထက်လွှတ်တော်မှာ လူပုံလယ်မှာ ပြန်လည် ချေပခဲ့တယ်။ အဲဒီအတွက် တပ်တော် တပ်မှူး ရာထူးကနေ ဖယ်ရှားခံရပြီး ခရိုင် အုပ်ချုပ်ရေးမှူးအဖြစ် အဆင့်လျှော့ချခံရတယ်။ နောက်ပိုင်းမှာတော့ ရာထူး အားလုံးကနေ ရပ်စဲခံရတယ်။
ကျီးချန်က စာပေရော၊ သိုင်းပညာရော ထူးချွန်ပေမယ့် ဘယ်အင်ပါယာ စာသင်ကျောင်းကမှ သူ့ကို လက်မခံဘူး။ သူက လုံးဝ ကိုယ့်ဘာသာကိုယ် သင်ယူခဲ့ရတာ။ သူ့အဖေက သူ့ဆရာပဲ။ မြားပစ်တာ၊ သိုင်းပညာ၊ စစ်တုရင် ကစားတာ၊ ပန်းချီဆွဲတာ အားလုံးက သူ့အဖေဆီက သင်ယူခဲ့တာ။ ဒါပေမဲ့ သူက ဆရာ့ထက် ပိုတော်သွားခဲ့တယ်။”
မိဖုရား တူရှားက ခဏရပ်ကာ ဆက်ပြောသည်။ “ဒီနှစ် သူ့အဖေ ဆုံးသွားတယ်။ သူက စစ်တပ်မှာ ရာထူးတစ်ခု ရဖို့ ကြိုးစားပေမယ့် အကုန် ကျရှုံးခဲ့တယ်။ လူတစ်ရာ တပ်မှူးတောင် ဖြစ်ခွင့်မရဘူး။ အဲဒါကြောင့် သူ ကျွန်မဆီကို ရောက်လာတာ။”
အပိုင်း (၇၂၈)
ယွင်ကျုံးဟဲ့ တိတ်ဆိတ်သွားသည်။ နေနတ်သားကဲ့သို့ တောက်ပသော ကျီးချန်တွင် ဤမျှ ဝမ်းနည်းဖွယ် အတိတ် ရှိလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
သို့ပေမည့် ပုံမှန်အချိန်များတွင်မူ လုံးဝ သိသာခြင်း မရှိပေ။ သူသည် အမြဲတမ်း ရေကဲ့သို့ တည်ငြိမ်နေသည်။ နေ့တိုင်း အလွန် စည်းကမ်းကြီးသော ဘဝကို ဖြတ်သန်းနေပြီး စက်ရုပ်တစ်ရုပ်ကဲ့သို့ သိုင်းကျင့်ခြင်း၊ စာဖတ်ခြင်း၊ ပန်းချီဆွဲခြင်း၊ စားသောက်ခြင်း၊ အိပ်စက်ခြင်းတို့ကို ပြုလုပ်နေသည်။
မိဖုရား တူရှားက ပြော၏။ “ရှင့်ရဲ့ နောက်ခံကိုတော့ ကျွန်မ ထပ်ပြောစရာ မလိုတော့ဘူး ထင်တယ်။ မှော်ဆရာကြီး… ကျွန်မဆီကို ပျော်တော်ဆက်ယောက်ျား လာလုပ်တဲ့သူတွေထဲမှာ ရုပ်ရည်ချောမောပြီး ချမ်းသာ ကြွယ်ဝမှုအတွက် ကိုယ့်ဝိညာဉ်နဲ့ ခန္ဓာကိုယ်ကို ရောင်းစားချင်တဲ့ သူတွေဆိုရင် ကျွန်မ သူတို့ကို ဖြည့်ဆည်းပေးမယ်။
ပျော်တော်ဆက်ယောက်ျား တစ်ယောက် ဖြတ်သန်းရမယ့် အရာ အားလုံးကို ကျွန်မလက်အောက်က လူတွေကို လုပ်ခိုင်းပြီး သူတို့ကို ကျေနပ်အောင် လုပ်ပေးမယ်။ ပြီးရင် အတော်အသင့် ကောင်းတဲ့ ရာထူးတစ်ခု ပေးလိုက်မယ်။ ဒါပေမဲ့ တကယ် အရည်အချင်းရှိတဲ့ သူတွေဆိုရင်တော့ ကျွန်မ သူတို့ကို ဂုဏ်သိက္ခာရှိရှိ ဆက်ဆံမယ်။
ယွင်ကျုံးဟဲ့… ရှင် တကယ်ပဲ ညှဉ်းပန်းခံချင်တာ သေချာလား။”
ယွင်ကျုံးဟဲ့က ဖြေလိုက်သည်။ “စိတ်တော့ နည်းနည်း လှုပ်ရှားနေတယ်။”
ထို့နောက် နေ့ရက်များသည် ပုံမှန်အတိုင်း ဆက်လက် ကုန်ဆုံးသွားသည်။ မိဖုရား တူရှား၏ ယွင်ကျုံးဟဲ့အပေါ် မှီခိုမှုသည် တဖြည်းဖြည်း နည်းပါးလာ၏။
အဘယ်ကြောင့်ဆိုသော် သူမသည် တဖြည်းဖြည်း ကိုယ်တိုင် အိပ်ပျော်လာနိုင်ပြီး အိပ်မက်ဆိုးများလည်း မမက်တော့သောကြောင့် ဖြစ်သည်။
ထို့အပြင် သူမ၏ အိပ်မက်ထဲတွင် သမီးလေးကို တွေ့မြင်ရခြင်းမှာ အိပ်မက်သက်သက်သာ ဖြစ်ပြီး ယွင်ကျုံးဟဲ့၏ ဆန်းကြယ်သော အိပ်မက်ဖန်တီးမှု စွမ်းရည်သာ ဖြစ်ကြောင်း သူမ သိရှိလာ၏။
တစ်စုံတစ်ယောက်က သူမကို အိပ်မက်ဆိုးများ အဆက်မပြတ် မက်အောင် လုပ်နိုင်သကဲ့သို့ တစ်စုံတစ်ယောက် ကလည်း သူမကို အိပ်မက်လှလှများ မက်အောင် လုပ်နိုင်စွမ်း ရှိသည်။
ကျီးချန်ကမူ စက်ရုပ်ကဲ့သို့သော ဘဝကို ဆက်လက် ဖြတ်သန်းနေဆဲပင် ဖြစ်၏။
တစ်နေ့တွင် မိဖုရား တူရှားနှင့် ယွင်ကျုံးဟဲ့တို့ နှစ်ယောက်တည်း ညစာ စားနေကြသည်။
မိဖုရား တူရှားက ပြောလိုက်၏။ “ယွင်ကျုံးဟဲ့… ကျွန်မအနားမှာ ယောက်ျားတစ်ယောက်ကို အကြာကြီး ထားလို့ မရဘူး။ ပျော်တော်ဆက်ယောက်ျား ဖြစ်ရင်တောင် မရဘူး။ ဘာလို့လဲဆိုတော့ အကြောင်းရင်း နှစ်ချက် ရှိတယ်။ ပထမအချက်က ကျွန်မ ဘယ်ယောက်ျားကိုမှ ချစ်မိလို့ မရဘူး။ ဒုတိယအချက်က ကျွန်မအနားမှာ အကြာကြီး နေရင် အန္တရာယ် ရှိလာနိုင်တယ်။”
ယွင်ကျုံးဟဲ့က ဖြေလိုက်သည်။ “ကျုပ် နားလည်ပါတယ်။”
မိဖုရား တူရှားက ပြော၏။ “ဒါပေမဲ့ ရှင် ကျွန်မနောက်ကို လိုက်လာတာ လအနည်းငယ် ရှိနေပြီဆိုတော့ ရှင့်ကို တစ်ခုခုတော့ ပြန်ပေးရမယ်။ ရှင် ဘာလိုချင်လဲ။”
ယွင်ကျုံးဟဲ့က ဖြေလိုက်သည်။ “အင်ပါယာရဲ့ မူဝါဒကို ပြောင်းလဲပြီး အရှေ့ဘက်ကို စစ်တိုက်ဖို့၊ တာ့ရှန်း မိစ္ဆာနိုင်ငံကို ဖျက်ဆီးပြီး တာ့ယန် အင်ပါယာဟောင်းရဲ့ နယ်မြေကို ပြန်လုယူချင်တယ်။”
မိဖုရား တူရှားက ခေါင်းခါကာ ပြောလိုက်၏။ “ကောင်းကင်ပေါ် တက်ရသလို ခက်ခဲလိမ့်မယ်။ လုံးဝ မဖြစ်နိုင်ဘူး။”
ထို့နောက် မိဖုရား တူရှားက မေးသည်။ “ကျွန်မရဲ့ အာဏာက ကြီးတယ်လို့ ရှင် ထင်လား။”
ယွင်ကျုံးဟဲ့က ဖြေလိုက်၏။ “ကြီးပါတယ်။ ခင်ဗျားက အင်ပါယာ မိဖုရားအလှလေး၊ အင်ပါယာရဲ့ နံပါတ်တစ် မုဆိုးမ၊ အင်ပါယာရဲ့ နံပါတ်တစ် မိန်းမလေ။”
မိဖုရား တူရှားက ပြောသည်။ “ဟုတ်တယ်။ အာဏာ အရမ်း ကြီးတယ်။ ကျွန်မရဲ့ တောင်းဆိုချက်တွေကို မြို့တော်က အုပ်ချုပ်ရေးမှူး နှစ်ယောက်လုံးက အခြေခံအားဖြင့် ဖြည့်ဆည်းပေးတယ်။ ကျွန်မက ဗိုလ်ချုပ် တစ်ယောက်ကို ရာထူးတိုးပေးချင်တယ်။ ဒါမှမဟုတ် အုပ်ချုပ်ရေးမှူး တစ်ယောက်ကို ရာထူးတိုးပေးချင်တယ် ဆိုရင် အခြေခံအားဖြင့် ပယ်ချခံရလေ့ မရှိဘူး။ ဒါပေမဲ့ မမြင်ရတဲ့ စည်းမျဉ်းတစ်ခု ရှိတယ်။ အင်ပါယာရဲ့ မူဝါဒနဲ့ ပတ်သက်လာရင် ကျွန်မ ဝင်စွက်ဖက်လို့ မရဘူး။”
ထိုအချက်ကို ယွင်ကျုံးဟဲ့ နားလည်နိုင်၏။
မိဖုရား တူရှားက ပြောသည်။ “ရှင် လိုချင်တာကို ကျွန်မ အစတည်းက သိထားပြီးသားပါ။ ရှင့်ရဲ့ အနာဂတ်ကို ဘယ်လို စီစဉ်ပေးရမလဲဆိုတာကိုလည်း ကျွန်မ အမြဲတမ်း တွေးနေခဲ့တာ။ ရှင် လိုချင်တာက ချမ်းသာကြွယ်ဝမှု သက်သက်ဆိုရင်တော့ လွယ်လွယ်လေးပါ။”
ယွင်ကျုံးဟဲ့ ခဏမျှ တိတ်ဆိတ်နေပြီးနောက် ပြော၏။ “မိဖုရား… တကယ်တော့ ခင်ဗျားရဲ့ အခြေအနေက အရမ်း အန္တရာယ်များတယ်မလား။ အဲဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် ဖောက်ပြန်ပျက်စီးနေသလို ဟန်ဆောင်နေရတာမလား။ ခင်ဗျားရဲ့ ယောက်ျား၊ အရင် အုပ်ချုပ်ရေးမှူး သေဆုံးတာရော၊ ခင်ဗျားရဲ့ သမီးလေး ပျောက်ဆုံးသွားတာရော အားလုံးက ရိုးရှင်းမနေဘူး မဟုတ်လား။”
မိဖုရား တူရှားက ပြောသည်။ “ယွင်ကျုံးဟဲ့… ရှင် အသက်ရှင်ချင်သေးရင် ပါးစပ် ပိတ်ထားတာ ပိုကောင်းမယ်။”
ထို့နောက် မိဖုရား တူရှားက မေးလိုက်၏။ “ဒီအင်ပါယာက ကောင်းတယ်လို့ ရှင် ထင်လား။”
ယွင်ကျုံးဟဲ့က ဖြေသည်။ “ကောင်းပါတယ်။ အရမ်း ကောင်းပါတယ်။ အင်အားကြီးပြီး တက်ကြွမှုတွေ ပြည့်နှက်နေတယ်။ ကျုပ် တွေ့ခဲ့ရတဲ့ လူတိုင်းကလည်း ကောင်းပါတယ်။”
မိဖုရား တူရှားက ပြော၏။ “ဟုတ်တယ်။ အင်ပါယာက ကောင်းပါတယ်။ ဒါပေမဲ့ အာဏာနဲ့ ပတ်သက်လာရင်တော့ ဒီနေရာက တခြား အင်ပါယာတွေလိုပဲ အန္တရာယ်များပြီး ကြောက်စရာကောင်းတယ်။ နည်းနည်းလေး ထိမိတာနဲ့ တစ်စစီ ကြေမွသွားနိုင်တယ်။”
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “အင်ပါယာရဲ့ မူဝါဒကို ပြောင်းလဲပြီး အရှေ့ဘက်ကို စစ်တိုက်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး မဟုတ်လား။”
မိဖုရား တူရှားက ဖြေ၏။ “ဟုတ်တယ်။ မဖြစ်နိုင်ဘူး။ ဒါက အထက်လွှတ်တော်နဲ့ အုပ်ချုပ်ရေးမှူးတွေက ဆုံးဖြတ်တာတင် မကဘူး၊ အင်ပါယာ နိုင်ငံသား အားလုံးကလည်း ဒီလို ဆန္ဒမျိုး မရှိကြဘူး။ သူတို့က အရှေ့ဘက် နယ်မြေဟောင်းအပေါ် ဘာခံစားချက်မှ မရှိကြဘူး။ ရှင်လည်း ခံစားမိမှာပါ၊ လူတိုင်းက အရှေ့ဘက် နယ်မြေဟောင်းကို ယိုယွင်း၊ ခေတ်နောက်ကျပြီး အမုန်းတရားတွေ ပြည့်နှက်နေတယ်လို့ ထင်ကြတယ်။”
ယွင်ကျုံးဟဲ့ ခံစားမိ၏။ ကျူ့ယွီယန်ပင်လျှင် ထိုသို့ တွေးနေခြင်း ဖြစ်သည်။ ထို့နောက် အတော်ကြာ တိတ်ဆိတ် သွားကြသည်။
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “မိဖုရား... ကျုပ်ရဲ့ မှတ်တမ်းတွေကို ခင်ဗျား စုံစမ်းပြီးပြီမလား။ ကျုပ်လည်း တာ့ယန် တော်ဝင်မိသားစုဝင်ပဲ။ တကယ်တော့ ကျုပ်က အသန့်စင်ဆုံး တာ့ယန် တော်ဝင်မိသားစုဝင်ဖြစ်ပြီး ရွှေရောင် သွေးကြောကို ပိုင်ဆိုင်ထားတယ်။”
မိဖုရား တူရှားက ပြောသည်။ “ရှင့်ရဲ့ အစီရင်ခံစာကို ကျွန်မ ကြည့်ပြီးပြီ။ မီတျဲ ချိုင့်ဝှမ်းက လူတွေက ရှင့်မှာ ရွှေရောင်သွေးကြော ရှိတယ်လို့ တကယ်ပဲ ပြောထားတယ်။ ဒါပေမဲ့... ကျွန်မတို့ ရှင့်ကို သေသေချာချာ စစ်ဆေးပြီးပြီ။ အဲဒီအချက်ကို မတွေ့ရဘူး။ ပြီးတော့... တွေ့ခဲ့ရင်တောင် ဘယ်သူမှ အသိအမှတ်ပြုမှာ မဟုတ်ဘူး။ အထက်လွှတ်တော်ကလည်း အသိအမှတ်ပြုမှာ မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတာ ရှင် သိသင့်တယ်။”
ယွင်ကျုံးဟဲ့က ဖြေလိုက်၏။ “ဘာလို့လဲဆိုတော့ ဘယ်သူကမှ ကိုယ့်ခေါင်းပေါ်မှာ ဧကရာဇ် တစ်ပါး ထပ်ပေါ်လာတာကို မလိုချင်လို့လေ။ အုပ်ချုပ်ရေးမှူးက အနှစ် နှစ်ဆယ် သက်တမ်းပဲ ရှိတာ။ ဧကရာဇ်ဆိုရင် မျိုးရိုးစဉ်ဆက် ဖြစ်သွားမယ်။ အထက်လွှတ်တော်ကလည်း အာဏာ လက်လွှတ်ရပြီး အင်ပါယာရဲ့ အစိုးရအဖွဲ့ ဖြစ်သွားလိမ့်မယ်။ အဲဒါက သမိုင်းကို နောက်ပြန်လှည့်သလို ဖြစ်သွားမှာပေါ့။”
မိဖုရား တူရှားက ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ဟုတ်တယ်။ အင်ပါယာရဲ့ ဧကရာဇ် ဖြစ်ချင်တဲ့သူတိုင်းဟာ အထက်လွှတ်တော် တစ်ခုလုံးရဲ့ ရန်သူပဲ။”
ယွင်ကျုံးဟဲ့သည် ရောမနိုင်ငံ၏ ဂျူးလိယက်ဆီဇာ ဧကရာဇ် ဖြစ်လာမည့် လမ်းကြောင်းကို သတိရသွားသည်။ သူသည် စစ်ရေး အောင်မြင်မှုများဖြင့် စစ်တပ်ကို အုပ်ချုပ်ကာ နောက်ဆုံးတွင် အာဏာရှင် ရာထူးကို ရရှိခဲ့သော်လည်း သူ၏ သက်တမ်း တစ်လျှောက်လုံး ဧကရာဇ် မဖြစ်ခဲ့ရဘဲ အထက်လွှတ်တော်တွင် လုပ်ကြံခံခဲ့ရသည်။ သူ၏ မွေးစားသား အော့တေးဗီးယန်း (Octavian) သာလျှင် ရောမ အင်ပါယာ၏ ပထမဆုံး ဧကရာဇ် ဖြစ်လာခဲ့၏၊
ဤတာ့ယန် အင်ပါယာသစ်တွင် ဧကရာဇ် မရှိသည်မှာ နှစ်ပေါင်း တစ်ထောင်ကျော် ရှိနေပြီ ဖြစ်၏။ ယခုအချိန်တွင် ဧကရာဇ် ဖြစ်ချင်သူ မည်သူမဆို တစ်စစီ ကြေမွသွားအောင် ဖိနှိပ်ခံရမည်မှာ သေချာသည်။
ယခင် အုပ်ချုပ်ရေးမှူးသည် အလွန် ထူးချွန်ပြီး စာပေရော၊ သိုင်းပညာပါ ပြည့်စုံကာ အာဏာ နှစ်ရပ်လုံးကို ကိုင်စွဲထားခဲ့သော်လည်း သက်တမ်း မကုန်ဆုံးမီ ရောဂါဖြင့် သေဆုံးသွားခဲ့ရသည်။ သူ၏ သိုင်းပညာ ဤမျှ မြင့်မားပါလျက် ရောဂါဖြင့် သေဆုံးသွားရခြင်းမှာ မထူးဆန်းပေဘူးလား။
အထက်လွှတ်တော်က အာဏာရှင်ကိုပင် လက်မခံနိုင်ပါက ဧကရာဇ်ကို ဆိုလျှင် ပို၍ပင် လက်မခံနိုင်မှာ သေချာသည်။
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ဒါဆို ကျုပ် အင်ပါယာရဲ့ အုပ်ချုပ်ရေးမှူး ဖြစ်လာနိုင်ခြေ ရှိလား။”
မိဖုရား တူရှားက ဖြေသည်။ “မဖြစ်နိုင်ဘူး။ ရှင့်မှာ တာ့ယန် တော်ဝင်မိသားစုရဲ့ သွေးကြော ရှိတယ်ဆိုတာ ကျွန်မ ယုံတယ်။ ဒါပေမဲ့ အင်ပါယာတစ်ခုလုံး ယုံကြည်အောင် ရှင် ဘယ်လို လုပ်မလဲ။ အထက်လွှတ်တော် ယုံကြည်အောင် ဘယ်လိုလုပ်မလဲ။ ကျီးချန်တောင် တော်ဝင်မိသားစုဝင်အဖြစ် အသိအမှတ်ပြု မခံရတာ၊ ရှင်ဆိုရင် ပိုတောင် မဖြစ်နိုင်သေးတယ်။”
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “အကယ်၍ တစ်နေ့နေ့မှာ ကျုပ် တော်ဝင်မိသားစုဝင် အဖြစ် အသိအမှတ်ပြု ခံရရင်ရော အုပ်ချုပ်ရေးမှူး ဖြစ်လာနိုင်ခြေ ရှိလား။ အရမ်း နည်းပါးတဲ့ ဖြစ်နိုင်ခြေလေးတောင် မရှိဘူးလား။”
မိဖုရား တူရှား ခဏမျှ စဉ်းစားပြီးနောက် ပြန်မေးလိုက်သည်။ “တော်ဝင်မိသားစုဝင်အဖြစ် ဘယ်လို အသိအမှတ်ပြု ခံရမလဲဆိုတာ ရှင် သိလား။”
ယွင်ကျုံးဟဲ့က ဖြေလိုက်၏။ “သင်ပြပေးပါ။”
မိဖုရား တူရှားက ပြောသည်။ “ကျွန်မက မိဖုရား ဖြစ်ပေမယ့် တော်ဝင်မိသားစုအတွက်တော့ ကျွန်မက အပြင်လူပဲ။ တော်ဝင်မိသားစုဝင် ဖြစ်လာဖို့ အရေးကြီးဆုံး လူက ချင်ဝမ် ကျီးရှန့်ပဲ။”
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ဒီနာမည်ကို ကျုပ် ကြားဖူးတယ်။”
မိဖုရား တူရှားက ပြောသည်။ “သူက တော်ဝင်မိသားစုထဲမှာ ဩဇာအကြီးဆုံးနဲ့ လုပ်သက်အရင့်ဆုံး လူပဲ။ သူက အရင်၊ အရင်၊ အရင် အုပ်ချုပ်ရေးမှူး ဖြစ်ခဲ့တယ်။ လူတိုင်းက ကျွန်မကို အာဏာကြီးတယ်လို့ ပြောကြပေမယ့် သူ့အာဏာကမှ တကယ့်ကို အမြစ်တွယ်နေတာ။ ကျွန်မယောက်ျား အုပ်ချုပ်ရေးမှူး ဖြစ်လာတာလည်း သူ သတ်မှတ်ပေးခဲ့လို့ပဲ။ သူ ရာထူးကနေ အနားယူပြီးနောက်မှာ အထက်လွှတ်တော်ရဲ့ ထာဝရ ဂုဏ်ထူးဆောင် အုပ်ချုပ်ရေးမှူး ဖြစ်လာပြီး တာ့ယန် တော်ဝင်မိသားစုရဲ့ ခေါင်းဆောင်လည်း ဖြစ်တယ်။”
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “သူ အခု အသက်ဘယ်လောက် ရှိပြီလဲ။”
မိဖုရား တူရှားက ဖြေသည်။ “အသက် တစ်ရာ့သုံးနှစ်။ တောရွာမှာ နေတာ ဆယ်နှစ်ကျော်ပြီ။ လူသိရှင်ကြား တစ်ခါမှ ထွက်မလာတော့ဘူး။ အဲဒါကြောင့် အင်ပါယာ ပြည်သူတွေကြားမှာ သူ့နာမည်ကို သိပ်မကြားရတော့ဘူး။ ဒါပေမဲ့ အင်ပါယာရဲ့ အထက်တန်းလွှာတွေ အားလုံး သိကြတယ်။ သူ တစ်ခါမှ စကားမပြောပေမယ့် စကားပြောလိုက်ပြီဆိုရင် ဧကရာဇ်ရဲ့ အမိန့်လိုပဲ။”
ယွင်ကျုံးဟဲ့ ဤအခြေအနေမျိုးကို နားလည်သည်။ အလွန်ပင် နားလည်၏။
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ကျုပ်မှာ အင်ပါယာရဲ့ စစ်တပ်ကို အဆပေါင်းများစွာ ပိုပြီး အင်အားကြီးလာစေမယ့် ဉာဏ်ပညာ ရှိတယ်။”
မိဖုရား တူရှားက ဖြေ၏။ “မလိုအပ်ဘူး။ အနည်းဆုံးတော့ အထက်လွှတ်တော်နဲ့ အင်ပါယာ ပြည်သူအားလုံးရဲ့ စိတ်ထဲမှာ မလိုအပ်ဘူး။ ဘာလို့လဲဆိုတော့ လူတိုင်းရဲ့ စိတ်ထဲမှာ တာ့ယန် အင်ပါယာသစ်ရဲ့ စစ်တပ်က ကမ္ဘာပေါ်မှာ ပြိုင်ဘက်ကင်း နေပြီလေ။ ရှင့်ရဲ့ ဉာဏ်ပညာက စစ်တပ်ကို ပြုပြင်ပြောင်းလဲဖို့ လိုအပ်တယ်မလား။ လက်ရှိ ဂုဏ်ယူစရာ စနစ်ကို ပြောင်းလဲချင်တဲ့ ဘယ်သူမဆို အင်ပါယာရဲ့ ရန်သူ ဖြစ်သွားလိမ့်မယ်။”
ယွင်ကျုံးဟဲ့ ဤအခြေအနေမျိုးကိုလည်း အလွန် နားလည်သည်။
Nokia နှင့် Motorola တို့ မိုဘိုင်းဖုန်း လုပ်ငန်းတွင် အဘယ်ကြောင့် အကြီးအကျယ် ကျရှုံးခဲ့ရသနည်း။ ကြီးမားသော အပြောင်းအလဲ မတိုင်မီက သူတို့သည် အလွန် တောက်ပပြီး အလွန် အင်အားကြီးမားလွန်း သောကြောင့် မဟာဗျူဟာမြောက် အပြောင်းအလဲ လုပ်ရန် အလွန် ခက်ခဲသောကြောင့်ပင်။