အခန်း (၇၂၉-၇၃၀)
Vol. 62 Ch. 729-730
အပိုင်း (၇၂၉)
ယွင်ကျုံးဟဲ့က ထပ်မေးလိုက်၏။ “မိဖုရား... ဒါဆို ကျုပ်ကို စစ်တပ်တစ်ခု အုပ်ချုပ်ခွင့်ရအောင် လုပ်ပေးနိုင်မယ့် နည်းလမ်း ရှိလား။ ကျုပ် အဲဒီစစ်တပ်ကို အံ့မခန်း တိုးတက်လာအောင် လုပ်ပြီး အင်ပါယာရဲ့ တခြား တပ်တော် အားလုံးကို နှိမ်နင်းနိုင်တဲ့ တပ်တော်တစ်ခု ဖြစ်လာအောင် လုပ်နိုင်တယ်။ ကျုပ် စစ်တပ်ကို ကိုင်တွယ်ပြီး အာဏာကို ရယူကာ အင်ပါယာရဲ့ ထိပ်ဆုံးနေရာကို ရောက်အောင် လုပ်မယ်။”
မိဖုရား တူရှား စကားမပြောပေ။
ယွင်ကျုံးဟဲ့က ထပ်ပြောသည်။ “မိဖုရား... ကျုပ်ကို စစ်တပ်တစ်ခု ပေးပါ။ လုံလောက်တဲ့ ပစ္စည်းတွေနဲ့ လူအင်အား ပေးပါ။ ကျုပ် အတိုတောင်းဆုံး အချိန်အတွင်းမှာ ဒီစစ်တပ်ကို ပြောင်းလဲသွားအောင် လုပ်ပြီး ကမ္ဘာ့ နံပါတ်တစ် အင်အားအကြီးဆုံး စစ်တပ် ဖြစ်လာအောင် လုပ်ပေးမယ်။ အင်ပါယာရဲ့ တခြား တပ်တော် အားလုံးကို အနိုင်ယူနိုင်စွမ်း ရှိစေရမယ်။
ကျုပ် အင်ပါယာရဲ့ ထိပ်ဆုံးနေရာကို ရောက်သွားတာနဲ့ ခင်ဗျားကို မိဖုရားအဖြစ်၊ တစ်ဦးတည်းသော မိဖုရားအဖြစ် လက်ထပ်မယ်။ ခင်ဗျားအတွက် ကလဲ့စားချေပေးမယ်။ ခင်ဗျားရဲ့ သမီးလေးကို ပြန်ရှာပေးမယ်။ ”
မိဖုရား တူရှား၏ မျက်လုံးများက လျှပ်စီးကဲ့သို့ တောက်ပသွားပြီး ယွင်ကျုံးဟဲ့ကို ကြည့်ကာ ပြောလိုက်၏။ “ကျွန်မမှာ အမုန်းတရား မရှိဘူး။ ကျွန်မရဲ့ သမီးလေးအတွက် ဆိုရင်တောင် ပိုတောင် အမုန်းတရား မရှိရဘူး။”
ထို့နောက် မိဖုရား တူရှားက ဆက်ပြောသည်။ “ပြီးတော့ ကျွန်မက အင်ပါယာရဲ့ နံပါတ်တစ် မိန်းမ မဟုတ်ဘူး။ တကယ့် အင်ပါယာရဲ့ နံပါတ်တစ် မိန်းမက ကျီးယန်ပဲ။ စတုတ္ထ တပ်တော်ရဲ့ တပ်မှူး၊ အင်ပါယာရဲ့ အင်အားအကြီးဆုံး အမျိုးသမီး၊ သူမကမှ အင်ပါယာရဲ့ အာဏာအရှိဆုံး မိန်းမပဲ။”
အင်ပါယာ၏ စတုတ္ထ တပ်တော် တပ်မှူးလား။ ကျူ့ယွီယန် ဤလူအကြောင်း ပြောဖူး၏၊
ယွင်ကျုံးဟဲ့က မေးသည်။ “ဒီစတုတ္ထ တပ်တော် တပ်မှူးက မိန်းမလား။ ”
မိဖုရား တူရှားက ဖြေ၏။ “ဒါပေါ့။ မိန်းမတင် မကဘူး၊ အနာဂတ်မှာ အင်ပါယာရဲ့ ပထမဆုံး အမျိုးသမီး အုပ်ချုပ်ရေးမှူး ဖြစ်လာနိုင်ခြေ ရှိတယ်။ ဒါပေမဲ့ သူမ အခု အကြီးအကျယ် ရှုံးနိမ့်သွားတယ်။”
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “အထက်လွှတ်တော်မှာ အင်ပါယာက အရှေ့ဘက်ကို စစ်တိုက်ပြီး တာ့ရှန်း မိစ္ဆာနိုင်ငံကို ဖျက်ဆီးသင့်တယ်လို့ လူသိရှင်ကြား ပြောခဲ့လို့ တပ်တော်တပ်မှူး ရာထူးကနေ ယာယီ ဖယ်ရှားခံလိုက်ရတာမလား။”
“ဟုတ်တယ်။”
မိဖုရား တူရှားက ဖြေလိုက်၏။ “ဒါပေမဲ့ ဒါက ယာယီ ဖယ်ရှားခံရတာပဲ။ သူမရဲ့ အာဏာကို မပြောင်းလဲနိုင်ဘူး။”
ယွင်ကျုံးဟဲ့က မေးသည်။ “ဘာလို့လဲ။ ကျီးချန်ရဲ့ အဖေကလည်း တပ်တော် တပ်မှူးပဲလေ။ ဒါပေမဲ့ သူ့ကိစ္စကြောင့် အထက်လွှတ်တော်က ရာထူးရော၊ စစ်အာဏာပါ ရုပ်သိမ်းလိုက်တယ်။ ဒီကျီးယန်က မိန်းမဖြစ်ပြီး ဒီလောက် အမှားကြီး လုပ်ထားတာတောင် ဘာလို့ အာဏာ ရုပ်သိမ်းမခံရတာလဲ။ ”
မိဖုရား တူရှားက ဖြေ၏။ “ဘာလို့လဲဆိုတော့ သူမရဲ့ အဘိုးက ကျီးရှန့် ဖြစ်နေလို့လေ။ ”
‘ဒါကြောင့်ကိုး...’
ယွင်ကျုံးဟဲ့က မေးသည်။ “သူက ကျီးမျိုးရိုးပဲ။ တစ်နည်းအားဖြင့် ပြောရရင် ကျုပ်ကလည်း ကျီးမျိုးရိုးပဲလေ။ လူမျိုးတူ အချင်းချင်း လက်ထပ်လို့ ရလို့လား။ ”
မိဖုရား တူရှားက ဖြေလိုက်၏။ “ကျီးမျိုးရိုး တော်ဝင်မိသားစုအတွင်းမှာ သွေးကြော သန့်စင်ဖို့အတွက် ဆွေမျိုး အချင်းချင်း လက်ထပ်လေ့ ရှိတယ်ဆိုတာ ရှင် မသိဘူးလား။”
“အင်း... ကောင်းပြီလေ။”
မိဖုရား တူရှားက ဆက်ပြောသည်။ “ဒါပေမဲ့ ရှင် မတွေးနဲ့တော့။ ဒီတပ်တော် တပ်မှူး ကျီးယန်က အရမ်း မြင့်မြင့်မှန်းတယ်။ အင်ပါယာမှာ အမောက်မာဆုံး မိန်းမလို့တောင် ပြောလို့ရတယ်။ လောလောဆယ် ဘယ်ယောက်ျားကိုမှ သဘောမကျသေးဘူး။ အဲဒါကြောင့် တစ်သက်လုံး အပျိုကြီး လုပ်သွားနိုင်ခြေ များတယ်။ အဲဒါကလည်း သူ အုပ်ချုပ်ရေးမှူး ဖြစ်ဖို့ အထောက်အကူ ဖြစ်စေတယ်။”
“အဲဒါကြောင့် ယွင်ကျုံးဟဲ့... နောက်ပိုင်း ကျွန်မကို အင်ပါယာရဲ့ နံပါတ်တစ် မိန်းမလို့ မခေါ်နဲ့တော့။ သူကမှ အင်ပါယာရဲ့ နံပါတ်တစ် မိန်းမပဲ။” မိဖုရား တူရှားက အက်ကွဲသော အသံဖြင့် ပြောလိုက်၏။
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “သူက ခင်ဗျားလောက် လှလို့လား။ ”
မိဖုရား တူရှားက ပြန်မေး၏။ “ရှင် ဘယ်လို ထင်လဲ။ ”
ယွင်ကျုံးဟဲ့က ဖြေလိုက်သည်။ “ခင်ဗျားက လောကမှာ နံပါတ်တစ် ပြိုင်ဘက်ကင်း အလှလေးပဲ။”
မိဖုရား တူရှားက ပြော၏။ “ရှင် ကျွန်မကို ဘယ်လောက်ပဲ မြှောက်ပင့်နေပါစေ၊ ကျွန်မ ရှင့်ကို ညှဉ်းပန်းမှာ မဟုတ်ဘူး။”
ထို့နောက် မိဖုရား တူရှားသည် ပြတင်းပေါက် အပြင်ဘက်သို့ လှမ်းကြည့်လိုက်ပြီး ယွင်ကျုံးဟဲ့ကို ကျောခိုင်းထားသည်။ ဤကျောပြင်ကောက်ကြောင်းက တကယ်ကို အသက်ရှူမှားလောက်အောင်ပင် ဖြစ်လို့နေ၏။
ဤအမျိုးသမီးနှင့် အတူရှိနေခြင်းက စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုကို အမှန်တကယ် ခံစားရစေသည်။ အရမ်း လှပလွန်းသည်၊ ခန္ဓာကိုယ်က အရမ်း ဆွဲဆောင်မှု ရှိလွန်းသည်၊ အရမ်း ညို့ယူဖမ်းစားနိုင်လွန်းလှသည်။ အချိန်တိုင်း တိရစ္ဆာန် တစ်ကောင်အဖြစ် ပြောင်းလဲသွားချင်စိတ် ပေါက်အောင် လုပ်နိုင်စွမ်း ရှိသည်။
မိဖုရား တူရှားက ပြောလိုက်၏။ “ယွင်ကျုံးဟဲ့… ကျွန်မ အစွမ်းအစရဲ့ အမြင့်ဆုံး အတိုင်းအတာနဲ့ ရှင့်ရဲ့ အရည်အချင်းအရ ရှင့်ကို ပြည်နယ်ဘုရင်ခံအထိ ဒါမှမဟုတ် အဲဒီထက် ပိုမြင့်တဲ့အထိ ကျွန်မ ပင့်တင်ပေးနိုင်တယ်။
ခရိုင် အုပ်ချုပ်ရေးမှူး ဖြစ်ချင်ရင် ရှစ်ဆယ် ရာခိုင်နှုန်းက ကျွန်မအပေါ် မူတည်ပြီး နှစ်ဆယ် ရာခိုင်နှုန်းက ရှင့်အပေါ် မူတည်တယ်။ ပြည်နယ် ဘုရင်ခံ ဖြစ်ချင်ရင် ငါးဆယ် ရာခိုင်နှုန်းက ကျွန်မအပေါ် မူတည်ပြီး ငါးဆယ် ရာခိုင်နှုန်းက ရှင့်အပေါ် မူတည်တယ်။ ဒါပေမဲ့ အဲဒီထက် ပိုမြင့်ဖို့ ဆိုရင်တော့ ကျွန်မရဲ့အင်အား မလုံလောက်တော့ဘူး။”
ယွင်ကျုံးဟဲ့က မေးသည်။ “ဒါဆို ကျီးချန်ဘက်ကရော။ ”
မိဖုရား တူရှားက ဖြေ၏။ “သူက ရှင့်ထက် ပိုခက်ခဲတယ်။ ရှင့်ရဲ့ တော်ဝင်မိသားစု သွေးကြော အသိအမှတ်ပြု မခံရရင်တောင် ရှင်က အနည်းဆုံးတော့ ဟွာလူမျိုး သွေးကြောပဲ။ လုံလောက်တဲ့ အောင်မြင်မှု ရှိရင် ကျွန်မ ရှင့်ကို ပင့်တင်ပေးနိုင်တယ်။
အကယ်၍ ကံကောင်းထောက်မစွာနဲ့ ရှင့်ရဲ့ တော်ဝင်မိသားစု သွေးကြောကို အသိအမှတ်ပြုခံရရင် ရှင် အထက်လွှတ်တော်ထဲကိုတောင် ဝင်နိုင်တယ်။ ဒါပေမဲ့ အုပ်ချုပ်ရေးမှူး ဖြစ်ဖို့ ဆိုတာကတော့ လုံးဝ မဖြစ်နိုင်ဘူး။ ဘာလို့လဲဆိုတော့ နောက်တစ်ကြိမ် အုပ်ချုပ်ရေးမှူး ရွေးချယ်မယ့် လူစာရင်းတောင် သတ်မှတ်ပြီးနေပြီ။”
ဤနက်ရှိုင်းသော စကားပြောဆိုမှု ပြီးနောက် ယွင်ကျုံးဟဲ့နှင့် မိဖုရား တူရှား၏ ဆက်ဆံရေးမှာ အလွန် ရင်းနှီးလာခဲ့သည်။
အပြင်လူများ အမြင်တွင် သူနှင့် ကျီးချန်၏ ဆက်ဆံရေးမှာ အမြဲတမ်း ရန်ဖြစ်ပြီး နေ့တိုင်း သဝန်တိုနေကြသည်ဟု ထင်ရသော်လည်း တကယ်တမ်းတွင်မူ သူတို့နှစ်ဦး၏ ဆက်ဆံရေးမှာလည်း အလွန် ကောင်းမွန်လာပြီး သူငယ်ချင်းများ ဖြစ်လာခဲ့ကြ၏။
ကံတူအကျိုးပေးများပင် ဖြစ်၏။ ယွင်ကျုံးဟဲ့သည် အာဏာကို ရယူကာ စစ်တပ်ကို ဦးဆောင်၍ အရှေ့ဘက်သို့ စစ်ချီပြီး တာ့ရှန်း မိစ္ဆာနိုင်ငံကို ဖျက်ဆီးပစ်လိုသည်။ ကျီးချန်ကမူ သူ၏ ဖခင် ဂုဏ်သိက္ခာ၊ သူတို့ မိသားစု၏ ဂုဏ်သိက္ခာကို ပြန်လည် ရယူလိုသည်။
ဤကာလအတွင်း မိဖုရား တူရှားသည် ထိုနှစ်ဦးအတွက် လျှို့ဝှက်စွာ ကြိုးပမ်းပေးခဲ့သည်။ ယွင်ကျုံးဟဲ့အတွက်မူ သူသည် ယွင်ကျုံးဟဲ့ကို တော်ဝင်မိသားစုဝင် အဖြစ် အသိအမှတ်ပြုခံရစေရန် ကြိုးပမ်းပေးခဲ့ပြီး စမ်းသပ်မှုများ စတင်ပြုလုပ်ကာ အထက်လွှတ်တော်ကိုလည်း စည်းရုံးနေပြီ ဖြစ်၏။
သို့ပေမည့် မျှော်လင့်ချက် အလွန် နည်းပါးကြောင်း သူမကိုယ်တိုင်လည်း ပြောခဲ့သည်။ ကျီးချန်ဘက်တွင်မူ သတင်းကောင်း အနည်းငယ် ရရှိခဲ့သည်။
အဘယ်ကြောင့်ဆိုသော် အင်ပါယာ အထက်လွှတ်တော်မှ သတင်း ထွက်ပေါ်လာသောကြောင့် ဖြစ်သည်။ ကိုလိုနီ နယ်မြေများကို နှိမ်နင်းရန်အတွက် အင်ပါယာက အရန်စစ်တပ် ဖွဲ့စည်းဖို့ ရှိသည်။ ကျီးချန်သည် အင်ပါယာ၏ တရားဝင် စစ်တပ်တွင် ဗိုလ်ချုပ် မဖြစ်နိုင်သော်လည်း အရန်စစ်တပ်၏ ဗိုလ်ချုပ် ဖြစ်လာနိုင်ခြေ ရှိ၏။
မိဖုရား တူရှားက ထိုနှစ်ဦးအတွက် ဤမျှလောက် ကြိုးစားပေးရခြင်းမှာ သံယောဇဉ်ကြောင့်လား။ မဟုတ်ပေ။ သူမသည် ကိုယ့်ကိုယ်ကိုယ် ကာကွယ်လိုပြီး အာဏာလည်း လိုအပ်ကာ သူမ၏ ကိုယ်ပိုင် အင်အားစုကိုလည်း ပျိုးထောင်လိုသောကြောင့် ဖြစ်သည်။
ယွင်ကျုံးဟဲ့နှင့် ကျီးချန်တို့သည် သူမ၏ ယုံကြည်ရဆုံး အင်အားစုများ ဖြစ်ကြပြီး သူမအနားတွင် လအတော်ကြာ နေခဲ့ကြပြီး ဖြစ်သည်။ သူမ၏ ဩဇာလွှမ်းမိုးမှုက အလွန် ကြီးမားဆဲပင် ဖြစ်၏။
အရန်စစ်တပ် ဖွဲ့စည်းရေး အဆိုပြုချက်သည် မူလက အလွန် နှေးကွေးစွာ တိုးတက်နေပြီး အင်ပါယာအတွင်းမှ ကန့်ကွက်သံများလည်း အလွန် ကြီးမားသည်။
သို့ပေမည့် သူမ ဝင်ရောက် စွက်ဖက်ပြီးနောက် အင်ပါယာ အရန်စစ်တပ် အဆိုပြုချက်သည် အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့ပြီး မကြာမီ အထက်လွှတ်တော်တွင် မဲခွဲဆုံးဖြတ်တော့မှာဖြစ်၏။
သို့ပေမည့် ယွင်ကျုံးဟဲ့ဘက်တွင်မူ သတင်း သိပ်မကောင်းလှပေ။ အတားအဆီးများက အလွန် ကြီးမားပြီး အက်ကြောင်းလေး တစ်ခုပင် ဖောက်၍ မရနိုင်ချေ၊
ယွင်ကျုံးဟဲ့ကို တော်ဝင်မိသားစုဝင်အဖြစ် လက်ခံသင့်၊ မသင့် ဆိုသည့် ကိစ္စမှာ အလွန် ကြီးမားလွန်းပြီး ဤအာဏာသည် တော်ဝင်မိသားစု အတွင်းတွင်သာ ရှိကာ အထက်လွှတ်တော်တွင် မရှိပေ။
အကြိမ်ကြိမ် လျှို့ဝှက် ကြိုးပမ်းခဲ့သော်လည်း ရလဒ် မထွက်ပေါ်လာသည့်အပြင် ဖယ်ရှားခံရမှုများနှင့် တန်ပြန် တိုက်ခိုက်မှုများကိုသာ ရင်ဆိုင်ခဲ့ရပြီး အရန်စစ်တပ် ကိစ္စပင် နှောင့်နှေးသွားခဲ့ရသည်။
ထိုအချိန်တွင် ယွင်ကျုံးဟဲ့သည် တာ့ယန် အင်ပါယာသစ်၏ အာဏာ ဖွဲ့စည်းပုံကို ပိုမို နားလည်လာခဲ့သည်။ ၎င်းသည် အရှေ့တိုင်း၏ ရိုးရာ အင်ပါယာများကဲ့သို့ ဧကရာဇ် တစ်ခွန်းတည်းဖြင့် အရာအားလုံးကို ဆုံးဖြတ်နိုင်သော နေရာ မဟုတ်ပေ။ ၎င်းသည် အလွန် ခိုင်မာသော အာဏာ ဖွဲ့စည်းပုံတစ်ခု ဖြစ်၏။
အထက်လွှတ်တော်၊ အုပ်ချုပ်ရေးမှူး၊ တော်ဝင်မိသားစုနှင့် စစ်တပ် ဟူ၍ လေးပိုင်း အပြန်အလှန် ထိန်းကျောင်း နေကြသည်။ မည်သူကမှ တစ်ဦးတည်း ဆုံးဖြတ်ပိုင်ခွင့် မရှိပေ။
ယခင် အုပ်ချုပ်ရေးမှူးသည် အာဏာရှင်နီးပါး ဖြစ်ခဲ့သော်လည်း သူ သေဆုံးသွားပြီးနောက် အုပ်ချုပ်ရေးမှူး နှစ်ဦး၏ အာဏာမှာ ချက်ချင်း ခွဲဝေခံလိုက်ရသည်။
“ယွင်ကျုံးဟဲ့... တောင်းပန်ပါတယ်။ ရှင့်ကို တော်ဝင်မိသားစုဝင် ဖြစ်လာအောင် လုပ်ဖို့ အတားအဆီးက အရမ်း ကြီးမားလွန်းတယ်။”
မိဖုရား တူရှားက ပြောလိုက်၏။ “အထက်လွှတ်တော်က လူတစ်ယောက်က ဒီကိစ္စကို စကားစလိုက်တာနဲ့ ချက်ချင်း ကိုလိုနီ နယ်မြေကို ဘုရင်ခံအဖြစ် အဆင့်လျှော့ချ ခံလိုက်ရတယ်။ ကျွန်မနဲ့ ကျွန်မယောက်ျား အုပ်ချုပ်နေတုန်းက အထက်လွှတ်တော်က လူတချို့ကို ရာထူးတိုးပေးခဲ့ပေမယ့် တော်ဝင်မိသားစု အတွင်းမှာတော့ ကျွန်မက အပြင်လူ ဖြစ်နေလို့ ကျွန်မစကားက သိပ်အရာမရောက်ဘူး။ အဲဒါကြောင့်... ဒီကိစ္စကို ခဏ ရပ်ထားရမယ်။”
မိဖုရား တူရှားက ဆက်ပြောသည်။ “နောက်ပိုင်း ကျွန်မက အရန်စစ်တပ် ကိစ္စကို အာရုံစိုက်ပြီး ကျီးချန်ကို စစ်အာဏာ ရအောင် လုပ်ပေးရမယ်။ ရှင့်ကိစ္စအတွက်တော့ တခြား လမ်းကြောင်းတစ်ခု ရှာရမယ်။”
ယွင်ကျုံးဟဲ့က ဖြေလိုက်၏။ “ကောင်းပါပြီ။”
“တောင်းပန်ပါတယ်။”
မိဖုရား တူရှားက မေးသည်။ “လျော်ကြေးအနေနဲ့ ကျွန်မ ရှင့်ကို တစ်ခါလောက် ညှဉ်းပန်းလိုက်ရမလား။ ”
ယွင်ကျုံးဟဲ့က သဘောတူလိုက်၏။ “ကောင်းတာပေါ့။”
“အိပ်မက်မက်နေလိုက်။” မိဖုရား တူရှားက ချွဲနွဲ့စွာ ပြောလိုက်ပြီး ယွင်ကျုံးဟဲ့၏ နဖူးကို ကျောက်စိမ်းကဲ့သို့ ဖြူဖွေးသော လက်ချောင်းလေးဖြင့် တစ်ချက် ခေါက်လိုက်သည်။
ထို့နောက် မိဖုရား တူရှားသည် သူမ၏ အရင်းအမြစ်များနှင့် အင်အား အားလုံးကို အရန်စစ်တပ် အရေးတွင် အသုံးပြုလိုက်၏။
နောက်ဆုံးတွင် အင်ပါယာ အထက်လွှတ်တော်သည် ကိုလိုနီ နယ်မြေများမှ ပုန်ကန်မှုများကို နှိမ်နင်းရန်အတွက် လူတစ်သောင်း ပါဝင်သော အရန်စစ်တပ် ဖွဲ့စည်းရန် အဆိုပြုချက်ကို အတည်ပြုလိုက်သည်။
ကျီးချန်သည် နောက်ဆုံးတွင် မျှော်လင့်ချက် ရောင်ခြည်ကို တွေ့မြင်လိုက်ရပြီဖြစ်သည်။ ယွင်ကျုံးဟဲ့ကမူ အခက်အခဲများကြားတွင် ပိတ်မိနေဆဲဖြစ်ပြီး သင့်တော်သော တိုးတက်မှု လမ်းကြောင်းကို မရှာတွေ့သေးပေ။
အဘယ်ကြောင့်ဆိုသော် ယွင်ကျုံးဟဲ့သည် စစ်ဗိုလ်ချုပ် မဟုတ်သောကြောင့် စစ်တပ်ကို တိုက်ရိုက် မအုပ်ချုပ်နိုင်ပေ။ ထို့အပြင် သူ၏ ရည်မှန်းချက်က အလွန် ကြီးမားလွန်းသည်။ အုပ်ချုပ်ရေးမှူး ဖြစ်ချင်လျှင် အနည်းဆုံး အထက်လွှတ်တော် အမတ် ဖြစ်ရမှာ ဖြစ်သည်။
ဤအရာက တကယ်ကို ကောင်းကင်ပေါ် တက်ရသကဲ့သို့ ခက်ခဲလှသည်။ ပထမ အဆင့်မှာတင် ပိတ်ဆို့ခံနေရပြီ ဖြစ်ပြီး တော်ဝင်မိသားစုဝင် ဖြစ်လာရန် မျှော်လင့်ချက် အလွန် နည်းပါးလှ၏။
သို့ပေမည့် သူနှင့် မိဖုရား တူရှား၏ ဆက်ဆံရေးမှာမူ ပိုမို ရင်းနှီးလာခဲ့ပြီး သူမအတွက် ပုံတူ ပန်းချီကား တစ်ချပ်ပင် ဆွဲပေးခဲ့သည်။
မဟုတ်ပေ။ အတိအကျ ပြောရလျှင် အဝတ်မပါသော ပုံတူကား ဖြစ်သည်။ မိဖုရား တူရှားက မော်ဒယ်အဖြစ် တစ်နာရီကြာ လှဲလျောင်းပေးပြီး သူ့ကို ဆွဲခိုင်းခဲ့ခြင်း ဖြစ်သည်။ ၎င်းမှာ မိဖုရား တူရှား ပထမဆုံးအကြိမ် ကိုယ်လုံးတီး မော်ဒယ်အဖြစ် လုပ်ပေးခြင်းပင် ဖြစ်၏။
အပိုင်း (၇၃၀)
အမျိုးသားနှင့် အမျိုးသမီး အချစ်ရေးတွင် ရိုးသားသော အမျိုးသားများသည် လူရှုပ်လေးများကို မည်သည့်အခါကမှ အနိုင်မရနိုင်ပေ။
ကျီးချန်သည် ပုံမှန် ရိုးသားသော အမျိုးသားမျိုး ဖြစ်ပြီး ပထမဆုံးအကြိမ် တွေ့ဆုံချိန်တွင် သူသည် နေနတ်သားကဲ့သို့ အမျိုးသမီးများ၏ နှလုံးသားကို အလွယ်တကူ ဖမ်းစားနိုင်သည်။
သို့ပေမည့် အချိန်အနည်းငယ် ကြာလာချိန်မှာတော့ အမျိုးသမီးများအပေါ် သူ၏ ဆွဲဆောင်မှုသည် ယွင်ကျုံးဟဲ့ကို မယှဉ်နိုင်တော့ပေ။
အမျိုးသမီးများကို ဆွဲဆောင်ရာတွင် ယွင်ကျုံးဟဲ့သည် ဂရန်းမာစတာ အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ အမျိုးသမီးများ၏ နှလုံးသားကို အပြည့်အဝ နားလည်ပြီး သူတို့၏ စိတ်ခံစားချက်များကိုလည်း ဆွဲကိုင်ထားနိုင်၏။
ထို့အပြင် သူ၏ အသုံးမဝင်ဟု ထင်ရသော အရည်အချင်းများသည်လည်း အမျိုးသမီးများကို ဖမ်းစားနိုင်သော အဆိပ်များ ဖြစ်လာခဲ့သည်။
ကျီးချန်၏ သိုင်းပညာသည် ထိပ်တန်းရောက်ပြီး မြားပစ်စွမ်းရည်ကလည်း အံ့မခန်း ဖြစ်ကာ လူတိုင်းက အလွန် လေးစားကြသည်။ သို့ပေမည့် လူရှုပ်လေး ယွင်ကျုံးဟဲ့သည် အမျိုးသမီးများကို အချိန်တိုင်း ပျော်ရွှင်စေနိုင်၏။
ထို့ကြောင့် မိဖုရား တူရှားသည် မုဆိုးမအဖြစ် ဆက်နေမည်ဖြစ်ကြောင်း၊ စည်းကျော်မည် မဟုတ်ကြောင်း၊ လက်ချောင်းလေး တစ်ချောင်းပင် အထိခံမည် မဟုတ်ကြောင်း ပါးစပ်မှ အမြဲ ပြောနေသော်လည်း သူမသည် ယွင်ကျုံးဟဲ့အတွက် ကိုယ်လုံးတီး မော်ဒယ် လုပ်ပေးခဲ့သည်။
ထို့နောက် ယွင်ကျုံးဟဲ့က ကိုယ်လုံးတီး မော်ဒယ် လုပ်ပေးကာ သူမကို ပန်းချီဆွဲခိုင်းခဲ့သည်။ ဤခွေးနှင့်ဝက်လို အတွဲသည် လုံးဝ နစ်မွန်းသွားကြ၏။
နှစ်ဝက်ကျော် ကြာသည့်တိုင်အောင် မိဖုရား တူရှားသည် အခြား ပျော်တော်ဆက်ယောက်ျားများကို ထပ်မံ မခေါ်ယူတော့ပေ။ နာမည်ခံသက်သက်ပင် မရှိတော့ပေ။
စံအိမ် တစ်ခုလုံးရှိ လူများက သခင်မသည် သူမ၏ ဂုဏ်သိက္ခာကို မထိန်းသိမ်းနိုင်တော့ဘူးဟု သက်ပြင်းချ နေကြသည်။
အဘယ်ကြောင့်ဆိုသော် သူမသည် စိတ်ကို မထိန်းချုပ်နိုင်တော့ဘဲ ယွင်ကျုံးဟဲ့ကို ခေါ်ဆောင်ကာ တုန်းကျိုးမြို့သို့ သွားရောက်ပြီး အရေးကြီးသော ပွဲများသို့ပင် တက်ရောက်လာသောကြောင့် ဖြစ်၏။
ယခင် အုပ်ချုပ်ရေးမှူး၏ မိဖုရားဖြစ်သော သူမအနေဖြင့် ထိုသို့ ပြုလုပ်ခြင်းသည် မမှန်ကန်ကြောင်း သူမ သိရှိသော်လည်း သူမ မနေနိုင်ပေ။ ထိုသို့ ပြုလုပ်ခြင်းက ခိုးကြောင်ခိုးဝှက် တွေ့ဆုံရခြင်း၏ သာယာမှုကို ခံစားရစေသကဲ့သို့ပင်။
သို့ပေမည့် ယွင်ကျုံးဟဲ့၏ အနာဂတ်နှင့် ပတ်သက်၍မူ အခက်အခဲများနှင့် ရင်ဆိုင်နေရဆဲပင် ဖြစ်သည်။
ယွင်ကျုံးဟဲ့ကို လျော်ကြေးပေးရန်အတွက် ကျီးချန်၏ အနာဂတ်ကို စီစဉ်ပြီးနောက် မိဖုရား တူရှားသည် ယွင်ကျုံးဟဲ့အတွက် အစွမ်းကုန် ကြိုးပမ်းပေးခဲ့သည်။ မရေမတွက်နိုင်သော အရင်းအမြစ်များနှင့် ငွေကြေးများကို အသုံးပြုခဲ့၏။
လအတော်ကြာ ကြိုးပမ်းပြီးနောက် နောက်ဆုံးတွင် သူမသည် ထွက်ပေါက်တစ်ခုကို ရှာတွေ့သွားခဲ့၏။ သို့ပေမည့် ဤထွက်ပေါက်သည် သူမအတွက် အနည်းငယ် ရင်နာစရာ ကောင်းနေသည်။
တစ်နေ့တွင်…
မိဖုရား တူရှားသည် ယွင်ကျုံးဟဲ့ကို ရုတ်တရက် လာရှာသည်။ သူမ၏ မျက်လုံးများက အနည်းငယ် နီရဲနေပြီး မျက်နှာထားကလည်း အလွန် ရှုပ်ထွေးနေ၏။
အတော်ကြာအောင် စဉ်းစားပြီးမှ သူမ စကားစပြောလိုက်သည်။ “ယွင်ကျုံးဟဲ့... လမ်းနှစ်လမ်း ရှိတယ်။ ပထမလမ်းက... ရှင့်အတွက် ရာထူးတစ်ခု စီစဉ်ပေးပြီး အုပ်ချုပ်ရေးမှူး လုပ်ခိုင်းမယ်။ ပြီးရင် တစ်သက်လုံး ကျွန်မရဲ့ တိတ်တိတ်ပုန်း လင်ငယ်အဖြစ် နေရမယ်။ အနာဂတ်မှာ ကလေးမွေးမယ်ဆိုရင်တောင် မဖြစ်နိုင်တာ မဟုတ်ဘူး။
ဒုတိယလမ်းက... ကွေ့ကောက်တဲ့ နည်းလမ်းတစ်ခုကို သုံးပြီး ရှင့်ကို တာ့ယန် တော်ဝင်မိသားစုဝင် ဖြစ်လာအောင် လုပ်ပေးမယ်။ ရှင့်အတွက် အိမ်ထောင်ရေး တစ်ခု စီစဉ်ပေးထားတယ်။ ရှင်က မိန်းမတစ်ယောက်ကို လက်ထပ်ရမယ်။ တော်ဝင်မိသားစုက မိန်းမ တစ်ယောက်ကိုပေါ့။ ဒါပေမဲ့ အဲဒီလို ဖြစ်သွားရင် ကျွန်မတို့ နှစ်ယောက်ကြားမှာ ရေစက် မရှိတော့ဘူး။ ရှင် ကျွန်မအနားကနေ ထွက်သွားရလိမ့်မယ်။ ”
မိဖုရား တူရှားက ဆက်ပြောလိုက်၏။ “ရှင့်ရဲ့ ခန္ဓာကိုယ် စစ်ဆေးရေး အစီရင်ခံစာကို ကျွန်မ ကြည့်ပြီးပြီ။ ဒီအစီရင်ခံစာက ထိပ်တန်း လျှို့ဝှက်ချက်အဖြစ် သတ်မှတ်ခံထားရတယ်။”
ယွင်ကျုံးဟဲ့က နားမလည်သည့် လေသံဖြင့် မေးလိုက်သည်။ “ကျုပ်ရဲ့ အစီရင်ခံစာက ကျူ့ယွီယန် လက်ထဲမှာ မဟုတ်ဘူးလား။”
မိဖုရား တူရှားက ဖြေလိုက်၏။ “သူမက ရှင့်ရဲ့ ခန္ဓာကိုယ်ကို ပထမအဆင့် စစ်ဆေးမှုပဲ လုပ်ခဲ့တာ။ တာ့ရှန်း မိစ္ဆာနိုင်ငံရဲ့ သွေးကြော ပါ၊ မပါ စစ်ဆေးတာလေ။ အဲဒီနောက် သူမက ရှင့်ရဲ့ သွေးပုလင်း အတော်များများကို ဖောက်ယူသွားတယ်။ တစ်ပုလင်းကို မြို့တော်က တာ့ယန်အင်ပါယာ တော်ဝင် စာသင်ကျောင်းဆီ ပို့ပြီး စစ်ဆေးခိုင်းတယ်။ ဒီဒုတိယအဆင့် စစ်ဆေးမှုက ရှင့်ဆီမှာ တာ့ယန် တော်ဝင်မိသားစုရဲ့ သွေးကြော ရှိ၊ မရှိ အဓိက အတည်ပြုဖို့ပဲ။”
ယွင်ကျုံးဟဲ့က စိတ်ဝင်တစားဖြင့် မေးလိုက်သည်။ “ရလဒ်ကရော။”
မိဖုရား တူရှားက ဖြေ၏။ “ဒီအစီရင်ခံစာကို မီးရှို့ဖျက်ဆီးပစ်လိုက်ပြီ။”
ယွင်ကျုံးဟဲ့ ထိုအဓိပ္ပာယ်ကို နားလည်သည်။ အကယ်၍ ယွင်ကျုံးဟဲ့၌ တာ့ယန် တော်ဝင်မိသားစု သွေးကြော မရှိပါက ဤအစီရင်ခံစာကို မီးရှို့ပစ်ရန် မလိုအပ်ပေ။
မီးရှို့ပစ်လိုက်ခြင်းက သွေးကြော ရှိနေကြောင်း သက်သေပြနေသော်လည်း အင်ပါယာ တော်ဝင်မိသားစုက အသိအမှတ်ပြုရန် အဆင်သင့် မဖြစ်သေးကြောင်း ပြသနေ၏။
မိဖုရား တူရှားက ဆက်ပြောသည်။ “တကယ်တော့ ဒီလို အခြေအနေမျိုးက နည်းနည်းလေး မဟုတ်ဘူး။ အင်ပါယာရဲ့ တော်ဝင်မိသားစု ဆိုတာက အရမ်း မြင့်မြတ်တဲ့ ဂုဏ်ပုဒ်တစ်ခု ဖြစ်သလို ကြီးမားတဲ့ အာဏာကိုလည်း ကိုယ်စားပြုနေတယ်။
အခု နှစ်ထောင်ချီ ကြာသွားတဲ့အခါမှာ တော်ဝင်မိသားစုက ဘယ်လောက်ပဲ သတိထားပါစေ၊ မျိုးဆက်တွေ ပြန့်ပွားလာတာက အရမ်း ကြီးမားတဲ့ ပမာဏ ဖြစ်လာတယ်။ အဲဒါကြောင့် အင်ပါယာက တော်ဝင်မိသားစုဝင် အရေအတွက်ကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ရတယ်။ ဒါကြောင့် တော်ဝင်မိသားစု သွေးကြောရှိတဲ့ လူအများအပြားဟာ တော်ဝင် ဆွေစဉ်မျိုးဆက် စာရင်းထဲ ဝင်ခွင့်မရကြဘူး။”
အင်ပါယာ၏ ရှုထောင့်မှ ကြည့်မည်ဆိုလျှင် ယွင်ကျုံးဟဲ့က ဤအချက်ကို အလွန် နားလည်သဘောပေါက်သည်။ အဘယ်ကြောင့်ဆိုသော် မင်မင်းဆက် အလယ်ပိုင်းနှင့် နှောင်းပိုင်းတွင် တော်ဝင်မိသားစုဝင်များသည် နိုင်ငံတော် အတွက် ကြီးမားသော ဝန်ထုပ်ဝန်ပိုးကြီး ဖြစ်လာခဲ့သောကြောင့်ပင်။
မိဖုရား တူရှားက ဆက်ပြောလိုက်၏။ “တကယ်တော့ တာ့ယန် အင်ပါယာ တော်ဝင်မိသားစု အတွင်းမှာ အဖွဲ့အစည်းတစ်ခု ရှိတယ်။ ဒီအဖွဲ့အစည်းကို တချို့က တော်ဝင် အစိုးရအဖွဲ့လို့ ခေါ်ကြပြီး တချို့ကတော့ တော်ဝင် လွှတ်တော်၊ တချို့ကတော့ တော်ဝင် ဆွေမျိုးစု အဖွဲ့အစည်းလို့ ခေါ်ကြတယ်။ ကျွန်မတို့ လောလောဆယ် တော်ဝင် ဆွေမျိုးစု အဖွဲ့အစည်းလို့ပဲ ခေါ်ကြရအောင်။
ချင်ဝမ် ကျီးရှန့်ကတော့ တော်ဝင် ဆွေမျိုးစု အဖွဲ့အစည်းရဲ့ အမြင့်ဆုံး ခေါင်းဆောင် ဖြစ်တာ သေချာတယ်။ ဒါပေမဲ့ သူက အသက်ကြီးနေပြီဆိုတော့ သာမန်အားဖြင့် ကိစ္စတွေကို ဝင်မစွက်ဖက်တော့ဘူး။ အခု တော်ဝင် ဆွေမျိုးစု အဖွဲ့အစည်းရဲ့ ခေါင်းဆောင်က ကျီးကျန်းပဲ။ အဲဒါက ကျီးယန်ရဲ့ အဖေပေါ့။”
မိဖုရား တူရှားက ကျီးယန်သာလျှင် အင်ပါယာ၏ အာဏာအရှိဆုံး အမျိုးသမီး ဖြစ်ပြီး အနာဂတ်တွင် ပထမဆုံး အမျိုးသမီး အုပ်ချုပ်ရေးမှူး ဖြစ်လာနိုင်ခြေရှိသည်ဟု ထပ်တလဲလဲ ပြောနေခြင်းမှာ အံ့ဩစရာ မဟုတ်တော့ပေ။
သူမ၏ မိသားစု နောက်ခံက တကယ်ကို အံ့မခန်း ဖြစ်သည်။ ဤအမျိုးသမီးကသာ ရွှေဇွန်းကိုက်ပြီး မွေးဖွားလာသူ ဖြစ်သည်။ သူမက တာ့ယန် နယ်မြေဟောင်းကို အရှေ့ဘက်သို့ စစ်ချီမည်ဟု လူသိရှင်ကြား ထုတ်ဖော် ပြောကြားခဲ့သော်လည်း သူမ၏ အနာဂတ်အပေါ် တကယ်တမ်း ထိခိုက်မှု မရှိခဲ့ပေ။
မိဖုရား တူရှားက ပြောသည်။ “နှစ်ထောင်ချီ ကာလအတွင်း တာ့ယန် တော်ဝင်မိသားစုက မျိုးဆက်တွေ ပြန့်ပွားလာတာ မိသားစုပေါင်း ဘယ်လောက်တောင် ရှိနေပြီလဲဆိုတာ မသိနိုင်တော့ဘူး။ ဒါပေမဲ့ အမြဲတမ်း တော်ဝင် ဆွေမျိုးစု အဖွဲ့အစည်းမှာ အကြီးအကဲ ခုနစ်ယောက်ပဲ ရှိတယ်။
ဆိုလိုတာက တော်ဝင်မိသားစု အဆင့်အတန်းကို ပိုင်ဆိုင်ထားတာ မိသားစု ခုနစ်စုပဲ ရှိတာ။ ဒီမိသားစု ခုနစ်စုကလွဲရင် ကျန်တဲ့ တော်ဝင်မိသားစုဝင်တွေဟာ တော်ဝင် ခံစားခွင့်တွေကို မရရှိကြဘူး။ တချို့ဆိုရင် မျိုးရိုးနာမည်ကိုတောင် အတင်းအကျပ် ပြောင်းလဲခံရတယ်။ ဒါက တော်ဝင်မိသားစုဝင်တွေရဲ့ ရှားပါးမှုနဲ့ မြင့်မြတ်မှုကို သေချာစေဖို့ပဲ။”
အင်ပါယာ၏ အကျိုးစီးပွားရှုထောင့်မှ ကြည့်လျှင် ဤအရာက မှန်ကန်သည့် လုပ်ရပ်ပင်။
မိဖုရား တူရှားက ဆက်ပြော၏။ “ပြီးတော့ ဒီတော်ဝင် ဆွေမျိုးစု အဖွဲ့အစည်းက အကြီးအကဲ ခုနစ်ယောက် ဆိုတာကလည်း အမြဲတမ်း ပုံသေ မဟုတ်ဘူး။ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေ ပြည့်နှက်နေတယ်။ အကယ်၍ အင်အားစု တစ်ခုက ဆက်တိုက် အင်အားနည်းသွားပြီး ဆက်ခံမယ့် အရည်အချင်းရှိတဲ့သူ မရှိတော့ဘူးဆိုရင် နာမည်စာရင်းကနေ ပယ်ဖျက်ခံရမယ်။
အင်အားကြီးတဲ့ တခြား တော်ဝင်မိသားစု တစ်စုက နေရာဝင်ယူပြီး အကြီးအကဲ ခုနစ်ယောက်ထဲက တစ်ယောက် ဖြစ်လာလိမ့်မယ်။ အဲဒါကြောင့် တော်ဝင်မိသားစုအတွင်းက အားပြိုင်မှုကလည်း အရမ်း ပြင်းထန်ပြီး ရေစီးနေသလိုပဲ အမြဲ ရှင်သန်နေတယ်။
ဒါပေမဲ့ မျိုးဆက်တိုင်းမှာ ထူးချွန်တဲ့ သားသမီးတွေ မွေးဖွားနိုင်မယ်လို့ ဘယ်သူကမှ အာမ မခံနိုင်ဘူးလေ။ အကယ်၍ လုံလောက်အောင် မထူးချွန်ဘူးဆိုရင် အဲဒီ တော်ဝင်မိသားစုဟာ ဖယ်ရှားခံရပြီး တော်ဝင်မိသားစုဝင် အဆင့်အတန်းကို ဆုံးရှုံးသွားနိုင်တယ်။
အခု တော်ဝင် ဆွေမျိုးစု အဖွဲ့အစည်းရဲ့ အကြီးအကဲ ခုနစ်ယောက်ထဲမှာ အာဏာ အရမ်းကြီးတဲ့ ခေါင်းဆောင် တစ်ယောက် ရှိတယ်။ နာမည်က ကျီးချန် လို့ ခေါ်ပြီး ဒီနှစ် အသက် ရှစ်ဆယ်ကျော်နေပြီ။ သူက အရမ်း ဩဇာကြီးပြီး အင်ပါယာ အထက်လွှတ်တော်ရဲ့ အုပ်ချုပ်ရေးမှူးတောင် ဖြစ်ခဲ့ဖူးတယ်။
ဒါပေမဲ့ သူ့ရဲ့ မျိုးဆက်တွေထဲမှာ သားတချို့က အဆင်ပြေသေးတယ်။ ပြည်နယ် ဘုရင်ခံ တစ်ယောက်နဲ့ ဒုတိယ တပ်တော် တပ်မှူး တစ်ယောက် ရှိတယ်။ ဒါပေမဲ့ တတိယ မျိုးဆက် မြေးတွေထဲမှာတော့ ထူးထူးခြားခြား တော်တဲ့သူ မရှိတော့ဘူး။
အကြီးအကဲ ကျီးချန်မှာ မြေးမိန်းကလေး တစ်ယောက် ရှိတယ်။ နာမည်က ကျီးချင့် လို့ ခေါ်တယ်။ မြေးတွေထဲမှာတော့ ထူးချွန်တယ်လို့ ဆိုရမယ်။ ဒါပေမဲ့ သူမက စာပေဘက်ကဖြစ်ပြီး အင်ပါယာ တတိယ စာသင်ကျောင်းရဲ့ ဒုတိယ ကျောင်းအုပ်ပဲ။
အင်ပါယာမှာ ထူးချွန်တဲ့ အမျိုးသမီးတွေက အိမ်ထောင်ပြု နောက်ကျတယ် ဆိုတာကို ရှင်လည်း သိမှာပါ။ သူမက အသက် နှစ်ဆယ့်ရှစ်နှစ်မှ အိမ်ထောင်ပြုတယ်။ ဒါပေမဲ့ နှစ်အတော်ကြာတဲ့အထိ ကလေးမရလို့ ဒီနှစ်မှာပဲ ကွာရှင်းလိုက်တယ်။”
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ဒါဆို သူမ အခု အသက် ဘယ်လောက် ရှိပြီလဲ။”
မိဖုရား တူရှားက ဖြေ၏။ “သုံးဆယ့်သုံးနှစ်… ရှင့်ထက် တစ်နှစ် ကြီးတယ်။”
ယွင်ကျုံးဟဲ့က အံ့အားတသင့်ဖြင့် မေးလိုက်သည်။ “အသက် သုံးဆယ့်သုံးနှစ်နဲ့ အင်ပါယာ တတိယ စာသင်ကျောင်းရဲ့ ဒုတိယ ကျောင်းအုပ် ဖြစ်နေပြီလား။”
မိဖုရား တူရှားက ခေါင်းညိတ်လိုက်၏။ “ဟုတ်တယ်။ အဲဒါကြောင့် သူမက တစ်ဖက်မှာတော့ အရမ်း ထူးချွန်တယ်။ ဒါပေမဲ့ အိမ်ထောင်ကျပြီး နှစ်အတော်ကြာတဲ့အထိ ကလေးမရလို့ သူမ ခန္ဓာကိုယ်ကို သွားစစ်ကြည့်တော့ ဘာပြဿနာမှ မရှိဘူး။
အဲဒါကြောင့် သူမ နောက်တစ်ကြိမ် အိမ်ထောင်ပြုရတဲ့ အဓိက ရည်ရွယ်ချက်က ကလေးမွေးဖို့ပဲ။ ပြီးတော့ ထူးချွန်တဲ့ ကလေးတစ်ယောက် ဖြစ်ရမယ်။ ဒီကလေးက တော်ဝင်မိသားစုရဲ့ သန့်စင်တဲ့ သွေးကြော ရှိရမယ်။ အရေးအကြီးဆုံး အချက်က အမျိုးသားဘက်က သူမ အိမ်ကို အိမ်ပါသမက်အဖြစ် လိုက်နေရမယ်။ ဘာလို့လဲဆိုတော့ ဒီကလေးက သူမတို့ တော်ဝင်မိသားစု အခက်အလက်ရဲ့ ကိုယ်စားပြု ဖြစ်လာရမှာမို့လို့ပဲ။”
ယွင်ကျုံးဟဲ့ အတော်အတန် နားလည်သွားသည်။
မိဖုရား တူရှားက ပြောလိုက်၏။ “အဲဒီလိုဆိုတော့ ရွေးချယ်စရာ လူက အကန့်အသတ် ဖြစ်သွားတာပေါ့။”
ယွင်ကျုံးဟဲ့က မေးသည်။ “ဒါဆို ကျုပ်က အကောင်းဆုံး ရွေးချယ်စရာ ဖြစ်သွားတာပေါ့။”
မိဖုရား တူရှားက ပြောလိုက်၏။ “ကိုယ့်ကိုယ်ကိုယ် အရမ်း အထင်မကြီးပါနဲ့။ ယွင်ကျုံးဟဲ့... ရှင့်ရဲ့ ပြိုင်ဘက်တွေက အရမ်း များနေတုန်းပဲ။ ရွေးချယ်စရာ အကန့်အသတ် ရှိတယ်ဆိုပေမယ့် ကျွန်မ အရင် ပြောခဲ့သလိုပဲ ကျီးမျိုးရိုးထဲမှာ လူနည်းစုလေးကပဲ တော်ဝင်မိသားစုဝင် ဖြစ်ခွင့်ရတာ။
တော်ဝင်မိသားစုဝင် အဖြစ် အသိအမှတ်ပြု မခံရတဲ့ ထူးချွန်တဲ့ တော်ဝင် မျိုးဆက်တွေ အများကြီး ရှိသေးတယ်။ သူတို့က မင်းသမီး ကျီးချင့်ရဲ့ အိမ်ပါသမက် ဖြစ်ဖို့ အလုအယက် ကြိုးစားနေကြတယ်။ ဘာလို့လဲဆိုတော့ အဲဒီလို ဖြစ်သွားရင် သူကလည်း အလိုအလျောက် တော်ဝင်မိသားစုဝင် ဖြစ်သွားမှာမို့လို့ပဲ။”