အခန်း (၇၃၃-၇၃၄)
Vol. 62 Ch. 733-734
အပိုင်း (၇၃၃)
ထိုအချိန်မှာပင် အဝေးသို့ ရောက်သွားပြီဖြစ်သော မြင်းလှည်းက ပြတင်းပေါက်ကို ရုတ်တရက် ဖွင့်လိုက်၏။
ယွင်ကျုံးဟဲ့က ပြတင်းပေါက်မှ ခန္ဓာကိုယ်ကို ထုတ်ကာ မိဖုရား တူရှား ရှိရာဘက်သို့ လက်ခလယ် ထောင်ပြလိုက်ပြီး အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်သည်။ “ကောင်စုတ်မလေး… ငါ့ကို စောင့်နေ။”
မိဖုရား တူရှားမှာ မထိန်းနိုင်တော့ဘဲ မျက်ရည်များ တရဟော ကျဆင်းလာတော့၏။
“လူယုတ်မာ… ကျွန်မ စောင့်နေမယ်။ အကယ်၍ ရှင် ဘုရင် မဖြစ်လာခဲ့ရင် ရှင့်ကို ကျွန်မ သတ်ပစ်မယ်။” မိဖုရား တူရှားက အံကြိတ်ကာ ကိုယ့်ကိုယ်ကိုယ် တီးတိုး ရေရွတ်လိုက်သည်။
ယွင်ကျုံးဟဲ့သည် မြင်းလှည်းပေါ်တွင် ထိုင်ကာ တိတ်ဆိတ် ငြိမ်သက်နေသည်။ တာ့ယန် အင်ပါယာသစ်သို့ ရောက်ရှိလာသည်မှာ တစ်နှစ်နီးပါး ရှိတော့မည်ဖြစ်ပြီး မိဖုရား တူရှားနှင့်အတူ နေထိုင်ခဲ့သည်မှာလည်း ရှစ်လခန့် ရှိနေပြီ ဖြစ်၏။
ယခုအခါတွင် တာ့ယန် အင်ပါယာ၏ အာဏာဗဟိုချက်နှင့် တစ်လှမ်းချင်းစီ နီးကပ်လာခဲ့ပြီ ဖြစ်၏။ ယွင်ကျုံးဟဲ့သည် မိန်းမများကို အားကိုးပြီးမှသာ အထက်သို့ တက်လှမ်းနိုင်သည်ဟု လူအချို့က ပြစ်တင် ဝေဖန်ကောင်း ဝေဖန်နိုင်သည်။
ပထမဦးစွာ ကျူ့ယွီယန်ကို အားကိုး၍ မိဖုရား တူရှားနှင့် နီးကပ်အောင် လုပ်ခဲ့သည်။ ထို့နောက် မိဖုရား တူရှားကို အားကိုး၍ တော်ဝင်မိသားစု သမီးတော် ကျီးချင့်နှင့် အိမ်ထောင်ဖက်ရှာပွဲ လုပ်ရန် သွားရပြန်သည်။ ထို့နောက်တွင်လည်း ကျီးချင့်ကို လက်ထပ်ပြီးမှသာ အင်ပါယာ တော်ဝင်မိသားစုဝင် ဖြစ်လာပေလိမ့်မည်။
‘ဒါပေမဲ့ ဒါက ကျုပ် ယွင်ကျုံးဟဲ့ရဲ့ အမှားလား။ ဒီလောကမှာ အရည်အချင်း ရှိရုံနဲ့ ပြသလို့ မရဘူး။ အာဏာစင်မြင့် မရှိရင် ဘာမှ သုံးစားလို့ မရဘူး။ အာဏာစင်မြင့်ပေါ် ရောက်မှသာ ပြသလိုက်တဲ့ အရည်အချင်းတွေက တောက်ပလာမှာ။
ကျုပ် ယွင်ကျုံးဟဲ့မှာ အရည်အချင်းကလွဲရင် ပြိုင်ဘက်ကင်းအောင် ချောမောတဲ့ ရုပ်ရည်ပဲ ရှိနေတာကို ဘယ်သူကများ အပြစ်တင်နိုင်မှာလဲ။ လျိုပန်း၊ ပြီးတော့ လျိုရှို့ ကို ကြည့်လိုက်ပါဦး။ သူတို့ အားလုံးက အရင်ဆုံး မိန်းမထမီနား ခိုစားပြီးမှ အောင်မြင်လာကြတာ မဟုတ်ဘူးလား။ ရုပ်ချောတာက ကျုပ်အမှားမှ မဟုတ်တာ။’
ထိုသို့ တွေးလိုက်ချိန်မှာတော့ ယွင်ကျုံးဟဲ့၏ စိတ်ထဲတွင် ပိုမို သက်သောင့်သက်သာ ဖြစ်သွားပြီး ပို၍ပင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိလာသည်။
အချိန်တွေ ရေလို စီးဆင်းပြီး နေ့ရက်တွေ မြန်ဆန်စွာ ကုန်ဆုံးသွားကာ ရက်အနည်းငယ် ကြာသွားသည်။ ယွင်ကျုံးဟဲ့သည် တာ့ယန် အင်ပါယာသစ်၏ အာဏာဗဟိုချက်ဖြစ်သော မြို့တော်သို့ ရောက်ရှိလာခဲ့၏။
သို့ပေမည့် သူ ဘာမှ မမြင်ရပေ။ အဘယ်ကြောင့်ဆိုသော် မြို့ထဲသို့ ဝင်ရောက်ပြီးနောက် မြင်းလှည်းပေါ်မှ မဆင်းရသလို ပြတင်းပေါက်ကိုလည်း ဖွင့်ခွင့် မရှိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် သူသည် ဤကမ္ဘာ့ နံပါတ်တစ် မြို့တော်ကြီးကို မမြင်တွေ့ခဲ့ရပေ။
ယခုအချိန်တွင် တော်ဝင်မိသားစု သမီးတော် ကျီးချင့်၏ အိမ်ထောင်ဖက်ရှာပွဲသည် အင်ပါယာ၏ အကြီးမားဆုံးသော ပွဲတော်ကြီး ဖြစ်နေ၏။
ကျီးချန် မိသားစုသည် အစွမ်းကုန် ဖိနှိပ်ထားရန်နှင့် သိုသိုသိပ်သိပ် နေရန် ကြိုးစားခဲ့၏။ ဤကဲ့သို့သော ကိစ္စရပ်မျိုးက ပွဲတော်ကြီးတစ်ခု ဖြစ်လာခြင်းသည် ဂုဏ်ယူစရာ ကောင်းသော ကိစ္စ မဟုတ်ပေ။
သို့ပေမည့် လူများကြားထဲမှာတော့ နာမည်ကြီးနေဆဲပင် ဖြစ်သည်။ ထိုအရာမှာ ငါးကြင်းက နဂါးတံခါးကို ခုန်ကျော်ခြင်း ဖြစ်၏။ ဤအရာက အင်ပါယာ၏ ထိပ်တန်း တော်ဝင်မိသားစု ဖြစ်သည်။
ကျီးချင့်ကို လက်ထပ်ပြီး ကျီးချန် တော်ဝင်မိသားစု၏ နိုင်ငံရေး အရင်းအမြစ်များကို ရယူကာ အာဏာ လမ်းကြောင်းပေါ်သို့ လျှောက်လှမ်းနိုင်မည့် ကံထူးရှင်က မည်သူဖြစ်မည်ကို မသိနိုင်သေးပေ။
ယွင်ကျုံးဟဲ့က လက်သီးကို ဆုပ်ထားလိုက်သည်။ ‘သေချာပေါက် အနိုင်ယူရမယ်။ အိမ်ထောင်ဖက်ရှာပွဲ သေချာပေါက် အောင်မြင်ရမယ်။ တော်ဝင်မိသားစု သမီးတော် ကျီးချင့်ကို ကျုပ် သေချာပေါက် လက်ထပ်ရမယ်။ ဘုရင် ဖြစ်မယ့် လမ်းကြောင်းက မျက်စိရှေ့မှာပဲ ရှိနေပြီ။’
ဤလောကရှိ မည်သည့်ကိစ္စမဆို အပြင်ပန်းကို ကျော်လွန်၍ အတွင်းသဘောကို မြင်နိုင်ရန် လိုအပ်သည်။ ယွင်ကျုံးဟဲ့သည် ကျီးချင့်ကို လက်ထပ်နိုင်မည်လား ဆိုသည့် ကိစ္စလည်း ထိုနည်းတူပင် ဖြစ်၏။
ဤအိမ်ထောင်ရေးတွင် ယွင်ကျုံးဟဲ့၏ အစွမ်းအစများကို ထုတ်ဖော်ပြသရမည့်လူမှာ မည်သူနည်း။ အင်ပါယာ၏ အကြီးအကဲ ကျီးချန် ဖြစ်ပြီး မင်းသမီး ကျီးချင့် လုံးဝ မဟုတ်ပေ။
ဤအမျိုးသမီးသည် ပညာတတ်ပြီး မောက်မာသော်လည်း အိမ်ထောင်ရေး ကိစ္စတွင်မူ သူမသည် ကုသရန် လက်လျှော့လိုက်ပြီ ဖြစ်သည်။
အရင် အိမ်ထောင်ရေး မသာယာမှုက သူမကို အိမ်ထောင်ရေးအပေါ် မျှော်လင့်ချက် မထားတော့ရန် ဖြစ်စေခဲ့သည်။ ထို့ကြောင့် ဤအိမ်ထောင်ရေးသည် သူမ၏ မိသားစုအတွက် အလုပ်အကျွေး ပြုရန်သာ ဖြစ်၏။
ထိုသို့ဆိုလျှင် ဤအိမ်ထောင်ရေး၏ အဓိက အကြောင်းရင်းမှာ အဘယ်နည်း။ ကျီးချင့်ကို ထူးချွန်သော သားတစ်ယောက် မွေးဖွားစေရန်လား။
၎င်းသည် အကြောင်းရင်း တစ်ခု ဖြစ်သော်လည်း အဓိက အကြောင်းရင်း လုံးဝ မဟုတ်ပေ။
အကယ်၍ ဤအကြောင်းရင်း တစ်ခုတည်းသာ ဆိုပါက ယွင်ကျုံးဟဲ့၏ မျှော်လင့်ချက်သည် အလွန် နည်းပါးပြီး အိမ်ထောင်ဖက်ရှာပွဲ အောင်မြင်ရန်မှာ လုံးဝ မဖြစ်နိုင်သလောက်ပင် ဖြစ်သည်။
အဆိုးဆုံး စကားတစ်ခွန်း ပြောရလျှင် ဉာဏ်ရည်နှင့် သိုင်းပညာအရ ထူးချွန်သော တော်ဝင်မိသားစု လူငယ်များ အများအပြား ရှိနေပြီး ဤမျိုးစေ့ကို ပံ့ပိုးပေးရန် ယွင်ကျုံးဟဲ့ လုံးဝ မလိုအပ်ပေ။
ထိုသို့ဆိုလျှင် ဤအိမ်ထောင်ရေးကို ဆုံးဖြတ်ပေးမည့် အဓိက အကြောင်းရင်းမှာ မည်သည့်အရာနည်း။ နိုင်ငံရေး အကျိုးအမြတ်ပင် ဖြစ်သည်။
ယွင်ကျုံးဟဲ့ကို လက်ခံပြီး ကျီးချင့်၏ ယောက်ျား ဖြစ်လာစေခြင်းက ကျီးချန် မိသားစုအတွက် နိုင်ငံရေး အကျိုးအမြတ် ရှိမည်လား။
သေချာပေါက် ရှိသည်။ ဤအကျိုးအမြတ်သည် ဖုံးကွယ်နေသော်လည်း အန္တရာယ်ကမူ အလွန် ကြီးမားလှ၏။
ပထမဦးစွာ ယွင်ကျုံးဟဲ့သည် နာမည်ပျက်နေသူ ဖြစ်သည်။ ပျော်တော်ဆက်ယောက်ျား တစ်ယောက်အနေဖြင့် သူ့ကို ကျီးချန် မိသားစုထဲသို့ အိမ်ပါသမက်အဖြစ် လက်ခံပြီး ကျီးချင့်နှင့် လက်ထပ်ပေးလိုက်ပါက ကျီးချင့်အတွက်ရော မိသားစု တစ်ခုလုံး၏ နာမည်ဂုဏ်သတင်း အတွက်ပါ ကြီးမားသော ထိုးနှက်ချက် တစ်ခု ဖြစ်သွားမှာဖြစ်ပြီး အချိန်အတော်ကြာသည်အထိ အခြားသူများ၏ လှောင်ပြောင်စရာ ဖြစ်လာပေလိမ့်မည်။
ဒုတိယအနေဖြင့် ယွင်ကျုံးဟဲ့တွင် တာ့ယန် တော်ဝင်မိသားစု သွေးကြော ရှိသော်လည်း သူသည် အရှေ့ဘက် နယ်မြေဟောင်းမှ လာသူဖြစ်ပြီး ယိုယွင်းမှုနှင့် ခေတ်နောက်ကျမှုကို ကိုယ်စားပြုနေကာ တာ့ယန် အင်ပါယာသစ်၏ အဓိက လမ်းကြောင်းနှင့် မကိုက်ညီပေ။
နောက်ထပ် အကြီးမားဆုံး အကြောင်းရင်းမှာ ယွင်ကျုံးဟဲ့၏ ရပ်တည်ချက် ဖြစ်သည်။ ယွင်ကျုံးဟဲ့ တာ့ယန် အင်ပါယာသစ်သို့ လာရခြင်း၏ ရည်ရွယ်ချက်မှာ ဘာဖြစ်သနည်း။ အင်ပါယာသစ်ကို အရှေ့ဘက်သို့ စစ်ချီစေပြီး တာ့ရှန်း မိစ္ဆာနိုင်ငံကို ဖျက်ဆီးပစ်ရန် ဖြစ်သည်။
သို့ပေမည့် ယခု တာ့ယန် အင်ပါယာသစ် တစ်ခုလုံး၏ အဓိက လူထု သဘောထားမှာ ပြည်သူများကဖြစ်စေ၊ အစိုးရကဖြစ်စေ အရှေ့ဘက်သို့ စစ်ချီခြင်းကို ဆန့်ကျင်နေကြခြင်း ဖြစ်၏။
ထို့ကြောင့် ယွင်ကျုံးဟဲ့ကို လက်ခံလိုက်သည်နှင့် ကျီးချန် မိသားစုသည် ကြီးမားသော အန္တရာယ်ကို ရင်ဆိုင်ရမှာဖြစ်ပြီး သူတို့၏ တော်ဝင်မိသားစု အင်အားစုက အရှေ့ဘက်သို့ စစ်ချီခြင်းကို ထောက်ခံနေသည်ဟု အခြားသူများက ထင်မြင်သွားစေနိုင်ကာ အဓိက လူထု သဘောထား၏ ဆန့်ကျင်ဘက်တွင် ရပ်တည်သကဲ့သို့ ဖြစ်သွားနိုင်သည်။
ထို့ကြောင့် ယွင်ကျုံးဟဲ့ကို ကျီးချင့်နှင့် လက်ထပ်ခွင့် ပေး၊ မပေး ဆိုသည်မှာ သံယောဇဉ်နှင့် လုံးဝ မသက်ဆိုင်ဘဲ နိုင်ငံရေး ရပ်တည်ချက်နှင့်သာ သက်ဆိုင်နေ၏။
ထိုသို့ဆိုလျှင် ယွင်ကျုံးဟဲ့မှာ လုံးဝ မျှော်လင့်ချက် မရှိတော့ဘူးလား။ ထိုသို့ မဟုတ်ပေ။
လက်ရှိတွင် တာ့ယန် အင်ပါယာသစ်သည် အရှေ့ဘက်သို့ စစ်ချီခြင်းကို လုံးဝ ဆန့်ကျင်နေပြီး တာ့ယန် အင်ပါယာဟောင်းနှင့် တာ့ရှန်း မိစ္ဆာနိုင်ငံတို့အတွက် စစ်တိုက်ခြင်းကို ဆန့်ကျင်နေကြသည်။
စစ်တပ်မှအစ ပြည်သူများအထိ တာ့ယန် အင်ပါယာဟောင်းအတွက် အနစ်နာခံခြင်းကို မလိုလားကြပေ။ ဤသည်မှာ အဓိက ပြည်သူ့ဆန္ဒဖြစ်ပြီး မည်သူကမှ ဆန့်ကျင်၍ မရပေ။
အဘယ်ကြောင့်ဆိုသော် နှစ်ပေါင်းထောင်ချီ ကာလအတွင်း လူတိုင်း၏ စိတ်ထဲတွင် တာ့ယန် အင်ပါယာဟောင်းသည် ယိုယွင်းပြီး ခေတ်နောက်ကျနေသည်ဟု ထင်မြင်နေကြသောကြောင့် ဖြစ်သည်။
ထိုအချိန်က သူတို့သည် တာ့ယန် အင်ပါယာသစ်၏ တိုးတက်သော အထက်တန်းလွှာများကို နှင်ထုတ်ခဲ့ကြပြီး လူအများအပြားက တာ့ယန် အင်ပါယာဟောင်း၏ ရှေးရိုးစွဲ အင်အားစုများက ယန်ရှင်းကျုံးကို လုပ်ကြံခဲ့သည်ဟုပင် ထင်မြင်နေကြသည်။
သို့ပေမည့် အလွန် အရေးကြီးသော ကိစ္စတစ်ခု ရှိသည်။ တာ့ယန် အင်ပါယာသစ်သည် အရှေ့ဘက်သို့ စစ်ချီရန် မလိုလားသော်လည်း၊ တာ့ရှန်း မိစ္ဆာနိုင်ငံနှင့် စစ်မတိုက်လိုသော်လည်း သူတို့သည် စစ်တိုက်ရန် အာဏာကို ကိုင်စွဲထားရမည် ဖြစ်ပြီး စစ်တိုက်ရန် အကြောင်းပြချက်ကို ကိုင်စွဲထားရမှာဖြစ်၏။
ထိုစစ်တိုက်ရန် အကြောင်းပြချက်မှာ ယွင်ကျုံးဟဲ့ ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ယွင်ကျုံးဟဲ့သည် တာ့ရှ အင်ပါယာ၏ ဆက်ခံသူဖြစ်ပြီး တာ့ယန် အင်ပါယာဟောင်း၏ ဆက်ခံသူလည်း ဖြစ်သည်။
သူက တာ့ယန် အင်ပါယာသစ်သို့ လာရောက်ပြီး အရှေ့ဘက်သို့ စစ်ချီကာ တာ့ရှန်း မိစ္ဆာနိုင်ငံကို ဖျက်ဆီး၍ နယ်မြေဟောင်းကို ပြန်လည် သိမ်းပိုက်ပေးရန် တောင်းဆိုနေခြင်း ဖြစ်၏။
ယခုအခါ တာ့ယန် အင်ပါယာသစ်သည် အရှေ့ဘက် နယ်မြေဟောင်းအပေါ် နယ်မြေချဲ့ထွင်လိုသော ဆန္ဒ မရှိသော်လည်း အနာဂတ်တွင်လည်း နယ်မြေချဲ့ထွင်လိုသော ဆန္ဒ မရှိတော့မည်ဟု မဆိုလိုပေ။
ယွင်ကျုံးဟဲ့ကို ကိုင်စွဲထားခြင်းသည် အနာဂတ်တွင် အရှေ့တိုင်းလောကအပေါ် အချုပ်အခြာအာဏာ တောင်းဆိုခွင့်ကို ကိုင်စွဲထားနိုင်ခြင်း ဖြစ်သည်။
သို့ပေမည့် ဤအကျိုးအမြတ်သည် အလွန် ဝေးကွာနေသကဲ့သို့ ထင်ရပြီး အန္တရာယ်ကမူ အလွန် ကြီးမားနေ၏။
ဤအချက်ကပင် တာ့ယန် အင်ပါယာ တော်ဝင် စာသင်ကျောင်းက ယွင်ကျုံးဟဲ့၏ စစ်ဆေးရေး အစီရင်ခံစာကို မီးရှို့ဖျက်ဆီးပစ်ရသည့် အကြောင်းရင်းဖြစ်ပြီး သူတို့က ယွင်ကျုံးဟဲ့၏ တာ့ယန် တော်ဝင်မိသားစု သွေးကြောကို တိုက်ရိုက် အသိအမှတ် မပြုလိုသည့် အကြောင်းရင်းလည်း ဖြစ်သည်။
ယွင်ကျုံးဟဲ့ကို လက်ခံပါက ကြီးမားသော နိုင်ငံရေး အန္တရာယ်ကို ရင်ဆိုင်ရမှာ ဖြစ်သည်။ ထို့ကြောင့် ယခုအခါ ယွင်ကျုံးဟဲ့သည် တာ့ယန် အင်ပါယာ တော်ဝင်မိသားစုအတွက် တန်ဖိုးမဖြတ်နိုင်သော အသုံးမကျသည့် နယ်ရုပ် တစ်ခုကဲ့သို့ ဖြစ်နေ၏။
ကျီးချင့်ကို လက်ထပ်ခွင့် ရ၊ မရ ဆိုသည်မှာ ကျီးချန် မိသားစုက ဤအထဲမှ အကျိုးအမြတ်နှင့် အန္တရာယ်ကို မည်သို့ ချိန်ဆမည် ဆိုသည့်အပေါ်တွင်သာ မူတည်နေသည်။
ဤအချက်ကို ထိုးထွင်း သိမြင်ပြီးနောက် ယွင်ကျုံးဟဲ့သည် သူ၏ ပြိုင်ဘက်မှာ အခြား ထူးချွန်သော တော်ဝင် မိသားစု လူငယ်များ လုံးဝ မဟုတ်ကြောင်း သေချာပေါက် သိရှိသွား၏။
သူ၏ ပြိုင်ဘက်က တစ်ယောက်တည်းသာ ရှိသည်။ ထိုသူမှာ တာ့ယန်အင်ပါယာ တော်ဝင်ဆွေမျိုးစု အဖွဲ့အစည်း၏ အကြီးအကဲ ကျီးချန်ပင် ဖြစ်သည်။
…………………..
တာ့ယန် အင်ပါယာသစ်၏ မြို့တော်သို့ ရောက်ရှိပြီးနောက် ယွင်ကျုံးဟဲ့သည် ဧရာမ ရဲတိုက်ကြီး တစ်ခုအတွင်းသို့ တိုက်ရိုက် ပို့ဆောင်ခံလိုက်ရသည်။ ဤလောက၏ နံပါတ်တစ် မြို့တော်ကြီးကို ကြည့်ရှုရန် အခွင့်အရေး လုံးဝ မရရှိခဲ့ပေ။
သူ့ကို ရဲတိုက်အတွင်းရှိ ခြံဝင်းငယ် တစ်ခုထဲတွင် နေရာချထားပေးပြီး သူ့ကို လာရောက် ကြိုဆိုသူ မရှိသလို ဂရုစိုက်သူလည်း မရှိပေ။ ရက်အတော်ကြာသည်အထိ အိမ်ထောင်ဖက်ရှာပွဲလည်း မလုပ်သေးပေ။
သူသည် အခြားသူများ၏ မေ့လျော့ခြင်းကို ခံလိုက်ရသကဲ့သို့ ဖြစ်နေသော်လည်း သူ၏ လွတ်လပ်ခွင့်ကို မည်သူကမျှ ကန့်သတ်ထားခြင်း မရှိပေ။ သူ ကြိုက်သည့် နေရာသို့ သွားနိုင်ပြီး ရဲတိုက် အပြင်ဘက်သို့ပင် ထွက်သွားနိုင်သည်။
နေ့တိုင်း သူ တွေ့မြင်ရသည်မှာ ထမင်းလာပို့သော အစေခံများသာ ဖြစ်သည်။ သို့ပေမည့် ဤတစ်ကြိမ်တွင် ယွင်ကျုံးဟဲ့သည် အလွန် သိတတ်စွာဖြင့် ခြံဝင်းအတွင်း၌သာ နေပြီး ခြံတံခါးမှ တစ်လှမ်းမှ မထွက်ခဲ့ပေ။
သူ့ကို မည်သူကမှ ဂရုမစိုက်သော်လည်း သူ မတောင်းဆိုဘဲ တိတ်ဆိတ်စွာ စာဖတ်နေသည်။ ထို့အပြင် သူ စာဖတ်သည်မှာ အလွန် မြန်ဆန်ပြီး စာအုပ်စင်ပေါ်ရှိ စာအုပ်များ အားလုံးနီးပါး ဖတ်ပြီးသွားပြီ ဖြစ်သည်။
ထိုအချိန်တွင် တာ့ယန် အင်ပါယာ မြို့တော် တစ်ခုလုံး၏ လူထု သဘောထားမှာ အလွန် ဆူညံနေပြီ ဖြစ်သည်။ အထူးသဖြင့် အင်ပါယာ၏ စာသင်ကျောင်းကြီးများတွင် ဖြစ်သည်။ မရေမတွက်နိုင်သော ကျောင်းသားများက ရင်ကွဲလုမတတ် ဖြစ်နေကြ၏။
ဒုတိယ ကျောင်းအုပ် ကျီးချင့်သည် ဗဟုသုတ ကြွယ်ဝပြီး အရည်အချင်း ပြည့်ဝကာ လောကတွင် ရှားပါးသော ထူးခြားသည့် အမျိုးသမီး တစ်ဦး ဖြစ်သည်။
အသက် သုံးဆယ့်သုံးနှစ် အရွယ်ဖြင့် သူမ၏ အရည်အချင်းကြောင့် အင်ပါယာ ဒုတိယ စာသင်ကျောင်း၏ ဒုတိယ ကျောင်းအုပ် ဖြစ်လာခဲ့ပြီး တောက်ပသော ပညာရေး အောင်မြင်မှုများကို ပိုင်ဆိုင်ထား၏။
ထို့ကြောင့် သူမသည် အင်ပါယာရှိ အမျိုးသမီး အများအပြား၏ စံပြပုဂ္ဂိုလ် ဖြစ်ရုံသာမက အလံတိုင် တစ်ခုလည်း ဖြစ်ပြီး အလွန် မြင့်မားသော ဂုဏ်သတင်းကို ပိုင်ဆိုင်ထားသည်။
ဤသည်မှာ အရှေ့တိုင်းလောကမှ ပါရမီရှင် အမျိုးသမီး ဆိုသူများကဲ့သို့ ကဗျာလေးရေး၊ စောင်းလေးတီးရုံဖြင့် ရနိုင်သည် မဟုတ်ဘဲ တကယ့် ပညာရပ်ပိုင်းဆိုင်ရာ စွမ်းရည် လိုအပ်ခြင်း ဖြစ်၏။
ထိုသို့သော ထူးခြားသည့် အမျိုးသမီးတစ်ဦးသည် အိမ်ထောင်ရေး မသာယာခဲ့ဘဲ နောက်ဆုံးတွင် ကွာရှင်း ပြတ်စဲခဲ့ရသည်။
အပိုင်း (၇၃၄)
ဤတစ်ကြိမ်တွင် ထူးချွန်သော တော်ဝင်မိသားစု လူငယ် အများအပြားက သူမနှင့် အိမ်ထောင်ဖက်ရှာပွဲ လာလုပ်ရုံသာမက ယွင်ကျုံးဟဲ့ဆိုသော သူတစ်ယောက်ပါ ရောက်လာသေးသည်။ ထိုသူမှာ အဆင့်တစ် နိုင်ငံသား၊ အလုပ်လက်မဲ့ဖြစ်ပြီး မိဖုရား တူရှား၏ ပျော်တော်ဆက်ယောက်ျား ဖြစ်၏။
ဤသည်မှာ လောကလူသားများ အမုန်းတီးဆုံး အရာပင် ဖြစ်သည်။ ဝိညာဉ်နှင့် ခန္ဓာကိုယ်ကို ရောင်းစားသော ယောက်ျားတစ်ယောက်က ဒုတိယ ကျောင်းအုပ် ကျီးချင့်နှင့် လာပြီး အိမ်ထောင်ဖက်ရှာပွဲ လုပ်သည်လား။ တကယ်ကို ကြီးမားတဲ့ အရှက်ခွဲမှုပင် ဖြစ်သည်။
ယွင်ကျုံးဟဲ့၏ ပြိုင်ဘက်များသည်လည်း သေချာပေါက် သတင်းများ လွှင့်ကာ ယွင်ကျုံးဟဲ့ကို အလွန် အောက်တန်းကျကြောင်း ပြောဆိုကြပြီး လူထု သဘောထားကို ဖိအားပေးလာကြ၏။
နားထောင်လို့ မကောင်းသော စကားမျိုးစုံ ရှိသည်။ ဥပမာ - ဒုတိယ ကျောင်းအုပ် ကျီးချင့်နှင့် မိဖုရား တူရှားတို့သည် ယောက်ျား တစ်ယောက်တည်းကို မျှဝေသုံးစွဲနေကြသည်။ သို့မဟုတ် အကြီးအကဲ ကျီးချန်သည် မိဖုရား တူရှားကို မျက်နှာလိုမျက်နှာရ လုပ်ရန်အတွက် မြေးဖြစ်သူကို ယွင်ကျုံးဟဲ့ ဟူသော မီးတွင်းထဲသို့ တွန်းချလိုက်သည် စသည်ဖြင့်ပင်။
အတိုချုပ်ဆိုရလျှင် လူထု သဘောထား တစ်ခုလုံးက ယွင်ကျုံးဟဲ့အပေါ် အလွန် ဆိုးရွားနေသည်။ အကယ်၍ ကျီးချင့်သာ ယွင်ကျုံးဟဲ့ကို တကယ် လက်ထပ်လိုက်ပါက မိသားစု တစ်ခုလုံး၏ နာမည်ဂုဏ်သတင်းကို ကြီးမားစွာ ထိခိုက်စေပေလိမ့်မည်။
ထို့ကြောင့် ကျီးချန်သည် ယွင်ကျုံးဟဲ့ကို ခေါ်ဆောင်လာပြီးနောက် ဘေးတွင် ပစ်ထားပြီး ဂရုမစိုက်တော့ခြင်း ဖြစ်သည်။
ထိုအချိန်တွင် မင်းသမီး ကျီးချင့်နှင့် အခြား တော်ဝင်မိသားစု လူငယ်များ၏ အိမ်ထောင်ဖက်ရှာပွဲသည် နေ့စဉ် ဆက်လက် လုပ်ဆောင်နေ၏။
အချိန်များ တစ်နေ့ပြီး တစ်နေ့ ကုန်လွန်သွားသည်။ ဆယ်ရက်၊ လဝက်၊ ရက်နှစ်ဆယ် ကုန်လွန်သွားခဲ့သည်။
ယွင်ကျုံးဟဲ့သည် ရဲတိုက်၏ ခြံဝင်းအတွင်း၌ ပစ်ထားခံရဆဲဖြစ်ပြီး မည်သူကမှ ဂရုမစိုက်သလို ကျီးချင့်သည်လည်း သူနှင့် အိမ်ထောင်ဖက်ရှာပွဲ လုပ်ရန် လာရောက်ခြင်း မရှိပေ။ ကျီးချန်ကလည်း မည်သူ့ကိုမှ လွှတ်၍ သူနှင့် စကားလာပြောခိုင်းခြင်း မရှိပေ။
တစ်နေ့တွင် ကျီးချင့်၏ အိမ်ထောင်ဖက်ရှာပွဲမှ သတင်းတစ်ခု ထွက်ပေါ်လာသည်။
တစ်လတာ အိမ်ထောင်ဖက်ရှာပွဲ အပြီးတွင် တော်ဝင်မိသားစု သွေးကြောရှိသော လူငယ် ပါရမီရှင် တစ်ဦး ထွက်ပေါ်လာ၏။
ရှင်းကျန့်…
သူ့တွင် တော်ဝင်မိသားစု သွေးကြော ရှိသော်လည်း ဖခင် လက်ထက်တည်းက မျိုးရိုးနာမည် ပြောင်းလဲခံခဲ့ရပြီး ကျီး မှ ရှင်း သို့ ပြောင်းလဲသွားခဲ့သည်။
သူသည် စာပေရော၊ သိုင်းပညာပါ ထူးချွန်ပြီး စာသင်ကျောင်းနှင့် သိုင်းပညာကျောင်း နှစ်ခုစလုံးမှ ဘွဲ့ရရှိထားကာ ယခုအခါ အင်ပါယာ၏ ဗိုလ်ချုပ်လေး ဖြစ်နေ၏။
အရေးအကြီးဆုံးမှာ သူ၏ နောက်ကွယ်တွင် မိသားစု အင်အားစု မရှိခြင်းဖြစ်ပြီး သူ၏ မိဘနှစ်ပါးစလုံးမှာ ကွယ်လွန်သွားပြီ ဖြစ်သည်။
ဤသည်မှာ ဒုတိယ ကျောင်းအုပ် ကျီးချင့်အတွက် အထူး ဖန်တီးပေးထားသော ယောက်ျားလောင်း တစ်ဦးနှင့် တူနေသည်။ သူသည် ကျီးမျိုးရိုးသို့ ပြန်လည် ဝင်ရောက်လာပြီး တော်ဝင်မိသားစု အဆင့်အတန်းကို ပြန်လည် ရရှိလာမည်ဖြစ်ကာ တစ်ကိုယ်တည်း ဖြစ်သောကြောင့် အိမ်ကို သိမ်းပိုက်ခံရမည်ကိုလည်း စိုးရိမ်စရာ မလိုပေ။
အရေးအကြီးဆုံးမှာ သူသည် လုံလောက်အောင် ထူးချွန်ပြီး လုံလောက်အောင် ချောမောကာ နာမည်ဂုဏ်သတင်းကလည်း ကောင်းမွန်သောကြောင့် ဖြစ်သည်။
လူအများအပြားက ဒုတိယ ကျောင်းအုပ် ကျီးချင့်သည် သူနှင့် အိမ်ထောင်ဖက်ရှာပွဲ လုပ်စဉ်အတွင်း ပထမဆုံး အကြိမ် အပြုံးကို ပြသခဲ့ပြီး အလွန် ပျော်ရွှင်စွာ စကားပြောဆိုခဲ့ကြောင်း သက်သေပြခဲ့ကြ၏။
ထို့အပြင် အိမ်ထောင်ဖက်ရှာပွဲ ပြီးဆုံးပြီးနောက် ဒုတိယ ကျောင်းအုပ် ကျီးချင့်သည် နောက်ရက်များတွင် အလွန် ပျော်ရွှင်နေပုံရပြီး စာသင်သည့် အချိန်တွင်လည်း ရှားရှားပါးပါး အပြုံးများ ပြသလာခဲ့သည်။ တစ်ခါမှ မပြုံးဖူးသော သူမ ပြုံးလိုက်ချိန်မှာတော့ မရေမတွက်နိုင်သော လူများကို ရူးသွပ်သွားစေခဲ့သည်။
ထိုမျှမက ဤဗိုလ်ချုပ်လေး ရှင်းကျန့်သည် ဒုတိယ ကျောင်းအုပ် ကျီးချင့်ကို ရှာရန် အင်ပါယာ ဒုတိယ စာသင်ကျောင်းသို့ နှစ်ကြိမ်တိုင်တိုင် လာရောက်ခဲ့ပြီး လက်ဆောင်များလည်း ပေးခဲ့သည်။ ထို့အပြင် ဒုတိယ ကျောင်းအုပ် ကျီးချင့်ကလည်း လက်ဆောင်များကို လက်ခံခဲ့၏။
အရေးအကြီးဆုံး အချက်မှာ ဒုတိယ ကျောင်းအုပ် ကျီးချင့်သည် အိမ်ထောင်ဖက်ရှာပွဲများကို ရပ်တန့်လိုက်ခြင်း ဖြစ်သည်။
အရာအားလုံး ပြီးဆုံးသွားပြီ ဖြစ်ပြီး လူတိုင်းလည်း စိတ်အေးသွားကြသည်။ ဒုတိယ ကျောင်းအုပ် ကျီးချင့်သည် နောက်ဆုံးတွင် သူမ၏ ပျော်ရွှင်မှုကို ရရှိသွားပြီး ထူးချွန်သော ယောက်ျား တစ်ယောက်ကို ရှာတွေ့သွားခဲ့ပြီဖြစ်၏။
လိုက်လံ ပိုးပန်းသူ အများအပြားထဲတွင် ဗိုလ်ချုပ်လေး ရှင်းကျန့်သည် အထူးချွန်ဆုံး ဖြစ်၏။ သူတို့နှစ်ဦး၏ ပေါင်းဖက်မှုကို လူတိုင်းက ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြပြီး ကောင်းချီးပေးကြသည်။
နာမည်ပျက်နေသော ပျော်တော်ဆက်ယောက်ျား ယွင်ကျုံးဟဲ့မှာမူ ထွက်ပေါ်လာခွင့်ပင် မရခဲ့ပေ။ ထူးခြားသော အမျိုးသမီး ဒုတိယ ကျောင်းအုပ် ကျီးချင့်သည် အစမှအဆုံးထိ သူနှင့် အိမ်ထောင်ဖက်ရှာပွဲ မလုပ်ခဲ့ဘဲ တစ်ခါမှပင် မတွေ့ခဲ့ရပေ။
ယွင်ကျုံးဟဲ့ တာ့ယန် အင်ပါယာသစ် မြို့တော်သို့ ရောက်ရှိလာသည်မှာ တစ်လတိတိ ပြည့်သွားခဲ့ပြီဖြစ်၏။
ဤတစ်လတာ ကာလအတွင်း သူသည် ဤရဲတိုက်၏ ခြံဝင်းအတွင်း၌သာ အမြဲ ရှိနေခဲ့ပြီး ခြံတံခါးမှ တစ်လှမ်းမှ မထွက်ခဲ့ဖူးသလို ဤလောကနံပါတ်တစ် မြို့တော်ကြီးကိုလည်း သွားရောက် ကြည့်ရှုခဲ့ခြင်း မရှိပေ။
ဤတစ်လတာ ကာလအတွင်း မည်သူကမှ သူ့ကို လာရောက် တွေ့ဆုံခြင်း မရှိဘဲ သူသည် လုံးဝ မေ့လျော့ ခံထားရသကဲ့သို့ ဖြစ်နေသည်။
တစ်နေ့တွင်...
“ယွင်ကျုံးဟဲ့... ကျုပ်နောက် လိုက်ခဲ့ပါ။ ဘိုးဘိုးကြီးက ခင်ဗျားကို တွေ့ချင်နေတယ်။” စစ်ဗိုလ်ချုပ် တစ်ဦးက ယွင်ကျုံးဟဲ့ ရှေ့တွင် ပေါ်လာ၏။
သူပြောသော ဘိုးဘိုးကြီး ဆိုသည်မှာ သေချာပေါက် အင်ပါယာ အထက်လွှတ်တော်၏ ယခင် အုပ်ချုပ်ရေးမှူး ကျီးရှန့် ဖြစ်ပြီး ဤအိမ်ထောင်ရေး၏ အစစ်အမှန် ဆုံးဖြတ်ပိုင်ခွင့် ရှိသူလည်း ဖြစ်သည်။
ယွင်ကျုံးဟဲ့သည် ထိုဗိုလ်ချုပ် နောက်သို့ လိုက်ကာ ခြံဝင်းထဲမှ ထွက်လာပြီး အဆောက်အအုံ တစ်ခုပေါ်သို့ ရောက်ရှိသွား၏။
အဆောက်အအုံ တစ်ခုလုံး ဟာလာဟင်းလင်း ဖြစ်နေပြီး ဖျာဝိုင်း နှစ်ချပ်သာ ရှိကာ တရားထိုင်ရန် နေရာ ဖြစ်သည်။
ဖျာဝိုင်း တစ်ချပ်ပေါ်တွင် အဘိုးအို တစ်ဦး တင်ပျဉ်ခွေ ထိုင်နေသည်။ အဘိုးအိုဟု ဆိုသော်လည်း ကြည့်ရသည်မှာ အသက် ခြောက်ဆယ်ကျော် အရွယ်ခန့်သာ ရှိသေး၏။
သူသည် အင်ပါယာ တော်ဝင် ဆွေမျိုးစု အဖွဲ့အစည်း၏ အကြီးအကဲများထဲမှ တစ်ဦးဖြစ်ပြီး အာဏာကြီးမားသော ခေါင်းဆောင် ကျီးချန် ဖြစ်သည်။
“ယွင်ကျုံးဟဲ့... အကြီးအကဲကို ဂါရဝပြုပါတယ်။” ယွင်ကျုံးဟဲ့က ရှေ့တိုးကာ အရိုအသေပေးလိုက်၏။
ကျီးချန်က ပြောသည်။ “ထိုင်ပါ။”
ယွင်ကျုံးဟဲ့က ရှေ့တိုးကာ ကျီးချန်၏ မျက်နှာချင်းဆိုင်တွင် တင်ပျဉ်ခွေ ထိုင်လိုက်၏။
ကျီးချန်က ပြောလိုက်သည်။ “တကယ်တော့ အိမ်ထောင်ဖက်ရှာပွဲက ပြီးဆုံးသွားပါပြီ။ ကျီးချင့်ကလည်း သင့်တော်တဲ့ ယောက်ျားကောင်းကို ရှာတွေ့သွားပါပြီ။ အင်ပါယာ ဗိုလ်ချုပ်လေး၊ တော်ဝင်မိသားစု သွေးကြော၊ မိဘနှစ်ပါးစလုံး ကွယ်လွန်သွားပြီး၊ စာပေရော သိုင်းပညာပါ ထူးချွန်တယ်။ ဒီအိမ်ထောင်ရေးက အခြေခံအားဖြင့် သေချာသွားပါပြီ။ အင်ပါယာက လူတိုင်းရဲ့ မျက်လုံးထဲမှာလည်း ဒါက ကောင်းကင်က ဖန်တီးပေးတဲ့ ဖူးစာလို့ သတ်မှတ်လို့ ရပါတယ်။”
ယွင်ကျုံးဟဲ့ စကားမပြောပေ။
ကျီးချန်က ဆက်ပြော၏။ “ကျုပ်နဲ့ မိဖုရား တူရှားက မဟာမိတ်တွေပါ။ သူမက ဒီအိမ်ထောင်ဖက်ရှာပွဲ ဖြစ်မြောက်အောင် အစွမ်းကုန် ကြိုးပမ်းပေးခဲ့ပြီး ခင်ဗျားကို အခွင့်အရေး တစ်ခု ပေးဖို့ ပြောခဲ့တယ်။ ဒါပေမဲ့ ကျုပ်မြေး ကျီးချင့်က ခင်ဗျားကို ဘယ်လိုမှ တွေ့ချင်စိတ် မရှိဘူး။ ခင်ဗျားနဲ့ အိမ်ထောင်ဖက်ရှာပွဲ လုပ်ရမှာကို ရှောင်ရှားဖို့အတွက် သူ အိမ်တောင် မပြန်ဘဲ ဒုတိယ စာသင်ကျောင်းမှာပဲ အကြာကြီး နေနေတယ်။ သူ့ရဲ့ ဒီလို စိတ်နေစိတ်ထားကို ခင်ဗျား နားလည်ပေးနိုင်မယ်လို့ ကျုပ် မျှော်လင့်ပါတယ်။”
ယွင်ကျုံးဟဲ့က ဖြေလိုက်သည်။ “နားလည်ပါတယ်။ ကျုပ်က နာမည်ပျက်နေတဲ့ ပျော်တော်ဆက်ယောက်ျား တစ်ယောက်လေ။ ကျုပ်နဲ့ အိမ်ထောင်ဖက်ရှာပွဲ လုပ်ရတာကိုက နာမည် ပျက်စေတာပဲ။ အဲဒါကြောင့် သူ ကျုပ်ကို မတွေ့ချင်တာ သဘာဝကျပါတယ်။”
ကျီးချန်က ဆက်ပြော၏။ “ကျုပ် ပြောခဲ့သလိုပဲ ကျုပ်နဲ့ မိဖုရား တူရှားက မဟာမိတ်တွေပါ။ ကျုပ်က ခင်ဗျားကို အခွင့်အရေး တစ်ခု ပေးမယ်လို့ သူမကို ကတိပေးထားလို့ ခင်ဗျားကို လာတွေ့တာ။ ဒါပေမဲ့ ကျုပ် ခင်ဗျားကို ပွင့်ပွင့်လင်းလင်း ပြောရရင် ခင်ဗျားမှာ ဘာမျှော်လင့်ချက်မှ မရှိတော့ဘူး။ ဒီအိမ်ထောင်ရေးက သေချာသွားပြီ။
ရှင်းကျန့်က အကောင်းဆုံး ရွေးချယ်မှုပဲ။ သူ့ကို အိမ်ပါသမက် အဖြစ် လက်ခံတာက ကျုပ်တို့ မိသားစုအတွက် အကျိုးအရှိဆုံးပဲ။ အရည်အချင်းရှိတဲ့ လူတစ်ယောက် တိုးလာရုံတင်မကဘူး၊ အိမ်ကို သိမ်းပိုက်ခံရမှာလည်း စိုးရိမ်စရာ မလိုဘူး။
အရေးအကြီးဆုံးက နာမည်ဂုဏ်သတင်းလည်း မပျက်စီးတဲ့အပြင် မြေးမလေး ကျီးချင့်လည်း ပျော်ရွှင်ရလိမ့်မယ်။ အဲဒါကြောင့် လျော်ကြေးအနေနဲ့ ကျုပ် ခင်ဗျားကို ကောင်းမွန်တဲ့ ရာထူးတစ်ခု စီစဉ်ပေးနိုင်တယ်။ ဒါမှမဟုတ် ခင်ဗျားကို တုန်းကျိုးကို ပြန်ပို့ပေးပြီး မိဖုရား တူရှား အနားကို ပြန်ပို့ပေးနိုင်တယ်။”
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ကျုပ် မိဖုရားကို ပြောခဲ့ပြီးပြီ။ မအောင်မြင်ရင် သေမယ်လို့။ အိမ်ထောင်ဖက်ရှာပွဲ အောင်မြင်ရမယ်။ အကယ်၍ ကျရှုံးသွားရင် သူ့အနားကို လုံးဝ ပြန်သွားမှာ မဟုတ်ဘူး။ တစ်စစီ ကြေမွသွားရင်တောင်မှပဲ။”
ကျီးချန်က သက်ပြင်းချကာ ပြောလိုက်၏။ “လူဆိုတာ ကိုယ့်ကိုယ်ကိုယ်ရော၊ တခြားသူကိုပါ အငြိုးမထားသင့်ဘူး။ ဘာတန်ဖိုးမှ မရှိဘူး။”
ထို့နောက် ကျီးချန်က ဆက်ပြောသည်။ “ဒါပေမဲ့ ကျုပ် ပြောခဲ့သလိုပဲ၊ ခင်ဗျားကို အခွင့်အရေး တစ်ခု ပေးမယ်လို့ ပြောရင် သေချာပေါက် ပေးရမှာပေါ့။ ကဲ... အခု ကျုပ်ကို ပြောစမ်း။ ရှင်းကျန့်လို ထူးချွန်တဲ့ လူတစ်ယောက်ကို စွန့်လွှတ်ပြီး ကြီးမားတဲ့ အန္တရာယ်ကို စွန့်စားကာ ခင်ဗျားကို အိမ်ပါသမက် အဖြစ် လက်ခံဖို့ ကျုပ်မှာ ဘာအကြောင်းပြချက် ရှိလဲ။ စကားတစ်ခွန်းပဲ။ ခင်ဗျားမှာ စကားတစ်ခွန်း ပြောဖို့ အခွင့်အရေး ရှိတယ်။”
ယွင်ကျုံးဟဲ့က အေးအေးဆေးဆေး ဖြေလိုက်၏။ “အကြီးအကဲ ကျီးချန်... ခင်ဗျား အသက်ရှင်ဖို့ သိပ်မကျန်တော့ဘူး။ လူတစ်ယောက်က ခင်ဗျားကို သတ်ချင်နေတယ်။”
ယွင်ကျုံးဟဲ့၏ စကားကို ကြားချိန်မှာတော့ အကြီးအကဲ ကျီးချန်သည် အနည်းငယ် အံ့ဩသွားပြီးနောက် ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ “ယွင်ကျုံးဟဲ့... ဒီလှည့်ကွက်ကို ခင်ဗျား ဘယ်နှစ်ခါ သုံးဖူးပြီလဲ။ အရှေ့ဘက် နယ်မြေဟောင်းမှာ ခင်ဗျား ဒီလိုမျိုး ဟန်ရေးပြလေ့ ရှိတာလား။”
ယွင်ကျုံးဟဲ့က ပြုံးရုံသာ ပြုံးနေပြီး စကားမပြောပေ။ ဤဟန်ပန်က တကယ်ကို အရိုက်ခံချင်စရာ ကောင်းလှ၏။
ဗေဒင်ဆရာ အချို့က လူတစ်ယောက်ကို မြင်သည်နှင့် ခင်ဗျားရဲ့ မျက်နှာက ညိုမည်းနေတယ်၊ သွေးထွက်သံယို ဖြစ်မယ့်ကိန်း ရှိတယ်ဟု ပြောလေ့ရှိသည်နှင့် ဆင်တူသည်။
သာမန်လူများသည် သေချာပေါက် မကျေနပ်သော်လည်း စိတ်ထဲတွင်မူ ထိတ်လန့်သွားကြသည်။ စိတ်ထဲတွင် မည်မျှပင် ရွံရှာနေပါစေ ဘာကြောင့်လဲ ဆိုသည်ကိုတော့ သိချင်နေကြသည်။ ဤလှည့်ကွက်သည် အကြိမ်တိုင်း အလုပ်ဖြစ်လေ့ ရှိ၏။
ခဏအကြာတွင် ကျီးချန်က မေးလိုက်သည်။ “ကဲ... ခင်ဗျား ပြောကြည့်ပါအုံး။ ဘယ်သူက ကျုပ်ကို သတ်ချင်နေတာလဲ။”
ယွင်ကျုံးဟဲ့က ဖြေ၏။ “ချင်ဝမ် ကျီးရှန့်ပါ။”
ကျီးရှန့်.... အရင်၊ အရင်၊ အရင် အုပ်ချုပ်ရေးမှူး ဖြစ်ပြီး အင်ပါယာ တော်ဝင်မိသားစု၏ ခေါင်းဆောင် ဖြစ်သည်။ သူ၏ ဩဇာကြီးမားမှုကို ဖော်ပြရန် စကားလုံးပင် မရှိတော့ဘဲ အင်ပါယာ၏ နံပါတ်တစ် ပုဂ္ဂိုလ်ဟု လုံးဝ သတ်မှတ်နိုင်သည်။
ကျီးချန်က အေးစက်စွာ ပြောလိုက်၏။ “ယွင်ကျုံးဟဲ့... ဒီစကား တစ်ခွန်းတည်းနဲ့တင် ကျုပ် ခင်ဗျားကို သတ်ပစ်လို့ ရတယ်ဆိုတာ သိလား။ သေလမ်းရှာနေတာပဲ။”
ကျီးချန် ဤမျှ ဒေါသထွက်နေသည်မှာ အံ့ဩစရာ မဟုတ်ပေ။ တော်ဝင် ဆွေမျိုးစု အဖွဲ့အစည်းတွင် ကျီးရှန့်က အသက်အကြီးဆုံး ဖြစ်ပြီး သူ၏ နောက်တွင် ကျီးချန် ဖြစ်သည်။ ထိုနှစ်ဦးစလုံးသည် တော်ဝင်မိသားစု၏ အဓိက မဏ္ဍိုင်ကြီးများ ဖြစ်ကြသည်။
ထိုနှစ်ဦးသည် အလွန် ရင်းနှီးသော သူငယ်ချင်းများ မဟုတ်သော်လည်း အင်ပါယာ၏ ကောင်းကင်ကြီးကို အတူတူ ထမ်းပိုးထားကြသူများ ဖြစ်၏။
ထို့အပြင် တကယ်တမ်းတွင် ဤဆယ်စုနှစ်များအတွင်း ထိုနှစ်ဦးသည် အမြဲတမ်း အလွန် စည်းလုံးညီညွတ်ခဲ့ပြီး ပြင်ပတွင်လည်း အလွန် ရင်းနှီးကြောင်း ပြသခဲ့ကြသည်။
ကျီးချန်က ပြောလိုက်၏။ “ယွင်ကျုံးဟဲ့... ကျုပ်နဲ့ ချင်ဝမ် ကျီးရှန့်က အင်ပါယာ တော်ဝင်မိသားစုရဲ့ မဏ္ဍိုင်ကြီး နှစ်ခုပဲ။ ဘယ်လို ကောလာဟလ၊ ဘယ်လို အကြံအစည်ကမှ ကျုပ်တို့ရဲ့ ဆက်ဆံရေးကို သွေးခွဲလို့ မရဘူးဆိုတာ သိလား။
အကယ်၍ ကျုပ်တို့ နှစ်ယောက်ကြားမှာ အက်ကြောင်းတစ်ခု ဖြစ်သွားတာနဲ့ အင်ပါယာ တစ်ခုလုံးက အကြီးအကျယ် ပြိုကွဲသွားလိမ့်မယ်။ အထက်လွှတ်တော်က လူတွေက ချက်ချင်း ဝင်လာပြီး တော်ဝင်မိသားစု လက်ထဲမှာ ကျန်နေသေးတဲ့ အာဏာတွေကို လုယူသွားကြလိမ့်မယ်။
ကျုပ်နဲ့ ချင်ဝမ် ကျီးရှန့်ရဲ့ ဆက်ဆံရေးက ညီအစ်ကို အရင်းတွေထက်တောင် ပိုကောင်းတယ် ဆိုတာ ခင်ဗျား ယုံလား။ ကျုပ်တို့က တော်ဝင်မိသားစုရဲ့ ဘုံအကျိုးစီးပွားကို ကိုယ်စားပြုနေတာ။ ကျုပ်တို့က အသေအရှင် အတူတူပဲ။ ဒီထဲက ဆက်ဆံရေးကို ခင်ဗျား နားလည်လား။”