← Chapters

အခန်း (၇၃၅-၇၃၆)

Vol. 62 Ch. 735-736

အခန်း (၇၃၅-၇၃၆)

Vol. 62 Ch. 735-736

အပိုင်း (၇၃၅)

ထိုစကားကို ယွင်ကျုံးဟဲ့ သေချာပေါက် နားလည်၏။ တာ့ယန် အင်ပါယာသစ်သည် ယခုအချိန်အထိ ဖွံ့ဖြိုးတိုးတက်လာခဲ့ရာ ဘုရင်၏ အာဏာ လျော့ကျလာမှုက ပို၍ ပို၍ ပြင်းထန်လာခဲ့သည်။

အင်ပါယာ၏ အထက်တန်းလွှာများကို ကိုယ်စားပြုသော အထက်လွှတ်တော်သည် အမြဲတမ်း အာဏာကို လုယူနေပြီး တော်ဝင်မိသားစု၏ အာဏာကို ဖိနှိပ်ရန် အစွမ်းကုန် ကြိုးစားနေကြ၏။

မိဖုရား တူရှား၏ ယောက်ျား ဆိုလိုသည်မှာ ယခင် အုပ်ချုပ်ရေးမှူးသည် စာပေရော သိုင်းပညာပါ ထူးချွန်သောကြောင့် တစ်ယောက်တည်းဖြင့် စာပေနှင့် သိုင်းပညာ အုပ်ချုပ်ရေးမှူး ရာထူး နှစ်ခုစလုံးကို တာဝန်ယူခဲ့သည်။

သူသည် သိုင်းပညာ အလွန် မြင့်မားပြီး ခန္ဓာကိုယ် အလွန် သန်မာပါလျက်နှင့် နောက်ဆုံး ဆယ်နှစ်တွင်မူ အိပ်ရာထဲတွင်သာ လဲနေခဲ့ရပြီး သက်တမ်း မကုန်ဆုံးမီမှာပင် ရောဂါဖြင့် သေဆုံးသွားခဲ့ရ၏။

ယခုအခါ တာ့ယန် အင်ပါယာသစ်တွင် စာပေနှင့် သိုင်းပညာဟူသော အာဏာမဏ္ဍိုင်ကြီး နှစ်ခု ရှိ၏။ လူတန်းစားအရ ခွဲခြားမည် ဆိုပါက နိုင်ငံသားများနှင့် တော်ဝင်မိသားစုဟူသော အာဏာမဏ္ဍိုင်ကြီး နှစ်ခု ရှိသည်။

အထက်လွှတ်တော်တွင် တော်ဝင်မိသားစုဝင်များ ရှိနေသော်လည်း ယခင် အထက်လွှတ်တော်၏ အုပ်ချုပ်ရေးမှူးမှာ ကျီးချန် ဖြစ်၏။

သို့ပေမည့် အဆုံးစွန် ပြောရမည်ဆိုလျှင် အထက်လွှတ်တော်တွင် တော်ဝင်မိသားစုဝင် မဟုတ်သူများက အများစု နေရာယူထားကြသည်။

တော်ဝင်မိသားစုနှင့် အထက်လွှတ်တော်သည် အမြဲတမ်း ပဋိပက္ခများ ရှိနေသော်လည်း အမြဲတမ်း တိုက်ခိုက်နေကြသော်လည်း လုံးဝ ပြိုကွဲသွားခြင်း မရှိခဲ့ပေ။

သို့ပေမည့် ငြင်းဆို၍ မရနိုင်သောအချက်မှာ အုပ်ချုပ်ရေးမှူး၏ အာဏာသည် ပို၍ ပို၍ ချုပ်ကိုင်ခံလာရပြီး အင်ပါယာတွင် တကယ်တမ်း အုပ်ချုပ်ရေးမှူး မလိုအပ်ဘဲ အထက်လွှတ်တော် အုပ်ချုပ်ရေးမှူး တစ်ယောက်တည်းဖြင့် လုံလောက်သည် ဟူသော ကောလာဟလများပင် ထွက်ပေါ်နေသည်။

ဤကဲ့သို့သော အထူး အခြေအနေမျိုးတွင် ချင်ဝမ် ကျီးရှန့်နှင့် ကျီးချန်တို့သည် သေချာပေါက် စည်းလုံး ညီညွတ်ရမှာဖြစ်ပြီး တစ်ခါ ကွဲကွာသွားသည်နှင့် လုံးဝ အဖြစ်ဆိုးကြီး ဖြစ်သွားပေလိမ့်မည်။

ထို့ကြောင့် ကျီးချန်က ယွင်ကျုံးဟဲ့ကို ရယ်စရာကောင်းသည်ဟု ပြောနေခြင်း ဖြစ်သည်။ ကျီးရှန့်က သူ့ကို သတ်ချင်သည်ဟု ပြောဝံ့သည်လား။

“ကျုပ် ခင်ဗျားကို သတ်ပစ်သင့်တယ်။ ဒါပေမဲ့ မိဖုရား တူရှားရဲ့ မျက်နှာကို ထောက်ပြီး ခင်ဗျားကို မသတ်တော့ဘူး။”

ကျီးချန်က အမိန့်ပေးသည်။ “လာကြစမ်း... ဒီလူကို အပြင် မောင်းထုတ်လိုက်။”

ချက်ချင်းပဲ သိုင်းသမား တစ်ဦး ဝင်ရောက်လာပြီး ယွင်ကျုံးဟဲ့ကို အပြင်သို့ တိုက်ရိုက် ပစ်ထုတ်တော့မှာဖြစ်၏။

ထိုအချိန်တွင် ယွင်ကျုံးဟဲ့သည် ရင်ခွင်ထဲမှ စာတစ်စောင်ကို ထုတ်ယူကာ ကျီးချန်ထံသို့ ကမ်းပေးလိုက်သည်။

ဤစာပေါ်တွင် မိဖုရား တူရှား၏ လက်ရေးဖြင့် ရေးသားထားသော်လည်း ထိုစာမှာ အတု ဖြစ်ပြီး ယွင်ကျုံးဟဲ့က အတု ပြုလုပ်ထားခြင်း ဖြစ်၏။

သို့ပေမည့် သူသည် လက်ရေး အတု ပြုလုပ်ရာတွင် ထိပ်တန်း ကျွမ်းကျင်သူ တစ်ဦး ဖြစ်ပြီး ဒါဗင်ချီ၏ စွမ်းရည်များ ရှိနေသောကြောင့် လုံးဝ အားနည်းချက် မရှိပေ။

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “အကြီးအကဲ ကျီးချန်... ခင်ဗျား ပြောတာ မမှားပါဘူး။ ခင်ဗျားနဲ့ ချင်ဝမ် ကျီးရှန့်က အင်ပါယာ တော်ဝင်မိသားစုရဲ့ မဏ္ဍိုင်ကြီး နှစ်ခုပါ။ ကျီးယန်က နောက်တစ်ကြိမ် သိုင်းပညာဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး ဖြစ်လာမယ့်သူပါ။ ခင်ဗျားနဲ့ ချင်ဝမ် ကျီးရှန့်ရဲ့ စည်းလုံးညီညွတ်မှုက လုံးဝ ပြိုကွဲလို့ မရပါဘူး။ ”

ကျီးချန်က စာကို ထပ်မံ ဖတ်ကြည့်လိုက်၏။

ယွင်ကျုံးဟဲ့က ဆက်ပြောသည်။ “ဒါပေမဲ့ ခင်ဗျားရဲ့ လုပ်ရပ်က ချင်ဝမ် ကျီးရှန့်နဲ့ စည်းလုံးညီညွတ်ချင်တဲ့ ပုံစံ ပေါက်နေလို့လား။ ကျီးယန် တပ်တော် တပ်မှူးက အထက်လွှတ်တော်မှာ အရှေ့ဘက်ကို စစ်ချီပြီး တာ့ယန် နယ်မြေဟောင်းကို ပြန်လုယူမယ်လို့ ရဲရဲဝံ့ဝံ့ ပြောခဲ့လို့ ကြီးမားတဲ့ လူထုရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရတယ်။ နောက်ဆုံးမှာတော့ စတုတ္ထ တပ်တော် တပ်မှူး ရာထူးကနေ ယာယီ ဖယ်ရှားခံလိုက်ရတယ်။ အခုအချိန်အထိ သူက လူထုရဲ့ တိုက်ခိုက်မှုကို ခံနေရတုန်းပဲ။”

ဤကိစ္စ ဖြစ်ပွားခဲ့သည်မှာ တစ်နှစ်နီးပါး ရှိနေပြီ ဖြစ်သော်လည်း ကျီးယန်သည် မူလ ရာထူးကို ပြန်လည် မရရှိသေးပေ။

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ကျီးယန်က နောက်တစ်ကြိမ် သိုင်းပညာဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး ရာထူးကို ဆက်ခံဖို့က တော်ဝင်မိသားစုရဲ့ အမြင့်ဆုံး အကျိုးစီးပွားမလား။ ဒါပေမဲ့ အခု သူမက အရှေ့ဘက်လောကကို စစ်တိုက်ဖို့ သဘောထား ဖော်ပြခဲ့လို့ သူမရဲ့ ဘုရင် ဖြစ်မယ့် လမ်းကြောင်းက အဟန့်အတား ဖြစ်သွားခဲ့ပြီ။ ဒါဆို ဒီအမြင့်ဆုံး အကျိုးစီးပွားအတွက် ခင်ဗျား ဘာတွေ ပေးဆပ်ခဲ့ပြီးပြီလဲ။ ”

ကျီးချန် တိတ်ဆိတ်သွားသည်။

ယွင်ကျုံးဟဲ့က ဆက်ပြော၏။ “တော်ဝင် ဆွေမျိုးစု အဖွဲ့အစည်းမှာ ချင်ဝမ် ကျီးရှန့်က အဓိက ဖြစ်ပြီး ခင်ဗျားက အရန်ပဲ။ ကျီးယန်ဘက်မှာ ပြဿနာ ဖြစ်လာတော့ ခင်ဗျားက ကာကွယ်မပေးခဲ့ဘူး၊ ဝေမျှ မခံစားပေးခဲ့ဘူး။ ခင်ဗျား ဘာလုပ်ချင်နေတာလဲ။

အကယ်၍ ခင်ဗျားက ချင်ဝမ် ကျီးရှန့်ကို ကာကွယ်ပေးချင်တယ်ဆိုရင် ပထမဆုံး အချိန်မှာပဲ လူထုရဲ့ တိုက်ခိုက်မှုကို ဝေမျှ ခံစားပေးသင့်တာ မဟုတ်ဘူးလား။ ကျီးယန်ကို အထက်လွှတ်တော်ရဲ့ တိုက်ခိုက်မှု အောက်မှာ အမြဲတမ်း ထားထားရမှာလား။ ဒါဆို ချင်ဝမ် ကျီးရှန့်က အကြီးအကဲ ကျီးချန် ဘာလုပ်ချင်နေတာလဲလို့ တွေးမိမှာပဲ။

ခင်ဗျားက အထက်လွှတ်တော်က လူတွေနဲ့ နိုင်ငံရေး လျှို့ဝှက် သဘောတူညီချက် တစ်ခု ရယူထားပြီး ကျီးယန်ကို နောက်တစ်ကြိမ် ဘုရင် နေရာကနေ ဆွဲချပြီး ခင်ဗျား မိသားစုရဲ့ အကျိုးစီးပွားနဲ့ လဲလှယ်ချင်နေတာလား။ ခင်ဗျားနဲ့ ချင်ဝမ် ကျီးရှန့်က တစ်စိတ်တည်း တစ်ဝမ်းတည်း မဟုတ်တော့ဘူးလား။ ”

ကျီးချန် တိတ်ဆိတ်နေဆဲပင် ဖြစ်သည်။

ယွင်ကျုံးဟဲ့က ရှင်းပြလိုက်၏။ “ဒုတိယ ကျောင်းအုပ် ကျီးချင့်က ယောက်ျားနဲ့ ကွာရှင်းပြီး နောက်ထပ် ယောက်ျား တစ်ယောက် ထပ်ရှာမယ့် ကိစ္စက ကျီးယန်အတွက် လူထုရဲ့ တိုက်ခိုက်မှုကို ဝေမျှပေးဖို့ အကောင်းဆုံး အခွင့်အရေးပဲ။

အကယ်၍ ကျီးချင့်ကို ကျုပ်နဲ့ ပေးစားလိုက်ရင် လူထုရဲ့ တိုက်ခိုက်မှု အားလုံးက ခင်ဗျားဆီကို၊ ကျီးချင့်ဆီကို ချက်ချင်း ရောက်လာလိမ့်မယ်။ ဒါပေမဲ့ အဲဒီလို ဖြစ်သွားရင် ကျီးယန်က ဒီလူထု တိုက်ခိုက်မှု မုန်တိုင်းထဲကနေ လွတ်မြောက်သွားနိုင်ပြီ။ ဒါက အလွယ်ကူဆုံး အာရုံလွှဲတဲ့ နည်းလမ်းပဲ။

ဒါပေမဲ့ ခင်ဗျား ဘာလို့ အဲဒီလို မလုပ်တာလဲ။ ကျီးယန်က နောက်တစ်ကြိမ် အုပ်ချုပ်ရေးမှူး ဖြစ်လာဖို့က ခင်ဗျားတို့ရဲ့ အမြင့်ဆုံး အကျိုးစီးပွား မဟုတ်ဘူးလား။ ဒီအကျိုးစီးပွားအတွက် ဘယ်အရာကိုမဆို စတေးနိုင်တယ် မဟုတ်ဘူးလား။ နာမည် ပျက်လောက်လေးကိုတောင် ခင်ဗျား ဘာလို့ မခံနိုင်ရတာလဲ။ ခင်ဗျားက ချင်ဝမ် ကျီးရှန့်နဲ့ တစ်စိတ်တည်း တစ်ဝမ်းတည်းပါလို့ ပြောနေသေးတာလား။

ရှင်းကျန့်က အရမ်း ထူးချွန်တယ်။ နာမည်လည်း ကောင်းတယ်။ အင်ပါယာရဲ့ ဗိုလ်ချုပ်လေး တစ်ယောက်လည်း ဖြစ်တယ်။ ဒါပေမဲ့ ခင်ဗျားက သူ့ကို ဒုတိယ ကျောင်းအုပ် ကျီးချင့်နဲ့ ပေးစားပြီး ဘာလုပ်ချင်တာလဲ။ အခွင့်အရေးကို အသုံးချပြီး အင်အားကြီးလာအောင် လုပ်ပြီး ကျီးရှန့် မိသားစုကို အစားထိုးချင်တာလား။ ကျီးယန် ဆိုတဲ့ တော်ဝင်မိသားစုရဲ့ အမြင့်ဆုံး အကျိုးစီးပွားကို ခင်ဗျား ဆက်ပြီး ကာကွယ်ပေးအုံးမှာလား။

အကြီးအကဲ ကျီးချန်... ခင်ဗျားရဲ့ အာဏာက အရမ်း ကြီးပါတယ်။ ဒါပေမဲ့ ချင်ဝမ် ကျီးရှန့်နဲ့ ယှဉ်ရင် ခင်ဗျားက အားနည်းနေသေးတယ် မလား။ ခင်ဗျားက ကျီးချင့်ကို ကျုပ်နဲ့ မပေးစားဘဲ ရှင်းကျန့်နဲ့ ပေးစားတာက ခင်ဗျား အထက်လွှတ်တော်နဲ့ ပူးပေါင်းပြီး တော်ဝင်မိသားစုကို ဖြိုခွဲတော့မယ်ဆိုတာ လူတွေကို သိစေချင်လို့လား။ ခင်ဗျားက တော်ဝင်မိသားစုရဲ့ စည်းလုံးညီညွတ်မှုကိုရော လိုချင်သေးလား။ ”

ယွင်ကျုံးဟဲ့၏ အဆက်မပြတ် ပြောနေသော စကားများသည် လျှို့ဝှက်စာ၏ အကြောင်းအရာများကို ပြန်လည် ပြောပြနေခြင်းပင် ဖြစ်သည်။

“အကြီးအကဲ ကျီးချန်.... လွန်ခဲ့တဲ့ အနှစ် နှစ်ဆယ်ကျော်က ခင်ဗျားနဲ့ လူတစ်ယောက် အထက်လွှတ်တော် အုပ်ချုပ်ရေးမှူး နေရာကို လုခဲ့ကြတယ်။ အဲဒီလူက သေချာပေါက် နိုင်မှာ သေချာနေတာတောင် ဘာလို့ ရုတ်တရက် ရောဂါကြီး ရသွားရတာလဲ။ ပြီးတော့ ခင်ဗျားက အောင်မြင်စွာ တက်လာနိုင်ခဲ့တယ်။ ”

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ဒီလျှို့ဝှက်ချက်ကို ခင်ဗျား မေ့သွားတာ မဟုတ်ပါဘူးနော်။ ”

ဤစကား ထွက်ပေါ်လာချိန်မှာတော့ ကျီးချန်၏ မျက်နှာ အကြီးအကျယ် ပျက်ယွင်းသွား၏။ ဤသည်မှာ လျှို့ဝှက်ချက်များထဲမှ ထိပ်တန်း လျှို့ဝှက်ချက်ဖြစ်ပြီး မည်သူကမှ မသိပေ။ ထို့အပြင် ထိုပြိုင်ဘက်ကလည်း သေဆုံးသွားခဲ့ပြီ ဖြစ်သည်။

ယွင်ကျုံးဟဲ့သည် တာ့ယန် အင်ပါယာသစ်သို့ ယခုမှ ရောက်ရှိလာသူ ဖြစ်သောကြောင့် ဤကိစ္စကို သေချာပေါက် သိမည် မဟုတ်ပေ။

ကျီးချန် ချက်ချင်း တွေးမိလိုက်သော ဖြစ်နိုင်ခြေ တစ်ခုမှာ ချင်ဝမ် ကျီးရှန့်က မိဖုရား တူရှားကို ပြောပြခဲ့ခြင်းပင် ဖြစ်သည်။

ဤသည်မှာ သေစေနိုင်သော အားနည်းချက် တစ်ခုဖြစ်ပြီး အရေးကြီးသော အချိန်တွင် ကျီးချန်ကို နာမည်ပျက်သွားစေနိုင်ရုံသာမက ထောင်ကျသည်အထိပင် ဖြစ်သွားစေနိုင်၏။

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “အကြီးအကဲ ကျီးချန်... အကယ်၍ ဒီအချိန်မှာ ခင်ဗျားက ချင်ဝမ် ကျီးရှန့်နဲ့ အဆက်အသွယ် မဖြတ်ချင်သေးဘဲ သူနဲ့ စည်းလုံးညီညွတ်မှုကို ဆက်လက် ထိန်းသိမ်းထားချင်တယ်၊ တော်ဝင်မိသားစုရဲ့ အကျိုးစီးပွားကို တည်ငြိမ်အောင် လုပ်ချင်တယ်ဆိုရင် ကိုယ့်နာမည်ကို ဖျက်ပြီး ကျီးချင့်ကို ကျုပ်နဲ့ ပေးစားရမယ်။

သူ့ကို လူတိုင်းရဲ့ ပစ်မှတ် ဖြစ်သွားစေပြီး ကျီးယန်အတွက် တိုက်ခိုက်မှုတွေကို ဝေမျှ ခံစားပေးရမယ်။ သူက တော်ဝင်မိသားစုရဲ့ အင်အားအကြီးဆုံး သူပဲ။ သူက အမြင့်ဆုံး သိုင်းပညာကို ကိုင်စွဲထားတယ်။ သူက တော်ဝင်မိသားစုရဲ့ အမြင့်ဆုံး အကျိုးစီးပွား ဖြစ်လာရမယ်။”

အကြီးအကဲ ကျီးချန်၏ မျက်နှာ ကြွက်သားများ အနည်းငယ် တုန်ယင်သွား၏။

ယွင်ကျုံးဟဲ့က ဆက်ပြောလိုက်သည်။ “ယခု တာ့ယန် အင်ပါယာသစ်ရဲ့ အဓိက လူထု သဘောထားက တစ်ခုတည်းပဲ ရှိတယ်။ အဲဒါက အရှေ့ဘက်ကို စစ်ချီတာကို ဆန့်ကျင်ပြီး တာ့ယန် အင်ပါယာဟောင်းအတွက် သွေးထွက်သံယို အနစ်နာခံတာကို မလိုလားဘူး။ တာ့ရှန်း မိစ္ဆာနိုင်ငံနဲ့ စစ်မတိုက်ချင်ကြဘူး။

ဒါပေမဲ့ အခု စစ်မတိုက်ဘူး ဆိုပေမယ့် စစ်တိုက်ခွင့် အာဏာကိုပါ စွန့်လွှတ်လိုက်ရမှာလား။ ကျုပ်က အဲဒီ စစ်တိုက်ခွင့် အာဏာပဲ။ ကျုပ် ရှိနေသရွေ့ ခင်ဗျားတို့ အချိန်မရွေး အရှေ့ဘက်ကို စစ်ချီဖို့ အကြောင်းပြချက် ရှိနေပြီ။ ခင်ဗျားတို့ အခု အရှေ့ဘက် နယ်မြေဟောင်းအပေါ် အချုပ်အခြာအာဏာ မလိုချင်ပေမယ့် အနာဂတ်မှာလည်း မလိုချင်ဘူးလို့ ပြောလို့ရမလား။”

ယွင်ကျုံးဟဲ့၏ စကားက အလွန် ရှင်းလင်းလှသည်။ တာ့ယန် အင်ပါယာသစ်အတွက် ယခုအချိန်တွင် ယွင်ကျုံးဟဲ့သည် အသုံးမကျသော ပိုင်ဆိုင်မှု တစ်ခု ဖြစ်သော်လည်း အနာဂတ်တွင်တော့ အသုံးမကျသော ပိုင်ဆိုင်မှု ဖြစ်ချင်မှ ဖြစ်ပေလိမ့်မည်။

ထို့ကြောင့် အင်ပါယာ တော်ဝင်မိသားစုသည် ယခု သူ၏ အဆင့်အတန်းကို အသိအမှတ် မပြုလိုသော်လည်း ဤနယ်ရုပ်ကို လုံးဝ ဖျက်ဆီးပစ်၍ မရဘဲ သိမ်းဆည်းထားကာ လိုအပ်သော အချိန်တွင် ထုတ်သုံးရမှာဖြစ်၏။

ထို့ကြောင့် ယွင်ကျုံးဟဲ့ကို ကျီးချင့်၏ အိမ်ပါသမက်အဖြစ် လက်ခံခြင်းသည် ရှေ့တိုး နောက်ဆုတ် အလွန် လွယ်ကူသော နည်းလမ်းကောင်း တစ်ခု ဖြစ်သည်။

အကြီးအကဲ ကျီးချန်၏ မျက်နှာ ကြွက်သားများ အနည်းငယ် တုန်ယင်နေသည်။ သူ၏ ဦးနှောက်ထဲတွင် အများကြီး တွေးတောနေပြီး အလွန်အမင်း ဝမ်းနည်း ဒေါသထွက်နေ၏။

အဘယ့်ကြောင့် သူ ကျီးချန်၏ နာမည်ဂုဏ်သတင်းကို စတေးပြီး ချင်ဝမ် ကျီးရှန့်ကို ကာကွယ်ပေးရမည်နည်း။ သူက တော်ဝင်မိသားစု၏ နံပါတ်တစ် ပုဂ္ဂိုလ် ဖြစ်နေ၍လား။ ဘာကြောင့်များ ကျီးချင့်၏ နာမည်ဂုဏ်သတင်းကို စတေးပြီး ကျီးယန်ကို ကာကွယ်ပေးရမည်နည်း။ သူမက တော်ဝင်မိသားစု၏ အမြင့်ဆုံး အကျိုးစီးပွား ဖြစ်နေ၍လား။

တာ့ယန် အင်ပါယာ၏ အနာဂတ်အတွက် အသုံးဝင်လာနိုင်မည့် ယွင်ကျုံးဟဲ့ ဆိုသော ဤအသုံးမကျသည့် ပိုင်ဆိုင်မှုကို ဘာကြောင့်များ သူ ကျီးချန် မိသားစုက အမြဲတမ်း သိမ်းဆည်းပေးထားရမည်နည်း။ အဘယ့်ကြောင့် တခြားသူတွေကို သိမ်းဆည်းခိုင်းလို့ မရ ရသနည်း။

သို့သော်လည်း အနာဂတ်ကာလတွင် တာ့ယန်အင်ပါယာသစ်နှင့် တာ့ရှန်းမိစ္ဆာနိုင်ငံတို့ စစ်မီး တောက်လောင်မည့်နေ့ ရောက်ရှိလာပါက ယွင်ကျုံးဟဲ့၏ အခန်းကဏ္ဍသည် လုံးဝပြောင်းလဲသွားပေမည်။

ယနေ့တွင် အသုံးမဝင်သည့် ပိုင်ဆိုင်မှုတစ်ခုဟု သတ်မှတ်ခံထားရသော်လည်း ထိုအချိန်အခါ၌မူ တန်ဖိုး မဖြတ်နိုင်သည့် ရတနာကြီးတစ်ခုအဖြစ် အသွင်ပြောင်းသွားမည်မှာ မလွဲဧကန်ပင်။

ထိုသို့ဖြစ်လာပါက ကျီးချန်မိသားစု၏ ကြိုတင်ရင်းနှီးမြှုပ်နှံမှုမှာ အမြတ်အစွန်းများစွာ ထွက်ပေါ်လာမည်မှာ မြေကြီးလက်ခတ်မလွဲ ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ လက်ရှိတွင်မူ ကြီးမားလှသည့် ပေးဆပ်မှုများကို မလွှဲမရှောင်သာ ရင်ဆိုင်ရတော့မည်မှာ အမှန်ပင်။ ဤလုပ်ရပ်ကြောင့် ကျီးချင့်နှင့် ကျီးချန်တို့၏ ဂုဏ်သတင်းမှာ ကြီးမားသည့် ထိခိုက်ပျက်စီးမှုများနှင့် ရင်ဆိုင်ရဖွယ်ရှိနေသည်။

ထို့အပြင် ဤရွေ့လျားမှုသည် ကျီးရှန့်၏ လက်ထဲမှ အရှေ့ဘက်သို့ စစ်ချီလိုသည့် အင်အားစုတို့၏ အလံကို သိမ်းပိုက်ရယူလိုက်ခြင်းနှင့်အတူ ကြီးမားသည့် နိုင်ငံရေးအန္တရာယ်တို့ကိုလည်း ထုထည်ကြီးမားစွာဖြင့် ဆွဲခေါ်လာနိုင်ချေ ရှိနေ၏။

ကျီးချန်၏ မျက်လုံးများက ဆူးများကဲ့သို့ ကျဉ်းမြောင်းသွားပြီး စိတ်ထဲတွင် အေးစက်စွာ ပြုံးကာ တွေးလိုက်သည်။ “မိဖုရား တူရှား... ခင်ဗျား တကယ် တွက်တတ်တာပဲ။”

ထို့နောက် သူသည် လှည့်ကာ ထွက်ခွာသွား၏။

“သူ့ကို ပိတ်လှောင်ထား။ တစ်လှမ်းမှ အပြင်ပေးမထွက်နဲ့။” ကျီးချန်က အမိန့်ပေးလိုက်သည်။

ထို့နောက် ယွင်ကျုံးဟဲ့သည် ထပ်မံ၍ အကျယ်ချုပ် ကျသွားပြန်သည်။ ယခင်က သူ ကိုယ်တိုင် အပြင် မထွက်ခြင်း ဖြစ်သော်လည်း ယခုမူ အတင်းအကျပ် အပြင်မထွက်ရခြင်း ဖြစ်၏။

အပိုင်း (၇၃၆)

တာ့ယန် အင်ပါယာ တော်ဝင်မိသားစု၏ နံပါတ်တစ် ပုဂ္ဂိုလ် ကျီးရှန့်သည် မြို့တွင်းတွင် မနေထိုင်ဘဲ နှင်းတောင်ကြီး၏ ထိပ်တွင် နေထိုင်သည်။

ဤနှင်းတောင်ကြီးသည် နတ်သမီးလေး တစ်ပါးကဲ့သို့ အလွန် လှပပြီး အချိန်အများစုတွင် မြူနှင်းများ ဖုံးလွှမ်းနေကာ နတ်သမီးလေး၏ စကတ်လေးကဲ့သို့ ဖြစ်နေသည်။ ထို့ကြောင့် ဤနှင်းတောင်ကြီးကို နတ်သမီးတောင် ဟုလည်း ခေါ်ကြ၏။

ကျီးရှန့် နှင်းတောင်ထိပ်သို့ လာရောက် နေထိုင်ပြီးနောက် ဤနှင်းတောင်ကြီး၏ နာမည်လည်း ပြောင်းသွားခဲ့သည်။

နေရောင်ခြည်က နှင်းတောင်ထိပ်သို့ ကျရောက်လာတိုင်း ရွှေရောင်အလွှာတစ်ခု ဖုံးလွှမ်းသွားသကဲ့သို့ ပို၍ လှပတောက်ပလာသောကြောင့် ရွှေတောင်ဟုလည်း ခေါ်ကြ၏။

နှင်းတောင်ထိပ်တွင် ကျောက်တုံးများဖြင့် ထုဆစ်ထားသော ပိရမစ်ငယ်လေး တစ်ခုရှိပြီး နှင်းတောင်ကြီး၏ အစိတ်အပိုင်း တစ်ခု ဖြစ်နေသည်။

ကျီးရှန့်သည် ဤပိရမစ် အတွင်းတွင် နေထိုင်သည်။ အေးစက်ပြီး ရိုးရှင်းလ၏။

ကျီးချန်သည် ပိရမစ် အပြင်ဘက်သို့ ရောက်ရှိလာပြီး ပြောလိုက်သည်။ “ချင်ဝမ်... ကျီးချန် လာရောက် ဂါရဝပြုပါတယ်။”

ချင်ဝမ် ကျီးရှန့် ပြောလိုက်၏။ “မိတ်ဟောင်းဆွေဟောင်း ရောက်လာတာလား။ တကယ်ကို ဝမ်းသာစရာပဲ။”

ကျီးချန်က ပြောသည်။ “ချင်ဝမ်... ကျုပ် ဆုံးဖြတ်ရခက်နေတဲ့ ကိစ္စလေး တစ်ခု ရှိလို့ ချင်ဝမ် ဆုံးဖြတ်ပေးပါအုံး။”

ချင်ဝမ် ကျီးရှန့် ပြောလိုက်၏။ “မိတ်ဟောင်းဆွေဟောင်း ပြောပါ။”

ကျီးချန်က ဆက်ပြော၏။ “ကျုပ်ရဲ့မြေး ကျီးချင့်က ယောက်ျားနဲ့ ကွာရှင်းလိုက်ပြီ။ အခု ယောက်ျားသစ် ထပ်ရှာရတော့မယ်။ ရွေးချယ်စရာ လူနှစ်ယောက်လုံးက မဆိုးဘူး။ ကျုပ် ရွေးရခက်နေတယ်။”

ချင်ဝမ် ကျီးရှန့်က စိတ်ဝင်တစားဖြင့် မေးလိုက်သည်။ “မိတ်ဟောင်းဆွေဟောင်း ပြောကြည့်ပါအုံး။”

ကျီးချန်က ပြော၏။ “တစ်ယောက်က ရှင်းကျန့်လို့ ခေါ်တယ်။ ကျုပ်တို့ တော်ဝင်မိသားစု သွေးကြော ရှိပြီး အင်ပါယာရဲ့ ဗိုလ်ချုပ်လေးပဲ။ စာပေရော သိုင်းပညာပါ ထူးချွန်တယ်။ နောက်တစ်ယောက်ကတော့ ယွင်ကျုံးဟဲ့ပဲ။ ချင်ဝမ်က ကျုပ်တို့ တော်ဝင်မိသားစုရဲ့ ဘိုးဘေးဆိုတော့ ကျီးချင့်ရဲ့ ကိစ္စကို ချင်ဝမ်က ဂရုမစိုက်လို့ မရဘူးလေ။ ကျုပ် ဘယ်သူ့ကို သမက် အဖြစ် ရွေးသင့်လဲ။”

ချင်ဝမ် ကျီးရှန့် ရယ်မောကာ ပြောလိုက်သည်။ “ဟား... ဟား.... ဟား... မိတ်ဟောင်းဆွေဟောင်းက မျက်ကန်းကို လမ်းမေးနေတာပဲ။ ဒီကိစ္စက ချင့်အာရဲ့ ပျော်ရွှင်မှုနဲ့ သက်ဆိုင်တယ်။ ကျုပ်က ဒီလူငယ် နှစ်ယောက်လုံး အကြောင်းကို မသိတော့ လျှောက်မပြောရဲဘူး။ သူ့ရဲ့ တစ်သက်တာ ပျော်ရွှင်မှုကို နှောင့်နှေးသွားစေနိုင်တယ်။”

ကျီးချန်က တောင်းဆိုလိုက်၏။ “ချင်ဝမ် ဆုံးဖြတ်ပေးပါ။”

ချင်ဝမ် ကျီးရှန့် ငြင်းပယ်လိုက်သည်။ “ဒီကိစ္စကို ကျုပ် ဆုံးဖြတ်မပေးနိုင်ဘူး။”

ထို့နောက် နှင်းတောင်ထိပ်ရှိ ပိရမစ် အတွင်းတွင် တိတ်ဆိတ်သွားပြီး ထပ်မံ စကားပြောမည့် အရိပ်အယောင် မရှိတော့ပေ။

ကျီးချန်သည် ထိုနေရာတွင် အတော်ကြာအောင် ရပ်နေခဲ့သည်။ ချင်ဝမ် ကျီးရှန့်က သူ ဆုံးဖြတ်မပေးနိုင်ဘူးဟု ပြောခြင်းမှာ သဘောထား မရှိသကဲ့သို့ ထင်ရသော်လည်း ၎င်းကပင် အခိုင်မာဆုံး သဘောထား ဖြစ်နေ၏။

ယေဘုယျအားဖြင့် တစ်ဖက်လူက ဗိုလ်ချုပ်လေး ရှင်းကျန့်သည် အလွန် ထူးချွန်သောကြောင့် ကျီးချင့်နှင့် လိုက်ဖက်ကြောင်း သေချာပေါက် ပြောပေလိမ့်မည်။ ယွင်ကျုံးဟဲ့ကဲ့သို့ နာမည်ပျက်နေသူက ကျီးချင့်နှင့် မည်သို့ လိုက်ဖက်ပါမည်နည်း။ သို့ပေမည့် ကျီးရှန့်က ဘာမှ မပြောခဲ့ပေ။

“ချင်ဝမ် ကျုပ် ဘယ်လို လုပ်ရမလဲ ဆိုတာ သိပါပြီ။ စိတ်ချပါ။” ကျီးချန်သည် ခါးညွှတ် အရိုအသေပေးပြီးနောက် လှည့်၍ တောင်အောက်သို့ ဆင်းလာခဲ့သည်။

..................

တာ့ယန် အင်ပါယာ မြို့တော် အတွင်းတွင် ဒုတိယ ကျောင်းအုပ် ကျီးချင့်၏ အိမ်ထောင်ရေး ကိစ္စသည် အခြေခံအားဖြင့် သေချာသွားပြီ ဖြစ်ပြီး မင်္ဂလာပွဲ ကျင်းပရန်သာ စောင့်ဆိုင်းနေတော့၏။

ဗိုလ်ချုပ်လေး ရှင်းကျန့်၏ စစ်တပ်တွင်းမှ လုပ်ဖော်ကိုင်ဖက် အများအပြားသည် သူနှင့် ကျီးချင့်၏ မင်္ဂလာပွဲသို့ တက်ရောက်ရန် မြို့တော်သို့ ရောက်ရှိနေကြပြီ ဖြစ်သည်။

အင်ပါယာ တတိယ စာသင်ကျောင်း အတွင်းတွင်လည်း ကျောင်းသားများနှင့် ပါမောက္ခ အများအပြားက ကျီးချင့်ကို အဆက်မပြတ် ဂုဏ်ပြုနေကြ၏။

ထိုမျှမက အင်ပါယာ အထက်တန်းလွှာ အများအပြားကလည်း လက်ဆောင်များ ပြင်ဆင်နေကြပြီ ဖြစ်၏။ အထက်လွှတ်တော်မှပင် ဗိုလ်ချုပ်လေး ရှင်းကျန့်နှင့် ကျီးချင့်၏ မင်္ဂလာပွဲသို့ တက်ရောက်ရန် နေ့ဝက်ခန့် ရုံးပိတ်ရန်ပင် ပြင်ဆင်နေကြသည်။

မြို့တော် တစ်ခုလုံးသည် ဤမင်္ဂလာပွဲ ရောက်ရှိလာမည့် အချိန်ကို ကြိုဆိုရန် ပြင်ဆင်နေကြသကဲ့သို့ပင်။

စားသောက်ဆိုင် တစ်ခု အတွင်းတွင်....

ဗိုလ်ချုပ်လေး ရှင်းကျန့်နှင့် ဒုတိယ ကျောင်းအုပ် ကျီးချင့်တို့ ညစာ စားနေကြသည်။

သူသည် အလွန် ဝမ်းသာ၊ ဂုဏ်ယူ၊ ပျော်ရွှင်ပြီး ဂုဏ်ကျက်သရေ ရှိနေသည်။ အရင်က မိသားစု ကျဆင်း သွားမှုကြောင့် သူသည် ကျီးမျိုးရိုးကို ဆုံးရှုံးခဲ့ရပြီး တော်ဝင်မိသားစု အဆင့်အတန်းကို ဆုံးရှုံးခဲ့ရသော်လည်း ယခုအခါ ဤနည်းလမ်းဖြင့် ပြန်လည် ရယူနိုင်ခဲ့ခြင်းမှာ ကြီးမားသော အံ့ဩစရာ တစ်ခုပင် ဖြစ်၏။

အရေးအကြီးဆုံး အကြောင်းရင်းမှာ ကျီးချင့်ကြောင့်ပင်။ သူမက ကွာရှင်းခဲ့ဖူးသော်လည်း အင်ပါယာ၏ ထူးခြားသော အမျိုးသမီး တစ်ဦး ဖြစ်ဆဲဖြစ်ပြီး မရေမတွက်နိုင်သော လူများ ကြည်ညိုရသော နတ်သမီးလေး ဖြစ်သည်။

အသက် သုံးဆယ့်သုံးနှစ် အရွယ်ဖြင့် အလွန် ထူးခြားသော ပညာရေး အောင်မြင်မှုများကို ပိုင်ဆိုင်ထားပြီး အင်ပါယာ တတိယ စာသင်ကျောင်း၏ ဒုတိယ ကျောင်းအုပ် ဖြစ်လာခဲ့၏။

ထို့ကြောင့် သူမ၏ နာမည်ဂုဏ်သတင်းနှင့် ဂုဏ်ကျက်သရေသည် ကျီးယန်ကို မမီနိုင်သော်လည်း ကျီးယန်က တစ်သက်လုံး အိမ်ထောင်မပြုဘဲ အနာဂတ်တွင် အုပ်ချုပ်ရေးမှူး ဖြစ်လာမည့်သူ ဖြစ်သည်။

ထို့ကြောင့် ကျီးချင့်သည် လက်ထပ်နိုင်သည့် အမြင့်ဆုံး အဆင့်အတန်းရှိသော အမျိုးသမီး ဖြစ်နေသည်။ အဓိကအချက်မှာ သူမသည် ပြိုင်ဘက်ကင်းအောင် လှပလွန်းလှ၏။

မိဖုရား တူရှားသည် ပြိုင်ဘက်ကင်း မိစ္ဆာမလေးဖြစ်ပြီး တိုင်းပြည်ကိုပင် ပျက်စီးစေနိုင်လောက်အောင် လှပသော်လည်း နာမည်က အရမ်း ပျက်နေပြီး အရမ်းလည်း ဆွဲဆောင်မှု ရှိလွန်းသောကြောင့် အင်ပါယာ မိဖုရားအလှလေးဟု ခေါ်ဆိုကြခြင်း ဖြစ်သည်။

ကျီးချင့်ကသာ တကယ့် အရှေ့တိုင်း အလှပိုင်ရှင် စစ်စစ် ဖြစ်သည်။ နှင်းပွင့်ကဲ့သို့ ဖြူဖွေးသော အသားအရေ၊ ကျောက်စိမ်းကဲ့သို့ ဖြူစင်သော အရိုးအဆစ်များ၊ ပန်းချီကားကဲ့သို့ လှပသော မျက်ခုံးနှင့် မျက်လုံးများ၊ မိုးမခပင်ကဲ့သို့ သွယ်လျသော ခန္ဓာကိုယ် ရှိပြီး တကယ့် ယဉ်ကျေးသိမ်မွေ့သော အမျိုးသမီးကောင်း တစ်ဦး ဖြစ်၏။

သူမ၏ ပညာအရည်အချင်း၊ နာမည်ဂုဏ်သတင်း၊ ထို့အပြင် သူမ၏ မောက်မာမှုတို့ ပေါင်းစပ်လိုက်ချိန်မှာတော့ အမျိုးသားများ အမက်မောဆုံးသော ဇနီးလောင်း သေချာပေါက် ဖြစ်လာသည်။

တူရှားက အရမ်း လှပလွန်းသည်။ ကျီးယန်က အရမ်း သန်မာလွန်းသည်။ ကျီးချင့် တစ်ယောက်တည်းကသာ အကောင်းဆုံး ဖူးစာရှင် ဖြစ်၏။

ကျီးချင့်အတွက်လည်း ဤအရာက အကောင်းဆုံး ရလဒ် ဖြစ်နိုင်၏။ သူမက အေးစက်ပြီး မောက်မာကာ မည်သူ့ကိုမျှ အထင်မကြီးသောကြောင့် သူမ၏ ယခင် ယောက်ျားနှင့် ကွာရှင်းခဲ့ရခြင်း ဖြစ်သည်။

သူမ၏ ယခင် ယောက်ျားသည်လည်း မူလက နာမည်ကြီးသော ပါရမီရှင် တစ်ဦးဖြစ်ပြီး တစ်သောင်းတွင် တစ်ယောက် ရှာရခက်သူ ဖြစ်၏။

သို့ပေမည့် သူမနှင့် အိမ်ထောင်ကျပြီးနောက် သူမ၏ တိုက်ခိုက်မှုများကြောင့် ယုံကြည်မှုများ အားလုံး ပျောက်ဆုံး သွားပြီး ဂုဏ်သိက္ခာများ အားလုံး ပျောက်ဆုံးကာ စိတ်ပိုင်းဆိုင်ရာ အပေါက်အပြဲများ ဖြစ်သွားခဲ့သည်။

မိသားစု၏ အကျိုးစီးပွားအတွက်၊ ထူးချွန်သော မျိုးဆက်သစ် တစ်ယောက် မွေးဖွားနိုင်ရန်အတွက် သူမ နောက်တစ်ကြိမ် အိမ်ထောင်ပြုရမှာဖြစ်၏။

သူမသည် မိမိကိုယ်ကိုယ် အထင်ကြီးနေဆဲဖြစ်ပြီး မည်သူ့ကိုမှ အထင်မကြီးသော်လည်း ဗိုလ်ချုပ်လေး ရှင်းကျန့်သည် မမျှော်လင့်ထားသော ဝမ်းသာစရာ တစ်ခု ဖြစ်လာခဲ့သည်။ ပြိုင်ဘက် အမျိုးသား အများအပြားထဲတွင် သူသည် အထူးချွန်ဆုံး သူ တစ်ယောက် ဖြစ်သည်။

အရေးအကြီးဆုံးမှာ သူမသည် ယွင်ကျုံးဟဲ့နှင့် အိမ်ထောင်ဖက်ရှာပွဲ လုပ်ရန် မလိုတော့ဘဲ နာမည်ဂုဏ်သတင်း ပျက်စီးမည်ကို စိုးရိမ်စရာ မလိုတော့ခြင်း ဖြစ်သည်။ သူမ ရှင်းကျန့်နှင့် အတူ ညစာ စားခြင်းသည် ချိန်းတွေ့ခြင်း တစ်မျိုးဟုလည်း ဆိုနိုင်၏။

သို့ပေမည့် ချိန်းတွေ့တိုင်းလိုလိုတွင် စကားပြောစရာ သိပ်မရှိပေ။ အဘယ်ကြောင့်ဆိုသော် သူမက စိတ်တူကိုယ်တူ သူငယ်ချင်း ရှာရခက်သည်ဟု ထင်မြင်ပြီး ဤလောကတွင် သူမ၏ အဆင့်အတန်းသို့ ရောက်ရှိနိုင်သူ အနည်းငယ်သာ ရှိသည်ဟု တွေးထင်သောကြောင့် သိပ်ပြောစရာ မရှိခြင်း ဖြစ်သည်။

ဗိုလ်ချုပ်လေး ရှင်းကျန့်ကလည်း စကားသိပ်မများဘဲ သူ၏ ရဲရင့်ခန့်ညားမှုကိုသာ ပြသပြီး ကျီးချင့်အပေါ် အဆုံးအစမဲ့ ကြည်ညိုလေးစားမှုကိုသာ ပြသသည်။ ထိုမျှဆိုလျှင် လုံလောက်ပြီ ဖြစ်သည်။ ထို့ကြောင့် ဤကဲ့သို့သော ချိန်းတွေ့မှုသည် အတော်လေး သဟဇာတ ဖြစ်သည်ဟု ဆိုနိုင်၏။

ပတ်ဝန်းကျင်မှ လူများကလည်း သူတို့ကို အလွန် အားကျကြပြီး လိုက်ဖက်သော စုံတွဲ၊ ကောင်းကင်က ဖန်တီးပေးသော ဖူးစာဟု ထင်မြင်ကြသည်။

ကျီးချင့်က ပြောလိုက်၏။ “ကျွန်မ ပြန်တော့မယ်။”

ဗိုလ်ချုပ်လေး ရှင်းကျန့်က ပြုံးကာ ပြောလိုက်သည်။ “ကျုပ် လိုက်ပို့ပေးမယ်။”

ကျီးချင့်က သဘောတူလိုက်၏။ “ကောင်းပြီ။”

ထို့နောက် ဤစုံတွဲသည် ထွက်ခွာသွားကြသည်။

ဗိုလ်ချုပ်လေး ရှင်းကျန့်သည် ဒုတိယ ကျောင်းအုပ် ကျီးချင့်ကို အင်ပါယာ တတိယ စာသင်ကျောင်းသို့ ပြန်ပို့ပေးရာ လမ်းတစ်လျှောက်လုံး မရေမတွက်နိုင်သော လူများ၏ အားကျမှုကို ခံရသည်။ အထူးသဖြင့် အမျိုးသားများက ဗိုလ်ချုပ်လေး ရှင်းကျန့်ကို အလွန် အားကျ၊ မနာလို ဖြစ်နေကြ၏။

ဒုတိယ ကျောင်းအုပ် ကျီးချင့်က အရမ်း လှပလွန်းလှသည်။ စာအုပ်၊ ပန်းချီကားများထဲမှ ထွက်လာသော အရှေ့တိုင်း အလှပိုင်ရှင်လေး ကဲ့သို့ပင်။ နှင်းလို ဖြူဖွေးသော အသားအရေ၊ သွယ်လျသော ခန္ဓာကိုယ်နှင့် တကယ့် ယဉ်ကျေးသိမ်မွေ့သော အမျိုးသမီးကောင်း တစ်ဦး ဖြစ်သည်။

ထို့အပြင် ဤကဲ့သို့သော မောက်မာမှုနှင့် အေးစက်မှုက အမျိုးသားများကို ပိုမို သိမ်းပိုက်လိုစိတ် ဖြစ်ပေါ်စေသည်။ အရေးအကြီးဆုံးမှာ သူမ၏ အဆင့်အတန်းက မြင့်မြတ်လှသည်။ သူမကို လက်ထပ်လိုက်သည်နှင့် အနှစ် နှစ်ဆယ်ခန့် ကြိုးစားရသက်သာသွားသည်နှင့် တူညီ၏။

ကျီးချင့် အနာဂတ်တွင် ဘယ်လို တိုးတက်မှုမျိုး ရှိလာနိုင်မည်နည်း။ သူမက အခု အင်ပါယာ တတိယ စာသင်ကျောင်း၏ ဒုတိယ ကျောင်းအုပ် ဖြစ်နေပြီး နောက်နှစ်အနည်းငယ်ကြာလျှင် ကျောင်းအုပ် ဖြစ်လာပေလိမ့်မည်။

ထို့နောက် သူမ အထက်လွှတ်တော်ထဲ ဝင်နိုင်ပြီး အင်ပါယာ၏ အမြင့်ဆုံး ဆုံးဖြတ်ချက်ချသည့် အဖွဲ့ဝင် တစ်ယောက် ဖြစ်လာနိုင်သည်။

ကျီးယန်လို အမျိုးသမီး အာဏာရှင်ကို မမီနိုင်ပေမယ့် ကျီးချင့်ကလည်း အမျိုးသမီး တစ်ယောက်ရဲ့ အမြင့်ဆုံး တောင်ထွတ်ကို ရောက်ရှိနေပြီ ဖြစ်၏။

ထိုသို့သော သြဇာအာဏာနှင့် ပြည့်စုံသူဖြစ်သည့်အတွက် သူမ၌ မောက်မာရန် အကြောင်းပြချက်ရှိသကဲ့သို့၊ အခြားသူတို့ကို အထင်သေးရန်လည်း အရည်အချင်းရှိနေသည်။

သူမ၏ အမြင်တွင် အင်ပါယာ တစ်ခုလုံး၌ သူမနှင့် ယှဉ်နိုင်မည့်သူမှာ ကျီးယန်တစ်ဦးသာ ရှိတော့သည်။ သူမနှင့် ကျီးယန်တို့အား အင်ပါယာ၏ ပြိုင်ဘက်ကင်း အလှပိုင်ရှင်နှစ်ဦးအဖြစ် သူမကိုယ်တိုင် အမြဲတမ်း သတ်မှတ်ထားလေ့ရှိ၏။

မိဖုရားတူရှားအပေါ်တွင်မူ ကျီးချင့်တစ်ယောက် လုံးဝ အထင်အမြင်သေးသည်။ အလှအပကိုသာ အရင်းတည်၍ အာဏာရလာသူတစ်ယောက်မှာ မည်မျှ အရေးပါနိုင်မည်နည်း။

ထို့အပြင် တော်ဝင်မိသားစုမှ ဆင်းသက်လာသူလည်းမဟုတ်ချေ။ အရင်မိဖုရားဟုဆိုသော်ငြား အင်ပါယာ၏ သာမန်နိုင်ငံသားတစ်ယောက်မျှသာ ဖြစ်သည်။

ဤအကြောင်းရင်းတို့ကြောင့်ပင် သူမသည် အသက်ဆယ်နှစ်အရွယ်ကတည်းက ကျီးယန်နှင့် မတွေ့ဆုံတော့ဘဲ၊ တွေ့ဆုံရမည့် အခြေအနေမျိုးတွင်လည်း ချက်ချင်း ရှောင်တိမ်းသွားလေ့ရှိသည်။ ဘုရင်ချင်း တွေ့ဆုံခြင်း မပြုရဟူသော ရှေးရိုးအစဉ်အလာကို လိုက်နာခြင်း ဖြစ်၏။

အနာဂတ်တွင် သူမသည် အထက်လွှတ်တော်အမတ်တစ်ဦး ဖြစ်လာမည်မှာ သေချာသလောက်ရှိသော်လည်း၊ သူမ၏ ရည်မှန်းချက်မှာ ထိုမျှနှင့် မပြီးဆုံးပေ။

သူမသည် အထက်လွှတ်တော်၏ ပထမဆုံးသော အမျိုးသမီးအုပ်ချုပ်ရေးမှူး ဖြစ်လာရန် လိုလားသည်။ ကျီးယန်ပင် ပထမဆုံး အမျိုးသမီးဘုရင် ဖြစ်လာနိုင်သေးသည် မဟုတ်ပါလား။

ထို့အတူ အင်ပါယာ၏ ခေတ်ရေစီးကြောင်းမှာလည်း အထက်လွှတ်တော်၏ အာဏာကို ပိုမိုကြီးမား လာစေသည့်အတွက် အနာဂတ်ကာလတွင် အမျိုးသမီးအုပ်ချုပ်ရေးမှူး၏ အာဏာမှာ ဘုရင်ထက် နည်းမှာ မဟုတ်ပေ။

အင်ပါယာ တတိယစာသင်ကျောင်းတွင် သူမအတွက် သီးသန့်ထားရှိသော ခမ်းနားသည့်စံအိမ်ကြီးမှာ ပန်းခြံ၊ သစ်သီးခြံ၊ ရေပူစမ်းတို့အပါအဝင် လိုအပ်သမျှ အကုန်အစင် ပြည့်စုံနေသည်။

ထိုခမ်းနားလှသော စံအိမ်ကြီးထဲသို့ ဝင်ရောက်ကာ အလုပ်စားပွဲရှေ့သို့ ရောက်ရှိသွားချိန်မှာတော့ စာအိတ်တစ်အိတ် တင်ထားသည်ကို တွေ့လိုက်ရသည်။ ထိုအရာမှာ အင်ပါယာ၏ နံပါတ်တစ် ဂီတပညာရှင် ရှစ်ယီ၏ တေးဂီတဖျော်ဖြေပွဲ ဖိတ်စာပင် ဖြစ်၏။

တာ့ယန်အင်ပါယာသစ်၏ အင်အားကြီးမားမှုမှာ ဘက်စုံထောင့်စုံမှ ဖြစ်သည်။ ကုန်ထုတ်လုပ်မှုစွမ်းအား တိုးတက်ခြင်း၊ စစ်ရေးအင်အား တောင့်တင်းခြင်းတို့အပြင် အနုပညာနယ်ပယ်၌လည်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေသည်။

ဂီတဘုရင်ဟု တင်စားခေါ်ဝေါ်ခြင်းခံရသည့် ရှစ်ယီမှာ လွန်ခဲ့သော အနှစ် နှစ်ဆယ်ကတည်းက အင်ပါယာ တစ်ခုလုံးတွင် ထင်ရှားကျော်ကြားသူဖြစ်၏။

အင်ပါယာမှ နာမည်ကျော် အမျိုးသမီးအများအပြားမှာ သူ့အား ကြည်ညိုမြတ်နိုးကြပြီး၊ အချို့မှာ သူ့အတွက် တစ်သက်လုံး အိမ်ထောင်မပြုဘဲ နေထိုင်သူများပင် ရှိ၏။ သူသည် မိန်းကလေးသောင်းချီ၏ အိပ်မက်ထဲမှ ချစ်သူပင် ဖြစ်သည်။

All Chapters