အခန်း (၇၃၇-၇၃၈)
Vol. 62 Ch. 737-738
အပိုင်း (၇၃၇)
ရှစ်ယီ၏ ကိုယ်ပိုင်ဘဝမှာ လွန်စွာပွင့်လင်းပြီး ရည်းစားများစွာ ထားခဲ့ဖူးသော်လည်း၊ ကျီးချင့်အား မြင်တွေ့ရသည့်အချိန်မှစ၍ သူမ၏ စကတ်အောက်တွင် ဒူးထောက်ကာ တစ်သက်လုံး ချစ်မြတ်နိုးသွားမည်ဟု လူသိရှင်ကြား ကြေညာခဲ့၏။
ထိုအချိန်က ကျီးချင့်တွင် ယောက်ျား ရှိနေပြီဖြစ်သောကြောင့် ရှစ်ယီ၏ ပိုးပန်းမှုကို ငြင်းပယ်ခဲ့ရသည်။ ထိုအချိန်မှစ၍ ဤဂီတမင်းသားလေးမှာ မည်သည့်မိန်းမနှင့်မှ မနီးကပ်တော့ဘဲ လူပျိုကြီးဘဝဖြင့်သာ နေထိုင်ခဲ့သည်။
ဤကဲ့သို့ ဂီတပညာရှင်ကြီးက သူမအား ကြည်ညိုသူဖြစ်လာခြင်းမှာ ကျီးချင့်၏ နာမည်ဂုဏ်သတင်းကို ပိုမိုမြင့်တက်သွားစေသည်။ ကျင်းယွဲ့လင် တစ်သက်လုံး လင်ဟွေရင်အား ချစ်မြတ်နိုးပြီး အိမ်ထောင် မပြုခဲ့သကဲ့သို့ပင် ဖြစ်၏။
ရှစ်ယီမှာ ကျီးချင့်အား ကြည်ညိုသူ မရေမတွက်နိုင်သောသူများထဲမှ တစ်ဦးမျှသာ ဖြစ်သည်။ အင်ပါယာ တစ်ခုလုံးတွင် သူမအတွက် အိမ်ထောင်မပြုဘဲ တစ်သက်လုံး စောင့်ဆိုင်းနေမည့် ပါရမီရှင်ကြီးများ၊ ပညာရှင်များနှင့် အနုပညာရှင်များစွာ ရှိနေသည်။
ကျီးချင့်ကမူ ဤကြည်ညိုသူများနှင့် အမြဲတမ်း ခပ်ခွာခွာ နေလေ့ရှိသည်။ ကြည်ညိုခံရခြင်းကို သဘောကျ သော်လည်း အတင်းအဖျင်း သတင်းဆိုးများ မထွက်ပေါ်စေရန် အထူးဂရုပြုနေထိုင်၏။
ဤသို့သော လူများ၏ ပံ့ပိုးမှုနှင့်အတူ သူမ၏ ကိုယ်ပိုင်ပညာရေး အောင်မြင်မှုများက သူမ၏ ဂုဏ်သိက္ခာကို ပိုမိုခိုင်မာစေခဲ့သည်။
ဗိုလ်ချုပ်လေး ရှင်းကျန့်ကမူ ဤခံစားချက်မျိုးကို အလွန်နှစ်သက်သည်။ ကျီးချင့်အား လူအများ ကြည်ညိုလေ၊ သူက ပို၍ဂုဏ်ယူလေဖြစ်၏။
“ခင်ဗျားတို့ မရေမတွက်နိုင်တဲ့ လူတွေ အိပ်မက်မက်နေတဲ့ မိန်းမက အခု ကျုပ်မိန်းမ ဖြစ်တော့မယ်။ ဒါက အရမ်း ကောင်းတယ် မဟုတ်ဘူးလား။ ဟား... ဟား... ဟား... ဟား...”
ကျီးချင့်က ဖိတ်စာကို ကြည့်ရင်း အထက်စီးဆန်စွာ ပြုံးလိုက်၏။ ရှစ်ယီကဲ့သို့သော နာမည်ကျော် ဂီတဘုရင်တစ်ဦးက သူမတစ်ယောက်တည်းကိုသာ ချစ်မြတ်နိုးပြီး၊ သူမ၏ ဒုတိယအိမ်ထောင်ရေးအတွက် တေးဂီတဖျော်ဖြေပွဲကို သီးသန့်ဖွင့်လှစ်ပေးခြင်းမှာ ဂုဏ်ယူစရာပင်။
ယောက်ျားတစ်ယောက်က မိမိအား မရနိုင်မှန်းသိလျက်နှင့်ပင် မပြောင်းလဲသော အချစ်ဖြင့် တိတ်တိတ်လေး ဆုတောင်းပေးနေခြင်းမှာ သူမ၏ စိတ်ထဲတွင် ကျေနပ်ဖွယ်ကောင်းလှသည်။
ထူးချွန်ထက်မြက်သည့် ယောက်ျားများစွာ မရရှိနိုင်သော မိန်းမတစ်ယောက်အဖြစ် ရပ်တည်နေရခြင်းမှာ အလွန်ပင် နှစ်သက်ဖွယ်ကောင်းသော ခံစားချက်တစ်ခုဖြစ်၏။
ထိုအချိန်တွင်ပင် အပြင်ဘက်မှ တံခါးခေါက်သံတစ်ခု ထွက်ပေါ်လာသည်။
“ဝင်ခဲ့…” ကျီးချင့်က ပြောလိုက်၏။
ရင်းနှီးသော ပုံရိပ်တစ်ခု ဝင်ရောက်လာသည်။ သူက ဤမိသားစု၏ အမြင့်ဆုံး အာဏာပိုင် အဘိုးဖြစ်သူ ကျီးချန် ဖြစ်သည်။
“အဘိုးကို ဂါရဝပြုပါတယ်။” ကျီးချင့်က ယဉ်ကျေးစွာ အရိုအသေပေးလိုက်၏။
သူမ၏ ခန္ဓာကိုယ်က မိဖုရား တူရှားနှင့် လုံးဝ မတူညီသော ပုံစံ ဖြစ်သည်။ ထိုမျှလောက် မပူပြင်းသော်လည်း တကယ်ကို အလွန်အမင်း ဆွဲဆောင်မှု ရှိပြီး မိန်းမောဖွယ် ကောင်းလှသည်။
ကျီးချန်သည် ကုလားထိုင် တစ်လုံးပေါ်တွင် ထိုင်လိုက်ပြီး မျက်မှောင်ကြုတ်ကာ တိတ်ဆိတ်နေသည်။ ကျီးချင့်က လိမ္မာစွာဖြင့် အဘိုးအတွက် လက်ဖက်ရည် တစ်ခွက် ဖျော်ပေးလိုက်၏။
“မင်း… ရှင်းကျန့်ကို အရမ်း သဘောကျနေလား။” ကျီးချန်က မေးလိုက်သည်။
ကျီးချင့်က ဖြေ၏။ “အရမ်း သဘောကျတယ်လို့တော့ ပြောလို့ မရပါဘူး။ ဒါပေမဲ့ သူက အကောင်းဆုံး ရွေးချယ်စရာ ဖြစ်နေလို့ပါ။”
ကျီးချန် ထပ်မံ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်သည်။ “မင်း ရှင်းကျန့်နဲ့ အိမ်ထောင်ပြုလို့ မရဘူး။”
ကျီးချင့်၏ ပြိုင်ဘက်ကင်း လှပသော မျက်နှာလေး အနည်းငယ် တုန်ယင်သွားပြီး မေးလိုက်၏။ “ဒီထက် ပိုကောင်းတဲ့သူ ရှိသေးလို့လား။”
ကျီးချန်က ဖြေသည်။ “မင်း ယွင်ကျုံးဟဲ့ကို လက်ထပ်ရမယ်။ အတိအကျ ပြောရရင် မင်းက ယွင်ကျုံးဟဲ့ကို အိမ်ပါသမက် အဖြစ် လက်ခံရမယ်။ “
ဤစကား ထွက်ပေါ်လာချိန်မှာတော့ ကျီးချင့်၏ ရေဆေးပန်းချီကားကဲ့သို့ လှပသော မျက်နှာလေး ချက်ချင်း ပြောင်းလဲသွားပြီး သွေးဆုတ်သွားကာ အက်ကွဲသော အသံဖြင့် ပြောလိုက်၏။ “ဟင့်အင်း။ မရဘူး။ မရဘူး... ဘာလို့လဲ။ ဘာအတွက်ကြောင့်လဲ။
သူက အဆင့်တစ် နိုင်ငံသား၊ အလုပ်လက်မဲ့လေ။ ပြီးတော့ တူရှားရဲ့ ပျော်တော်ဆက်ယောက်ျား ဖြစ်ပြီး နာမည်ပျက်နေတဲ့ သူလေ။ အကယ်၍ ကျွန်မက သူ့ကို အိမ်ပါသမက် အဖြစ် လက်ခံလိုက်ရင် နာမည်ဂုဏ်သတင်း အားလုံး ပျက်စီးသွားမှာပေါ့။
အဘိုး… ကျွန်မ အခုထိ တည်ဆောက်လာခဲ့ရတဲ့ နာမည်ဂုဏ်သတင်းက မလွယ်ဘူး။ နာမည်ဂုဏ်သတင်း ဆိုတာ တည်ဆောက်ဖို့ အရမ်း ခက်ခဲပြီး အချိန်ကြာကြီး စုဆောင်းရတာ။ ဒါပေမဲ့ ဖျက်ဆီးပစ်ဖို့ကတော့ အရမ်း လွယ်ကူပြီး ချက်ချင်း ပြိုကျသွားနိုင်တယ်။”
ကျီးချန် စကားမပြောဘဲ ကျီးချင့်ကို စိတ်ကြိုက် ပေါက်ကွဲခွင့် ပေးထားလိုက်သည်။
အတော်ကြာမှ ကျီးချန်က မေးလိုက်၏။ “မင်း ပြောလို့ ပြီးပြီလား။ ပြီးပြီဆိုရင် ငါ စကားတစ်ခွန်း ပြောမယ်။”
ကျီးချန် ခဏမျှ တိတ်ဆိတ်နေပြီးနောက် ပြောလိုက်သည်။ “ဒီကိစ္စကို ဒီလိုပဲ ဆုံးဖြတ်လိုက်ပြီ။ ပြောင်းလဲလို့ မရဘူး။ မင်း ငါ့မြေးအဖြစ် ဆက်မနေချင်တော့ဘူးဆိုရင်၊ မိသားစု တာဝန်ကို မထမ်းဆောင်ချင်တော့ဘူး ဆိုရင်တော့ တစ်မျိုးပေါ့။ “
ကျီးချင့်က ဘာမှ ထပ်မပြောတော့ဘဲ ကြွေခွက်ကို တိုက်ရိုက် ခွဲပစ်လိုက်ပြီး ထက်မြက်သော အစွန်းဖြင့် သူမ၏ လည်ပင်း သွေးလွှတ်ကြောကို တေ့လိုက်၏။
“အဘိုး... ကျွန်မ ယွင်ကျုံးဟဲ့နဲ့ လုံးဝ အိမ်ထောင်မပြုနိုင်ဘူး။ အကယ်၍ အဘိုးက အတင်းအကျပ် ဖိအားပေးမယ်ဆိုရင် ကျွန်မ အဘိုးရှေ့မှာ သေပြရုံပဲ ရှိတော့တယ်။” ကျီးချင့်က စကားတစ်လုံးချင်းစီ ပြောလိုက်သည်။
အကြီးအကဲ ကျီးချန်က လုံးဝ တားဆီးခြင်း မရှိဘဲ သူမကို တိတ်ဆိတ်စွာ ကြည့်နေသည်။ သူမ ကိုယ့်ကိုယ်ကိုယ် သတ်သေမည့် အချိန်ကို စောင့်နေသကဲ့သို့ပင်။
အတော်ကြာသည်အထိ ကျီးချင့်သည် ကိုယ့်ကိုယ်ကိုယ် မသတ်သေနိုင်ခဲ့ပေ။
အကြီးအကဲ ကျီးချန်က ပြောလိုက်သည်။ “ချင့်အာ... မင်းက အရမ်း ထက်မြက်တယ်။ အဲဒါကြောင့် တချို့စကားတွေကို ငါ ပွင့်ပွင့်လင်းလင်း ပြောပြစရာ မလိုဘူး။ ဒါပေမဲ့ ဒီအိမ်ထောင်ရေးက ပြောင်းလဲလို့ မရဘူး။ မိသားစုရဲ့ အကျိုးစီးပွားအတွက်၊ တော်ဝင်မိသားစု တစ်ခုလုံးရဲ့ အကျိုးစီးပွားအတွက်၊ ငါ့ရဲ့ အကျိုးစီးပွားအတွက် ယွင်ကျုံးဟဲ့ကို သေချာပေါက် အိမ်ပါသမက် အဖြစ် လက်ခံရမယ်။
နောက်ပြီး သူနဲ့ အိမ်ထောင်ပြုဖို့ ဆုံးဖြတ်ပြီးတာနဲ့ မင်းက အရမ်း ထက်မြက်တဲ့သူဆိုတော့ ဆုံးရှုံးမှုကို ဘယ်လို ရပ်တန့်ရမလဲ၊ နာမည်ဂုဏ်သတင်း ထိခိုက်မှုကို ဘယ်လို အနည်းဆုံး ဖြစ်အောင် လျှော့ချရမလဲ ဆိုတာ သိသင့်တယ်။
မင်းတို့ကြားမှာ သံယောဇဉ် ရှိရှိ၊ မရှိရှိ၊ အိမ်ထောင်ကျပြီးရင် ရေခဲလို အေးစက်နေမလား၊ ရန်သူတွေလို သဘောထားမလား ဆိုတာ ငါ ဂရုမစိုက်ဘူး။ ဒါပေမဲ့ မင်း သူ့ဆီကနေ ကလေးတစ်ယောက် သေချာပေါက် မွေးရမယ်။
ဒီလူက နာမည်ပျက်နေပေမယ့် တော်ဝင်မိသားစု သွေးကြောကတော့ အရမ်း သန့်စင်တယ်။ ဒီကလေးကို မင်း သေချာပေါက် မွေးရမယ်။ အဲဒါကြောင့် အိမ်ထောင်ကျပြီးရင် အတူတူ မအိပ်ဘူး ဆိုတာမျိုးတွေကို မမျှော်လင့်နဲ့။
ဒါပေမဲ့ ကိုယ်ဝန် ရသွားပြီဆိုတာနဲ့ သူ့ကို အခန်းထဲကနေ နှင်ထုတ်လို့ ရပြီ။ နောက်ပိုင်း လက်တစ်ချောင်းလေးတောင် အထိမခံနဲ့တော့။ အချစ်ရေးဆိုတာ ငါတို့လို လူတွေအတွက် အရမ်းကို ရှားပါးလွန်းပါတယ်။
ပြင်ဆင်ထားလိုက်။ နောက်သုံးရက် အကြာမှာ မင်းနဲ့ ယွင်ကျုံးဟဲ့အတွက် မင်္ဂလာပွဲ ကျင်းပပေးမယ်။ ကြားပြီလား။”
ကျီးချင့်သည် သူမ၏ နှုတ်ခမ်းကို ကိုက်လိုက်ရာ သွေးနီနီများ ထွက်ကျလာသည်။ ထို့နောက် သူမသည် ထက်မြက်သော ကြွေကွဲစကို ဖြည်းညင်းစွာ ချထားလိုက်၏။
သူမ အသက်ကို ပြင်းပြင်း ရှူနေပြီး ရင်ဘတ်ကလည်း ပြင်းထန်စွာ နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။
အမျက်ဒေါသ ပြင်းထန်စွာ ထွက်ပေါ်လာနိုင်သလို စိတ်ဆိုးမာန်ဆိုးလည်း ဖြစ်နိုင်ခွင့် ရှိသည်။ သို့သော်လည်း ထိုသို့ဖြစ်ပြီးသည်နှင့် တပြိုင်နက် စိတ်အာရုံကို ချက်ချင်းပြန်လည် တည်ငြိမ်သွားအောင် ထိန်းချုပ်ရမှာ ဖြစ်၏။
အကြောင်းမူကား သူမကဲ့သို့သော အဆင့်အတန်း၊ ရာထူးမျိုး ရှိသည့် သူများအဖို့ ဒေါသအလျောက် စိတ်လိုက်မာန်ပါ ပြုမူနေခြင်းသည် မည်သည့်အဓိပ္ပာယ်မှ မရှိသောကြောင့်ပင်။
မိနစ်အနည်းငယ် အကြာတွင် ကျီးချင့်က မိမိကိုယ်ကိုယ် တည်ငြိမ်အောင် လုပ်လိုက်ပြီး ပြောလိုက်သည်။ “အဘိုး... ကျွန်မ သိပါပြီ။ သဘောတူပါတယ်။”
အကြီးအကဲ ကျီးချန်က ခေါင်းညိတ်ကာ ပြော၏။ “ကောင်းပြီ။ ဒါဆို အားလုံး အဆင်သင့် ဖြစ်အောင် ပြင်ဆင်ထားလိုက်တော့။ သုံးရက်နေရင် အိမ်ထောင်ပြုမယ်။ “
“ကောင်းပါပြီ။”
ကျီးချင့်က ဖြေလိုက်သည်။ “သုံးရက်နေရင် အိမ်ထောင်ပြုပါ့မယ်။ “
မြို့တော်ရှိ အရက်ဆိုင် တစ်ခု အတွင်းတွင်…
စစ်ဗိုလ်ချုပ် ဆယ်ဂဏန်းခန့် စုဝေးနေကြသည်။ ထိုအထဲတွင် ဗိုလ်ချုပ်လေး ငါးဦး ပါဝင်ကာ ကျန်သူများမှာလည်း အဆင့်မြင့် စစ်အရာရှိများ ဖြစ်ကြ၏။
အနိမ့်ဆုံး ရာထူးမှာပင် လူတစ်ထောင် တပ်မှူး ဖြစ်ပြီး အလွန် မြင့်မြတ်သော နောက်ခံရှိသည့် မြင်းတပ် လူတစ်ထောင် တပ်မှူးများ ဖြစ်ကြသည်။
ဤလူများ အားလုံးသည် ဗိုလ်ချုပ်လေး ရှင်းကျန့်၏ မင်္ဂလာပွဲသို့ တက်ရောက်ရန် လာကြသူများ ဖြစ်ပြီး ယခုအခါတွင် သူ့ကို အရက်များ တိုက်နေကြ၏။
ဗိုလ်ချုပ်လေး ရှင်းကျန့်၏ စိတ်ထဲတွင် ဂုဏ်ယူမှုနှင့် ကျေနပ်မှုများ ပြည့်နှက်နေသည်။ သူသည် ဤနှစ်တွင် အသက် သုံးဆယ့်ရှစ်နှစ် ရှိပြီဖြစ်သော်လည်း တစ်ခါမှ အိမ်ထောင် မပြုဖူးသေးပေ။
တာ့ယန် အင်ပါယာသစ်တွင် အိမ်ထောင်ပြု နောက်ကျခြင်းသည် ခေတ်စားနေသော်လည်း ဤအသက်အရွယ် အထိ အိမ်ထောင် မပြုသေးသူမှာ ရှားပါးလှသည်။
သူသည် အိမ်ထောင်ပြုရန် အခွင့်အရေး မရှိခဲ့ခြင်း မဟုတ်ဘဲ၊ သူ့ကို လိုက်လံ ပိုးပန်းသော အမျိုးသမီး အများအပြား ရှိခဲ့သည်။ လုပ်ဖော်ကိုင်ဖက်များ၏ ညီမများ၊ အထက်လူကြီးများ၏ သမီးများ စသည်ဖြင့်ပင်။
သို့ပေမည့် သူက အားလုံးကို ငြင်းပယ်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူသည် ကိုယ်တိုင် တော်ဝင်မိသားစုဝင် ဖြစ်ကြောင်း အမြဲတမ်း သတိရနေပြီး အထက်တန်းလွှာ မိသားစုမှ သမီးတော် တစ်ဦးကိုသာ သေချာပေါက် ရှာဖွေရမည်ဟု တွေးထားသောကြောင့် ဖြစ်သည်။
သူ၏ ဤကဲ့သို့သော ခေါင်းမာမှုကြောင့် လုပ်ဖော်ကိုင်ဖက် အများအပြားက သူ့ကို သံသယဝင်ခဲ့ကြ၏။
ထို့အပြင် ရှင်းကျန့်သည် မောက်မာသူ တစ်ဦးဖြစ်ပြီး လူမှုဆက်ဆံရေး သိပ်မကောင်းလှပေ။ သို့ပေမည့် သူ၏ သိုင်းပညာ မြင့်မားမှု၊ စစ်တပ် အုပ်ချုပ်နိုင်စွမ်းနှင့် အရည်အချင်းများကြောင့် စစ်တပ်အတွင်းတွင် အခြားသူများ၏ လေးစားမှုကို ရရှိထားသည်။
သို့ပေမည့် သူသည် အချိန်တိုင်း တော်ဝင်မိသားစု ဟန်ပန်ကို ဖမ်းထားသောကြောင့် လုပ်ဖော်ကိုင်ဖက်များနှင့် သိပ်မရင်းနှီးလှပေ။ သို့ပေမည့် ယခုအခါတွင် ရှင်းကျန့်သည် နောက်ဆုံးတော့ ခေါင်းမော့နိုင်ခဲ့ပြီဖြစ်၏။
အထူးသဖြင့် အဆင့်တူ ဗိုလ်ချုပ်လေး အချို့သည် သူ့အပေါ် ဆက်ဆံရေး လုံးဝ ပြောင်းလဲသွားပြီး အကြည့်များက ရင်းနှီးမှုများ ပြည့်နှက်နေကာ ဒုတိယ ဗိုလ်ချုပ်ကြီး တစ်ဦးကပင် သူ့ကို ညီအစ်ကိုလို ဆက်ဆံလာသည်။
ရာထူးနိမ့်သော စစ်အရာရှိများကမူ သူ့ကို ပို၍ပင် ရိုသေလေးစားကြပြီး မျက်နှာချိုသွေးနေကြသည်။ အဘယ်ကြောင့်ဆိုသော် ရှင်းကျန့်သည် မကြာမီ ကြီးမားသော အောင်မြင်မှုကို ရရှိတော့မည်ဖြစ်ပြီး အနာဂတ်တွင် တပ်တော် တပ်မှူး နေရာကိုပင် ထိုးဖောက်နိုင်ခြေ ရှိကြောင်း လူတိုင်း သိထားကြသောကြောင့် ဖြစ်၏။
အကြောင်းမှာ ကျီးချင့်၏ ဖခင်သည် အင်ပါယာ၏ ဆဋ္ဌမ တပ်တော် တပ်မှူး ဖြစ်ပြီး သူ အနားယူသွားချိန်၌ ထိုရာထူးကို သမက်ဖြစ်သူ ရှင်းကျန့်က ဆက်ခံနိုင်ခြေ အလွန် များသောကြောင့် ဖြစ်သည်။
အင်ပါယာ စစ်တပ်၏ အမြင့်ဆုံး ရာထူးမှာ စစ်သေနာပတိချုပ် ဖြစ်သော်လည်း အခြေအနေ အများစုတွင် စစ်သေနာပတိချုပ်သည် စစ်တပ်ကို တိုက်ရိုက် မအုပ်ချုပ်ဘဲ တပ်တော် တပ်မှူးကသာ အမြင့်ဆုံး ရာထူး ဖြစ်၏။
အင်ပါယာ၏ တပ်တော် ကိုးခုတွင် လူအများဆုံးမှာ တစ်သိန်းရှိပြီး အနည်းဆုံးမှာ ခြောက်သောင်း ရှိသည်။ ထို့ကြောင့် တပ်တော် တပ်မှူး ရာထူးသည် စစ်ဗိုလ်ချုပ် တစ်ဦး၏ အမြင့်ဆုံး ရာထူး ဖြစ်နေသည်။
ရှင်းကျန့်၏ မူလ အနာဂတ်သည် အခြေခံအားဖြင့် ဗိုလ်ချုပ်လေး အဆင့်တွင်သာ ရပ်တန့်သွားမည် ဖြစ်သော်လည်း ယခုအခါ တပ်တော် တပ်မှူး ရာထူးသို့ ခြေတစ်ဖက် လှမ်းဝင်သွားပြီ ဖြစ်သည်။ မည်သို့သော သူက မနာလို မဖြစ်ဘဲ နေမည်နည်း။
ဗိုလ်ချုပ်လေး ရှင်းကျန့် မည်သို့ မကျေနပ်ဘဲ နေမည်နည်း။ ထိုမျှမက သူ လက်ထပ်ရမည့်သူမှာ တော်ဝင်မိသားစု သမီးတော်ဖြစ်ပြီး ကမ္ဘာကျော် ပြိုင်ဘက်ကင်း အလှပိုင်ရှင် ဖြစ်သည်။
အနာဂတ်ရော၊ မိန်းမလှလေးပါ နှစ်ခုစလုံး ရရှိခြင်းသည် ဘဝ၏ အကြီးမားဆုံးသော ကံကောင်းမှုဖြစ်ပြီး လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း ပင်ပန်းဆင်းရဲစွာ ကြိုးစားခဲ့ရမှုများ အားလုံးက တန်သွားခဲ့ပြီဖြစ်၏။
ထိုအချိန်မှာပင် အရက်ဆိုင် တံခါး ပွင့်လာပြီး ပြိုင်ဘက်ကင်း အလှပိုင်ရှင် တစ်ဦး ဝင်ရောက်လာသည်။
လူတိုင်း အရင်ဆုံး ကြောင်အမ်းသွားကြပြီးနောက် အကြည့်များ ပူပြင်းလာကာ စိတ်ထဲတွင် ပို၍ပင် မနာလို ဖြစ်သွားကြ၏။
“အစ်ကို ရှင်းကျန့်… မရီးက အိမ်မရောက်သေးခင်တည်းက ခင်ဗျားကို တင်းကျပ်နေပြီပဲ။”
“မရီး… လာ... လာ... လာ... အတူတူ တစ်ခွက်လောက် သောက်ကြရအောင်။”
ဤအဆင့်မြင့် စစ်အရာရှိများသည် ဒုတိယ ကျောင်းအုပ် ကျီးချင့်ကို ကြိုဆိုရန် အသီးသီး မတ်တတ်ရပ်လိုက်ကြပြီး သူမ၏ လှပသော မျက်နှာနှင့် သွယ်လျသော ခန္ဓာကိုယ်ကို ကြည့်ကာ ရှင်းကျန့်ကို ပို၍ပင် အားကျသွားကြသည်။
“မရီး… လုံးဝ အပြစ်မတင်ပါနဲ့နော်။ ကျုပ်တို့က အစ်ကို ရှင်းကျန့်ကို အတင်း ဆွဲခေါ်လာလို့ပါ။”
အပိုင်း (၇၃၈)
ဗိုလ်ချုပ်လေး ရှင်းကျန့်သည် လုပ်ဖော်ကိုင်ဖက်များ၏ အကြည့်များကို မြင်ချိန်မှာတော့ စိတ်ထဲတွင် ပို၍ ဂုဏ်ယူဝင့်ကြွားသွား၏။
‘ကျုပ်မိန်းမကို ကြည့်လိုက်အုံး။ ဘယ်လောက်တောင် လှလဲ။ ဘယ်လောက်တောင် မြင့်မြတ်လဲ။’
“မင်း အလုပ် ပြီးသွားပြီလား။ ညီအစ်ကိုတွေ အတူတူ ဆုံဖို့ ခဲယဉ်းလို့ နည်းနည်းလောက် ပျော်ချင်လို့ပါ။ မင်း တစ်ခွက်လောက် သောက်မလား။” ဗိုလ်ချုပ်လေး ရှင်းကျန့်၏ အကြည့်များက နူးညံ့နေသော်လည်း လေသံကမူ ပုံမှန်အတိုင်းပင် ဖြစ်သည်။
သူက ကျီးချင့်ကို မြင့်မြတ်စွာ လှမ်းကိုင်ထားရသော်လည်း လုပ်ဖော်ကိုင်ဖက်များ ရှေ့တွင် နှိမ့်ချလွန်းခြင်း၊ မောက်မာလွန်းခြင်း မရှိစေရန် အထူး သတိထားနေ၏။
ကျီးချင့်က ခေါင်းညိတ်ကာ ပြောလိုက်သည်။ “တစ်ခွက်လောက် သောက်လည်း ရပါတယ်။”
ချက်ချင်းပဲ ထိုနေရာရှိ စစ်ဗိုလ်ချုပ် ဆယ်ဂဏန်းခန့်သည် အတူတူ အော်ဟစ် အားပေးကြပြီး စားပွဲကို ညင်သာစွာ ထုကာ ကျီးချင့်သည် ထင်ထားသလောက် အေးစက်ပြီး ချဉ်းကပ်ရန် မခက်ခဲကြောင်း တွေးထင်သွားကြ၏။
ဗိုလ်ချုပ်လေး ရှင်းကျန့်ကမူ ပို၍ပင် ဝမ်းသာသွားသည်။ သူသည် စိုးတထိတ်ထိတ်ဖြင့် မေးလိုက်ခြင်းဖြစ်ပြီး ကျီးချင့် သဘောတူလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ယခင်က ချိန်းတွေ့တိုင်း ကျီးချင့်သည် အေးစက်ပြီး မောက်မာကာ အထက်စီးဆန်လွန်းသောကြောင့် ဤဟန်ပန်က သူ့ကို ချစ်မြတ်နိုးစေသလို အလွန် သတိထားခဲ့ရသည်။
ယခု ကျီးချင့်က လုပ်ဖော်ကိုင်ဖက်များ ရှေ့တွင် သူ့ကို မျက်နှာသာ ပေးလိုက်သောကြောင့် အလွန်အမင်း အံ့ဩဝမ်းသာသွားရသည်။ သူမ၏ သွယ်လျသော ခန္ဓာကိုယ်ကို ကြည့်ကာ စိတ်ထဲတွင် လှုပ်ရှားလာပြီး သူမ၏ သေးသွယ်သော ခါးလေးကို ဖက်ထားချင်စိတ် ပေါက်လာ၏။
သို့ပေမည့် ကျီးချင့်က အလွန် အေးစက်လွန်းသောကြောင့် ဗိုလ်ချုပ်လေး ရှင်းကျန့်သည် ရုတ်တရက် မရိုင်းစိုင်းရဲပေ။
သူသည် လူကြီးလူကောင်း ဆန်ဆန်ဖြင့် ကျီးချင့်အတွက် အရက်တစ်ခွက် ငဲ့ပေးလိုက်သည်။
ကျီးချင့်သည် လက်ခံယူပြီးနောက် တစ်ကျိုက်တည်း မော့သောက်လိုက်၏။
“နောက်တစ်ခွက် ထပ်သောက်မလား။” ဗိုလ်ချုပ်လေး ရှင်းကျန့်၏ စိတ်ထဲတွင် အလွန် ပူပြင်းနေသည်။
ကျီးချင့်က သဘောတူလိုက်၏။ “ကောင်းပြီ။”
ထို့နောက် ဗိုလ်ချုပ်လေး ရှင်းကျန့်သည် သူမအတွက် နောက်ထပ် တစ်ခွက် ထပ်ငဲ့ပေးလိုက်သည်။
ကျီးချင့်သည် ထပ်မံ၍ တစ်ကျိုက်တည်း မော့သောက်လိုက်ပြန်၏။
“ကောင်းတယ်။ ကောင်းတယ်။ ကောင်းတယ်။” စစ်ဗိုလ်ချုပ် အများအပြားသည် အားပေးစကားများ ပြောဆိုကြပြီး စားပွဲကို အားကုန် ထုနေကြသည်။
အရက် နှစ်ခွက် သောက်ပြီးနောက် ကျီးချင့်၏ မူလက နှင်းကဲ့သို့ ဖြူဖွေးပြီး အေးစက်သော မျက်နှာလေးသည် ယခုအခါတွင် နီရဲလာပြီး ပို၍ ဆွဲဆောင်မှု ရှိလာကာ လူများ၏ ရင်ကို ပိုမို လှုပ်ရှားလာစေ၏။
အမျိုးသမီး တစ်ဦးက ယောက်ျားတစ်ယောက်၏ ရှေ့တွင် အရက်မူးချင်ယောင် ဆောင်ပြခြင်းက မည်သည့် အဓိပ္ပာယ်နည်း။ ဒီည သူမ အိမ်ကို သွားပြီး ရင်းနှီးသည့် ဆက်ဆံရေး တစ်ခုခု ဖြစ်လာနိုင်တယ်လို့ ဆိုလိုခြင်းလား။
ထို့ကြောင့် ဗိုလ်ချုပ်လေး ရှင်းကျန့်သည် သတ္တိမွေးကာ ကျီးချင့်၏ သေးသွယ်သော ခါးလေးကို ဖက်ရန် လက်ကို ဆန့်ထုတ်လိုက်သည်။
ထိုအချိန်တွင် ကျီးချင့်က ပြောလိုက်၏။ “ဗိုလ်ချုပ် ရှင်းကျန့်… ရှင့်ကို ပြောစရာ စကားလေး ရှိတယ်။”
ဗိုလ်ချုပ်လေး ရှင်းကျန့်၏ လက်သည် လေထဲတွင် ရပ်တန့်သွားပြီးနောက် ခေါင်းညိတ်ကာ ပြောသည်။ “ကောင်းပါပြီ။”
ကျီးချင့်သည် တံခါးအပြင်ဘက်သို့ လျှောက်သွားရာ ဗိုလ်ချုပ်လေး ရှင်းကျန့်လည်း အမြန် နောက်မှ လိုက်သွား၏။
ထိုနေရာရှိ စစ်ဗိုလ်ချုပ်များသည် မနေနိုင်ဘဲ စိတ်လှုပ်ရှားသွားကြပြီး အပြင်ထွက်၍ ချစ်ရေးဆိုတော့မည်လား သို့မဟုတ် ချစ်တင်းနှီးနှောတော့မည်လားဟု တွေးထင်သွားကြသည်။
ထို့ကြောင့် ထိုနေရာရှိ ရာထူးအနိမ့်ဆုံး စစ်အရာရှိ အချို့သည် တိတ်တဆိတ် နောက်မှ လိုက်သွားကြ၏။
အရက်ဆိုင် အပြင်ဘက်သို့ ရောက်ချိန်မှာတော့ အေးစက်သော လေပြင်းများ တိုက်ခတ်နေပြီး အရိုးထဲထိ စိမ့်ဝင်အောင် အေးစိမ့်နေသည်။
ရှင်းကျန့်သည် သူ၏ ကုတ်အင်္ကျီကို ချွတ်ကာ ကျီးချင့်၏ ခန္ဓာကိုယ်ပေါ်သို့ လွှမ်းခြုံပေးရန် ပြင်လိုက်ပြီး ထိုအခြေအနေကို အခွင့်ကောင်းယူ၍ သူမကို ဖက်ထားရန် ပြင်လိုက်မိ၏။
သို့ပေမည့် ကျီးချင့်သည် သစ်ပင်တစ်ပင်ကို အလွယ်တကူ မှီလိုက်သောကြောင့် သူ၏ ကုတ်အင်္ကျီသည် သူမ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်။
“နောက်သုံးရက်နေရင် ကျွန်မ အိမ်ထောင်ပြုတော့မယ်။” ကျီးချင့်က ပြောလိုက်၏။
ရှင်းကျန့်က ပြောသည်။ “ကောင်းပြီ။ ကျုပ်တို့ရဲ့ မင်္ဂလာပွဲကို ခင်ဗျား သဘောကျ စီစဉ်လို့ ရပါတယ်။”
ကျီးချင့်က ပြောလိုက်၏။ “ကျွန်မ ရှင့်ကို လက်ထပ်မှာ မဟုတ်ဘူး။ ယွင်ကျုံးဟဲ့ကို လက်ထပ်မှာ။”
ဤစကား ထွက်ပေါ်လာချိန်မှာတော့ ဗိုလ်ချုပ်လေး ရှင်းကျန့် ချက်ချင်း ကြောင်အမ်းသွားပြီး တစ်ကိုယ်လုံး မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ဖြစ်သွားကာ သူ၏ နားကိုပင် လုံးဝ မယုံကြည်နိုင်အောင် ဖြစ်သွားသည်။
အတော်ကြာမှ ဗိုလ်ချုပ်လေး ရှင်းကျန့်က အက်ကွဲသော အသံဖြင့် မေး၏။ “ချင့်အာ... ခင်ဗျား... ခင်ဗျား နောက်နေတာလား။”
ကျီးချင့်က ဖြေလိုက်သည်။ “ကျွန်မ နောက်နေတာ မဟုတ်ဘူး။ ရှင့်ကို လာအသိပေးတာပဲ။”
ဗိုလ်ချုပ်လေး ရှင်းကျန့်၏ ခန္ဓာကိုယ်သည် တုန်ယင်လာပြီး ဖိနှိပ်ထားသော အသံဖြင့် မေးလိုက်၏။ “ယွင်ကျုံးဟဲ့က ဘယ်လို လူမျိုးလဲဆိုတာ ခင်ဗျား မသိဘူးလား။ သူက လာရာလမ်းကြောင်း မသေချာတဲ့ လူတစ်ယောက်၊ အလုပ်လက်မဲ့ အဆင့်တစ် နိုင်ငံသား၊ ပြီးတော့ နာမည်ပျက်နေတဲ့ ပျော်တော်ဆက်ယောက်ျား တစ်ယောက်လေ။”
ကျီးချင့်က ဖြေသည်။ “ကျွန်မ သေချာပေါက် သိတာပေါ့။”
ဗိုလ်ချုပ်လေး ရှင်းကျန့်က မေးလိုက်၏။ “ဒါဆို ခင်ဗျားက သူ့ကို လက်ထပ်အုံးမှာလား။”
ကျီးချင့်၏ လှပသော မျက်နှာလေး ချက်ချင်း အေးစက်ပြီး မောက်မာသွားကာ စကားတစ်လုံးချင်းစီ ပြောလိုက်သည်။ “ကျွန်မက ရှင့်ကို လာအသိပေးရုံ သက်သက်ပဲ။ ရှင့်ကို ရှင်းပြဖို့ တာဝန် မရှိဘူး။”
ထို့နောက် သူမသည် တိုက်ရိုက် လှည့်ထွက်သွား၏။
“မသွားပါနဲ့...” ရှင်းကျန့်သည် သားမွေးအင်္ကျီပေါ်မှ ကျီးချင့်၏ လက်မောင်းကို ဖမ်းဆွဲလိုက်သည်။
ကျီးချင့်၏ လှပသော မျက်ခုံးလေးများ အနည်းငယ် တွန့်ကွေးသွားပြီး မျက်နှာထား တစ်ခုလုံး ပိုမို အေးစက်သွားကာ ဗိုလ်ချုပ်လေး ရှင်းကျန့်ကို တစ်ချက် စွေကြည့်လိုက်၏။
‘ဒီအကြည့်ပဲ။ ဒီအကြည့်ပဲ။’
ထိုမောက်မာမှု၊ ထိုအထက်စီးဆန်မှုများကို ယခင်က ဗိုလ်ချုပ်လေး ရှင်းကျန့် အလွန် နှစ်သက်ခဲ့ပြီး ထိုအရာက သူ့ကို သိမ်းပိုက်လိုစိတ်နှင့် ပျော်ရွှင်မှုများကို ပြည့်နှက်စေခဲ့သည်။
သို့ပေမည့် ယခုအခါတွင်မူ ထိုမောက်မာသော အကြည့်က ဤမျှလောက် နာကျင်စေပြီး လူတစ်ယောက်၏ ဂုဏ်သိက္ခာကို ဤမျှလောက် ဖိနှိပ်စော်ကားနိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။
ဗိုလ်ချုပ်လေး ရှင်းကျန့်သည် မနေနိုင်ဘဲ လက်ကို လွှတ်လိုက်သည်။
“ဘာလို့လဲ။ ဘာလို့လဲ။”
ရှင်းကျန့်က တုန်ရင်အက်ကွဲသော အသံဖြင့် မေးလိုက်၏။ “ချင့်အာ... ကျုပ်က အဲဒီ ယွင်ကျုံးဟဲ့ထက် ဘယ်နေရာများ ညံ့နေလို့လဲ။ အခု အင်ပါယာ တစ်ခုလုံးက ကျုပ်တို့ အိမ်ထောင်ပြုတော့မယ် ဆိုတာ သိနေကြပြီဆိုတာ ခင်ဗျား သိလား။
ကျုပ်ရဲ့ လုပ်ဖော်ကိုင်ဖက် ဗိုလ်ချုပ်တွေ အများကြီးက ကျုပ်တို့ရဲ့ မင်္ဂလာပွဲကို တက်ဖို့ ခရီးဝေးကနေ လာခဲ့ကြတာ။ အခု ရုတ်တရက် အိမ်ထောင် မပြုတော့ဘူးဆိုပြီး ခင်ဗျားက တခြားတစ်ယောက်ကို လက်ထပ်တော့မယ်ဆိုရင် ကျုပ်ကို ဘယ်လို မျက်နှာပြရမလဲ။”
ကျီးချင့်က အေးစက်စက် ပြောလိုက်သည်။ “နှုတ်ဆက်ပါတယ်။”
ထို့နောက် သူမ တိုက်ရိုက် ထွက်သွား၏။
ကျွန်မ ရှင့်ကို ဘာမှ ကတိမပေးခဲ့ဖူးဘူး။ ကျွန်မတို့ စေ့စပ်ထားတာမှ မဟုတ်တာ ဆိုသည့် စကားမျိုး သူမ မပြောခဲ့ပေ။ အဘိုးက အတင်းအကျပ် ဖိအားပေးလို့ပါ၊ ယွင်ကျုံးဟဲ့ကို လက်ထပ်တာ ကျွန်မ ဆန္ဒ မဟုတ်ပါဘူး၊ မိသားစု အကျိုးစီးပွားအတွက်ပါ စသည့် စကားများကိုလည်း သူမ မပြောခဲ့ပေ။
အားနည်းသည့် စကား တစ်ခွန်းမျှ သူမ မပြောခဲ့ပေ။ သူမ၏ အမြင်တွင် ဗိုလ်ချုပ်လေး ရှင်းကျန့်ကို လာရောက် အသိပေးရန် လိုအပ်သော်လည်း ရှင်းပြရန် လုံးဝ မလိုအပ်ပေ။ အားနည်းသူများသာ ရှင်းပြဖို့ လိုအပ်ခြင်းဖြစ်သည်။
ထို့နောက် ကျီးချင့်သည် လှည့်ထွက်သွားပြီး မြင်းလှည်းပေါ်သို့ တက်ကာ တတိယ စာသင်ကျောင်းသို့ ပြန်သွား၏။
ဗိုလ်ချုပ်လေး ရှင်းကျန့်သည် မူလ နေရာတွင် ရပ်နေပြီး တစ်ကိုယ်လုံး မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ဖြစ်ကာ ကောင်းကင်ဘုံမှ ငရဲပြည်သို့ ပြုတ်ကျသွားသကဲ့သို့ ခံစားနေရသည်။
ယခင်က ဂုဏ်ယူမှုများ၊ ယခင်က ပျော်ရွှင်မှုများ အားလုံးသည် တိမ်တိုက်များကဲ့သို့ ပျောက်ကွယ်သွားပြီဖြစ်၏။
ပထမဦးစွာ အဆုံးအစမဲ့ ထုံကျင်မှုများကိုသာ ခံစားရပြီး နောက်ဆက်တွဲမှာ အေးစက်မှုများနှင့် ဒေါသများ ဖြစ်သည်။
သူ ကန်ထုတ်ခံလိုက်ရ၏။ သူ ကောင်းကင်ပေါ်မှ ပြုတ်ကျသွားပြီး လောကကြီး၏ လှောင်ပြောင်စရာ ဖြစ်ပေတော့မည်။
‘ကျုပ် လူတွေကို ဘယ်လို မျက်နှာပြရတော့မလဲ။ ကျုပ်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေက ကျုပ်ကို ဘယ်လို ကြည့်ကြမလဲ။’
“အား... အား... အား...” ဗိုလ်ချုပ်လေး ရှင်းကျန့်သည် သားရဲ တစ်ကောင်ကဲ့သို့ ဒေါသတကြီး အော်ဟစ်လိုက်ပြီး သစ်ပင်ကို လက်သီးဖြင့် အားကုန် ထိုးလိုက်တော့သည်။
တိတ်တဆိတ် လာရောက် ခိုးနားထောင်နေသော စစ်ဗိုလ်ချုပ်များသည်လည်း အချင်းချင်း ကြည့်ကာ မျက်နှာထား အမျိုးမျိုး ပြောင်းနေကြ၏။
သူတို့ အားလုံး ရှင်းရှင်းလင်းလင်း ကြားလိုက်ရပြီး ချက်ချင်းပဲ သနားရမလား၊ ဝမ်းသာရမလား မသိအောင် ဖြစ်သွားကြ၏။ သို့ပေမည့် သူတို့ ရှေ့ရှိ ဗိုလ်ချုပ်လေး ရှင်းကျန့်မှာမူ တကယ်ကို သနားစရာ ကောင်းလှသည်။
နောက်တစ်နေ့…
ကျီးချင့်နှင့် ယွင်ကျုံးဟဲ့တို့ လက်ထပ်တော့မည် ဟူသော သတင်းသည် မြို့တော် တစ်ခုလုံးသို့ ချက်ချင်း ပျံ့နှံ့သွား၏။
လူတိုင်းက ပထမတော့ ဤအရာသည် ကောလာဟလဖြစ်ပြီး ရှက်စရာကောင်းသော ကောလာဟလဟု ထင်ခဲ့ကြသည်။
သို့ပေမည့် နောက်ပိုင်းတွင် ဤကိစ္စက အတည်ပြုခံလိုက်ရချိန်မှာတော့ လူတိုင်း လုံးဝ မယုံကြည်နိုင်အောင် ဖြစ်သွားကြ၏။
‘အဓိပ္ပာယ် မရှိဘူး။ လုံးဝ ယုံနိုင်စရာ မရှိဘူး။
ကျီးချင့်က တော်ဝင်မိသားစုရဲ့ မြင့်မြတ်တဲ့ သမီးတော်၊ လောကက ယောက်ျားပေါင်း မရေမတွက်နိုင်အောင် ကြည်ညိုရတဲ့ နတ်သမီးလေး၊ လောကရဲ့ ထူးခြားတဲ့ အမျိုးသမီး တစ်ဦး၊ အနာဂတ် အထက်လွှတ်တော် အမတ် တစ်ယောက်လေ။
ယွင်ကျုံးဟဲ့က ဘာလဲ။ အဆင့်တစ် နိုင်ငံသား၊ အလုပ်လက်မဲ့ ပြီးတော့ တူရှားရဲ့ ပျော်တော်ဆက်ယောက်ျား၊ အရမ်းကို အောက်တန်းကျပြီး နာမည်ပျက်နေတဲ့ သူလေ။ တကယ့်ကို ဖြူစင်တဲ့ ငန်းက ဖားပြုပ်ကို လက်ထပ်လိုက်ရတာပဲ။ ပန်းပွင့်လေးက ခွေးချေးပေါ် ကျသွားသလိုပဲ။’
အင်ပါယာ တတိယ စာသင်ကျောင်း အတွင်းတွင် လူအများအပြားက ကျီးချင့်ထံသို့ သွားရောက် မေးမြန်း အတည်ပြုကြသည်။
သူမက ခေါင်းညိတ် ဝန်ခံလိုက်ပြီး နောက်နှစ်ရက် အကြာတွင် မင်္ဂလာပွဲ ကျင်းပမည် ဖြစ်ကြောင်း ပြောလိုက်၏။
မရေမတွက်နိုင်သော လူများက ဒေါသတကြီးဖြင့် ကျီးချင့်အတွက် မတရားဘူးဟု ထင်မြင်ကြသည်။
မရေမတွက်နိုင်သော လူများက သူမကို နှစ်သိမ့်ပေးပြီး သူမအတွက် မျက်ရည်ကျခဲ့ကြ၏။
ကျီးချင့်သည် အင်ပါယာ အထက်တန်းလွှာ အများအပြား၏ အိပ်မက်ထဲက ချစ်သူဖြစ်၏။ ဤလူများသည် ပညာရေး ပါရမီရှင်များ၊ အနုပညာ ပါရမီရှင်များ သို့မဟုတ် သိုင်းပညာ ပါရမီရှင်များ ဖြစ်ကြကာ အားလုံးက တစ်သောင်းတွင် တစ်ယောက် ရှာရခက်သော သူရဲကောင်းများ ဖြစ်ကြသလို အင်ပါယာ တစ်ခုလုံး၏ နာမည်ကြီး ပုဂ္ဂိုလ်များ ဖြစ်ကြသည်။
သူတို့ အားလုံးသည် ကျီးချင့်ကို ကြည်ညိုသူများ ဖြစ်ကြပြီး ကျီးချန်ထံသို့၊ အထက်လွှတ်တော်ထံသို့ သွားရောက်ကာ ဤအိမ်ထောင်ရေးကို တားဆီးပေးရန် တောင်းဆိုကြ၏။
ကျီးချင့်၏ ပျော်ရွှင်မှုကို ကယ်တင်လိုပြီး သူမ မီးတွင်းထဲသို့ ခုန်ချမည့် အရေးကို တားဆီးလိုကြ၏။ သို့ပေမည့် ဤအရာ အားလုံးက အချည်းနှီးသာ ဖြစ်သည်။
ထို့ကြောင့် စိတ်မြန်ကိုယ်မြန်ရှိသော အမျိုးသား အချို့သည် ယွင်ကျုံးဟဲ့ကို လိုက်ရှာကာ သူ့ကို စိန်ခေါ် တိုက်ခိုက်လိုကြ၏။
လူငယ် သိုင်းသမား အချို့ကမူ နတ်သမီးလေး၏ ကံကြမ္မာကို ကယ်တင်ရန်အတွက် ယွင်ကျုံးဟဲ့ကို သွားရောက် လုပ်ကြံလိုကြသည်။
သို့ပေမည့် ယွင်ကျုံးဟဲ့ ဘယ်မှာ ရှိနေသနည်း ဆိုသည်ကို မည်သူကမှ မသိကြပေ။
ရုတ်တရက်ဆိုသလို လူထု၏ ဝေဖန်မှု မုန်တိုင်းကြီး တစ်ခု တိုက်ခတ်လာခဲ့သည်။
ယွင်ကျုံးဟဲ့သည် မြို့တော် တစ်ခုလုံးတွင် အမုန်းခံရဆုံးနှင့် အရှက်မဲ့ဆုံး အမျိုးသား ဖြစ်လာခဲ့သည်။ အမျိုးသားများသာမက အမျိုးသမီးများကပါ သူ့ကို မုန်းတီးကြ၏။
‘ဒီလို လူယုတ်မာက ကျုပ်တို့ရဲ့ နတ်သမီးလေး ကျီးချင့်နဲ့ ဘယ်လိုလုပ် ထိုက်တန်မှာလဲ။’
မြို့တော်ရှိ စာသင်ကျောင်း အချို့တွင် ပန်းချီကား အများအပြား ရေးဆွဲထားကြပြီး အားလုံးက ယွင်ကျုံးဟဲ့၏ ပုံများ ဖြစ်ကာ အလွန် ရုပ်ဆိုး အကျည်းတန်စွာ ရေးဆွဲထားကြသည်။
သိုင်းပညာကျောင်း အတွင်းရှိ မြားပစ်ကွင်းမှ ပစ်မှတ်များ အားလုံးကိုလည်း ယွင်ကျုံးဟဲ့၏ မျက်နှာပုံများဖြင့် ပြောင်းလဲထားကြ၏။
သစ်သား အရုပ်များကိုလည်း ယွင်ကျုံးဟဲ့၏ ပုံစံအတိုင်း ထုလုပ်ထားပြီး နေ့တိုင်း သိုင်းပညာ ကျောင်းသားများ၏ ဓားဖြင့် ခုတ်ထစ်ခြင်း၊ ထုထောင်းခြင်းများကို ခံနေရသည်။
သေချာပေါက် မြို့တော်ရှိ လူတိုင်းနီးပါး ယွင်ကျုံးဟဲ့ကို မမြင်ဖူးကြသလို သူ ဘယ်လို ရုပ်ရည်မျိုး ရှိသနည်း ဆိုသည်ကိုလည်း မသိကြပေ။ သို့ပေမည့် ယခုအခါ ယွင်ကျုံးဟဲ့သည် လူတိုင်း၏ လက်ညှိုးထိုး ကဲ့ရဲ့ရှုတ်ချမှုကို ခံနေရပြီ ဖြစ်၏။
…………….