← Chapters

နီးကပ်လာသော စစ်ပွဲ

Vol. 6 Ch. 282

နီးကပ်လာသော စစ်ပွဲ

Vol. 6 Ch. 282

လီချင်းချင်းနဲ့ရူဘီက ပျံသန်းနေတဲ့လေယာဥ်ပေါ်မှာ အတူတူထိုင်နေခဲ့တယ်။ လီချင်းချင်းရဲ့မျက်နှာပေါ်မှာ ကြောက်ရွံမှုတွေကို အတိုင်းသားမြင်နေရတယ်ဆိုပေမဲ့ ရူဘီကတော့ လီချင်းချင်းရဲ့လက်ကို အသာအယာ ဆုပ်ကိုင်ပြီး အားပေးလိုက်တာပေါ့။

“အားလုံးအဆင်ပြေသွားမှာပါ၊ ငါတို့မကြာခင် ဥရောပကနေ ထွက်သွားတော့မှာလေ။ တရုတ်ပြည်အထိ ရိုမြူလက်ဘုရားကျောင်းရဲ့ရန်က မရောက်နိုင်ပါဘူး။”

ကွန်စတန်တီမြို့မြေလှန်ခံလိုက်ရတဲ့သတင်းနဲ့အတူ ဓားသူတော်စင်ကျရှုံးသွားတဲ့သတင်းက ဖုံးဖိမရအောင် ပေါ်လာခဲ့ပါပြီ။ ဆားဗီးရပ်က သူတို့ကို သတိပေးထားခဲ့ပြီးသား။ သူသေတာနဲ့ ဒီနေရာကနေ ထွက်သွားရမယ်ဆိုတာပဲ။ အခုက ဆားဗီးရပ်တင်မဟုတ်ဘဲ ရဟန်းမင်းကြီးပီးယပ်ပါ သေသွားတာ။ ဆိုလိုတာက ဘုရားကျောင်းရဲ့ရှေးဟောင်းဓလေ့ထုံးတမ်းဖြစ်တဲ့ ရဟန်းမင်းအသစ်ရွေးပွဲစပြီ။

“အဲဒီလိုပဲ ဖြစ်ပါစေ မျှော်လင့်ရတာပဲ။” လီချင်းချင်းက သက်ပြင်းချရင်းပြောလိုက်တယ်။

သေချာတာတစ်ခုကတော့ ဆားဗီးရပ်ကို သတ်နိုင်တဲ့သူက သူတို့နှစ်ယောက်ကို အလွယ်တကူ သတ်နိုင်တဲ့အထိ သန်မာတယ်ဆိုတာပဲ။ ချောက်ကမ်းပါးထဲမှာ သူတို့စွမ်းအားတွေအများကြီးတိုးတက်လာခဲ့ပေမဲ့ နက်ဆန်ကို ရှုံးခဲ့တယ်။

ဆားဗီးရပ်ရဲ့အထွတ်အထိပ်အခြေအနေမှာ နက်ဆန်ဟာ သူ့ကိုအနိုင်မယူနိုင်ဘူး။ ဒါကြောင့်ဆားဗီးရပ်ကိုနိုင်တဲ့သူကို သူတို့တားဆီးနိုင်မှာမဟုတ်ဘူး။

“သခင်မတို့နှစ်ယောက်၊ ပြဿနာတက်ပြီ။” ရုတ်တရက် လေယာဥ်မှူးက လေယာဥ်ထိန်းချုပ်ခန်းထဲကနေပြီးတော့ အလန့်တကြားထွက်လာတယ်။ ရူဘီနဲ့လီချင်းချင်းလည်း သူတို့လက်နက်တွေကိုဆွဲယူပြီး ထိုင်နေရာကနေ ထလိုက်ပါပြီ။

“လေယာဥ်နောက်ကနေ ဒုံးကျည်လိုဟာမျိုးတစ်ခုက လိုက်လာနေတယ်။”

ဘုန်း....

လေယာဥ်မှူးစကားဆုံးတယ်ဆိုရင်ပဲ ရူဘီတို့စီးလာတဲ့ ကိုယ်ပိုင်ဂျက်လေယာဥ်ဟာ ပြင်းထန်စွာတုန်ခါသွားတယ်။

....

သီရာရဲ့ခန္ဓာကိုယ်ကို သွေးနီရောင်အလင်းတန်းတွေက လွှမ်းခြုံထားခဲ့ပြီး ကြယ်တစ်စင်းလိုမျိုးကောင်းကင်မှာ ပျံသန်းနေခဲ့တယ်။ သူ့ရှေ့တည့်တည့်မှာတော့ အသံမြန်နှုန်းထက် အနည်းငယ်ပဲနှေးတဲ့နှုန်းနဲ့သွားနေတဲ့ ကိုယ်ပိုင်ဂျက်လေယာဥ်တစ်စင်းရှိလို့ပေါ့။

သီရာက သူ့လက်ကိုဝေ့ယမ်းလိုက်တယ်။ နာမည်ကျော် ရှေးဟောင်းလေးက သူ့လက်ထဲမှာ အခန့်သားပေါ်လာပြီး အစစ်အမှန်လှံကို လေးကိုင်းပေါ်တင်လို့ လေးညှို့ကို ဆွဲတယ်။

သူက မျက်လုံးကိုမှိတ်ကာ အသက်ရှုအောင့်ထားပြီးမှ “မောင်လေး၊ အစ်မ နင့်ကိုပြန်အသက်သွင်းပေးမယ်။ ဒါကြောင့် ခဏလေး သည်းခံပြီးစောင့်နေပေးပါ။”

ရွှီး....

လေးကြိုးကိုကိုင်ထားတဲ့လက်ကို လွှတ်လိုက်တယ်။ လူတစ်ရပ်စာထက်တောင်ရှည်တဲ့ အစစ်အမှန်လှံက လေထုကိုဖောက်ထွင်းပြီး ရော့ကတ်ဒုံးကျည်တစ်စင်းလို ပြေးထွက်သွားတယ်။ မျက်စိတစ်မှိတ် မပြည့်ခင်မှာပဲ ဂျက်လေယာဥ်ရဲ့အင်ဂျင်တစ်လုံးကိုမှန်သွားပြီး ပျံသန်းနေရာက ဟန်ချက်ပျက်သွားခဲ့တယ်။

....

“သီရာ၊ နင်ရူးနေပြီလား။ လေယာဥ်ပေါ်မှာ တခြားသူတွေပါနေသေးတယ်။”

ရူဘီနဲ့လီချင်းချင်းတို့နှစ်ယောက်က ဧရာမမိစ္ဆာသိမ်းငှက် တစ်ကောင်ကိုဆင့်ခေါ်ပြီး စီးလျက်အနေအထားကနေပဲ သီရာကိုမကျေမနပ်ကြည့်လိုက်ကြတယ်။ ဂျက်လေယာဥ်က ပင်လယ်ထဲထိုးကျသွားပြီဖြစ်ပြီး ရူဘီတို့အုပ်စုက လေယာဥ်အမှုထမ်းတွေကို ကူညီဖို့အချိန်မရခဲ့ကြဘူး။

“ငါဂရုမစိုက်တဲ့လူတွေရဲ့အသက်ကို ဘာလို့ အလေးထားနေမှာလဲ။”

သီရာက ရူဘီနဲ့လီချင်းချင်းက ရူးသွပ်နေတဲ့အကြည့်တွေနဲ့ ကြည့်လိုက်တယ်။ သူ့အပြာရောင်မျက်လုံးတွေထဲမှာ တောက်လောင်နေတဲ့စိတ်ဆန္ဒတွေကိုမြင်နိုင်ပြီးတော့ အမာရွတ်တွေကြောင့် တစ်မျိုးကြောက်စရာဖြစ်လို့ပေါ့။ တစ်ချိန်က ပြိုင်ဘက်ကင်းလှပခဲ့တဲ့မိန်းကလေးဟာ ရုပ်ပျက်ဆင်းပျက် သွေးဆာနေတဲ့မိစ္ဆာတစ်ကောင် ဖြစ်လာခဲ့ပြီ။

“တိုက်....” ဆွေးနွေးလို့မရနိုင်မှန်း ရိပ်မိပြီးတဲ့နောက် ရူဘီက အချိန်ဖြုန်းမနေဘဲ စုံလည်သေနတ်ကိုမောင်းဖြုတ် သီရာရဲ့ခေါင်းကိုချိန်အပစ် လီချင်းချင်းက မိစ္ဆာစာလိပ်ကို ဆွဲဖြန့်လိုက်ပါပြီ။

မိစ္ဆာသားရဲငါးကောင်က လီချင်းချင်းရဲ့ခန္ဓာကိုယ်နဲ့ ပေါင်းစပ်သွားပြီး မြင်းခေါင်းဖြတ်လှံကိုကိုင်ထားတဲ့ တောင်ပံပါ ပေါင်းစပ်မွန်းစတားကြီးဖြစ်သွားတယ်။ သိမ်းငှက်ပေါ်မှာရှိနေတဲ့ ရူဘီကလည်း ဒိုင်းကိုအသုံးပြုပြီး လီချင်းချင်းကို စွမ်းအားတွေပေါင်းထည့်ပေးလိုက်တယ်။

“မဟာမြန်နှုန်းကောင်းချီး၊ အကာအကွယ်ကောင်းချီး၊ ခွန်အားကောင်းချီး၊ ခုခံနိုင်စွမ်းကောင်းချီး....”

ရူဘီရဲ့ကျွမ်းကျင်မှုက နောက်တန်းကနေ ထောက်ပံတာ။ လီချင်းချင်းကတော့ ကျွမ်းကျင်တဲ့ယင်ယန်တာအိုဆရာ။ နှစ်ယောက်ပေါင်းတိုက်ခိုက်မှုတွေက အယ်ဒါအဆင့်တွေထဲ အစွမ်းအထက်ဆုံးလို့ပြောနိုင်တယ်။ ဒါ့အပြင် နှစ်ယောက်လုံးက အတွဲညီကြပြီး ရန်သူကိုမြင်တာနဲ့တင် ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ တစ်ယောက်နဲ့တစ်ယောက် ပြောနေစရာမလိုဘဲ ဗျူဟာအလိိုလိုချပြီးသား။

‘သီရာက အဝေးပစ်လက်နက်ကျွမ်းကျင်းသူပဲ၊ လူကပ်ပြီး အနိုင်တိုက်မယ်။' လူနှစ်ယောက် အတွေးတစ်ခုနဲ့ ကာရံညီ လှုပ်ရှားမှုတွေ။ သူတို့နှစ်ယောက်သာ အတူရှိနေမယ်ဆိုရင် ရန်သူက ဘယ်လောက်သန်မာသန်မာ အနိုင်ယူနိုင်တယ်။

“ဘေဘီလုံဂိတ်တံခါး....” သီရာက လီချင်းချင်းအနား မကပ်နိုင်သေးခင်လေးနဲ့ပစ်ချဖို့ လုပ်နေတာမြင်တော့ ရူဘီက ရွှေရောင်တံတိုင်းကြီးကို ခေါ်ထုတ်လိုက်တာပေါ့။

ရူဘီရဲ့ရွှေရောင်တံတိုင်းက လေးညို့ကနေထွက်လာတဲ့ အစစ်အမှန်လှံကိုတားလိုက်ပြီး လီချင်းချင်းလည်း သီရာနားကို ချဥ်းကပ်သွားနိုင်ခဲ့ပြီ။

“ ပျောက်ကွယ်သွားလိုက်တော့....” လီချင်းချင်းက သူ့လက်ထဲက လှံသွားနဲ့ သီရာရဲ့လည်ပင်းကိုပိုင်းချတယ်။ ဒါပေမဲ့သီရာကတော့ တည်ငြိမ်စွာနဲ့ပဲ တုံ့ပြန်ခဲ့တယ်။

“မောရှေ ပင်လယ်ပြင်ကိုပိုင်းဖြတ်ခြင်း....”

ဝုန်း...

ဆားဗီးရပ်ရဲ့နာမည်ကျော်အထွတ်အမြတ်ဓားက ကိုင်သူမရှိဘဲ လေထုထဲမှာမျောလွင့်နေတဲ့အနေအထားနဲ့ သီရာရဲ့နောက်မှာပေါ်လာတယ်။ နောက်တော့ လီချင်းချင်းကို ဦးတည်ပြီးတော့ တိုက်ခိုက်လိုက်ပါပြီ။

ဒါပေမဲ့ လီချင်းချင်းကတော့ ခေါင်းမာစွာနဲ့ ရှေ့ဆက်တိုးတယ်။

ဖျစ်...

“မဟုတ်ဘူး....” လီချင်းချင်းရဲ့မျက်လုံးတွေ ပြူးကျယ်သွားတယ်။ ပူနွေးတဲသွေးစတွေက သူ့မျက်နှာကို လာစင်တယ်။ ရန်သူရဲ့ဓားချက်က သိပ်ကိုပြင်းထန်လွန်းပြီး ဘေဘီလုံဂိတ်တံခါးတောင်မှ မတားဆီးနိုင်မှန်းသူသိတယ်။ ရှောင်ပြေးလို့ လွတ်ကောင်းလွတ်နိုင်ပေမဲ့ သီရာကိုနိုင်ဖို့က ဒီတစ်နည်းပဲရှိတာမလို့ ရှေ့ကို အတင်းတိုးဝင်ခဲ့တာ။

ဒါပေမဲ့....

“ချင်းချင်း... နင်ဘာလို့ ဒီလောက်တောင် မိုက်ရူးရဲ ဆန်ရတာလဲ။”

ရူဘီက လီချင်းချင်းရှေ့မှာရပ်နေပြီး တားဆီးလို့မရတဲ့ ဓားချက်ကို တားဆီးခဲ့တယ်။ အညိုရောင်ဆံနွယ်တွေမှာ သွေးတွေ စွန်းထင်းလို့။ သူ့စကားသံက ပြောနေရင်း တန်းလန်းမှာတင်တိုးဝင်နေပြီး မျက်လုံးအိမ်တွေက တဖြည်းဖြည်း မှေးမှိန်လာခဲ့တယ်။

ရူဘီရဲ့ခန္ဓာကိုယ်ကို ဓားသွားက လေးဆယ့်ငါးဒီဂရီစောင်း ပိုင်းချခဲ့တာ။ ဓားက ဒိုင်းကိုရော ချပ်ဝတ်နက်ကိုပါဖြတ်ပြီး ကိုယ်ကိုနှစ်ပိုင်းပိုင်းပစ်ခဲ့တယ်။ အောက်ပိုင်းက ပင်လယ်ထဲကို ပြုတ်ကျသွားပြီး အပေါ်ပိုင်းကိုတော့ လီချင်းချင်းက ဖမ်းမိလိုက်နိုင်တယ်။

“ငါ.. ငါက နင့်ရဲ့ကျေးကျွန်တစ်ယောက်ပဲလေ၊ ဘာလို့လဲ။” သူ့မျက်စိရှေ့က အဖြစ်အပျက်ကို လီချင်းချင်း နားမလည်နိုင်ဘူး။ သူက ရူဘီဆီမှာ ရှုံးနိမ့်ခဲ့ပြီးတော့ ဒီအတိုင်း အစေခံဖြစ်လာတဲ့ မိန်းကလေးပဲလေ။ ဒါပေမဲ့ ရူဘီကတော့ လီချင်းချင်းရဲ့အစေခံအမှတ်အသားကို သူ့ရဲ့နောက်ဆုံးကျန်တဲ့ခွန်အားနဲ့ ပယ်ဖျက်လိုက်တယ်။

“နင်က... ငါ့ဘဝမှာရှိတဲ့ တစ်ယောက်တည်းသော မိတ်ဆွေမလို့ပဲ။ ငါနင့်ကို အသေမခံနိုင်ဘူး။ ငါ့ဆီက ထွက်သွားတော့...” ရူဘီရဲ့ မျက်လုံးတွေက တဖြည်းဖြည်းမှေးကျလာတယ်။ သူ့ခန္ဓာကိုယ်ကနေ သွေးတွေက ရေတံခွန်လိုစီးကျနေပြီး သေဆုံးမယ့်ဘေးကနေ ရှောင်ရှားလို့မရတော့ဘူး။

“သီရာ... နင်က ငါ့ကိုသတ်ဖို့ပဲလိုတာ... သူ့ကို ချမ်းသာပေးလိုက်ပါ...ငါတို့ရဲ့တိုက်ပွဲကို ဒီလောက်နဲ့ပဲ...” ရူဘီရဲ့စကားသံက တဖြည်းဖြည်းတိုးဝင်သွားပြီး စကားမဆုံးခင်မှာပဲ ခေါင်းငိုက်စိုက်ကျသွားခဲ့တယ်။ လီချင်းချင်းကတော့ ရူဘီရဲ့ခန္ဓာကိုယ်ကိုပွေ့ချီထားရင်း သူ့တစ်ကိုယ်လုံးကို ဒေါသနဲ့ဝမ်းနည်းမှုတွေက ဝါးမျိုသွားခဲ့တဲ့အတွက် တဆတ်ဆတ်တုန်ယင်လို့။

“ငါစိတ်မပြောင်းခင် ထွက်သွားလိုက်တော့...”

သီရာက ပျက်စီးနေတဲ့ဒိုင်းကို သိမ်းယူပြီး အတက်အကျမရှိ လေသံတစ်ပြေးတည်းနဲ့ပြောလိုက်တယ်။ ဒါပေမဲ့ရူဘီက သွေးထွက်တဲ့အထိ နှုတ်ခမ်းထောင့်ကို ဖိကိုက်လိုက်ပြီး စာလိပ်အများအပြားကို ဆင့်ခေါ်လိုက်တော့တာပေါ့။

“မိစ္ဆာမ... နင်သေရမယ်....”

နောက်တော့...

ဖောက်....

အလင်းမြားတစ်ချောင်းက လီချင်းချင်းရဲ့နှလုံးကို ထိုးဖောက်သွားပြီး လီချင်းချင်းရဲ့ခန္ဓာကိုယ်ကတော့ ကောင်းကင်ပေါ်ကနေ ပင်လယ်ပြင်ဆီ တစ်ဟုန်ထိုး ကျဆင်းလာလေရဲ့။ သူ့လက်တွေကတော့ ရူဘီရဲ့ခါးကို ဖက်ထားဆဲပါ။

“ရူဘီ... နောက်ဘဝဆိုတာရှိသေးရင် ငါတို့အတူတူ ဆက်ရှိချင်​သေးတယ်။”

....

ဇာရာဇိုရာမြို့။ ညနေပိုင်း...

အယ်မာက အဖြူရောင်ဘလောက်ကို စမတ်ကျကျ ဝတ်ထားပြီး အပေါ်ကနေ နက်ပြာရောင် ဂျာကင်ကို ကြယ်သီးမတပ်ဘဲခြုံထားပါတယ်။ ဆွဲသားစကပ်တိုကို စတော့ကင်နဲ့ဝတ်ဆင်ထားပြီး ဒေါက်မြင့်ဖိနပ်ကို ခါတိုင်းလိုပဲ ဆက်စီးထားသေးတယ်။

သူက အစည်းအဝေးခန်းရဲ့စားပွဲဝိုင်းမှာထိုင်နေပြီးတော့ အခန်းထဲမှာရှိနေတဲ့ တခြားသူတွေကိုကြည့်ကာ ခေါင်းညိတ်လိုက်ပါတယ်။

“ကြည့်ရတာ နက်ဆန်ကလွဲလို့ ကျောင်းခြောက်ကျောင်းက လူတွေအားလုံးစုံပြီထင်တယ်။”

အယ်မာနဲ့အတူ စားပွဲဝိုင်းမှာအတူထိုင်နေကြတဲ့သူတွေက မီးလျှံကျောင်းတော်ရဲ့အယ်ဒါ ရိုစယ်လီယာ၊ လေကျောင်းတော်အယ်ဒါဖြစ်တဲ့ ရှားလော့ခ်၊ ရေကျောင်းတော်ရဲ့အယ်ဒါအသစ်ဖြစ်တဲ့ ခရစ်စတိုဖာ၊ မြေကျောင်းတော်ရဲ့ဖွားဖွားရီဆာ၊ အမှောင်ကျောင်းရဲ့ ဆီနိတ်တာမော်လီ စသည်ဖြင့်ပေါ့။

“ ကျောင်းခြောက်ကျောင်းက အချိန်အတော်ကြာတဲ့အထိ EUOCရဲ့အာဏာစက်ပြင်ပမှာ လှုပ်ရှားနေခဲ့တာကြာပြီ။ ဒီက ကောင်မရှင်နာမင်းကြီးက ဘာလို့ကျွန်မတို့တွေကို အရေးပေါ်အစည်းအဝေးဆင့်ခေါ်လိုက်ရတာလဲ။”

ရိုစယ်လီယာက ပြောလိုက်တယ်။ EUOCက ဥရောပသမဂ္ဂ တစ်ခုလုံးရဲ့သဘာဝလွန်ရေးရာအာဏာပိုင်ဆိုပေမဲ့လို့ ကျောင်းခြောက်ကျောင်းဆိုတာက ရှေး​ကတည်းကရှိတဲ့ အင်အားကြီးဂိုဏ်းတွေပါ။ သူတို့တစ်ဖွဲ့ချင်းစီကိုက အာလ္လုင်မရှိတဲ့EUOCနဲ့အဆင့်တူရှိတယ်။

အယ်မာကတော့ ရိုစယ်လီယာကို လက်ပိုက်ပြီးတော့ပဲ ခေါင်းညိတ်ပြလိုက်တယ်။ မြေကျောင်းအယ်ဒါရီဆာက အယ်မာကိုကောင်မရှင်နာမင်းကြီးနေရာမှာထိုင်နေလို့ ဂုဏ်ယူတဲ့အကြည့်နဲ့ကြည့်နေပေမဲ့ အယ်မာကတော့ အဲဒါကို လစ်လျူရှုထားလိုက်တယ်။ အဲဲဒီအစား...

“ကျွန်မတို့အေဂျင်စီက ရထားတဲ့သတင်းတွေအရတော့ ကွန်စတန်တီနိုပယ်မြို့တိုက်ပွဲမှာ ရှေးအယ်ဒါတွေဖြစ်ကြတဲ့ ဆားဗီးရပ်နဲ့ပီးယပ်နှစ်ယောက်လုံး သေသွားပြီတဲ့။ ဒီကိစ္စကိုတော့ ရှင်တို့သိပြီးပြီဖြစ်မှာပါ။”

အားလုံး ခေါင်းညိတ်လိုက်ကြတယ်။ ကျောင်းတော်တိုင်းမှာ သူတို့ကိုယ်ပိုင် သတင်းကွန်ယက်တွေ ရှိကြတယ်မဟုတ်လား။ ဒါပေမဲ့အယ်မာက ဆက်ပြောြပန်ရော...

“ဒါပေမဲ့ နောက်ဆက်တွဲသတင်းတစ်ခုကို အခုလေးတင် ကျွန်မရထားတယ်။ လေးသူတော်စင်သီရာက ဒိုင်းသူတော်စင်ကိုသတ်ပြီး လက်နက်လေးခုလုံးစုံအောင် စုစည်းလိုက်နိုင်ပြီဆိုတဲ့သတင်းပဲ။”

“ဒီတော့ ရဟန်းမင်းအသစ်က သူပေါ့။” ရှားလော့ခ်က ကောက်ချက်ချလိုက်တယ်။ အယ်မာကလည်း ဆက်ပြောဖို့ ရှိသေးတယ်ဆိုတဲ့ပုံစံနဲ့ လက်ကာပြလိုက်ပြီးမှ...

“ဒီလောက်နဲ့ဆိုရင်တော့ ကျွန်မက ရှင်တို့ကို ဆင့်ခေါ်မှာမဟုတ်ဘူး။ အဓိကပြဿနာက အဲဒီရဟန်းမင်းအသစ်ဖြစ်လာတဲ့သီရာက ရှေးအယ်ဒါ အဆင့်ကိုရောက်နေပြီးလို့ သံသယရှိတယ်။ ပြီးတော့ သူက ရိုမြူလက်ဘုရားကျောင်းရဲ့တပ်တွေအားလုံးကို ဥရောပဆီဆင့်ခေါ်ထားတယ်။ ပစ်မှတ်က ကျောင်းခြောက်ကျောင်းနဲ့ဥရောပဖြစ်ပုံပဲ။”

ဒီတစ်ခါတော့ အားလုံးရုပ်ရုပ်သဲသဲ ဖြစ်ကုန်ကြပြီ။ ရိုမြူလက်ဘုရားကျောင်းက တခြား​ဒေသတွေမှာ ကိုးကွယ်ယုံကြည်မှုစွမ်းအားကို စုစည်းနေတဲ့သတင်းတွေ သူတို့ရထားပြီးသား။ အခုတော့ဥရောပအလှည့်ကျလာပြီ ဆိုတဲ့သဘောပဲ။

“ဒါကြောင့် ကျွန်မတို့တွေ ညွန့်ပေါင်းတပ်ဖွဲ့ဖွဲ့ပြီးတော့ သူတို့ကိုတားဖို့လိုမယ်ထင်တဲ့အတွက် ရှင်တို့ကို ခေါ်လိုက်တာ။”

အယ်မာက အားလုံးကိုတောင်းဆိုတဲ့အကြည့်နဲ့ ကြည့်လိုက်တယ်။ ပုံမှန်ဆိုရင်တော့ EUOCအနေနဲ့ ဒီကိစ္စကိုကိုင်တွယ်ဖို့ သိပ်မခက်ဘူး။ ရဟန်းမင်းကြီး ပီးယပ်ကလည်း ရှေးအယ်ဒါဆိုပေမဲ့ အာလ္လုင်ရှိနေစဥ်က အဆင့်တူချင်း အနိုင်ရဖို့မသေချာတဲ့အတွက်ကြောင့် နှစ်ဖက်လုံးက သတိကြီးကြီးထားပြီး မလှုပ်ရှားခဲ့ကြဘူး။ ဒါပေမဲ့ အခုကောင်မရှင်က အားနည်းနေပြီ။

အယ်မာက သူ့ဝမ်းဗိုက်ကိုလက်တင်လိုက်ပြီးတဲ့နောက် အပြစ်ရှိတဲ့မျက်နှာနဲ့ပြောလိုက်လေရဲ့။ “ကျွန်မတို့အဖွဲ့က အရင်ကောင်မရှင်နာမင်းကြီးကို ဆုံးရှုံးလိုက်ရတာ မကြာသေးဘူး။ ကျွန်မကိုယ်တိုင်ရဲ့လုပ်နိုင်စွမ်းကလည်း အခုအချိန်မှာ အကန့်အသတ်ရှိတယ်။ ဒါကြောင့် ဥရောပနဲ့ အပြစ်မဲ့တဲ့သူတွေကို ကာကွယ်ဖို့ ရှင်တို့ကိုလိုတယ်။”

အားလုံးသက်ပြင်းချလိုက်တယ်။ ပထမဆုံး လက်ထောင်တဲ့သူက ခရစ်စတိုဖာပါ။

“ကျုပ်တို့ရေကျောင်းတော်က လောလောဆယ်မှာ တိုက်ခိုက်နိုင်စွမ်းအနည်းဆုံးဖြစ်နိုင်ပေမဲ့ ငွေကြေးတော့ ဘီလျံနဲ့ချီပြီး ထောက်ပံနိုင်ပါတယ်။”

ရီဆာကလည်း ငိုက်တစ်ဝက်နိုးတစ်ဝက်အနေအထားက ခေါင်းညိတ်ပြတယ်။

“အဖွားကတော့ မြေးကိုကူညီဖို့ဆိုရင် ဘာပဲပေးဆပ်ရ ပေးဆပ်ရ ကူညီမယ်။”

ရိုစယ်လီယာကလည်း စားပွဲခုံကို လက်သီးနဲ့ထုလိုက်ရင်း “ငါ့ပိုင်နက်က ဘုရားကျောင်းနဲ့ အနီးဆုံးပဲ။ ငါ့အိမ်ကို ငါမကာကွယ်ရင် ဘယ်သူက ကာကွယ်မှာလဲ။” လို့ပဲ တက်တက်ကြွကြွပါဝင်လာတယ်။

“ ကျောင်းခြောက်ကျောင်းက ကွဲပြားနေပေမဲ့ ရိုမြူလက်ကျောင်းကို ဆန့်ကျင်တဲ့နေရာမှာတော့ ပူးပေါင်းသင့်တယ်ထင်တာပဲ။” ရှားလော့ခ်က နောက်ဆုံးအနေနဲ့ထောက်ခံလိုက်တယ်။

ဒါပေမဲ့ အမှောင်ကျောင်းတော်ကိုယ်စားပြုရောက်လာတဲ့ မော်လီက နောက်ဆုံးအချိန်အထိ တိတ်ဆိတ်နေခဲ့လို့ အားလုံး သူ့ကိုကြည့်လိုက်ကြတယ်။ မော်လီကတော့ ခေါင်းခါလိုက်ရင်း...

“အခုလိုပြောရလို့ စိတ်မကောင်းဖြစ်မိပေမဲ့ သခင်က ခရီးမသွားခင် ကျွန်မတို့ကို အမိန့်ပေးခဲ့တာက ဆယ်ဗီနဲ့ မိုနီကာကိုစောင့်ရှောက်ဖို့ပါပဲ။ ဒါကြောင့် ကျွန်မမှာ ရှင်တို့နဲ့အတူတူ စစ်တိုက်ထွက်ဖို့အတွက် အခွင့်မရှိပါဘူး။ နားလည်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။”

ကျစ်...

အယ်မာက လျှာကိုလိပ်ပြီး အသံထွက်အောင် လုပ်မိသွားတယ်။ လောလောဆယ် ဥရောပမှာက အမှောင်ကျောင်းတော်ဟာ အစွမ်းအထက်ဆုံးဖြစ်ပေမဲ့ သူတို့အယ်ဒါက ခရီးလွန်နေတဲ့အတွက်ကြောင့် အဖွဲ့ကို ဦးဆောင်မယ့်သူရှိမနေဘူး။

https://mmxianxia.com/wp-content/uploads/2026/06/IMG_20250526_191158_626.webp

All Chapters