အခန်း ၅၂၄
Vol. 53 Ch. 524
အခန်း (၅၂၄)
“ဒါဆို ပေရွှမ်က တာအိုရောင်းရင်းမိုးမြေရဲ့ တပည့်ဖြစ်နေတာကိုး၊၊ ဒါဆိုရင် အံ့သြစရာ မရှိတော့ပါဘူး”
ဖီးနစ်မျိုးနွယ်ဘိုးဘေး ဖြည်းညှင်းစွာ ပြောလိုက်သည်။
“စီနီယာ ကျွန်တော့်ဆရာကိုလည်း သိတာလား”
ယဲ့ပေရွှမ် အနည်းငယ် မမျှော်လင့်ထားသဖြင့် မေးလိုက်သည်။ မည်သို့ပင်ဆိုစေ သူ့ဆရာက ဆန်းကြယ်ကောင်းကင်ဒေသတွင် နာမည်ကြီးသော်ငြား ဆန်းကြယ်ကောင်းကင်ဒေသသည် အပျက်အစီးဒေသနှင့် မိုင်ထောင်ချီ ကွာဝေးပြီး အဆုံးမဲ့ပင်လယ်ခြားနားထား၍ သတင်းများ သည်အထိရောက်လာဖို့ မလွယ်ကူပေ။
“သူ့အကြောင်း ငါ ကြားဖူးတာပေါ့”
ဖီးနစ်မျိုးနွယ်ဘိုးဘေး ပြုံးလျက် ပြောသည်။
“အရင်တုန်းက ကောင်းကင်လျှို့ဝှက်စင်မြင့်က သူတော်စင်တစ်ပိုင်း စာရင်းကို ထုတ်ပြန်ခဲ့တယ်။ မင်း ဆရာက သူတော်စင်နှစ်ပါးကို အနိုင်ယူလိုက်တာ ကမ္ဘာကြီးကို တုန်လှုပ်သွားစေခဲ့တယ်လို့ ဆိုနိုင်တယ်။ ငါလည်း အဲဒီအကြောင်း နည်းနည်းပါးပါး ကြားဖူးပါတယ်”
ယဲ့ပေရွှမ် ပြုံးကာ ပြောလိုက်၏။ “ဘိုးဘေး အရမ်း ချီးကျူးလွန်းနေပါပြီ”
“ကောင်းပြီ။ စမ်းသပ်မှုက ဒီမှာတင် ပြီးဆုံးပြီ။ လူတိုင်း နတ်ဘုရားဖီးနစ်တောင်ကြားကို အရင် ပြန်ကြမယ်”
ဖီးနစ်မျိုးနွယ်ဘိုးဘေး၏ စကားအဆုံးတွင် စမ်းသပ်မှု ပြီးဆုံးသွားကြောင်း လူတိုင်း သိလိုက်သည်။
လူတိုင်း တညီတညွတ်တည်း ပြန်လည်ဖြေကြားလိုက်ကြသည်။ “ဟုတ်ကဲ့ပါ”
နတ်ဘုရားဖီးနစ်တောင်ကြားသို့ အပြန်လမ်းတွင် ယဲ့ပေရွှမ်သည် လူတိုင်း၏ ဆွေးနွေးမှု ဗဟိုချက်ဖြစ်လာပြီး ဒေသအသီးသီးမှ ဖီးနစ်မျိုးဆက်များ သူ့အကြောင်း ဆွေးနွေးနေကြသည်။
မိုးကြိုးငှက်၊ လေပြင်းနှင့် ဖီးနစ်ပြာမျိုးနွယ်စုများပင် ချွင်းချက်မဟုတ်ပေ။
လဲ့ရှောင်၏ ကြွင်းကျန်ဝိညာဉ် ပြောလိုက်သည်။ “ဘိုးဘေး ဒီကိစ္စကို ကျွန်တော်တို့ တကယ်ကြီး ဒီတိုင်း လွှတ်ထားလိုက်တော့မှာလား”
“ဒီတိုင်း လွှတ်မထားရင် ငါတို့ ဘာလုပ်နိုင်ဦးမှာလဲ။ ငါ့ မိုးကြိုးငှက်မျိုးနွယ်ကို သူတော်စင်တွေနဲ့ ယှဉ်ပြိုင်နိုင်တဲ့ သူနဲ့ ရန်သူဖြစ်စေချင်နေတာများလား”
မဟာပဏ္ဍိတကျင်းလဲ့ သူ့နှလုံးသားထဲတွင် အကူအညီမဲ့မှုကို ခံစားနေရသော်လည်း လောလောဆယ်တွင် ဆေးခါးကို မြိုထားရန်သာ ရွေးချယ်နိုင်တော့သည်။
အခြား မိသားစုနှစ်စု၏ ဆွေးနွေးမှု အကြောင်းအရာများမှာလည်း မိုးကြိုးငှက် မျိုးနွယ်စုနှင့် ဆင်တူနေ၏။ ကောင်းကင်ရွေးချယ်ခံတစ်ဦးက တန်ဖိုးရှိသော်လည်း ၎င်းကြောင့် အစွမ်းထက်သော ရန်သူတစ်ဦးကို ဖန်တီးခြင်းက ဉာဏ်ပညာ မရှိရာကျသည်။
တစ်နာရီအကြာတွင်
ယဲ့ပေရွှမ် လူအုပ်နောက်သို့ လိုက်ပါလာပြီး နတ်ဘုရားဖီးနစ်တောင်ကြားရှိ ဖုန်းမိသားစု ခြံဝင်းသို့ ရောက်ရှိလာ၏။
ဖုန်းမိသားစုဘိုးဘေး ပြောလိုက်သည်။
“ပေရွှမ်... ဒီတစ်ကြိမ် မင်း ငါတို့ ဆန်းကြယ်ကောင်းကင်ဒေသက မီးဖီးနစ်တောင်ကြားအတွက် ဂုဏ်ကျက်သရေကို ယူဆောင်လာပေးခဲ့တယ်။ ဒီနေ့ ဒီအဘိုးကြီး မင်းအတွက် သေချာပေါက် ဂုဏ်ပြုပွဲ ကျင်းပပေးရမယ်”
ယဲ့ပေရွှမ် ပြုံးလိုက်သည်။
“ဘိုးဘေးက အရမ်း ချီးကျူးလွန်းနေပါပြီ။ ဒီဂျူနီယာက လုပ်သင့်လုပ်ထိုက်တာကို လုပ်ခဲ့ရုံပါ”
“ဟူး...”
ဖုန်းမိသားစုဘိုးဘေး ပြောလိုက်၏။ “ငြင်းဆန်မနေပါနဲ့။ ဒီအဘိုးကြီးကလည်း မင်းနဲ့ ဆွေးနွေးစရာ ကိစ္စတစ်ခု ရှိနေတယ်လေ”
“ဘိုးဘေး ကျေးဇူးပြုပြီး ပြောပါ”
ယဲ့ပေရွှမ်၏ မျက်နှာပေါ်တွင် လေးစားမှုအပြည့်ရှိနေပြီး စမ်းသပ်မှုတွင် ပထမရသွားရုံဖြင့် မောက်မာကာ အာခံမည့်ပုံ မပေါ်ပေ။
ဖုန်းမိသားစုဘိုးဘေး နှိမ့်ချပြီး တည်ငြိမ်သော ယဲ့ပေရွှမ်ကို ကြည့်ကာ တွေးလိုက်သည်။
‘ဘာလို့ ဒီကောင်လေး ဖုန်းမိသားစုရဲ့ တိုက်ရိုက်မျိုးဆက် မဖြစ်ရတာလဲ။ မဟုတ်ရင် အနာဂတ်မှာ မီးဖီးနစ်တောင်ကြားကို ဒီကောင်လေးဆီ လွှဲအပ်လိုက်ရင် ဆန်းကြယ်ကောင်းကင်ဒေသ မီးဖီးနစ်တောင်ကြားက ထိပ်တန်းအင်အားစုကြီးတစ်ခု ဖြစ်လာမှာ’
“ဒီလိုပါ။ ဒီစမ်းသပ်မှု ပြိုင်ပွဲမှာ ပထမရတဲ့အတွက် နီဗားနားမြေကို ဝင်ခွင့် ခွဲတမ်း သုံးခု ရတယ်။ ဒီခွဲတမ်းတွေကို မင်း အနိုင်ရခဲ့တာဆိုတော့ ဘယ်လို ခွဲဝေချင်လဲဆိုတာ ဒီအဘိုးကြီး မေးချင်လို့ပါ”
ယဲ့ပေရွှမ် ပြုံးကာ ပြောလိုက်သည်။
“ဒီဂျူနီယာ အတင့်ရဲပြီး ခွဲတမ်းတစ်ခု လိုချင်ပါတယ်။ ကျန်တဲ့ နှစ်ခုကိုတော့ ဘိုးဘေးကပဲ ဆုံးဖြတ်ပေးပါ”
ထိုစကားများကို ကြားတော့ လူတိုင်း လေအေးကို အလိုအလျောက် ရှူသွင်းလိုက်မိကြသည်။ ယဲ့ပေရွှမ် ဤမျှ သဘောထားကြီးလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြပေ။
တစ်ချိန်တည်းမှာပင် လူတိုင်း ဖုန်းမိသားစုဘိုးဘေးကို မျှော်လင့်ချက်အပြည့် ကြည့်လိုက်၏။
မည်သို့ပင်ဆိုစေ နီဗားနားမြေတွင် နီဗားနားရှင်သန်ခြင်းကို ဖြတ်သန်းခြင်းက သူတို့သွေးကြောဆက်နွယ်မှုများကို ပိုမို သန့်စင်သွားစေနိုင်သည်။ သူတို့ ဖီးနစ်သွေးမျိုးဆက် နိုးထလာပြီး အနာဂတ်တွင် မဟာပဏ္ဍိတတစ်ပါး ဖြစ်လာနိုင်၏။
“ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်”
ဖုန်းမိသားစုဘိုးဘေး သူ့လက်ထဲက နီဗားနားမြေသို့ ဝင်ရောက်ရန် နောက်ဆုံးခွဲတမ်းနှင့် လဲလှယ်ရန်အတွက် ယဲ့ပေရွှမ်ကို ဆုလာဘ်အချို့ ပေးရန် မူလက စီစဉ်ထားသည်။
မည်သို့ပင်ဆိုစေ လူငယ်စုံတွဲက ဤခွဲတမ်းကို လိုအပ်ကြ၏။
ယဲ့ပေရွှမ် အခြေအနေကို ဤမျှ နားလည်ပေးလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မမျှော်လင့်ထားပေ။ ယခုလိုဖြစ်နေမှတော့ ဖုန်းမိသားစုကလည်း အကျိုးအကြောင်း မဆီလျော်ဖြစ်နေ၍ မရပေ။ ပေးသင့်ပေးထိုက်သော ဆုလာဘ်များကို ပေးရမည်။ မဟုတ်ပါက အနာဂတ်တွင် ဖုန်းမိသားစုအတွက် မည်သူက အားထုတ်လုပ်ဆောင်ပေးချင်မည်နည်း။
“ဒီလိုဆိုမှတော့ နောက်ဆုံးခွဲတမ်းကို ဒီအဘိုးကြီးတို့ကပဲ ဆုံးဖြတ်ပါ့မယ်။ မင်းတို့အားလုံး ခုနစ်ရက်နေရင် နီဗားနားမြေကို ဝင်ရောက်ကျင့်ကြံဖို့သာ ပြင်ဆင်ထားကြ”
“ဟုတ်ကဲ့ပါ”
လူအုပ်ကြီး စိတ်လှုပ်ရှားစွာ ပြန်ဖြေကြားလိုက်ကြသည်။
ခဏအကြာတွင် စားသောက်ပွဲ စတင်လာ၏။ စားသောက်ပွဲက အထူးတလည် စည်ကားနေပြီး လူတိုင်း ပြုံးရွှင်နေကြသည်။
တစ်ချိန်တည်းမှာပင် ဆန်းကြယ်ကောင်းကင်ဒေသ၌
အဆုံးမဲ့ တောင်ပင်လယ်ပေါ်တွင်
သင်္ဘောတစ်စင်းက လေကိုခွင်းကာ လှိုင်းလုံးများကို ဖြတ်သန်းလျက် အရှေ့တောင်ဘက် ယွင်လော့ကျွန်းဆီသို့ ရွက်လွှင့်နေသည်။
သင်္ဘောဦးပိုင်းတွင် ချူဖုန်း သူ့လက်ထဲ၌ ငါးမျှားတံတစ်ချောင်းကို ကိုင်ထားပြီး တိတ်ဆိတ်စွာ ငါးမျှားနေ၏။
ချင်ချင်း သူ့ဘေးတွင်ထိုင်ကာ မည်သူမျှ မရှိသည့်အလား ဇီသာတီးနေသည်။
သင်္ဘောပေါ်တွင် သင်္ဘောသား အနည်းငယ်မှလွဲ၍ ကျန်သူများက မြောင်တောင်မှ လူများသာ။
လွန်ခဲ့သော ရက်အနည်းငယ်က သူတို့ ချင်းကျိုးမှ ထွက်ခွာလာပြီးနောက် ဤသင်္ဘောကြီးကို ငှားရမ်းခဲ့ကြသည်။ အစပိုင်းတွင် သင်္ဘောပိုင်ရှင်က လတ်တလော တောင်ပင်လယ်တွင် ပင်လယ်နတ်ဆိုးများ ပြဿနာရှာနေသည်ဟုဆိုကာ ယွင်လော်ကျွန်းသို့ မသွားချင်ပေ။
နောက်ဆုံးတွင် ချင်းချင်း တာအိုပေါင်းစည်းခြင်းအဆင့်၏ ဖိအားကို ထုတ်လွှတ်လိုက်မှသာ သင်္ဘောပိုင်ရှင် လူတိုင်းကို ယွင်လော်ကျွန်းသို့ ခေါ်ဆောင်သွားရန် သဘောတူခဲ့သည်။
ပိုင်ကျင်းနှင့် ချန်ကျင်းကျင်းတို့ လက်ရန်းကိုမှီကာ ပင်လယ်ရေပြင်ကို တိတ်ဆိတ်စွာ ကြည့်ရှုနေကြ၏။
“စီနီယာအစ်မ ကျွန်မတို့ အပြင်ထွက်လာတာ သုံးလေးရက် ရှိနေပြီ။ ဘာလို့ ဒုက္ခပေးမဲ့ ပင်လယ်နတ်ဆိုးတွေ ထွက်လာတာကို မတွေ့ရသေးတာလဲ။ ကျွန်မတို့ခန္ဓာကိုယ်ပေါ်က ဖိအားကို ပင်လယ်နတ်ဆိုးတွေ ကြောက်သွားကြတာများလား”
ချန်ကျင်းကျင်း ခေါင်းယမ်းလိုက်သည်။
“ငါလည်း မသိဘူး။ ဒါပေမဲ့ တွေးကြည့်ရင် အဲဒီပင်လယ်နတ်ဆိုးတွေက ငါတို့ ဘယ်သူဆိုတာ သိစရာ အကြောင်းမရှိဘူး”
သူမ အသံအဆုံးတွင် မူလက တိမ်ကင်းစင်နေသော ကောင်းကင်ယံသည် ရုတ်တရက် တိမ်မည်းများ ဖုံးလွှမ်းသွားပြီး တည်ငြိမ်နေသော ပင်လယ်ရေပြင်သည် ဆူပွက်လာတော့၏။
“နတ်ဆိုးစွမ်းအင်တွေ”
၎င်းကို မြင်သောအခါ ချန်ကျင်းကျင်း စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။
ဘေးရှိ ပိုင်ကျင်းကလည်း ပြောလိုက်၏။ “စီနီယာအစ်မ ကျွန်မတို့စွမ်းရည်တွေကို နောက်ဆုံးတော့ ပြသခွင့်ရပြီ”
“မှန်တယ်။ ဆရာ့ကို အရင်သွားပြောပြီး မလှုပ်ရှားဖို့ တောင်းဆိုကြမယ်”
ချန်ကျင်းကျင်း စကားပြောပြီးနောက် ချူဖုန်းဆီသို့ ပြေးသွားသည်။
“ဆရာ ဒီနတ်ဆိုးကို ကျွန်မတို့ဆီသာ လွှဲထားလိုက်ပါ”
“နောက်ကျသွားပြီ”
ချူဖုန်းက ဖြည်းညှင်းစွာ ပြောလိုက်သည်။ “ငါးက ငါးမျှားချိတ်ကို ဟပ်သွားပြီ”
သူ့အသံအဆုံး၌ လက်ထဲက ငါးမျှားတံကို ပြန်လည်ရုပ်သိမ်းလိုက်သည်။ ရေပွက်သံတစ်ခုနှင့်အတူ ပင်လယ်ထဲမှ ပုံရိပ်တစ်ခု ပျံသန်းထွက်ပေါ်လာ၏။ ၎င်းက ချူဖုန်းတို့အဖွဲ့ စီးနင်းလာသော သင်္ဘောကြီးထက်ပင် ပိုမိုကြီးမားသော ရေဘဝဲတစ်ကောင် ဖြစ်သည်။
၎င်းကိုမြင်သောအခါ ချူဖုန်း ပေါ့ပေါ့ပါးပါး လက်ညှိုးထိုးကာ ပြောလိုက်၏။ “ကျုံ့ဝင်စေ”
သူ့စကားနောက်တွင် ဥပဒေသက လိုက်ပါလာသည်။ မူလက တောင်ကုန်းငယ်လေးတစ်ခုခန့် ကြီးမားသော ရေဘဝဲသည် ချက်ချင်းပင် သာမန် ဘတ်စကက်ဘောလုံး တစ်လုံးအရွယ်ခန့် ဖြစ်သွားပြီး ကုန်းပတ်ပေါ်သို့ ကျဆင်းလာ၏။
မူလက တိမ်မည်းများ ဖုံးလွှမ်းနေသော ကောင်းကင်ယံသည် နေမင်းကြီး တောက်ပလာကာ ချက်ချင်းပင် တိမ်ကင်းစင်သွားသည်။
ဘုန်း
ရေဘဝဲ ကုန်းပတ်ပေါ်သို့ ကျဆင်းလာသည်နှင့် ချက်ချင်း ပြောလိုက်သည်။
“မဟာပဏ္ဍိတမိုးမြေ ကျွန်တော့်အသက်ကို ချမ်းသာပေးပါ၊ မဟာပဏ္ဍိတမိုးမြေ ကျွန်တော့်အသက်ကို ချမ်းသာပေးပါ”
“အိုး”
စိတ်ဝိညာဉ်ပြည့်အင့်ခြင်းအဆင့် ရေဘဝဲက သူ့နာမည်ကို တကယ် သိနေသဖြင် ချူဖုန်း၏ နှုတ်ခမ်းထောင့်များ အနည်းငယ် မြင့်တက်သွားသည်။ သူ ပြုံးလျက် မေးလိုက်၏။
“ငါ ဘယ်သူလဲဆိုတာ မင်း သိနေမှတော့ ဘာလို့ ဒီမှာ လာပြီး ပြဿနာရှာနေသေးတာလဲ။ ငါ ရေဘဝဲလုံးကြော် စားချင်နေတယ်ဆိုတာ သိနေလို့များလား”
“မ..မဟုတ်ပါဘူး”
ရေဘဝဲ အလျင်အမြန် ပြောလိုက်သည်။
“နားလည်မှုလွဲတာပါ မဟာပဏ္ဍိတ။ ဒါ နားလည်မှုလွဲတာပါ။ ဂျူနီယာတချို့ ယွင်လော်ကျွန်းကို မသွားနိုင်အောင် ပင်လယ်ပြင်မှာ လာပြီး ပြဿနာရှာဖို့ အမိန့်ရထားလို့ လာလုပ်ရုံသက်သက်ပါ”
“မင်း ဘယ်သူ့အမိန့်ကို နာခံနေတာလဲ။ ပြီးတော့ ငါ ဘယ်သူလဲဆိုတာ မင်း ဘယ်လိုလုပ် သိတာလဲ”
ချူဖုန်း အလျင်မစလိုစွာ မေးလိုက်သည်။
“မဟာပဏ္ဍိတကို အစီရင်ခံပါတယ်။ နိမ့်ကျတဲ့ ဘွဲဘွဲက တောင်ပိုင်းပင်လယ် နဂါးဘုရင်ရဲ့ အမိန့်နဲ့ လုပ်ဆောင်နေတာပါ။ အရှင့်ကို သိတာကတော့ အရှေ့ပင်လယ်က စစ်သူကြီးဟေးယန်ရဲ့ အိမ်တော်မှာ တစ်ခါ မြင်ဖူးခဲ့တာပါ။ အဲဒီတုန်းက အရှင် ဖိနှိပ်ခဲ့...”
ရေဘဝဲ သူသိသမျှ အချက်အလက်အားလုံးကို အိတ်သွန်ဖာမှောက် ဖောက်သည်ချလိုက်သည်။
နားထောင်ပြီးနောက် ချူဖုန်း ပြောလိုက်သည်။ “ဒီတစ်ကြိမ် ယွင်လော်ကျွန်းက ဒေါင်းမင်းသမီး ခင်ပွန်းရွေးချယ်တဲ့ ကိစ္စက တကယ်ကို စည်ကားနေတဲ့ပုံပဲ။ မင်းနဲ့ငါက ရေစက်ပါသေးတယ်လို့ သတ်မှတ်လို့ရတော့ ဒီနေ့ မင်းကို ငါ လွှတ်ပေးမယ်။ ဒါပေမဲ့ ငါ ငါးမျှားတာက အချည်းနှီး ဖြစ်လို့မရဘူး။ မင်း ငါ့ကို လျော်ကြေးပေးရမယ်”