အခန်း ၅၂၇
Vol. 53 Ch. 527
အခန်း (၅၂၇)
“ကောင်းကင်ဘုံ။ ခင်ပွန်းရွေးချယ်တဲ့ ကိစ္စမှာ မင်းသမီးမြောင်ယွီ တော်တော်ကြီးကြီးမားမား ကစားချင်ပုံပဲ။ အစေခံလေးတစ်ယောက်ကတောင် လောက၊က သူရဲကောင်းတွေကို စိန်ခေါ်နေတယ်”
“မင်းသမီးမြောင်ယွီ ယွင်လော်ကျွန်းတစ်ခုလုံးမှာ မျက်နှာသာအပေးခံရဆုံး တပည့်ဖြစ်သလို အကောင်းဆုံး ပါရမီကိုလည်း ပိုင်ဆိုင်ထားတယ်။ အသက်ငယ်ငယ်မှာပဲ သူတော်စင်တစ်ပိုင်းအဆင့်နဲ့ ခြေတစ်လှမ်းပဲ ကွာတော့တယ်။ သူ့အနားက အစေခံတွေက နီဗားနားရှင်သန်ခြင်းအဆင့်တွေလေ။ သူတို့က သူရဲကောင်းတွေကို စိန်ခေါ်ဖို့ အရည်အချင်းပြည့်မီပါတယ်”
စင်မြင့်အောက်တွင် လူအုပ်ကြီး တက်ကြွစွာ ဆွေးနွေးနေကြသော်လည်း မည်သူကမျှ ဦးအောင် ရှေ့ထွက်မလာကြပေ။
သူတို့က အရူးများ မဟုတ်ကြပေ။ ယခုလို အချိန်မျိုးတွင် ယှဉ်ပြိုင်မှု ရှုံးနိမ့်သွားပါက မျက်နှာလုံးဝ ပျက်ရပေမည်။
ချူဖုန်းတို့အဖွဲ့ စင်မြင့်ပေါ်သို့ တက်ရန် ရည်ရွယ်ချက် မရှိကြပေ။ သူတို့ တိတ်ဆိတ်စွာ ကြည့်ရှုနေကြသည်။
သူရဲကောင်းစင်မြင့်ပေါ်တွင် အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းချိန်ကြာလာသော်လည်း မည်သူမျှ စင်ပေါ်သို့ တက်မလာသေးသည်ကို မြင်သောအခါ အဖြူရောင်ဝတ်အမျိုးသမီး၏ နှုတ်ခမ်းထောင့်များ အနည်းငယ် မြင့်တက်သွားသည်။
“သူရဲကောင်းစင်မြင့်ကို လာနိုင်တဲ့သူတွေ အားလုံး ထူးခြားတဲ့သူတွေလို့ ထင်ထားတာ”
“ဒီနေ့ လာတဲ့သူတွေအားလုံး သတ္တိကြောင်တဲ့သူတွေ ဖြစ်လိမ့်မယ်လို့ ကျွန်မ မမျှော်လင့်ထားဘူး။ ရှင်တို့လို လူတွေဆိုရင် မင်းသမီးမြောင်ယွီ ခင်ပွန်းရွေးချယ်တဲ့ သိုင်းပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့ဆိုတာ မပြောနဲ့။ ယွင်လော်ကျွန်းက သာမန်ဒေါင်းမျိုးဆက်တွေတောင် ရှင်တို့ကို သဘောကျမှာ မဟုတ်ဘူး”
ထိုစကားများက ရုပ်ခန္ဓာကို ထိခိုက်မှုမဖြစ်စေသော်လည်း သိက္ခာပိုင်းကို အလွန်အမင်း စော်ကားရာရောက်ပေသည်။
ကျင့်ကြံသူအများစုသည် ခွန်အားနှင့် အသက်စွမ်းအင် ကြွယ်ဝသူများ ဖြစ်သည်။ ထိုစကားများကို ကြားတော့ သူတို့ မျက်နှာပေါ်တွင် မပျော်မရွှင်အမူအရာများ ပေါ်လာကြ၏။
ရုတ်တရက် ပုံရိပ်တစ်ခု စင်မြင့်ပေါ်သို့ ပျံသန်းလာသည်။ သူ စင်မြင်ပေါ်သို့ မဆင်းသက်ခင် သူ့အသံက အရင်ရောက်လာသည်။
“သခင်မလေး ဒီစကားတွေက မမှန်ကန်ပါဘူး။ ကျုပ်တို့ ယွင်လော်ကျွန်းပေါ်က နတ်မိမယ်တွေကို မတိုက်ခိုက်ချင်လို့ပါ။ ဒါပေမဲ့ သခင်မလေး ဒီလိုပြောလာမှတော့ ခင်ဗျားခွန်အားကို မျက်မြင်ကြည့်တာပေါ့”
ချူဖုန်း စင်မြင့်ပေါ်သို့ ကြည့်လိုက်ပြီး ဝါးခမောက်နှင့် ကောက်ရိုးမိုးကာအင်္ကျီကို ဝတ်ဆင်ထားသော အမျိုးသားတစ်ဦး ထိုနေရာတွင် ရပ်နေသည်ကို မြင်တွေ့လိုက်ရသည်။
လန်စန်းတောက် လူတိုင်းကို ကျောခိုင်းထားသဖြင့် သူ့မျက်နှာကို ရှင်းလင်းစွာ မြင်နိုင်ရန် မဖြစ်နိုင်ပေ။ သို့သော် သူ့ကျောပြင်ကပင် ဇာတ်လမ်းတစ်ပုဒ်ရှိသော အမျိုးသားတစ်ဦးဖြစ်ကြောင်း ကမ္ဘာကြီးအား ပြောပြနေတော့၏။
“လူသန်ကြီးလန် ရောက်နေတာပဲ၊ လူသန်ကြီးလန်လည်း ယွင်လော်ကျွန်းကို လာလိမ့်မယ်လို့ မမျှော်လင့်ထားဘူး”
“အမှန်ပဲ။ လူသန်ကြီးလန် ဒီဘဝမှာ ဘယ်တော့မှ အိမ်ထောင်မပြုလောက်ဘူး။ သူ့ ဓားသိုင်းသုံးကွက်ကို အထွတ်အထိပ်ရောက်အောင် ကျင့်ကြံရင်း လောကကြီးထဲ လှည့်လည်သွားလာမယ်လို့ ထင်ထားတာ။ သူတောင်မှ ယွင်လော်က နတ်မိမယ်တွေရဲ့ ဆွဲဆောင်မှုကို မခုခံနိုင်ဘူးလို့ မထင်ထားဘူး”
လူအုပ်ကြီး၏ ဆွေးနွေးမှုကို နားထောင်ရင်း ချူဖုန်း မေးလိုက်သည်။
“ရှောင်ယွီ လန်စန်းတောက်က တော်တော် နာမည်ကြီးတာလား”
“သူ့ကို နာမည် နည်းနည်းကြီးတယ်လို့ သတ်မှတ်လို့ရတယ်။ တစ်နှစ်ပတ်လုံး အရှေ့ပင်လယ်နဲ့ တောင်ပင်လယ်က ကျွန်းအသီးသီးကို လှည့်ပတ်သွားနေတာ။ သူ့ဆရာရဲ့ အမွေအနှစ်ကို ဘယ်သူမှ မသိကြပေမဲ့ သူ့ဓားသုံးချက်က အဆင့်တူအတွင်းမှာ ပြိုင်ဘက်ကင်းတယ်လို့ ဆိုနိုင်တယ်။ နီဗားနားရှင်သန်ခြင်းအဆင့်အောက်မှာ ဘယ်သူမှ သူ့ပြိုင်ဘက်မဟုတ်သလို နီဗားနားရှင်သန်ခြင်းအဆင့်အထက်က သူတွေကိုတောင် သူ တောင့်ခံထားနိုင်သေးတယ်”
ခုံးယွီ လန်စန်းတောက် အကြောင်းကို ပြောသောအခါ သူ့အကြည့်တွင် လေးစားမှုများ ပြည့်နှက်နေ၏။
“အဲသလိုကိုး”
ထိုသည်ကို ကြားတော့ ချူဖုန်း ပြုံးရုံသာပြုံးပြီး ဘာမှမပြောပေ။
“ရှင်က လန်စန်းတောက်လား”
အဖြူရောင်ဝတ်အမျိုးသမီး မျက်နှာချင်းဆိုင်က အမျိုးသားကို အကဲခတ်လိုက်သည်။
“ဟုတ်ပါတယ်။ နတ်မိမယ်ဆီက လမ်းညွှန်မှုကို တောင်းခံပါတယ်”
လန်စန်းတောက်တွင် အပိုစာသားများ ပြောစရာ မရှိသည့်အတွက် သူ့လက်ထဲက ဓားကို ဖြည်းညှင်းစွာ ဆွဲထုတ်လိုက်သည်။
ချွမ်း
ဓားကို ဓားအိမ်အတွင်းမှ ဆွဲထုတ်လိုက်သည်နှင့် သူ့တစ်ကိုယ်လုံးရှိ အရှိန်အဝါများ ပြောင်းလဲသွား၏။ ထိုနေရာတွင် ရပ်နေရုံလေးဖြင့် သူ လေပြင်းများနှင့် လှိုင်းလုံးကြီးများကြားတွင် ရပ်နေသည့်အလား။
၎င်းကိုမြင်သောအခါ အဖြူရောင်ဝတ်အမျိုးသမီး၏ မျက်လုံးထဲတွင် ချီးကျူးလိုသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။
“ရှင်ကလည်း မင်းသမီးမြောင်ယွီအတွက် လာခဲ့တာလား”
“မဟုတ်ဘူး။ ငါက ငါမြတ်နိုးတဲ့သူအတွက် လာခဲ့ရုံသက်သက်ပဲ”
လန်စန်းတောက် ထိုသို့ပြောသောအခါ သူ့လေသံထဲတွင် နူးညံ့သိမ်မွေ့မှု အချို့ပါဝင်နေပြီး လူတိုင်းကို မှင်တက်သွားစေ၏။
လူအများအပြား တိတ်တဆိတ်ပင် စတင်ဆွေးနွေးလာကြသည်။
အဖြူရောင်ဝတ်အမျိုးသမီး ပြုံးလိုက်သည်။
“အရမ်းကောင်းတယ်။ ဒီနေ့ ရှင့်ဓားသုံးချက် ကျွန်မတို့ယွင်လော်ကျွန်းက နတ်မိမယ်တစ်ပါးကို လက်ထပ်ဖို့ အရည်အချင်း ပြည့်မီသလားဆိုတာကို ကျွန်မ ကြည့်ရသေးတာပေါ့”
သူမ ပြောနေရင်း ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ် ကောင်းသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာ၏။
“နီဗားနားရှင်သန်ခြင်းအဆင့်”
ကြောက်မက်ဖွယ် အရှိန်အဝါကို ခံစားမိပြီးနောက် အတင်းစုတုပ်နေကြသည့် လူအုပ်ကြီး အံ့ဩသွားတော့၏။
လန်စန်းတောက် နေရာတွင် မလှုပ်မယှက် ရပ်နေပြီး ဖြည်းညှင်းစွာ ပြောလိုက်သည်။
“နတ်မိမယ် ခင်ဗျား အရင်တိုက်ခိုက်ပါ”
“ရှင် အရင် စတိုက်သင့်တယ်။ ရှင့်ဓားသုံးချက်က ကျွန်မရဲ့ ကာကွယ်ရေးရွှေရောင်အလင်းတန်းကို ချိုးဖျက်နိုင်ရင် ရှင်နိုင်တယ်။ ရှင် မင်းသမီးမြောင်ယွီရဲ့ ခင်ပွန်းရွေးချယ်တဲ့ သိုင်းပြိုင်ပွဲမှာ မပါဝင်ရင်တောင် ရှင်နှစ်သက်တဲ့သူကို ရှင်နဲ့ လက်ထပ်ပေးဖို့ ကျွန်မ မင်းသမီးမြောင်ယွီကို ပြောပေးမယ်”
အဖြူရောင်ဝတ်အမျိုးသမီး ပြောနေရင်း သူမ ခန္ဓာကိုယ်ကို ရွှေရောင်အလင်းတန်းတစ်ခု လွှမ်းခြုံသွားသည်။
“ဗုဒ္ဓဂိုဏ်းရဲ့ ကျင့်ကြံခြင်းနည်းစနစ်ပဲ”
ချူဖုန်း ကျင့်စဉ်၏ ဇာစ်မြစ်ကို တစ်ချက်ကြည့်ရုံဖြင့် မှတ်မိသွား၏။
ဘေးရှိ ခုံးယွီ ၎င်းကိုကြားသောအခါ ဇဝေဇဝါဖြစ်သွားပြီး တီးတိုးရေရွတ်၏။
“သူက ယွင်လော်ကျွန်းရဲ့ ဗောဓိသတ်ရွှေအလင်းတန်းကို ဘယ်လိုလုပ် သင်ယူနိုင်သွားတာလဲ။ ဒါ တော်ဝင်မိသားစုပဲ ကျင့်ကြံနိုင်တဲ့ ကျင့်စဉ်တစ်ခုလေ”
စင်မြင့်ပေါ်တွင် ရွှေရောင်အလင်းတန်းအကာကွယ်ကို မြင်သောအခါ လန်စန်းတောက် မျက်လုံးများကို အလိုအလျောက် ကျဉ်းမြောင်းပြီး ပြောလိုက်သည်။ “ကျေးဇူးအများကြီးတင်ပါတယ် နတ်မိမယ်။ ကျွန်တော် စော်ကားမိရင် ခွင့်လွှတ်ပါ။ လေပြင်းစီးနှင်းခြင်း”
သူ ဒေါသတကြီး အော်ဟစ်လိုက်ပြီး သူ့လက်ထဲက ဓားကို ပြင်းထန်စွာ ခုတ်ယမ်း၏။
ဓားစွမ်းအင် ကျဆင်းလာပြီး လေပြင်းတစ်သုတ် တိုက်ခတ်သွားသည်။ စင်အောက်က ပရိတ်သတ်များ မျက်လုံးပင် မဖွင့်နိုင်တော့ပေ။
ဘုန်း
ဓားချက်က ရွှေရောင်အလင်းတန်းအကာကွယ်ပေါ်သို့ ကျဆင်းသွားသော်လည်း လှိုင်းဂယက်ပင် ထမသွားချေ။
၎င်းကို ကြည့်ရင်း စင်အောက်က လူအုပ်ကြီး လေအေးတစ်ဆုပ် ရှူသွင်းမိကြ၏။
အဘိုးအိုတစ်ဦး တီးတိုးရေရွတ်လိုက်သည်။ “အဖြူဝတ်အမျိုးသမီးမှာ ထူးခြားတဲ့ ကျောထောက်နောက်ခံ ရှိရမယ်”
သူ့ပတ်ဝန်းကျင်ရှိ လူများကလည်း လိုက်၍ ပြောဆိုကြသည်။
“ဒီအမျိုးသမီးက သေချာပေါက် အစေခံတစ်ယောက် မဟုတ်ဘူး။ သူ ဘယ်သူလဲဆိုတာ ဘယ်သူများ သိကြလဲ”
စင်မြင့်ပေါ်တွင် လန်စန်းတောက် သူ့ဓားချက်က ထူးခြားမှုကို မဖြစ်ပေါ်စေမှန်သိသွားသော်လည်း ရေသေအလား တည်ငြိမ်နေ၏။
ဓားကျင့်ကြံသူတစ်ဦးအနေဖြင့် သူ လုပ်နိုင်သည့် တစ်ခုတည်းသော အရာမှာ သူ့လက်ထဲက ဓားကို ယုံကြည်ရန်သာ။
“လှိုင်းလုံးများကို ချိုးဖျက်ခြင်း”
မီတာလေးဆယ် မြင့်သော ဓားစွမ်းအင်ကြီး ပေါက်ကွဲထွက်လာ၏။ အဖြူဝတ်အမျိုးသမီး အလင်းတန်းအကာကွယ်အောက်တွင် ငြိမ်သက်စွာ ရပ်နေပြီး ဓားစွမ်းအင်ကို ကျဆင်းခွင့် ပြုထားသည်။
ဘုန်း
ကျယ်လောင်သည့် အသံကြီး ထွက်လာပြီး ဖုန်လုံးများ ထလာ၏။
ဖုန်လုံးများ ပျောက်ကွယ်သွားပြီးနောက် လူနှစ်ဦး အနည်းငယ်မျှ ပြောင်းလဲခြင်းမရှိဘဲ ယခင်အနေအထားအတိုင်း ရပ်နေကြသည်။
လန်စန်းတောက်၏ အမူအရာ လေးနက်သွား၏။ သူ ဖြည်းညှင်းစွာ ပြောလိုက်သည်။
“နတ်မိမယ် ကျုပ်နောက်ဆုံးဓားချက်ကိုတော့ ခင်ဗျား ဂရုစိုက်ရလိမ့်မယ်။ လူနဲ့ ဓား ပေါင်းစည်းခြင်း”
သူ လက်ထဲက ဓားကို မြှောက်လိုက်၏။ ဓားက ကျဆင်းလာပြီး လူနှင့် ဓား တစ်သားတည်း ပေါင်းစည်းသွားတော့သည်။
ထိုအခိုက် သူက ဓား၊ ဓားက သူပင်။
ချလွမ်
ထိုဓားချက်တွင် မိုးကြိုးသွားအရှိန်နှင့် ထိုက်တောင်ကြီး ဖိကြိတ်ထားသည့်အလားနှယ် ပြင်းထန်သည်။
ဓားချက် မထိခင် ပွဲကြည့်ပရိတ်သတ် လူအုပ်ကြီး၏ အမူအရာ လေးနက်သွားကြသည်။ ဗဟုသုတကြွယ်ဝသော အဘိုးကြီးတစ်ဦး ရှင်းပြလိုက်၏။
“ဓားဆန္ဒပဲ”
ဝုန်း
ဓားချက် ကျဆင်းလာသည်။ ရွှေရောင်အလင်းတန်းတွင် အက်ကွဲရာလေး ပေါ်လာသောလည်း ချက်ချင်းပင် ပြန်ပျောက်ကွယ်သွား၏။
လန်စန်းတောက် ထိုဓားကွက်ကို အသုံးပြုပြီးနောက် သူ့တစ်ကိုယ်လုံး မောပန်းနွမ်းနယ်မှုကြောင့် ပြိုလဲကျလုမတတ် ဖြစ်သွား၏။ သူ ဖြည်းညှင်းစွာ ပြောလိုက်သည်။
“ကျုပ် ရှုံးပါပြီ။ နတ်မိမယ်က ထူးခြားပါတယ်”
“ရှင် မရှုံးပါဘူး။ ရှင်နဲ့ကျွန်မ အဆင့်တူသာဆိုရင် ရှုံးတဲ့သူက ကျွန်မ ဖြစ်လိမ့်မယ်”
အဖြူဝတ်အမျိုးသမီး တောက်ပသော အပြုံးဖြင့် ပြောလိုက်သည်။
“ရှင် နှစ်သက်တဲ့သူကို သွားရှာပါ”
“ကျေးဇူးအများကြီးတင်ပါတယ် နတ်မိမယ်”
လန်စန်းတောက် အဖြူဝတ်အမျိုးသမီးကို လက်သီးဆုပ် ဂါဝရပြုပြီးနောက် စင်ပေါ်မှ ခုန်ဆင်းသွား၏။
သူ မြေပြင်ပေါ်သို့ ဆင်းလိုက်သည်နှင့် ပုံရိပ်တစ်ခု သူ့ဆီ ပြေးလာပြီး အော်ဟစ်လိုက်သည်။ “အစ်ကိုလန် ဒဏ်ရာ မရသွားဘူးမလား”
ထိုသူကို မြင်သောအခါ လန်စန်းတောက်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာ၏။ “ကိုယ် ဒဏ်ရာမရပါဘူး”
ထိုမြင်ကွင်းကို မရေမတွက်နိုင်သောလူတိုင်း မြင်တွေ့လိုက်ကြ၏။ ထိုသူတို့နှစ်ဦး ထွက်သွားသည်ကို ကြည့်ပြီး လူတိုင်း၏ အကြည့်က စင်မြင်ပေါ်သို့ နောက်တစ်ကြိမ် ကျရောက်သွားတော့သည်။