အခန်း ၅၂၈
Vol. 53 Ch. 528
အခန်း (၅၂၈)
“လူတိုင်း၊ လန်စန်းတောက်တောင် မိန်းမတစ်ယောက်အတွက် ကျွန်မနဲ့ ယှဉ်ရဲတယ်။ ရှင်တို့က မင်းသမီးကို လက်ထပ်ချင်ပြီး ကိုယ့်ခွန်အားကို မပြချင်တာလား။ ဒါမှမဟုတ် ရှုံးမှာ ကြောက်တာလား”
အဖြူဝတ်အမျိုးသမီး၏ အသံက မကျယ်လောင်သော်လည်း သူမလေသံတွင် မထင်မှတ်ထားသည့် မောက်မာမှုများနှင့် မထီမဲ့မြင်ပြုမှုများဖြင့် ပြည့်နှက်နေ၏။
သို့သော် ကျင့်ကြံသူလူအုပ်ကြီးသည် စင်ပေါ်သို့ တက်လာရမည့်အစား တီးတိုးသာ ဆွေးနွေးနေကြသည်။
အဖြူဝတ်အမျိုးသမီးသည် နီဗားနားရှင်သန်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်၏။ သူတို့က လန်စန်းတောက်ကဲ့သို့ ကျွမ်းကျင်သူများ မဟုတ်ကြပေ။ သို့ဖြစ်၍ စင်ပေါ်သို့ တက်မသွားရဲပေ။
လက်ဖက်ရည်တစ်ခွက်စာ သောက်ချိန် ကြာပြီးနောက် မျက်နှာဖုံးဝတ်ထားသော အမျိုးသားတစ်ဦး စင်မြင့်ပေါ်သို့ တက်လာ၏။
ရောက်လာသူကို မြင်သောအခါ အဖြူဝတ်အမျိုးသမီး ပြုံးကာ ပြောသည်။
“ဒီနေ့ ယွင်လော်ကျွန်း ခင်ပွန်းရွေးချယ်တဲ့ သိုင်းပြိုင်ပွဲကို လာပြီး မျက်နှာအစစ်ကို မပြတဲ့သူက ရှိသေးတာလား”
မျက်နှာဖုံးရှင် အမျိုးသားက ပြောသည်။
“ကျုပ်နာမည်က ယာစန်းပါ။ ကျုပ် ဂုဏ်သတင်းကို လူတိုင်းကြားဖူးမယ်လို့ ထင်ပါတယ်”
ထိုစကားများ ထွက်လာသည်နှင့် လူအုပ်ကြားထဲမှ အံ့ဩသံများ ထွက်လာ၏။
“ဘုရင်ယာစန်းပဲ။ ခေါ့ရှန်းဂိုဏ်း ဘုရင်လေးပါးထဲက တစ်ပါး။ သူ တောင်ထိပ်ပေါ်မှာ တာအိုကို ဆင်ခြင်နေတုန်း မတော်တဆ ပြုတ်ကျသွားပြီး မျက်နှာပျက်စီးသွားတယ်တဲ့။ ဒါပေမဲ့ သူ ခေါ့ရှန်းတာအိုအနှစ်သာရကို နားလည်ပြီး ဘုရင်တစ်ပါး ဖြစ်လာခဲ့တယ်။ သူလည်း ဒီကိုလာမယ် မထင်ထားဘူး”
“ခေါ့ရှန်းဂိုဏ်းဆိုတာ ဆန်းကြယ်ကောင်းကင်ဒေသ တောင်တန်းတစ်သိန်းက သူတော်စင်တစ်ပိုင်းအဆင့် လူသားမျိုးနွယ် အင်အားစုတစ်ခုပဲ။ သူတို့တောင် မင်းသမီးမြောင်ယွီရဲ့ ဆွဲဆောင်မှုကို မခုခံနိုင်ကြဘူးလား”
“…”
အဖြူဝတ်အမျိုးသမီး၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားသည့် အရိပ်အယောင်ပေါ်လာ၏။
“နောက်ဆုံးတော့ သင့်တော်တဲ့ ပြိုင်ဘက်ရောက်လာပြီ။ ရှင်က ကျွန်မတို့မင်းသမီးနဲ့ ထိုက်တန်လားဆိုတာ မြင်ချင်ပါတယ်”
“ကျုပ် သိုင်းပြိုင်ပွဲကို ပါဝင်တာ လက်ထပ်ဖို့ မရည်ရွယ်ဘူး။ ကျုပ် အမြင်ကျယ်ချင်လို့ လာတာ”
ဘုရင်ယာစန်းအသံက တည်ငြိမ်နေ၏။ သို့သော် လူတိုင်းကို လှုပ်ကိုင်၍ မရသော ခံစားချက်မျိုး ပေးစွမ်းသည်။
စင်မြင့်အောက်တွင် ခေါ့ရှန်းဂိုဏ်း၏ နာမည်ကို ကြားသောအခါ ချူဖုန်း၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးတက်သွားသည်။
“ဆန်းကြယ်ကောင်းကင်ဒေသမှာ ခေါ့ရှန်းဂိုဏ်း ရှိနေမယ်မထင်ဘူး”
“အစ်ကိုကြီး ခေါ့ရှန်းဂိုဏ်းဆိုတာ ဂိုဏ်းသေးသေးလေးပါ။ သူ့နာမည်မကြားဖူးတာ ပုံမှန်ပါပဲ”
မဟာပဏ္ဍိတရွှေတောင်ပံ ခေါ့ရှန်းဂိုဏ်းကို အရေးမထားပေ။
ထိုနှစ်ယောက်၏ စကားဝိုင်းက ခုံးယွီကို အံ့ဩသွားစေသည်။
ခေါ့ရှန်းဂိုဏ်းသည် မြင့်မြတ်နယ်မြေတစ်ခုမဟုတ်သော်လည်း ယွင်လော်ကျွန်းအောက် မနိမ့်ကျသည့် အင်အားစုတစ်ခုပင်။
သို့သော် ထိုကဲ့သို့ အင်အားစုမျိုးကို အရေးမပါသည့်အလား ပြောနေကြသည်။
‘သူတို့နှစ်ယောက် မြင့်မြတ်နယ်မြေကလား’
မြင့်မြတ်နယ်မြေမှသူများသည် ယခုလို ပွဲသေးသေးလေးများတွင် မတွေ့ရတတ်ပေ။
ခုံးယွီ အဖြူဝတ်အမျိုးသမီး ရည်ရွယ်ချက်ကို ယခုမှ နားလည်သည်။ သူမ ခင်ပွန်းရွေးချယ်သည့် သိုင်းပြိုင်ပွဲသို့ အရည်အချင်းမရှိသူများ ဝင်မလာစေရန် စစ်ထုတ်ကူညီပေးနေခြင်း ဖြစ်၏။
မည်သို့ပင်ဆိုစေ စည်းကားသိုက်မြိုက်သည့်စင်မြင့်ထက်တွင် ခွေလွင့်ကြောင်လေများ မည်သူမှ အလိုမရှိပေ။
“ရှင်ရော ကျွန်မရောက ဘုရင်တွေ။ ဒီနေရာမှာ တိုက်ခိုက်ရတာ ကျဉ်းကြပ်တယ်။ ကျွန်မတို့ ဘာလို့လေထဲမှာ မတိုက်ခိုက်ကြမှာလဲ”
အဖြူဝတ်အမျိုးသမီး တစ်ဖက်သူ၏ သရုပ်မှန်ကြောင့် မထိတ်လန့်သွားဘဲ အပြုံးတစ်ပွင့်ဖြင့် မေးလိုက်သည်။
“သဘောတူတယ်”
ဘုရင်ယာစန်း ပြောပြီးနောက် ကောင်းကင်ပေါ်သို့ ပျံတက်သွား၏။ အဖြူဝတ်အမျိုးသမီးက သူ့နောက်မှ ကပ်လိုက်သွားသည်။
လူတိုင်း၏ အကြည့်အောက်တွင် သူတို့နှစ်ဦး ပြင်းထန်စွာ တိုက်ခိုက်ကြတော့၏။
သူတို့တိုက်ပွဲသည် မိုးမြေကို မှေးမှိန်သွားစေသည်။
တစ်နာရီကြာပြီးနောက်
ဘုရင်ယာစန်း ကောင်းကင်ပေါ်မှ ဆင်းသက်လာပြီး စင်မြင့်ပေါ်သို့ ခြေချလိုက်၏။ သူ့နောက်တွင် အဖြူဝတ်အမျိုးသမီး ကပ်ပါလာသည်။
ဘုရင်ယာစန်း အဖြူဝတ်အမျိုးသမီးကို တရားဝင်ထုံးတမ်းဖြင့် လက်သီးဆုပ် နှုတ်ဆက်ပြီးနောက် ပြောသည်။
“နတ်မိမယ် ဝိညာဉ်စွမ်းအားက ထူးခြားလွန်းပါတယ်။ ယာစန်း အရှုံးပေးပါတယ်”
ထိုသို့နှယ် ဘုရင်ယာစန်း စင်အောက်သို့ ဆင်းသွားတော့သည်။ လူအုပ်ကြီး ထိုမြင်ကွင်းကို ကြည့်ရင် ထိုအမျိုးသမီးကို ပို၍ လေးစားသွားကြသည်။
အဖြူဝတ်အမျိုးသမီး ဆက်ပြော၏။
“ခဏလောက် နားရအောင်။ ပြီးရင် ရှင်တို့ စိန်ခေါ်ဖို့ လူလွှတ်လို့ရပြီ”
မည်သူမျှ မကန့်ကွက်ကြပေ။ ပြိုင်ပွဲသည် မူလက အလှည့်ကျတိုက်ပွဲဖြစ်သည်။ လူတိုင်း နတ်မိမယ်တစ်ဦးကိုသာ တိုက်ခိုက်နေခြင်းကပင် သူတို့အတွက် အားသာချက်ကြီးတစ်ခုပင်။ အကယ်၍ သူတို့တစ်ဖက်လူကို နားခွင့်ပင် မပေးပါက သူတို့ အလှောင်ခံရပေလိမ့်မည်။
ခဏအကြာတွင် အဖြူဝတ်အမျိုးသမီး အားပြန်ပြည့်သွားသည်။ သိပ်မကြာခင် သူတော်စင်တစ်ပိုင်းအင်အားစုမှ ဘုရင်တစ်ပါး စင်ပေါ်သို့ တက်လာ၏။
နာရီအနည်းငယ်ကြာပြီးနောက် မိုးလင်းလာသည်။
အဖြူဝတ်အမျိုးသမီး ဘုရင်သုံးပါးကို ဆက်တိုက်အနိုင်ယူလိုက်သည့်အတွင် လူအများ ထိတ်လန့်သွား၏။
ယွင်လော်ကျွန်းပေါ် မြင့်မြတ်နယ်မြေမှ လူများပင် သူမကြောင့် ထိတ်လန့်သွားကြသည်။
သူရဲကောင်းစင်မြင့်နှင့် မျက်နှာချင်းဆိုင် တည်းခိုခန်းတွင် သက်လတ်ပိုင်းအမျိုးသားတစ်ဦး ပြိုင်ပွဲစင်မြင့်ပေါ်က အဖြူဝတ်အမျိုးသမီးကို ကြည့်ပြီး ဖြည်းညှင်းစွာ ပြော၏။
“အခုလိုလုပ်နေတာ သူတို့ မင်းသမီးမြောင်ယွီ မဟာပဏ္ဍိတတစ်ပါးကိုပဲ လက်ထပ်မယ်လို့ ကြေညာနေတာမလား”
သူ့ဘေးက နောက်လိုက်လေးတစ်ဦး ပြောသည်။
“သတ္တမင်းသား ပြောတာမှန်ပါတယ်။ ယွင်လော်ကျွန်းပေါ်က မိန်းမတွေ ဦးနှောက်မရှိတာပါ”
သတ္တမင်းသား ဆက်ပြောသည်။
“ဒီတစ်ခေါက် ယွင်လော်ကျွန်းကို လာတဲ့ မြင့်မြတ်နယ်မြေ ဘယ်နှခုလဲဆိုတာ စုံစမ်းပြီးပြီလား”
နောက်လိုက်လေး လေးစားစွာ ပြော၏။
“သတ္တမင်းသား တောင်ပင်လယ်နဂါးနန်းတော်က အဋ္ဌမမင်းသားရယ်၊ ချင်းကျိုးမြေခွေးမျိုးနွယ်က ခေါင်းဆောင်ငယ်ရယ် ကျင်းချီမျိုးနွယ်က ခေါင်းဆောင်ငယ်ရယ်ပါ”
၎င်းကို ကြားတော့ သတ္တမင်းသား မျက်လုံးများ မှေးကျဉ်းရင်း ရေရွတ်သည်။
“ကြည့်ရတာ ဖီးနစ်အဆီအနှစ်ကို လိုချင်တဲ့သူ အတော်များတယ်ထင်တယ်”
နောက်လိုက်လေး ပြုံးကာ ပြော၏။
“သူတို့က မင်းသားနဲ့ယှဉ်ရင် ခွေးသာသာ ကြက်သာသာပါ။ မင်းသားလှုပ်ရှားရင် သူတော်စင်တစ်ပါး မပါသရွေ့ ဘယ်သူမှ မယှဉ်နိုင်ပါဘူး”
သတ္တမမင်းသား အတော်လေး နောက်လိုက်လေး၏ မြှောက်ပင့်ပေးမှုကို ကျေနပ်သွားသော်လည်း ပြုံးကာ ပြောသည်။
“မင်း ချဲ့ကားပြောလွန်းနေပြီ။ သူတော်စင် ဝင်မပါရင် မဟာပဏ္ဍိတမိုးမြေက အထွတ်အထိပ်ပဲ။ ငါကိုယ့်ငါ ဒုတိယမြောက် မဟာပဏ္ဍိတလို့ ပြောရမယ်”
နောက်လိုက်လေး ပြောသည်။
“မဟာပဏ္ဍိတမိုးမြေက သူတော်စင်တစ်ပိုင်းအဆင့်ဆိုပေမဲ့ လူတိုင်း သူ့ကို သူတော်စင်တစ်ပါးလို ဆက်ဆံကြတာပါ။ ဒါကြောင့် လောကနံပါတစ်မဟာပဏ္ဍိတဆိုတာ မင်းသားပါ”
တည်းခိုခန်းအတွင်း စကားဝိုင်းလေးကို မည်သူမှ သတိမထားမိပေ။ လူတိုင်း စင်မြင့်ကိုသာ ကြည့်နေပြီး နောက်ထပ် ပေါ်လာမည့် ကျွမ်းကျင်သူကိုသာ စောင့်နေ၏။
အချိန်အတော်ကြာ မည်သူမှ စင်မြင့်ပေါ်သို့ တက်မလာသည့်အခါ အဖြူဝတ်အမျိုးသမီး ပြောလိုက်သည်။
“ဒီတစ်ကြိမ် ခင်ပွန်းရွေးချယ်တဲ့ သိုင်းပြိုင်ပွဲကို လာတဲ့သူတွေက ဒီလောက်ပဲလား”
“ဒါဆို ကျွန်မ ရှင်တို့ကို အပျော်သက်သက်ပွဲကြည့်ဖို့ပဲ အကြံပေးပါရစေ။ စင်ပေါ်လည်း တက်မလာကြပါနဲ့။ ကျွန်မလို ဘုရင့်အဆင့်ကို မနိုင်ရင် သူတော်စင်တစ်ပိုင်းအဆင့် အင်အားစုက လူတွေကို ယှဉ်နိုင်မယ်ထင်လား”
ထိုစကားများကိုကြားတော့ မဟာပဏ္ဍိတရွှေတောင်ပံ ခေါင်းအသာ ညိတ်မိသည်။ ကောင်မလေး၏ ပါးစပ်က အဆိပ်ပြင်းသော်လည်း အကျိုးအကြောင်းတော့ သင်ပေ၏။
သူ့လုပ်ရပ်ကို စင်မြင့်ပေါ်မှ အဖြူဝတ်အမျိုးသမီး မြင်သွားသွားသည်။
“ခေါင်းပေါ်မှာ ရွှေရောင်ငှက်မွေးနဲ့တစ်ယောက် ရှင်လည်း ကျွန်မစကားကို အဓိပ္ပာယ်ရှိတယ်လို့ ထင်တယ်မလား”
ထိုစကားများကြောင့် လူတိုင်း ချူဖုန်းတို့ကို ကြည့်လာကြသည်။
မဟာပဏ္ဍိတရွှေတောင်ပံ ထိုကောင်မလေး သူ့အပေါ်သို့ အမုန်းတရားများ ဆွဲယူငင်ပေးမည်ဟု မထင်ထားပေ။
သို့သော် သူ မကြောက်ရွံ့ပေ။
“ဟုတ်တယ်။ မမှားဘူး။ သူတော်စင်တစ်ပိုင်းအဆင့်တွေရဲ့ စင်မြင့်ကို ဘုရင်အဆင့်တွေ ဝင်မစွက်ဖက်သင့်ဘူး”
“တောက်”
ပတ်ဝန်းကျင်မှ မကျေမနပ် ပေါက်ကွဲသံများ ထွက်ပေါ်လာ၏။
“ကောင်စုတ်လေး မင်းကိုယ်မင်း မဟာပဏ္ဍိတတစ်ပါးလို့ ထင်နေလား”
“ဟုတ်တယ်။ မင်းလည်း လူကြီးတွေပွဲကို ပျော်ဖို့လာတာလား”
“…”
ထိုစကားများကြောင့် မဟာပဏ္ဍိတရွှေတောင်ပံ ပြုံးမိသွားပြီး ပြောလိုက်၏။
“ဟုတ်တယ်။ ငါကြည့်ဖို့လာတာ။ ဒါပေမဲ့ ဘုရင်တွေပဲ ပါနေလို့ ငါမလှုပ်ရှားရသေးဘူး”
သူ ထိုသို့ မပြောလျှင် ကောင်းသေး၏။ သို့သော် ပြောလိုက်သည့်အတွက် ပတ်ဝန်းကျင်မှ လူများ ပို၍ပင် မပျော်မရွှင် ဖြစ်သွားကြသည်။
“မင်း အရမ်းသန်မာနေရင် စင်ပေါ်တက်သွားပြီး ငါတို့ကို မင်းအင်အား ပြသလေ”
“ဟုတ်တယ်။ မင်းပြောတာ မမှားဘူး။ ဒါပေမဲ့ ငါတို့ အမြင်ကျယ်အောင် လုပ်ပေးပါဦး”
“…”
လူတိုင်း ပြောလာကြသည်။ မဟာပဏ္ဍိတရွှေတောင်ပံ သူ့ကိုယ်ပေါ်မှ ဖိအားကို ထုတ်လွှတ်ရန် ပြင်လိုက်စဉ် အဖြူဝတ်အမျိုးသမီးက ဦးစွာ ပြောလာ၏။
“တာအိုရောင်းရင်း ရှင် အရမ်းယုံကြည်မှုရှိနေမှတော့ ကျွန်မကို ရှင့်တာအိုအနှစ်သာရကို ပြသပေးပါလား”
သူမ အသံအဆုံး တိတ်ဆိတ်သွားတော့၏။ လူတိုင်း မဟာပဏ္ဍိတရွှေတောင်ပံကို ဝမ်းသာအားရ ကြည့်လာကြသည်။