← Chapters

အခန်း ၆၇

Vol. 7 Ch. 67

အခန်း ၆၇

Vol. 7 Ch. 67

အခန်း (၆၇)လုပ်ကြံသူ၏ အိပ်စက်ခြင်းခန်းနှင့် ကျွန်ုပ်၏ “တွေ့ဆုံမှု”

လေအေးမြူခိုးများကြားတွင် လေဆာသေနတ်ကို ဆုပ်ကိုင်ထားသော လက်တစ်ဖက်မှာ အလွန်ပင် ထူးဆန်းနေလေသည်။

သေနတ်ကိုယ်ထည်မှာ အနက်ရောင်ဖြစ်ပြီး မည်သည့်ပစ္စည်းနှင့် ပြုလုပ်ထားမှန်း မသိနိုင်ပေ။ ပြောင်းဝမှာ သွယ်လျပြီး ရှေ့ဘက်ရှိ အနီရောင် မီးလုံးငယ်လေးက အိပ်ပျော်နေရာမှ နိုးထတော့မည့် မျက်လုံးတစ်စုံအလား တဖျပ်ဖျပ် လင်းလက်နေ၏။

ယင်ကျိန်း၏ နှလုံးခုန်နှုန်းမှာ ချက်ချင်းပင် မြန်ဆန်လာသည်။

သူသည် လေဆာသေနတ်ကို တစ်ခါမျှ မမြင်ဖူးသော်လည်း ရှောင်ဂျီ ပြောပြထားသော သိပ္ပံဇာတ်လမ်းများအရ ဤအရာ၏ အန္တရာယ်ကို ကောင်းစွာ နားလည်ထားသည်။ ဤကိရိယာသည် နေမင်းထက်ပင် ပိုမိုတောက်ပသော အလင်းတန်းကို ထုတ်လွှတ်ကာ လူတစ်ယောက်ကို ချက်ချင်းပင် ပြာဖြစ်သွားအောင် လုပ်ဆောင်နိုင်သည်ဟု ဆိုလေသည်။

"အရှင်မင်းကြီးကို ကာကွယ်ကြ..."

ရှန်းယွီက အမြန်ဆုံး တုံ့ပြန်လိုက်သည်။ ဤလူသတ်နတ်ဘုရားမှာ ရှေ့တွင် မြင်နေရသော မြင်ကွင်းကြောင့် တုန်လှုပ်သွားသော်လည်း သူ၏ တိုက်ခိုက်ရေး အာရုံခံနိုင်စွမ်းအရ "ခံတပ်ဖြိုခွင်းသူ" ဓားကို ချက်ချင်း ဆွဲထုတ်ကာ ယင်ကျိန်းရှေ့သို့ အကာအကွယ်ပေးရန် တက်လှမ်းလိုက်သည်။

ထိုအချိန်တွင် ပတ်ဝန်းကျင်ရှိ တော်ဝင်အစောင့်များလည်း တုံ့ပြန်လိုက်ကြသည်။ အလေးချိန်ကြီးမားသော လေးများက ကျင်း၏ အောက်ခြေကို ချိန်ရွယ်ထားကြ၏။ ထိုလက်က တစ်စုံတစ်ရာ ရွေ့လျားလိုက်သည်နှင့် မြှားများက ထိုလက်ကို ဆန်ခါအဖြစ် ပြောင်းလဲသွားစေတော့မည် ဖြစ်သည်။

"ခဏနေကြ..."

ယင်ကျိန်းက လက်ကိုမြှောက်ကာ ပစ်ခတ်တော့မည့် စစ်သည်များကို တားလိုက်သည်။

သူသည် အသက်ကို ပြင်းပြင်းရှူသွင်းကာ မိမိကိုယ်ကို တည်ငြိမ်အောင် ထိန်းလိုက်သည်။

ထိုလက်က လက်နက်ကို ကိုင်ထားသော်လည်း ချက်ချင်း တိုက်ခိုက်ခြင်းမရှိသေး။ ဤသည်မှာ အတွင်းမှ ထွက်လာမည့်သူမှာ အိပ်ရာမှ အပြည့်အဝ မနိုးထသေးခြင်း သို့မဟုတ် စောင့်ကြည့်နေခြင်း ဖြစ်မည်ဟု သူက ကောက်ချက်ချသည်။

"ရှောင်ဂျီ….”

ယင်ကျိန်းက စိတ်ထဲတွင် ရေရွတ်လိုက်၏။

"ဒီအရာက ဘယ်လောက်အထိ အစွမ်းထက်သလဲ..."

[အရှင်မင်းကြီး၊ ကျွန်တော်မျိုး၏ ဒေတာဘေ့စ်အရ ဤသည်မှာ စံပြ ပလာစမာပဲလ်စ် သေနတ်တစ်လက်ဖြစ်သည်။ ၎င်း၏ အမြင့်ဆုံးစွမ်းအင်ဖြင့် တစ်မီတာထူသော သံမဏိပြားကို 0.1 စက္ကန့်အတွင်း ဖောက်ထွင်းနိုင်ပါသည်]

[သို့သော် ထိုအနီရောင်မီးလုံး လင်းလက်နေသည့် အကြိမ်ရေကို ကြည့်ရလျှင် သေနတ်မှာ 'အပူပေး' အဆင့်တွင်သာ ရှိသေးပြီး စွမ်းအင်သိုလှောင်မှု မလုံလောက်နိုင်ကြောင်း တွေ့ရှိရပါသည်]

[ထို့ပြင် အိပ်စက်ခြင်းခန်းထဲမှ နိုးလာသူမှာလည်း ကိုယ်ခန္ဓာလုပ်ဆောင်ချက်များ အပြည့်အဝ ပြန်လည်မကောင်းမွန်သေးပေ။ သူ၏ တုံ့ပြန်မှုနှင့် ဆုံးဖြတ်ချက်များမှာ လျော့နည်းနေပါလိမ့်မည်]

[အကြံပြုချက် - သူ အပြည့်အဝ မနိုးထခင်မှာပင် အရင်ဆုံး ထိန်းချုပ်လိုက်ပါ]

ယင်ကျိန်းက မျက်လုံးကိုမှေးကာ တဖြည်းဖြည်း တိုးထွက်လာသော ထိုလက်ကို စိုက်ကြည့်လိုက်သည်။

ထိုလက်မှာ သာမန်အတိုင်းပင် ဖြစ်သည်။ လက်ချောင်းငါးချောင်း၊ အရေပြားအရောင်မှာ သာမန် အဝါနုရောင်ဖြစ်ပြီး လက်သည်းများကို သပ်ရပ်စွာ ညှပ်ထား၏။ ဤသည်မှာ ထူးဆန်းသော ဘီလူးတစ်ကောင်၏ လက်မဟုတ်ဘဲ သာမန်လူတစ်ယောက်၏ လက်နှင့် ပိုတူနေသည်။

"မားကပ်စ်..."

ယင်ကျိန်းက မြေအောက်ခန်းတစ်ခုလုံး ပဲ့တင်ထပ်သွားအောင် ရုတ်တရက် ခေါ်လိုက်သည်။

"မင်းက ရောမစကား၊ လက်တင်စကားနဲ့ အနောက်တိုင်းစာတွေကို နားလည်တယ် ဒီလူ ဘယ်သူလဲဆိုတာ မင်း ခန့်မှန်းနိုင်သလား..."

မားကပ်စ်မှာ ကြောက်လန့်တကြားဖြင့် မြေပြင်ပေါ်တွင် ထိုင်နေရသည်။ ယင်ကျိန်း၏ မေးခွန်းကို ကြားသောအခါ သူသည် အမြန်ထကာ ကျင်းဘက်သို့ ကိုင်းညွတ်၍ ကြည့်လိုက်သည်။

"အရှင်... အရှင်မင်းကြီး၊ ဒီလက်က... ကျွန်တော်တို့ ရောမလူမျိုးတွေရဲ့ လက်နဲ့ တူနေပါတယ်ညအရေပြားအရောင်နဲ့ လက်ချောင်းပုံစံက အလွန်တူပါတယ်..."

"ဒါပေမယ့်..."

မားကပ်စ်က တံတွေးကို အနိုင်နိုင်မြိုချလိုက်သည်။

"ဒီလိုအဝတ်အစားမျိုးကို ကျွန်တော် တစ်ခါမှ မမြင်ဖူးဘူး လက်ကောက်ဝတ်မှာရှိတဲ့ ငွေရောင် တောက်ပတဲ့အရာနဲ့ အဲ့ဒီ ထူးဆန်းတဲ့ဓားတိုက ကျွန်တော်တို့ခေတ်နဲ့ မဆိုင်ပါဘူး..."

ထိုစဉ်မှာပင် ထိုလက်က ရုတ်တရက် ရွေ့လျားသွားသည်။

၎င်းသည် တဖြည်းဖြည်း ပြန်ဝင်သွားပြီးနောက် အက်ကွဲကြောင်းအတွင်းမှ ချောင်းဆိုးသံတစ်ခု ထွက်ပေါ်လာ၏။

"အဟွတ်... အဟွတ်......"

အသံမှာ အလွန်အားနည်းနေပြီး ရောဂါဝေဒနာ ခံစားထားရသည့် လူနာတစ်ယောက်နှင့် တူလေသည်။

ထို့နောက် ခေါင်းတစ်လုံးက တဖြည်းဖြည်း ထွက်ပေါ်လာသည်။

၎င်းမှာ အသက်လတ်ပိုင်း အရွယ်ရှိသော အမျိုးသားတစ်ဦး၏ မျက်နှာဖြစ်သည်။

ဆံပင်တိုတို၊ အရေပြား အနည်းငယ် ဖျော့တော့တော့၊ နှာတံမြင့်မြင့်နှင့် မျက်လုံးကျင်းများ နက်ရှိုင်းသည်။ ယင်ကျိန်းကို အံ့အားသင့်စေသည်မှာ ထိုသူ၏ မျက်လုံးများမှာ အနက်ရောင်ဖြစ်နေပြီး မျက်ဆန်အတွင်း၌ အီလက်ထရောနစ် ပစ္စည်းများတွင်သာ တွေ့ရလေ့ရှိသော အလင်းရောင် အမှိန်လေးများ ရှိနေခြင်းပင် ဖြစ်သည်။

"ကျိန်ဆဲချင်စရာကောင်းလိုက်တာ... ဒီငရဲခန်းကြီး..."

ထိုသူက ထူးဆန်းသော ဘာသာစကားဖြင့် ရေရွတ်လိုက်ပြီးနောက် အိပ်စက်ခြင်းခန်းထဲမှ ထွက်လာရန် ရုန်းကန်လိုက်သည်။

သူသည် ချောမွေ့သော အထည်ဖြင့် ပြုလုပ်ထားသည့် ငွေခဲရောင်အကျီကို ဝတ်ဆင်ထားပြီး ကြံ့ခိုင်သော ကိုယ်ခန္ဓာကို ပုံဖော်ထားသည်။ သူ၏ ရင်ဘတ်တွင် ထူးဆန်းသော အမှတ်တံဆိပ်တစ်ခု ရှိနေ၏။ ၎င်းမှာ တြိဂံပုံစံအတွင်း၌ စက်ဝိုင်းနှင့် မျဉ်းကြောင်းသုံးကြောင်း ပါဝင်သည်။

သူ၏ ညာလက်တွင် လေဆာသေနတ်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားဆဲ ဖြစ်သည်။

"စစ်ဆေးနေသည်... ပတ်ဝန်းကျင်ဆိုင်ရာ ကန့်သတ်ချက်များ ပုံမှန်မဟုတ်..."

ထိုသူက သူ၏ ဘယ်လက်ကို မြှောက်လိုက်သည်။ သူ၏ လက်ကောက်ဝတ်တွင် နာရီနှင့်တူသော ကိရိယာတစ်ခု ရှိနေပြီး မျက်နှာပြင်ပေါ်တွင် အချက်အလက်များ လင်းလက်နေသည်။

"ဆွဲငင်အား - စံ။ လေထုဖွဲ့စည်းပုံ - နိုက်ထရိုဂျင် ၇၈ ရာခိုင်နှုန်း၊ အောက်ဆီဂျင် ၂၁ ရာခိုင်နှုန်း... ကာဗွန်ဒိုင်အောက်ဆိုက် အနည်းငယ် များပြားသည်။ လေထုအရည်အသွေး - ညံ့ဖျင်းသည်။"

"အပူချိန် - ၂၅ ဒီဂရီ စင်တီဂရိတ်။ စိုထိုင်းဆ - ၆၀ ရာခိုင်နှုန်း။"

"အချိန်သတ်မှတ်ချက်... အမှား။ စနစ်က တည်နေရာကို ရှာမတွေ့နိုင်။"

ထိုသူက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။

ရှေးခေတ် ဝတ်စုံများကို ဝတ်ဆင်ထားပြီး လက်နက်များကို ကိုင်ဆောင်ထားသော စစ်သည်များကို မြင်သောအခါ သူသည် အေးခဲသွားသည်။

"သေစမ်း..."

သူသည် အလိုအလျောက်ပင် ခေတ်သစ် တရုတ်စကားဖြင့် ရေရွတ်လိုက်သည်။ လေသံမှာ အနည်းငယ် ကွဲပြားနေသော်လည်း ယင်ကျိန်း နားလည်လိုက်သည်။

ယင်ကျိန်း၏ မျက်ဝန်းများမှာ ကျဉ်းမြောင်းသွားသည်။

*တရုတ်စကားလား..*

*ဒီလူက တရုတ်စကား ပြောတတ်တာလား*

*ပြီးတော့ ဒီလို... ခေတ်သစ်၊ ရိုင်းစိုင်းသော စကားလုံးကို သုံးတာလား*

"မင်းက ဘယ်သူလဲ..."

ယင်ကျိန်းက လမ်းပိတ်နေသော ရှန်းယွီကို ဖယ်လိုက်ပြီး ကျင်းအစွန်းဘက်သို့ လျှောက်သွားလိုက်သည်။ ထိုသူမှာ လက်နက်ကိုင်ထားသော်လည်း သူ့ထက်ပင် အံ့အားသင့်၊ ဝေဝါးနေသည်ကို ယင်ကျိန်း ခံစားမိသည်။

ထိုသူက ယင်ကျိန်း၏ အသံကို ကြားသောအခါ လှည့်ကြည့်လိုက်သည်။

ယင်ကျိန်း ဝတ်ဆင်ထားသော တောက်ပသည့် အဝါရောင် နဂါးဝတ်ရုံကို မြင်သောအခါ သူ၏ မျက်လုံးများ ပြူးကျယ်သွားသည်။

"မင်း... မင်းက..."

သူ၏ လက်ထဲမှ လေဆာသေနတ်မှာ တဖြည်းဖြည်း မြှောက်တက်လာသော်လည်း နှောင့်နှေးနေ၏။ တွန့်ဆုတ်နေပုံရသည်။

[အရှင်မင်းကြီး…. အန္တရာယ်ရှိပါသည်]

ရှောင်ဂျီက စိတ်ထဲတွင် အော်ဟစ် သတိပေးလိုက်သည်။

[ဒီသေနတ်က အပူပေးနေဆဲဖြစ်ပေမယ့် အနီးကပ် ပစ်ခတ်လိုက်ရင် အသက်အန္တရာယ် ရှိနိုင်ပါသည်]

ယင်ကျိန်းမှာ ရှောင်ဂျီ၏ သတိပေးချက်ကို မကြားသကဲ့သို့ပင် ရှေ့သို့ ဆက်လျှောက်သွားသည်။

သူ လောင်းကြေးထပ်နေခြင်းဖြစ်သည်။

ဤလူက ပစ်ရဲမှာ မဟုတ်ဘူးဟု သူ လောင်းကြေးထပ်သည်။

ဤလူသည်လည်း သူ့လိုပင် ဤခေတ်၏ ထူးခြားသူဖြစ်လိမ့်မည်ဟု သူ လောင်းကြေးထပ်သည်။

"ငါ မေးခွန်းတစ်ခု မေးနေတယ်..."

ယင်ကျိန်းက ကျင်းအစွန်းတွင် ရပ်လိုက်ပြီး အောက်ရှိ ထိုသူကို ငုံ့ကြည့်ကာ ပြောလိုက်သည်။

"မင်း ဘယ်သူလဲ… ဘယ်ကနေ လာတာလဲ…ဘာလို့ ဒီသံဥခွံထဲမှာ အိပ်ပျော်နေတာလဲ..."

ထိုသူက ယင်ကျိန်းကို ကြည့်ကာ နှုတ်ခမ်းများ တုန်ယင်သွားပြီးနောက် ရုတ်တရက် ရယ်မောလိုက်သည်။

သူ၏ အပြုံးမှာ အလွန်ထူးဆန်းသည်။ အံ့အားသင့်မှု၊ အားမလိုအားမရဖြစ်မှုနှင့်အတူ ဒုက္ခရောက်ဖူးသူ၏ ခါးသီးမှုတို့ ရောယှက်နေသည်။

"ကျွန်တော်က..."

သူသည် အသက်ကို ပြင်းပြင်းရှူကာ ခေတ်သစ် မန်ဒရင်စကားဖြင့် ပြောလိုက်သည်။

"ကျွန်တော်က ဝမ်ကျန့်တော်ပါ၊ အမှတ်စဉ် တီ-၁၀၄၇၊ အာကာသနှင့် အချိန် စီမံခန့်ခွဲရေးဗျူရို၏ တတိယဌာနမှ အရာရှိတစ်ယောက်ပါ..."

"အာကာသနှင့် အချိန် စီမံခန့်ခွဲရေးဗျူရို လား..."

ယင်ကျိန်းက မျက်မှောင်ကြုတ်လိုက်သည်။

[အရှင်မင်းကြီး]

ရှောင်ဂျီ၏ အသံမှာ အလွန်အမင်း စိတ်လှုပ်ရှားနေသည်။

[အာကာသနှင့် အချိန် စီမံခန့်ခွဲရေးဗျူရို… အဲ့ဒါက ဝတ္ထုနဲ့ ရုပ်ရှင်တွေထဲက ဇာတ်လမ်းပါ…လက်တွေ့မှာ လုံးဝ မရှိပါဘူး]

[ဒါပေမယ့်... ဒီလူပြောတာ အမှန်ဆိုရင် သူက... အနာဂတ်ကနေ ရောက်လာတဲ့ အချိန်ခရီးသွား ဖြစ်နိုင်ပါတယ်]

[ပြီးတော့ သူက အာကာသနှင့် အချိန် ပုံမှန်မဟုတ်ခြင်းများကို ကိုင်တွယ်ရမည့် အမှုထမ်းလည်း ဖြစ်နိုင်ပါတယ်]

ယင်ကျိန်း၏ ရင်ထဲတွင် လှိုင်းထန်သွားသည်။

အာကာသနှင့် အချိန် စီမံခန့်ခွဲရေးဗျူရို။

အနာဂတ်။

အမှုထမ်း။

ဒါတွေအားလုံးက ဘာတွေလဲ။

"မင်းက... အမှုထမ်းတစ်ယောက်ဆိုပါလား..”

ယင်ကျိန်းက စမ်းသပ်မေးမြန်းလိုက်သည်။

"ဒါဆို မင်း ငါ့ကိုဖမ်းဖို့ ရောက်လာတာလား..."

ဝမ်ကျန့်ကော်က ခေါင်းခါလိုက်ပြီး ကျင်းထဲမှ တဖြည်းဖြည်း တက်လာသည်။

ပတ်ဝန်းကျင်ရှိ စစ်သည်များက ချက်ချင်း ဝိုင်းလိုက်ကြသည်။ မြှားများနှင့် လှံများမှာ သူ့ကို ချိန်ရွယ်ထားကြ၏။

သို့သော် ဝမ်ကျန့်ကော် လုံးဝ မကြောက်ရွံ့။ သူသည် ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီးနောက် အပေါ်ရှိ တောက်ပနေသော မီးရောင်များကို ကြည့်ကာ ယင်ကျိန်းထံသို့ အကြည့်ပြန်ရောက်သွားသည်။

"မဟုတ်ပါဘူး..."

ဝမ်ကျန့်ကော်က ခါးသက်သက် ပြုံးလိုက်သည်။

"ကျွန်တော်က... အာကာသနှင့် အချိန် ပုံမှန်မဟုတ်ခြင်းကို စုံစမ်းဖို့ ရောက်လာတာပါ..."

"ဒါပေမယ့် ကျွန်တော့်သင်္ဘောက အချိန်-အာကာသ အက်ကွဲကြောင်းကို ဖြတ်ကျော်တဲ့အခါ စက်ချို့ယွင်းသွားပြီး ဒီနေရာမှာ အရေးပေါ် ဆင်းသက်ခဲ့ရပါတယ်။ စွမ်းအင်တွေ ကုန်ဆုံးသွားလို့ အိပ်စက်ခြင်းစနစ်ကို ဖွင့်ထားခဲ့တာပါ၊ ကယ်ဆယ်ရေးကို စောင့်မျှော်နေရင်းနဲ့..."

သူသည် လက်ကောက်ဝတ်ရှိ ကိရိယာကို ကြည့်လိုက်သည်။ မျက်နှာပြင်ပေါ်တွင် အနီရောင် သတိပေးချက်များ ပေါ်နေ၏။

[စနစ်အမှား - အချိန်-အာကာသ ကွန်ရက်သို့ ချိတ်ဆက်၍မရပါ။ တည်နေရာရှာဖွေမှု ကျရှုံး။ ကယ်ဆယ်ရေးအချက်ပြ မပေးပို့နိုင်။]

"ငါ ဒီနေရာမှာပဲ ပိတ်မိနေပြီနဲ့ တူပါတယ်..."

ဝမ်ကျန့်ကော်က လေဆာသေနတ်ကို သိမ်းလိုက်သည်။ သို့သော် ချမချဘဲ ခေါက်လိုက်ရာ လက်ဖဝါးအရွယ် သတ္တုပြားလေး ဖြစ်သွားပြီးနောက် ခါးရှိ အိတ်ငယ်လေးထဲသို့ ထည့်လိုက်သည်။

ဤလုပ်ရပ်ကြောင့် ပတ်ဝန်းကျင်ရှိ စစ်သည်များမှာ ကြောင်သွားကြသည်။

လက်နက်တစ်ခုကို ခေါက်လိုက်လို့ ရတယ်ပေါ့။

ဒါ ဘာမှော်ပညာလဲ။

"ကျွန်တော် ပိတ်မိနေပြီဆိုတော့ ဖုံးကွယ်စရာ မလိုတော့ပါဘူး..."

ဝမ်ကျန့်ကော် သူ့လက်နှစ်ဖက်ကို ဖြန့်လိုက်သည်။

"ကျွန်တော်က အာကာသနှင့် အချိန် စီမံခန့်ခွဲရေးဗျူရိုက ကံဆိုးတဲ့ ဝန်ထမ်းတစ်ယောက်ပါ။ အခုတော့ အရှင်မင်းကြီးလိုပဲ ဒီခေတ်ရဲ့ ဧည့်သည်ဖြစ်သွားပါပြီ..."

ယင်ကျိန်းက ဝမ်ကျန့်ကော်ဟု ပြောသော ထိုသူကို ကြည့်ကာ စိတ်ထဲတွင် ရှုပ်ထွေးနေသည်။

"ရှောင်ဂျီ..."

ယင်ကျိန်းက စိတ်ထဲတွင် မေးလိုက်၏။

"ဒီလူကို ယုံကြည်လို့ရသလား..."

[အရှင်မင်းကြီး၊ သူ၏ မျက်နှာအမူအရာ၊ စကားပြောပုံနှင့် အပြုအမူများကို ခွဲခြမ်းစိတ်ဖြာကြည့်လျှင် ယုံကြည်နိုင်ခြေ ၆၅ ရာခိုင်နှုန်း ရှိပါသည်]

[သူ ဒီနေရာမှာ ပိတ်မိနေတာ အမှန်ဖြစ်ပုံရသည်။ ထိုသေနတ်မှာ အန္တရာယ်ရှိသော်လည်း လက်နက်ကို အရင်သိမ်းလိုက်သည့် လုပ်ရပ်က ပဋိပက္ခ မဖြစ်စေလိုကြောင်း ပြသနေပါသည်]

[သို့သော် အာကာသနှင့် အချိန် စီမံခန့်ခွဲရေးဗျူရိုဆိုသည့်အရာမှာ ကျွန်တော်မျိုး၏ ဒေတာဘေ့စ်ထဲတွင်သာရှိသည့် အရာမျိုး ဖြစ်ပါသည်။ လက်တွေ့တွင် ရှိ၊ မရှိ မသိပါ]

[ဒါပေမယ့် တစ်ခုတော့ သေချာသည် - သူ ပိုင်ဆိုင်ထားတဲ့ နည်းပညာက အရှင်မင်းကြီးတို့ခေတ်ထက် အများကြီး သာလွန်နေပါသည်]

ယင်ကျိန်းက မျက်လုံးကို မှေးလိုက်သည်။

နည်းပညာ။

အဲ့ဒါပဲ။

ဤလူက အနာဂတ်ကနေ ရောက်လာတာ အမှန်ဆိုရင် သူ၏ ဦးနှောက်ထဲတွင် ယင်ကျိန်း အခု လိုအပ်နေသည့် ဗဟုသုတများစွာ ရှိနေမှာ အသေအချာပင်။

"ဝမ်ကျန့်ကော်..."

ယင်ကျိန်းက ပြောလိုက်သည်။

"မင်းက အမှုထမ်းလို့ ပြောတော့ ငါ ဘယ်သူလဲဆိုတာ သိမှာပေါ့နော်..."

ဝမ်ကျန့်ကော်က ခဏမျှ တုံ့ဆိုင်းပြီးနောက် ခေါင်းညိတ်လိုက်သည်။

"သိပါတယ် အရှင်မင်းကြီးက...ပထမဆုံး ချင်ဧကရာဇ် ချင်ရှီဟွမ် ဖြစ်ပါတယ်..."

"ဒါပေမယ့်..."

ဝမ်ကျန့်ကော်က ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ သူ၏ မျက်လုံးထဲတွင် ဝေဝါးမှုများ ရှိနေသည်။

"ဒီက သမိုင်းက... ကျွန်တော် သင်ခဲ့ရတာနဲ့ နည်းနည်း ကွဲပြားနေသလိုပဲ..."

"ဥပမာ - ဒီမီးရောင်တွေ၊ ဒီ ဘိလပ်မြေတွေ၊ ပြီးတော့ အရှင်မင်းကြီး ဝတ်ထားတဲ့... ခေတ်ဆန်တဲ့ ဝတ်စုံတွေ..."

သူက ယင်ကျိန်း၏ နဂါးဝတ်ရုံကို လက်ညှိုးထိုးလိုက်သည်။ နဂါးဝတ်ရုံ စတိုင်ဖြစ်သော်လည်း ခေတ်သစ် အထည်အလိပ် နည်းပညာဖြင့် ပြုလုပ်ထားသည်မှာ ထင်ရှားနေသည်။

"ကျွန်တော့် သမိုင်းမှတ်တမ်းအရ ချင်မင်းဆက်က ကြေးဝါနဲ့ ဆီမီးကိုပဲ သုံးနေရမှာပါ။ ဒါပေမယ့် အခုတော့..."

ယင်ကျိန်းက ရယ်မောလိုက်သည်။

နောက်ဆုံးတော့ တစ်ယောက်ယောက်က သတိထားမိသွားပြီ။

နောက်ဆုံးတော့ တစ်ယောက်ယောက်က သူ၏ ရူးသွပ်မှုကို နားလည်ပေးနိုင်မည့်သူ ပေါ်လာပြီ။

"သမိုင်းလား..."

ယင်ကျိန်းက အေးဆေးစွာ ပြောလိုက်သည်။

"သမိုင်းဆိုတာ ဖျက်ဆီးပစ်ဖို့အတွက် ရှိတာပဲ..."

"မင်း ဒီမှာ ပိတ်မိနေပြီဆိုတော့ ငါ မေးခွန်းတစ်ခု မေးမယ်..."

"မင်း သေချင်သလား၊ ဒါမှမဟုတ် ရှင်သန်ချင်သလား..."

ဝမ်ကျန့်ကော်မှာ တစ်ကိုယ်လုံး တုန်ခါသွားသည်။

ယင်ကျိန်း၏ အသံမှာ တည်ငြိမ်နေသော်လည်း ထိုတည်ငြိမ်မှုအောက်တွင် ပုန်းကွယ်နေသော လူသတ်လိုသည့် အရိပ်အယောင်ကို သူ ခံစားလိုက်ရသည်။

ဧကရာဇ်မင်းမြတ်၏ အာဏာစက်မှာ ဟာသမဟုတ်။

"ကျွန်တော် ရှင်သန်ချင်ပါတယ်..."

ဝမ်ကျန့်ကော်က မတုံ့ဆိုင်းဘဲ ဖြေလိုက်သည်။

"ကောင်းပြီ..."

ယင်ကျိန်းက ခေါင်းညိတ်သည်။

“ဒါဆို ဒီနေ့ကစပြီး မင်းက ငါ့ရဲ့ နည်းပညာ အတိုင်ပင်ခံဖြစ်မယ်..."

"မင်းရဲ့ ဦးနှောက်ထဲက အနာဂတ်ဗဟုသုတတွေကို ငါ လိုချင်တယ်..."

"ဒါပေမယ့် မင်းသာ တစ်ခုခုကြံစည်ရင် သို့မဟုတ် ငါနဲ့ မဟာချင်ကို အန္တရာယ်ပြုဖို့ ကြံစည်ရင်..."

ယင်ကျိန်းက ပတ်ဝန်းကျင်မှ ကျားရဲများကဲ့သို့ စောင့်ကြည့်နေသော စစ်သည်များကို လက်ညှိုးထိုးပြလိုက်သည်။

"မင်း မနက်ဖြန်ရဲ့ နေမင်းကို လုံးဝ မြင်ရမှာ မဟုတ်ဘူးဆိုတာ ငါ အာမခံတယ်..."

ဝမ်ကျန့်ကော် ယင်ကျိန်း၏ အဆုံးမရှိသော မျက်ဝန်းများကို ကြည့်လိုက်သည်။ ရင်ထဲတွင် အေးစက်စက် ခံစားလိုက်ရ၏။

ဧကရာဇ်မင်းမြတ်က ဟာသလုပ်နေခြင်း မဟုတ်ကြောင်း သူ သိလိုက်သည်။

သူ့လက်ထဲတွင် နည်းပညာမြင့် လက်နက်များ ရှိသော်လည်း ဤမရင်းနှီးသော ခေတ်တွင်၊ အာဏာရှင်ဆန်သော ဧကရာဇ်ရှေ့တွင် သူသည် လုံးဝ ရှုံးနိမ့်မည်မှာ အသေအချာပင်။

"ကျွန်တော်... ကျွန်တော် နားလည်ပါပြီ..."

ဝမ်ကျန့်ကော်က အသက်ကို ပြင်းပြင်းရှူလိုက်သည်။

"ကျွန်တော် ကူညီပေးပါ့မယ်…ဒါပေမယ့် အချက်တစ်ခုတော့ ရှိတယ်..."

"ပြော..."

"တစ်နေ့နေ့မှာ ကျွန်တော့်ရဲ့ ကယ်ဆယ်ရေး အချက်ပြကို အဖြေရပြီး အာကာသနှင့် အချိန် စီမံခန့်ခွဲရေးဗျူရိုက လာခေါ်ရင် အရှင်မင်းကြီး ကျွန်တော့်ကို လွှတ်ပေးရမယ်..."

ယင်ကျိန်းက ခဏမျှ တိတ်ဆိတ်သွားသည်။

"ကောင်းပြီ..."

"ဒါပေမယ့် အဲ့ဒီအချိန်အထိ မင်းက မဟာချင်ရဲ့ ပြည်သူတစ်ယောက်ပဲ၊ မဟာချင်ရဲ့ ဥပဒေကို လိုက်နာရမယ်..."

"ပြီးတော့..."

ယင်ကျိန်းက ရုတ်တရက် ပြုံးလိုက်သည်။

"မင်းရဲ့ အာကာသနှင့် အချိန် စီမံခန့်ခွဲရေးဗျူရိုက မင်းကို တကယ်ပဲ လာရှာလိမ့်မယ်လို့သာ ဆုတောင်းထားလိုက်..."

"မဟုတ်ရင်တော့ မင်း မဟာချင်မှာပဲ တစ်သက်လုံး နေရလိမ့်မယ်..."

ဝမ်ကျန့်ကော်က ခါးသက်သက် ပြုံးလိုက်သည်။

တစ်သက်လုံးလား။

သူသည် ရှေးခေတ်ဝတ်စုံ ဝတ်ထားသူများကို ကြည့်လိုက်၊ အပေါ်ရှိ တောက်ပနေသော မီးရောင်များကို ကြည့်လိုက်၊ နောက်ဆုံး ယင်ကျိန်းဆီသို့ အကြည့်ပြန်ရောက်သွားသည်။

ဖြစ်နိုင်တာက ဤအခြေအနေက သိပ်မဆိုးလှပေ။

အနည်းဆုံးတော့ ဤခေတ်က သမိုင်းမှတ်တမ်းတွေထဲကထက် အများကြီး ပိုပြီး စိတ်ဝင်စားဖို့ ကောင်းနေသည်။

"ဒါနဲ့..."

ယင်ကျိန်းက တစ်ခုခုကို ရုတ်တရက် သတိရသွားသည်။

"မင်းက အချိန်- အာကာသ ပုံမှန်မဟုတ်ခြင်းကို စုံစမ်းဖို့ ရောက်လာတာဆိုပါလား..."

"ဟုတ်ပါတယ်..."

ဝမ်ကျန့်ကော်က ခေါင်းညိတ်သည်။

"ကျွန်တော်တို့ရဲ့ စောင့်ကြည့်စစ်ဆေးမှုအရ ဒီအချိန်ကာလမှာ အချိန်-အာကာသ အတက်အကျ အလွန်အမင်း ဖြစ်ပေါ်နေပါတယ် ပထမတော့ သာမန် အတက်အကျပဲလို့ ထင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အတက်အကျက ပိုပြီး ပြင်းထန်လာတာကို တွေ့ရှိခဲ့ရပါတယ်..."

"ဒါကြောင့် ဗျူရိုက ဘာဖြစ်တာလဲဆိုတာ စုံစမ်းဖို့ ကျွန်တော့်ကို စေလွှတ်လိုက်တာပါ..."

ယင်ကျိန်း၏ စိတ်ထဲတွင် လှုပ်ရှားသွားသည်။

*အချိန်-အာကာသ အတက်အကျလား*

*အဲ့ဒါက ရှောင်ဂျီကြောင့်လား*

သို့မဟုတ် ငါ သမိုင်းကို အများကြီး ပြောင်းလဲပစ်လိုက်လို့လား။

"ရှောင်ဂျီ..." ယင်ကျိန်းက စိတ်ထဲတွင် မေးလိုက်သည်။

“ဒီအချိန်-အာကာသ အတက်အကျက မင်းနဲ့ ပတ်သက်နေတာလား..."

[အရှင်မင်းကြီး ဖြစ်နိုင်ပါသည်...]

[ကျွန်တော်မျိုးက ဉာဏ်ရည်တု လက်ထောက်မျှသာ ဖြစ်သော်လည်း ကျွန်တော်မျိုး တည်ရှိနေခြင်းကိုယ်တိုင်က အချိန်-အာကာသ ပုံမှန်မဟုတ်ခြင်း ဖြစ်ပါသည်]

[ပြီးတော့ အရှင်မင်းကြီးက ကျွန်တော်မျိုး ပေးထားတဲ့ ဗဟုသုတတွေကို သုံးပြီး သမိုင်းကြောင်းတွေကို အများကြီး ပြောင်းလဲပစ်ခဲ့ပါပြီ။ ဒီပြောင်းလဲမှုတွေက အချိန်-အာကာသ အတိုင်းအတာမှာ ကွင်းဆက် တုံ့ပြန်မှုတွေကို ဖြစ်ပေါ်စေပါသည်]

[သီအိုရီအရ အာကာသနှင့် အချိန် စီမံခန့်ခွဲရေးဗျူရိုက တကယ်ရှိရင် သူတို့က ဒီလိုထူးခြားမှုကို သတိထားမိမှာ အမှန်ပင် ဖြစ်ပါသည်]

ယင်ကျိန်းက မျက်မှောင်ကြုတ်လိုက်သည်။

*တစ်နည်းအားဖြင့် ပြောရလျှင် ဒီဝမ်ကျန့်ကော်က ရှောင်ဂျီကြောင့် ရောက်လာတာလား*

သို့မဟုတ် သူက သူ့အတွက် ရောက်လာတာလား။

"ဝမ်ကျန့်ကော်..."

ယင်ကျိန်းက ရုတ်တရက် မေးလိုက်သည်။

"မင်းပြောတဲ့ အချိန်- အာကာသ ပုံမှန်မဟုတ်ခြင်းက အတိအကျဘာလဲ..."

ဝမ်ကျန့်ကော်က ခဏမျှ စဉ်းစားပြီး သူ၏ လက်ကောက်ဝတ်ရှိ ကိရိယာမှ အချက်အလက်တချို့ကို ထုတ်ပြလိုက်သည်။

၎င်းမှာ အချိန်-အာကာသ မျဉ်းကွေးများနှင့် အတက်အကျ အချက်အလက်များကို ပြသနေသော သုံးဖက်မြင် ဟိုလိုဂရမ် ဖြစ်သည်။

ယင်ကျိန်းက ထိုအချက်အလက်များကို နားမလည်သော်လည်း ဟိုလိုဂရမ်ပေါ်တွင် ပုံမှန်မဟုတ်သော အလယ်ဗဟို တစ်ခုရှိနေသည်ကို မြင်လိုက်ရသည်။ ၎င်းမှာ ရှန်းယွန်းမြို့တော်၏ နေရာတွင် တည်ရှိနေ၏။

"ဒါပါပဲ..."

ဝမ်ကျန့်ကော်က ထိုဗဟိုချက်ကို လက်ညှိုးထိုးလိုက်သည်။

"ဒီထူးခြားချက်ရဲ့ စွမ်းအင်ပြင်းထန်မှုက... သာမန် အချိန်-အာကာသထက် ဆယ်ပုံတစ်ပုံ ပိုများနေပါတယ်..."

"ကျွန်တော်တို့ ဗျူရိုရဲ့ သတ်မှတ်ချက်အရ ဒါဟာ အချိန်- အာကာသ ဘေးအန္တရာယ် အဆင့်ကို ရောက်ရှိနေပါပြီ..."

"သေချာမကိုင်တွယ်ရင် အချိန်-အာကာသ ပြိုလဲမှုကို ဖြစ်စေပြီး အချိန်လမ်းကြောင်းတစ်ခုလုံး ပျက်စီးသွားနိုင်ပါတယ်..."

ယင်ကျိန်း၏ မျက်ဝန်းများမှာ ကျဉ်းမြောင်းသွားသည်။

“အချိန်- အာကာသ ဘေးအန္တရာယ်လား”

“အချိန်လမ်းကြောင်း ပျက်စီးသွားတာလား”

“ဒါတွေက ဘာတွေလဲ”

"ဒါဆို... ဘာတွေဖြစ်လာမှာလဲ..."

ယင်ကျိန်း၏ အသံမှာ အနည်းငယ် ခြောက်ကပ်နေသည်။

ဝမ်ကျန့်ကော်က ယင်ကျိန်းကို ကြည့်ကာ ခဏမျှ တိတ်ဆိတ်နေပြီးမှ ဖြည်းညင်းစွာ ပြောလိုက်သည်။

"ရိုးရိုးလေး ပြောရရင်... ဒီခေတ်က ပျောက်ကွယ်သွားနိုင်ပါတယ်..."

"သို့မဟုတ် အခြားအဖြစ်မှန်တစ်ခုနဲ့ အစားထိုးခံရတာမျိုး ဖြစ်နိုင်ပါတယ်..."

"ဂိမ်းမှတ်တမ်းတစ်ခုကို အပေါ်ကနေ ထပ်ရေးလိုက်သလိုမျိုးပေါ့..."

ယင်ကျိန်းမှာ ခြေဖဝါးမှ ခေါင်းထိ အေးစက်သွားသလို ခံစားလိုက်ရသည်။

ပျောက်ကွယ်သွားမှာလား။

အစားထိုးခံရမှာလား။

သူ အားထုတ်ခဲ့သမျှတွေ၊ သူ အားစိုက်တည်ဆောက်ခဲ့တဲ့ မဟာချင်က...

"ဒါပေမယ့်..."

ဝမ်ကျန့်ကော်၏ လေသံမှာ ပြောင်းလဲသွားသည်။

"အခုကြည့်ရသလောက်တော့ ဒီဗဟိုချက်က တည်ငြိမ်သွားပုံရပါတယ်..."

"စွမ်းအင်တွေ ပြင်းထန်ပေမယ့် ဆက်ပြီး ကျယ်ပြန့်မလာတော့ဘူး။ ဒီတော့ ဒီထူးခြားမှုရဲ့ အကြောင်းရင်းက တစ်ခုခုနဲ့ ဟန်ချက်ညီသွားပုံ ရပါတယ်..."

သူက ယင်ကျိန်းကို စူးစမ်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။

"အရှင်မင်းကြီး ဒီနေရာမှာ ဘာတွေ ဖြစ်ခဲ့လဲဆိုတာ ပြောပြပေးနိုင်မလား..."

ယင်ကျိန်းက ခဏမျှ တိတ်ဆိတ်သွားသည်။

*ရှောင်ဂျီ တည်ရှိနေတာကို ပြောပြရမလား*

*ဒီအရာအားလုံးက အနာဂတ်က AI လက်ထောက်ကြောင့် ဖြစ်တာပါလို့ ပြောရမလား*

*မပြောရသေးဘူး*

*ဝမ်ကျန့်ကော်က ရိုးသားပုံရပေမယ့် သူ သရုပ်ဆောင်နေတာလား ဘယ်သူသိမလဲ။ အာကာသနှင့် အချိန် စီမံခန့်ခွဲရေးဗျူရိုက ရှောင်ဂျီကို လိုချင်တာလား သို့မဟုတ် ဒီ ထူးခြားသူကို ဖယ်ရှားချင်တာလား ဘယ်သူသိမလဲ*

"ငါလည်း မသိဘူး..."

ယင်ကျိန်းက အေးဆေးစွာ ပြောလိုက်သည်။

"ကောင်းကင်ဘုံရဲ့ အလိုတော် ဖြစ်ကောင်း ဖြစ်နိုင်မှာပေါ့..."

ဝမ်ကျန့်ကော်က သူ့ကို မယုံကြည်ကြောင်း ထင်ရှားသော်လည်း ဆက်မမေးတော့။

ယနေ့ခေတ်မှာ ဧကရာဇ်မင်းမြတ်နဲ့ ငြင်းခုံခြင်းက ဉာဏ်မရှိသည့်လုပ်ရပ်မှန်း သူ ကောင်းကောင်း သိသည်။

"ဒါဆို... ကျွန်တော် ဘာဆက်လုပ်ရမလဲ..."

ဝမ်ကျန့်ကော်က မေးလိုက်သည်။

"ငါ့နောက်လိုက်ခဲ့..."

ယင်ကျိန်းက လှည့်ကာ အပေါ်ဘက်သို့ လျှောက်သွားလိုက်သည်။

“မင်း နေဖို့ နေရာစီစဉ်ပေးမယ် မင်းအတွက် လက်ထောက်တချို့ ရှာပေးမယ်..."

"လက်ထောက်လား..."

"ဟုတ်တယ်..."

ယင်ကျိန်းက နောက်လှည့်မကြည့်ဘဲ ပြောလိုက်သည်။

"မင်းက နည်းပညာ အတိုင်ပင်ခံဆိုတော့ မင်းနဲ့အတူ နည်းပညာကို နားလည်တဲ့ လက်အောက်ခံတွေ ရှိမှာပေါ့နော်..."

"ငါ့ရဲ့ ချင်သိပ္ပံအကယ်ဒမီမှာ... ဒါရိုက်တာ တစ်ယောက် လိုအပ်နေတာပဲ..."

ဝမ်ကျန့်ကော်က အံ့အားသင့်သွားသည်။

*သိပ္ပံအကယ်ဒမီလား*

*ဒါရိုက်တာလား*

*ဒီခေတ်ရဲ့ ချင်ရှီဟွမ်မှာ သိပ္ပံအကယ်ဒမီ တကယ်ရှိနေတာလား*

သူ ပတ်ဝန်းကျင်မှ ခေတ်သစ် အဆောက်အအုံများကို ကြည့်ကာ၊ အပေါ်မှ မီးရောင်များကို ကြည့်ကာ ဒီခေတ်အပေါ် သူ၏ အမြင်များမှာ လုံးဝ ခေတ်နောက်ကျနေကြောင်း ရုတ်တရက် သဘောပေါက်လိုက်သည်။

"ဒါနဲ့..."

ယင်ကျိန်းက ရုတ်တရက် ရပ်တန့်ကာ

ဝမ်ကျန့်ကော်ကို လှည့်ကြည့်လိုက်သည်။

"မင်းပြောတဲ့ အချိန်-အာကာသ စီမံခန့်ခွဲရေးဗျူရိုက ဘယ်လို အဖွဲ့အစည်းမျိုးလဲ..."

ဝမ်ကျန့်ကော်က ခဏမျှ စဉ်းစားကာ ရှင်းပြလိုက်သည်။

"ကျွန်တော်တို့က အချိန်တွေကို ကျော်လွန်တဲ့ အဖွဲ့အစည်းပါ အဓိကအားဖြင့် အချိန်ကြောင်းတွေကို တည်ငြိမ်အောင် ထိန်းထားဖို့နဲ့ အချိန်-အာကာသ ထူးခြားမှုတွေ ကွင်းဆက် တုံ့ပြန်မှု မဖြစ်အောင် တားဆီးဖို့ ဖြစ်ပါတယ်..."

"ကျွန်တော်တို့မှာ စည်းမျဉ်းတွေ ရှိတယ် - သမိုင်းကြောင်းကို မဝင်ရောက်ရဘူး၊ အနာဂတ် ဗဟုသုတကို အတိတ်ကို မပေးပို့ရဘူး၊ မလုပ်ရဘူး..."

သူက ရုတ်တရက် ရပ်တန့်သွားသည်။

ဘာကြောင့်လဲဆိုတော့ သူ အခုလုပ်နေတာတွေက ထိုစည်းမျဉ်းတွေကို ချိုးဖောက်နေတာ ဖြစ်နေလို့ပင်။

*အနာဂတ်အချက်အလက်ကို ယင်ကျိန်းကို ပြောပြတာလား*

*သမိုင်းကြောင်းထဲမှာ ပါဝင်နေတာလား*

*ဗျူရိုကသာ သိသွားရင် သူ အပြန်လမ်းမှာ လုံးဝ ပိတ်လှောင်ခံရမှာအမှန်ပင်*

*ဒါပေမယ့်... သူ ဒီမှာ ပိတ်မိနေပြီး ကယ်ဆယ်ရေး အချက်ပြတောင် မပို့နိုင်ဘူး*

*ယင်ကျိန်းနဲ့ ပူးပေါင်းတာကလွဲရင် သူ ဘာလုပ်လို့ရဦးမလဲ*

"ဘာမလုပ်ရတာလဲ..."

ယင်ကျိန်းက ဝမ်ကျန့်ကော်၏ တုံ့ဆိုင်းမှုကို ထက်မြက်စွာ ဖမ်းဆုပ်လိုက်သည်။

"ဘာမှမဟုတ်ပါဘူး..."

ဝမ်ကျန့်ကော်က ခါးသက်သက် ပြုံးလိုက်သည်။

"ဘာပဲဖြစ်ဖြစ်၊ ကျွန်တော် ပြန်လို့ မရတော့ဘူး အဲ့ဒီစည်းမျဉ်းတွေ မရှိတော့ဘူးလို့ပဲ သဘောထားလိုက်ပါတော့..."

ယင်ကျိန်းက မျက်လုံးကို မှေးလိုက်သည်။ ဆက်မမေးတော့ပေ။

ဤလူမှာ အသုံးဝင်သေးသည်။

ပြီးတော့ သူ့ဦးနှောက်ထဲက ဗဟုသုတတွေက သူ့အတွက် အလွန်အရေးကြီးနေသေးသည်။

*အာကာသနှင့် အချိန် စီမံခန့်ခွဲရေးဗျူရိုရဲ့ စည်းမျဉ်းတွေလား... ငါ့ရဲ့ စည်းမျဉ်းတွေကသာ အဓိက စည်းမျဉ်းပဲ…*

All Chapters