အခန်း ၁၁၁
Vol. 12 Ch. 111
အခန်း (၁၁၁) - ပျောက်ဆုံးခြင်း (၁)
ထိုမေးခွန်းမျိုးပင် ချီကွမ်း၏စိတ်ထဲတွင် ပေါ်လာပြီး သူ၏ရင်ထဲမှ ထိတ်လန့်တုန်လှုပ်မှုမှာ နှုတ်ဖြင့် ဖော်ပြရန်ပင် ခက်ခဲလှ၏။
ဤနှစ်များအတွင်း သွေးနတ်ဘုရားဆေးလုံးက သူ၏အတွင်းအားကို ပုံဖော်ပေးခဲ့ခြင်း ဖြစ်၏။
အတွင်းအားသက်သက်ကိုသာ ပြောရလျှင် သူသည် မည်သူ့ကိုမျှ မရှုံးနိမ့်ဟု ကိုယ့်ကိုယ်ကို ယုံကြည်ထားလေသည်။ သို့မဟုတ်ပါက သူသည် လွန့်ရှန်ဓားကို ယူဆောင်သွားနိုင်မည် မဟုတ်ချေ။
သို့သော် နှစ်ပေါင်းများစွာကြာအောင် ပင်ပန်းကြီးစွာဖြင့် ကျင့်ကြံခဲ့ပြီးနောက် ပထမဆုံးအကြိမ် စစ်မှန်သော ကျွမ်းကျင်သူတစ်ဦးနှင့် ရင်ဆိုင်ရချိန်တွင် ဤမျှအထိ အရှက်တကွဲရှုံးနိမ့်ရလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
ချီကွမ်းက ခက်ခက်ခဲခဲအသံထွက်ကာ မေးလိုက်သည်။
"မင်း…ဘယ်သူလဲ..."
"ငါနဲ့မင်းကြားမှာ ဘာရန်ငြိုးမှလည်း မရှိဘဲနဲ့..."
"ဘာလို့...ဘာလို့ ရုတ်တရက်ကြီး ငါ့ကိုသတ်ချင်ရတာလဲ..."
ချူချင်းက မေးလိုက်သည်။
"လွန့်ရှန်ဓား ဘယ်မှာလဲ..."
ချူချင်းက သူ၏အသက်ကို ချန်ထားခဲ့ခြင်းမှာ သူထံမှ သတင်းစုံစမ်းလိုသောကြောင့်ပင် ဖြစ်၏။
သူသည် စကားကို လှည့်ပတ်မပြောဘဲ တိုက်ရိုက်မေးမြန်းလိုက်လေသည်။
ချီကွမ်းက ချူချင်းကို ထိတ်လန့်တုန်လှုပ်စွာ ကြည့်ရင်း ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိသွားဟန်ဖြင့် ပြောလိုက်သည်။
"မင်း... မင်းက လွန့်ရှန်ဓားအကြောင်းကိုတောင် သိနေတာလား..."
"မင်းက ချင်းရှီးရွာက လူတွေထဲက တစ်ယောက်လား..."
ချူချင်းက မျက်မှောင်ကြုတ်လိုက်ပြီး ချင်းယဲ့ဓားမှာ ဝုန်းခနဲအသံနှင့်အတူ ဓားအိမ်ထဲမှ ထွက်လာကာ ချီကွမ်း၏လက်ကောက်ဝတ်ကို ထိုးစိုက်သွား၏။ ဓားသွားကို အသာအယာလှည့်လိုက်ရုံဖြင့် လက်တစ်ဖက်မှာ လွင့်ထွက်သွားလေသည်။
ချီကွမ်း၏မျက်နှာမှာ ချက်ချင်းပင် ဖြူလျော်သွားပြီး ပါးစပ်မှလည်း နာကျင်စွာ အော်ဟစ်သံ ထွက်ပေါ်လာချေသည်။
သူသည် ယခုအခါ ပြင်းထန်စွာ ဒဏ်ရာရနေသော်လည်း သေချင်မှသေပေလိမ့်မည်။
သို့သော် ယခုတွင် တစ်ဖက်လူက စကားတစ်ခွန်းမျှမဆိုဘဲ သူ၏လက်တစ်ဖက်ကို တိုက်ရိုက်ဖြတ်တောက်လိုက်ရာ ယနေ့ရလဒ် မည်သို့ပင်ဖြစ်စေ ဤလက်မှာ ပြန်ပေါက်လာတော့မည် မဟုတ်ပေ။
သူ၏ရင်ထဲတွင် ကြောက်ရွံ့ထိတ်လန့်မှုများ ပြည့်နှက်သွားစဉ် ချူချင်း၏ အေးစက်လှသော အသံကို ကြားလိုက်ရ၏။
"ကျုပ်မေးတာကိုပဲ ဖြေ..."
ချီကွမ်းက ချူချင်း၏ဆိုလိုရင်းကို နားလည်သွားသဖြင့် ယခုတစ်ကြိမ်တွင် အလွန်လျင်မြန်စွာပင် ဖြေကြားလိုက်သည်။
"...လွန့်ရှန်ဓားကို ဂိုဏ်းချုပ်ဆီ ဆက်သလိုက်ပြီ..."
ချူချင်းက ချီကွမ်းကို တိတ်ဆိတ်စွာ ကြည့်နေပြီးမှ ရုတ်တရက်မေးလိုက်၏။
"လွန့်ရှန်ဓား သွန်းလုပ်နည်းနဲ့ သွေးနတ်ဘုရားဆေးလုံး ဖော်စပ်နည်းတွေက ဘယ်ကနေ ရလာတာလဲ..."
ဤစကားကို ကြားလိုက်ရသောအခါ ချီကွမ်း၏ရင်ထဲတွင် ထပ်မံ၍ ပြင်းထန်စွာ တုန်လှုပ်သွားရပြန်သည်။
ဤလူသည် လွန့်ရှန်ဓားအကြောင်းကိုသာမက သွေးနတ်ဘုရားဆေးလုံးအကြောင်းကိုပါ သိရှိနေခြင်းပင်။
သူသည် ချင်းရှီးရွာမှစတင်ကာ သူ၏နောက်သို့ လိုက်ပါလာခဲ့ခြင်းဖြစ်ပြီး ယင်ဖုန်းစခန်းသို့လည်း ရောက်ရှိခဲ့ဖူးပေသည်။
'ဒါဆို... အဲဒီလူက...'
ဤသည်ကို တွေးမိသောအခါ ချီကွမ်းသည် ချူချင်း၏ ရက်စက်ကြမ်းကြုတ်သော နည်းလမ်းများကိုပင် ဂရုမစိုက်နိုင်တော့ဘဲ အလျင်အမြန် မေးလိုက်လေသည်။
"မင်း အဲဒီလူကို လွှတ်ပေးလိုက်တာလား..."
ယခုအချိန်အထိ သူသည် မိမိကိုယ်တိုင် ခန့်မှန်းချက် မှားယွင်းသွားပြီး အားနည်းချက်ကို ဖော်ပြမိမည် စိုးရိမ်သဖြင့် 'ယင်ဖုန်းစခန်း'ဟူသော စကားလုံးကို ထုတ်မပြောဝံ့သေးပေ။
ချူချင်းက ဓားသွားကို ထပ်မံလှုပ်ရှားလိုက်ရာ အခြားလက်တစ်ဖက်မှာလည်း လွင့်ထွက်သွားပြန်၏။
ချီကွမ်းထံမှ နောက်ထပ်အော်ဟစ်သံတစ်ချက် ထွက်ပေါ်လာပြန်သည်။
ဘေးတွင် ရှိနေသော ချင်းလင်မှာ ကြည့်ရင်းနှင့်ပင် လည်ပင်းကိုကျုံ့ထားမိ၏။ ဤလူသည် မည်မျှ ရက်စက်ကြမ်းကြုတ်ပါသနည်း။
သူသည် ဤကဲ့သို့ နှိပ်စက်ညှဉ်းပန်းကာ စစ်ဆေးနေလျှင် သိပ်မကြာမီပင် တရားခံ သေဆုံးသွားပေလိမ့်မည်။
သို့မဟုတ် သူသည် စစ်ဆေးရန်အတွက် မဟုတ်ဘဲ လူသတ်ရန်သက်သက် လာရောက်ခြင်းလည်း ဖြစ်နိုင်ပေသည်။
ချူချင်းက ပြုံးစိစိမျက်လုံးများဖြင့် ချီကွမ်းကို ကြည့်လိုက်သည်။
"မင်းပြောတာ... ကျန်းရှန်တောက်ကိုလား..."
ချီကွမ်း၏နဖူးပေါ်တွင် နာကျင်မှုကြောင့် ချွေးစေးများစီးကျလာပြီး ဤစကားကို ကြားလိုက်ရသောအခါ တစ်ကိုယ်လုံး အားအင်များ ကုန်ခမ်းသွားသကဲ့သို့ မြေပြင်ပေါ်သို့ ပျော့ခွေကျသွားလေသည်။
သူသည် နှုတ်ခမ်းထောင့်ကို အသာအယာတွန့်ကွေးကာ မျှော်လင့်ချက်မဲ့စွာ ရယ်မောလိုက်၏။
"မင်း တကယ်ပဲ သူ့ကို လွှတ်ပေးလိုက်တာလား... မင်းက တကယ်ကြီး လွှတ်ပေးလိုက်တာပဲ..."
"မင်းက... မင်းက သူ့ကို ဂိုဏ်းချုပ်လို့ ထင်နေတာလား..."
"မင်း လွှတ်ပေးလိုက်တဲ့လူက ဘယ်လိုလူလဲဆိုတာ မင်း လုံးဝမသိဘူး..."
ချူချင်းက ထိုစကားကို ကြားသောအခါ ခေါင်းညိတ်လိုက်သည်။
"မင်း ဒီလိုပြောမှတော့ အဲဒီလူက ကျန်းရှန်တောက် မဟုတ်တာ သေချာသွားပြီပေါ့..."
"သူက ကောင်းကင်မိစ္ဆာဂိုဏ်းက ဖေးဝူကျိလား..."
ချီကွမ်းသည် မူလက မျှော်လင့်ချက်ကင်းမဲ့နေသော်လည်း ချူချင်း၏စကားကို ကြားလိုက်ရသောအခါ ထပ်မံ၍ ထိတ်လန့်သွားရပြန်သည်။
"မင်း... မင်းက ဒါကိုပါ သိနေတာလား..."
ချူချင်းက စကားမဆိုဘဲ သူ့ကိုလွှတ်ပေးလိုက်၏။
ထိုစဉ်က ကျန်းရှန်တောက်က သူ၏ကြုံတွေ့ခဲ့ရမှုများကို ပြောပြခဲ့စဉ်က နေရာအတော်များများမှာ ကိုက်ညီမှု ရှိခဲ့ပေသည်။
ထို့ကြောင့် သူ၏လိမ်ညာမှုမှာ အလွန်ပင် စစ်မှန်သယောင် ထင်ရစေခဲ့၏။
သို့သော် တစ်ချက်သာ မှားယွင်းနေခဲ့သည်။
အကယ်၍ ကောင်းကင်မိစ္ဆာဂိုဏ်း၏ရည်ရွယ်ချက်မှာ ချိရှန်သံရိုင်းဖြစ်ပြီး သူတို့ကိုယ်တိုင်လည်း လွန့်ရှန်ဓားသွန်းလုပ်နည်းကို သိရှိထားလျှင် ချိရှန်သံရိုင်းကို ရရှိပြီးနောက် အဘယ်ကြောင့် ကျန်းရှန်တောက်၏အသက်ကို ချန်ထားခဲ့ရသနည်း။
ကျန်းရှန်တောက်ပေးခဲ့သော အကြောင်းပြချက်မှာ သူ ဘာမျှမပြောလျှင်ပင် နောက်ဆုံးတွင် လွန့်ရှန်ဓားကို သွန်းလုပ်နိုင်မည်ဖြစ်ကြောင်း သူတို့က သိစေလိုသောကြောင့် ဖြစ်၏။
ကောင်းကင်မိစ္ဆာဂိုဏ်းကို ဆန့်ကျင်ပါက သူ၏ရှင်တောက်အန်းဂိုဏ်း မည်သို့သော အဆုံးသတ်မျိုးနှင့် ကြုံတွေ့ရမည်ကို ပြသလိုခြင်းဖြစ်သည်ဟု ဆိုခဲ့သည်။
ဤအကြောင်းပြချက်မှာ ပြဿနာမရှိဟု ထင်ရသော်လည်း လက်တွေ့တွင်မူ အနည်းငယ် ရယ်စရာကောင်းလှပေသည်။
သို့သော် အကယ်၍ ဖေးဝူကျိနှင့် ကျန်းရှန်တောက်တို့၏သရုပ်မှန်ကို ပြောင်းပြန်လှန်ကြည့်လိုက်လျှင်မူ...
လွန်ခဲ့သော နှစ်များစွာက ဖေးဝူကျိသည် ကျန်းရှန်တောက်ကို ရှာဖွေတွေ့ရှိခဲ့သော်လည်း ကျန်းရှန်တောက်က မည်သည့်နည်းလမ်းကို အသုံးပြုခဲ့သည်မသိဘဲ ဖေးဝူကျိကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
ရှင်တောက်အန်းဂိုဏ်းကို အသိမ်းခံရခြင်း မရှိရုံသာမက ဖေးဝူကျိကိုပါ ယင်ဖုန်းစခန်းတွင် ပိတ်လှောင်ထားခဲ့ခြင်း ဖြစ်၏။
ဤနှစ်များအတွင်း သူတို့ စစ်ဆေးမေးမြန်းနေခဲ့သည်မှာလည်း ချိရှန်သံရိုင်း ရှိရာနေရာ မဟုတ်ပေ။
လွန့်ရှန်ဓားသွန်းလုပ်နည်းနှင့် သွေးနတ်ဘုရားဆေးလုံး ဖော်စပ်နည်းတို့သာ ဖြစ်ပေလိမ့်မည်။
ဖေးဝူကျိသည် ဤအချက်နှစ်ချက်ကို အခြေခံ၍ ကျန်းရှန်တောက်အား သူ့ကိုမသတ်ဘဲ အကျဉ်းချထားရန်သာ သဘောတူညီမှု ရယူခဲ့ခြင်းလည်း ဖြစ်နိုင်ပေသည်။
ဤသို့ဆိုလျှင် မူလက အဓိပ္ပာယ်မရှိလှသောအချက်များမှာ အလိုအလျောက်ပင် ကျိုးကြောင်းဆီလျော်သွားတော့၏။
သို့သော် ဤသို့ဆိုလျှင် အဓိပ္ပာယ်မရှိသောအချက်မှာ ကျန်းရှန်တောက်သည် အဘယ်ကြောင့် ဤအရာကို လုပ်ဆောင်နိုင်ခဲ့သနည်းဟူ၍ ဖြစ်လာပြန်သည်။
ချူချင်းသည် ထိုစဉ်က ကျန်းရှန်တောက်၏စကားကို သံသယဝင်ခဲ့သော်လည်း ဖွင့်ဟပြောဆိုခြင်း မရှိခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် သူ၏အကြောင်းပြချက်မှာ ကျိုးကြောင်းမဆီလျော်သော်လည်း ကျန်းဟူလောကသားတို့၏ စိတ်ဓာတ်နှင့် ကိုက်ညီနေသောကြောင့်ပင်။
ကျန်းဟူလောကတွင် မာနတစ်ခုအတွက်နှင့် ကျိုးကြောင်းမဆီလျော်သော ကိစ္စများကို လုပ်ဆောင်တတ်သူများ အမြဲရှိတတ်ပေသည်။
ထို့ကြောင့် သူသည် ထပ်မံ၍ စောင့်ကြည့်ရန် လိုအပ်နေသေး၏။
ယခုမူ ချီကွမ်း၏ပါးစပ်မှ အဖြေမှန်ကို ရရှိခဲ့ပြီ ဖြစ်သည်။
သူသည် အနည်းငယ်စဉ်းစားပြီးနောက် ဓားကို ဓားအိမ်ထဲသို့ ပြန်ထည့်ကာ ချင်းလင်ကို တစ်ချက်ကြည့်လိုက်လေသည်။
ချင်းလင်မျက်နှာပျက်သွားပြီး ပြောလိုက်၏။
"ကျွန်မ... ကျွန်မက ပစ္စည်းလာခိုးချင်ရုံတင်ပါ... သေဒဏ်ပေးရလောက်တဲ့အထိ မဟုတ်ပါဘူး... အသက်ချမ်းသာပေးပါ..."
"..."
ချူချင်းက သူမ၏စကားကို ဂရုမစိုက်ဘဲ သူမ၏အနီးသို့ လျှောက်လှမ်းသွားကာ သူမ၏လည်ပင်းနောက်ဘက်မှ ဆွဲမလိုက်ပြီး ပြတင်းပေါက်မှတစ်ဆင့် ပျံသန်းထွက်ခွာသွားရာ မျက်တောင်တစ်ခတ်အတွင်း ညမှောင်မှောင်အောက်တွင် ပျောက်ကွယ်သွားလေသည်။
ချီကွမ်းသည် မူလနေရာတွင် လဲလျောင်းနေရင်း ခေတ္တမျှ ကြောင်အမ်းသွားပြီးမှ မိမိကိုယ်ကိုယ် သေဘေးမှ လွတ်မြောက်သွားပြီဖြစ်ကြောင်း သတိပြုမိလိုက်၏။
သူသည် လက်နှစ်ဖက်၏ ပြင်းထန်သော နာကျင်မှုနှင့် တစ်ကိုယ်လုံး စုတ်ပြတ်သတ်နေသော ဒဏ်ရာများကိုပင် ဂရုမစိုက်နိုင်တော့ပေ။
သူသည် မြေပြင်ပေါ်မှ အားယူကာ ထရပ်ရန် ကြိုးစားရင်း အတွင်းအားကို တိတ်တဆိတ် ထိန်းညှိလိုက်ပြီး သွေးထွက်မလွန်စေရန် လက်နှစ်ဖက်၏သွေးကြောဆုံမှတ်များကို ပိတ်ဆို့လိုက်လေသည်။
တစ်နာရီကျော်ကြာပြီးနောက်တွင်မှ သူသည် ပြန်လှုပ်ရှားနိုင်စွမ်း ရှိလာ၏။
သူ၏ခန္ဓာကိုယ်အတွင်း အေးခဲနေသော သွေးကြောများမှာလည်း များစွာသက်သာသွားခဲ့ပြီ ဖြစ်သည်။
သို့သော် ဤရေခဲကဲ့သို့ အေးစိမ့်လှသော အတွင်းအားကို ခန္ဓာကိုယ်ထဲမှ လုံးဝဖယ်ထုတ်ပစ်ရန်မှာမူ မည်မျှအထိ အချိန်ယူရမည်ကို မသိနိုင်ပေ။
သို့သော် ယခုအချိန်တွင် သူသည် ဤအရာများကို ဂရုမစိုက်နိုင်တော့ချေ။
ဖေးဝူကျိကို ထိုဝတ်စုံနက်ဝတ်ဆင်ထားသူက လွှတ်ပေးလိုက်ပြီဖြစ်ရာ ရှင်တောက်အန်းဂိုဏ်းမှာ အန္တရာယ်ကျရောက်တော့မည် ဖြစ်၏။
သူသည် အဆောက်အအုံပေါ်မှ ယိုင်တိုင်တိုင်ဖြင့် ဆင်းလာပြီး အပြင်ဘက်သို့ အတော်ကြာ လျှောက်လှမ်းသွားပြီးနောက်တွင်မှ လူအချို့နှင့် တွေ့ဆုံလေသည်။
ချီကွမ်း၏ ဤကဲ့သို့သောအခြေအနေကို မြင်လိုက်ရသောအခါ ရှင်တောက်အန်းဂိုဏ်းသားအချို့မှာ ထိတ်လန့်တုန်လှုပ်ကာ မျက်နှာများ ဖြူလျော်သွားကြ၏။
"တတိယဂိုဏ်းချုပ်... တတိယဂိုဏ်းချုပ်..."
"မြန်မြန်လာကြပါဦး... တတိယဂိုဏ်းချုပ် လုပ်ကြံခံရလို့..."
ချီကွမ်းက အံတင်းတင်းကြိတ်ကာ ပြောလိုက်သည်။
"တိတ်တိတ်နေစမ်း... ဒီကိစ္စကို... အပြင်ကို ပေါက်ကြားလို့မဖြစ်ဘူး..."
ထိုလူနှစ်ဦး ထွက်ခွာသွားသည်မှာ တစ်နာရီကျော်ပြီဖြစ်ရာ ယခုအချိန်တွင် ဆူညံပွက်လောရိုက်နေလျှင်ပင် မည်သည့်အကျိုးထူးမှ ရှိတော့မည် မဟုတ်ပေ။
တပည့်အချို့မှာ အကြောင်းရင်းကို နားမလည်သော်လည်း အမိန့်အတိုင်းသာ လုပ်ဆောင်ကာ ချီကွမ်းကို တွဲထူလိုက်ကြ၏။ ထိုစဉ် သူက ပြောလိုက်သည်။
"ငါ့ကို... ငါ့ကို ယန့်တောက်ဆောင်ဆီ ခေါ်သွားပေး..."
ယန့်တောက်ဆောင်မှာ ဂိုဏ်းချုပ်ကျန်းရှန်တောက် တရားကျင့်ကြံရာနေရာဖြစ်ပြီး သူသည် 'သက်တမ်းကုန်ဆုံးတော့မည်' ဟု ကြေညာခဲ့ကတည်းက မိမိကိုယ်ကိုယ် ယန့်တောက်ဆောင်အတွင်း ပိတ်လှောင်ထားကာ တစ်နေ့လုံး အပြင်သို့ထွက်လေ့မရှိပေ။
ချီကွမ်း၏စကားကို ကြားသောအခါ တပည့်အချို့မှာ သူ၏အခြေအနေအရ သမားတော်မရှာဘဲ အဘယ်ကြောင့် ဂိုဏ်းချုပ်ကို ရှာခိုင်းရသနည်းဟု နားမလည်နိုင်ဖြစ်နေကြ၏။
သို့သော် သူတို့သည် အလျင်အမြန်ပင် သူ့ကိုတွဲဖက်ကာ ယန့်တောက်ဆောင်ဆီသို့ ဦးတည်လျှောက်လှမ်းသွားကြလေသည်။