← Chapters

အခန်း ၁၁၂

Vol. 12 Ch. 112

အခန်း ၁၁၂

Vol. 12 Ch. 112

အခန်း (၁၁၂) - ပျောက်ဆုံးခြင်း (၂)

ရှင်တောက်အန်းဂိုဏ်းမှာ အလွန်ပင် ကျယ်ဝန်းလှသဖြင့် အချိန်အတော်ကြာ လျှောက်လှမ်းပြီးနောက်တွင်မှ လူစုမှာ ယန့်တောက်ဆောင်၏ အပြင်ဘက်သို့ ရောက်ရှိလာကြ၏။

တံခါးရှေ့တွင် ရှင်တောက်အန်းဂိုဏ်းသားများ စောင့်ကြပ်နေကြပြီး ချီကွမ်း၏ ဤကဲ့သို့သောအခြေအနေကို မြင်သောအခါ အချင်းချင်း ဆွံ့အစွာ ကြည့်လိုက်ကြလေသည်။

ချီကွမ်းက ဂိုဏ်းချုပ်ကို တွေ့ဆုံလိုကြောင်း ပြောကြားသောအခါ တံခါးစောင့်တပည့်များမှာ အနည်းငယ်တုံ့ဆိုင်းသွားကြ၏။

ကျိုးကြောင်းဆီလျော်စွာ ပြောရလျှင် ယခုအချိန်တွင် ဂိုဏ်းချုပ်သည် မည်သူ့ကိုမျှ တွေ့ဆုံမည် မဟုတ်ပေ။

သို့သော် ချီကွမ်းမှာ ဤမျှအထိ ဒဏ်ရာရရှိထားသဖြင့် တားဆီးရန်လည်း မသင့်တော်ချေ။

နောက်ဆုံးတွင်မူ သူ့ကို ဤနေရာ၌ ခေတ္တစောင့်ဆိုင်းစေပြီး သူတို့က အတွင်းသို့ ဝင်ရောက်အစီရင်ခံရန် ဆုံးဖြတ်လိုက်ကြလေသည်။

ချီကွမ်းသည် တံခါးပြင်ပတွင် ရပ်နေရင်း သူ၏မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုများနှင့် ရှုပ်ထွေးမှုများ ပြည့်နှက်နေ၏။

ရံဖန်ရံခါ အတွင်းဒဏ်ရာများ ပြန်ထကြွလာသောအခါ သွေးအချို့ကိုပင် အန်ထုတ်လိုက်ရသေးသည်။

သို့သော် အချိန်အတော်ကြာ စောင့်ဆိုင်းပြီးနောက် ရောက်ရှိလာသည်မှာ ဂိုဏ်းချုပ် မဟုတ်ဘဲ ပျာပျာသလဲ ဖြစ်နေသော ရှင်တောက်အန်းဂိုဏ်းသားတစ်ဦး ဖြစ်နေချေသည်။

"တတိယဂိုဏ်းချုပ်... ဂိုဏ်းချုပ်... ဂိုဏ်းချုပ်ကြီးက..."

"ပျောက်သွားပြီ..."

ချီကွမ်းက ကြားလိုက်ရသောအခါ ဦးရေပြားများပင် ထုံကျင်သွားသကဲ့သို့ ခံစားလိုက်ရပြီး ဘေးရှိလူနှစ်ဦးကို အလိုအလျောက် ရုန်းကန်ဖယ်ရှားလိုက်သည်။

"မင်း ဘာပြောလိုက်တယ်..."

သူသည် ရှေ့သို့ ခြေလှမ်းနှစ်လှမ်းလှမ်းကာ ထိုရှင်တောက်အန်းဂိုဏ်းသားကို ဆွဲကိုင်၍ အသေအချာမေးမြန်းလိုစိတ် ပြင်းပြနေ၏။

သို့သော် မမျှော်လင့်ဘဲ ခြေလှမ်းတစ်လှမ်းလှမ်းလိုက်သည်နှင့် သူ၏ခြေထောက်ဆီမှ ဂျောက်ဟူသော အရိုးကျိုးသံများ ရုတ်တရက် ထွက်ပေါ်လာလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

ထိုခြေထောက်မှာ အရိုးများ မရှိတော့သကဲ့သို့ မြေပြင်ပေါ်သို့ ပုံကျသွားလေသည်။

တစ်ချိန်တည်းမှာပင် အခြားခြေထောက်တစ်ဖက်ဆီမှလည်း အရိုးကျိုးသံများ ထွက်ပေါ်လာပြန်၏။

သူသည် မြေပြင်ပေါ်သို့ လဲကျသွားပြီး လက်တံတောင်ဆစ်နှစ်ဖက်ဖြင့် မြေပြင်ကိုထောက်ရန် ကြိုးစားလိုက်သည်။

သို့သော် မြေပြင်နှင့် ထိတွေ့လိုက်သည့် အခိုက်အတန့်တွင် သူ၏လက်မောင်းနှစ်ဖက်လုံးမှာလည်း ဂျောက်ဟူသော အသံနှင့်အတူ အရိုးများ ကြေမွသွားခဲ့ရပြန်သည်။

နောက်ဆုံးတွင်မူ သူသည် တစ်ကိုယ်လုံး မြေပြင်ပေါ်သို့ ပြားပြားဝပ်လဲကျသွားပြီး တစ်ကိုယ်လုံးရှိ အရိုးများမှာ ဆက်တိုက်ကြေမွပျက်စီးသွားကာ တစ်ခဏအတွင်း ရွှံ့ညွန်တစ်ပုံကဲ့သို့ ပျော့ခွေသွားပြီး မည်သို့မျှ ပြန်လည်ထူမတ်နိုင်ခြင်း မရှိတော့ပေ။

ဤရုတ်တရက်ပြောင်းလဲမှုမှာ အလွန်ပင် ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းလှပေသည်။

ဘေးပတ်ဝန်းကျင်ရှိ ရှင်တောက်အန်းဂိုဏ်းသားများအားလုံးမှာ ဆွံ့အသွားကြပြီး ကြက်သီးမွေးညင်းများပင် ထလာကြ၏။

ချီကွမ်းမှာ မသေသေးဘဲ ဤအရာအားလုံးကို အထင်အရှားခံစားနေရဆဲ ဖြစ်၏။ သူသည် အရိုးများကြေမွသွားသော အသံများကို ကြားနေရပြီး စိတ်ကူးပင် မယဉ်ဝံ့လောက်သော ပြင်းထန်လှသည့် နာကျင်မှုကို အလူးအလဲ ခံစားနေရလေသည်။

အရိုးများ၏ထောက်ကူမှု မရှိတော့သဖြင့် အသားနှင့် သွေးများမှာ ကလီစာများပေါ်သို့ တိုက်ရိုက်ဖိမိသွားကာ သူ၏အသက်ရှူသံများ မြန်ဆန်လာပြီး ကလီစာများမှာလည်း ဖော်ပြ၍မရနိုင်လောက်အောင် နာကျင်နေတော့၏။

သူ၏မျက်နှာမှာ ညိုမည်းသွားပြီး မျက်လုံးများမှာ ပြူးကျယ်ကာ မျက်လုံးအိမ်ထဲမှပင် ထွက်လာတော့မတတ် ဖြစ်နေချေသည်။

တစ်ခဏအတွင်းမှာပင် သူသည် အသက်ရှူရပ်ကာ သေဆုံးသွားလေတော့သည်။

ရှင်တောက်အန်းတစ်ဂိုဏ်းလုံး ပရမ်းပတာ ဖြစ်သွားခဲ့ရပြီ။

ဂိုဏ်းချုပ်ပျောက်ဆုံးသွားပြီး တတိယဂိုဏ်းချုပ်မှာလည်း အကြောင်းရင်းမရှိဘဲ ဤမျှအထိ ဆိုးရွားစွာ သေဆုံးသွားခဲ့ရသည်။

မုန်တိုင်းထဲတွင် ယိုင်နဲ့နေခဲ့သော ရှင်တောက်အန်းဂိုဏ်းမှာ ယခုအခါတွင် ပိုမို၍လူစုကွဲကာ စိုးရိမ်ထိတ်လန့်မှုများ ပြည့်နှက်နေတော့၏။

ထို့ကြောင့် ယန့်တောက်ဆောင်၏ အမိုးပေါ်တွင် အဖြူရောင်မျက်နှာဖုံး ဝတ်ဆင်ထားသော ဝတ်စုံနက်ဝတ် လူတစ်ဦးသည် လက်ထဲတွင် ဝတ်စုံနက်ဝတ် မိန်းကလေးတစ်ဦးကို ဆွဲကိုင်ရင်း ဤမြင်ကွင်းကို တိတ်ဆိတ်စွာ စောင့်ကြည့်နေသည်ကို မည်သူမျှ သတိမပြုမိကြပေ။

ချူချင်းက စဉ်းစားလိုက်သော်လည်း လွယ်လွယ်နှင့် ဆုံးဖြတ်ချက်မချဝံ့ပေ။

'ကျန်းရှန်တောက် ပျောက်သွားပြီ... ဖေးဝူကျိလက်ချက်လား...'

ထိုစဉ်က ကျန်းရှန်တောက်သည် ဖေးဝူကျိကိုဖမ်းဆီးကာ ယင်ဖုန်းစခန်းတွင် ပိတ်လှောင်ထားနိုင်စွမ်း ရှိခဲ့သည်။

ယနေ့တွင် ဖေးဝူကျိထွက်လာသည်နှင့် ကျန်းရှန်တောက်ကို ဖမ်းဆီးသွားနိုင်စွမ်း ရှိရမည်နည်း။

ထို့ပြင် ပျောက်ဆုံးသွားခြင်းဟူသော ကိစ္စမှာ အစစ်အမှန် ဟုတ်မဟုတ်ကိုလည်း ပြောရန်ခက်ခဲလှပေသည်။

'စနစ်က တာဝန်ပြီးမြောက်ကြောင်း အကြောင်းမကြားသေးဘူး... ချီကွမ်းက တကယ့်တရားခံအစစ် မဟုတ်တာ သေချာတယ်...'

သူ၏စိတ်ထဲတွင် အတွေးများစွာ ဖြတ်သန်းသွားပြီးနောက်တွင်မှ လေထဲသို့ ခုန်တက်ကာ ရှင်တောက်အန်းဂိုဏ်းမှ တိတ်တဆိတ်ထွက်ခွာခဲ့လေသည်။

ရှင်တောက်အန်းဂိုဏ်းတစ်ခုလုံး ပရမ်းပတာ ဖြစ်နေခြင်းကြောင့် ယခုတစ်ကြိမ်တွင် မည်သူ့ကိုမျှ သတိမပြုမိစေဘဲ ထွက်ခွာနိုင်ခဲ့၏။

ရှင်တောက်အန်းဂိုဏ်းနှင့် အတော်ဝေးဝေးသို့ ရောက်ရှိသွားပြီးနောက်တွင်မှ ချူချင်းသည် ဆိတ်ငြိမ်သော နေရာတစ်ခုကို ရှာဖွေကာ လက်ထဲမှချင်းလင်ကို မြေပြင်ပေါ်သို့ချလိုက်လေသည်။

ချင်းလင်သည် ဟွမ်ချွမ်ဆေးမှုန့် အဆိပ်သင့်နေသဖြင့် တစ်ကိုယ်လုံးပျော့ခွေနေပြီး မြေပြင်ပေါ်သို့ ကျရောက်သွားသည်နှင့် တိုက်ရိုက်လဲလျောင်းကာ ချူချင်းကို မော့ကြည့်လိုက်၏။

"ရှင်... ရှင် ဘာလုပ်မလို့လဲ..."

ချူချင်းက သူမကို တစ်ချက်ကြည့်လိုက်ရာ အဖြူရောင်မျက်နှာဖုံးမှာ အနည်းငယ်အေးစက်ကာ အထီးကျန်ဆန်နေဟန်ရှိ၏။

"မင်းက တကယ်ပဲ ချင်းလင်လား..."

သူမသည် ပထမစကားလုံးအချို့ကို ယုံကြည်ချက်ရှိရှိ ပြောလိုက်သော်လည်း ချူချင်း၏ ဖြူလျော်သောမျက်နှာဖုံးကို မြင်လိုက်ရသောအခါ နောက်ထပ်စကားများကို ဆက်ပြောရန် သတ္တိမရှိတော့ဘဲ အသံမှာ တိုးညင်းသွားတော့သည်။

"ကျွန်မ... မဟုတ်ပါဘူး..."

ချူချင်းက ထပ်မံမေးမြန်းလိုက်၏။

"ဒါဆို မင်းက ဘယ်သူလဲ..."

ချင်းလင်က စမ်းသပ်သည့်အနေဖြင့် မေးမြန်းပြီးနောက် အလျင်အမြန်ပင် ထပ်ပြောလိုက်သည်။

"...ကျွန်မ ဘယ်သူလဲဆိုတာ ရှင်သိသွားရင်... ကျွန်မကို လွှတ်ပေးမှာလား..."

"ရှင် ကျွန်မကို ပြန်မဖြေလည်း ကိစ္စမရှိပါဘူး...ကျွန်မလက်တွေခြေတွေကိုတော့ မဖြတ်ပါနဲ့..."

"..."

ချူချင်း၏နှုတ်ခမ်းထောင့်များ အနည်းငယ်ကွေးညွတ်သွား၏။

"ငါနဲ့မင်းကြားမှာ ဘာရန်ငြိုးမှမရှိတာ... ဘာလို့ မင်းရဲ့ လက်တွေခြေတွေကို ဖြတ်ရမှာလဲ... ဒါမှမဟုတ်... မင်းက မင်းရဲ့ လက်တွေခြေတွေကို မကြိုက်လို့လား... တကယ်လို့ အဲဒီလိုဆိုရင်လည်း ငါက ကူညီပေးလို့ ရပါတယ်..."

သူမသည် ရင်ခွင်ပိုက်ရန် ကြိုးစားလိုက်သော်လည်း လှုပ်ရှား၍မရသဖြင့် ပြောလိုက်ရုံသာ တတ်နိုင်တော့သည်။

"ဘယ်သူက မကြိုက်ဘူးလို့ ပြောလဲ..."

"ကျွန်မ ပြောပြမယ်… ကျွန်မရဲ့နောက်ခံက အရမ်းကြီးတာ..."

"ကျွန်မဆရာက လောကမှာ နံပါတ်တစ် နတ်ဘုရားသူခိုးပဲ..."

"ကျွန်မက လောကမှာ နံပါတ်တစ် နတ်ဘုရားသူခိုးရဲ့ တပည့်ပဲ... ချင်းလင်ရဲ့ အထောက်အထားကို သုံးပြီး ရှင်တောက်အန်းဂိုဏ်းထဲကို ခိုးဝင်လာတာက သူတို့ရဲ့ရတနာက ဘာလဲဆိုတာကို ကြည့်ချင်ရုံသက်သက်ပဲ..."

"ဒါပေမဲ့ ချီကွမ်းက ဒီလောက်အထိ ကောက်ကျစ်လိမ့်မယ်လို့ မထင်ထားမိဘူး... ကြက်ခိုးဖို့ ကြိုးစားရင်းနဲ့ ကျွန်မလို ဂေါ်ဖီထုပ်ဖြူလေးတောင် အဲဒီဝက်ကြီးရဲ့ စားတာခံရတော့မလို့..."

ချူချင်းက မျက်မှောင်ကြုတ်လိုက်၏။

"လောကမှာ နံပါတ်တစ် နတ်ဘုရားသူခိုး..."

"မင်းပြောတာ... 'ကိုးမိုးကောင်းကင် ကြယ်တာရာများ လက်တစ်ဖဝါးအတွင်း ရောက်ရှိခြင်း'လို့ ကျော်ကြားတဲ့သူခိုးနတ်မင်းကြီးယိုစုန်းကို ပြောတာလား..."

ထိုမိန်းကလေးက ဆက်တိုက်ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်တယ်... သူပဲပေါ့..."

ချူချင်းက ရုတ်တရက်ရယ်မောလိုက်လေသည်။

"...မင်း ဘာလို့ ရယ်တာလဲ..."

ထိုမိန်းကလေးသည် သူ၏ရယ်သံမှာ အနည်းငယ်ထူးဆန်းနေသဖြင့် မေးလိုက်၏။ သူသည် ရှင်တောက်အန်းဂိုဏ်းတွင် ရှိစဉ်ကကဲ့သို့ အေးစက်ခြင်း မရှိတော့သော်လည်း စိတ်ထဲတွင်မူ ပို၍ပင် နေရခက်စေသည်။

'သူက... လှောင်ပြောင်နေတာလား...'

'သူ့လိုလူမျိုးကလည်း သူများကို လှောင်ပြောင်တတ်တာပဲလား...'

'ငါပဲ အတွေးလွန်နေတာလား...'

ချူချင်းက ပြောလိုက်သည်။

"ယိုစုန်းက မင်းလိုတပည့်မျိုးကို လက်ခံခဲ့တာက သူ့ဂုဏ်သိက္ခာကို ဖျက်ဆီးလိုက်သလိုပဲလို့ တွေးမိပြီး ရယ်တာပါ..."

"ရှင်..."

ထို့ပြင် မည်သည့် ဖုံးကွယ်မှုမျှလည်း မရှိပေ။ ထိုမိန်းကလေးမှာ ဒေါသထွက်လွန်းသဖြင့် အံတင်းတင်းကြိတ်ထားမိလေသည်။

ချူချင်းက ထပ်မံမေးမြန်းလိုက်၏။

"ဒါဆို မင်းကကော... မင်းနာမည် ဘယ်လိုခေါ်လဲ..."

ထိုမိန်းကလေးက ခေါင်းကို အနည်းငယ်မော့ကာ ပြောလိုက်သည်။

"ကျွန်မက... 'လက်ဝါးငယ်ဖြင့် ကြယ်ဆွတ်သူ' မုထုံအာပဲ..."

ချူချင်းက ခေါင်းခါယမ်းလိုက်၏။

"ဒါဆိုရင်တော့ မင်းက နွားကျောင်း၊ သိုးကျောင်းပဲ သွားသင့်တာ... သူခိုးမလုပ်သင့်ဘူး..."

"ပါးစပ်ဟစမ်း..."

မုထုံအာသည် ချူချင်းကို အလွန်ပင် သံသယရှိသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

"ရှင်... ရှင်ကလည်း နှာဘူးကြီးတော့ မဟုတ်ပါဘူးနော်..."

"ရှင် ကျွန်မပါးစပ်ထဲကို ထူးဆန်းတာတွေ လာမထည့်ပါနဲ့..."

ချူချင်းသည် သူ၏အတွင်းအိတ်ထဲမှ ဟွမ်ချွမ်အဆိပ်ဖြေဆေးကို ထုတ်ယူကာ ဆေးလုံးတစ်လုံးကို ယူလိုက်ပြီး ပြောလိုက်၏။

"မင်းပြောပုံအရဆိုရင် မင်းရဲ့ အထောက်အထားက အတုမဟုတ်ပုံပဲ... သိတာလည်း အရမ်းများတာပဲ..."

"ကျွန်မ..."

သူမက 'ကျွန်မ’ ဟူသော စကားလုံးကို ပြောလိုက်သည်နှင့် ချူချင်းသည် လက်ညှိုးကို အသာအယာတောက်လိုက်ရာ ဆေးလုံးမှာ သူမ၏ပါးစပ်ထဲသို့ တိုက်ရိုက်ဝင်ရောက်သွားလေသည်။

မုထုံအာသည် ကျန်ရှိသောစကားများကို ဆက်မပြောနိုင်တော့ဘဲ အလိုအလျောက်ပင် ထိုဆေးလုံးကို မျိုချလိုက်ရတော့၏။

ထိုစဉ် ချူချင်းက ပြောလိုက်သည်။

"အဲဒီပစ္စည်းက မကောင်းဆိုးဝါးဆန်တယ်... ထိတွေ့မိရင် ဘေးဆိုးတွေ ကြုံရလိမ့်မယ်... ရှင်တောက်အန်းမြို့တော်မှာလည်း ပရမ်းပတာတွေ ဖြစ်နေပြီမို့လို့ စောစောစီးစီးပဲ ထွက်သွားလိုက်တော့..."

ပြောပြီးသည်နှင့် သူသည် မုထုံအာ၏တုံ့ပြန်မှုကို ဂရုမစိုက်ဘဲ ခြေလှမ်းတစ်လှမ်းလှမ်းကာ ညမှောင်ယံအောက်တွင် ပျောက်ကွယ်သွားလေတော့သည်။

မုထုံအာသည် တစ်စုံတစ်ခုကို ထပ်မံပြောဆိုလိုသော်လည်း မူလက ပျောက်ဆုံးနေသော အားအင်များမှာ တဖြည်းဖြည်း ပြန်ပြည့်ဝလာသည်ကို ခံစားလိုက်ရ၏။

ထိုအခါမှသာ ချူချင်းပေးခဲ့သော ဆေးလုံးမှာ အမှန်တကယ်ပင် အဆိပ်ဖြေဆေးဖြစ်ကြောင်း သူမ အတည်ပြုနိုင်ခဲ့သည်။

သူမ၏မျက်နှာပေါ်တွင် ချက်ချင်းပင် ဝမ်းသာအားရမှုများ ပြည့်နှက်သွားလေသည်။

ထိုစဉ် ရုတ်တရက် သူမ၏ဘယ်နှင့်ညာတွင် လူရိပ်နှစ်ခု ပေါ်လာပြီး သူမ မော့ကြည့်လိုက်သောအခါ မျက်နှာမှာ ချက်ချင်းပင် ညှိုးငယ်သွားတော့၏။

"မင်းတို့ ရောက်လာကြပြီလား..."

ထိုလူနှစ်ဦးမှာ အချင်းချင်းကြည့်လိုက်ကြပြီး တစ်ပြိုင်နက်တည်း ဒူးထောက်လိုက်ကြ၏။

"လက်အောက်ငယ်သားတွေက သခင်မလေးကို ကောင်းကောင်းမကာကွယ်နိုင်ခဲ့လို့ အပြစ်ပေးတော်မူပါ..."

မုထုံအာသည် မြေပြင်ပေါ်မှထရပ်ကာ ဂရုမစိုက်ဟန်ဖြင့် လက်ကိုဝှေ့ယမ်းလိုက်သည်။

"ရပါတယ်... ထားလိုက်ပါတော့... ဘာပဲဖြစ်ဖြစ် ငါလည်း အသက်ဘေးက လွတ်လာပြီပဲ... သူ့မျက်နှာကို မမြင်ခဲ့ရပေမဲ့ အသံကို နားထောင်ရသလောက်တော့ အရမ်းငယ်ဦးမယ့်ပုံပဲ..."

"မင်းတို့ရော သူက ဘယ်လိုလူမျိုးဖြစ်မယ်လို့ ထင်လဲ…”

All Chapters