← Chapters

အခန်း ၁၁၃

Vol. 12 Ch. 113

အခန်း ၁၁၃

Vol. 12 Ch. 113

အခန်း (၁၁၃) - လက်ခံရယူခြင်း (၁)

မုထုံအာ၏ ရှေ့တွင် ရပ်နေသူများမှာ ဆံပင်တစ်ဝက်နက်ပြီး တစ်ဝက်ဖြူနေသော အဘိုးအိုနှစ်ဦး ဖြစ်ပေသည်။

သို့သော်လည်း တစ်ဦးမှာ ဘယ်ဘက်တစ်ခြမ်းက နက်ပြီး ညာဘက်တစ်ခြမ်းက ဖြူနေကာ အခြားတစ်ဦးမှာမူ သူနှင့် လုံးဝဆန့်ကျင်ဘက် ဖြစ်နေ၏။

မုထုံအာ၏စကားကို ကြားပြီးနောက် အဘိုးအိုနှစ်ဦးမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ဘယ်ဘက်နက်၍ ညာဘက်ဖြူသော အဘိုးအိုက ပြောလိုက်သည်။

"ကျွန်တော်တို့ အခုပဲ သွားစုံစမ်းလိုက်ပါ့မယ်..."

"မလိုပါဘူး..."

မုထုံအာက လက်ယမ်းပြလိုက်သည်။

"သူက လူမသိသူမသိ နေမဲ့သူမျိုး မဟုတ်ဘူးလို့ ခံစားရတယ်... ပြန်ဆုံဖို့ အခွင့်အရေးတော့ ရှိဦးမှာပါ..."

"ဒါနဲ့... ဒီတစ်ခေါက် သူ ငါ့ကိုကယ်ခဲ့တာဆိုတော့ နောက်တစ်ခါ ပြန်တွေ့ရင် ကျေးဇူးတင်တဲ့အနေနဲ့ ဘာလက်ဆောင်ပေးရမလဲ..."

ညာဘက်နက်၍ ဘယ်ဘက်ဖြူသော အဘိုးအိုက အနည်းငယ် တွန့်ဆုတ်စွာဖြင့် ပြောလိုက်သည်။

"သခင်မလေး... ကျွန်တော်တို့ ဒီမှာ အရမ်းအချိန်ဆွဲလို့မဖြစ်ဘူး ထင်တယ်... သခင်ကြီးက သခင်မလေးကို မြန်မြန်ပြန်လာဖို့ မှာထားပါတယ်..."

"မပြန်ဘူး... မပြန်ဘူး... နေ့တိုင်း ငါ့ကို ပိတ်လှောင်ထားတာ... ငါ လုံးဝမပြန်ချင်ဘူး..."

မုထုံအာက ခေါင်းကိုခါရမ်းကာ ငြင်းဆန်လိုက်၏။

ဘယ်ဘက်နက်၍ ညာဘက်ဖြူသော အဘိုးအိုက တိုးညင်းစွာ ပြောလိုက်သည်။

"ဒါပေမဲ့... သခင်ကြီးက ဆရာယူကို ဖမ်းထားတယ်..."

"သခင်မလေးသာ မပြန်ဘူးဆိုရင် ဆရာယူရဲ့ ခြေထောက်တွေကို ရိုက်ချိုးပစ်မယ်လို့ ပြောလိုက်ပါတယ်... သခင်မလေးကို ကျန်းဟူလောကထဲ လျှောက်သွားဖို့ နောက်တစ်ခါ သွေးထိုးပေးရဲဦးမလားဆိုပြီးတော့ပေါ့..."

"ဟင်..."

မုထုံအာက မျက်လုံးပြူးသွားသည်။

"ဖေဖေက ဘာလို့ အဲဒီလိုလုပ်ရတာလဲ..."

"ဆရာက ဘာအပြစ်လုပ်မိလို့လဲ..."

"ဒါကတော့..."

အဘိုးအိုနှစ်ဦးမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး နှုတ်ဆိတ်သွားကြ၏။

မုထုံအာက သက်ပြင်းချရင်း ပြောလိုက်သည်။

"ထားလိုက်ပါတော့... ပြန်ကြတာပေါ့... ဖေဖေက ဆရာ့ခြေထောက်တွေကို တကယ် ရိုက်ချိုးတာမျိုးတော့ အဖြစ်မခံနိုင်ဘူး... သူက ဟိုပြေးဒီလွှား လုပ်ရတာကို အရမ်းသဘောကျတာ... ခြေထောက်ကျိုးသွားရင် ဘယ်လိုလုပ်မလဲ..."

"ပြန်ရောက်ရင် ဆရာ့ကိုပဲ အကြံဉာဏ် တောင်းရမယ်... ငါ့ရဲ့အသက်သခင်ကို ဘာလက်ဆောင်ပေးရင် ကောင်းမလဲဆိုတာပေါ့..."

"သူက လောကမှာရှိတဲ့ ရတနာဆန်းတွေကို အကုန်သိတာပဲ... သေချာပေါက် စဉ်းစားမိမှာပဲ... သွားကြစို့..."

သူမသည် စိတ်ကူးပေါက်ရာ လုပ်တတ်သူဖြစ်ရာ ယခုလည်း ချက်ချင်းပင် မဆိုင်းမတွဘဲ အမြန်ဆုံး ထွက်ခွာချင်နေလေသည်။

အဘိုးအိုနှစ်ဦးမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး မုထုံအာ၏အပြုအမူများကို ကျင့်သားရနေပုံပေါ်၏။

သို့သော် မထွက်ခွာမီတွင် တစ်ဦးက လှမ်းမေးလိုက်သည်။

"သခင်မလေး... ရှင်တောက်အန်းဂိုဏ်းရဲ့ ကိစ္စကလေ... သခင်မလေးသာ ချီကွမ်း ပြင်ဆင်ထားတဲ့ရတနာကို သဘောကျတယ်ဆိုရင် ကျွန်တော်တို့ သွားလုပေးလို့ရပါတယ်..."

"ချီကွမ်းက သခင်မလေးအပေါ် မရိုမသေလုပ်ရဲတာ သေဒဏ်နဲ့ ထိုက်တန်ပါတယ်... သူသေသွားပေမဲ့ ရှင်တောက်အန်းဂိုဏ်းက ရှိနေသေးတာပဲ... ကျွန်တော်တို့..."

"ထားလိုက်ပါ..."

မုထုံအာက လက်ယမ်းပြလိုက်သည်။

"သူပြောတယ်... အဲဒီအရာက မသန့်ရှင်းဘူးတဲ့... ဒါကြောင့် သွားမပတ်သက်တာ အကောင်းဆုံးပဲ..."

"ရှင်တောက်အန်းဂိုဏ်းကတော့... ကျန်းရှန်တောက် ပျောက်နေတာက တစ်ခုခုထူးဆန်းနေတယ်... တခြားရည်ရွယ်ချက် ရှိနေပုံပဲ... အခြေအနေကိုစောင့်ကြည့်ရုံပဲ စောင့်ကြည့်ထားလိုက်..."

"ဒါနဲ့... သူ့ကို နောက်ကွယ်ကနေ စောင့်ရှောက်ပေးထားပါဦး... ငါ့ရဲ့ အသက်သခင်ကို ဘာအန္တရာယ်မှမဖြစ်စေနဲ့..."

အဘိုးအိုနှစ်ဦးမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြ၏။

သူတို့သည် ယခင်က အဝေးမှသာ စောင့်ကြည့်နေခဲ့ခြင်း ဖြစ်ပြီး ချီကွမ်း၏ 'အမဲလိုက်ပွဲ’ဟုခေါ်သော အရာမှာလည်း သူတို့၏ မျက်စိအောက်တွင်သာ ရှိခဲ့သည်။ ထိုစဉ်က ချူချင်းရှိနေသည်ကို မတွေ့ရှိခဲ့ပါက စောစီးစွာပင် လှုပ်ရှားခဲ့ကြပေလိမ့်မည်။

ထို့နောက် ချူချင်း၏လှုပ်ရှားမှုကို မြင်တွေ့ပြီးနောက် ဤလူငယ်၏သိုင်းပညာမှာ အလွန်မြင့်မားကြောင်း နားလည်သွားကြရာ စောင့်ရှောက်ပေးရန်မှာ မခက်ခဲသော်လည်း...

ထိုသူက ရိပ်မိသွားမည်ကို စိုးရိမ်ရပေသည်။ အကယ်၍ ရန်သူဟုထင်မှတ်သွားပါက ပိုမိုရှုပ်ထွေးသွားနိုင်သဖြင့် အဆင်မပြေ ဖြစ်သွားပေလိမ့်မည်။

သူ့အား မရိပ်မိစေဘဲ တိတ်တဆိတ် စောင့်ကြည့်ရန်အတွက် အနည်းဆုံး သူတို့နှစ်ဦးကဲ့သို့ စွမ်းရည်မျိုးရှိရန် လိုအပ်ပေသည်။

သို့သော် ဤစကားများကိုမူ မုထုံအာအား မပြောဘဲ ရိုရိုသေသေပင် ခေါင်းညိတ် သဘောတူလိုက်ကြ၏။

ထို့နောက် သုံးဦးသားမှာ ရှေ့ဆင့်နောက်ဆင့်ဖြင့် လေထဲသို့ပျံသန်းကာ ထွက်ခွာသွားကြလေသည်။

သူတို့ ထွက်ခွာသွားပြီးနောက် အမှောင်ရိပ်ထဲမှ လူရိပ်တစ်ရိပ်သည် ဖြည်းညင်းစွာ လျှောက်လှမ်းထွက်ပေါ်လာ၏။

ဝတ်စုံနက်ကို ဝတ်ဆင်ထားပြီး အဖြူရောင်မျက်နှာဖုံးကို တပ်ဆင်ထားသည်။

ချူချင်းသည် ချင်းယဲ့ဓားကို ကိုင်ဆောင်ကာ ထိုသုံးဦး ထွက်ခွာသွားရာဘက်သို့ တိတ်ဆိတ်စွာ ငေးကြည့်နေလေသည်။

သူ၏မျက်ဝန်းများထဲတွင် အတွေးများ ရှုပ်ထွေးနေ၏။

'တကယ်ပဲ တိတ်တဆိတ် စောင့်ကြည့်နေတဲ့သူတွေ ရှိနေတာပဲ... ငါတောင်မှ သတိမထားမိလုနီးပါး ဖြစ်သွားတယ်...'

'ဒီလူနှစ်ယောက်က ဘယ်သူတွေလဲ...'

'လောကရဲ့ နံပါတ်တစ်သူခိုးကြီးဖြစ်ပြီး ကောင်းကင်ကြယ်တာရာတွေကို လက်တစ်ဖဝါးထဲ ထည့်နိုင်တယ်လို့ ကျော်ကြားတဲ့ ယူကျန်းတောင်မှ အဖမ်းခံရတယ်ဆိုတော့...'

'ဒီမုထုံအာက တကယ်ပဲ ဘယ်လို အဆင့်အတန်းမျိုး ရှိတာလဲ...'

ထိုအဘိုးအိုနှစ်ဦး၏ သိုင်းပညာမှာ အလွန်မြင့်မားပြီး ကိုယ်ယောင်ဖျောက်သည့် အတတ်ပညာမှာလည်း အလွန်ထူးချွန်လှပေသည်။

ချူချင်းက မုထုံအာကို ခေါ်ဆောင်သွားစဉ်အတွင်း သူတို့ထံမှ အသက်ရှူသံ အနည်းငယ်ထွက်ပေါ်လာသဖြင့် ထူးဆန်းမှုကို ရိပ်မိခဲ့ခြင်း မဟုတ်ပါက သူလည်း သတိပြုမိလိမ့်မည် မဟုတ်ပေ။

ထိုသို့ဖြစ်လင့်ကစား နောက်ပိုင်းတွင် ချူချင်းက တိတ်တဆိတ်ပုန်းကွယ်ကာ ချီကွမ်း အတွင်းအားကျင့်စဉ် လည်ပတ်သည်ကို စောင့်ဆိုင်းပြီး ကျန်းရှန်တောက်ထံ သွားသည်ကို စောင့်ကြည့်နေသည့် တစ်လျှောက်လုံးတွင်လည်း ထိုလူနှစ်ဦးကို ရှာမတွေ့ခဲ့ချေ။

စိတ်ထဲတွင် သံသယရှိနေသဖြင့် ချူချင်းသည် တမင်တကာပင် ခြေရာပြန်လှည့်လာခဲ့ခြင်း ဖြစ်၏။

'ဒီလို ထိပ်တန်းပညာရှင်တွေက မုထုံအာရဲ့အမိန့်ကို နာခံပြီး အစေခံတွေလို ပြုမူနေကြတာပဲ...'

'သူမရဲ့ နောက်ခံက... မျိုးရိုးအမည်က မု...'

ချူချင်းသည် ယခင်က နျဲ့ကျင့်ထိုင်တွင် လူသတ်သမားအဖြစ် လှုပ်ရှားခဲ့ဖူးသဖြင့် ထိုအဖွဲ့အစည်းတွင် သတင်းအချက်အလက် အမြောက်အမြားရှိရာ လောကရှိ ထိပ်တန်းပညာရှင်များအကြောင်းကို အနည်းငယ် သိရှိထားပေသည်။

ဤမျိုးရိုးအမည်ဖြင့် ပညာရှင်များ ရှိသော်လည်း ဤမျှအခြေအနေအထိ မြင့်မားသောအဆင့်သို့ ရောက်ရှိသူ မရှိသလောက်ပင် ဖြစ်၏။

ထို့ကြောင့် လောလောဆယ်တွင် ထိုသူမ၏နောက်ခံကို စဉ်းစား၍ မရနိုင်သေးချေ။

သို့သော် သူသည် အချိန်အကြာကြီး တွေးတောမနေတော့ဘဲ မုထုံအာ ထွက်ခွာသွားပြီဖြစ်ရာ ဤကိစ္စမှာလည်း ပြီးဆုံးသွားပြီ ဖြစ်ပေသည်။

ကျန်းဟူလောကကြီးမှာ ကျယ်ပြောလှသဖြင့် နောင်တွင်လည်း ပြန်လည်ဆုံတွေ့ရန် မလွယ်ကူတော့ချေ။

သူသည် ချက်ချင်းပင် လှည့်ပြန်ကာ အမှောင်ထုထဲသို့ တိုးဝင်သွားပြီး မကြာမီအချိန်အတွင်းမှာပင် တည်းခိုခန်းသို့ ပြန်လည်ရောက်ရှိသွားလေသည်။

သူ့အဝတ်အစားများကို ပြန်လဲပြီးနောက် ချင်းယဲ့ဓားကို သန့်ရှင်းရေးလုပ်ကာ ရေငှက်ဆီ သုတ်လိမ်းပြီး ဓားအိမ်ထဲသို့ ထည့်သွင်းကာ ပတ်တီးဖြင့် သေချာစွာပတ်ထားလိုက်၏။

ထို့နောက် သူသည် အခန်းပြင်သို့ထွက်လာကာ ကျန်းရှန်တောက်၏အခန်းရှေ့သို့ ရောက်ရှိလာခဲ့သည်။

တံခါးကို အသာအယာတွန်းလိုက်ရာ အလွယ်တကူပင် ပွင့်သွားလေသည်။

ကုတင်ပေါ်တွင် မည်သူမျှမရှိတော့ဘဲ ကြမ်းပြင်ပေါ်တွင်မူ သံကြိုးများဖြင့် ဆက်သွယ်ထားသော သွေးကြောပိတ်အပ်များနှင့် ပွင့်ဟနေသော သံမျက်နှာဖုံးတို့ ပြန့်ကျဲနေသည်ကို တွေ့လိုက်ရ၏။

သွေးကြောပိတ်အပ်ဟု ဆိုသော်လည်း အမှန်တကယ်တွင် လက်ချောင်းခန့်ထူပြီး သုံးလက်မခန့်ရှည်သော လေးထောင့်ပုံစံသံမှိုများ ဖြစ်ကြပေသည်။

ချူချင်းသည် စဉ်းစားရင်းဖြင့် စနစ်မျက်နှာပြင်ကို ဖွင့်လိုက်၏။

မပြီးမြောက်သေးသော တာဝန်များနှင့် လက်မခံရသေးသလို ငြင်းပယ်ခြင်းလည်း မရှိသေးသော တာဝန်သစ် အချက်ပြချက်များမှာ တစ်ပြိုင်နက်တည်း ပေါ်ထွက်လာသည်။

[တာဝန် - ချင်းရှီးရွာ လူသတ်ပွဲကြီးကို ဖန်တီးခဲ့သော တရားခံအား လုပ်ကြံသတ်ဖြတ်ရန်]

[တာဝန်အသစ် ပေါ်ထွက်လာခြင်း - ဖေးဝူကျိကို လုပ်ကြံသတ်ဖြတ်ရန်]

[လက်ခံလား...]

ချူချင်း၏နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာ၏။ ယင်ဖုန်းစခန်း၏ မြေအောက်အချုပ်ခန်းတွင် 'ကျန်းရှန်တောက်' က သူ့အား ဖေးဝူကျိကိုသတ်ပေးရန် တောင်းဆိုခဲ့သည့်နေ့မှစ၍ ဤအချက်ပြချက် ပေါ်ထွက်လာခဲ့ခြင်း ဖြစ်ပေသည်။

သူသည် ဤအချက်ပြချက် ပျောက်ကွယ်သွားခြင်းရှိမရှိကို အမြဲစောင့်ကြည့်နေခဲ့သည်။

သူကိုယ်တိုင် လက်မလျှော့သရွေ့ ဤအချက်ပြချက်မှာ အမြဲတမ်းရှိနေမည်ဖြစ်ကြောင်း သက်သေပြနေ၏။

"လက်ခံမယ်..."

ချူချင်း ရွေးချယ်လိုက်သည်။

ဤတာဝန်၏အခြေအနေမှာ ချူချင်းအတွက် အနည်းငယ်ထူးခြားနေပေသည်။

လက်ရှိအခြေအနေမှာလည်း တဖြည်းဖြည်း ရှင်းလင်းလာခဲ့ပြီ ဖြစ်၏။

အကယ်၍ ယင်ဖုန်းစခန်းတွင် ပိတ်လှောင်ခံထားရသော 'ကျန်းရှန်တောက်'မှာ ဖေးဝူကျိဖြစ်နေပါက ချင်းရှီးရွာတွင် လွန့်ရှန်ဓားကို သွန်းလုပ်ခဲ့သူမှာ ကျန်းရှန်တောက်အစစ်သာ ဖြစ်ပေလိမ့်မည်။

ချီကွမ်းသည် သူ၏အမိန့်ကို နာခံကာ ဤကိစ္စကို တာဝန်ယူဆောင်ရွက်ခဲ့ခြင်း ဖြစ်၏။

ထို့ကြောင့်လည်း ချင်းရှီးရွာရှိ ရွာသားခြောက်ရာကျော်ကို ဓားအတွက် ပူဇော်သတ်ဖြတ်ခဲ့သော ကြေကွဲဖွယ်ဖြစ်ရပ်ဆိုးကြီး ဖြစ်ပွားခဲ့ရခြင်း ဖြစ်ပေသည်။

ထို့ပြင် သူသည် ယင်ဖုန်းစခန်းအတွင်းရှိ စိုက်ပျိုးခင်းကို ဖန်တီးကာ သွေးသီးများကိုပျိုးထောင်ပြီး သွေးနတ်ဘုရားဆေးလုံးများကို ဖော်စပ်ခဲ့သေးသည်။

စခန်းခေါင်းဆောင်ကြီး ရွှီရွေ့အား အရပ်သားပြည်သူများကို သတ်ဖြတ်ရန် ခွင့်ပြုခဲ့သဖြင့် နယ်မြို့လေးတွင် ကြေကွဲဖွယ်ရာဖြစ်ရပ်များစွာ ဖြစ်ပွားခဲ့ရ၏။

သံသယဖြစ်စရာမလို ထိုသူသည် သေဒဏ်နှင့်ထိုက်တန်ပေသည်။

သို့သော် ဤအရာအားလုံး၏ အဓိကအကြောင်းရင်းမှာ ကောင်းကင်မိစ္ဆာဂိုဏ်းမှ ဖေးဝူကျိကြောင့်ပင် ဖြစ်၏။

ကောင်းကင်မိစ္ဆာဂိုဏ်းက ထျန်းဝူမြို့တွင် လုပ်ဆောင်ခဲ့သော ကိစ္စရပ်များကို ကြည့်လျှင် သူတို့၏ရည်ရွယ်ချက်မှာ မရိုးရှင်းကြောင်း ထင်ရှားလှပေသည်။

ထိုစဉ်က ဖေးဝူကျိသည် ချိရှန်သံရိုင်းကို ရယူကာ လွန့်ရှန်ဓားကို သွန်းလုပ်ရန် ကြိုးပမ်းခဲ့ခြင်းမှာ အဘယ်ကြောင့် ဖြစ်သနည်း။

ဤလူစုသည် တိတ်တဆိတ်လှုပ်ရှားကာ ပိုမိုကြီးမားသော ပရမ်းပတာအခြေအနေတစ်ရပ်ကို ဖန်တီးရန် ကြံစည်နေပုံရပေသည်။

ရှင်တောက်အန်းဂိုဏ်းသည် တောင်ဘက်တွင် ထျန်းဝူမြို့နှင့် ထိစပ်နေပြီး မြောက်ဘက်တွင် ၁၂၈ မိုင် လော့ချန်အိမ်တော်နှင့် နီးကပ်စွာ တည်ရှိသည်။

ဤနေရာတွင် ပရမ်းပတာဖြစ်ပွားပါက ထိုလှိုင်းလုံးကြီးမှာ အရပ်မျက်နှာ အနှံ့အပြားသို့ ပျံ့နှံ့သွားပေလိမ့်မည်။

ထို့ပြင် လွန့်ရှန်ဓား၏ဆန်းကြယ်မှုကြောင့် ထိုမိစ္ဆာဓားကို လုယူလိုသူ အမြောက်အမြားကိုလည်း ဆွဲဆောင်နိုင်ပေလိမ့်မည်။

ထိုအချိန်ကျလျှင် သွေးချောင်းစီးတိုက်ပွဲများ ဖြစ်ပွားလာမည်ကို ရှောင်လွှဲ၍မရနိုင်တော့ချေ။

အကယ်၍ တာဝန်မရှိပါက ချူချင်းအနေဖြင့် သူ့အားသတ်ရန် အနည်းငယ် တွန့်ဆုတ်နေနိုင်သော်လည်း ယခုမူ စဉ်းစားနေစရာ မလိုတော့ချေ။

All Chapters