အခန်း ၁၁၄
Vol. 12 Ch. 114
အခန်း (၁၁၄) - လက်ခံရယူခြင်း (၂)
'ဖေးဝူကျိနဲ့ ကျန်းရှန်တောက်တို့ တစ်ပြိုင်ထဲ ပျောက်သွားတာက တစ်ခုခုပတ်သက်နေတာ သေချာတယ်...'
'အခု အလွယ်ဆုံးနည်းလမ်းကတော့ ရှင်တောက်အန်းဂိုဏ်းထဲကို အတင်းဝင်ပြီး အကုန်လုံးကို ဖျက်ဆီးပစ်ဖို့ပဲ...'
'ဒါပေမဲ့ အဲဒီလိုလုပ်ရင်... ငါ့ရဲ့ ခြေရာလက်ရာတွေ ပေါက်ကြားသွားလိမ့်မယ်...'
'လွန့်ရှန်ဓားက ကျန်းရှန်တောက်ရဲ့ လက်ထဲမှာ ရှိနေရင် ဒီလိုအခြေအနေမျိုးမှာ သူက ပေါ်လာပါဦးမလား...'
'ဒီဓားကို လောကသားတွေရဲ့ ရှေ့မှောက်မှာ မဖျက်ဆီးနိုင်ရင် လူအများကြီးက ဒါကို ရဖို့အတွက် ထပ်ပြီး သတ်ဖြတ်ကြဦးမှာပဲ...'
ချူချင်းသည် မိမိ၏အခန်းသို့ ပြန်ရောက်လာပြီး ရေတစ်ခွက် ငှဲ့လိုက်၏။
စိတ်ကို တည်ငြိမ်အောင် ထားပြီးနောက် သူသည် ဆုံးဖြတ်ချက်တစ်ခု ချလိုက်လေသည်။
'ရှင်တောက်အန်းဂိုဏ်းက အခု ဘေးပတ်ပတ်လည်မှာ အန္တရာယ်တွေနဲ့ ရင်ဆိုင်နေရတာ... ကျန်းရှန်တောက်က လွန့်ရှန်ဓားအပေါ် မျှော်လင့်ချက် အများကြီး ထားထားပုံပဲ...'
'ဒီတစ်ခေါက် လော့ချန်က ထျန်းရှာရီဖင်ညီလာခံကို ကျင်းပတာက လွန့်ရှန်ဓားကို အသုံးချပြီး တစ်ခုခုလုပ်ဖို့ ဖြစ်နိုင်တယ်...'
'ဒီညီလာခံမှာ လွန့်ရှန်ဓားက သေချာပေါက် ပေါ်လာလိမ့်မယ်... ကျန်းရှန်တောက်က သုံးနှစ်လုံးလုံး အောင့်အည်းသည်းခံခဲ့ပြီး ဖေးဝူကျိကလည်း သုံးနှစ်တိုင်တိုင် ပိတ်လှောင်ခံခဲ့ရတယ်...'
'ရန်ငြိုးအားလုံးကို ထျန်းရှာရီဖင်ညီလာခံမှာပဲ အဆုံးသတ်ကြတာပေါ့...'
'ဒါဆိုရင်လည်း ညီလာခံစတင်တဲ့အချိန်ကျမှ လောကသားတွေရဲ့ ရှေ့မှောက်မှာ အဲဒီလူနှစ်ယောက်လုံးကို သတ်ပစ်မယ်...'
'ပြီးရင် လွန့်ရှန်ဓားကို ဖျက်ဆီးပစ်မယ်...'
ဤလုပ်ရပ်မှာ အနည်းငယ် စွန့်စားရာ ရောက်ပေသည်။ အဘယ်ကြောင့်ဆိုသော် အချို့အချက်များမှာ သူ၏ခန့်မှန်းချက်သာ ဖြစ်ပြီး ခိုင်လုံသော သက်သေ မရှိသေးသောကြောင့် ဖြစ်၏။
သို့သော် ခန့်မှန်းချက် လွဲချော်သွားလျှင်ပင် သူ့တွင် ပြန်လည်ပြင်ဆင်နိုင်သော နည်းလမ်း ရှိပေသည်။
ဝမ်ရိုသည် အမှန်တကယ်ပင် လောကတွင် ရှားပါးလှသော ပါရမီရှင်တစ်ဦး ဖြစ်ပေသည်။
သူသည် ယခုအခါ ဝမ်ရိုကို လော့ချန်အိမ်တော်သို့ ပြန်လည်ပို့ဆောင်ရန်ပင် နှမြောသလို ဖြစ်နေမိ၏။
ဖေးဝူကျိသည် နောက်ဆုံးတွင် ထျန်းရှာရီဖင်ညီလာခံသို့ ပေါ်မလာခဲ့လျှင်ပင် ဝမ်ရို ရှိနေသရွေ့ ချူချင်းအနေဖြင့် သူထွက်ပြေးလွတ်မြောက်သွားမည်ကို စိုးရိမ်စရာ မလိုချေ။
"ဒီကိစ္စပြီးမှ ဝမ်ရိုကို လော့ချန်အိမ်တော်ဆီ ပို့ပေးရမယ်..."
ချူချင်းသည် ရေနွေးခွက်ကို ချလိုက်ပြီး လက်ချောင်းထိပ်များကို အသာအယာ ပွတ်သပ်လိုက်၏။
'နျဲ့ကျင့်ထိုင်နဲ့လည်း အားပြိုင်ရမဲ့အချိန် ရောက်ပြီ...'
ယခင်က သူသည် အမည်ဝှက်ဖြင့် နေထိုင်ခဲ့ခြင်းမှာ နျဲ့ကျင့်ထိုင်၏ လိုက်လံသတ်ဖြတ်မှုကို စိုးရိမ်သောကြောင့် ဖြစ်ပေသည်။
ယခုအချိန်တွင်လည်း လိုက်လံသတ်ဖြတ်မှုမှာ ဆက်ရှိနေဦးမည် ဖြစ်သော်လည်း ချူချင်းက မိမိကိုယ်ကိုယ် ကောင်းမွန်စွာ ဖုံးကွယ်ထားနိုင်ခဲ့၏။
ထိုညက သူ့အား လိုက်လံသတ်ဖြတ်ခဲ့သော သွေးလှံနှင့် အခြားလူသတ်သမားများ၏ အလောင်းများကို ထိုနေရာတွင်ပင် ထားခဲ့ပြီး မရှင်းလင်းခဲ့သဖြင့် နျဲ့ကျင့်ထိုင်က သူ၏ဓားသိုင်းကို ကြည့်ကာ ခြေရာခံမိသွားမည်ကို သူ စိုးရိမ်ခဲ့သည်။
ထို့ကြောင့် နောက်ပိုင်းတွင် သူသည် အမြန်ဓားဖြင့် လူသတ်ပြီးတိုင်း အလောင်းများကို သဲလွန်စမကျန်အောင် ဖျက်ဆီးပစ်လေ့ ရှိပေသည်။
သူ၏ဓားမှာ အလွန်မြန်လွန်းသဖြင့် ဤဓားသိုင်းဖြင့် အသတ်ခံရသူများ၏ ဒဏ်ရာမှာ အခြားသူများ ဓားဖြင့် သတ်ဖြတ်ခြင်းကြောင့် ဖြစ်ပေါ်လာသော ဒဏ်ရာများနှင့် လုံးဝ ကွဲပြားခြားနားသောကြောင့်ပင်။
သာမန်လူများက ခွဲခြားနိုင်ခြင်း မရှိသော်လည်း နျဲ့ကျင့်ထိုင်ကမူ သေချာပေါက် ကွဲပြားမှုကို ရိပ်မိနိုင်ပေသည်။
ချူချင်းသည် သဲလွန်စအားလုံးကို အစအနမကျန်အောင် အလွန်သပ်ရပ်စွာ ရှင်းလင်းခဲ့၏။
ထို့ကြောင့်လည်း 'ဓားတစ္ဆေ'မှာ ဤလောကမှ ပျောက်ကွယ်သွားသကဲ့သို့ ဖြစ်နေရခြင်း ဖြစ်ပေသည်။
သို့သော် ယခုအခါတွင်မူ ချူချင်းသည် သူတို့ကိုပင် လွမ်းဆွတ်သလို ဖြစ်နေမိ၏။
သူ၏ လက်ရှိသိုင်းပညာဖြင့်ဆိုလျှင် မကောင်းဆိုးဝါးနှိမ်နင်းရေးစာရင်းမှ ထိပ်တန်းပညာရှင်ခုနစ်ဆယ့်နှစ်ဦးအနက် တစ်ဦးဦး ပေါ်လာလျှင်ပင် သူ့အား အနိုင်ယူနိုင်ရန် မလွယ်ကူတော့ချေ။
ဖေးဝူကျိနှင့် ကျန်းရှန်တောက်တို့ကို သတ်ဖြတ်ပြီးနောက် သူ၏သိုင်းပညာမှာလည်း နောက်တစ်ဆင့်သို့ လျင်မြန်စွာ တိုးတက်သွားပေလိမ့်မည်။
အနည်းဆုံးတော့ နျဲ့ကျင့်ထိုင်ထံမှ ရင်ဆိုင်ရမည့် အန္တရာယ်များကို အေးဆေးစွာ တုံ့ပြန်နိုင်ရန် နည်းလမ်းများစွာကို ပိုင်ဆိုင်လာပေလိမ့်မည်။
'အရင်က ပုန်းနေခဲ့တာက အင်အားမပြည့်စုံသေးလို့ပဲ... အခုတော့ အင်အားက အတော်အတန်ရှိနေပြီဆိုတော့... စလှုပ်ရှားလို့ရပြီ...'
'အမြဲတမ်း ပုန်းနေလို့လည်း မဖြစ်ဘူးလေ... တစ်သက်လုံး ထျန်းဝူမြို့ကို မပြန်ဘဲ နေလို့မှ မရတာ...'
ဤသည်ကိုတွေးမိရင်း သူသည် မသိစိတ်ဖြင့် မိမိ၏နှုတ်ခမ်းကို အသာအယာ ထိတွေ့မိလိုက်၏။
ထျန်းဝူမြို့ကို တွေးလိုက်သည်နှင့် ထိုဇွတ်တရွတ်နိုင်လှသော မိန်းကလေးကို မလွဲမသွေ သတိရမိသွားသည်။
သူမ နှုတ်ခမ်းပေါ်တွင် ချန်ထားခဲ့သော အမှတ်အသား ပျောက်ကွယ်သွားသည်မှာ ကြာပြီဖြစ်သော်လည်း ထိုနုပျိုဆန်းကြယ်သော အပြုအမူလေးမှာမူ သူ၏နှလုံးသားထဲတွင် စွဲထင်ကျန်ရစ်နေဆဲ ဖြစ်ပေသည်။
ထိုနေ့က သူမ ခြေလှမ်းများမှားယွင်းကာ ပြန်လှည့်သွားပုံကို ပြန်လည်တွေးမိရင်း ချူချင်း၏ နှုတ်ခမ်းထောင့်များမှာ မသိမသာ ကွေးညွတ်သွား၏။
သူသည် ခေါင်းကို အမြန်ခါယမ်းလိုက်သည်။
"မဟုတ်သေးဘူး... မဟုတ်သေးဘူး... ငါက ဘာလို့ မိန်းကလေးတစ်ယောက်အကြောင်း တွေးနေရတာလဲ..."
"လူသတ်သမားဆိုတာ... အချစ်မရှိရဘူး..."
မိမိကိုယ်ကို စိတ်ထဲတွင်သတိပေးပြီးနောက် သူသည် ကုတင်ပေါ်တွင် လှဲလျောင်းလိုက်၏။ စိတ်ထဲတွင် အတွေးများရှုပ်ထွေးနေသဖြင့် ထိုညတွင် အတွင်းအားကျင့်စဉ်ကို မကျင့်ကြံတော့ချေ။
ဤသို့ဖြင့် တစ်ညတာ ကုန်ဆုံးသွားခဲ့လေသည်။
နောက်တစ်နေ့ နံနက်တွင် ချူချင်းသည် ဝမ်ရိုနှင့် အခြားသူများနှင့် ပြန်လည်ဆုံတွေ့ခဲ့၏။
သံမျက်နှာဖုံး တပ်ဆင်ထားသော အဖိုးအို ပျောက်ဆုံးသွားကြောင်း သိရှိရသောအခါ မော့တူရှင်းနှင့် ပျန်းချန်တို့မှာ အံ့အားသင့်သွားကြပြီး ချူချင်းအား ကူညီရှာဖွေပေးရန် စဉ်းစားခဲ့ကြသည်။
သို့သော် ချူချင်းက မလိုကြောင်းပြောလိုက်၏။
ချူချင်း၏စိတ်ထဲမှ အကြံအစည်ကို မသိသော်လည်း သူတို့နှစ်ဦးမှာ ဆက်လက်၍ အတင်းအကျပ် မမေးမြန်းတော့ချေ။
လူစုမှာ ဤကိစ္စကို ဘာမျှမဖြစ်ခဲ့သကဲ့သို့ သဘောထားကာ ပုံမှန်အတိုင်းပင် စားသောက်နေကြ၏။
သို့သော် စားသောက်နေစဉ်အတွင်း သတင်းအချို့ကို ကြားလိုက်ရသည်။
"မနေ့ညက ရှင်တောက်အန်းဂိုဏ်းမှာ ကိစ္စကြီးတစ်ခု ဖြစ်ခဲ့တယ်လို့ ကြားတယ်..."
"တတိယခေါင်းဆောင် တိမ်ဖမ်းလက်ဝါး ချီကွမ်း အသတ်ခံလိုက်ရတယ်တဲ့..."
ဤသတင်းမှာ တည်းခိုခန်းအတွင်း ပျံ့နှံ့သွားရာ ဝမ်ရိုသည် ချက်ချင်းပင် ချူချင်းအား လှမ်းကြည့်လိုက်၏။
ပျန်းချန်သည်လည်း ဤသတင်းကြောင့် အံ့အားသင့်နေခဲ့သော်လည်း ဝမ်ရို၏အကြည့်ကို သတိပြုမိသွားပြီးနောက် ချူချင်းအား အံ့ဩတကြီးဖြင့် လှမ်းကြည့်လိုက်မိသည်။
သူသည် ချူချင်းအပေါ် ယုံကြည်မှုမှာ ချူဖန်နှင့်ဝမ်ရိုတို့ကြောင့် ဖြစ်ပေသည်။
ချူဖန် မရှိသော်လည်း ဝမ်ရိုသည် ချူချင်းအကြောင်းကို အတိုင်းအတာတစ်ခုအထိ သိရှိထားသည်မှာ သေချာလှပေသည်။
သူမသည် အကြောင်းရင်းမရှိဘဲ ချူချင်းအား ဤသို့ ကြည့်လိမ့်မည် မဟုတ်ချေ။ သို့ဆိုလျှင်... ချီကွမ်းကို သတ်ခဲ့သူမှာ သူ ဖြစ်နေမလား...
အကယ်၍ ထိုသို့သာ ဖြစ်ပါက ဤတတိယညီလေး၏ ညီဖြစ်သူမှာ ထင်ထားသည်ထက်ပင် ပိုမိုအစွမ်းထက်နေပေလိမ့်မည်။
တိမ်ဖမ်းလက်ဝါးမှာ သာမန်လူမဟုတ်ချေ။ သူသည် ချီကွမ်းကိုသတ်နိုင်ခဲ့သည်ဆိုပါက သူ၏သိုင်းပညာမှာ ချူဖန်ထက်ပင် သာလွန်နေပေလိမ့်မည်။
ချူထျန်းသည် ဂိုဏ်းတူညီမလေးအား လိုက်လံပို့ဆောင်ရန် သူ့ကို အဘယ်ကြောင့် စိတ်ချလက်ချ လွှတ်လိုက်သနည်းဆိုသည်မှာ အံ့သြဖွယ်မရှိတော့ချေ။
နံနက်ခင်း သတင်းများထဲတွင် ချီကွမ်းအသတ်ခံရသည့်အပြင် တောင်ပိုင်းဒေသ၏ အလှပဆုံး အမျိုးသမီးသုံးဦးအနက် တစ်ဦးဖြစ်သော ချင်းလင် ပျောက်ဆုံးသွားသည့် ကိစ္စလည်း ပါဝင်နေပေသည်။
မနေ့ညက သူမသည် ရှင်တောက်အန်းဂိုဏ်းသို့ သွားခဲ့သည်ကို မြင်တွေ့ခဲ့သူများရှိ၏။
ချီကွမ်း အသတ်ခံရပြီး ချင်းလင် ပျောက်ဆုံးသွားသည်။
ထို့ကြောင့် အချို့လူများက ချင်းလင်သည် ချီကွမ်းကို သတ်ခဲ့ခြင်း ဖြစ်နိုင်သည်ဟု သံသယဝင်လာကြ၏။
သို့သော် ယန်ကျီမျှော်စင်မှာ ပြည့်တန်ဆာအိမ် ဖြစ်ပြီး လူသတ်သမားဌာနချုပ် မဟုတ်ချေ။ အပြုံးရောင်းသော မိန်းကလေးတစ်ဦးက လူသတ်မှုများကို မည်သို့ ပြုလုပ်နိုင်ပါမည်နည်း။
ထို့ကြောင့် အချို့ကလည်း ချင်းလင်မှာ အစစ်အမှန် မဟုတ်ဘဲ...
"တစ်ယောက်ယောက်က သူမအမည်ကို အသုံးချသွားတာ ဖြစ်နိုင်တယ်" ဟု ခန့်မှန်းကြပြန်သည်။
အမျိုးမျိုးသော ခန့်မှန်းချက်များနှင့် ဆွေးနွေးမှုများမှာ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီး အချို့ကလည်း ချီကွမ်း သေဆုံးသွားသဖြင့် ထျန်းရှာရီဖင်ညီလာခံကို သတ်မှတ်ထားသည့်အတိုင်း ကျင်းပနိုင်ပါဦးမလားဟု စိုးရိမ်နေကြ၏။
သို့သော် ရရှိလာသော အဖြေမှာ ထျန်းရှာရီဖင်ညီလာခံကို လော့ချန်ကျင်းပခြင်း ဖြစ်ပေသည်။
ချီကွမ်းနှင့် သူသည် ယခင်ကတည်းက မသင့်မြတ်ကြရာ ချီကွမ်း သေသည်ဖြစ်စေ၊ မသေသည်ဖြစ်စေ ဤညီလာခံ ကျင်းပခြင်းနှင့် မည်သို့ ပတ်သက်မှု ရှိပါမည်နည်း။
လူတိုင်းမှာ ချက်ချင်းပင် ပြန်လည် စိတ်အေးသွားကြ၏။
သို့သော် သတင်းအားလုံးထဲတွင် ကျန်းရှန်တောက် ပျောက်ဆုံးနေသည့် သတင်းမှာမူ ထွက်ပေါ်မလာခဲ့ချေ။
ဤအချက်မှာ အမှန်တကယ်ပင် စဉ်းစားစရာ ဖြစ်နေပေသည်။
သို့မဟုတ်ပါက ရှင်တောက်အန်းဂိုဏ်းမှ လူများက ဤသတင်းကို ဖုံးကွယ်ထားခြင်း ဖြစ်ပေလိမ့်မည်။
မဟုတ်လျှင်လည်း ကျန်းရှန်တောက်သည် လုံးဝပျောက်ဆုံးသွားခြင်း မရှိသေးပေ။
သူတို့အုပ်စုမှာ စားသောက်ရင်းဖြင့် သတင်းများကို နားထောင်နေကြရာ အလွန်ပင် စိတ်ဝင်စားစရာ ကောင်းနေပေသည်။
ထိုစဉ် လမ်းမပေါ်မှမြင်းခွာသံများ ဆူညံစွာ ထွက်ပေါ်လာပြီး အမျိုးသမီးအချို့၏ အော်ဟစ်သံများလည်း ကြားလိုက်ရ၏။
"တားကြပါ... တားကြပါဦး..."
"သူ့ကို ထွက်ပြေးခွင့် မပေးနဲ့..."
ချူချင်းသည် အံ့အားသင့်သွားပြီး မသိစိတ်ဖြင့် ဝမ်ရိုအား လှမ်းကြည့်လိုက်မိသည်။
ဤအသံမှာ အဘယ်ကြောင့် ဤမျှ ရင်းနှီးနေရသနည်း။
အလားတူ စကားလုံးများကို အခြားနေရာတစ်ခုတွင်လည်း ကြားဖူးသကဲ့သို့ ရှိနေ၏။
သူတို့နှစ်ဦးမှာ တစ်ပြိုင်နက်တည်းပင် စားသောက်နေသည်များကို ချထားခဲ့ပြီး တည်းခိုခန်းတံခါးဝသို့ ထွက်လာကာ လူအုပ်ကြီးနှင့်အတူ သွားရောက်ကြည့်ရှုလိုက်ကြသည်။
ထင်သည့်အတိုင်းပင် မြင်းဖြူတစ်ကောင်သည် အရှိန်အဟုန်ဖြင့် ပြေးလွှားနေပြီး ရှင်တောက်မြို့၏ လမ်းမများမှာ ကျဉ်းမြောင်းသော်လည်း ၎င်းသည် လူအုပ်ကြားထဲတွင် ဟိုပြေးဒီလွှား လျှောက်သွားနေသည်ကို တွေ့လိုက်ရ၏။
၎င်း၏ပါးစပ်ထဲတွင် ယခုတစ်ကြိမ်၌ အနီရောင် ရင်စည်းအင်္ကျီလေးတစ်ထည်ကို ကိုက်ထားပြီး မျက်လုံးနှစ်လုံးမှာလည်း တစ်ခုခုကို ရှာဖွေနေသကဲ့သို့ ဟိုဟိုဒီဒီ ဝေ့ဝဲကြည့်နေလေသည်။
မကြာမီ ၎င်း၏မျက်လုံးများမှာ တောက်ပသွားပြီး ခြေလှမ်းအနည်းငယ်ဖြင့် အရက်ဆိုင်တစ်ဆိုင်၏ ရှေ့သို့ ရောက်ရှိသွား၏။
ဆိုင်ရှင်မှာ လည်ပင်းရှည်ကြီးဖြင့် အပြင်ဘက်မှ အခြေအနေကို စိတ်ဝင်တစား ကြည့်ရှုနေစဉ် ထိုမြင်းဖြူသည် သူ၏ရှေ့သို့ ရောက်ရှိလာပြီး ပါးစပ်ဖွင့်လိုက်ရာ ရင်စည်းအင်္ကျီလေးမှာ သူ၏လက်ထဲသို့ ကျရောက်သွားလေသည်။
ဆိုင်ရှင်မှာ ကြောင်အမ်းအမ်း ဖြစ်သွားပြီးနောက် ထိုမြင်းဖြူသည် သူ့အား လည်ပင်းမော့ပြကာ မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်နေသည်ကို မြင်လိုက်ရ၏။